Friday, 30 May 2014

မသိရင် ချစ် ၊ သိရင် ပြစ်မည်

လူတိုင်းလူတိုင်း အချစ်နဲ့ မကင်းနိုင်ပါ၊ လူတိုင်းတွင် မဟုတ် သတ္တ၀ါတိုင်း ချစ်ခဲ့ကြဖူးသည်၊ ချစ်နေကြသည်၊ ချစ်ကြဦးမည်၊ အချစ်သည် တဏှာပေါ်မှာ အခြေခံတာက များသည်၊ တဏှာဆို တာ တပ်မက်တာ၊ စွဲလမ်းတာတွေက အစပြုသည်၊ တပ်မက်တော့ လိုချင်လာသည်၊ စွဲလမ်းလာသည်၊ လိုချင်လို့ ရလျှင် အဆင် ပြေသည်၊ မရလျှင် တပ်မက်တော့ အဖြတ်ခက်သည်၊ စွဲလမ်းတော့ အသည်းကျွမ်းရသည်၊ အဲဒီတဏှာတွေကလဲ သုံးခု သုံးမျိုးတောင် ရှိသည်။ သုံးမျိုးက ဘာတွေလဲဆိုရင်

(၁) ကာမတဏှာ= ရုပ်ကလေးချောတာဆိုရင် ချစ်တာလိုချင်တာ၊ အသံလေးကောင်း ရင် နားထောင်ချင်တာ၊ အနံ့မွှေးမွှေးလေးတွေဆိုရင် ရှုရှိုက်ချင်နေတာ၊ အရသာ ကောင်းကောင်းလေးတွေဆိုရင် စားချင်တာ၊ အတွေ့အထိကောင်းကောင်းလေးတွေ ဆိုရင် ထိတွေ့နေချင်တာ၊ စတာတွေပေါ့၊

(၂) ဘ၀တဏှာ=ဘ၀ဘ၀တွေဟာ အမြဲတည်နေမယ်လို့ စွဲလမ်းနေတာ၊

(၃) ၀ိဘတဏှာ= ဘ၀ဘ၀တွေဟာ သေရင် ပြီးသွားမှာပဲလို့ စွဲထင်နေတာ၊ ဆိုတာတို့ ဖြစ်လေသည်၊

အများကတော့ ကာမတဏှာ= ကာမအာရုံတွေကို တပ်မက်တဲ့  ကာမတဏှာတောမှာ မျောကြရသည်  စွဲလမ်းကြရတာ များသည်၊ မဖြတ်နိုင် မခွါရက်၊ စွန့်လွှတ်ဖို့ လက်တွန့်ကြရတာများသည်၊ တကယ်တော့ မသိလို့ တပ်မက်ကြတာဖြစ်သည်၊ သိလာရင် အနားတောင် မကပ်ချင်၊ မသတီ စရာအဖြစ် မြင်လာရင် စွဲလမ်းတာ တပ်မက်တာတာ အနဲနဲ့ အများ သဘောထား ပြောင်းလာကြမည် ဖြစ်သည်၊

မသိလို့ လိုချင်၊ လိုချင်တော့ စွဲလမ်း စွဲလမ်းတော့ အသည်းကျွမ်း၊ အသည်းကျွမ်းမှု ဝေဒနာကို မကုစားပဲထားပါက အရူးမီးဝိုင်း ဒုက္ခတွေ အပိုင်းလိုင်း တွေ့မှာသေချာသည်။ အသဲကျွမ်းမှု ဒဏ်ကို  ကုစားရာမှ အမှန်မြင် ၊ အမှန်ကိုမြင်ပြီး အမြင်မှနကာ် စွဲလမ်းမှုဒဏ်ကို ကုစားခဲ့ဖူးတဲ့  ဇာတ်လေးတစ်ခုကို ပြောပြချင်သည်။ ဇာတ်တော်လေးက ဒီလိုပါ-----

(၂)

ရှေးရှေးတုန်းက ကာသိတိုင်းလို့ခေါ်တဲ့ တိုင်းပြည်ကြီး တစ်ခုရှိပါတယ်၊ ကာသိတိုင်းမှာ ပါဋလိပုတ်လို့ခေါ်တဲ့ မြို့တော်မှာ အဿကလို့ခေါ်တဲ့ မင်းကြီးအုပ်ချုပ် မင်းလုပ်နေပါ တယ်၊ အဲဒီအဿက ဘုရင်ကြီးမှာ အရမ်းလှပတဲ့ ဥပရီလို့ခေါ်တဲ့ မိဖုရားကြီး တစ်ပါးရှိ ပါတယ်၊ မိဖုရားကြီးက ဘယ်လောက်လှသလဲဆိုရင် လူမကနတ်တမျှလောက်လှ ပါတယ်၊

(၁) ဆံပင်ကလဲ အရှည်ကြီး ဆံပင် အရမ်းကောင်းပါတယ်၊ ဖြန့်ချလိုက်ရင် ခြေဖျားအထိ ရှည်သွယ်ကျနေတာပါ၊

(၂) အသားအရည်ကလဲ အရမ်းကောင်းပါတယ် ထိလိုက်ရင် နုညံ့နေတာ၊

(၃) သွားလေးတွေဆို ပုလဲလုံးလေးတွေ စီထားသလို ရီလိုက်ရင် အရမ်းချစ်စရာကောင်းတဲ့ မိဖုရားကြီးပါ၊

(၄) အရိုးတွေကလဲ အစီအရီကောင်းသမို့ မိဖုရားကို ကြည့်လိုက်ရင် အမြဲတမ်း ဂစ်တာရှိတ်လိုပဲ ကောက်ကြောင်းတွေက အနုအရွနဲ့ လှလှပပနဲ့ ချစ်စရာပေါ့၊

 (၅) အရွယ်ကလဲငယ်ငယ်၊ ဆယ့်ခြောက်နှစ် ဆယ့်ခုနှစ်နှစ် အရွယ်ပေါ့၊ အဲဒီလို ကောင်းခြင်းတွေနဲ့ စုဝေးပြည့်စုံပြီး ရုပ်ကကလဲ အရမ်းချော အရမ်းလှဆိုတော့ အဿကဘုရင်ကြီးက သူ့မိဖုရားကို အသက်ထက်မက ချစ်ပါတယ်။

အဲဒီလိုချောမောတဲ့ မိဖုရားလေးနဲ့ ချစ်ရည်ပလူးလိုက်၊ အပျော်ဆိုက်လိုက်၊ ဥယျာဉ်ကြီထဲက ကျောက်ဖျာကြီးပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် ကလူကျီစယ်လိုက်၊ ပန်းတွေခူးပေးလိုက်၊ ပန်ပေးလိုက်နဲ့ အပျော်ကြီး ပျော်ကြ၊ အမောကြီးမော်ကြ နဲ့နေလာခဲ့ကြပါတယ်၊

တစ်နေ့တော့ အရမ်းချောမောလှပတဲ့ ဥပရီမိဖုရားကြီးဟာ ရုတ်တရက် နတ်ရွာစံ ကံ တော်ကုန်ရှာပါတယ်၊ အဿက ဘုရင်ကြီးမှာတော့ ယူကြုံမရ အပူလုံးထတော့တာ ပေါ့၊ အရမ်းလှတဲ့၊ သူအရမ်းချစ်တဲ့ မိဖုရားခေါင်ကြီး နတ်စွာစံတာကို မယုံနိုင်အောင် ဖြစ်နေပါတယ်၊

မင်းတြားကြီးခင်များ၊ စက်တော်မခေါ်နိုင်၊ စားတော်မတည်နိုင်နဲ့ တမှိုင်မှိုင်ဖြစ်နေပါ တယ်၊ နတ်ရွာစံသွားတဲ့ မိဖုရားခေါင်ကြိး အလောင်းကောင်ကိုလဲ မပြစ်ရက်ပဲနဲ့ ရွှေ မှန်ခေါင်းကြီးနဲ့ထည့်ပြီး ၊ ခဏခဏကြည့်လိုက်၊ ငိုလိုက်၊ လွမ်းမောဖွယ်ရာ၊ သတိရစရာ စကားတွေသွားပြောလိုက်နဲ့ နေ့ရှိသရွေ့ မိဖုရာခေါင်ကြီး အလောင်းကြီး နားက မခွါပဲနေပါတယ်၊

စာဖတ်သူတွေက မင်းတြားကြီးတစ်ပါးအနေနဲ့ အဲဒီလို ရာဇဂုဏ်သိက္ခာကျတဲ့ အပြုအမူတွေဟာ ဖြစ်နိုင်ပါမလားလို့ တွေးချင်တွေးနေမှာပါ၊ ရှေးရှေးကဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးဆိုတော့ယုံတမ်းစကားလို့လဲ ထင်ချင်ထင်နေမှာပါ၊
တကယ့်အဖြစ်အပျက်တွေပါစာဖတ်သူ၊

ဒီဘက်ခေတ်မှာလဲ အဲဒီလို အဖြစ်အပျက်မျိုးတွေ၊ အများကြီးရှိခဲ့ဖူးပါတယ်။ ထင်ရှားတဲ့ အဖြစ်အပျက်လေးတစ်ခု ကတော့ အိန္ဒိယနိုင်ငံ၊ ဥတရာပရာဒေ့(ရှ်) ပြည်နယ်မှာ (၁၆၃၁) ခုနှစ်လောက်က ဖြစ် ပျက်ခဲ့တာပါ၊ အာဂရဆိုတဲ့ နေပြည်တော်ကြီးမှာ ရှာဂျဟန်ဆိုတဲ့ မင်းတစ်ပါးရှိခဲ့ဖူးပါ တယ်၊ အဲဒီမင်းကြီးကလဲ သူ့ရဲတတိယမြောက်မိဖုရားကြီးဖြစ်တဲ့ မုန်တမဟာကို
အရမ်းချစ်မြတ်နိုးပါတယ်၊ တစ်နေ့မှာ မုန်တမဟာမိဖုရားကြီး နတ်ရွာစံကံတော် ကုန်ပါတယ်၊ ဒါပေမယ့် ရှာဂျဟန်မင်းကြီးဟာ သူ့မီဖုရားကြီးအလောင်းကို မပြစ်နိုင်မခွါရက် နဲ့ မီးလဲမရှို့ပဲ အုတ်ဂူသွင်းထားပါတယ်၊ ဂုတ်ဂူက သာမာန်လူတွေလို မဟုတ်ပဲ၊

သူ နေတဲ့ နန်းတော်ကနေ လှမ်းကြည့်ရင်မြင်နိုင်လောက်တဲ့ အာဂရနန်းတော်ကြီးရဲ့တောင် ဘက် ယမုံနာမြစ်ဘေးမှာ နန်းတော်ကြီးတမျှ ခန်းနားကြီးကျယ်တဲ့ တ(ဂ်ျ) မဟာကြီး ကိုဆောက်လုပ်စေပြီး အဲဒီနန်းဆောင်ကြီးထဲမှာ ဂူသွင်းထားလိုက်ပါတယ်၊ အဲဒီအဆောက်အဦးကြီး တစ်ခုလုံးကိုလဲ ကျောက်ဖြူတွေနဲ့ပဲ အလှဆင်ဆောက်လုပ် ထားပါတယ်၊

ဒိနေ့အထိလဲ အိန္ဒိယနိုင်ငံ၊ ဥတရာပရာဒေ့(ရှ်)ပြည်နယ်မှာ တွေ့နိုင်ပါ တယ်။ ကမ္ဘာ့ကတောင် ရှေးဟောင်း အမွေအနှစ် အဖြစ် အသိအမှတ်ပြုထားပါတယ်၊ အချစ်အလွမ်းတို့ရဲ့ သင်္ကေတ ကျောက်သား ဖြူဖြူ နန်းတော်ကြီးပါ။  ဒီလိုစွဲလမ်းပြီး ကြီးကြီး ကျယ်ကယ် ခန်းနားမှုတွေနဲ့ သွားလေသူကို သတိရ တမ်းတ လွမ်းပြနေတာတွေဟာ ဘာလို့ ဖြစ်ရလဲမေးရင် တဏှာကြောင့် ဖြစ်ရတယ်လို့ဖြေရမယ်ထင် ပါတယ်၊

နားလည်လွယ်အောင်ထပ်ပြောရရင် ဒါဟာ ချစ်ခင်မှုတဏှာကနေ အဆင့်တက်သွား ပြီး စွဲလမ်းမှုဥပါဒါန်တွေကြောင့် ဖြစ်ရတာပါ၊ ဒီနေရာမှာ တဏှာဆိုတာ သာမာန်လိုချင်မှု ဆန္ဒသေးသေးလေးပါ၊ ဥပါဒါန်ကတော့ လိုချင်တဲ့ အရာဝတ္ထု တစ်ခုကို ရရင်ရ မရရင်ရူး မရူးရင် သေနိုင်တယ်ဆိုတဲ့ စွဲလမ်းမှုမျိုးပါ၊
ဇာတ်တော်ထဲက အဿကမင်းတြားကြီးဟာလဲ အဲဒီဥပါဒါန်စွဲလမ်းမှု တရားတွေ ကြောင့် မိဖုရားကြီး အခေါင်းနား အလောင်းကောင်ကြီးနားက မခွဲနိုင်မခွါရက်ဖြစ်နေတာပါ၊

မင်းတြားကြီး အဲဒီလိုသောကတွေဖြစ်နေတာကို ဟိမ၀န္တာတောင်မှာ သီတင်းသုံးနေ တဲ့ ဘုရားလောင်းတော် ရသေ့ကြီးက သိပါတယ်၊ သိတဲ့အခါမှာ ဘုရင်းမင်းတြားကြီး သောကတွေဖြေဖျောက်ပေးဖို့ ဟိမ၀န္တာကနေ မင်းကြီးရဲ့  ပါဋလိပုတ်ပြည်က မင်းဥယျာဉ်ထဲကို ကြွလာပါတယ်။

ရသေ့ကြီး မင်းဥယျာဉ်ထဲကြွလာတာကို မင်းချင်းတစ်ယောက်က သိပါတယ်၊ ရသေ့ကြီးက မင်းကြီးနေကောင်းကျန်းမာရဲ့လား၊ မင်းကျင့်တရားနဲ့အညီ တိုင်းပြည် အုပ်ချုပ်ရဲ့လား စကားစမြည်ပြောရင်း မင်းချင်းကို မေးတော့၊ မင်းချင်းယောက်ျားက
မင်းတြားကြီးမှာ သူ့မိဖုရားခေါင်ကြီး နတ်ရွာစံ ကံတော်ကုန်လို့ စားမ၀င်၊ အိပ်မပျော် စက်တော်မခေါ်တာတွေကို လျှောက်ထားပြီး၊ အရှင်ရသေ့ကြီး အနေနဲ့ အဲဒီသောကတွေ အလွမ်းအဆွေတွေ စွဲလမ်းမှုဥပါဒါန်တွေကိုပျောက်ကင်းအောင် ကယ်ဆောင်ပေးပါလို့လျှောက်ထားပါတယ်၊
ရသေ့ကြီးက အော်မင်းတြားကြီးနှယ် တဏှာရေယဉ်ကျောမြောပြီး မေ့မေ့လျော့ လျော့ဖြစ်နေတယ်၊

ဟိုတစ်ဖက်မှာ သူချစ်လွန်းလှပါတယ်ဆိုတဲ့ မိဖုရားကြီးကဖြင့် နောက်ဘ၀ နောက်နောက်ခန္ဒာ တစ်ခုမှာ နောက်ချေးပိုးကောင်ဖြစ်နေပြီလို့ မိန့်ကြားစကားပြောလိုက်တော့
မင်းချင်းယောင်္ကျားက အရှင်ဘုရားအဲဒီအကြောင်းတွေသိခဲ့ရင်၊ နန်းတော်ကို လိုက်ခဲ့ ပြီး မင်းတြားကြီးကို နားချပေးပါဘုရားလို့ လျှောက်ပါတယ်၊

ရသေ့ကြီးက “ငါမလိုက်နိုင်ဘူး၊ သိချင်ရင် မင်းတို့မင်းတြားကြီးကို ဒီဥယျာဉ်ကို ခေါ်ခဲ့ပါ” လို့ပြန်လည်ပြောလိုက်ပါတယ်၊
တိုတိုပြောရရင် စာဖတ်သူရယ်၊ အဿက မင်းတြားကြီးလဲ မင်းချင်းယောင်္ကျားက လာပြီးအကြောင်းကြားတာနဲ့ ရသေ့ကြီးရောက်ရှိနေတဲ့ ဥယျာဉ်ကို လိုက်လာပါတယ်။

ဥယျာဉ်ရောက်တော့ ရသေ့ကြီးက မင်းတြားကြီးကို အကြောင်းစုံသိအောင်ပြောပြ ပါတယ်၊ သေသေချာချာ ယုံကြည့်အောင်လဲ မိဖုရားဘ၀ကနေ နောက်ချေးပိုးမ တစ်ဖြစ်လဲ နောက်ချေးပိုးမဘ၀ ရောက်နေတဲ့ မိဖုရားကြီး ဥပရီကိုလည်း မင်းကြီးနဲ့ မိဖုရားကြီးချစ်ရည်လူးပျော်မြူခဲ့ဖူးတဲ့ ကျောက်ဖြာကြီးနာမှာ ခေါ်တွေ့ပေးပြီး--

ရသေ့ကြီးက “ပိုးကောင်မလေး၊ ခုအချိန်မှာ ဟောဒီအဿက မင်းကြီးနဲ့ နင့်ရဲ့  နောက်ခြေးပိုးကောင်ဘ၀ ချစ်လင်နဲ့ ဘယ်သူကို ပိုချစ်လဲ”
“မှန်လှပါ တပည့်တော်မ အမှန်ကို လျှောက်တင်ရပါရင် ခုအချိန်မှာ အဲဒီက အဿကမင်းကြီးထက် ဟောဒီက ကျွန်တော်မျိုးမ နောက်ခြေးပိးုကောင် ကိုကိုကို ပိုပြီး ချစ်ပါတယ် ဘုရား၊”

“တကယ်လို့များ ကျွန်တော်မျိုးမ ပိုးကောင်ကိုကိုက အဲဒီအဿက မင်းကြီးနဲ့ လည်ချောင်းသွေးနဲ့ ခြေးဆေးချင်တယ်ဆိုရင် ကျွန်တော်မျိုးမ မရ ရအောင် ယူဆောင် ပေးဦးပါမယ် ဘုရား”လို့  နောက်ခြေး ပိုးကောင်းမလေးက လျှောက်ထားလိုက်ပါတယ်၊ နောက်ချီးပိုးကောင်းမ တစ်ဖြစ်လဲ သူချစ်လှပါတယ်၊ မြတ်နိုးလှပါတယ်ဆိုတဲ့  ဥပရီမိဖုရားခေါင်ကြီးရဲ့ ရက်စက်လှတဲ့ စကားကို ကြားလိုက်တော့ မင်းကြီးခများ ဒေါသတွေထွက် အသိမှန်၊ အမြင်မှန်တွေ ရလာပါတယ်၊ ငါကတော့ မစွန့်နိုင် မခွါရက် မြတ်မြတ်နိုးနိုး ကြင်ကြင်နာနာ ချစ်လိုက်ရတာ၊ ကြည့်စမ်း ဒင်းက ငါ့အပ်ါမှာ ရက်စက်လိုက်တာ ၊ အဲဒိလို အသိမှန် အမြင်မှန်တွေ ရပြီး မင်းတြားကြီး ဟာ

နန်းတော်ပြန်ကာ မစွန့်နိုင် မခွါရက်ဖြစ်နေတဲ့  ဥပရီမိဖုရားခေါင်ကြီးရဲ့ အလောင်းကြီးကို သန်လျှက်နဲ့ ခုတ်ပိုင်းပြီး စွဲလမ်းလို့ အသည်းကျွမ်းရတဲ့ ဥပရီမိဖုရား အလောင်းကြီးကို မီးတင်ရှိုလိုက်ပါတော့တယ်၊

(၃)

ဒီပြောပြခဲ့တဲ့ ဇာတ်တော်ကို ကြည့်မယ်ဆိုရင် တဏှာဆိုတာ မသိလို့စွဲလမ်းမှု ၊ တပ်မက်မှုတွေ ကြောင့် ဖြစ်နေတာပါ၊ တကယ်အဖြစ်မှန်သိသွားရင် တဏှာဆိုတာ ဖြစ်စရာ အကြောင်းမရှိတော့ပါဘူး၊

ဒါကြောင့် တဏှာကို ပါယ်ချင်တယ်ဆိုရင် အသိမှန်၊ အမြင်မှန်ရအောင် အားထုတ်ရမှာပါ၊
 ဇာတ်တော်ထဲမှာတော့ အဿက ဘုရင်းကြီး အရမ်းချစ်တဲ့ မိဖုရားကြီးဟာ နောက်ဘ၀ရောက်မှ စိတ်ပြောင်းသွားတာ၊ ဒီနေ့ ဒီအချိန်အခါမှာတာ့ နာရီပိုင်းအတွင်း ချစ်သူတွေဖြစ်ကြတယ်၊ နောက်တစ်ခါ နာရီပိုင်းအတွင်း ဖောက်လွှဲဖောက်ပြန်ဖြစ်ကြတယ်။ ဒီတစ်ယောကို ကိုကိုခေါ်ပြီး နောက်တစ်ယောက်ကို မောင်မောင်ခေါ်နေတဲ့ သူတွေ ဒုနဲ့ဒေး အဝေးကြီး သွားကြည့်စရာမလိုပဲ ကိုယ့်ရဲ့ ပတ်ဝန်းကျင် အနီးအနားမှာ တွေ့နေရပါတယ်၊ တစ်ချို့ဆိုရင် ကိုကြင်နာဖက်က အဝေးမှာ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနဲ့ ရှာဖွေပြီး ပို့ပေးနေတယ်၊ အိမ်ကနေ ကျန်ရစ်တဲ့ သူက ဖေါက်လွှဲ ဖောက်ပြန်တွေ ဖြစ်နေကြတယ်၊

ဒါကြောင့် ချစ်ရင်လဲ စွဲလမ်းပြီး အသည်းကျွမ်းလောက်အောင် အထိတော့ မချစ်မိဖို့ အရေးကြီပါတယ်၊ ကိုယ်တကယ်ချစ်တဲ့သူက ကိုယ်ချစ်သလို ကိုယ့်အပေါ်မှာ သစ္စာထား မေတ္တာပွါးရင် တော်သေးတယ်၊ သစ္စာလဲမရှိ မေတ္တာလဲမသိ သာယာမှုတစ်ခုတည်းကိုပဲ သူ့ရဲ့ ထံမှာရှိနေမယ်ဆိုရင် အဿကဘုရင်ကြီးထက် ဆိုပြီး စွဲလမ်း အသည်းကျွမ်းရုံတင်မက ကိုယ်ပိုငဆိုင်တဲ့ ပစ္စည်းတွေပါ ခမ်းခြောက်သွားနိုင်ပါတယ် စာဖတ်သူ။

ဆက်ပြီးနားလည်အောင်ပြောချင်ပသေးတယ် ကိုယ်ချစ်တဲ့ သူရဲ့ခန္ဓာကိုယ်မဟုတ်ပဲနဲ့
ကိုယ့်ရဲ့ခန္ဓာကိုယ်
တစ်ကိုယ်လုံးကိုကြည့်လိုက်ပါ၊ မျက်စိလေးကလှလို့ ချစ်တာဆိုရင်၊ နေ့စဉ် အဲဒီမျက်စိမှာ မျက်ချေးတွေထွက်ပါတယ်၊ မျက်ရည်တွေထွက်ပါတယ်။ အဲဒီအညစ် အကြေးတွေကို မဆေးမကြောပဲ ထားကြည့်ပါ ကြာလာရင် ချစ်စရာကောင်းပါဦးမလား၊

နားကိုကြည့်ရင်လဲ နားပြည်တွေထွက်တာ၊ နားဖာချေးတွေထွက်တာ မဆေးကြောပဲ ထားကြည့်ပါလား ချစ်ပါဦးမလား၊

နှာခေါင်းကိုလဲ ကြည့်လိုက်ပါဦး နှပ်ချေးတွေထွက်နေတာ၊ မဆေးကြောပဲထားလိုက် ပါ ချစ်နိုင်ပါဦးမလား၊

လျှာလဲထို့အတူပါပဲ သွားမတိုက်ပဲပြစ်ထားလိုက်မယ်။ မနက်ခင်းအိပ်ယာထတဲ့ အချိန်မှာ အာစီးကြောင်းတွေနဲ့ဆို ချစ်နိုင်ပါဦးမလား၊

ခန္ဓာကိုယ်ကြီးကိုလဲ ကြည့်လိုက်ပါဦး တစ်ရက်၊ နှစ်ရက်၊ သုံးရက်လောက်ရေမချိုးပဲ ပြစ်ထားကြည့်လိုက်ပါလား

အနံ့တွေထွက်လာမယ်၊ မအီမသာတွေဖြစ်လာမယ်၊ လိုချင်စာ တပ်မက်စရာတွေပျောက်လာမယ် မဟုတ်လား၊

ဒါကြောင့် သူတစ်ပါးခန္ဓာကိုယ်ကြီးကိုကြီးမပြောနဲ့ ကိုယ်ပိုင် ကိုယ့်ခန္ဓာကိုယ်ကြီးမှာတောင် ဒီလို မနှစ်သက်စရာ ၊ မချစ်နိုင်စရာတွေရှိနေရင် သူ့တစ်ပါး ခန္ဓာကိုယ်ကြီးမှာဆို ပိုပြီး ဆိုးမယ်ထင်ပါတယ်၊

အဲဒိလို အသိလေးတွေ၊ အမြင်လေးတွေကို များများမြင်နိုင်ရင် ၊ များများသိနိုင်ရင် တဏှာကို တဖြေးဖြေးချင်း ပါယ်နိုင်သွားမယ်ထင်ပါတယ်၊
စာရေးသူ အပါအ၀င် လူတိုင်းလူတိုင်းဟာ မသိလို့ လိုချင်နေတာပါ၊ လက်တွေ့ကျကျ သိလာ မြင်လာရင် န-ငယ်ဆိုတဲ့ နိဗာန်နဲ့ နီးဖို့ ဏ-ဆိုတဲ့ တဏှာကို စွန့်နိုင်လာမှာ ဖြစ်ပါတယ်၊
မသိလို့ ချစ်ကြတာပါ၊ သိရင် ပြစ်နိုင်လာမှာပါ။
ဒီနေ့ ဒီအချိန်မှာ တစ်ယောက်ယောက်ကြောင့် ဒါမှ မဟုတ် အချစ်ကြောင့် စွဲလမ်းလို့ အသည်းကျွမ်းနေရင် အဿက ဘုရင်ကြီးရဲ့ ဇာတ်လမ်းလေးကို သတိရလိုက်ပါ၊ ဒါမှ မဟုတ် မသိတော့ ချစ်၊ သိတော့ ပြစ် အနှစ်မပါ ဒီခန္ဓာ လို့ ခဏခဏ ဆိုကြည့်ပြီး စိတ်သစ် လူသစ်နဲ့ ဘ၀သစ်ကို ရင်ဆိုင် ကျော်လွှားလိုက်ပါ၊ သစ္စာသိ မေတ္တာရှိမယ့် အချစ်စစ်စစ်တွေက သင့်ကို စောင့်ကြိုနေမှာပါ စာဖတ်သူ။ ။

 (စာကြွင်း= အချစ်ကြောင့် အသည်းကျွမ်းနေတဲ့ သူငယ်ချင်း အတွက် အမှတ်တရ အဟောင်းလေး ပြန်ပြင်ရေးလိုက်သည်၊ )

ရွှေမန်းသားအရှင်အကုင်္ရ

ကျမ်းကိုး-
ဓမ္မစကြာပါဠိတော်၊ အဋ္ဌကထာ၊ နိသျ
ဒုကနိပါတ်၊ အဿကဇာတက ပါဌိ
ဇာတကအဋ္ဌကထာ(၂) သုခ မှတ်စု
http://www.tajmahal.com/

Wednesday, 28 May 2014

မိုးနဲ့ မြေ


ထိလို့ မရ
သွားလို့ မဖြစ်
ချစ်ခွင့်မကြုံ
ဆုံခွင့်မပြု
ဘုံတစ်ခုတည်းပေမယ့်
မဆုံပဲ နေရတဲ့ အဖြစ် ။ ။

သစ္စာမိုးဝေ

Monday, 26 May 2014

ငါးမျှားကြသူများ



ကျွန်တော်တို့ဟာ အားလူးစားသူများ ဖြစ်ကြသလို
ငါးစား သူများလဲ ဖြစ်ကြသဗျ
ဒါကြောင့် တစ်ချိန်ဟုတ် တစ်ချိန်မှာ
ငါးမျှား ခဲ့ကြတယ်
တစ်ချို့ကြတော့ အပျင်းပြေ မျှားသူလဲ ရှိ
တစ်ချို့ကြတော့ ၀မ်းရေးအတွက် တကယ်လိုအပ်လို့
တစ်ခါတစ်ခါ လွတ်တဲ့ ငါးက ကြီးသွားတတ်ရဲ့
တစ်ခါ တစ်ခါ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုတ်သွားတတ်ရဲ့
တစ်ခါ တစ်ခါ ဗုံလုံ တစ်လှည့် ငါးဖျံက တစ်လှည့်
ဒီကြားထဲ ငါးမရ ရေချိုးပြန်သူက ရှိသေးတယ်
တကယ်တော့ သမုဒ္ဒရာရေဟာ တစ်ယောက်တည်း
သောက်လို့ မကုန်ပါဘူးဗျာ
ရေတွေ မကုန်ပေမယ့်
သမုဒ္ဒရာ ၀မ်းတစ်ထွာ အတွက်
မြစ်ထဲက ငါးတွေ
ချောင်းထဲက ငါးတွေ
သမုဒ္ဒရာထဲက ငါးတွေ
ခဏခဏ သေခိုင်းနေရင်
နေထိုင်ရတဲ့ ဘ၀တိုတိုလေးဟာ
တရားမျှတ ပါဦးမလား ။ ။

( ရဟန်း ခမည်းတော်ကြီးရဲ့ ဖေ့စဘုတ်ပေါ်က မျှားသူများ အကြောင်း အတွေးကို အခြေခံပါသည်)
သစ္စာမိုးဝေ

Tuesday, 20 May 2014

အချစ်ဟောင်း

ထိုင်ခဲ့ဖူးတဲ့ အအေးဆိုင်လေးကဟောင်း
သောက်ခဲ့ဖူးတဲ့ ထောပတ်သီးဖျော်ရည်က
သိပ်မကောင်း
ဒါပေမယ့် သတိရနေဆဲ

စားခဲ့ဖူးတဲ့ ထမင်းဆိုင်လေးက အိုဟောင်း
လာကြချတဲ့ ဟင်းလေးတွေက ဘဲဥရေကြဲနဲ့ ကန်ဇွန်ရွက် တွဲလောင်း
စားလို့လဲ သိပ်မကောင်း
ဒါပေမယ့် သတိရနေဆဲ

ခဏခဏ ဖြတ်သွားဖူးတဲ့ ဆူးလေနားက ပလက်ဖောင်း
ပန်းသီလေးများ ၀ယ်စားတော့ ချိုအီပြောင်း
တစ်ခါ တစ်ခါမက သတိရနေဆဲ

အပြင်သွားတိုင်း စီးရတဲ့ တက္ကစီကလဲ အိုအို ဟောင်းဟောင်း
အဲကွန်းကလဲ အအေးဘက် မပြောင်း
ဒါတွေကလဲ သတိရစရာပဲ

မခွဲချင်ပဲ ခွဲခဲ့ရတဲ့ ဌာနေဟောင်း
ဝေးပေမယ့် သတိရလို့ လွမ်းပါကြောင်း
ဟော ဒီနေရကနေ စာလုံးပေါင်း
လက်ဆောင်ပေးလိုက်တဲ့ ကော်ဖီလေးကို ဖျော်သောက်ဖို့
ရေနွေးလောင်း

အားလုံးကို ကျေးဇူးတင်စွာနဲ့
အကြီးကြီးပဲ သတိရနေပါတယ် ။ ။

( အမိ မြန်မာပြည်သို့ အလွမ်း စစ်စစ်ဖြင့်)
သစ္စာမိုးဝေ

Monday, 19 May 2014

moon ( လမိုက် ည)

ည--------- လ
ခန ခန ထွက်တာမှ မဟုတ်တာ
မျှော်သူမှာ ငေးတော့
ပေါ်မလာ အဝေးပေါ့

ဘ၀-------- ခါးတော့
မခါးဘူးပေါ့
ချိုသည်လဲ မဟုတ် လိုသည်မဟုတ်
ဒါပေမယ့် ငုတ်တုပ်
အရုပ်တစ်ရုပ်လို

ဘကြီးအောင် မညာပါဘူး
ညီမလေး ညာတာပါ

ဟော ဒီည လသာမယ်ဆို
စံပါယ်တွေပါ ဖူးပွင့်မှာပေါ့
ပြီးတော့လေ
လရောင်အလင်းမှာ
သနပ်ခါး ပါးကွက်ကြားလေးက
အထင်းသား

အခုတော့
စည်းခြားသွားလို့ထင်
အဲဒီ ညီမလေးပေါ့
ညာပြီးရင်း ညာ မလာပြီးရင်း မလာ
မသာပြီးရင်း မသာ
အော်-----
ဟော-----ဒီညမှာ လမသာ ။ ။

( စာကြွင်း) ငယ်ငယ်တုန်းက ဒိုင်ယာရီ အဟောင်းလေးထဲက လ၀န်းလေးကို ဆွဲထုတ်ဖတ်မိတာပါ ။

(သစ္စာမိုးဝေ)

Thursday, 15 May 2014

နေတတ်ရင် ကျေနပ်စရာ




လောက တစ်ခွင် လှစေချင်လဲ
ကိုယ်ကပထမ အရင်လှမှ
သူကလှမည် မှန်ပေသည်တည့် ။
ကိုယ်ကမလှ သူမလှနိုင်
မပြိုင်ဆိုင်မှ အနိုင်ရမည် ။
မေတ္တာရည်ကြ တေးသီကြနှင့်
တန်းတူညီတူ စိတ်လက်တူနှင့်
ကူညီဖေးမှ ၀ိုင်ဝန်းကြမှ
ဘေးပရမည် အေးချမ်းမည်တည့် ။
နေတတ်ထိုင်တတ် ပြောဆိုတတ်နှင့်
အချိုသတ်မှ ပိုအမြတ်ထွက်
တစ်သက်တာတွင်
ခင်မင်ယုယ ပြုစုကြနှင့်ေ

ကျနပ်စရာပင် ကမ္ဘာတစ်ခွင်
အလှမြင်လိမ့် ။ ။

သစ္စာမိုးဝေ

Wednesday, 7 May 2014

မိုး

တိမ်တွေကို ထိုင်ကြည့်ရင်း
ကောင်းကင်ကြီးက ပြာလက်လို့
အရုပ်မျိုးစုံ အရောင်မျိုးစုံ

ဒို့ဘ၀တွေက
တိမ်တွေလိုလား
အချိန်တန်လို့ အိမ်ပြန်လာတဲ့
အိပ်တန်းတက် ငှက်တွေက
တိမ်တွေကိုစီး
ဒို့ခရီးက ငှက်တွေလို ထင်ပ
သေချာ ဃ န မမြင်ရ

ဟော-- ပြောရင်း ဆိုရင်း
နေရင်း ထိုင်ရင်း
တိမ်တွေ လိမ့်ဆင်းလို့
ကောင်းကင်ကြီး တစ်ခုလုံး ပြာမှိုင်းလို့
ရှစ်ခွင်တိုင်း ရစ်သိုင်းလို့

အားလုံးကို အေးချမ်းဖို့
မဖွဲပဲ သဲသဲရွာပါ
မိုး

သစ္စာမိုးဝေ

Thursday, 1 May 2014

သူစိမ်း

ရောက်စမို့ ထင်တယ် အမေ
အရာရာက အဆင်မပြေ
နှစ်လတာ ခွဲထားခဲ့တဲ့ အခန်းထဲမှာလဲရှုတ်ပွ
မီးဖိုချောင်လေးထဲက ချက်ပြုတ်စရာတွေက နေရာမကျ
နေရာချဖို့
ရှင်းရလင်းရ
ပါလာတဲ့ ပစ္စည်း စားစရာ အခြောက်အခြမ်းတွေနဲ့
ဝေငှ နေရာချ လက်တွေလဲ ပေပွ ဆီတွေလဲ ဗလဗွ

ရောက်စမို့ ထင်တယ် အမေ
နံက်ခင်း လင်းတော့ သားချက်တဲ့ ဟင်းက
ပေါ့သလိုသလို ငံသလိုလို ချိုသလိုလို ခါးသလိုလို
ဆားခတ်တော့ နွင်းမေ့ နွင်းထည့်တော့ အချိုမှုံ့မပါ
ချိုတာချို ခါးတာခါး လိုတာလို များတာများပေါ့

ရောက်စမို့ ထင်တယ် အမေ
ခဏတာခွဲခွါခဲ့တဲ့ ကျောင်းတော်ကြီးက စိမ်းလို့ရွှေလို့
အရင်လို အသားကျဖို့ အချိန်တစ်ခုတော့ လိုနေသေး

ရောက်စမို့ ထင်တယ်အမေ
“ရာသီဥတုပူသည် လေငြိမ်နေ၏”
ရေသောက်လဲ သောက်တိုင်းမ၀ ရှတတ
ရောက်စမို့ ထင်တယ် အမေ
ရွှေပြည်တော်ကို လွမ်းရ ရွှေပြည်တော်ကို တမ်းတ
မှန်းဆပြီး ဖုန်းဆက် ဗိုင်ဘာနဲ့
စကားပြော အကြားသံစဉ်မှာ မျှောမလို့ကြံကာ ရှိသေး
ဟလို ကြားလား ဟလို ကြားလား
ကြားလား ကြားလားနဲ့
ဝေးကွာခြင်းတံခါးက တစ်စထက် တစ်စ မှုံဝါးလို့

ရောက်စမို့ ထင်တယ်အမေ
နေလဲပူတယ် ရင်လဲပူတယ်
ရင်မှာ ဟာတာတာနဲ့ တစ်ခုလို အပ်နေလို့
ကောင်ကင်မော့ကြည့်တော် နေမင်းကြီးက ပူသလား
အောက်ကို ငုံ့ကြည့်တော့လဲ
ပူတာပါပဲ အမေ
ရောက်စမို့ ထင်တယ် အမေ ။ ။

သစ္စာမိုးဝေ
၂၈.၄.၂၀၁၄

( နှစ်လတာအလည်သွားခဲ့တဲ့  ရွှေပြည်တော်က အိန္ဒိယအရောက် တို့ထိမိတာလေးပါ)