(၁)
နှုတ်ဆက်ခွဲခွါတိုင်း ဘူတာရုံများ၊ ကားဂိတ်များတွင်
မျက်ရည် မြစ်ချောင်းများ စီးမျောလေ့ရှိသည်ဟု ကျွန်တော်က ကျွန်ဘာသာ
မှတ်စုစာအုပ်လေးထဲတွင် ကောက်ချက်ချမိထားသည်၊
(၂)
အသက်ကလေး အနဲငယ်ရလာတော့ မျက်ရည် မြစ်ချောင်းများက စီးကျသော
မျက်ရည်သည် ဆေးဘက်ဝင်သည်ဟု ဖတ်မိဖူးသည်၊ မြတ်စွာဘုရားရှင်ကတော့
စီးမျောခဲ့ဖူးသော မျက်ရည်မြစ်ချောင်းများဟာ သမုဒ္ဒရာမက ကျယ်ပြောသည်ဟု မိန့်တော်ခဲ့သည်၊
(၃)
တကယ်တော့ ကျွန်တော်တို့ တစ်တွေဟာ မျက်ရည်ကျချင်သူများ မဟုတ်ပါ၊
စင်စစ်တွင်
မျက်ရည်များသည် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် သွေးစစ်စစ်တွေ ဖြစ်နေ လျှင်
ငိုလိုက်တဲ့ အချိန်တိုင်းဟာ ကျွန်တော်တို့ကိုယ်တိုင် ကိုယ့်သွေးတွေကို
အလကား သွန်ချပစ်နေပါရောလား၊ ဟုတ်ချင်လဲ ဟုတ်နိုင်ပါသည်၊ မဟုတ်ချင်လဲ
မဟုတ်နိုင်ပါ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်၊
(၄)
ကျွန်တော်တို့တစ်တွေဟာ
မွေးဖွားစဉ်ကလဲ ငိုခဲ့ကြပါသည်၊ ရှင်သန်နေချိန် အခိုက် အတန်လေးမှာလဲ
ချစ်လို့လဲ ငိုခဲ့ဖူးပါသည်၊ မုန်းလို့လဲ ငိုခဲ့ဖူးသည်၊ ၀မ်းသာလို့ လဲ
ငိုခဲ့ဖူးပါသည်၊ ၀မ်းနည်းလို့လဲ ငိုခဲ့ဖူးပါသည်၊ အရင်ကလဲ ငိုခဲ့ဖူးသည်၊
အခုလဲ ငိုနေသည်၊ နောင်လဲ ( အမှန်တရားနဲ့ လမ်းလွဲနေသမျှ) ငိုဖို့
ရှိနေဦးမည်၊
ငိုလိုက်တဲ့ မျက်ရည်တွေသည် ဆေးဖက်ဝင်နေလျှင် ကိစ္စမရှိ၊
သမုဒ္ဒရာကြီးထဲက ရေငန်တွေလို သောက်လို့လဲ အဆင်မပြေ သုံးလို့လဲ မဖြစ်လျှင်
ကျွန်တော်တို့ ဘာလုပ် ကြမလဲ။ ။
အောင်မိုးသစ်