Saturday, 31 January 2015

နှုတ်ဆက် နံနက်ခင်း


××××××××××××××××××××××××
ဝူးးးးးးးးးးးးးး ၀ူးးးးးးးးး အဆောင်ရှေ့တွင် ငှါးထားသော ကားဆိုက်လာသံကြားရသည်၊
ဦးပဏ္ဍိ၊ ဂျယန် ကားရောက်ပြီး အထုပ်တွေ အဆင်သင့်ဖြစ်ရင် တင်လိုက်မယ်၊
အေးအေး
အခန်းထဲက ဦးပဏ္ဍိက လှမ်းပြောသံ၊
Where is pandita?
Where is jaan?

အဆောင်ရှင်မိသားစုတွေကလဲ နှုတ်ဆက်ဖို့ ရောက်လာကြပြီ၊
အားလုံးရဲ့ မျက်နှာပေါ်တွေမှာ ပြိုတော့မယ့် မိုးမမာ ညှိုးရော်နေကြသည်၊ အဆောင်ရှင် မိသားစုတွေအထဲက အငယ်ဆုံး နာဂျီးက pandita , I will miss you every day.
သူ့စကားသံအကြား ညိုရော်နေကြတဲ့ မျက်နှာများက တစ်ခနချင်း ပြိုဆင်းလာကြသည်၊
အားလုံးမျက်ရည်တွေ ကိုယ်ဆီနဲ့၊ နှုတ်ဆက်နေကြတာ စိတ်ထဲနင့်နင့် နဲနဲ ကျန်ရစ်ခဲ့မယ့် မိသားစုတွေပုံရိပ်က တစ်သက်မမေ့ချင်စရာ၊ သုံးနှစ်သုံးမိုး သူတို့ အဆောင်လေးမှား ငှားနေပြီး အနမလိုင်း တက္ကသိုလ်ကြီးမှာ ကျောင်းတက်သွားသော မြန်မာရဟန်းတော်တွေကို
သံယောဇဉ်ကျွံနစ်ကြသော တမီလ်ပြည်နယ်သား တို့ရဲ့ နှုတ်ဆက်မှုက လွမ်းမောဖွယ်ရာ၊
ကဲ နောက်ကျနေမယ်၊ bye bye all of my friends. နှုတ်ဆက်သံနှင့် အတူ ကားလေးမောင်းထွက် သွားပြီ၊ ph.D ကျမ်းပြီးလို့ ကျမ်းတင်ကာ ပြန်သွားသူတဲ့ ပြန်သွားကြ ပြီ ကျန်ရစ်သူက ကျန်ရစ်ခဲ့ပြီ၊ မနက်ခင်းလေးသည် တစ်ခနာ အလွမ်းမျက်ရည်များဖြင့် သိုသို သိပ်သိပ် လင်းလက်လာခဲ့ပြီ၊
“ကျွန်တော် ခင်များတို့ အားလုံး ပြန်သွားပေမယ့် အားလုံးကို သတိရနေမှာပါ ဗျာ၊
ကျွန်တော်အဖေ့က မြန်မာပြည် ဒေးဒရဲမှာ မွေးခဲ့တာပါ၊ ကျွန်တော်နဲ့ ခင်များတို့က ဆွေမျိုးတွေလို့ ပြောလို့ရပါတယ်၊”
ကျန်ရစ်ခဲ့တဲ့ အဆောင်ရှင်ရဲ့ လွမ်းလွမ်းဆွေးဆွေး စကားသံကို ထပ်မံကြားရပြန်တော့ ကိုယ်တို့တစ်တွေပါ မျက်ရည်ဝဲချင်လာသည်၊
ဟုတ်တယ်ကွ သူ့အဖေက မြန်မာပြည်က ပြန်လာတာ နှစ်ပေါင်း ခြောက်ဆယ်ကြာတာ တောင် ကိုယ်တို့ မြင်တော့ အကြာကြီး စဉ်းစားပြီး “ ဘုန်းကြီး ဘုန်းကြီး” လို့ ခေါ်သေးတယ်၊ နှစ်ပေါင်းခြောက်ဆယ်ကျော်တာတောင် ဘုန်းကြီးဆိုတဲ့ စကားလုံးကို သူမှတ်မိနေတာ အံ့သြ စရာပဲပေါ့၊
ဒီလိုဆိုပြန်တော့ သူတို့ တမီးလ်သူ တမီးလ်သားတွေနဲ့ ကိုယ်တို့ မြန်မာကျောင်းသား ရဟန်းတော်တွေနဲ့က ဆွေမျိုးရင်းချာ မကင်းမကွာ သံယောဇဉ်ဖြစ်မည်ဆိုလဲ ဖြစ်ချင်စရာ၊
အဆောင်ရှင် အမျိုးသမီးက ဦးပဏ္ဍိတ နေသွားသော အခန်းလေးထဲကို ခဏခဏ ၀င်လိုက်ထွက်လိုက် ကြည့်နေသည်၊ အခန်းလေးထဲတွင် မီးချောင်းတစ်ချောင်းလင်းနေပြီး စာရွက် အတိုအစများ၊ စာအုပ်တစ်ချို့တလေ အခန်းဒေါင့်က အမှိုက်ပုန်းလေး၊ ကွမ်းသွေး ထွေးထည့်ထားသော သောက်ရေသန့်ဗူး အခွန်လေးမှ တစ်ပါး အခြားမကျန်မရှိ၊
သူ့စိတ်ထဲတော့ ဘယ်လိုနေသည်မသိ၊ သူ့ကို ကြည့်နေသော ကိုယ်တို့သည်ပင် ၀မ်းနည်းချင်လာသည်၊
“အမား ပြန်ရအောင်၊” သူ့သမီး ဒေ၀ီက အိမ်ပြန်ကြအောင် ခေါ်မှ ပြန်သွားရှာသည်၊
သံယောဇဉ်လွန်းတင်ရစ်သော မနက်ခင်းလေးသည်၊ အချိန်အခါ ကြာလာသည်နှင့် မှုံဝါး သွားပေဦးမည်ထင်သည်၊ ဒါမှ မဟုတ် ပိုပြီလာမည်လား မတွေးဆရဲစရာ၊ အချိန်အခါ သည်၊ တိုက်စားတတ်သော ကျားတစ်ကောင်ပမာဆိုတာကတော့ ဘယ်သူမှ မငြင်းသာ၊
+++++++++++++++++++++++++++++++++++++++++++++
ရွှေမန်းသား အရှင်အကုင်္ရ
1.2.2015

Thursday, 29 January 2015

အန္နမလိုင်း ယူနီဗာစတီ နဲ့ မြန်မာရဟန်းတော်များအတွက် Ph.D


×××××××××××××××××××××××××××××××××××××××××××
သူငယ်ချင်း ဘုန်းတော်ကြီးတစ်ပါးက ငါ့ရှင်တို့ တက်နေတဲ့ ကျောင်းအကြောင်း ရေးပါဦးတဲ့၊ မအားလပ်လို့ အကြားဖြတ်ထားတဲ့ စာကြွေးတွေကိုရေးချင်တာပ၊ ရေးချင်လွန်းလို့ ဖိုးရေချင်ကိုဖြစ်လို့၊
ကျောင်းအကြောင်းကတော့ လောလောဆယ် အခြေနေအရ “မပြောချင်ဘူး၊ ပြောကို မပြောချင်ဘူး မောင်ဝင်းဦးရေ ပြောကို မပြောချင်ဘူး”လို့ ပြောရမလိုဖြစ်နေပြီ၊

ဖြစ်ပုံက ဒီလိုပါ
ဒီကျောင်းက စည်းကမ်းအရ Ph.D ပရိုဂမ်က သုံးနှစ်ပေါ့၊ သုံးနှစ်ပြည့်ရင် ကိုယ့်ကို ဂိုက်လိုင်းပေးနေ တဲ့ စူပါဗိုက်ဆာနဲ့လဲ ပုလဲနံသင့်လို့ ရှောရှောရှူရှူ ဖြစ်ခဲ့ ရင် ကိုယ်ကလဲ ၀ီရိယစိုက်ပြီး ရေးနိုင်ခဲ့ရင် ကိုယ်ရေးတဲ့ ကျမ်းတင်ခွင့်ရတာပေါ့၊ အခုလောလောဆယ်တော့ ဒီနှစ်ထဲမှာ ကျမ်းတင်ရမယ့် ငါးပါးက
သုံးပါးက ရှောရှောရှူရှူ တင်ပြီးသွားပြီ၊ ဒါတောင် တစ်ပါးက မြန်မာပြည်ပြန်ရောက်သွားမှ သုံးနှစ်ပြည့်ပြီး

သုံးရက်လွန်နေတာကြောင့် နောက်ထပ် ကျောင်းဖီးကြေး ထပ်သွင်းဆောင်ပေးရမတဲ့ ခက်ခက်ချေဘူးလား၊ သုံးရက်လွန်တာနဲ့ တစ်နှစ်စာ ထပ်ဆောင်ပေးရတာပ၊ သူ့ကျောင်းတက်နေတော့ သူ့စည်းကမ်းပေါ့လေ၊
နောက်ထပ်နှစ်ပါးကတော့ သူ့တို့ဆရာဂိုက်က အရစ်ရှည်နေလို့ မကြာသင့်ပဲကြာ ကျမ်းစာအုပ်ကြီးတွေ ချုပ်ပြီးတဲ့အခါမှ တစ်ခါ တစ်ကနေပြန်စရမလိုတွေဖြစ်လို့ပေါ့၊ အခုနှစ် တက္ကသိုလ်က စည်းကမ်းအရက

ph.D ကျမ်းတွေကို အင်တာနက်က ခိုးကူးတာ၊ တခြားကျမ်းက ကူးချတာတွေကို ခွင့်မပြုဘူး၊ ကူးယူချရင် ကူးချတာကို သိအောင် ဆော့ဝဲနဲ့ စစ်မယ်ဆိုတဲ့ အစီ အစဉ်က ၀င်ပါလာတော့ အဲဒါနဲ့ သွားပြီး ငြိနေတော့ မတင်ဖြစ်သေးပဲ အစက ပြန်စစ်ရမလိုလို၊ တင်ရမလိုလိုတွေဖြစ်လို့၊ အမှန်ဆို ဆရာသာ အရစ်မရှည်ရင် ( ၁၅.၁.၂၀၁၅) မှစပြီး စစ်ဆေးမယ့်

ဒီဆော့ဝဲ ပြဿနာက ပြေလည်နိုင်တာပေါ့၊ အခုတော့ အခုတော့ မြကြိုးရှက်နွယ် လှမျိုးယှက်ကာ စိမ်းလေသူရယ်ကို ဖြစ်လို့ပေါ့၊

ခင်များတို့ ဆော့ဝဲက စစ်မယ်ဆို အခုစစ်ဗျာ။ ကျုပ်တို့က မြန်မာပြည် ပြန်ရဦးမှာ ဆိုတော့လဲ အဲဒီအစဉ်က စည်းကမ်းဆွဲထားပေမယ့် အဆင်သင့်မဖြစ်သေးဘူးတဲ့ဗျာ၊ ကဲ ကောင်းကြသေးရဲ့ လား၊ ကုလားပြည်မှာ ကျောင်းတက်ရတာတွေက အဲဒိလို ဒုက္ခတွေက ဒုနဲ့ဒေးပါ၊ ဖိုက်မိနစ် ဆိုရင် စောင့်လေရော့ လေးငါးနာရီလောက်၊ တူမောဒိုးရင်တော့ နှစ်ရက်သုံးရက်ကြာတတ်ရဲ့၊ သူတို့ပြော လိုက်ရင် နိုပရောဗလင်၊ ရဲဗရီးသင်း အိုကေ၊

ဒီဘက်က မြန်မာကျောင်းသား ရဟန်းတော်တွေမှာ မအိုကေတာကြတော့ ထည့်မတွက်မိ လေသလားပဲ၊ တစ်လတစ်လ နေစရာအဆောင်ကြေး၊ စားစရိတ်၊ ကျောင်းလခ သုံးနှစ်လို့ စကေးချ ထားခဲ့ရင် “ သားမှားပြီ မေမေရဲ့” လို့ ငြီဆိုရမလိုပါပဲ၊
ဘာပဲဖြစ်ဖြစ် မဇ္ဈိမပြည်ကြီးဆီကို ကျောင်းလာတက်မယ့် အရှင်မြတ်နောင်တော် ညီတော် များကို လက်တွေ့ အဖြစ်အပျက်တွေကနေ သင်္ခန်းစာယူပြီး မှာလိုက်ပါရစေ၊ အိန္ဒိယသားတို့ရဲ့ ဒဏ်ကို ခံနိုင်ပါမှ၊ ဂျပါတီ ပူရီကို စားနိုင်မှ တစ်ခါတစ်ခါ မဇ္ဈိမ နေ့လည်စာအချိန်ရောက်မှ ဆွမ်းဘုန်းနိုင်ပါမှ၊ သုံးနှစ်ကျောင်းဖီးကြေးကို လေးနှစ်လို့ အတွေးပွားထားနိုင်မှ၊ မဇ္စိမက တက္ကသိုလ်တွေဆီ ပညာသင်ကြားဖို့ အပြေးကလေးနဲ့ တွေးတွေးပြီးလာကြပါလို့ အကြံပြုလိုက်ပါ ရစေ၊ ။

( ဒုက္ခတွေက ပြုံးပြတတ်ရင်တော့ ထင်သလောက် မဆင်းရဲပါဘူးဗျာ၊ ချွေးထွက်များမှ သွေးထွက်နည်းမည် ပေါ့ မဟုတ်ဘူးလား ဒီလိုပဲ ပေါ့ပေါ့ပါးပါး ကျော်ဖြတ်ကြတာပေါ့၊ ။)

 ရွှေမန်းသား အရှင်အင်္ကုရ

Monday, 26 January 2015

လူပျောက်ကြော်ငြာ


++++++++++++++++++++++++++
လမ်းထိပ်က ဦးစိန်ကြီး လ္ဘက်ရည်ဆိုင်တွင် ကလေးတစ်ယောက်က အောက်ပါအတိုင်း ကြော်ငြာစာရွက်လေး တစ်ရွက် လာကပ်သွားသည်။
“အမေ ရောက်ရာအရပ်က အမြန်ပြန်လာပါ သား ဒီလ္ဘက်ရည်ဆိုင်က စောင့်နေမယ်၊”
သား ဖိုးငယ်။
နောက်တစ်ပတ် တနင်္ဂနွေ ရုံးပိတ်ရက်တွင် အမျိုးသမီး ဆယ်ယောက် လောက် ဦးစိန်ကြီး လ္ဘက်ရည်ဆိုင်ဆီကို ရှေ့ဆင့်နောက်ဆင့် ရောက်လာကြ သည်၊ သူတို့တစ်တွေကလဲ သားပျောက်လို့တဲ့၊ သူတို့သားနာမည်ကလဲ ဖိုးငယ် လို့ခေါ်တယ်ဆိုတာ တညီတညွှတ်တည်း အသံတူထွက်လို့။ ။
မိုးစုန်းစုန်း ချုပ်သည့်တိုင် အဲဒီနေ့က ဖိုးငယ် လ္ဘက်ရည်ဆိုင်လေးဆီကို ပေါ်မလာ၊ နေ့တိုင်း သူပုံမှန်လာတတ်တဲ့ နေ့လည်တစ်နာရီလဲ ပေါ်မလာခဲ့၊ အချိန်တွေသာ တစ တစကျော်သွားသည် ဖိုးငယ်က ပျောက်ချက်သားကောင်း နေဆဲ၊
ဒီလိုနဲ့ မျှော်လင့်ချက်ကုန်လို့ ကိုယ်စီ အိမ်ပြန်ကြမယ့် အမျိုးသမီး ဆယ်ယောက်လုံးက ဖိုးငယ်ကပ်သွားသော ကြောငြာစာရွက်လေးကို သဘောတူစွာ ခွါယူသွားကြပြီး နောက်ထပ် ကြော်ငြာ အသစ်တစ်ရွက် ထပ်ကပ်လိုက်လေသည်၊
“သားဖိုးငယ် ရောက်ရာအရပ်ကနေ အမြန်ပြန်လာပါ၊ အမေ ဒီလ္ဘက်ရည် ဆိုင်လေးကနေ စောင့်နေတယ်၊”
ပုံ မေမေ။
ညကိုးနာရီ လ္ဘရည်ဆိုင်သိမ်းချိန်တွင် ညနေက သားပျောက်ရှာနေသော အမျိုးသမီးများ ကပ်သွားသော ကြော်ငြာကို ဖိုးငယ် လာဖတ်နေသည်၊ ဒါကိုမြင် သောဦးစိန်ကြီးက လ္ဘက်ရည်ဆိုင်ထဲက အသာထွက်လာပြီး၊
“ဟေ့ ကောင်လေး နေ့လည်က မင်းကို အမျိုးသမီးတွေလာစောင့်နေတယ် မင်းဘာလို့ ထွက်မလာတာလဲကွ”
“သူတို့က ကျွန်တော်အမေနဲ့ မှ မတူတာဗျာ”" ကျွန်တော် အမေဆိုရင် ကျွန်တော်ကို မြင်တာနဲ့ ခေါ်မှာဗျ၊ နေ့လည်က ကျွန်တော် ဆိုင်နောက်ဖေးကနေ ၀င်လာပါသေးတယ်၊"
“ဟေ ဟုတ်လား? ဒါဆို အခု မင်းက ဘာထပ်လုပ်မလို့ ဆိုင်ကိုလာတာလဲ”
“ကျွန်တာ် ကြော်ငြာ အသစ် တစ်ရွက်ထပ်ကပ်မလို့ ဗျ”
“ မင်း ဟာ ရှုပ်နေတာပဲ ငါဖြင့် နားမလည်တော့ပါဘူးကွာ” ဦးစိန်ကြီးသည် ပြောပြောဆို လ္ဘက်ရည်ဆိုင်လေးထဲ ပြန်ဝင်သွားသည်၊
ဖိုးငယ်ကတော့ နောက်ထပ် ကြော်ငြာစာရွက်တစ်ရွက် ကပ်လျှက်ကျန်ခဲ့ သည်၊
“အမေ ရောက်ရာအရပ်က အမြန်ပြန်လာပါ သားဒီလ္ဘက်ရည်ဆိုင်က စောင့်နေမယ်၊”
သား ဖိုးငယ်။
¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬×××××××××××××××××××××××
ရွှေမန်းသား အရှင်အကုင်္ရ

Sunday, 25 January 2015

ကျွန်ုပ်နှင့် သပိတ်ပရိက္ခရာ


+++++++++++++++++
ကျွန်ုပ်သည် ရဟန်းတစ်ပါး ဖြစ်လေရကား အဖဘုရားက ပညတ်ထားသော သိက္ခာပုဒ်များကို လဲ လေးစားလိုက်နာရ၏၊ သွားလေရာရာ စားဝတ်နေရေး အဆင်ပြေစေဖို့ အရေးမျှော်တွေးပြီး သပိတ်ပရိက္ခရာသည်လည်း ရှိရသေး၏၊ လေမိုးနေဒဏ် ကာယံစေခြင်းအကျိုးငှါ ထန်းရွက် ယပ်တောင် တစ်ချောင်းလဲ အသင့် ဆောင်ထား မိ၏၊ အနှီထမ်းရွက်ယပ်သည်ကား ရဟန်းတို့ ဆောင်သယ်ရသော ပရိက္ခရာတွင်ကား တကယ့်တကယ်တွင်မပါ၊ အပိုအဆပလာအဖြစ်ဖြင့် အပြစ်မဖြစ်သော နေမိုးလေဒဏ် ကာရံစေခြင်းငှါ ဆောင်ထားခြင်းဖြစ်၏၊
ထန်းရွက်ယပ်ကြီးထန်းပြီးသကာလ မကြာမကြာ အရပ်ထဲ ရွာထဲမှာ ဆွမ်းကြွသဖြင့် အရပ်ထဲမှ ကလေးသူငယ်များက ကျွန်ုပ်အား နှစ်ဆယ့်တစ်ရာစု ရှင်သီဝလီကြီးဟု မကြားတကြား ခေါ်စမှတ်ပြုကြ၏၊ သို့ပေသိ ကျွန်ုပ် ၏ထူးခြားချက်ကား အသက်ငယ်ရွယ်သေးသမို့ ရှင်သီလ၀ိလိုတော့ တောင်ဝှေးမပါ ဗလာသက်သက် ကြွချီနိုင်လျှက်ရှိချေ၏၊
သို့ပေသိ အနှီသပိတ်ပရိက္ခရာ ထန်းရွက်ယပ်ကြီးတို့ကား သွားလေရာရာ အမြဲပါသည်မဟုတ်၊ နေမွန်မတည့်မီကာလ ဆွမ်းခံကြွချိန်သာ ပါမြဲဆောင်မြဲဖြစ်၏၊ အခြားအကာလ မြို့တွင်း ရွာတွင်းကြွ ရောက်ခဲ့သည်ရှိသော် ကျွန်ုပ်ကား သင်္ကန်းကို သပ္ပါယ်စွာရုံလျှက် စက္ခုနှစ်စုံကို အိနြေ္ဒလုံအောင် စောင့်စည်းကာသာကြွမြဲဖြစ်၏၊
ပသိတ်ပရိက္ခရာကား အမြဲထာဝရပါ ဗလာသက်သက်သာဖြစ်၏၊
ယခုကား နောက်နောင်အခါ မြို့တွင်းရွာတွင်းသို့ မနက်ပိုင်း ဆွမ်းခံချိန်ကာလပဲဖြစ်ဖြစ် ညနေအချိန် ဆွမ်းမခံရ အကာလပဲဖြစ်ဖြစ် မည်သည့်အချိန် ကြွကြွ ကျွန်ုပ်မှာ သပိတ်ပရိက္ခာနှင့် ထန်းရွက်ယပ်ရပ်တောင်ကြီးကို အမြဲထာဝရ ဆောင်ယူဖို့ရန်သာ အကြောင်းဖန်လာ၏၊
အဘယ်ကြောင့်ဆိုသော် အချို့အချို့သော လောကဓာတ်ဆေးဆရာ ဒေါက်ချာဒေါက်တာများ က သူတို့ကို သူတို့ ဆေးကုတတ်သည့်အကြောင်း ကောင်းကောင်းသိစေရန်အလို့ငှာ လူနာစမ်းသပ် သည့် နားကြပ်ဟူသော ဝေါဟာရကြီးကို တထီးတနန်း ခမ်းနားစွာ သွားလေရာ တရမ်းရမ်းထမ်းယူကြသည်ဟူ သော စာမျက်နှာ ဘုတ်အုပ် သတင်းကြောင့်သာ ဖြစ်ချေ၏၊
အကယ်၍ ကျွန်ုပ်သာ သွားလေရာရာ ပသိတ်ပရိက္ခရာ မပါ မလွယ်ခဲ့သည် ရှိသော် ရဟန်းဟုတ်၏လော မဟုတ်၏လောဟူသော အတွေးများဖြင့် အများဘ၀င်မှာ အမှားထင်နိုင်ချေသည် မဟုတ်လား ဟရို့။ ။
++++++++++++++++++++++++++++++++=
( ချစ်လို့ ပြောတယ်မှတ်ပါ)
ရွှေမန်းသား

ကျွန်ုပ်နှင့် လူကြီးမင်း


×××××××××××××××××××××
ကျွန်ုပ်သည် တစ်နေ့သ၌ ရွှေပြည်ကြီးက မာတာမိခင်ထံသို့ သတိရစိတ်ဖြင့် တယ်လီဖုန်းချိတ်ဆက်မိလေသည်၊
ဟလို--- ဟလို --- အမေ ကြားလား ဟလို --- အမေကြားလား
တင်းပါး -- တင်ပါး ဦးဇင်း ကြားတယ် -- တင်ပါး
ဟလို-- အမေ ဟလို--- အမေ့ ဦးဇင်းဘက်က ကြားတစ်ချက် မကြားတစ်ချက်ဖြစ်နေတယ် ဗျ၊
အမေ့ နေရာရွှေ့လိုက်လေ၊ လိုင်းက မမိတာနေမယ်

တင်းပါး တင်ပါး အခု ရွာအရှေ့ဖျားရောက်နေတာ ကိုယ်တော်၊
အော် အမေကလဲ ရှေ့သို့လှမ်းချီ M.P.T ပါဆို ဗျုပ္ပတ်နဲ့ လိုက်အောင် ထပ်ရွှေ့လိုက်ဦး လေ၊
ဒီထက်ရှေ့ရွှေ့လို့ မရတော့ဘူးကိုယ်တော် နောက်တစ်ခါ ထပ်ရွှေ့ရင် ရွာထိပ်က ချောင်းထဲကျရုံပဲရှိတော့တယ်၊
အာ--------- အမေတို့ကလဲ ဗျာ၊ သူများတွေလို တယ်လီနောလေး ဘာလေး ၀ယ်ထားစမ်းပါ၊ အဲဒီကဒ်က လိုင်းပိုမိတယ်ပြောတယ်၊
ကိုယ်တော့် တယ်လီနော်ကလဲ နဲနဲနဲ့ ကျဲကျဲဝိုင်းနေရတဲ့ အချိန်မို့ မြို့ပေါ်လောက်ပဲ မိတာ
ကိုယ်တော်ရေ တပည့်တော်မတို့လို ဇနပုဒ်ဆို လိုင်းက တုပ်တုပ်တောင် မလှုပ်ဘူး ဘုရား၊
ဒါဆိုလဲ အမေရာ အူဒူးရူးကဒ်ရော -----
အူး----တူ--တူ တူ--------
ဟလို-- ဟလို-- ဟလို--အမေ့ အမေ့ -- ကြားလား
ဝမ်းနည်းပါတယ်ရှင် လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်မှာ ဆက်သွယ်မှု ဧရိယာ ပြင်ပကိုရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ မရနိုင်သေးပါရှင်၊
အာ--------------တောက် ဒီလူကြီးမင်းတော့ကွာ ပြန်လာမှ တွေ့ဦးမယ်။ ။
ကျွန်ုပ်သည် စိတ်တိုတိုဖြင့် ကြိမ်းမောင်းခြင်းအမှုကိုသာ ပြုလိုက်ရသည်၊ အကယ်တန္တုပြန်လာခြင်း အမှုကို ပြုခဲ့သည့်တိုင် အဘယ်သို့သော လူကြီးမင်းနှင့်တွေ့ရပါ အံ့နည်း ။ ။
++++++++++++++++++++++++++++++
ရွှေမန်းသား အရှင်အကုင်္ရ

Saturday, 24 January 2015

ခင်များတို့က ဗမာတွေလား


ဝေါ--------ကျွိ အမြန်ဆုံး အလျှင်နဲ့ မောင်းလာတဲ့ ဆိုင်ကယ်ကို ဘရိတ်အုပ်လိုက်ပြီး ဆိုင်ကယ်ပေါ်က အသက်ခြောက်ဆယ်ကျော်ကျော် ဟိန္ဒူဘာသာဝင်လူတစ်ယောက်က
သူတို့ကျောင်း သွားနေကြလမ်းမှာ ရှေ့ကနေ ဆိုင်ကယ်ကို ပိတ်ရပ်လိုက်ပြီး အထက်ပါ စကားကို မေးခြင်းခံလိုက်ရတော့ စိတ်ထဲ နဲနဲ ကသိသအောက်ဖြစ်သွားသည်၊
အစပထတွင်တော့ သူမေးတဲ့ မြန်မာစကားကို သိပ်နားမလည်ချင် ဒီနေရာ ဒီဒေသမှာ မြန်မာစကားပြောတတ်တဲ့သူ တစ်ယောက်ရှိနေမယ်လို့ မထင်ထားတာလဲ ပါတာပေါ့လေ၊ သေချာနားထောင်မှ “ဟ သူက တို့ကို မြန်မာလို ပြောနေပါလား”လို့ အသိဝင်မှ
“ဟုတ်ပါတယ် ဗမာတွေပါ၊”
ကျွန်တော် ခင်များတို့ကို ကြည့်ကြည့်နေတာ ဗမာတွေ ထင်တယ်လို့ ၊ မေးမယ် မေးမယ်နဲ့ မမေးဖြစ်လို့ ဗျ၊ သူက ထိုကဲ့သို့ စကားစပြီး
ကျွန်တော်က ဒီမြို့လေးနားက စီဝပူရီရွာမှာနေတာပါ၊ ကျွန်တော်တို့က မိသားစု သုံးယောက်ရှိတယ်၊ ကျွန်တော်ရယ်၊ ကျွန်တော်အမျိုးသမီးရယ်၊ ကျွန်တော့်သမီးရယ်ပေါ့၊ ကျွန်တော်က အရင်က မြန်မာပြည်မှာ ခုနှစ်တန်းအထိ ကျောင်းတက်ဖူးတယ်။ ဦးနေ၀င်းက ကုလားတွေ ကုလားပြည်ကို ပြန်ပို့တော့ ကျွန်တော်တို့ သင်္ဘောကြီးနဲ့ ပြန်လာခဲ့ရတာ၊ ကျွန်တော်
မြန်မာပြည်ကို အရမ်းချစ်တယ် သဘောကျတယ်၊ ဒီက ကုလားတွေက ငွေးရေးကြေးရေး အရမ်း ခက်ခဲတာဗျ၊ မြန်မာပြည်က လူတွေလို ကူညီချင်တဲ့ စိတ်နဲကြတယ်၊ မြန်မာပြည်က လူတွေကတော့ သိသိ မသိသိ ကူညီရိုင်းပင်း တတ်တာ မြန်မာပြည်နေတုန်းက ကိုယ်တွေ့မို့ သိတယ်ဗျာ၊ သူသည် ကုလားလူမျိုး တစ်ယောက်ဖြစ်သော်လဲ သူ့ကိုသူ ဗမာတစ်ယောက်လို့ ခံယူပြီး စကားတွေပြောနေတာ မြင်တော့ အော် သူဟာ မြန်မာပြည်ကို ချစ်တတ်တဲ့ မြန်မာနွယ်ဖွား တစ်ယောက်ပါလားလို့ စိတ်ထဲမှာ အောက်မေ့မိကြသည်။ ။
ဒီလိုနဲ့ သူနဲ့စကားတွေ အများကြီးပြောဖြစ်သွားပြီး သူ့ကို တမီးလ်နာဒူးပြည်နယ် အနမလိုင်းမှာ ကျောင်းတက်နေကြတဲ့ မြန်မာရဟန်းတော်များက အထူးဧည့်သည်တော်အဖြစ် နေထိုင်ရာ အဆောင် ကို ဖိတ်လိုက်ကြသည်၊
သူ့ဆီကနေ တမီးလ်စကားတွေသင်ဖြစ်ကြသည်၊ သူ့ဆီကနေ လိုအပ်တဲ့ အကူအညီတွေ အတော်များများ ရကြသည်၊ သူနဲ့ မြန်မာရဟန်းတော်များနဲ့ ဆွေးမျိုးရင်းချာ ဖြစ်သွားကြသည်။ သူလဲ မေ့ပျောက်နေတဲ့ မြန်မာစကားတွေကို တော်တော်ပြောနိုင်လာတာတွေ့ရသည်၊ သူ့နာမည်ကလဲ ထူးထူးဆန်းဆန်းပင် မြန်မာကျောင်းသား ရဟန်းတော်နေထိုင်ရာမြို့လေးနာမည်နဲ့ ထပ်တူထပ်မျှ ချီရန် ဘရန်းတဲ့၊။ ။

( နောက်များ အလျှင်းသင့်လျှင် သူ့အကြောင်းကို စာလုံးပေါင်းပြချင်သေးသည်၊)
ရွှေမန်းသား အရှင်အကုင်္ရ

အရုပ်


×-××××××××××××××××××
စိတ်-------
ကျတဲ့နေရာ အပင်ပေါက်ဖို့ ဆိုတာ
ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် လိုသလို
ဆွဲဆန့်တတ်ဖို့တော့ လိုတာပေါ့

ဘ၀--------------
တစ်ယောက်နဲ့ တစ်ယောက် ထပ်တူကျဖို့က
ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်တောင်
အမြဲတမ်း စစ်တလင်းမှာ ချစ်ခြင်မမျှနိုင်ဘူး
အားလုံးက
အရူးတွေ ဟုတ်တယ် အရူးတွေ
ခင်များလဲအရူး ကျွန်တော်လဲ အရူး
ထူးထူးခြားခြား
ကမ္ဘာမှာ လူဟာ အသိဥာဏ်အရှိဆုံး
ထူးထူးခြားခြား
ကမ္ဘာမှာ လူဟာ အနုညံ့တတ်ဆုံး
ထူးထူးခြားခြား
ကမ္ဘာမှာ လူဟာ အရက်စက်တတ်ဆုံး
အဲဒီလို စကားလုံးတွေနဲ့ ခေါင်းစီးတပ်ခဲ့ရင်
လူ အဲဒီ-လူမှာ
စိတ်ရှိတယ်၊ နာမ်ရှိတယ်
အမှန်သိဖို့ပဲလိုတယ်
အမှန်မသိရင်တော့
နာမ်ရှိရှိ စိတ်ရှိရှိ
ထိထိရှရှနဲ့ တိတိပပပြောရရင်
အဲဒီလူဟာ လူမဟုတ်
အရုပ် ဟုတ်တယ် အယုတ်။ ။
++++++++++++++++++++
သစ္စာမိုးဝေ
( အမှန်သိဖို့ ဆိုရာတွင် သစ္စာတရားကို အမှန်အတိုင်း သိခြင်းကို ဆိုလိုပါသည်၊ ဓမ္မစကြာသုတ်တော်လာ ဟီနော ဂါမ္မော ပေါထုဇ္ဖနိကော အနရိယော အနတ္ထသံဟိတောကို ရေးဖွဲ့ပါသည်)

Friday, 23 January 2015


ရှာလည်း မတွေ့ ကြာလည်းမမေ့
+++++++++++++++++++++++++++++++++++
သူနဲ့ကိုယ်ဟာ လက်တွဲလာခဲ့တာ တစ်နှစ်မကတော့ တစ်နှစ်ရယ် တင်မ ဟုတ် တိတိကျကျရေတွက်ပြရရင် နှစ်ပေါင်းဆယ်စုနှစ် သုံးခုစွန်းစွန်းတောင် ကျော်ခဲ့ရောပေါ့။ သူ့အတွက် လိုလေသေးမရှိ အစစ အရာရာ ဂရုစိုက်ခဲ့ရတယ်၊ သူမရှိရင် မနေတတ်တဲ့ ကိုယ့်အကျင့်ဟောင်းကြောင့် ဘယ်သွားသွား ဘယ်လာလာ သူနဲ့ အမြဲအတူ မခွဲကြည်ဖြူဖြစ်ခဲ့ရတယ်၊

သူဖြူရင်ကိုယ်လဲဖြူ သူမဲရင် ကိုယ်လဲမဲ၊ သူ့အကြိုက် သူ့စရိုက်အတိုင်းပါပဲ အချိန်ကြာသည်နှင့်အမျှ ကိုယ်ဆန္ဒတွေဆိုတာ သူ့ဆန္ဒတွေရဲ့ အရိပ်မိုးမှု အောက်မှာ ပြားပြားမှောက်လို့၊ အော်----- ကိုယ်က သူ့ကို ချစ်တာကိုး၊ ကိုယ်က သူ့ကို မြတ်နိုးတာကိုး၊ ကိုယ်က သူ့ကို တွယ်တာလာတာကိုး၊ မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားမိတာကိုး၊ တစ်နေ့မှာ သူဟာကိုယ်ဆီကနေ နှုတ်မဆက်ပဲ ရုတ်တ ရက်ထွက်သွားလိမ့်မယ်ဆိုတာ စိတ်ထဲမှာ သိပေမယ့် ဦးနှောက်က လက်ခံအ တည်ပြုပေမယ့် ကိုယ့်နှလုံးသားကတော့ အခုချိန်ထိ ဒါကို ငြင်းဆိုနေဆဲပဲလေ၊

အခုတလော ကိုယ်မြတ်မြတ်နိုးနိုးချစ်တဲ့ သူဟာ ကိုယ့်အပေါ်မှာ ဖယ်ခွါ ဖယ်ခွါ ဖြစ်ချင်လာချင်တယ်၊ ကိုယ်တွယ်လာတဲ့သူဟာ ကိုယ့်အပေါ်ကို ကွယ်ရာ မှာတင်မဟုတ် ကိုယ့်နဲ့ထိပ်တိုက်တည့်တည့်မှာကိုပဲ ကိုယ်အလိုမလိုက်ချင်တော့ ဘူးလေ၊ သူ ကြိုက်တာတွေလုပ်နေတယ်၊ သူဖြစ်ချင်တာတွေပြောနေတယ်၊ သူ့သဘောက ကိုယ်နဲ့ ဆန်ကျက်ဘက်တွေဖြစ်မှန်းမသိဖြစ်လို့၊ တစ်ခါတစ်ခါ ကိုယ်က စာကိုအကြာကြီး ကြည့်ချင်တယ်

သူက ကြည့်ခွင့်မပေးတော့ဘူး၊ ကိုယ်ကလဲ ခေါင်းမာသူဆိုတော့ ပေပြီးကြည့်မိတယ်၊ ဒါပေမယ့် နောက်ဆုံး ကိုယ်ပဲ အရှုံး ပေးလိုက်ရတာပဲ၊ သူက မျက်ရည်ပူတွေကျပြတယ်၊ ငိုက်မျဉ်းပြတယ်၊ တသမ်း သမ်း တဝေေ၀နဲ့ ကိုယ့်မှာ အနေခက်ပေါ့၊ ဒီလိုနဲ့ ကိုယ့်အကြိုက်ဆိုတာကို ဘေး ဖယ်ပြီး သူ့အကြိုက်တွေကိုပဲ တစ်ခါမက နှစ်ခါ၊ နှစ်ခါမက သုံးခါနဲ့ လိုက်ပါရင်း ကိုယ်ဟာ လုံးခြာခြားလူတစ်ယောက်ဖြစ်မှန်းမ သိဖြစ်လို့၊

ဘ၀မှာ လူတိုင်းလူတိုင်းဟာ ပေးတိုင်းပြန်မရတာ အချစ်လို့ဆိုကြပြန်လေ တော့ ကိုယ်လဲ သူ့အပေါ်ပေးဆက်လေသမျှ ပြန်မရခဲ့လေတော့ အဲဒီလူတွေပြောကြတဲ့ အချစ်များဖြစ်နေရော့သလားလို့ သံသယ၀င်မိခဲ့တာလဲ အကြိမ်ကြိမ်အခါခါ၊ ဘယ်လောက်ပဲ သူ့အပေါ်မှာကိုယ်က သံသယ၀င်ဝင် ချစ် ခင်မှုကတော့ နဲနဲလေးမှ ပျက်ကွက်သွားတာ ရော့ပါးသွားတာ မရှိပါဘူးလေ၊ အရင်ကလဲသူ့ကို ချစ်နေခဲ့တာပဲ၊ အခုလဲ သူ့ကိုချစ်နေဆဲပါပဲ၊ နောက်နောင်လဲ သူ့ကို ဆက်ချစ်နေရဦးမှာပါပဲ၊

ကိုယ်တတ်နိုင်သမျှ သူ့ကိုဂရုစိုက်မှုတွေနဲ့ အတူ ထပ်တူထပ်မျှ ချစ်ပြ နေရဦး မှာပေါ့၊ ဒီနေ့တောင် သူ့က မျက်ရည်ပူတွေကျပြနေလို့ ကိုယ့်မှာ စာလဲ မကြည့်ဖြစ်၊ စာလဲမရေးဖြစ် အိပ်ယာထဲမှာ လှဲနေပြီး သူ့အလိုကို လိုက်နေရတာ ကလဲ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် အိုးစားတွေကွဲနေတဲ့ နေ့တစ်နေ့ပေါ့၊

ကိုယ်ရေးချင်တဲ့ thesis နဲ့ ကိုယ်ဖတ်ချင်နေတဲ့ အကိုးအကားစာတွေဟာ သူမပါရင် အရာမရောက်တော့ သူ့ကို အနားပေးပြီး တလေးတစားနဲ့ ပြုစုနေရ တာဝဋ်တစ်ခု အလားပမာပါပဲ၊ ဘာပဲဖြစ်ဖြစ်လေ အခုအချိန်မှာ သူရှိနေလို့သာ ကိုယ့်မှာ လိုချင်တာဖြစ် ရေးချင်တာရ၊ ဖတ်ချင်တာ သိရတဲ့ အဖြစ်မျိုးမဟုတ် လား၊ ဒါကြောင့် သူ့ကို ကျေးဇူးတင်နေရတာပါပဲ၊ တစ်ခါတရံပဲ ကိုယ့်အလို မလိုက်တာက လွဲလို့ သူ့ဟာကိုယ့်ရဲ့ သွေးသောက်ညီအစ်ကို ရဲဘော်ရက် ဘက်ပါပဲလေ၊

ကိုယ့်က ဘယ်လောက်ချစ်ချစ် ဘယ်လောက် ဂရုစိုက်စိုက် တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ သူဟာ ကိုယ့်ကိုပစ်ခွါပြီး အဝေးကို ထွက်သွားမှာပါ၊ အဲဒီ အချိန်ကြရင် ရှာလဲမတွေ့ ကြာလဲမမေ့ဖြစ်ပြီး ကျန်ခဲ့မယ့်သူဟာ တစ်ခြားသူ ဟုတ်ရိုးလား ကိုယ်သာဖြစ်နေမှာပါ၊
အော်--------------
ရှာလဲမတွေ့၊ ကြာလဲ မမေ့
ငါလဲ တစ်နေ့-----------
တစ်နေ့နေ့ပေါ့။ ။

+++++++++++++++++++++++++++++++++++++++
(စာကြွင်း= thesis အတွက် စာအကြည့်များပြီး မျက်စိတွေက မျက်ရည်ပူတွေ ကျနေလို့ တွေးဖြစ် ရေးဖြစ်တဲ့ စာတိုလေးပါ)

ရွှေမန်းသား အရှင်အကုင်္ရ

Tuesday, 20 January 2015

အမြင်မတူပေမယ့် အတူမြင်ဖို့


++++++++++++++++++++++
တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူလို့ အတူမမြင်တော့ဘူးဆိုရင် အရာရာဟာ အကောင်းမြင်ဖို့ ခဲယဉ်းသွားပါပြီ၊ လူတစ်ယောက်ဟာ ဘယ်လောက်ပဲ အဆိုးတွေ လုပ်ခဲ့လုပ်ခဲ့ တစ်ချိန်ချိန် တစ်ခါခါမှာ တစ်ယောက်နဲ့ တစ်ယောက်အပေါ် ကောင်းကွက်လေးတွေ လုပ်ခဲ့တာ ရှိတတ်ပါ တယ်၊ အခန့်မသင့်လို့ အခိုက်အတန့်တစ်ခုမှာ အမြင်တွေမတူကြလို့ တစ်ယောကို တစ်ယောက်က စိတ်ထဲကမကြေနပ်တာကို ရင်ထဲက ခံစားချက်အတိုင်း တုန့်ပြန်နေမယ်ဆိုရင် သူ့အတွက်လဲ မကောင်းသလို ကိုယ့်အတွက်လဲ အကျိုးရှိမယ်မထင်ပါဘူး၊
တစ်ယောက်နဲ့ တစ်ယောက်ဆိုတာ သံသရာခရီးလမ်းမဆုံးသေး သရွေ့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပြန်လည်ဆုံကြရဦးမှာပါ။ ဒါကြောင့် ရင်ထဲက ခံစားချက်တွေအတိုင်း စိတ်ဆန္ဒ ရှိတဲ့အတိုင် စိတ်လိုလက်ရ ကိုယ်ရဲ့ ဒေါသကို ချပြနေမယ်ဆိုရင် သူမကောင်းတာကနဲနဲ ကိုယ်မကောင်းတာက များများဖြစ်သွားမှာပါ၊ ခံစားချက်ဆိုတာ စာလိုပြောရရင်တော့ ဝေဒနာပါ ဝေဒနာဆိုတာ သုခ= ချမ်းသာတာလဲ ဝေဒနာ၊ ဒုက္ခ= ဆင်းရဲတာလဲဝေဒနာ၊ ဥပေက္ခာ= ချမ်းသာတာလဲမဟုတ် ဆင်းရဲတာလဲ မဖြစ်တော့တာဟာလဲ ဝေဒနာပါ၊
ဝေဒနာတွေကို ဖြေစရာမရှာပဲ ခဏခဏနဲ့ မကြေနပ်ချက်တွေနဲ့ တွဲပြီး ကြေငြာနေမယ်၊ ခနခနဖွင့်ဟနေမယ်ဆိုရင် ဝေဒနာဟာ ကိုယ့်ရင်ထဲမှာ နေရာတစ်နေရာတင်မကပဲ နေရာများ စွာယူလာမှာပါ၊ ဝေဒနာများလာလေလေ ခံစားချက်တွေ ပွင့်ထွက်လာလေလေ ဖြစ်မှာပါ၊ ခံစားချက်တွေများလာလေလေ ဝေဒနာတိုးပွားလေလေဖြစ်မှာပါ၊ ဒါဆိုရင် ကိုယ့်ကိုယ့်ကို သေချာစဉ်စားကြည့်စေချင်ပါတယ်။ ဝေဒနာဆိုတာ ကောင်းတဲ့ ဝေဒနာလား ဆိုးတဲ့ဝေဒနာ လားဆိုတာ၊ ဝေဒနာဆိုမှတော့ ကောင်းတယ်လို့တော့ ဘယ်ဆိုနိုင်မှာလဲ၊
ဝေဒနာ= ခံစားမှုတွေနောက်မှာ တဏှာ=စွဲလမ်းမှုတွေလဲ ထပ်တူ ကပ်ယူ အတူတွဲဖြစ်လာနေဦးမယ်ဆိုတာကိုလဲ မေ့လို့မရပါဘူး၊ တဏှာ= စွဲလမ်းတပ်မက် မှုတွေကနေ၊ တဏှာ ပစ္စယာ= ဥပါဒါန်= မရမနေ ထပ်တလဲလဲ အရမ်းစွဲလမ်းလွန်းတဲ့ တက်မက် မှုတွေကလဲ စဉ်တိုက် ဆက်တိုက် ကပ်ပါလာနေဦးမှာ၊ ဥပါဒါန်အစွဲအလမ်းတွေနဲ့ နေထိုင်နေတဲ့ ဘ၀ဟာ သာသာယာယာ ဖြစ်ဖို့ဆိုတာ အလွန်းအင်မတန်မှ ခဲယဉ်းနေဦးမှာပါ၊ စွဲလမ်းမှုတွေနောက်မှာ ဘ၀= နောက်ထပ် အသက်ရှင်ခြင်းတွေ နောက်ဘ၀တွေ ရှင်သန်မှုတွေနဲ့ ထပ်ဆင့်ကြုံနေကြရဦးမှာပါ၊
ဘ၀တွေများလေ သံသရာရှည်လေဖြစ်နေဦးမှာ အဲဒီလိုရှည်ကြာလာတဲ့ တသံသရာမှာ ကိုယ်နဲ့အမြင်တူသူနဲ့ ထပ်ကာကြုံရင် ထပ်ကာဆုံခဲ့ရင် သူနဲ့ ကိုယ်၊ ကိုယ်နဲ့ သူ အတူမြင်ပြီး အမြင်တူဖို့ ကြိုးစားသင့်ပါတယ်။ အမြင်မတူလို့ အတူမမြင်နိုင်ပဲ ခံစားချက်တွေနဲ့ ဆက်လက်ချီတက်နေဦးမယ်ဆိုရင် သံသရာက မဆက်မပြတ် လည်ပတ်နေဦးမှာမို့၊ ခံစားချက်တွေများလေ ဝေဒနာတွေတောင်ပုံရာပုံ ဖြစ်လေနဲ့ ဘ၀ကို အသက်ရှင်ကြည့်ပြီး လျှောက်လှမ်းနေရတာ ဘယ်လောက် ပင်ပန်းလိုက်မလဲ ---------၊
ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူလို့ပဲ ဖြစ်ဖြစ်၊ အတူမမြင်လို့ပဲ ဖြစ်ဖြစ် မချစ်ပေမယ့် အပြစ်ဆိုတာကို ခွင့်လွှတ်ပြီး ဝေဒနာနဲပါးဖို့ ကြိုးစားလိုက်တာဟာ အကောင်း ဆုံးပါလို့ အကြံတစ်ခုပြုလိုက်ပါရစေ။ ။
×××××××××××××××××××××××××××××××××
ရွှေမန်းသား အရှင်အကုင်္ရ

Sunday, 11 January 2015

ရေဆေးနည်းခဲ့တဲ့ ငါး


++++++++++++++++++++
မြန်မာစကားပုံတွင် ရေဆေးငါးကဲ့ သို့ လှရှာသူ၊ ရေဆေးငါးကြီး။ ငါးရံ့ ကိုယ်လုံး၊ အမိမဲ့သား ရေနည်းငါး စသည် စသည်ဖြင့် စကားပုံပေါင်း ထောင်းသောင်းမကရှိလေသည်၊ ယနေ့သူ့အဖြစ်က များစွားသော မြန်မာစကားပုံတွေထဲကို နောက်ထပ်စကားပုံအသစ်တစ်ခု ထပ်တိုးဖို့ အကြောင်းဖန်လာလေသည်၊

ဖြစ်ပုံက သည်လို-
မနက်စောစော သူငယ်ချင်းတွေ အဆောင်မှာ မြန်မာပြည်က ပါလာသော မုန့်ဟင်းခါး ရယ်ဒီမိတ်ထုတ်မှားကို စုပေါင်းချက်စားဖြစ်ကြသည်၊ ထိုသူငယ်ချင်းတွေ အဆောင်ရှေ့တွင် လာနေ ကြငါးသည်ကြီး တစ်ယောက်က ခေါက်တုန့်ခေါက်ပြန်လျှောက်ကာ “
ငါးသည် ငါးသည်”လို့ တစ်အော် ထဲအော်နေလေသည်၊

ငါးမစားဖြစ်တာကြာနေသောသည်မို့ သူက ရူပီးတစ်ရာဖိုးပေးကာ ငါးသုံးကောင် ၀ယ်ဖြစ်လိုက်သည်၊ သူငယ်ချင်းတွေအဆောင်မှာတင် မုန့်ဟင်းခါး မနက်စာဘုန်းပြီး နာရီကြည့်လိုက်တော့ နာရီက မနက်ကိုးနာရီထိုးနေလေပြီ၊
နေ့လည်စာချက်ဖို့ အချိန်က သိပ်မကျန်တော့ ဒါနဲ့ ငါးသည်ကြီး တုံးတစ်ပြီး ကိုင်ပေးထားသော

ငါးတွေကို သူငယ်ချင်းတွေအဆောင်မှာတင် ရေဆေးပြီး ဆားနွင်းနယ်ထားလိုက်သည်။ မုန့်ဟင်းခါး ဘုန်းပြီးပြီးချင်း သူငယ်ချင်းတွေအဆောင်က သုတ်ချေတင် အပြေးပြန်လာကာ သူနေထိုင်ရာ အဆောင်ကိုရောက်တာနဲ့ မီးဖိုထဲ တန်းဝင်ပြီး ငါးဟင်းတစ်ခွက် ဖြစ်ဖို့ စီမံရလေသည်၊

အိန္ဒိယတောင်ပိုင်း တမီးလ်ပြည်နေက ငါးတွေသည် ကြော်ချက်ပြီးစားမှ ကောင်းပေသည်မို့ ပထမဆုံး အချိန်ယူကာ ငါးတွေကို ကြော်လိုက်သည်၊ တစ်အိုးနဲ့ မပြီး သုံးအိုးလောက်ကြော်မှ ငါးက ကုန်သည်၊ တတ်နိုင်ဘူးလေ ချက်မယ့်ချက်ကောင်းကောင်းလေး ဖြစ်အောင် ချက်မှဆိုပြီး စိတ်က ရှည်ရသေးသည်။

ငါးကြော်ပြီးတော့ ခရမ်းချဉ်သီးလှီး၊ ကြက်သွန်နွာ၊ ဂျင်းနဲ့ ကြက်သွန်ဖြူကိုထောင်း၊ ဆီထပ်သတ် ခရမ်းချဉ်သီးတွေ ပျော်ပြီးဆီဝှေ့တက်လာမှ ကြော်ထားတဲ့ ငါးတွေကို ထည့်လိုက်သည်၊

ဟိုက်ရှားပါး စားကြမယ်ဟေ့ ကောင်းကောင်း ထက်ပင် အနံ့အရသာက မွေးပျံနေသည်၊
မီးသုံးလေးမီးလောက် ဆူပွက်ပြီး ဆီလေးတွေဝေ့တက်လာတော့ ငါးဟင်းချက်ကို မီးဖိုပေါ်က ချလိုက်သည်၊

ထမင်းပေါင်းအိုးကြည့်လိုက်တော့ ထမင်းလဲကျက်နေပြီ၊ ဟင်းလဲအဆင်သင့် ခနနားပြီး ရေချိုးမယ်၊ ရေချိုးပြီး ငါးကြောက်နှပ်ဟင်းနဲ့ ဆွမ်းကောင်းကောင်းဘုန်းမယ်။

ဒီနေ့ ကျောင်းကလဲ ပိတ်တော့ အေးဆေး thesis အတွက် စာတွေကြည့်မယ်၊ ရေးမယ်၊
ကိုယ့်အတွေးနဲ့ကိုယ်ပျော်နေသည်၊ သူငယ်ချင်းအခန်းလှမ်းကြည့်တော့ တိတ်ဆိတ်နေဆဲ သူလဲ ကျောင်းပိတ်ရက်မို့ အနားယူနေဟန်တူသည်၊

ရေချိုးမခင် ချွေးလေးတွေ တိတ်သွားအောင် အခန်းအတွင်းမှာ ခနလေး အင်တာနက်ဖွင့် သတင်းဖတ်၊ ဖေစဘုတ်လေးကြည့်လုပ်နေလိုက်သည်၊ ချွေးတိတ်တာနဲ့ ရေချိုးလိုက်သည်၊ ရေချိုးပြီး ဗိုက်က တဂွီဂွီမြည်လာသည်၊ မနက်က ဘုန်းပေးထားတဲ့ မုန့်ဟင်းခါးတို့
ဘယ်တွေရောက်ကုန်ပြီ မသိ၊ တဂွီဂွီမြည်တဲ့ ဗိုက်ကို ဖြည့်ဖို့ မီးဖိုဆောင်ထဲက ထမင်းစားပွဲမှာ ထိုင်၊ ကိုယ်တိုင်ခူးခပ် ကိုယ်တိုင် ကိုယ်ဘာသာကပ်လိုက်ပြီး ၊ငါးကြောက်ဟင်းနဲ့ စပြီး တစ်လုပ်လွေးလိုက်သည်၊

ဟိုက် --------- ဘာဖြစ်ပါလိမ့်
ထမင်းလုပ်ထဲတွင် ကျိ ကျိ၊ တကျိကျိနဲ့ သဲမှုံတို့ နေရာယူနေပါရောလား
မှန်းစမ်း ဧကန္တဘယ်က ပါလိမ့်၊

သြော်လက်စ သတ်တော့ မနက်က ငါးသည်ကြီးက ငါးတွေကို လူသွားလမ်းပေါ် မှာပဲ ခုတ်ထွင်ပေးလိုက်သည်။ ကိုယ်က ရေစင်အောင် မဆေးဖြစ်ခဲ့ တရားခံက ဘွားကနဲတန်းပေါ်သည်၊ သူများမဟုတ် ကိုယ်ကိုယ်တိုင် ပေါ့လျှော့ခဲ့ခြင်းကြောင့် စားရမှာလဲ

သဲတရှပ်ရှပ် လွှင့်ပစ်ရမှာလဲ အဆီတ၀င်းဝင်းနဲ့ ငါးကြော်ဟင်းဖြစ်ရပြီ၊ တတ်နိုင်ဘူးလေ သူများအပြစ်မဟုတ် ကိုယ်အပြစ်ကြောင်းဖြစ်တဲ့ ငါးကြော်ဟင်းကို ကြိတ်မှိတ်ပြီး ပေစ္စဝေက္ခနာဆင်ခြင်ရင်း တစ်လုပ်ချင်း တစ်လုပ်ချင်း ပါးစပ်အတွင် ပစ်သွင်းနေမိတော့သည်။ ။
×××××××××××××××××××××××××××××××××××××

သြော် ဘ၀ဆိုတာ တစ်ခါတစ်ခါ စားရခါနီးမှ ပြစ်လိုက်ရတာ ရှိသလို၊ စားရမှာလဲ သဲတရှပ်ရှပ် ပစ်ရမှာလဲ အဆီတ၀င်းဝင်းနဲ့ ကြုံတတ်ပါကလား။ ။

ရွှေမန်းသား အရှင်အကုင်္ရ ( အိန္ဒိယတောင်ပိုင်း အနမလိုင်း)
၁၁.၁.၂၀၁၅

Thursday, 8 January 2015

ပကတိ လူသား စစ်စစ်


+++++++++++++++++++++++++
လူသည် ဟန်ဆောင်မှုကို ခွါချလိုက်သောအခါ
ရိုးသားခြင်းကို ပက်ပင်းတွေ့ရတတ်သည်
ရိုးသားမှုကို ယဉ်ကျေးမှုတွေနှင့် ဘောင်ခတ်လိုက်သော အခါ
ဟန်ဆောင်မှုတွေက မသိမသာ နေရာ ၀င်ယူတတ်လေသည်

မြတ်ဗုဒဟောကြားခဲ့သော “၀ိနယောစ သုသိက္ခိတော-စည်းကမ်းဥပဒေသတွေကို ကောင်းစွာတတ်သိနားလည်ခြင်း”၊ ဆိုသော မင်္ဂလာတရားတော် အဆုံးအမကို လက်ကိုင်ထားကြမည်ဆိုလျှင် ဟန်ဆောင်မှုများကို ကောင်းကောင်းခါထုတ်နိုင်ပြီး လူသားသည် ပကတိအတိုင်း ရှင်သန်နိုင်ပြီး ရိုးသားမှုနှင့် ယဉ်ကျေးမှုတို့ဟာ လူသားတိုင်းကိုယ်စီမှာ သဟဇာတမျှနိုင်လိမ့်မည်ဟု ထင်မြင်မိသည်။
××××××××××××××××××××××××××××××××
ရွှေမန်းသား အရှင်အကုင်္ရ

Wednesday, 7 January 2015

အိပ်မက်များ


××××××××××××××××××××××××
တစ်ခါတစ်ခါ အိပ်မက်တွေကို လိုက်ဖမ်းဖြစ်နေသည်၊ အိပ်မက်တို့သည် လိုက်ဖမ်းခါမှ ဖမ်းဆုပ်ဖို့ ခက်နေသည်။ သူ့တို့တစ်တွေက ဖမ်းလေလေ အလှမ်းဝေး လေလေသာ ဖြစ်နေသည်၊
မက်ခဲ့ဖူးတဲ့ အိပ်မက်တွေကို ပြန်စဉ်ကြည့်တော့ မပီဝိုးတ၀ါး မသဲကွဲတော့၊ တစ်ချို့က အဖြူရောင် ခပ်ဖျော့ဖျော့ တစ်ချို့က အနီရဲရဲ၊ တစ်ချို့ကြတော့ အပြာဖက်ခပ်ပြေးပြေး တစ်ချို့က အ၀ါတစ်စက် အဖြူတစ်ကွက် ပြိုးပြိုးပျက်ပျက်နဲ့ ပျက်ပြယ်စပြုနေကြပြီ၊
ဒါပေမယ့် မက်ခဲ့ဖူးတဲ့ အိပ်မက်တွေကို ပြန်လွမ်းဖြစ်နေသေးသည်၊ အိပ်မက်တွေကို ထပ်မက်ချင်နေသေးသည်၊

အိပ်မက် မက်တိုင်း အအိပ်ပျက်ခဲ့ရတာကို အမှတ်မရှိသော နှလုံးသားက အိပ်မက်တွေကို ဆာလောင်ဆဲ ဆာလောင်မြဲ အိပ်မက်တွေနဲ့ ခပ်ဝေးဝေးပြေးခွါနေရတာကို မုန်းတီးစိတ်ဝင်နေမိသည်။
ဦးနှောက်မှ ထုတ်လွှတ်လိုက်သော အရောင်တောက်တောက်တွေကတော့ အိပ်မက်တွေနဲ့ ဆန့်ကျင်ဘက်ကို သွားရောက်ဖို့ တွန်းအားဖြစ်စေသည်၊ ဦးနှောက်က အလုပ်လုပ်နေချိန်မှာတော့ အိပ်မက်တွေနဲ့ ဝေးဖြစ်နေသည်။
ဒါပေမယ့် အိပ်မက်မက်နေတာသည် ဦးနှောက်က မဟုတ်ပဲ နှလုံးသားက ဖြစ်နေသည်၊
နှလုံးသားက ဆာလောင်တိုင်း အိပ်မက်တွေကို တပ်မက်ဖြစ်နေဦးမှာ သေချာသည်။
နှလုံးသား ရှိသူတိုင်းမှာ ညတွေရှိနေလိမ့်ဦးမည်။ ညတွေရှိနေသရွေ့ အိပ်မက်တို့ ဆက်မက်ဖြစ်နေလိမ့်မည်။ ။
+++++++++++++++++++++++++++++++++
နှလုံးသားရှိသူတိုင်း အိပ်မက်လှလှ မက်ပါစေ
သစ္စာမိုးဝေ

စိတ်ပူတယ်



`+++++++++++++++++
မင်း ထွက်သွားတာကို ၀မ်းမနည်းပါဘူး၊
မင်း လမ်းခုလတ်မှာ အဆင်မပြေဖြစ်မှာကို တွေးပြီး စိတ်ပူနေမိတာပါ၊
မင်း ပြန်မလာမှာကို ၀မ်းမနည်းပါဘူး
မင်း တစ်ယောက်ယောက်ဆီမှာ အေးမြမှုမရမှာကို
စိုးရိမ်နေမိတာပါ
မင်း အဆက်အသွယ်မလုပ်တော့တာကို ၀မ်းမနည်းပါဘူး
မင်း အရာအာလုံးနဲ့ အဆက်မသွယ်ပြတ်နေမှာကို
စိတ်ပူနေတာပါ၊
--------------------------------------------------------
( သစ္စာမိုးဝေ)

Thursday, 1 January 2015

ကံကြမ္မာရေယာဉ်ကြောမှာ


တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် တစ်ဦးနဲ့တစ်ဦးဟာ ရုပ်နာမ်ချင်းတူကြပေမယ့် စိတ်ခံစားချက်ခြင်းက ကွဲပြားကြလေတော့ ကံအလုပ်တွေဟာလဲ ကွဲပြားနေကြဦးမှာပါ။
သတ္တဝါတွေဆိုတာ ကိုယ်လုပ်တဲ့ ကံအကြောင်းတရားတွေက အလွှင့်ခံရတဲ့ ဗေဒါလေးတွေပါ၊ ပြုခဲ့တဲ့ ကံချင်းတူခဲ့ကြလို့ သံသရာဘုံမှာ တစ်ခနတာ လာရောက်ဆုံတွေ့ကြရပြီး ပြုခဲ့တဲ့
ကံတရားတွေ ကုန်ခမ်းသွားကြရင်လဲ သံသရာဘုံထဲမှာပဲ တစ်ယောက်နဲ့ တစ်ယောက် တစ်ဦးနဲ့ တစ်ဦးဟာ ခွဲခွါကွဲကွာ ကြရဦးမှာ၊
ခွဲခွါကွဲကြရတော့လဲ အတတ်နိုင်ဆုံး အမုန်းမဖက်ပဲ ပြုံးလျှက်ခွဲခွါကွဲကွာဖို့တော့ လိုတာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ တစ်ရက်ရက် တစ်ချိန်ချိန်ကြရင် သံသရာဘုံမှာ ကံကြမ္မာတွေ မကုန်သေးရင် ပြန်လည်တွေ့ဆုံကြရဦးမှာမို့ပါ၊
ရွှေမန်းသား အရှင်အကုင်္ရ
( ဒီနေ့ thesis ရေးနေရင်း ဖတ်နေတဲ့ စာအုပ်ထဲက ကံအကြောင်းကို critical thinking လုပ်မိတာလေးပါ၊)

အေးငြိမ်းရာ အရပ်ဆီ