Monday, 27 May 2013

ဆွမ်းတော်တင်ကို စားသင့်၊ မစားသင့် သိခွင်ပေးပါဘုရား

ဦးဇင်းဘုရား၊  မသိလို့ တခုမေးချင်လို့.ပါ၊ . အဆင်ပြေရင် ဖြေပေးပါဦးဘုရား၊ ..သာသနာထွန်းကားရေးဦးစီးဌာကထုတ်တဲ့ စာအုပ်ထဲမှာ ရေးထားတာက ဘုရားဆွမ်းတော် စွန့်ပြီး ပြန်မစားရဘူး ပြောတယ်... တချို့ကျတော့ အန္တာရာယ် ကင်းတယ်ပြောတယ် စွန့်ပြီးစားရင်ဘာဖြစ်မလဲဘုရား၊  .. နောက်တခုက ဘုရားစင်ရှေ့မှာ ကန့်လန့်ကာ ချထားရမယ်ပြောတယ် ကိုယ်ရှိခိုးမှ ဖွင့်သင့်တယ်တဲ့ ဘာလို့လဲ ဘုရား၊

မီးမီး (စင်္ကာပူ)

ဘုရားဆွမ်းတော်တင်စားတာနဲ့ ပတ်သက်ပြီး လောကီအယူအဆအရ လူတော်များ များက ဆွမ်းတောင်တင်ကို မစားကောင်းဘူး၊  စားမိခဲ့ရင် ဘုန်းကံနိမ့်တတ်တယ်လို့ ယူဆကြပါတယ်၊ အဲဒါကြောင့် လူတော်များများက ဆွမ်းတော်တင်ဆို ဝေးဝေးက ရှောင်ကြပါတယ်၊

ဒီလို ဘာကြောင့်ဖြစ်သလဲဆိုရင် မြန်မာရာဇ၀င်မှာ ပုဂံပြည့်ရှင် အနော်ရထာဘုရင်က သထုံပြည့်ရှင် မနူဟာမင်းကို ဖမ်းခေါ်လာပါတယ်။ ဖမ်းခေါ်လာပြီး အကျဉ်းချထားစဉ် မှာ မနူဟာမင်းခံတွင်းထဲက စက်အရောင် တပြောင်ပြောင်ထွက်နေပါတယ်၊

အဲဒါ ကြောင့် အနော်ရထာဘုရင်ဟာ ထိတ်လန့်ပါတယ်၊ မနူဟာမင်းရဲ့အဲဒီ စက်အရောင် ပျောက်အောင် လုပ်ဖို့ ပညာရှင်များက မနူဟာမင်းကို ဆွမ်းတော်တင်ပြီးသား ဆွမ်းကျန် ဆွမ်းဟင်းကျန်တွေနဲ့ ပွဲတော်ပြင်ပေးဖို့ အကြံပေးကြပါတယ်၊

အဲဒီလို ဆွမ်းတော်တင်တွေကို ပွဲတော်ပြင်ပေးမှ မနူဟာမင်းလဲ ခံတွင်းက စက်အ ရောင် ပျောက်ပြီး ဘုန်းကံနဲပါးသွားပါတယ်၊
အမှန်က ဆွမ်းတော်တင်စားလို့ စက်အရောင်ပျောက်သွားတာ၊ ဘုန်းကံနည်းသွား တာမဟုတ်ပါဘူး၊ ပထမ မြတ်စွာဘုရားဆီမှာ ဆွမ်းတော်တင်ကြပါတယ်၊ ဆွမ်းတော် တင်ပြီး ဆွမ်းတော်တွေကို မသန့်ရှင်းတဲ့သစ်ပုတ်စင်မှာ စွန့်ပစ်ပါတယ်၊ စွန့်ပစ်ပြီးသား

ဆွမ်းတော်တွေကို မနူဟာမင်းမသိအောင် ရွှေလင်ပန်းထဲထည့်ပေးပြီး ပွဲတော်တည် စေပါတယ်။
အဓိကက မသန့်ရှင်းတော့တဲ့ အစားစာတွေကို ပွဲတော်တည်မိလို့ မနူဟာမင်းဟာ စက်ရောင်းခြည်တွေပျောက်ပြီး ဘုန်းကံနဲသွားရတာပါ၊

အဲဒီပုဂံရာဇ၀င်ကို လူတွေကကောက်ချက်ဆွဲမှားပြီး ဆွမ်းတော်တင်စားရင် ဘုန်းကံနဲ တယ်ဆိုတဲ့ အယူအဆတွေစွဲထင်လာတာပါ၊ ဆွမ်းတော်တင်ပြီးရင် မစားသင့် ၊ စွန့်ပစ်ရမယ်၊ ဖုန်းတောင်းယာစကာတွေကို ပေးပစ်ရမယ်လို့ အစဉ်အလာဖြစ်နေ တာပါ။။

ဘုရားရှင် လက်ထက်ကတော့ သောဏသူဌေးသားဆွမ်းကပ်ရာမှာ ဗိမ္ဗိသာရမင်း ကြီးကို  မြတ်စွာဘုရားက ဆွမ်းကျန်ကို စားစေခဲ့တဲ့ သာဓကတွေရှိပါတယ်၊ တစ်ခါ ပဏ္ဍိတသာမဏေအလောင်း ပဋိသန္ဓေယူတဲ့အခါမှာ မိခင်ဖြစ်တဲ့သူက ဘုရား ရဟန္တာတွေကို ဆွမ်းကပ်ပြီးမှ ဆွမ်းကျန်ဟင်းကျန်ကို စားလိုတဲ့ ချင်ခြင်းဖြစ်ပါတယ်၊

ဒါကြောင့် အဲဒိလိုကပ်ပြီးလဲ စားပါတယ်၊ မွေးဖွားလာတဲ့ကလေးဟာလဲ ပဏ္ဍိတသာ မဏေ ရဟန္တာအလောင်းလေးဖြစ်လာပါတယ်။
ဒီသာဓကတွေကိုကြည့်ပြီး ဆွမ်းတော်တင်စားတာ၊ ဆွမ်းကပ်ပြီး အကျန်စားတာဟာ အန္တရာယ်ကင်းတယ်လို့ပြောကြတာပါ၊

ဒါပေမယ့် ဘုရားဆွမ်းတော်ကို စားမယ့်သူဟာ မိမိကိုယ်တိုင် တင်လှူတာမဟုတ်ပဲ အခြားသူတင်လှူထားတဲ့ ဘုရားဆွမ်းတော်ကို စားမယ်ဆိုရင် ဘုရားဝေယျာဝစ္စကို လုပ်ရပါတယ်၊ တံမျက်စည်းလှည်းတာ၊ သန့်ရှင်းရေးလုပ်တာ၊ ရေသပ္ပါယ်တာ စတာတွေကိုပေါ့၊ အဲဒိလိုလုပ်မှ ဘုရားရဲ့ဆွမ်းတော်ကို စားကောင်းတယ်လို့ ရှေးဆရာတော်ကြီးများ ကမိန့်ပါတယ်၊

ခုခေတ်မှာလဲ စာသင်ရဟန်း၊သာမဏေ တော်တော်များများဟာ ကိုယ်ရခဲ့တဲ့ဆွမ်းခံ သပိတ်ကို အရင်ဦးဆုံး ဘုရားဆွမ်းတော်တင်ကြပါတယ်၊ ပြီးမှ အဲဒီသပိတ်ကို ချပြီး ဆွမ်းဘုန်းပေးကြပါတယ်။

ဒါတွေကို ထောက်ရှုမယ်ဆိုရင် ဘုရားဆွမ်းတော်တင်က စားသင့်ပါလို့ ဖြေရပါမယ်၊

ဘုရားစင်ကို ကာလကာချထားသင့်တယ်ဆိုတာ ဘုရားစင်ကို သန့်ရှင်းနေအောင်လို့ ရယ်၊ ကိုယ်က ဘုရားစင်ရှေ့မှာ အ၀တ်လဲတာ၊ တစ်ခုခု အမြင်မတော်တာလုပ်မိနေ ရင် ဘုရားကို မရိုမသေ၊ မလေးမစား လုပ်သလို မဖြစ်အောင်လို့ အ၀တ်ကလာကာ ကာထား၊ ချထားသင့်တယ်လို့ ပြောကြတာဖြစ်မယ်ထင်ပါတယ်၊

ရွှေမန်းသား အရှင်အကုင်္ရ

 ကျမ်းကိုး-
ဘဒ္ဒန္တတိလောက သာရ၊(ရဝေထွန်း) ဘာသာရေးအမေးအဖြေများ
ဓမ္မပဒ၊ ပဏ္ဍိတသာမဏေ၀တ္ထု

Sunday, 19 May 2013

ဝစိကံနဲ့ ပတ်သက်တဲ့အကြောင်းကို အကျယ်တ၀င့်ရှင်းလင်းပေးပါ ဘုရား


ဒိဝါတပတိဂါထာကို တပည့်တော်လည်း တစ်နေ့ (၉)ခါ အမြဲတမ်းရွတ်ဖတ်ပါတယ် ဘုရား အခုလို အကျယ်တဝင့်ရှင်းပြတဲ့အတွက် ကျေးဇူးအနန္တပါဘုရား။

အခုတပည့်တော်မေးချင်တာကိုမေးခွင့်ပြုပါ

ကံ (၅)ပါး ရှိတဲ့အနက် လူတွေက ဝစီကံကို အလကားရတယ်

ဘယ်သူ့မှ မထိခိုက်ဘူးဆိုတဲ့ သဘောနဲ့ တွင်တွင်ကျယ်ကျယ် ပြောဆို လေ့ရှိပါတယ် ဘုရား။ ဝစီခံတစ်ခုကြောင့် မဟုတ်ပဲနဲ့ ဘဝမှာထိခိုက်တဲ့ သူတွေအများကြီးရှိပါ တယ်ဘုရား

ဒီအကြောင်းကိုလည်း အကျယ်တဝင့် အစ်မတော်ကို ဟောပေးပါဦး အရှင်ဘုရား။

ရိုသေရို့ကျိုး ကျိုးနွံ့ သောစိတ်ထားဖြင့်လျှောက်ထားအပ်ပါ သည် အရှင်ဘုရား။

                                                                                       ယမင်းသူ( ရန်ကုန်)


မေးထာတာကိုမဖြေခင် မေးခွန်းထဲမှာ တစ်ချို့လွှဲနေတာလေးတွေပြောပါဦးမယ်၊ ကံငါးပါး ရှိသည့်အနက်ဆိုရာမှာ

အရပ်ထဲမှာပြောပြောနေကြတဲ့ ပါဏာတိပါတ စတဲ့ ကံငါးပါးကို ဆိုလိုတာဖြစ်ပါမယ်ထင်ပါတယ်၊ တကယ်က ပါဠိစာပေမှာတော့ ကာယ ကံရယ်၊ ၀စီကံရယ်၊ မနောကံရယ်ဆိုပြီး ကံသုံးပါးပဲရှိပါတယ်၊

အစ်မတော် မေးလိုရင်းက ကံသုံးပါးထဲမှာပါတော့ ၀စီကံနဲ့ ပတ်သက်ပြီး ပါဏာတိပါတ စတဲ့ သီလသိက္ခာပုဒ်ထဲက မုသာဝါဒနဲ့ စပ်စပ်ပတ်သက်မယ်လို့ ထင်ပါတယ်၊

ဒါကြောင့် မုသာဝါဒ သီလသိက္ခာပုဒ်နဲ့ ပတ်သက်ပြီး တောင်မြို့မဟာဂန္ဓာရုံဆရာ တော်ကြီး ရေးသားထားတော်မူတဲ့ ကိုယ်ကျင့်အဘိဓမ္မာထဲက စာသားလေးနဲ့ စလိုက်ပါမယ်၊


 လောက၀ယ် အလိမ်ခံရသော ဆင်းရဲလည်း ပျော့ပျော့နှင့် နံဆိုသလို အတော့်ကို အခံရခက်သော ဆင်းရဲတစ်မျိုးတည်း။ ထိုအလိမ်ခံရသည့်အတွက် အကျိုးပျက်စီးရပုံ တို့မှာ မျက်မြင်အားဖြင့် ထင်ရှားရုံသာမက လိမ်သူက စွမ်းလှလျှင် နိုင်ငံတစ်ခုလုံးကို ပင်ရအောင် လိမ်နိုင်ကြသဖြင့် မည်မျှလောက် နစ်နာကြသည်ကိုစဉ်းစားကြလေ တော့။

ယခုခေတ် ဘာသာအမျိုးမျိုး၏ ဆရာအမျိုးမျိုး တရားတွေကြောင့် (ဗုဒ္ဓဘာသာ တရားတော်အရ ဆိုလျှင်) မြော်မြင်မှန်းဆ၍ မကုန်နိုင်သော ဆင်းရဲကိုလည်း အမှားလမ်း လိုက်မိသူတိုင်း တွေ့ရတော့မည်။ ထို့ကြောင့် မုသာဝါဒမှ ရှောင်ကြဉ်မူသီလလည်း တစ်ယောက် နှစ်ယောက်မှစ၍ ကမ္ဘာသူကမ္ဘာသားတို့၏ ဒုက္ခကို မုချ စောင့်ရှောက်ရာ ရောက်ပေသည်။ (ဤနေရာဝယ် ဗုဒ္ဓဘာသာဝင်ထဲမှ တချို့တရားဟောဆရာတွေ ညာနေပုံ၊ ဉာဏ်မရှိသူ လူအများပင် ထိုအညာဆရာကို အထင်ကြီးပုံကိုပါ စဉ်းစားကြပါလေ။) 

(ကိုယ့်ကျင့် အဘိဓမ္မာ)

လို့ ဆရာတော်ဘုရားကြီးက ကိုယ်ကျင့်အဘိဓမ္မာမှာ မုသာဝါဒ=လိမ်လည်ပြောဆို တာဟာ ဘယ်လောက်ပြစ်များသလဲဆိုတာ လူတိုင်း လူတိုင်း ဆင်ခြင်နိုင်အောင် ဆုံးမခဲ့ပါတယ်၊

 တစ်ခါ မုသာဝါဒ= လိမ်လည်ပြောတာနဲ့ ပတ်သက်ပြီး ဆရာတော်ကြီးရေးသားထား တဲ့ “မုသားစကား၊ ပြောဆိုငြားမူ၊ စကားမပီ ၊ သွားမညီတည်း၊ ပုတ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊ အိနြေ္ဒနောက် ၊ ပုတ်ယွင်းပေါက်၏၊မရောက်သြဇာ။ နှုတ်လျှာ ကြမ်းထော်၊ လျှပ်ပေါ်လော်လီ၊ စိတ်မတည်သည်၊ ရှောင်ကြဉ်အပြန် အကျိုးတည်း၊” ဆိုတဲ့ လင်္ကာလေးကလဲ မှတ်သားဖွယ်ရာပါ၊

အဓိပ္ပါယ်က လိမ်ပြောတဲ့သူများဟာ စကားမပီပါဘူးတဲ့၊ သွားလဲမညီမညာဖြစ်တတ်ပါ တယ်၊ တစ်ချို့သွားမညီမညာနဲ့ သွားခေါနေတဲ့သူတွေတွေ့ဖူးမှာ အဲဒါဆိုရင် သေချာပါ ပြီ အရင်ဘ၀တွေတုန်းက လိမ်ညာပြောခဲ့တာများလို့လို့ ကောက်ချက်လို့ရပါမယ်၊ သွားတွေ ဘယ်လောက်တိုက်တိုက်၊ သွားတိုက်ဆေးအကောင်းစားတွေ ဘယ် လောက်လောက်သုံးသုံး ပါးစပ်က အပုတ်နံ့တွေလှိုင်နေရင် အဲဒီသူဟာလဲ အလိမ်အညာတွေ များခဲ့လို့ပါပဲ၊ အသားအရေလှပဖို့ လိုရှင်းတွေ ဘယ်လောက်သုံး သုံး အသားအရေတွေမွဲမွဲခြောက်ခြောက်ဖြစ်နေရင်လဲ အလိမ်အညာ၊ အပလီအခရာ တွေများခဲ့တဲ့သူတစ်ယောက် ဖြစ်ခဲ့တာသေချာတာပါပဲ၊

တစ်ခါ သူငယ်ချင်းတွေကြားမှာ၊ အဖွဲအစည်းထဲမှာ ကိုယ့်အိမ်မှာ အသက်ကြီးပေမယ့် သြဇာအာဏာ မသက်ရောက်ရင်လဲ အဲဒိလူဟာ အရင့်အရင်ဘ၀တွေက သူများကို လိမ်ညာခဲ့လို့ပါ၊ စကားပြောတဲ့အခါ အများနဲ့ပြောဆိုတဲ့အခါ စကားလုံးတွေမယဉ်မ ကျေးနဲ့ ရိုင်းရိုင်း စိုင်းစိုင်းပြောဆိုနေရင် ၊ နေတာထိုင်တာ မယဉ်မကျေးရင် သေချာ ပါတယ်၊ အဲဒီလိုလူမျိုးဟာလဲ အရင့်အရင်ဘ၀တွေက မုသားစကားတွေ လှိုင်လှိုင် သုံးခဲ့သူတစ်ယောက်ပါ။ ၊

ပြောခဲ့တာလေးတွေကို ပိုပြီးထင်ရှားသွားအောင် ပေတ၀တ္ထုမှာလာတဲ့ ဇာတ်လမ်း လေးတစ်ပုဒ်နဲ့ ပြောပြချင်ပါသေးတယ်၊

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော် မူစဉ်မှာ၊ ဂိဇ္ဈဂုတ်တောင်မှာသီတင်းသုံးတဲ့ အရှင်နာဒရက မနက်စောစော ကိုယ် လက်သုတ်သင်ပြီး ဆွမ်းခံကြွဖို့ သပိတ်ပြင်ပြီး တောင်ဆင်းလမ်းအတိုင်း ကြွလာပါတယ်၊ လမ်းတစ်ဝက်အရောက်မှာ ခန္ဒာကိုယ်က ရွှေရောင်လိုဝါ၀င်းပြီး မျက်နှာကြတော့ ၀က်မျက်နှာနဲ့ တူတဲ့ပြိတ္တာတစ်ကောင်းကို ကိုယ်တိုင်မျက်မြင်တွေ့ပါ တယ်၊

တွေ့တော့ မထေရ်က “အိုပြိတ္တာ သင်ရဲ့ခန္ဒာကိုယ်က ရွှေအဆင်းလိုဝါ၀င်းပြိး အရပ်လေးမျက်နှာ ထွန်းလင်းနေတယ်၊ သင့်ရဲ့မျက်နှာကတော့ ၀က်လိုပါလား ၊ ဘယ်လိုမကောင်းမှုကြောင့် ခုလိုဖြစ်လာရတာလဲ” လို့မေးပါတယ်၊
အရှင်နာဒရမေးတော့ ပြိတ္တာကပြန်ပြီး “ မှန်လှပါ အရှင်နာဒရဘုရား တပည့်တော် သည်၊

ကာယကံမှု=ကိုယ်ဖြင့်လွန်ကျူမည့်အမှုတွေကို စောင့်စည်းခဲ့ပါတယ်၊ ဒါပေ မယ့် ၀စီကံ=နှုတ်နဲ့လွန်ကျူးတဲ့ အမှုအကုသိုလ်တွေကို မစောင့်စည်းခဲ့ပါ၊ လွန်းကျူး ခံပါတယ်၊ ဒါကြောင့် တပည့်တော်ဟာ အခု အရှင်ဘုရားမြင်နေရတဲ့အတိုင်း ကိုယ်မှာ တော့ ရွှေရောင်အဆင်းလိုလင်းနေပြီး မျက်နှာဟာ ၀က်နဲ့တူနေရတာပါ ဘုရား” လို့ ပြန်လည်လျှောက်ထားပါတယ်၊  တစ်ခါ ပြိတ္တာက ဆက်ပြီး

“အရှင်ဘုရား အခုအရှင်ဘုရားမျက်မှောက်ထင်ထင် တပည့်တော်အဖြစ်ကို တွေ့မြင် နေရပါပြီ နှုတ်နဲ့ပတ်သက်ပြီး မကောင်းမှုတွေကို မပြုပါနဲ့၊ ၀က်မျက်နှာလိုမဖြစ်စေပါ နဲ့ အရှင်ဘုရားလို့” လျှောက်ထားပါသေးတယ်။ ။

ပြောပြခဲ့တဲ့ဇာတ်လမ်းလေးကို ပြန်ကြည့်ရင် ၀စီဒေဘထိတိုင်းရှဆိုသလိုပါပဲ၊ ၀စီဗေဒ ကြောင့် ၀က်မျက်နှာကြီးနဲ့ တူနေရပါတယ်၊

ဒါကြောင့် တတ်နိုင်သမျှ ၀စီကံကို ရှောင်ရှားနိုင်ရင် အကောင်းဆုံးပါ၊
ဝစီကံဆိုတော့ ၀စီကံနဲ့ ဆက်စပ်တာလေးတွေ ဆက်ပြောပြချင်ပါသေးတယ်၊

ဝစီကံကလေးမျိုးတောင် ရှိပါတယ်၊

(၁) မုသာဝါဒ= လိမ်ပြောတာ၊

(၂) ပိသုန၀ါစာ= ဂုံးတိုက်တာ၊

(၃) ဖရုသ၀ါစာ= စကားလုံးကြမ်းကြမ်းတမ်းတမ်းတွေပြောဆိုတာ၊

(၄) သမ္ဖပ္ပလာပ= အကျိုးမ့ရှိတဲ့ စကားတွေပြောနေပြီး အချိန်ဖြုံးနေတာ။

မုသာဝါဒ= လိမ်ပြောတာနဲ့ ပတ်သက်လို့က အထက်မှာ ရှင်းပြခဲ့ပါပြီ၊

ပိသုန၀ါစာ = ဂုံးတိုက်တယ်ဆိုတာ ချစ်သူအချင်းအချင်းသွေးခွဲတာ၊ သူငယ်ချင်းအချင်းအချင်း တစ်ယောက်နဲ့ တစ်ယောက် ကွဲသွားအောင် သွေးထိုးစကားတွေဆိုတာတွေဟာ ပိသန၀ါစာတွေပါပဲ၊

ဖရုသ၀ါစာ= စကားလုံးကြမ်းကြမ်းတွေပြောတာကတော့ အားလုံးသိပြီးသားပါ၊ ငါးစိမ်းသည်တွေလို အော်ကြီးဟစ်ကြယ်ပြောဆိုတာ၊ ခုနှစ်အိမ်ကြား၊ ရှစ်အိမ်ကြား ပြောဆိုတာတာတွေပေါ့၊ နောက်တစ်ခါ ဆဲရေးတိုင်းထွာတာတွေလဲပါပါတယ်၊

သမ္ဖပ္ပလာပ= အကျိုးမရှိတဲ့စကားတွေပြောနေတာကတော့၊ လောကုတ္တရာနဲ့ ဘောင်မ၀င်တဲ့ စကားတွေပါ၊ ဟိုမင်းသမီးလေးက ဘယ်လိုလေ၊ ဟိုမင်းသားလေးက ဘယ်သူနဲ့တဲ့၊ ကိုရီးယားမင်းသားလေး က ဘယ်လိုစတဲ့ စကားလုံးမျိုးတွေပါပဲ။ ။
ခုပြောပြပေးခဲ့တာတွေက ၀စီကံနဲ့ ပတ်သက်ပြီး ဖြစ်နိုင်တဲ့ အကုသိုလ်တွေပါ၊ အကုသိုလ်တွေမဖြစ်ချင်ဘူးဆိုရင် ပြောင်းပြန်ကျင့်သုံးလိုက်ရုံပါပဲ

(၁) လိမ်မပြောပဲ မှန်မှန်ကန်ကန်ပြောဆိုမယ် ၊ (၂) ဂုံးမတိုက်ပဲနေမယ်၊ (၃) စကားလုံးကြမ်းကြမ်းနဲ့ မိုက်ရိုင်းတဲ့ စကားတွေမပြောပဲ ချိုချိုသာသာပြောမယ်၊ (၄) အကျိုးမရှိတဲ့စကားတွေမပြောပဲ အကျိုး ရှိတာတွေပြောဆိုမယ်၊
ဒါဆိုရင် ၀စီကံနဲ့ပတ်သက်ပြိး ကောင်းတာတွေဖြစ်လာမှာပေါ့၊

ရှေးသူဟောင်းများပြောသလိုပါပဲ ချစ်စေလို ခံတွင်းလက်လေးသစ်၊ မုန်းစေလို ခံတွင်း လက်လေးသစ်တဲ့၊ ကောင်းအောင်လုပ်တာလဲ ဒီလက်လေးသစ်ရှိတဲ့ လျှာလေးပါပဲ၊ ဆိုးအောင် လုပ်နေတာလဲ လက်လေးသစ်ရှိတဲ့ ဒီလျှာလေးပါပဲ၊

(၁) ဒါကြောင့် ပြောတော့မယ်လို့ ကြံတိုင်း အရင်ဆုံး၊ “ငါပြောမယ့် စကားတွေဟာ ငါ့အတွက်၊ ဒါမှမဟုတ် သူ့အတွက်၊ ဒီလိုမှမဟုတ် ငါရောသူရောနှစ်ယောက်လုံး အ တွက် အကျိုးရှိတဲ့ စကားလား၊ အကျိုးမဲ့မယ့်စကားတွေလား” လို့စဉ်းစားလိုက်ပါ၊
အကျိုးရှိမယ်ဆိုရင်ပြောလိုက်ပါ၊ အကျိုးမဲ့မယ်ဆိုရင် မပြောပဲနေလိုက်ပါ၊

(၂) နောက်တစ်ခါ ပြောနေတုန်းမှာလဲ “ငါပြောနေတဲ့ စကားတွေဟာ သူ့အတွက်၊ ဒါမှမဟုတ် ငါ့အတွက်၊ ဒီလိုမှမဟုတ် သူရောငါရော နှစ်ယောက်လုံးအတွက် အကျိုးရှိတဲ့ စကားတွေလား၊ အကျိုးမဲ့တဲ့စကားတွေလား၊” စဉ်းစားလိုက်ပါ၊
အကျိုးများမယ်ဆိုရင်ပြောလိုက်ပါ၊ အကျိုးမများအလကားဆိုရင် မပြောပဲရပ်လိုက်ပါ၊

(၃) နောက်ဆုံး ပြောပြီးသွားပြန်ရင်လဲ “ငါပြောခဲ့တဲ့ စကားတွေဟာ ၊ ငါ့အတွက်၊ ဒါမှမဟုတ် သူ့အတွက်၊ ဒီလိုမဟုတ် ငါရောသူရော နှစ်ဦးလုံးအတွက် အကျိုးများခဲ့သလား၊ အကျိုးမများပဲ အလကားစကားတွေလား”လို့ ပြန်တွေးလိုက်ပါ၊
တကယ်လို့ အကျိုးများရင်အသာထားလိုက်ပါ၊ အကျိုးမများ အလကားဆိုရင် ကိုယ်ပြောပြီးသား စကားတွေကို ပြန်လည်ရုတ်သိမ်းလိုက်ပါ၊

ဒီလိုလေးတွေလိုက်နာ ကျင့်သုံးလိုက်ပါရင် ၀စိဗေဒ ထိတိုင်းရှကနေ လွတ်မြောက် နိုင်မည်ဖြစ်ပါကြောင်း စေတနာကောင်းဖြင့် အကြောင်းပြန်လိုက်ပါတယ်။

ရွှေမန်းသား အရှင်အကုင်္ရ

ကျမ်းကိုး-
ရာဟုလောဝါဒ သုတ္တန်၊
ခုဒ္ဒကနိကာယ် သုကရမုခပေတ ၀တ္ထု ပါဠိတော်၊
အဋ္ဌကထာ၊
ကိုယ်ကျင့်အဘိဓမ္မာ( တောင်မြို့ဆရာတော်)

Saturday, 18 May 2013

တဏှာကို ဘယ်လို ပါယ်သတ်ရမလဲ ဘုရား


တဏှာကို ဘယ်လိုပါယ် သတ်ရမလဲ ဖြေပေးတော်မူပါ ဘုရား၊


(၁)

ဒကာလေး မေးထားတဲ့ မေးခွန်းကတိုတိုလေးပါ၊ တစ်ခါ တဏှာကိုပါယ်ဖို့ နည်းလမ်း ပေးဖြေရမယ်ထင်ပါတယ်၊ တဏှာကလဲ မြတ်စွာဘုရား ဓမ္မစကြာသုတ်တော်မှာ ဟောကြားထားတာ သုံးမျိုးသုံးစားတောင် ရှိတာပါ၊
အဲဒါတွေက-

(၁) ကာမတဏှာ= ရုပ်ကလေးချောတာဆိုရင် ချစ်တာလိုချင်တာ၊ အသံလေးကောင်း ရင် နားထောင်ချင်တာ၊ အနံမွှေးမွှေးလေးတွေဆိုရင် ရှုရှိုက်ချင်နေတာ၊ အရသာ ကောင်းကောင်းလေးတွေဆိုရင် စားချင်တာ၊ အတွေ့အထိကောင်းကောင်းလေးတွေ ဆိုရင် ထိတွေ့နေချင်တာ၊ စတာတွေပေါ့၊

(၂) ဘ၀တဏှာ=ဘ၀ဘ၀တွေဟာ အမြဲတည်နေမယ်လို့ စွဲလမ်းနေတာ၊

(၃) ၀ိဘတဏှာ= ဘ၀ဘ၀တွေဟာ သေရင် ပြီးသွားမှာပဲလို့ စွဲထင်နေတာ၊ ဆိုပြီး သုံးမျိုးရှိပါတယ်၊

ဒကာလေးမေးထားတာက ကာမတဏှာကို ရည်ရွယ်မယ်လို့ ထင်ပါတယ်၊ ဒါကြောင့် ကာမတဏှာနဲ့ ပတ်သက်တဲ့အဖြေလေးကိုပဲ ဦးစားပေးဖြေလိုက်ပါမယ်၊

အဖြေကို ပိုပြီးပေါ်လွင်သွားအောင် ဇာတ်လေးတစ်ခုနဲ့ ချိန်ထိုးပြီးဖြေပြချင်ပါတယ်၊
ဇာတ်တော်လေးက ဒီလိုပါ-----

(၂)

ရှေးရှေးတုန်းက ကာသိတိုင်းလို့တိုင်းပြည်ကြီး တစ်ခုရှိပါတယ်၊ ကာသိတိုင်းမှာ ပါဋလိပုတ်လို့ခေါ်တဲ့ မြို့တော်မှာ အဿကလို့ခေါ်တဲ့ မင်းကြီးအုပ်ချုပ် မင်းလုပ်နေပါ တယ်၊ အဲဒီအဿက ဘုရင်ကြီးမှာ အရမ်းလှပတဲ့ ဥပရီလို့ခေါ်တဲ့ မိဖုရားကြီး တစ်ပါးရှိ ပါတယ်၊ မိဖုရားကြီးက ဘယ်လောက်လှသလဲဆိုရင် လူမကနတ်တမျှလောက်လှ ပါတယ်၊ ကောင်းခြင်းငါးဖြာနဲ့လဲ ပြည့်စုံပါတယ်၊ အရွယ်ကလဲငယ်ငယ်၊ ရုပ်ကလေးက လဲ အရမ်းချောချောဆိုတော့ အဿကဘုရင်ကြီးက သူ့မိဖုရားကို အသက်ထက်မက ချစ် ပါတယ်။

အဲဒီလိုချောမောတဲ့ မိဖုရားလေးနဲ့ ချစ်ရည်ပလူးလိုက်၊ အပျော်ဆိုက်လိုက်၊ ဥယျာဉ်ကြီထဲက ကျောက်ဖျာကြီးပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် ကလူကျီစယ် လိုက်၊ ပန်းတွေခူးပေးလိုက်၊ ပန်ပေးလိုက်နဲ့ အပျော်ကြီး ပျော်ကြ၊ အမောကြီးမော်ကြ နဲ့နေလာခဲ့ကြပါတယ်၊

တစ်နေ့တော့ အရမ်းချောမောလှပတဲ့ ဥပရီမိဖုရားကြီးဟာ ရုတ်တရက် နတ်ရွာစံကံ တော်ကုန်ရှာပါတယ်၊ အဿက ဘုရင်ကြီးမှာတော့ ယူကြုံမရ အပူလုံးထတော့တာ ပေါ့၊ အရမ်းလှတဲ့၊ သူအရမ်းချစ်တဲ့ မိဖုရားခေါင်ကြီး နတ်စွာစံတာကို မယုံနိုင်အောင် ဖြစ်နေပါတယ်၊

မင်းတြားကြီးခင်များ၊ စက်တော်မခေါ်နိုင်၊ စားတော်မတည်နိုင်နဲ့ တမှိုင်မှိုင်ဖြစ်နေပါ တယ်၊ နတ်ရွာစံသွားတဲ့ မိဖုရားခေါင်ကြိး အလောင်ကောင်ကိုလဲ မပြစ်ရက်ပဲနဲ့ ရွှေ မှန်ခေါင်းကြီးနဲ့ထည့်ပြီး ၊ ခဏခဏကြည့်လိုက်၊ ငိုလိုက်၊ လွမ်းမောဖွယ်ရာ၊ သတိရစရာ စကားတွေသွားပြောလိုက်နဲ့ နေ့ရှိသရွေ့ မိဖုရာခေါင်ကြီး အလောင်းကြီး နားက မခွါပဲနေပါတယ်၊

စာဖတ်သူတွေက မင်းတြားတစ်ပါးအနေနဲ့ အဲဒီလို ရာဇဂုဏ်သိက္ခာကျတဲ့ အပြုအမူတွေဟာ ဖြစ်နိုင်ပါမလားလို့ တွေးချင်တွေးနေမှာပါ၊ ရှေးရှေးက ဖြစ်ခဲ့တဲ့ ဇာတ်တော်ဆိုတော့ ယုံတမ်းစကားလို့လဲ ထင်ချင်ထင်နေမှာပါ၊
တကယ့်အဖြစ်အပျက်တွေပါ စာဖတ်သူ၊

ဒီဘက်ခေတ်မှာလဲ အဲဒီလို အဖြစ်အပျက်မျိုးတွေ၊ အများကြီးရှိခဲ့ဖူးပါတယ်။ ထင်ရှားတဲ့ အဖြစ်အပျက်လေးတစ်ခု ကတော့ အိန္ဒိယနိုင်ငံ၊ ဥတရာပရာဒေ့(ရှ်) ပြည်နယ်မှာ (၁၆၃၁) ခုနှစ်လောက်က ဖြစ် ပျက်ခဲ့တာပါ၊ အာဂရဆိုတဲ့ နေပြည်တော်ကြီးမှာ ရှာဂျဟန်ဆိုတဲ့ မင်းတစ်ပါးရှိခဲ့ဖူးပါ တယ်၊ အဲဒီမင်းကြီးကလဲ သူ့ရဲတတိယမြောက်မိဖုရားကြီးဖြစ်တဲ့ မုန်တမဟာကို အ ရမ်းချစ်မြတ်နိုးပါတယ်၊ တစ်နေ့မှာ မုန်တမဟာမိဖုရားကြီး နတ်ရွာစံကံတော် ကုန်ပါ တယ်၊ ဒါပေမယ့် ရှာဂျဟန်မင်းကြီးဟာ သူ့မီဖုရားကြီးအလောင်းကို မပြစ်နိုင်မခွါရက် နဲ့ မီးလဲမရှို့ပဲ အုတ်ဂူသွင်းထားပါတယ်၊ ဂုတ်ဂူက သာမာန်လူတွေလို မဟုတ်ပဲ၊

သူနန်းတော်ကနေ လှမ်းကြည့်ရင်မြင်နိုင်လောက်တဲ့ အာဂရနန်းတော်ကြီးရဲ့တောင် ဘက် ယမုံနာမြစ်ဘေးမှာ နန်းတော်ကြီးတမျှ ခန်းနားကြီးကျယ်တဲ့ တ(ဂ်ျ) မဟာကြီး ကိုဆောက်လုပ်စေပြီး အဲဒီနန်းဆောင်ကြီးထဲမှာ ဂူသွင်းထားလိုက်ပါတယ်၊ အဲဒီအဆောက်အဦးကြီး တစ်ခုလုံးကိုလဲ ကျောက်ဖြူတွေနဲ့ပဲ အလှဆင်ဆောက်လုပ် ထားပါတယ်၊

ဒိနေ့အထိလဲ အိန္ဒိယနိုင်ငံ၊ ဥတရာပရာဒေ့(ရှ်)ပြည်နယ်မှာ တွေ့နိုင်ပါ တယ်။  ဒီလိုတွေဘာလို့ ဖြစ်ရလဲမေးရင် တဏှာကြောင့် ဖြစ်ရတယ်လို့ဖြေရမယ် ထင် ပါတယ်၊

နားလည်လွယ်အောင်ထပ်ပြောရရင် ဒါဟာ ချစ်ခင်မှုတဏှာကနေ အဆင့်တက်သွား ပြီး စွဲလမ်းမှုဥပါဒါန်တွေကြောင့် ဖြစ်ရတာပါ၊
ဇာတ်တော်ထဲက အဿကမင်းတြားကြီးဟာလဲ အဲဒီဥပါဒါန်စွဲလမ်းမှု တရားတွေ ကြောင့် မိဖုရားကြီး အခေါင်းနားက မခွဲနိုင်မခွါရက်ဖြစ်နေတာပါ၊

မင်းတြားကြီး အဲဒီလိုသောကတွေဖြစ်နေတာကို ဟိမ၀န္တာတောင်မှာ သီတင်းသုံးနေ တဲ့ ဘုရားလောင်းတော် ရသေ့ကြီးက သိပါတယ်၊ သိတဲ့အခါမှာ ဘုရင်းမင်းတြားကြီး သောကတွေဖြေဖျောက်ပေးဖို့ ဟိမ၀န္တာကနေ မင်းကြီးရဲ့  ပါဋလိပုတ်ပြည်က မင်းဥ ယျာဉ်ထဲကို ကြွလာပါတယ်။

ရသေ့ကြီး မင်းဥယျာဉ်ထဲကြွလာတာကို မင်းချင်းတစ်ယောက်က သိပါတယ်၊ ရသေ့ကြီးက မင်းကြီးနေကောင်းကျန်းမာရဲ့လား၊ မင်းကျင့်တရားနဲ့အညီ တိုင်းပြည် အုပ်ချုပ်ရဲ့လား စကားစမြည်ပြောရင်း မင်းချင်းကို မေးတော့၊ မင်းချင်းယောက်ျားက
မင်းတြားကြီးမှာ သူ့မိဖုရားခေါင်ကြီး နတ်ရွာစံ ကံတော်ကုန်လို့ စားမ၀င်၊ အိပ်မပျော် စက်တော်မခေါ်တာတွေကို လျှောက်ထားပြီး၊ အရှင်ရသေ့ကြီး အနေနဲ့ အဲဒီသောက တွေကို ပျောက်ကင်းအောင်ကယ်ဆောင်ပေးပါလို့လျှောက်ထားပါတယ်၊
ရသေ့ကြီးက အော်မင်းတြားကြီးနှယ် တဏှာရေယဉ်ကျော်မြောပြီး မေ့မေ့လျော့ လျော့ဖြစ်နေတယ်၊

ဟိုတစ်ဖက်မှာ သူချစ်လွန်းလှပါတယ်ဆိုတဲ့ မိဖုရားကြီးကဖြင့် နောက်ချေးပိုးကောင်ဖြစ်နေပြီလို့ မိန့်ကြားစကားပြောလိုက်တော့
မင်းချင်းယောင်္ကျားက အရှင်ဘုရားအဲဒီအကြောင်းတွေသိခဲ့ရင်၊ နန်းတော်ကို လိုက်ခဲ့ ပြီး မင်းတြားကြီးကို နားချပေးပါဘုရားလို့ လျှောက်ပါတယ်၊

ရသေ့ကြီးက “ငါမလိုက်နိုင်ဘူး၊ သိချင်ရင် မင်းတို့မင်းတြားကြီးကို ဒီဥယျာဉ်ကို ခေါ်ခဲ့ပါ” လို့ပြန်လည်ပြောလိုက်ပါတယ်၊
တိုတိုပြောရရင် စာဖတ်သူရယ်၊ အဿက မင်းတြားကြီးလဲ မင်းချင်းယောင်္ကျားက လာပြီးအကြောင်းကြားတာနဲ့ ရသေ့ကြီးရောက်ရှိနေတဲ့ ဥယျာဉ်ကို လိုက်လာပါတယ်။

ဥယျာဉ်ရောက်တော့ ရသေ့ကြီးက မင်းတြားကြီးကို အကြောင်းစုံသိအောင်ပြောပြ ပါတယ်၊ သေသေချာချာ ယုံကြည့်အောင်လဲ မိဖုရားဘ၀ကနေ နောက်ချေးပိုးမ တစ်ဖြစ်လဲ နောက်ချေးပိုးမကို မင်းကြီးနဲ့ မိဖုရားကြီးချစ်ရည်လူးပျော်မြူခဲ့ဖူးတဲ့ ကျောက်ဖြာကြီးနာမှာ ခေါ်တွေ့ပေးပြီး--

ရသေ့ကြီးက “ပိုးကောင်မလေး၊ ခုအချိန်မှာ ဟောဒီအဿက မင်းကြီးနဲ့ နင့်ရဲ့  ပိုကောင်ဘ၀ ချစ်လင်နဲ့ ဘယ်သူကို ပိုချစ်လဲ”
“မှန်လှပါ တပည့်တော်မ အမှန်ကို လျှောက်တင်ရပါရင် ခုအချိန်မှာ အဲဒီက အဿကမင်းကြီးထက် ဟောဒီက ကျွန်တော်မျိုးမ ပိုကောင်ကိုကိုကို ပိုပြီး ချစ်ပါတယ် ဘုရား၊”

“တကယ်လို့များ ကျွန်တော်မျိုးမ ပိုကောင်းကိုကိုက အဲဒိအဿက မင်းကြီးနဲ့ လည်ချောင်းသွေးနဲ့ ခြေးဆေးချင်တယ်ဆိုရင် ကျွန်တော်မျိုးမ မရ ရအောင် ယူဆောင် ပေးဦးပါမယ် ဘုရား”လို့  နောက်ချီးပိုးကောင်းမ တစ်ဖြစ်လဲ သူချစ်လှပါတယ်၊ မြတ်နိုးလှပါတယ်ဆိုတဲ့  ဥပရီမိဖုရားခေါင်ကြီး စကားကြားလိုက် တော့ မင်းကြီးခများ ဒေါသတွေထွက် အသိမှန်၊ အမြင်မှန်တွေ ရပြီး

နန်းတော်ပြန်ကာ မစွန့်နိုင် မခွါရက်ဖြစ်နေတဲ့  ဥပရီမိဖုရားခေါင်ကြီးရဲ့ အလောင်းကြီးကို သန်လျှက်နဲ့ ခုတ်ပိုင်းကာ မီးတင်ရှိုလိုက်ပါတော့တယ်၊

(၃)

ဒီပြောပြခဲ့တဲ့ ဇာတ်တော်ကို ကြည့်မယ်ဆိုရင် တဏှာဆိုတာ မသိလို့စွဲလမ်းမှု ၊ တပ်မက်မှုတွေ ဖြစ်နေတာပါ၊ တကယ်အဖြစ်မှန်သိသွားရင် တဏှာဆိုတာ ဖြစ်စရာ အကြောင်းမရှိတော့ပါဘူး၊ ဒါကြောင့် တဏှာကို ပါယ်ချင်တယ်ဆိုရင် အသိမှန်၊ အမြင်မှန်ရအောင် အားထုတ်ရမယ်လို့ အကြံပြုလိုက်ပါတယ်၊
ဆက်ပြီးနားလည်အောင်ပြောရရင်-

လူတစ်ကိုယ်လုံးကိုကြည့်လိုက်ပါ၊ မျက်စိလေးကလှလို့ ချစ်တာဆိုရင်၊ နေ့စဉ် အဲဒီမျက်စိမှာ မျက်ချေးတွေထွက်ပါတယ်၊ မျက်ရည်တွေထွက်ပါတယ်။ အဲဒီအညစ် အကြေးတွေကို မဆေးမကြောပဲ ထားကြည့်ပါ ကြာလာရင် ချစ်စရာကောင်းပါဦးမလား၊

နားကိုကြည့်ရင်လဲ နားပြည်တွေထွက်တာ၊ နားဖာချေးတွေထွက်တာ မဆေးကြောပဲ ထားကြည့်ပါလား ချစ်ပါဦးမလား၊

နှာခေါင်းကိုလဲ ကြည့်လိုက်ပါဦး နှပ်ချေးတွေထွက်နေတာ၊ မဆေးကြောပဲထားလိုက် ပါ ချစ်နိုင်ပါဦးမလား၊

လျှာလဲထို့အတူပါပဲ သွားမတိုက်ပဲပြစ်ထားလိုက်မယ်။ မနက်ခင်းအိပ်ယာထတဲ့ အချိန်မှာ အာစီးကြောင်းတွေနဲ့ ဆို ချစ်နိုင်ပါဦးမလား၊

ခန္ဓာကိုယ်ကြီးကိုလဲ ကြည့်လိုက်ပါဦး တစ်ရက်၊ နှစ်ရက်၊ သုံးရက်လောက်ရေမချိုးပဲ ပြစ်ထားကြည့်လိုက်ပါလား

အနံတွေထွက်လာမယ်၊ မအီမသာတွေဖြစ်လာမယ်၊ လိုချင်စာ တပ်မက်စရာတွေပျောက်လာမယ် မဟုတ်လား၊

ဒါကြောင့် သူတစ်ပါးခန္ဓာကိုယ်ကြီးကိုကြီးမပြောနဲ့ ကိုယ်ပိုင် ကိုယ့်န္ဓာကိုယ်ကြီး တောင် ဒီလို မနှစ်သက်စရာ ၊ မချစ်နိုင်စရာတွေရှိနေရင် သူ့တစ်ပါး ခန္ဓာကိုယ်ကြီးမှာဆို ပိုပြီး ဆိုးမယ်ထင်ပါတယ်၊

အဲဒိလို အသိလေးတွေ၊ အမြင်လေးတွေကို များများမြင်နိုင်ရင် ၊ များများသိနိုင်ရင် တဏှာကို တဖြေးဖြေးချင်း ပါယ်နိုင်သွားမယ်ထင်ပါတယ်၊
နောက်ဆုံးအနေနဲ့ နငယ်နဲ့ နီးဖို့ အတွက် ဏကြီးကို အပြီး စွန့်လွှတ်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်၊

ရွှေမန်းသား အရှင်အကုင်္ရ

ကျမ်းကိုး-
ဓမ္မစကြာပါဠိတော်၊ အဋ္ဌကထာ၊ နိသျ
ဒုကနိပါတ်၊ အဿကဇာတက ပါဌိ
ဇာတကအဋ္ဌကထာ(၂)
http://www.tajmahal.com/

Friday, 17 May 2013

သဗ္ဗမင်္ဂလာ ဂါထာ ရွတ်ရုံဖြင့် ဆုတောင်း ပြည့်ပါသလား

အရှင်ဘုရား ဒိဝါဒိပတိအာဒိစောဆိုတဲ့ဘုရားစာကိုလူတွေကလာဘ်ရွှင်ဂါထာအဖြစ်ရွှတ်ကြ ပါတယ်တဲ့

နေမင်းကြီးသည်နေ့အခါတွင်တင့်တယ်ပါ၏
လမင်းကြီးသည် ညအခါတွင်တင့်တယ်ပါ၏
ရဟန်းန္တာသည် ဈာန်သမပတ်ဝင်စားသည့်အခါတင့်တယ်ပါ၏
ရေမြေ့သခင်ဘုရင်မင်းမြတ်သည် မင်းဝတ်တန်ဆာဝတ်စားမှတင့်တယ်ပါ၏
ဘုရားရှင်သည် နေ့ရောညပါအခါခပ်သိမ်းတင့်တယ်ပါ၏
ဆိုတဲ့ဂါထာကိုရွတ်ပြီးလူတွေဂါထာအပြီးမှာ

ဤမှန်သောသစ္စာစကားကြောင့်တပည့်တော်ဘာဖြစ်ပါစေ၊ညာဖြစ်ပါစေဆိုပြီးသူတို့လိုရာဆုတောင်းကြတယ်
မိမိကိုယ်တိုင်ကြိုးစားးထုတ်မှုမရှိဘဲဒီလိုသစ္စာဆိုပြီးဆုတောင်းတိုင်းပြည့်ပါသလား
အရှင်ဘုရား။ ။

ဒီဂါထာကဘာအတွက်မြတ်စွာဘုရားရှင်ကဟောကြားထားတာလဲအရှင်ဘုရား
တပည့်တော်မမေးခွန်းတွေကအမှားပါရင်ခွင့်လွှတ်ပါဘုရား

ms.khn thet swe


ဒကာမကြီးမေးတဲ့ မေးခွန်းထဲက ဒိဝါတပ္ပတိအစဖြာတဲ့ ဂါထာဟာ မြတ်စွာဘုရား   ရှင် သာဝတ္ထိမြို့တော်က ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေစဉ်ဟောကြားထား တာပါ၊ တစ်နေ့သော အခါမှာ အရှင်မဟာကပ္ပိနလို့ ခေါ်တဲ့ တန်ခိုးအရမ်းကြီးတဲ့ ရဟန်းတော်တစ်ပါးဟာ မြတ်စွာ ဘုရား ထံပါးကို လာနေတာကို မြတ်စွာဘုရားက အဝေးက မြင်တော်မူပါတယ်၊ အဲဒီလို မြင်တော်မူတော့ မြတ်စွာဘုရားက တခြားရဟန်းတော်များကို ခေါ်တော်မူပြီး

“ရဟန်းတို့ ကြည့်ကြစမ်း၊  တန်ခိုးကြီးတဲ့ အာနုဘော်ကြီးတဲ့ မဟာကပ္ပိနလာနေတယ်၊ ဟောဒီမဟာကပ္ပိန ရဟန်းဟာ လူ့ဘောင်ကို ခွါရှောင်ပြီး ရဟန်းပြုလာတဲ့ အတွက်ကြောင့် အရဟတ္တဖို အကျိုးကို အခုမျက်မှောက်ဘ၀မှာတင် ခံစားစံစားရတယ်” မြတ်စွာဘုရားက ရဟန်းတွေကို မိန့်ကြားပြီး  မြတ်စွာဘုရားက ရဟန်းတော်တွေကို
'ခတ္တိယော သေဋ္ဌော ဇနေတသ္မိံ၊ ယေ ဂေါတ္တပဋိသာရိနော။
 ဝိဇ္ဇာစရဏသမ္ပန္နော၊ သော သေဋ္ဌော ဒေဝမာနုသေ။

 ''ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာဘာတိ စန္ဒိမာ။
 သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။
 အထ သဗ္ဗမဟောရတ္တိံ ဗုဒ္ဓေါ တပတိ တေဇသာ'' ဂါထာ နှစ်ပုဒ်ကို ဆက်လက်ဟောကြား ခဲ့တာပါ၊ ၊

အပေါ်က ဂါထာရဲ့ အဓိပ္ပါယ်လေးကတော့ လူပေါင်းမှာ မင်းမျိုးဟာ အမြတ်ဆုံးဖြစ်ပါတယ်၊ လောကုတ္တရာနယ်ပယ်မှာတော့ ၀ိဇ္ဖာစရဏနဲ့ ပြည့်စုံသူဟာ အမြတ်ဆုံးဖြစ်ပါတယ်တဲ့၊

 အောက်က ဒီဝါတပ္ပတိဂါထာ အဓိပ္ပါယ်ကတော့ ဒကာမကြီး သိပြီးသားဖို့ ထပ်မပြော ပြတော့ပါဘူး၊

မြတ်စွာဘုရားဟောကြားထားတာကတော့ ဒီလောက်ပါပဲ၊ ဘာအကျိုးရမယ်၊ ဘယ်လို မင်္ဂလာတွေရမယ်၊ ဆုတောင်းပြည့်မယ်လို့ မပါပါဘူး ၊ မြတ်စွာဘုရား ဆိုလို ရင်းကတော့ နေမင်းကြီးဟာ နေ့အခါမှာသာ တင့်တယ်နိုင်တယ်၊ ညရောက်ရင် မတင့်တယ်နိုင်တော့ဘူး၊ လမင်းကြီးဟာလဲ ညအခါမှာသာ တင့်တယ်ထွန်းလင်းနိုင် တယ်၊ နေ့အခါမှာ မတင့်တယ်နိုင်တော့ဘူး၊ ဘုရင်မင်းများကြတော့ မင်းဝတ်တန်ဆာ ဆင်ယင်ထားမှ တင့်တယ်နိုင်တယ်၊ ရဟန္တာအရှင်မြတ်များကြတော့ ဈာန်သမာပတ်တွေ ပွားများနေမှ တင့်တယ်နိုင်တယ်၊ အဲဒီလို မှမဟုတ်ရင် မတင့်တယ်နိုင်ပါဘူးတဲ့၊

အဲဒါပေမယ့် မြတ်စွာဘုရား သခင်ကတော့ နေ့ရောညရော အချိန်အားလုံးမှာ တင့်တယ်နိုင်ပါသတဲ့။ ။
ဆိုတဲ့ အဓိပ္ပါယ်ကို ရဟန်းတော်များသအောင် ဟောကြားထားတာပါ၊ ပြောရရင် ရဟန်းတော်တွေ၊ တရားအားထုတ်သူတွေ အအားမနေကြပဲ ဈာန်သမာပတ်များ နေ့စဉ်ပွားများ အားထုတ်နေကြဖို့ တိုက်တွန်းတဲ့ တရားဂါထာ ပါဠိလို့ ပြောရင် ပိုပြီး မှန်မယ်ထင်ပါတယ်၊

အခုဒီဂါထာကို သဗ္ဗမင်္ဂလာဂါထာလို့ နာမည်ပေးပြီး လူတော်တော်များများ ရွတ်ဖတ် နေကြတာကလဲ အကြောင်းရှိပါတယ်။ အဲဒိအကြောင်းလေးကို ဆက်ပြောပြရရင်  ရှေးအခါက သီဟိုဠ်ပြည့်ရှင်  (ယခု သီရိလင်္ကာ) ဘာတိကမင်းကြီးလက်ထက် တနေ့မှာ ပညာရှိတဦးကို နန်းတော်သို့ ပင့်ဖိတ်ပါတယ်။ အဲဒီနောက် ပညာရှိကို ရတနာသုံးပါးနဲ့ အကျုံးဝင် ဆက်စပ်သော အောင်ခြင်းမင်္ဂလာ ဂါထာတော်တပုဒ်အား ရွတ်ဆိုချီးမြှင့်ပါရန် တောင်းပန်ပါတယ်။ အဲဒီ ပညရှိကြီးက " ဒိဝါ တပတိ အာဒိစ္စော-...အစချီ သဗ္ဗမင်္ဂလာဂါထာတော်ကို ချီးမြှင့်ခဲ့ပါတယ်။ မင်းကြီးလည်း ပိဋကတ်သုံးပုံ နှံ့စပ်သော ပညာရှိကြီးအား ဆုတော်ငွေများစွာ ချီးမြှင့်ခဲ့ပါတယ်။ ဒီအတွက်ကြောင် အဆိုပါ ဂါထာတော်နှင့်စပ်လျဉ်းပြီး နှောင်းလူတို့က လာဘ်ရွှင်ငွေဝင် ဂါထာတော်၊ ရွှေလာငွေလာ ဂါထာတော်-ဟု သတ်မှတ်ယူဆခဲ့ပြီး ယုံကြည်စွာ ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ကြပါတယ်။

အခုပြောပြခဲ့တဲ့ ဇာတ်ကြောင်းကတော့ သီရိလင်္ကာမှာဖြစ်ပျက်ခဲ့တဲ့ ဇာတ်ကြောင်း လေးပါ၊

မြန်မာပြည်မှာလဲ ရတနာပုံခေတ်ကထင်ရှားကျော်ကြားတဲ့ ရသေ့ကြီး ဦးခန္တီဟာ အခု ပြောပြခဲ့တဲ့ ဒီဝါတပ္ပတိအစဖြာတဲ့ ဂါထာကြီးကို နေ့စဉ်ရွတ်ဖတ်ပူဇော်ပါတယ်တဲ့၊ ဒါကြောင့်လဲ သူ့ရဲ့သာသနာပြုလုပ်ငန်းတွေ၊ ကျောင်းကန်ဇရပ်ဆောက်လုပ်မှုတွေဟာ အောင်မြင်တာပါလို့လဲ ယုံကြည်မှုတွေရှိနေကြပါတယ်၊

ဒီဂါထာတော်ကြီးနဲ့ ပတ်သက်ပြီး တစ်ခါသား မင်းကွန်းဆရာတော်ကြီးကို မန်လည် ဆရာတော်ကြီးကနေ “ နိကာယ်ငါးရပ်ထဲမှာ ပါဝင်သော သတင်းမွှေးကြိုင်သည့် သဗ္ဗမင်္ဂလာ ဂါထာမှာ မည့်သည့် ဂါထာဖြစ်သနည်း” လို့ မေးတော်မူတဲ့အခါ၊
မင်းကွန်းဆရာတော်ကြီးက အထက်က ဖော်ပြခဲ့တဲ့ ဒိဝါတပ္ပတိအစဖြာတဲ့ ဂါထာဖြစ် ကြောင်း ပြန်လည်ဖြေကြားတော်မူခဲ့ပါတယ်၊

ဂါထာတော်ကြီးဟာ မြတ်စွာဘုရားဟောကြားထားတာက ဒိဝါတပ္ပတိ (ပ) တပတိ တေဇသာ။ ဒီမျှသာပဲ ဖြစ်ပါတယ်၊
နောင်ကြမှ အကြီးတော်မင်း ဦးသံမှိုက အဆိုပါဂါထာတော်ရဲ့အဆုံးမှာ

တာဒိသံ တေဇ သမ္ပန္နံ၊
ဗုဒ္ဓံ ၀န္ဒာမိ အာဒရံ။ လို့ ထပ်ဖြည့်ရေးသားခဲ့ပါသေးတယ်၊ တစ်ခါ အလားတူစွာပဲ ရသေ့ ကြီးဦးခန္တီကလည်း နမက္ကာရာ နုဘာဝေန၊
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။ ----ဆိုပြီး နောက်ထပ်နှစ်ပါဒ ဖြည့်စွက် ရွတ်ဆိုခဲ့ပါတယ်။

ပြောရရင်တော့ မြတ်စွာဘုရားဟောကြားထားတဲ့ ပါဠိတော်မူရင်းများကို လိုသလို လောကီအကျိုးအတွက် အကျိုးမျှော်ပြီး ဆုတောင်းစကား၊ စာသားတွေ ထပ်ထည့် ထားတယ်လို့ ကောက်ချက်ဆွဲရမယ် ထင်ပါတယ်၊

ဆုတောင်းတိုင်းပြည့်သလားဆိုတာနဲ့ ပတ်ပြီး ဥပမာလေး တစ်ခုပေးဖြေကြည့်ချင်ပါ တယ်၊ ဆုတောင်းတိုင်းသာ လူတိုင်းပြည့်ကုန်ရင် အားလုံး ဒုက္ခရောက်ကုန်ကြမယ် ထင်ပါတယ်၊ ဥပမာ တပည့်တော်မသည် ဒီဂါထာရွတ်ဆိုရသော ကောင်းမှုကြောင့် ပြေတီဦးနဲ့ လက်ထပ်ရပါစေသားဆိုရင်  အိန္ဒြာကျော်ဇင် ဘယ်လိုနေမလဲ၊ တစ်ခါ
အိန္ဒြာကျော်ဇင်ကလဲ မကျေနပ်လို့ အစောကလို ပြည်တီဦးနဲ့ ပြန်ပေါင်းရပါစေ သားဆိုရင် ----- စဉ်းစားကြည့်စေချင်ပါတယ် ၊

အကောင်းဆုံးကတော့ မြတ်စွာဘုရားဟောကြားထားတော်မူသလို ဆုတောင်းမမှားအောင်
 နိဗ္ဗာန်ကို ဆုတောင်းပြီး ကောင်းမှုကုသိုလ်တွေလုပ်မှသာ အပြစ်ကင်းမယ်ထင်ပါ တယ်၊

နောက်ဆုံးအနေနဲ့ မြတ်စွာဘုရားသခင် အလိုတော်ကျကျပြောပြရင် မြတ်စွာဘုရား သခင်က ဂါထာတွေရွတ်ဖတ်နေတာကို အားမပေးပါဘူး၊ ကိုယ်တိုင်ကိုယ်ကျ ကျင့်ကြံ ပွားများ အားထုတ်တာကိုပဲ အားပေးတာပါ၊ ဒါကြောင့်ပြောချင်တာကတော့ သံသရာ လည်နေရာကနေ ကျွတ်လွတ်ဖို့ အရွတ်တင်မဟုတ်ပဲ ကိုယ်တိုင်ကျင့်ကြံခြင်းဆိုတဲ့ အဖတ်တွေကိုလဲ များများ ဖြည့်ကျင့်ဆည်းပူနိုင်ပါစေ လို့ ဆုတောင်းလိုက်ပါတယ်။ ။

ရွှေမန်းသား အရှင်အကုင်္ရ

ကျမ်းကိုး
သံယုတ္တနိကာယ် ဘိက္ခုသံယုတ်
ပါဠိတော်၊ အဋ္ဌကထာ၊
ရသေ့ကြီး ဦးခန္တီ၏ လာဘ်ရွှင် လာဘ်ပွား ဂါထာတော်
ဓနုဖြူ ဆရာတော်
(ရောင်ပြန် မဂ္ဂဇင်း ၂၀၁၀-နိုဝင်ဘာလ

Saturday, 11 May 2013

သူတော်ကောင်းတို့ နှလုံးသား ( ၅) အနှိုင်းမဲ့ ယဉ်ဖြင့် ကျော်ဖြတ်ခြင်း


အနှိုင်းမဲ့ယဉ်ဖြင့် ကျော်ဖြတ်ခြင်း

( ၁)

'သဒ္ဓါတရတိ သြဃံ၊ အပ္ပမာဒေန အဏ္ဏဝံ။
 ဝီရိယေနဒုက္ခမစ္စေတိ၊ ပညာယ ပရိသုဇ္ဈတိ''။

( အာဠာဝက သုတ်)

အာဠာဝကယုံကြည့်မှု သဒ္ဓါတရားဖြင့် သြဃလေးဖြာ သံသရာကို ကူးမြောက်နို၏၊
မမေ့မလျှော့ခြင်းအပ္ပမာဒ တရားဖြင့် သံသရာတည်းဟူသော သမုဒ္ဒရာကို ကူးမြောက် နိုင်၏၊ ထကြွလုံးလ၀ိရိယဖြင့် ဆင်းရဲခြင်းဒုက္ခတွေကို လွန်မြောက်နိုင်၏၊
ပညာဖြင့်ကိလေသာအညစ်အကြေးတွေကို ဖယ်ရှားသုတ်သင်နိုင်၏၊


(၂)
 
တရားသဘောအနေနဲ့ပြောရရင် လူတိုင်း၊ သတ္တ၀ါတိုင်း၊ သက်ရှိတိုင်းဟာ သံသရာ ပင်လယ်ကြီးထဲမှာမွန်းကြပ်နေကြတဲ့ သူတွေပါ၊ သားရေး သမီးရေးတွေနဲ့လဲ မွန်းကြပ် ကြပါတယ်၊စီးပွားရေးတွေနဲ့လဲ မွန်းကြပ်ကြပါတယ်၊ အချစ်ရေးတွေနဲ့လဲ မွန်းကြပ်ကြပါတယ်၊စစ်ရေးတွေနဲ့လဲ မွန်းကြပ်ကြပါတယ်၊
ဒီလိုမွန်းကြပ်နေတဲ့သံသရာဝဲသြဃကြီးထဲမှာ ကူးရင်းနဲ့ နစ်လိုက်၊ နစ်ရင်းနဲ့ကူး လိုက်နဲ့ စုန်ချီတစ်ခါ၊ဆန်ချီတစ်လှည့်ရယ်နဲ့ နွဲ့တဲ့အခါနွဲ့လိုက်၊ မာတဲ့အခါ မာလိုက်၊ သာတဲ့ အခါ သာလိုက်၊ဗျာဆိုက်နေကြတာ နေ့စဉ်နဲ့ အမျှပဲ မဟုတ်လား၊

စာရေးသူကောစာဖတ်သူပါ ပုထုဇဉ်လူသားစစ်စစ်တွေ ဖြစ်လေတော့ ဒီဝဲသြဃကြီး ထဲမှာ ဒီနေ့ ဒီအချိန်ထိကူးနေကြရတုန်းပဲလေ၊ ဘယ်နေ့၊ ဘယ်အချိန်ကြမှ များလွတ်မြောက်မလဲဆိုတာကလဲအလှမ်းဝေးနေဆဲပါ၊
မလွှတ်ချင်ဘူးလားဆိုတော့လူတိုင်းက လွှတ်ချင်ကြတာပေါ့၊ လူသားတိုင်း သတ္တ၀ါတိုင်း လွတ်မြောက်ချင်တယ်လိုဆိုလိုက်ပေမယ့်

(၁)တစ်ချို့က လွတ်မြောက်ချင်တယ်၊ ဒါပေမယ့် ဘာနဲ့ ကူးရမှန်း မသိကြပါဘူး၊
(၂)တစ်ချို့ကြတော့ မလွတ်မြောက်ချင်ဘူး ဒါပေမယ့် ဘာနဲ့ကူးရမယ်ဆိုတာ သိကြပါတယ်၊
(၃)တစ်ချို့ကြတော့မလွတ်လဲ မလွတ်မြောက်ချင်ဘူး ၊ ဘာနဲ့ ကူးရမယ်ဆိုတာလဲ မသိကြပါဘူး၊
(၄)တစ်ချို့ကြတော့ လွတ်မြောက်လဲလွတ်မြောက်ချင်တယ်၊ ဘာနဲ့ ကူးရမယ်ဆိုတာလဲသိကြပါတယ်၊

စာဖတ်သူတွေကိုအဲဒီလိုလွတ်မြေက်သွားတဲ့ သူတွေအများကြီးရှိတဲ့အထဲက တစ်ယောက်အကြောင်းကိုဖောက်သည်ချပြချင်ပါတယ်၊

(၃)

အဲဒီတစ်ယောက်သောသူတော်ကောင်းကြီးရဲ့အမည်ကတော့ စာဖတ်သူများ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ ဘာသာရေးနယ်ပယ်မှာခဏခဏကြားဖူးနေကြနာမည် ပါ၊ သူက ဇေ၀တန်ကျောင်းဒကာကြီးလဲ ဖြစ်ပါတယ်၊ဒီလောက်ပြောလိုက်ရင် စာဖတ်သူများ မျက်စိထဲတန်းပြီးပြေးမြင်မိမှာပါ၊

စာဖတ်သူဇဝေဇ၀ါဖြစ်နေရင် သေချာသွားအောင် နာမည်လေးမှတ်ထားလိုက်ပါဦး၊ အဲဒီကျောင်းဒကာကြီးအမည်က အနာထပိဏ်လို့ခေါ်ပါတယ်၊  အနာထိပဏ်သူဌေး ကြီးရတနာသုံးပါးအပေါ်ဘယ်လောက်ကြည်ညိုတယ်ဆိုတာ စာဖတ်သူများ သိဘူး၊ ကြားဘူးပြီးသား ဖြစ်နေမှာပါ၊

အနာထပိဏ်သူဌေးကြီးဟာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့ တွေ့ဖို့စိတ်စော ပြီး ညကြီးမင်းကြီးတစ်ယောက်တည်းထအသွားမှာ သူ့ကိုယ်က အရောင်အ၀ါတွေ တောင်ထွက်ခဲ့ရတယ်မဟုတ်လား၊
မြတ်စွာဘုရားနဲ့သံဃာတော်အရှင်သူမြတ်တွေ ချမ်းချမ်းသာသာ သီတင်းသုံးဖို့ရန်ဇေတ၀န်ရွေကျောင်းတော်ကြီးကိုလဲ ငါးဆယ့်လေးကုဋေအကုန်အကျခံပြီး ဆောက် လုပ်လှူဒါန်းခဲ့တဲ့ကျောင်းဒကာကြီးလို့လဲ လူတိုင်းပါးစပ်ဖျားမှာ ဒီနေ့ချိန်ထိ သိနေကြ ရတယ်မဟုတ်လား၊

ကျောင်းဒကာကြီးအနာထပိဏ်သူဌေးကြီးဟာ ကျောင်းကြီးဆောက်ပြိးသွားပေမယ့် သူကျောင်းကြီးမှာသီတင်းသုံးနေတဲ့ သံဃာတော်တွေကို ဒီအတိုင်း ပစ်မထားပါဘူး၊
ကျောင်းဒကာကြီးဟာတစ်နေ့ကို သုံးကြိမ်းသုံးခါ ကျောင်းကို လာပါတယ်၊
ကျောင်းကိုလာတဲ့အခါတိုင်းလဲ လက်ချီးဗလာ သက်သက်လာတာ မဟုတ်ပါဘူး၊

မနက်ခင်း အလင်းရောင်မလာခင် အာရုဏ်ဦးလာတော့ သံဃာတော်တွေသုံးဆောင်ဖို့ ယာဂု တွေယူလာပါတယ်။ ညနေခင်းလာရင် ဖရောင်းတိုင် အမွှေတိုင်းတွေနဲ့သံဃာတော် တွေ ဘုန်းပေးသုံးဆောင်ဖို့ ထောပတ်၊ တင်းလဲ၊ ဖျော်ရည် စတာတွေယူဆောင်လာပါတယ်၊ အဲဒိလို နေ့တိုင်းနေ့တိုင်း ကျောင်းကို လက်ချည်းဗလာသက်သက် မလာတဲ့ကျောင်းဒကာကြီးကို ကျောင်းမှာရှိတဲ့ ကိုရင်ငယ်လေးတွေ၊ ကျောင်းသား ငယ်လေးတွေက အမေလိုတစ်မျိုး ၊ ဖခင်လိုတသွယ်ခင်မင်းရင်းနှီးနေကြပါတယ်၊ ကျောင်းဒကာကြီးလာရင် ပြေးသွားကြိုဆိုကြ၊ ဘာတွေပါလဲမေးကြနဲ့ဆရာနဲ့ ဒကာပြုံးပျော်ကြလို့ နေပါတယ်၊

အဲဒိလိုပြုံးပျော်နေတဲ့ကျောင်းဒကာကြီးမှာ စိတ်ညစ်စရာတွေကော မရှိဘူးလားဆို တော့ ရှိတာပေါ့ စာဖတ်သူရယ်၊သူဌေးကြီးကများသောအားဖြင့် သူ့ရဲ့စီးပွားရေး အလုပ်တွေကို သူ့ရဲ့မန်နေဂျာနဲ့ပဲလွှဲထားတာ များပါတယ်။
ဒါကြောင့်ထင်ပါတယ်စာဖတ်သူရယ် ၊ တစ်ချို့စီးပွားဘက် သူဌေးတွေက ငွေ ဆယ်ရှစ်ကုဋေလောက်ကိုချီးငှားသွားကြပြီး ပြန်မပေးကြတော့ဘူး၊ တစ်ခါ နူရာဝဲစွဲ လဲရာသူခိုးထောင်းဆိုသလိုပါပဲ ဘဏ္ဍာတိုက်တွေထဲ ထည့်ထားတဲ့ဆယ့်ရှစ်ကုဋေ လောက်ကလဲ အစီရ၀တီမြစ်ထဲ မျောပါကုန်ပါတယ်၊

ဒါပေမယ့်သူဌေးကြီးက သူ့ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ၊ အလှူအတန်းကတော့ နေ့စဉ်ပြုနေပါတယ်။ အိမ်ကိုနေ့စဉ်ဆွမ်းခံကိုယ်တော်တွေ ပင့်ထားပါတယ်၊ မြတ်စွာ ဘုရားကိုလဲမပြတ်မပြတ်ဆွမ်းပင့်ကပ်တယ်၊
အဲဒီလိုနေ့စဉ်ရက်စက်ကောင်းမှုကိုသိုလ်တွေ လုပ်နေတဲ့ အနာထပိဏ်သူဌေးကြီးကို ဒုက္ခပေးချင်တဲ့သူကရှိနေပါသေးတယ်၊
ဒုက္ခပေးချင်တဲ့သူဆိုလို့စာဖတ်သူက အဲဒီသူဟာ သူဌေးကြီးနဲ့ စီးပွားပြိုင်ဘက်သူဌေးကြီးတစ်ယောက်ဖြစ်နေမလားပဲလို့ တွေးချင်တွေးနေမှာပါ၊ မဟုတ်ပါဘူး စာဖတ်သူရယ်၊သူဌေးကြီး အလှူတွေပေးနေတာ၊

မြတ်စွာဘုရားနဲ့ တကွ သံဃာတော်တွေကို ဆွမ်းတွေပင့်ကပ်နေတာကြည့်ပြီးမနာလိုမရှုစိမ့်ဖြစ်နေ တဲ့သူက သူဌေးကြီးအိမ်မှာ တံခါးစောင့်တဲ့ တံခါးစောင့်နတ်သမီးပါ၊
ဖြစ်ပုံကဒီလိုပါ စာဖတ်သူရယ်၊ အဲဒီတံခါးစောင့် နတ်သမီးဟာ မြတ်စွာဘုရားနဲ့ သံဃာတော်တွေသူဌေးကြီးအိမ်ကြွရောက်လာရင် သူက ဘုန်းကံနဲလေတော့ သူ့ရဲ့ ဘုံဗိမာန်ကနေ ကလေးတွေနဲ့ကြမ်းပြင်ကို ဆင်းဆင်းပေးရပါတယ်။ မြတ်စွာဘုရား သခင် ကြွလာလိုက်၊ သူ့ကဆင်းပေးရလိုက်၊ သံဃာတော်တွေကြွလာလိုက် သူ့က ဆင်းပေးရလိုက်၊ ခဏခဏ ဆင်းနေရတော့ သူ့ကမြတ်စွာဘုရားနဲ့ သံဃာတော်တွေ ကို သူဌေးကြိး အိမ်ကို မကြွလာစေချင်ပါဘူး၊

ဒီနေရာမှာကြုံလို့စာဖတ်သူများကို ပြောပြချင်တာ တစ်ခုရှိပါတယ်၊ များသောအား ဖြင့်လူတော်တော်များများက  နတ်ကိုကိုးကွယ်ချင်ကြတယ်။ နတ်ကို တင်လှူပသ တဲ့အခါမှာလဲ ငှက်ပြောသီးဆိုရင်လဲ လှမှ ၊ကြည့်ကောင်းမှ၊ အုန်းသီးဆိုရင်လဲ အညှောင့်မကြိုးမှ နတ်အတွက်ဆိုရင် အကောင်းတကအကောင်းဆုံးတွေကို ရွေးပြိး တင်ကြ၊ ပသကြ၊ ပူဇော်တတ်ကြတယ်မို့လား၊
 အဲဒီလို တင်လှူပူဇော်နေတဲ့ နတ်ဆိုတာတာလဲ အများအားဖြင့်အစိမ်းသေနဲ့ မကျွတ် မလွတ်တဲ့ နတ်စိမ်းတွေက များပါတယ်။
 
အခု အနာထပိဏ်သူဌေးကြီးအိမ်မှာတံခါးစောင့်တဲ့ နတ်သမီးက စတုမဟာရာဇ်နတ်စာရင်းဝင် နတ်တစ်ပါးပါ၊ အဲဒိလို အဆင့်မြင်တဲ့နတ်တောင်မှ ရတနာသုံးပါးနဲ့ ယှဉ်လိုက်ရင် သူ့က ဘုန်းနဲနေတောပလှေခါးခုံ၊ကြမ်းပြင်မှာ ဆင်းပေးရတာပဲ မို့လား၊  ဒါကြောင့် နတ်ကိုးကွယ်မယ်ဆိုရင်အခုအဖြစ်အပျက်လေး ကို နဲနဲသတိရမိစေချင်ပါတယ် စာဖတ်သူ၊

(၄)

ကဲစာဖတ်သူရေ ပြောလက်စ ဇာတ်လမ်းလေးကို ဆက်ပြောကြည့်ရအောင်ပါ၊ စောစောက ပြောပြခဲ့သလိုပဲအနာထပိဏ်သူဌေးကြီးရဲ့ အိမ်မှာ တံခါးစောင့် နတ်သမီးက အိမ်ကို မြတ်စွာဘုရားနဲ့သံဃာတော်တွေ ၀င်ထွက်နေတာမကြိုက်တာ ကြောင့် မလာအောင်ကြံပါတယ်၊
ဘယ်လိုကြံလဲဆိုရင် ဖြစ်ပုံက ဒီလိုပါ၊ သူက သူဌးကြီးကို တိုက်ရိုက်မပြောရဲဘူးလေ ဒါကြောင့်

သူဌေးကြီးမန်နေဂျာဆီကိုယ်ထင်ပြပြီး-
“မန်နေဂျာ သင်တို့သူဌေးကြီးကသူ့ရဲ့စီးပွားရေးတွေကို လျှစ်လျှူရှုထားတယ်။ ဒါကြောင့် စီးပွားတွေကျနေတယ်၊မြတ်စွာဘုရားနဲ့ သံဃာတော်တွေကိုပဲ ပစ္စည်းဥစ္စာ တွေကို ရက်ရက်ရောရောလှူနေတာ ၊ဒါကြောင့် ခုစီးပွားက တက်မလာတာ၊  စီးပွားရေးတွေပြန်ကောင်းလာအောင် ၊တိုးတက်လာအောင် မြတ်စွားဘုရားနဲ့ သံဃာတော်တွေကို လှူဒါန်းနေတာတွေ ရပ်ပစ်လိုက်ပါ ”
 သူဌေးကြီးမန်နေဂျာက ဒီစကားတွေကြားတော့ဒေါသထွက်ပြီးတော့လေ၊ နတ်ယုတ် ထွက်သွားဆိုပြီး အော်လွတ်လိုက်ပါတယ် ၊

ဒါပေမယ့်နတ်သမီးကလဲ အလျှော့မပေးပဲ တစ်ခါ သူဌေးကြီးရဲ့သားအကြီးဆုံးဆီမှာ သွားပြီး စောစောကမန်နေဂျာဆီမှာ ပြောတဲ့ စကားတွေထပ်ပြောပါတယ်။ သူဌေးကြီးသားအကြီးဆုံးကလဲလက်မခံပါဘူး၊ စောစောက မန်နေဂျာလိုပဲ “ နတ်ယုတ် ထွက်သွား”လို့အော်လွတ်လိုက်ပါတယ်၊

အဲဒိလိုနဲ့ နေလာလိုက်တာစာဖတ်သူရယ် သူဌေးကြီးလဲ စီးပွားတွေလဲတော်တော် ကြလာနေပါတယ်၊အရင်လိုမြတ်စွားဘုရားနဲ့ သံဃာတော်တွေကို အကောင်းစား ဆွမ်းတွေ၊ ဆွမ်းဟင်းတွေ ပစ္စည်းတွေမလှူနိုင်တော့ပါဘူး၊ဆန်ကွဲထမင်းနဲ့ ပဲဟင်းေ လာက်ပဲ လောင်းလှူနိုင်ပါတော့တယ်၊

 အခွင့်အရေး စောင့်နေတဲ့သူဌေးကြီးအိမ်တံခါးစောင့် နတ်သမီးက သူဌေးကြီးဆင်း ရဲတာ အခွင့်ကောင်းယူပြီးညသန်းခေါင်းမှာ သူဌေးကြီး အိပ်ခန်းထဲဝင်လာပါတယ်၊
သူဌေးကြိးက “ ဘယ်သူလဲ”
“ကျွန်တော်မျိုးမကသူဌေးကြီးရဲ့ နံပါတ်လေးတံခါးစောင့် နတ်သမီးပါ”
“ သင် ငါ့ဆီကို ဘာလုပ်လာတာလဲ”
“ မှန်လှပါ သူဌေးမင်းကျွန်မအကြံပေးချင်လို့ပါ” ဆိုပြိး စောစောက သူဌေးကြီးမန်နေဂျာ၊သူဌေးကြီးသားအကြီးတို့ဆီမှာ ပြောသလို စကားတွေကိုပြော တော့တာပါပဲ၊

  အဲဒိလို စကားတွေကြားတော့ သူဌေးကြီးလဲဒေါသထွက်ပြီး “ အသင်နတ်မပြောနဲ့ အသင်နတ်လို နတ်တွေထောင်သောင်းမက လာပြီး ငါ့ကိုရတနာသုံးပါးကို မကြည်ညိုနဲ့ ဆွမ်းမလောင်းလှူနဲ့လို့ ပြောဆိုပြီး ငါ့ရဲ့သဒ္ဓါတရားကိုကိုင်လှုပ်လိ့ ရမယ်ထင်သလား၊ နတ်ယုတ် ငါ့အိမ်က ထွက်သွားတော့”လို့မောင်းထုတ်လိုက်ပါတော့တယ်၊
 အိမ်ကမောင်းထုတ်ခံလိုက်ရတော့ နတ်သမီးမှာနေစရာအခက်ခဲတွေဖြစ်၊ သားသမီးတွေတန်းလန်းနဲ့ မြို့စောင့်နတ်ဆီရောက်လာပါတယ်၊မြို့စောင့်နတ်ရယ်၊ ကျမကိုကူညီမပါဦး သူဌေးကြီးအိမ်မှာ ပြန်နေရဖို့ကူပြောပေးပါဥိးလို့ အကူအညီ တောင်းပါတယ်၊

သူကအကူအညီတောင်းပေးမယ့်မြို့စောင့်နတ်လဲ မကယ်နိုင်ပါဘူး၊ ဒီလိုနဲ့ နတ်မင်းကြီးလေးပါးဆီသွားရောက်အကူအညီတောင်းပါတယ်၊ နတ်မင်းကြီးလေးပါး လဲမကူညီနိုင်ပါဘူး၊ တစ်ခါသိကြားမင်းဆီရောက်ပါတယ်၊ သိကြားမင်းကတော့
“ငါ့ကတော့ ကူတော့မကူညီနိုင်ဘူးကွယ်၊အကြံတော့ပေးလိုက်မယ်၊ သူဌေးကြီးရစရာရှိတဲ့ အကြွေး ဆယ်ရှစ်ကုဋေကို ပြန်ရအောင်သင်စွမ်းဆောင်ပေး လိုက်ပါ၊ လို့ ပြောဆိုအကြံပေးလိုက်ပါတယ်၊
 တံခါးစောင့် နတ်သမီးလဲ သိကြားမင်းပေးတဲ့အကြံအတိုင်း သူဌေးကြီးရဲ့အကြွေး တွေကိုလဲ ပြန်ရအောင်လုပ်ပေးလိုက်ပါတယ်၊အစိရ၀တီမြစ်ထဲ မျောပါသွားတဲ့ ဘဏ္ဍာတွေကိုလဲ ပြန်ဆယ်ပြီး ဘဏ္ဍာတိုက်ထဲပြန်ထည့်ပေးလိုက်ပါတယ်၊

တိုတိုပြောရရင် စာဖတ်သူရယ်သူဌေးကြီးလဲ အရင်လို မြတ်စွာဘုရားနဲ့ သံဃာတော် အရှင်သူမြတ်တွေကိုဆွမ်းခဲဘွယ်ဘောဇဉ်ကောင်းတွေကို သဒ္ဓါတရားထက်သန်စွာ နဲ့ လှူဒါန်းပါတယ်၊ တံခါးစောင့် နတ်သမီးကိုလဲအိမ်မှာပြန်လည် လက်ခံလိုက်ပါ တော့တယ်၊

(၅)

 စာဖတ်သူရေ ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲပြောပြချင်တာတွေများပြီး စာလဲတော်တော်ရှည်သွားပါတယ်။ သည်းခံဖတ်ပေးတာလဲကျေးဇူးတင်ပါတယ်၊
 ဇာတ်လမ်းဖတ်ပြီး စာဖတ်သူကောဘာတွေတွေးမိနေပါသေးသလဲ?
 ယုံကြည့်မှုသသဒ္ဓါ တရားက ဘယ်လောက်တာသွားသလဲ ဆိုတာ စာဖတ်သူသိရမှာပါ၊လူတိုင်းမှာ လောကုတ္တရာအရေး ကိစ္စတွေ မဆိုထားနဲ့
လောကီအရေးကိစ္စတွေမှာတောင်ယုံကြည့်မှုက အရေးကြီးတယ်မို့လား၊

စီးပွားရေးမှာလဲတစ်ယောက်နဲ့ တစ်ယောက်ယုံကြည်မှုရှိမှ အောင်မြင်တတ်တာမို့လား၊
သမီးရည်းစားအရေးမှာလဲတစ်ယောက်နဲ့ တစ်ယောက်ယုံကြည့်မှုရှိမှ ရေရှည် လက်တွဲနိုင်တာမို့လား၊
စစ်ရေးမှာလဲတစ်ဖက်နဲ့ တစ်ဖက် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ယုံကြည်မှုအပြည့်ရှိမှိငြိမ်းချမ်းရေးဖော်ဆောင်နိုင်တာမို့လား၊

 ဒါကြောင့် ပြောချင်ပါတယ် စာဖတ်သူရယ်တကယ်လို့များ စီးပွားရေးတွေကျ၊ စိတ်တွေညစ်၊ ဘ၀က ပစ္စလက်ခဖြစ်တော့မယ်လို့ အခြေနေနဲ့အချိန်ခါတွေကြုံခဲ့ရင် ရတနာ သုံးပါးအပေါ်မှာ ယုံကြည်မှုအပြည့်နဲ့ ကြည်ညိုပြီးအဓိဌာန်ကြည့်ပါလို့

အဲဒီလိုယုံယုံကြည်ကြည်နဲ့ အဓိဌာန်အလုပ်လုပ်ရင် စာဖတ်သူရဲ ကြုံတွေ့နေရတဲ့ အခက်ခဲတွေဘ၀ပြဿနာတွေဟာ မကြာခင်လွန်မြောက်နိုင်မယ်ဆိုတာ ဒီဇာတ် တော်က သက်သေခံနေမှာ ပါစာဖတ်သူ။။


ရွှေမန်းသား အရှင်အင်္ကုရ

ကျမ်းကိုး၊

ခရိရင်္ဂါရ ဇာတက၊
ဇာတကပါဠိ၊ ဇာတက အဋ္ဌကတာ( ၁)
ခုဒ္ဒက နိကာယ အာဠ၀ကသုတ်၊ ပါဠိ၊ အဋ္ဌကထာ၊

JatakaTales Of the Buddha An Anthology
( Ken and Visakha KaWasaki)


Friday, 10 May 2013

သူတော်ကောင်းတို့ နှလုံးသား ( ၄)


 (၁)

နသက္ကာ ခေါ ပန မယာ ဧကဿ မရဏဒုက္ခံအညဿ ဥပရိ နိက္ခိပိတုံ၊ သွာဟံ အတ္တနော ဇီဝိတံ တဿာ ဒတွာ တဿာ သန္တကံ မရဏံ ဂဟေတွာ ဣဓ နိပန္နော၊မာ အညံ ကိဉ္စိ အာသင်္ကိတ္ထ၊ မဟာရာဇာတိ။

( နိဂြောဓမိဂ ဇာတ်)

အရှင်မင်းကြီး တစ်ဦး တစ်ယောက်အပေါ်မှာကျရောက်နေတဲ့ သေခြင်းဆင်းရဲ ဒုက္ခကြီးကို တခြားတစ်ယောက်အပေါ်မှာ လွှဲဖယ်ချလိုက်ဖို့ဆိုတာမလုပ်သင့်ပါ၊ ဒါကြောင့် ငါ့ရဲ့အသက်ကို သေခြင်းဘေးဒုက္ခကြီး ဖိစီးနေတဲ့ သမင်းမလေးကိုပေးပြီးတော့ ငါဟာ သူ့ရဲ့အစားသေခြင်းတရားကို ယူဆောင်လာပြီး ဟောဒီ စင်တီတုံးပေါ်မှာ လည်စင်းပြီးလဲလျှောင်းနေတာပါ၊ ငါဒီလို လုပ်နေတာကို တခြားသူတွေအပေါ်မှာ ယုံမှားသံသယ မထားလိုက်မိပါစေနဲ့၊

(၂)

အထက်က ဖော်ပြခဲ့တဲ့ စကားလေးတွေကတော့ဘုရားအလောင်းတော်မြတ်ကြီး နိဂြောဓသမင်မင်း ဖြစ်စဉ်တုန်းက ပြောခဲ့တဲ့ စကားလေးတွေပါ၊
ဘာကြောင့် ဒီစကားလေးတွေကိုဘုရားအလောင်းတော်ကြီး ပြောရသလဲ ဆိုရင် ဇာတ်ကြောင်းလေးက ဒီလိုပါ စာဖတ်သူရယ်

(၃)

ဟိုးရှေးရှးတုန်းကပေါ့ စာဖတ်သူရယ်ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုပ်ချုပ်နေပါတယ်၊ အဲဒီအချိန်မှာ စာရေသူတို့ စာဖတ်သူတို့ရဲ့ဂေါတမဘုရှင်ဟာ နိဂြောဓလို့ အမည်ရတဲ့ သမင်းကလေးအဖြစ်နဲ့ မွေးဖွားလာပါတယ်၊ ဘုရားလောင်းသမင်မင်းဟာ မွေးဖွားလာကတည်း ရွှေရောင်အဆင်းရှိပါတယ်၊ မျက်လုံးလေးတွေ ကလဲ ပတ္တမြားလုံးလေးတွေလိုကြည်လင်နေပါတယ်၊ ဦးချိုလေးတွေက ငွေရောင် တောက်နေပါတယ်၊ မျက်နှာကို ကြည့်လိုက်ရင်လဲရတနာကမ္မလာကို ကြည့်ရသလို ကျက်သရေရှိနေပါတယ်၊

ဘုရားလောင်းတော် နိပြောဓသမင်မင်းဟာ အရွယ်ရောက်လာတော့ သမင်းပေါင်း ငါးရာကို အုပ်ချုပ်ပြီး နေပါတယ်။ ဘုရားလောင်းသမင်မင်းနဲ့ မနီးမဝေးတောအုပ်ကြီး ထဲမှာလဲ သာခလို့အမည်ရတဲ့ သမင်းတစ်ကောင်ဟာ သမင်းပေါင်းငါးရာကိုအုပ်ချုပ်ပြီး မင်းလုပ်နေပါတယ်။ အဲဒီသာခ ဆိုတဲ့ သမင်မင်းကလဲ ရွှေရောင်အဆင်း ရှိတာပါပဲ၊ပြောရရင်တော့ သမင်မင်းနှစ်ကောင်က ကိုယ်အုပ်စုနဲ့ကိုယ် အုပ်ချုပ်နကြ တယ်လို့ ပြောရမှာပါ၊

ဒါပေမယ့် သာခသမင်းမင်းကတော့အရှင်ဒေ၀ဒတ်အလောင်းပါ၊ မြတ်စွာဘုရား အလောင်းတော်ကြီးနဲ့ အရှင်ဒေ၀တ်အလောင်းတော်ကြီးတို့ဟာဇာတ်တော်ပေါင်း တော်တော်များများမှာ ရန်သူအဖြစ်နဲ့ ၊ အပြိုင်အဆိုင်အဖြစ်နဲ့ ပါဝင်ပတ်သက်နေတာတွေကို တွေ့မြင်ကြပါတယ်၊

ခုပြောပြနေတဲ့ ဒီဇာတ်တော်မှာလဲမြတ်စွာဘုရားအလောင်းတော်ကြီးနဲ့ အရှင်ဒေဝ
ဒတ်အလောင်းတော်ကြီးတို့ဟာရန်သူတွေတော့ မဟုတ်ကြပါဘူး၊ ဒါပေမယ့် တာဝန်ယူသိစိတ်နဲ့ သူတော်ကောင်းပီသစိတ်တွေကတော့တစ်ဦးနဲ့ တစ်ဦး ၊ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားခြားနားနေတာကို တွေ့ကြရမှာပါ၊
ဒါကြောင့် ဇာတ်တော်လေးကိုဆက်ပြောပြချင်ပါတယ် စာဖတ်သူ၊

(၄)

ဗာရာဏသီပြည်ကို အုပ်ချုပ်နေတဲ့ဗြဟ္မဒတ်မင်းဟာ အသားငါးမပါပဲ ပွဲတော်မတည် တတ်ပါဘူးတဲ့ စာဖတ်သူ၊ ဒါကြောင့် အမြဲတမ်း တောလိုက်ပါတယ်။အမြဲတမ်း သားကောင်တွေကို ပစ်ဖမ်းပါတယ်၊ သူ့တို့အဓိက ပစ်မှတ်ထားတဲ့ သားကောင်တွေ က အလွယ်ကူတွေ့နိုင်တဲ့သမင်တွေဖြစ်နေတတ်ပါတယ်၊

မင်းတြားကြိးက သူတောစကားသွားရင်လဲဘယ်တော့မှ တစ်ယောက်တည်းမထွက် ပဲ မှူးမတ်တွေကော ၊ ၀န်ကြိးတွေကော မြို့သူမြိုသားတွေကော၊နယ်သူနယ်သား တွေကော လူစုလူဝေး အများကြီးနဲ့ သွားလေ့ သွားထရှိပါတယ်၊
အဲဒီလိုခဏခဏသွားတော့ ပြည်သူပြည်သားတွေမှာအလုပ်ပျက်အကိုင်ပျက်ဖြစ်ကြ ရပါတယ်၊ ဒီလို ဖြစ်တာကို အဖြေရှာဖို့ တိုင်ပင်ကြတော့ မင်းတကြားကြီးကိုဥယျာဉ် ကြီး အကြီးကြီးဆောက်ပေးပြီး အဲဒီဥယျာဉ်ကြီးထဲမှာ သားကောင်တွေကို ကျုံးသွင်းမောင်ချထားပေးဖို့ အကြံရကြပါတယ်၊

ပြည်သူပြည်သားတွေဟာ သူ့တို့ရတဲ့အကြံအစည်အတိုင်းအကောင်အထည်ဖော် လိုက်ပါတယ်၊ ဥယျာဉ်အကြီးအကြီး တစ်ခုတည်ဆောက်လိုက်ပါတယ်၊ တည်ဆောက်ပြီးတဲ့ဥယျာဉ်ကြီးထဲကို သားကောင်တွေတော်ခြောက်မောင်းထည့် ပေးထားလိုက်ပါတယ်၊

တောခြောက်မောင်းထည့်ခံရတဲ့အထဲမှာ စောစောက ပြောပြခဲ့တဲ့ နိဂြောဓသမင်မင်း အုပ်ချုပ်တဲ့ သမင်းငါးရာရယ်၊ သာခသမင်မင်းအုပ်ချုပ်တဲ့သမင်ငါးရာလဲ ပါလာရပါ တယ်၊

တိုင်းသူပြည်သားတွေက သူတို့ရဲလုပ်ရပ်အကောင်အထည်ဖော်ပြီးတော့ဝမ်းသာအား ရနဲ့ ဗာရာဏသီမင်းတြားကြီးကို သံတော်ဦးတင်လိုက်ပါတယ်၊ မင်းတြားကြီးလဲ ၀မ်းမြောက်ဝမ်းသာတွေဖြစ်တာပေါ့စာဖတ်သူရယ်၊
ဟုတ်တယ်လေ သူလဲ ပင်ပင်ပန်းပန်းတောကြီးမျက်မဲထဲမှာတောကစားထွက်စရာ  မလိုတော့ဘူးလေ၊ လွယ်လွယ်ကူကူသူ့မင်းဥယျာဉ်မှာပဲ တောကစားထွက်ရတော့ မှာမို့လား၊ တစ်ခါ တိုင်းသူပြည်သားတွေလဲ ဘုရင်းမင်းတြားကြီးနဲ့တောကစားလိုက် စရာမလိုကြတော့အတွက် သူ့တို့စီးပွားရေးကြီးပွားရေး အလုပ်တွေကို ဖြောင့်ဖြောင်တန်းတန်းလုပ်ကိုင် နိုင်ကြပြီလေ၊

(၅)

အဲဒီလိုနဲ့ အဲဒီ သားသမင်တွေလှောင်ထားတဲ့ဥယျာဉ်ကြီးထဲမှာ ဘုရင်မင်းတြားကြီး က နေ့တိုင်းလာလာပြီး လေးကြီးကိုင်ကာ သမင်းတွေကိုပစ်ခတ်ဖမ်းဆီးပါတော့ တယ်၊ ဒါပေမယ့် ဘုရားအလောင်းတော် သမင်မင်းနဲ့ သာခသမင်မင်းကိုတော့ရွှေဝါရောင်အဆင်းရှိတဲ့ ရွှေသမင်းတွေ ဖြစ်တာကြောင့် ဘေးမဲ့ပေးထားပါတယ်၊
မင်းတြားကြီးက ပစ်ခတ်ဖမ်းဆီးတာသမင်တစ်ကောင်းပဲ ဖြစ်ပေမယ့် တစ်ခြား သမင်လေးတွေလဲ အသက်ဘေးက သေမှာကြောက်တော့ တ၀ုန်းဝုန်းတရုန်းရုန်းနဲ့ ပြေးကြလွှားကြတော့ သမင်းတွေအများအပြား ဒဏ်ရာရသူရ

၊ ခြေကျိုးသူကျိုး၊ခေါင်းပေါက်သူပေါက်နဲ့ နေ့စဉ်ရက်ဆက် အသက်ကို ဖက်နဲ့ ထုတ်နေကြရပါတော့ တယ်၊
အဲဒိလို ဖြစ်နေတော့ ၊ ဒီအတိုင်းဆိုသမင်တွေခဏလေးနဲ့ သေကုန်မယ် အစည်းအဝေးလုပ်မယ်ဆိုပြီး အစည်းဝေးလုပ်ကြပါတယ်။ နှစ်ဖက်ခေါင်းဆောင်တွေဖြစ်တဲ့ နိဂြောဓ သမင်းမင်းရယ်

သာခသမင်မင်းရယ်က ခေါင်ဆောင်ပြီး ဆွေးနွေး ကြပါတယ်၊ဆွေးနွေးပွဲရဲ့အဖြေရလာဒ်ကတော့ တစ်နေ့ကို အလှည့်ကျ သမင်တွေ စင်တီတုံးဆီသွားပြီး အသေခံဖို့ဆုံးဖြတ်လိုက်ပါတယ်၊
အဖွဲနှစ်လုံးက သဘောတူကြပြီးသမင်တွေဟာ အလှည့်ကျ စင်တီတုံးဆီ အသတ်ခံ ဖို့ လည်စင်းပြီး သွားနေပေးရပါတယ်။ စားဖိုမှူးကလဲနေ့တိုင်းလာလာပြီး သမင်လေး တွေကို သတ်သတ်ပြီး မင်းတြားကြီးကို ပွဲတော်တည်ဖို့ကပ်ပါတယ်၊
သမင်းတွေဟာ အလှည့်ကျ စင်တီတုန်းဆီသွားနေကြရင်း တစ်နေ့ သာခသမင်းဘက်ခြမ်းက ကိုယ်ဝန်အရင့်အမာကြီးနဲ့
သမင်မလေးအလှည့်ကျရောက်လာပါတယ်၊ ကိုယ်ဝန်ကလဲ မီးဖွားခါနီးနေ၊သေပေးရမယ့်နေ့ကလဲကျနေ သမင်မလေးခမျာ အခက် တွေ့နေပါတယ်။

ဒါကြောင့် သူ့တိုခေါင်းဆောင် သာခသမင်မင်းဆီ အယူခံဝင်ပြီးအလှည့်ကျော်ပေးဖို့ တောင်းဆိုပါတယ်၊  ဒါပေမယ့်သူဘယ်လိုပဲ တောင်းဆိုတောင်းဆို သာခသမင် မင်းက အလှည့်ကျော်ပေးဖို့ မဖြစ်ဘူးချည်းပြောပြီးဘူးခံနေပါတယ်
သမင်မလေးလဲကြံရာမရဖြစ်ပြီး နိဂြောဓ သမင်မင်းဆီရောက်လာပါတယ်၊အကျိုးအကြောင်းမေးတော့ ဖြစ်ကြောင်းကုန်စဉ်ပြောပြတော့၊ နိဂြောဓ သမင်းမင်းက သနားဂရုဏာသက်စွာနဲ့  စိုးရိမ်သောက မဖြစ်ပါနဲ့ ချစ်နှမသင့်အလှည့်ကျတဲ့ အသတ်ခံရမယ့် နေ့ကို ငါကိုယ်တိုင် အသက်နဲ့အသက်ခံလိုက်ပါမယ်လို့ တာဝန်ယူလိုက်ပါတယ်၊

ဘုရားလောင်းတော်နိဂြောဓ သမင်မင်းဟာ သူတာဝန်ယူထားသလိုပဲ အသတ်ခံရမည့် နေ့ရောက်လာတော့ စင်းတီတုံးမှာ သွားပြီး လည်စင်းလဲလျှောင်နေလိုက်ပါ တယ်၊ စားဖိုမှူလဲထုံးစံအတိုင်း အချိန်ကြတော့ သမင်သတ်မဖို့ စင်တီတုံးဆီလာပါ တယ်၊
အသတ်ခံဖို့ လည်စင်းခံနေတဲ့ ရွှေဝါရောင်ဘုရားလောင်းတော် သမင်မင်းကိုမြင်တော့ စားဖိုမှူးလဲ အံ့သြထိတ်လန့်ပြီး မင်းတြားကြီးဆီ အပြေးသံတော်ဦး တင်လိုက်ပါတယ်၊

မင်းတြားကြီးလဲ အပြေးတစ်ပိုင်းနဲ့ ရထားပေါ်တက်စီးပြီး နောက်လိုက်ဗိုလ်ပါတွေနဲ့ဥယျာဉ်စီကို ရောက်လာ ပါတယ်၊  မင်းကြီးလဲ ဥယျာဉ်ရောက်တော့စင်တီတုန်းပေါ် မှာလည်စင်းပေးနေတဲ့ နိဂြောဓ သမင်မင်းကို မြင်တော့၊ “ အရှင် သမင်မင်းသင့်ကို ငါက ဘေးမဲ့ ပေးထားပါတယ်၊ ဘာကြောင့် ဒီနေရာမှာ လာပြီးတော့ အသတ်ခံဖို့ လည်စင်းနေရတာပါလဲ”လို့မေးလိုက်ပါတယ်

နိဂြောဓ သမင်မင်းကလဲ “ အရှင်မင်းကြီး ကိုယ်ဝန်အရင့်အမာကြီးနဲ့သမင်မလေး တစ်ကောင်ဟာ ငါထံမှာရောက်လာပြီး သူ့အလှည့်ကို ကျော်ပေးပါ၊ သူ့အစား တစ်ခြားတစ်ယောက်ကိုသေစားသေစေ ထည့်ပေးပါလို့ တောင်းဆိုပါတယ် ၊ အရှင်မင်းကြီး တစ်ဦး တစ်ယောက်အပေါ်မှာကျရောက်နေတဲ့ သေခြင်းဆင်းရဲ ဒုက္ခကြီးကို တခြားတစ်ယောက်အပေါ်မှာ လွှဲဖယ်ချလိုက်ဖို့ဆိုတာမလုပ်သင့်ပါ၊ ဒါကြောင့် ငါ့ရဲ့အသက်ကို သေခြင်းဘေးဒုက္ခကြီး ဖိစီးနေတဲ့ သမင်းမလေးကိုပေးပြီးတော့ ငါဟာ သူ့ရဲ့အစားသေခြင်းတရားကို ယူဆောင်လာပြီး ဟောဒီ စင်တီတုံးပေါ်မှာ လည်စင်းပြီးလဲလျှောင်းနေတာပါ၊ ငါဒီလို လုပ်နေတာကို တခြားသူတွေအပေါ်မှာ ယုံမှားသံသယ မထားလိုက်မိပါစေနဲ့၊” လို့ပြန်ပြောလိုက်တဲ့ အခါ၊

မင်းတြားကြီးခများ မျက်လုံးတွေပြူမျက်ဆံတွေလန်ပြီး အံ့သြလွန်းလို့”အိုး လူတွေမှာ ဒီလို မေတ္တာကရုဏာသည်းခံခြင်းတွေနဲ့ ပြည့်စုံတာ မတွေ့ဖူးပါလား၊ ထူးဆန်းပေစွတကား၊အရှင် သမင်မင်း ထတော်မူပါ၊ အရှင်သမင်မင်းကော အဲဒိ ကိုယ်ဝန်ရှိနေတဲ့ သမင်မလေးကော ဘေးမဲ့ပေးတော်မူပါတယ်၊

မင်းကြိး ကျွန်တော်မျိုးတို့ သမင်းနှစ်ကောင်ပဲ ဘေးမဲ့ ပေးမှာလား
ကောင်းပါပြီ  သမင်မင်းရယ်ဟောဒီဥယျာဉ်ထဲက သမင်းတွေအားလုံးကိုလဲ ဘေးမဲ့ ပေးပါတယ်။
မင်းကြီး ဒီဥယျာဉ်ထဲက သမင်တွေတင်ပဲလား
ကောင်းပါပြီး သမင်မင်းရယ် တခြားသတတ္တ၀ါတွေကိုလဲ ဘေးမဲ့ပေးပါတယ်စသည် စသည်ပြောကြားရင်း မင်းတြားကြီးလဲ အသိတရားဝင်၊ သတိတရားကပ်ပြိး မင်းကျင့်တရားနဲ့အညီမင်းလုပ်အုပ်ချုပ်ပါတော့တယ်၊

(၆)

စာဖတ်သူရေ ဇာတ်လေးက ပြီးသွားပေမယ့် တွေးစရာတွေက အများကြီးကျန်နေခဲ့ပါသေးတယ်၊ သူတော်ကောင်းကြီးများနဲ့ အတူနေထိုင်ရတာဟာ အသက်အန္တရာယ်လဲကင်းပါလား၊သူတောင်ကောင်းကြိးများကို မှီခိုပြီး သတ္တ၀ါတွေချမ်းသာရပါလား၊ “သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းအပေါင်းကိုယ့် ကြောင့် အေးစေသောဝ်”ဆိုတာ ဒီလို သူတော်ကောင်းကြီးတွေပါးစပ်ဖျားက စီးဆင်းကျလာတဲ့စမ်းရေ စကားတွေဖြစ်လိမ့်မယ်လို့လဲ အတွေးနယ်ချဲ့နေမိပါ သေးတယ်၊

တကယ်လို့များ စာရေးသူကိုများ တစ်ယောက်ယောက်က သူ့အစား အသက်သေခံဖို့သွားပေးပါလို့ လာပြောခဲ့ရင် ---
ဘယ်လိုဖြေရမလဲ
ဘယ်လိုဆင်ခြေပေးရမလဲ
ဘယ်လိုဖြေသိပ်မှုမျိုးပေးရမလဲ
ဘယ်လိုများ
ဘယ်လိုများနဲ့ အကြောင်းပြချက်တွေ ရှာနေမိမလားလဲ တွေးမိနေပါသေးတယ်
 

 စာဖတ်သူဆိုရင်ရောအဲဒီနေရာကို တစ်နေ့နေ့မှာ ရောက်ခဲ့ရင် ဘယ်လိုအဖြေ ရှာမလဲ သိချင်နေမိပါတယ် ။ ။

ကျမ်းကိုး
ဇာတကပါဠိ
ဇာတက အဋ္ဌကတာ (၁)
Jataka Tales Of the Buddha An Anthology
( Ken and Visakha KaWasaki)

ရွှေမန်းသား အရွင္အကုၤရ