ထိုနေ့က သူတို့ထိုင်နေရာ လ္ဘက်ရည်ဝိုင်းဆီသို့ “ မိတ်ဆွေ သူငယ်ချင်းဆိုတာ အိမ်မှာ အလှစိုက်ထားတဲ့ ပန်းပင်လေးတွေနဲ့ တူသတဲ့ ဗျ” လို့ အစချီကာ သူတို့နဲ့ လ္ဘက်ရည်ဆိုင် ထိုင်ဖော်ထိုင်ဖက် သူငယ်ချင်း တစ်ယောက် ၀င်ရောက်လာတယ်၊
ဝင်ရောက်လာတဲ့သူငယ်ချင်းရဲ့ စကားကို စားပွဲမှာအရင်ရောက်နှင်နေပြီး ထိုင်နေတဲ့ သူငယ်ချင်းက လက်မှာညှပ်ထားတဲ့ စီးကရက်ကို ရှူးကနဲ့နေအောင် ဖွာထုတ်ရင်း-
“လုပ်စမ်းပါ ဦးဗျာ ဘာကြောင့် တူရတာလဲ?”
ဒီလိုဗျ အိမ်မှာအလှစိုက်ထားတဲ့ ပန်းကလေးတွေက နေ့စဉ်၊ နေ့တိုင်း ရေလောင်း၊ ပေါင်းသင်ပေးပြီး ဂရုတစိုက်ပေးမထားရင် ရက်တွေကြာလာတဲ့အခါ ညှိုးယော်သွား တတ်တယ်ဗျ၊ နောက် ပေါင်းမျက်တွေ ရှုတ်ထွေးသွားပြီး၊ ပန်းပင်လေးတွေ အလှ ပျက်သွားတတ်တာပေါ့ ဗျာ၊
ပထမ သူငယ်ချင်းရဲ့ စကားဆုံးတယ် ဆိုရင်ပဲ၊
ထိုင်နေတဲ့ ဒုတိယ သူငယ်ချင်းက ဆက်ပြီး
အေးဗျ ခင်များပြောတာလဲ မှန်တာပဲဗျ၊ ဘုရားရှင်ကလဲ မိတ်ဆွေသူငယ်ချင်း ဆိုတာ သံသရာလမ်းဆုံးတဲ့ အထိ အကျိုးကျေးဇူး များတယ်လို့ မိန့်ထားတာ ဖတ်ဖူး သဗျ၊
ဟုတ်တာပေါ့ ဗျာ၊
မိတ်ဆွေသူငယ်ချင်းအကြောင်း စပြီးစကားဆိုတဲ့ ပထမ သူငယ်ချင်း က ဒုတိယ သူငယ်ချင်း စကားကို ပြန်လည်ထောက်ခံသမှုပြုပါတယ်၊
ကျွန်ုပ်မှာကား သူတို့စကားဝိုင်းတွင် နားထောင်သူ သက်သက်သာဖြစ်လေသည်၊
စကားဝိုင်းကို စခဲ့တဲ့သူငယ်ချင်းက သူမှားထားသော လ္ဘက်ရည်ချိုပေါ့ကျ တစ်ခွက်ကို ရွပ်ခနဲ့ မော့သောက်အပြီး၊ ပါးစပ်ကို တစ်ရှူးနဲ့ သုတ်ကာ
ခင်များက ဘုရားရှင်မိန့်ကြားခဲ့တာဆိုလို့ သတိရမဲ့တယ် ဗျ
ဒုတိယသူငယ်ချင်းက ထိုသငယ်ချင်း စကားကိုထောက်ခံချက်ပေးကာ ဘယ်လိုသတိရတာလဲ ဗျ၊ ဆိုစမ်းပါ ဦး
ဒီလိုဗျ၊ သူငယ်ချင်း သီတင်းသုံးဖော်ချင်း စိတ်တူ၊ ကိုယ်တူ ချစ်ချစ်ခင်ခင် နေကြတဲ့ မထေရ် သုံးပါးအကြောင်းကို သတိရမိလို့ ဗျ၊
ခဏတာ သူ့စကားကို ရပ်ကာ၊ စဉ်းစားဟန်ပြုပြီး သူငယ်ချင်းက စကားကို ဆက်ပါတယ်၊
အဲဒီမထေရ်တွေရဲ့ ဘွဲ့တော်နာမည်တွေက အရှင်အနုဒ်ဓါ၊ အရှင် နန္ဒိယ နဲ့ အရှင်ကိမိ လ လို့ခေါ်တယ်ဗျ၊
ဘယ်လောက်ထိ ညီညွှတ်ကြ၊ တစ်ယောက်အကျိုးတစ်ယောက်ဆောင်ကြလဲ ဆိုရင် ၊ ခန္ဒ္ဒာကိုယ်ကသာ သုံးခု ဖြစ်နေတာ စိတ်သဘောထားက တစ်ခုတည်းဖြစ်တယ်တဲ့ ဗျ၊
နောက်ထပ် ဥပမာတစ်ခုနဲ့ တင်စားပြောရရင် မိခင်ရင်ခွင်က ထွက်လာတဲ့ နို့ရေတွေကို ဘယ်ဟာက ရေ၊ ဘယ်ဟာက နို့ပါလို့ခွဲခြားသမှု ပြုလို့ မရသလို အဲဒီမထေရ်သုံးပါး ရဲ့ ညီညွှတ်မှုဟာလဲ ခွဲခြားလို့ မရစကောင်းဘူးတဲ့ ဗျ၊
ပထမ သူငယ်ချင်းမှာ စကားတွေအများကြီး ပြောလိုက်ရ၍မောသွားဟန်ဖြင့်၊ အေးစပြုနေသော လ္ဘက်ရည်ခွက်ကို ဂွပ်ကနဲ့ နေအောင် တစ်ဂျိုင့် ကြိုက်ချ လိုက်သည်၊
အမောပြောသွားတော့မှ သူငယ်ချင်းက သူ့စကားကို ပြန်ဆက်သည်၊
အဲဒီလိုညီညွှတ်ကြလို့လဲ အဲဒီမထေရ် သုံးပါး သီတင်းသုံးတဲ့ ပါစိန၀ံသ တောအုပ်ဆီ ကို ဘုရားရှင် ကိုယ်တော်တိုင် ကြွချီလာသဗျ၊
နေပါဦးဗျ ဘုရားရှင်က ဒီမထေရ်သုံးပါးဆီကို ဘာလို့ ကြွချီလာခဲ့တာလဲ ဗျ
ဒုတိယ သူငယ်ချင်းက သူ့စကားကို ၀င်ရောက်ထောက်ခံရင်း မေးခွန်တစ်ခု မေးလိုက် လိုက်သည်။
ဒါက ဒီလိုဗျ၊ ဘုရားရှင်က သူတို့ဆီကြွချီမလာခင်မှာ ကောသမ်ဗီမှာ ၀ါကပ်တော်မူ သဗျ၊ ကောသမ်ဗီမှာ ရဟန်းအချင်းချင်းဗျာ ၀ိနည်းဆောင်တဲ့ ကိုယ်တော်လေးတွေနဲ့ သုတ္တန်ဆောင်ကြတဲ့ ကိုယ်တော်လေးတွေ အချင်းများကြရာက ခိုက်ရန်ဒေါသ ဖြစ်ြ ပြီး အချင်းအချင်း အသင်းအပင်းတွေခွဲ သံဃာတွေ ဂိုဏ်းကွဲကြတယ် ဗျ၊ အချင်းချင်း ဂိုဏ်းတွေကွဲကြတော့ မညီညွှတ်ကြတော့ ဘူးပေါ့ဗျာ၊ မညီညွှတ်တော့ ပျော်စရာ ကြည်နူးစရာ မဖြစ်တော့ဘူးပေါ့ဗျာ၊
အဲဒီလို မညီညွှတ်တဲ့ နေရာကို ဘုရားရှင်းက ရှောင်ခွါတော်မူပြီး ခုနပြောခဲ့တဲ့ သူငယ်ချင်း မထေရ်သုံးပါး ညီညီညွှတ်သုံးတင်းသုံးတဲ့ ပါစီန၀ံသ တောအုပ်ကို ကြွလာခဲ့တာပဲဗျ၊
အော်- ခင်များပြောမှ သတိရသဗျာ၊ ဒါကြောင့် လဲ ဘုရားရှင်က သမဂ်ဂါနံ တပေါ သုခေါ- ညီညွှတ်သူတို့ရဲ့ အလေ့အကျင့်ဟာ ချမ်းသာတယ်” ဟောကြားခဲ့တာ ကိုးဗျ၊
သူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်နဲ့ တစ်ယောက် ထောက်ခံလိုက် ဆွေးနွေး လိုက်နှင့် စကားဝိုင်းမှာ မြိုင်ဆိုင်နေလေပြီ၊ မိမိကား မလှုပ်မယှက် ငြိမ်သက်လျှက် နားထောင် သူသက်သက်သာ ရှိနေသးသည်၊
ရေပက်မ၀င်အောင် စကားတွေပြောကြရလို့ ထင်သည် သူငယ်ချင်းနှစ်ယောက်မှာ ခေတ္တတိတ်ဆိတ်သွားသည်၊
တိတ်ဆိတ်နေသော စကားဝိုင်းကို စကားဝိုင်းဖြစ်အောင် စခဲ့သော ပထမ သူငယ်ချင်းကပင်
ညီညွှတ်ဖို့ဆိုတာလဲဗျာ၊ သူငယ်ချင်းကောင်း ပီသမှ တစ်ယောက်အပေါ်တစ်ယောက် အလိုက်သိတတ်မှုရှိမှ ဖြစ်မယ်ထင်တယ် ဗျ၊
ဟုတ်တာပေါ့ဗျာ ဒုတိယ သူငယ်ချင်းက ပထမသူငယ်ချင်း စကားကိုထောက်ခံလိုက်ပြီး ဆက်ကာ၊
သူငယ်ချင်းကောင်းပီသဖို့ ဆိုတာ ဒီလိုအချက်လေးတွေနဲ့ ပြည့်စုံရ သဗျဆိုပြီး အောက် ပါသူငယ်ချင်းကောင်းတွေရဲ့အင်္ဂါ အချက်အလက်တွေကို ဆက်ရွတ်ပြလေရဲ့၊
(၁) ကိုယ်သူငယ်ချင်း တစ်ယောက်ယောက်က မကောင်းတာတွေလုပ်မယ် ဆိုရင် တားမြစ်ရမယ်ဗျ၊
(၂) ကောင်းတာတွေကို လုပ်ဖို့ တိုက်တွန်းအားပေးရမယ်ဗျ
(၂) သူငယ်ချင်းအချင်း မကြားသေးတဲ့ မသိသေးတဲ့ သတင်းကောင်းတွေကို ပြောပြပေးရမယ်ဗျ၊
(၄) ကောင်းတဲ့ လမ်းကြောင်းကို ညွှန်ပြပေးရမယ်ဗျ၊
ဟုတ်တာပေါ့ဗျာ၊ အဲဒိအချက်တွေက သိပ်ကိုအရေးကြီးတဲ့ အချက်တွေပေါ့ဗျာ၊ အဲဒိလို အချက်ကလေးတွေကို လိုက်နာပြီး တစ်ယောက်နဲ့ တစ်ယောက် ကူညီရိုင်း ပင်းကြမယ်ဆိုရင် သူငယ်ချင်းကောင်းလဲ ပီသ၊ ဘယ်သူခွဲခွဲ မကွဲမကွာကြတဲ့ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းတွေ ဖြစ်လာမှာပေါ့ဗျာ၊
ကဲ စကားတွေပြောရတာလဲကောင်းတယ်ဗျာ၊ အိမ်စာလေးတွေ လုပ်ရဦးမှာမို့ အဆောင် ပြန်ဦးမယ်ဗျာ၊
ကောင်းပါပြီဗျာ၊
မနက်ခင်း လ္ဘက်ရည်ဝိုင်းမှာ စကားတွေဆွေးနွေးအပြီး သူငယ်ချင်းသုံးယောက် ကိုယ့်အဆောင်ဘက်ကို ကိုယ်စီဦးတည်လျှောက်ကာ ပြန်ခဲ့ကြသည်၊
အပြန်လမ်းတစ်လျှောက်တွင် ကျွန်ုပ်မှာ သူတို့ပြောဆို ဆွေးနွေးသွားသော စကားတွေကို ပြန်လည်ကြားယောင်ရင်း၊
အော် သူငယ်ချင်းဆိုတာ အိမ်မှာအလှစိုက်ထားတဲ့ ပန်းပင်လေးတွေနဲ့ တူသတဲ့ “ငါလဲ ပန်းပင်လေးတွေ ရေလောင်းဖြစ်ရဲ့လား” လို့ ဆက်ကာတွေးနေမိပါ သည်။ ။
ရွှေမန်းသား အရှင်အကုင်္ရ
shwemantha@gmail.com
http://shwemantha.blogspot.in/
www.facebook.com/shwemanthahttp:
ကျမ်းကိုး=
(၀ိနည်း မဟာဝဂ် ကောသမ်ဗက ခန်ဓက)
သုခ မတ်စု
ညီတော် အာနန္ဒာ၏ တစ်သက်တာ မှတ်တမ်း။