Tuesday, 4 December 2012

ညီမလေး ဖတ်ဖို့ ( ၇)


လောဘကြီးတဲ့ ရွဲကုန်သည်


ညီမလေးရေ ဒီတစ်ခါ ညီမလေးကို လောဘကြီးတဲ့ ရွဲကုန်သည် တစ်ယောက် အ ကြောင်းပြောပြချင်တယ်၊

ဟိုးလွန်ခဲ့တဲ့ ငါးကမ္ဘာလောက်ကတဲ့  ညီမလေးရေ၊  သေရိဝလို့ခေါ်တဲ့ တိုင်းပြည်ကြီး မှာ ရွဲကုန်သည် နှစ်ယောက်ရှိသတဲ့၊ အဲဒီရွဲကုန်သည် နှစ်ယောက်မှာ တစ်ယောက်က ရိုးသားပြီး၊ တစ်ယောက်ကကြတော့ လောဘကြီးသတဲ့ ညီမလေးရေ၊
အဲဒီလိုနဲ့ တစ်နေ့မှာ ရွဲကုန်သည်နှစ်ယောက်ဟာ သူတို့နေတဲ့မြို့ကနေ မြစ်တစ်ဘက် ကိုကူးပြီး အန္ဒပူရဆိုတဲ့ မြို့ဘက်ကို ရွဲရောင်းသွားကြသတဲ့၊
အန္ဒပူရမြို့ကိုရောက်တယ်ဆိုရင်ပဲ ပါလာတဲ့ ရွဲတွေကို ရောင်းဖို့ နှစ်ယောက်သား။ သူရောင်းမယ့် နေရာနဲ့ ကိုယ်ရောင်းရယ့် နေရာကို သတ်မှတ်ပြီး ရပ်ကွက်တွေ အတွင်း လှည့်လည်ပြီးရောင်းကြသတဲ့

အဲဒီလိုရောင်းနေချိန်မှာ လောဘကြီးတဲ့ ရွဲကုန်သည်ဟာ ရပ်ကွက်တစ်ခုအရောက် မှာ အထည်ကြီးပျက်မိသားစု တစ်ခုက ကျန်ရစ်ကြတဲ့ မြေးအဖွားနှစ်ယောက်နေ တဲ့ အိမ်ကြီးတစ်အိမ်ရှေ့ကို ရောက်သွားရော၊ ပါးစပ်ကလည်း ရွဲသည်မြို့ဗျို့ ၀ယ်ကြဦး မလား၊ ရွဲသည်ဗျို့ ၀ယ်ကြဦးမလားနဲ့ တကြော်ကြော်အော်လာတာပေါ့၊
ရွဲသည်အော်သံကြားရတဲ့ မြေးမလေးလည်း သူ့အဖွားကို ရွဲဝယ်ပေးဖို့ ပြောရှာတယ်၊

ဒါပေမဲ့ သူတို့မှာ ဆင်းရဲကြတော့ ၀ယ်စရာပိုက်ဆံ တစ်ပြားတစ်ချပ်မှ မရှိရှာဘူးတဲ့ ညီမလေးရေ၊
ဒါနဲ့ အိမ်ထဲလျှောက်ကြည့်လိုက်တော့ ကြေးတွေအထပ်ထပ် တက်နေတဲ့ ရွှေခွက် အဟောင်းကြီးကို တွေ့ပါရော၊
အဖွားဖြစ်တဲ့သူကလဲ သူ့မြေးမလေး ရွဲရအောင် တို့ကိုကွယ် ဒီခွက်နဲ့ တန်တဲ့ရွဲကို ပေးပါလို့ ရွဲသည်ကို ပြောရှာတယ်၊
ရွဲကုန်သည်ကလဲ ကြေးတွေတက်နေတဲ့ခွက်ကြီးကို သံနဲ့ခြစ်ကြည့်လိုက်တယ် ဆိုရင်ပဲ ရွှေခွက်ဆိုတာ သိတယ်လေ၊ ဒါပေမဲ့ သူက လောဘကြီးတဲ့ အတွက်ကြောင့်
ဟန်ဆောင်ပြီး ခင်များတို့ ခွက်စုတ်ကြီးက ဘာတန်မှာလဲ၊ ကျုပ်အတွက် ဘာလုပ်လို့ ရမှာလဲ လို့ပြောပြီး ခွက်ကြီးကို အဝေးအိမ်အပြင်ဘက် လွှတ်ပစ်လိုက်တယ်တဲ့ ညီမလေးရေ၊
လောဘကြီးတဲ့ရွဲကုန်သည်ဟာ သူအကြံနဲ့သူ နောက်တစ်ခေါက်ပြန်လာပြီး ဈေးပေါပေါနဲ့ လာယူမယ်ဆိုပြီး စိတ်ဆိုးဟန်ပြပြီး အဲဒီအိမ်က ထွက်သွားသတဲ့ ညီမလေးရေ၊

လောဘကြီးတဲ့ ရွဲကုန်သည် ထွက်သွားပြီးလို့ မကြာခင်မှာပဲ ညီမလေးရေ၊ အဲဒီအိမ် ရှေ့ကို ရိုးသားတဲ့ ရွဲကုန်သည်ကရောက်လာပါလေရော၊
သူကလဲ ရွဲသည်ဗျို့ ၀ယ်ကြဦးမလား၊ ရွဲသည်ဗျို့ဝယ်ကြဦးမလား နဲ့ အော်လာတာ ပေါ့၊ မြေးမလေးကလဲ ရှေးကသွားတဲ့ ရွဲသည်ကို ပူဆာသလိုပဲ သူအဖွားကို ရွဲဝယ် ပေးဖို့ ပူဆာပြန်ရော၊
အဖွားကလဲ မြေးရယ် တို့မှာဘာနဲ့ဝယ်မလဲကွယ်လို့ ပြောရှာပြန်တယ်၊ မြေးမလေးက လည်း အဖွားရယ် ခုနကခွက်နဲ့ လဲပေးပါလားလို့ပြောပြန်တယ်၊
မြေးရယ် အဲဒီခွက်က ဘာမှတန်ဖိုးမရှိဘူးလို့ ခုနရွဲသည်က ပြောသွားတယ်မဟုတ် လားကွယ်
အဖွားရယ် အခုလာတဲ့ ရွဲသည်က သဘောကောင်းလောက်ပါတယ်၊ အဖွားရယ်လို့ ပြောတာကြောင့်

ရိုးသားတဲ့ ရွဲသည်ကို သူတို့အိမ်ကြီးထဲခေါ်လိုက်တယ်၊ နောက်ပြီး စောစောက ပြော ခဲ့တဲ့ ကြေးအထပ်ထပ် တက်နေတဲ့ ရွှေခွက်အဟောင်းကြီးကို ပြလိုက်တယ် တဲ့ ညီမလေးရေ၊
ရိုးသားတဲ့ ရွဲကုန်သည်ဟာ ခွက်ကြီးကို ကိုင်လိုက်တာနဲ့ ရွှေခွက်ကြီးဆိုတာ သိပါသ တဲ့၊ ညီမလေးရေ၊ ပြီးတော့ သူကနေ အဖွားရယ် ဒီရွှေခွက်က အသပြာ ငါးရာတန်တယ်၊ ကျွန်တော်မှာ ဒီလောက်တန်ကြေးရှိတဲ့ ပစ္စည်းမပါ ပါဘူးဗျာလို့ ရိုးရိုးသားသား ပြောပြရှာတယ်၊

အဲဒါနဲ့ အဖွားဖြစ်တဲ့သူက ကွယ် မင်းကုသိုလ်နဲ့ မင်းဖြစ်လာတာပဲ၊ ယူသွားပါ တို့ကို သာ ရွဲတွေပေးခဲ့ပါလို့ပြောတာနဲ့ ၊
ရိုးသားတဲ့ ရွဲကုန်သည်ဟာ အပြန်ခရီးလှေဖိုး ငါးအသပြာနဲ့ ချိန်ခွင်လေးပဲ ယူပြီး၊ ကျန်သမျှရွဲတွေ အကုန်ပေးခဲ့ပြီး၊ မြစ်ဆိပ်ကို ဒုန်းစိုင်းပြေးခဲ့သတဲ့ ညီမလေးရေ
မြစ်ဆိပ်ရောက်တယ်ဆိုရင်ပဲ လှေသမားကို ငါးအသပြာပေးပြီး၊ မြန်မြန်လှော်ဖို့ ပြောလိုက်တယ်တယ်

အဲဒိအချိန်မှာ လောဘကြီးတဲ့ ရွဲကုန်သည်ဟာ အခုနက မြေးအဖွားအိမ်ကို အကြံဆိုး ကြီးနဲ့ တစ်ခေါက်ထပ်ရောက်လာပြီး၊
စောစောကပြခဲ့တဲ့ ခွက်ကို ပေးပါလို့တောင်းသတဲ့၊ အဖွားဖြစ်တဲ့သူက မင်းက လူယုတ်မာပဲ ရွှေခွက်ကို ဘာတန်ဖိုးမှမရှိဘူးပြောတယ်၊ မင်းနဲ့ မထိုက်လို့ နောက် တစ်ယောက်ဝယ်သွားပြီးလို့ ပြောလိုက်တယ် ညီမလေးရေ။
အဲဒိလိုလဲ ပြောလိုက်ရော၊ လောဘကြီးတဲ့ ရွဲကုန်သည်ဟာ လောဘစိတ်တွေတက် လာပြီး တခြားတစ်ယောက်ဆိုတာ သူနဲ့ အတူလာခဲ့တဲ့ ရိုးသားတဲ့ ရွဲကုန်သည် ဖြစ်ရမယ် ဆိုပြီး၊
မြစ်ဆိပ်ကိုပြေးလိုက်ပါလေရော၊ သူမြစ်ဆိပ်ရောက်ချိန်မှာ ရိုးသားတဲ့ရွဲကုန်သည် ဟာ လှေနဲ့မြစ်လည်ခေါင်မှာ ရောက်နေပြီလေ၊
ဟေး လှေကိုပြန်လှည့်ခဲ့၊ ဟေး လှေကိုပြန်ခဲ့လို့ အော်ခေါ်ပေမဲ့ လှေသမားက ပြန်လှည့် မလာတော့ဘူးလေ၊

အဲဒီအချိန်မှာ လောဘကြီးတဲ့ ရွဲကုန်သည်ဟာ သူရသင့်ရဲ့သားနဲ့ မရလိုက်တဲ့ ရွှေခွက်ကြီးကို မျက်စိထဲ မြင်ရောင်ပြီး ပေး ပေး ငါ့ရွှေခွက်ပေး၊ ပေး ပေး ငါရွှေခွက် ပေး လို့ တစ်ကြော်ကြော်နဲ့ မြစ်ကမ်းပေါ်မှာ အော်ရင်း နှစ်လုံးသွေးတွေ ဆူပွက်လာပြီး  သေရှာသတဲ့ ကွယ်၊ နောက်ပိုင်း မောပြီး သေသွားရှာသတဲ့ ညီမလေးရေ

 ပုံပြင်လေးကတော့ ဒါပါပဲ ညီမလေးရေ၊
လောဘကြီးလာရင် လူဟာ ဘယ်လောက်များကြောက်စရာကောင်းလိုက်ပါ သလဲ၊ လူစိတ်ပျောက်သွားပြီး လောဘစိတ်တွေနဲ့ မရိုးမသားစိတ်တွေပေါ်လာတယ်နော်၊

နောက်ပြီး ကိုယ်ရသင့်တဲ့ ရွှေခွက်ကြီးကိုလဲ ကိုယ့်ရဲ့ မကောင်းတဲ့လေလာဘစိတ်ကြောင့်ပဲ လက်လွတ်ခဲ့ ရတယ်နော်၊

ဒါကြောင့် မြတ်စွာဘုရားက ဟောထားတာပေါ့ ညီမလေးရယ်၊ လောဘအပို လိုမလိုက်နဲ့ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ ဆိုတာလေ၊ ညီမလေးလဲ ကိုယ်ရသင့် တာထက် လိုချင်တာတွေဖြစ်လာရင် ၊  လောဘတွေနဲ့ စိတ်တွေ ရှုတ်ထွေးလာရင် ဒီပုံပြင်လေးကို သတိရလိုက်ပါနော်၊

ဒီနေရာမှာ ကြုံလို့ပြောလိုက်ဦးမယ်ညီမလေးရေ၊ သန္တုဋ္ဌီ- ရောင့်ရဲလွယ်တယ်ဆိုတာ ဘာမှ မလုပ်ပဲ ပျင်းကြောဆွဲပြီး ထိုင်နေတာ မဟုတ်ဘူးနော်၊
ကိုယ်ရသင့်တဲ့ အခွင့်အရေးထက် ပိုမယူတာ၊ ကိုယ်ရသင့်တဲ့ ပစ္စည်းထက် ပိုမသုံးတာ၊ ကိုယ်ရတဲ့ လစာနဲ့ လောက်ငအောင်သုံးတာ၊ လစာထက်ပိုပြီး  ပစ္စည်း တွေကို ၀ယ်ပြီး မသုံးတာကို ဆိုလိုတာနော်၊
သန္တုဋ္ဌီ- ရောင့်ရဲလွယ်ခြင်းဟာ မင်္ဂလာဆိုပြီး ဘာမှ မလုပ်ပဲ ထိုင်နေရမယ် ပြောတာ မဟုတ်ဘူးနော်၊

ကဲ ညီမလေးရေ နောက်ဆုံး ပြောပြရင် ခုနကပြောခဲ့တဲ့ ပုံပြင်လေးထဲက လောဘကြီးတဲ့ ရွဲကုန်သည်ဟာ အရှင် ဒေ၀ဒတ်လောင်လျှာဖြစ်သတဲ့၊ ရိုးသားတဲ့ ရွဲကုန်သည်ကတော့ အခု ဘဒ္ဒကမ္ဘာမှာပွင့်တော်မူသွားတဲ့ ဂေါတမဘုရားလောင်းဖြစ် ပါသတဲ့ ညီမလေးရေ၊

အရှင်ဒေ၀ဒတ်လောင်းက အဲဒီဘ၀ကနေ အစပြုပြီး ဘ၀ဆက်တိုင်း ဘ၀ဆက်တိုင်း ဘုရားအလာင်းတော်ကို ရန်ညှိုးဖွဲ့ပြီး ရန်သူလို တိုက်ခိုက်ဆက်ဆံတော့တာပဲတဲ့ ညီမလေးရေ၊
ကဲ ညီမလေးရေ ဒီလောက်ဆိုရင် လောဘကြီးတာဟာ ဘယ်လောက်ကြောက်စရာ ကောင်းတယ်ဆိုတာ သိလောက်ပြီးနော်၊

ညီမလေး လောဘကြီးမယ်လို့ စိတ်ထဲကြံမိရင် လောဘော အတ္ထံ န ဇာနာတိ= လောဘကြီးတဲ့ သူဟာ အကျိုးအကြေင်း အဆိုးအကောင်း မသိတော့ဘူးဆိုတဲ့ ဒေသနာ စကားလေးကို ကြားယောင်လိုက်ပါနော်၊





No comments:

Post a Comment