Wednesday, 20 August 2014

နံပါတ်မှားပွင့်တဲ့ ပန်း

နံပါတ်တစ် အမေနဲ့ အဖေ
နံပါတ်နှစ် ချစ်သူ
နံပါတ်သုံး သူငယ်ချင်း ယောင်းရင်း
ငယ်ပေါင်းကြီးဖေါ်
ကိုယ့်ကိုယ့်ကို နံပါတ်တပ်ဖို့ ကျော်သွားတဲ့ ကျွန်တော်
ပေါ်ရာပေါ်ရာ နံပါတ်တွေ စဉ်ကြည့်တော့
အမေနဲ့အဖေက နံပါတ်တစ်
ချစ်သူက နံပါတ်နှစ်
သူက ချစ်ချင်ချစ် မုန်းချင်မုန်း သုံးတော့ ဘယ်တော့မှ မဖြစ်
တစ်လဲဘယ်တော့မှ မရောက်

ဆုံးရှုံးတာခြင်းအတူတူ ချစ်သူဆိုတာက
အစားထိုးလိုရတဲ့ ဆယ်လီကွန်
မိဘဆိုတာက အစားထိုးမရတဲ့ မျက်စိနှစ်လုံး
စုံလုံးကန်းခဲ့ရင် ကျွန်တော် လမ်းဘယ်လိုလျှောက်မလဲ

လမ်းပျောက်တဲ့အခါတိုင်း
ကျွန်တော် ၀ါသနာပါရာ
ကဗျာတွေကို ဖက်တွယ်နေမိတယ် မေမေ
တစ်ချို့တလေက ကဗျာရေးတာကို အပြစ်တင်ကြ
တစ်ချို့တစ်လေက ကဗျာရေးရင် အသည်းကွဲတယ်ထင်ကြ
တစ်ချို့တစ်လေက ကဗျာရေးရင် အရောင်ပြောင်းမယ် မြင်ကြ
တကယ်တော့ ကျွန်တော့ဘ၀မှာ မေမေမရှိကတည်းက
ကဗျာဟာ ဖြေစရာ၊ ကဗျာဟာ နေစရာ
ဝေဒနာတွေကို ကြောငြာပြီး မငြီးမငြူ
ခရီးအတူလျှောက်ခဲ့တဲ့ မိတ်ဆွေရင်း
ပျင်းတဲ့အခါ သီချင်းလိုဆို ကဗျာကို ချစ်တာ ကဗျာကို စပ်တာ
အပြစ်လို့ ဆိုစရာလားဗျာ

ကဗျာကို မချစ် အပြစ်ဆို မကြိုဆိုခဲ့ရင်
ခင်များ ဖတ်နေတဲ့ ကဗျာ ဒီနေရာမှာ ရပ်လိုက်ပါ
ကျွန်တော် ကဗျာတွေကို ဆက်ချစ်ပါရစေ
ကျွန်တော် ကဗျာတွေကို ဆက်ရေးပါရစေ။ ။

သစ္စာမိုးဝေ
20.8.2014

No comments:

Post a Comment