အရှင်သူတော်မြတ်ဘုရား..
ရိုသေလေးစားရှိခိုး လျှောက်ထားအပ်ပါသည်ဘုရား ..တပည့်တော် သိချင်တာလေးတစ်ခုမေးခွင့်ပြုပါဘုရား ဗုဒ္ဓဘာသာ၏ ဓမ္မကျမ်းဂန် ဖြစ်တဲ့ “သုတ်၊ ဝိနည်း၊ အဘိဓမ္မာ” ဟုဆိုအပ်သော ပိဋကသုံးပုံ ကို တပည့်တော်တို့လို သာသနာ့ဘောင်မှမဟုတ်တဲ့ လူဝတ်ကြောင် တွေကောသိထားတတ်ထားသင့်ပါသလားဘုရား..
ထိုပိဋကသုံးပုံ၌ပါရှိသော ဗုဒ္ဓနှင့် ဗုဒ္ဓ၏တပည့်သာဝကများ ညွှန်ကြား ဟောပြထားခဲ့သော အဆုံးအမ တရားဒေသနာများကို
“ဗုဒ္ဓစကား” ဟူ၍ အစဉ်အလာအရ သာ သိရှိထားတဲ့ တပည့်တော် အနေနဲ့ ဘယ်ကစလေ့လာရမှာပါလဲ ဘုရား.. ဖြေကြားပေးကြပါလို့ ဘုန်းဘုန်းအရှင် တို့ကို လေးစားစွာတောင်းပန်အပ်ပါသည်ဘုရား..
မယ်လေး
မယ်လေး မေးထားတဲ့ မေးခွန်းတွေကိုကြည့်ရင် အချက်နှစ်ခုကို မေးထား တာ တွေ့ရပါတယ်၊ ပထမ တစ်ချက်က မြတ်စွာဘုရား ဟောကြားတော်မူ ထားခဲ့တဲ့ သုတ်၊ ၀ိနည်း၊ အဘိမ္မာတွေကို သာသနာဘောင်မှာ မဟုတ်တဲ့ သာမာန်လူဘောင်က လူတွေသိထားသင့်သလားဆိုတဲ့ အချက်ရယ်၊
နောက်တစ်ခါ ဒုတိယ အချက်က အဲဒီမြတ်စွာဘုရား ဟောကြားထားတဲ့ တရားတော်တွေကို လေ့လာမယ်ဆိုရင် ဘယ်က လေ့လာရမလဲ ဆိုတဲ့ မေးခွန်းတွေပဲဖြစ်ပါတယ်၊
ပြောခဲ့တဲ့ အချက်နှစ်ချက်ထဲက ပထမဆုံးဖြစ်တဲ့ မြတ်စွာဘုရား ဟော ကြားတော်မူထားခဲ့တဲ့ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာတွေကို သာသနာဘောင် မှာ မဟုတ်တဲ့ သာမာန်လူဘောင်က လူတွေသိထားသင့်သလားဆိုတာကို အရင် ဖြေပေးပါမယ်၊
အဲဒီမေးခွန်းကို အတိုဆုံးအနေနဲ့ ဖြေရရင်တော့ ၊ သိထားသင့်တယ်လို့ ဖြေပေးရပါမယ်၊
ဘာကြောင့်လဲဆိုရင် မြတ်စွာဘုရားက သူရဲ့တရားတော်တွေကို ဘယ်သူတွေတော့ သင်ကြားရမယ်၊ ဘယ်သူတွေတော့ မသင်ကြားရဘူး၊ သိမထားရဘူးလို့ ခွဲခြားပိုင်းခြားပြီး ဟောကြားထားတာ မဟုတ်ပါဘူး၊
လေ့လာချင်ရင် ၊ သိထားချင်ရင်တယ်ဆိုရင် အားလုံးအတွက် လေ့လာဖို့ သင်ကြားဖို့ ဟောကြားထားခဲ့ပါတယ်၊
တခြားဘာသာတွေမှာတော့ ဒီလိုမဟုတ်ပဲ အဆင့်မြင့်တဲ့ ကျမ်းဂန်တွေကို အမျိုးသမီးတွေမသင်ရ၊ မလေ့လာရ၊ ဇာတ်နိမ့်တဲ့သူတွေ မသင်ကြားရ၊ မလေ့လာရဆိုတဲ့ စည်းကမ်းကန့်သတ်ချက်တွေရှိပါတယ်၊ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားတော်တွေကတော့ အဲဒီလိုမဟုတ်ပါဘူး၊ အခြေနေ မရွေး အဆင့်တန်းမခွဲခြားဘဲ ဘယ်လိုလူပဲဖြစ်ဖြစ် လေ့လာလို့ရပါတယ်၊
ဒါကို ထင်ရှားအောင် ဥပမာလေး တစ်ခုပေးရမယ်ဆိုရင် မြတ်စွာဘုရားရှင် လက်ထက်က သာမာဝတီမိဖုရားကြီးဆီမှာ ပန်းတော်ဆက်သရတဲ့ ခါးကုန်းနေတဲ့ အပျိုတော်တစ်ယောက်ရှိပါတယ်။ အဲဒီအပျိုတော်ဟာ မြတ်စွာဘုရားကျောင်းတော်ကို နန်းတော်က ဥတေနမင်းကြီးမသိအောင် ခိုးခိုးသွားပြီး တရားတော်နာပါတယ်၊ သင်ကြားပါတယ်၊ အဲဒီလို နာကြား လာတာ၊ သူသင်ကြားလာတာကို နန်းတော်ပြန်ရောက်တဲ့ အခါ သာမာဝတီ မိဖုရားနဲ့ ကျန်ခဲ့တဲ့ သူတို့နန်းဆောင်က အပျိုတော်ငါးရာကို ပြန်လည်ဟောပြ သင်ကြားပြသပေးပါတယ်။
အဲဒီလိုနဲ့ အဲဒီခါးကုန်နေတဲ့ အပျိုတော်လေးဟာ နေ့စဉ်အဲဒီလို ကျောင်းတော်သွားပြီး မြတ်စွာဘုရားရဲ့ တရားတော်တွေကို သင်ကြားလိုက်၊ နာကြားလိုက်၊ နန်းတော်ပြန်ရောက်တော့ တစ်ခါ သာမာ ၀တီမိဖုရားနဲ့ နန်းတွင်းအပျိုတော်ငါးရာကို ပြန်လည်သင်ကြားပြသပေး လိုက်လုပ်လာလို့ နောက်ဆုံးမှာ သူမဟာ ပိဋကတ်သုံးပုံတောင် ဆောင်နိုင်တဲ့ သူတစ်ယောက်အဖြစ် ကျော်ကြားလာပါတယ်၊
ဒီဥပမာလေးကို ကြည့်မယ်ဆိုရင်လဲ မြတ်စွာဘုရားရဲ့ တရားတော်တွေကို လူသာမာန်တွေလဲ တတ်ထားသင့်ပါတယ်၊ တတ်လဲတတ်သင့်ပါတယ်လို့ ဖြေကြားရပါတယ်။
နောက်တစ်ခု ဥပမာကတော့ ပါးစပ်ရာဇ၀င်အရ ကြားဖူးတဲ့ ပုဂံခေတ်က အမျိုးသမီးတွေဟာ မြတ်စွာဘုရားရဲ့ တရားတော်တွေကို သင်ကြားကြ ပါတယ်၊ သူတို့အချင်းချင်း စကားပြောရင်တောင် ဟေ့ ယောင်းမရေ ဒီနေ့ သင်္ဂြိုဟ်ဘယ်လောက်ရလဲ၊ သဒ္ဒါသုတ်စဉ် ဘယ်နှစ်ပုဒ်ရလဲ စတာတွေနဲ့ ပြောကြားမေးမြန်း နှုတ်ခွန်းဆက်ကြပါသတဲ့၊ ပြန်ဖြေကြပြန်တော့လဲ ဒီနေ့ ကလေးထိန်းနေရလို့ သဂြီင်္ုဟ်က စိတ်ပိုင်းပဲရပါတယ်အေ၊ လို့ စတာတွေနဲ့ ပြောဆိုကြတယ်လို့ မှတ်သားဖူးပါတယ်၊
ဒါကြောင့် မြတ်စွာဘုရားတရားတော်တွေကို သာမာန်လူတွေ သင်ကြား သင့်ပါတယ်။ သင်ကြားလဲ သင်ကြားဖို့ တာဝန်ရှိပါတယ်၊
ဘာလို့လဲ ဆိုရင် မူလတန်းကျောင်း၊ အထက်တန်းကျောင်း၊ တက္ကသိုလ် ကျောင်းတွေမှာ သင်ကြားပေးတဲ့ အသက်မွေးမှုပညာတွေဟာ လက်ရှိပစ္စုပ္ပန်ဘ၀အတွက်ပဲ အထောက်အကူပြုမှာပါ၊ နောက်နောင်ဘ၀ အတွက် အထောက်အကူပြုဖို့က မသေချာသလောက်ပါ၊
ဒီထက်ပိုသေချာတာပြောရရင် မြန်မာ့ယဉ်ကျေးမှု ၇၅%ဟာ ဘာသာရေး အပေါ်မှာ အခြေခံထားပါတယ်။ ဘာသာရေးကို တိတိကျကျ ဂဂဏဏ သိထားမှ ကိုယ်ရဲ့ ယဉ်ကျေးမှုကို မြတ်နိုးတတ်မှာပါ၊
ဒါကြောင့် မြတ်စွာဘုရား တရားတော်တွေကို သာမာန်လူတွေဟာ လက်ရှိဘ၀ကော စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာဖြစ်ဖို့နဲ့ နောင်ဘ၀တွေမှာ လဲ စိတ်ချမ်းသာ၊ကိုယ်ချမ်းသာနဲ့ လျှောက်လှမ်းနိုင်ဖို့ သင်ကိုသင်ကြား သင့်ပါတယ်လို့ ဖြေကြားလိုက်ပါရစေ၊
အခုတစ်ခါ ဒုတိယမေးခွန်းဖြစ်တဲ့ မြတ်စွာဘုရားရဲ့တရားတောတွေကို လေ့လာသင်ယူမယ်ဆိုရင် ဘယ်က စလေ့လာရမလဲ ဆိုရင် ၊
မိမိ ရဲ့ဥာဏ်နဲ့ အဆင်ပြေမယ့် တရားတော်က စလေ့လာပါလို့ ဖြေပါရစေ၊
ဘာလို့လဲ ဆိုရင် မြတ်စွာဘုရားလက်ထက်က စူဠပန်လို့ ခေါ်တဲ့ ရဟန်း တစ်ပါးရှိခဲ့ဖူးပါတယ်၊
အဲဒီစူဠပန်ကို သူအစ်ကိုကြီးက သာသနာဘောင်ကို သွင်းပေးပြီး ပိဋကတ် သုံးပုံတတ်အောင် စာသင်ပေးပါတယ်။ ဒါပေမဲ့ စူဠပန်ဟာ ဥာဏ်ထိုင်း လွန်းလို့ ရှစ်ကြောင်းရှိတဲ့ စာပိုဒ်ဂါထာလေး တစ်ဂါတောင် ၀ါတွင်း သုံးလ ကျက်တာ မရရှာဘူးတဲ့၊
အဲဒီလိုဖြစ်နေတော့ သူအစ်ကိုကြီးက စိတ်ဆိုးပြီး၊ မင်းကွာ ဒီဂါထာလေး တစ်ဂါထာတောင် သုံးလကျက်တာမရရင် မင်းနဲ့ သာသနာနဲ့ မထိုက်တန် ပါဘူး၊ လူထွက်တော့ကွာလို့ ပြောဆို ကျိန်းမောင်းပါတယ်၊ ဆူပါတယ်။
အဆူခံရတဲ့ စူဠပန်လဲ စိတ်ဓာတ်ကျကျနဲ့ လူထွက်တော့မယ်ဆိုပြီး အစောကြီး အိပ်ယာကထပြီး ကျောင်းအပေါက်ဝကို ထွက်လာပါတယ်။ အဲဒီမှာ မြတ်စွာဘုရားနဲ့တွေ့လို့ ချစ်သာ ဘယ်သွားမလို့လဲ မေးတော့ ၊ စူဠပန်က ဖြစ်ကြောင်းကုန်စင် လျှောက်တင်တော့ ၊ မြတ်စွာဘုရား ချစ်သား ဘာဖြစ်လို့ ငါဘုရားဆီမလာသလဲလို့ ဂရုဏာနဲ့ပြောဆိုပြီး၊ လာခဲ့ ချစ်သား လူမထွက်နဲ့၊ ချစ်သားကို ငါဘုရား တရားပေးမယ်ဆိုပြီး၊
စူဠပန်နဲ့ သင်တော်တဲ့ တရားဖြစ်တဲ့ စွတ်စွတ်ဖြူနေတဲ့ လက်ကိုင် ပုဝါလေး တစ်ထည်ပေးပြီး၊ ချစ်သား အဲဒီလက်ကိုင်ပုဝါအဖြူလေးကို လက်ကလေးနဲ့ ခြေခြေပေးပြီး တရားမှတ်ခိုင်းပါတယ်၊ အဲဒီလို တရားမှတ် နေရင်းနဲ့ ခြေနေတဲ့ အ၀တ်ကလေးက တဖြေးဖြေး ညစ်ထေးလာတာတွေ့ လာပါတယ်၊ အဲဒီမှာ အော် ဒီဖြူနေတဲ့ အ၀တ်ကလေး ညစ်ထေးသလို လူတွေဟာလဲ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ညစ်ထေးနေပါလားလို့ တရား သဘောပေါက်ပြီး ၊ ပဋိသမ္ဘိဒါလေးနဲ့ အတူ ရဟန္တာဖြစ်သွားပါသတဲ့ ၊ ရဟန္တာဖြစ်သွားတော့ စူဠပန်မထေရ်ဟာ ပိဋကတ်သုံးပုံကိုလဲ သင်စရာ၊ ကြည့်စရာမလိုပဲ တတ်မြောက်သွားပါသတဲ့၊
ဒီသာဓကလေးကို ကြည့်ရင် ရှစ်ကြောင်းရှိတဲ့ ဂါထာလေးတစ်ခုကိုတောင် သုံးလကျက်တာမရတဲ့ စူဠပန်ဟာ၊ ဆရာကောင်းဖြစ်တဲ့ မြတ်စွာဘုရားရဲ့ လမ်းညွှန်မှုခံရတော့ ခဏလေးနဲ့ ရဟန္တာလဲ ဖြစ်တယ်။ ပိဋကတ်သုံးပုံကို လဲ တတ်မြောက်တယ်ဆိုတဲ့ အကျိုးကိုရတာတွေ့ရပါတယ်။
ဒါကြောင့် မြတ်စွာဘုရားရဲ့ တရားတော်တွေကို လေ့လာသင်ယူမယ်ဆို ရင်၊ ဆရာကောင်းနဲ့သင်ယူဖို့လဲ လိုအပ်ပါတယ်လို့ ဖြေကြားပါရစေ၊
ဘယ်ကစသင်ယူရမလဲဆိုတာကို အကြံပြုရရင်တော့ သာမာန်လူတွေ အတွက်ကတော့ သုတ္တန်တရားတွေကို စသင်တာအကောင်းဆုံးဖြစ်မယ် ထင်ပါတယ်၊
ဘာကြောင့်ဒီလိုပြောရသလဲ ဆိုရင် သုတ္တန်တွေက များသောအားဖြင့် ဇာတ်ကြောင်းလေးတွေနဲ့ဟောထားတာများလို့ပါ၊ အဲဒီတော့ သင်ရတာ မပျင်းတော့ဘူးပေါ့၊
ဝိနည်းတွေကျတော့ ရဟန်းတွေနဲ့ ၊ ဘက္ခုနီ၊သာမဏေတွေအတွက် ဟောထားလေတော့ သင်ကြားရတာ ခက်ခဲနေမှာပါ၊ အဘိဓမ္မာဆိုတာက လဲ သဘာဝတရားတွေကို ခွဲခြမ်းစိတ်ဖြာကြေားထားလေဟော အစဆုံး သွားသင်ကြားလိုက်မယ်ဆိုရင် ပျင်းရိငြီးငွေ့သွားနိုင်ပါတယ်၊
ဒါကြောင့် အစဆုံးမှာ သုတ္တန်ထဲက ဇာတ်တော်လေးတွေ၊ ဓမ္မပဒ၀တ္ထု လေးတွေကို စသင်ကြားတာ အကောင်းဆုံး ဖြစ်မယ်ဆိုတာ မေတ္တာရှေ့ထား ဖြေကြားလိုက်ပါတယ်၊
ချမ်းမြေ့ပျော်ရွှင် ပါစေ၊
ရွှေမန်းသာ အရွင္အကုၤရ

No comments:
Post a Comment