ခန်းဆောင်ရွှေ ရဝေတွင်းမှာလ၊
ချမ်းပေါင်လေ တဖေတင်းသော်လည်း၊
ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန်။
မျက်တစ်ခတ်၊
ပြက်လျှပ်ကယ် တစ်ဗီဇနာမျှ၊
ထည်အလွှာ အကုန်ထွေးသော်လည်း၊
ကြည်အသာ မလုံသေးပါဘု၊
မှိတ်ပါလျှင် လိပ်ပြာက အေးတာမို့၊
သွေးလန့်လို့ခုန်။
ယမ်းယောင်ကာ တလျက်ညည်းမိတော့၊
သန်းခေါင်မှာ မြကြက်သီးတွေက၊
တဖီးဖီး ပျံ့လို့ငယ်အုံ၊
ဗျာဆုံတဲ့ ရာသီပဲ။
ငွေနှင်းငယ်မှုန်၊
လေညင်းရယ် တသုန်သုန်နှင့်၊
ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့၊
မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့၊
သည်ခေတ်မှာ သည်လိုဟာဖြင့်၊
သည်ကိုယ်မှာ သေသေလုပါပေါ့၊
ကမ္ဘာကို ဗြဟ္မာတို့ပြုခဲ့တယ်၊
ဆောင်းရတုပွဲ။ ။
( အချုပ်တန်းဆရာဖေ)
ကျွန်ုပ်သည် မန္တာဆောင်းကို သတိရတိုင်း အထက်ပါ အချုပ်တန်း ဆရာဖေ၏ ဆောင်းရတုတေးထပ်ကလေးကို ခဏခဏရွတ်မိလေသည်၊
ကျွန်ုပ်နဲ့ မန္တာဆောင်းမှာ စိမ်းလှသည်မဟုတ် ကျွန်ုပ်စာသင်သား ဘ၀တစ်လျှောက်လုံးတွင် အနေအများဆုံးမြို့ကို ညွှန်းဆိုပါဆိုလျှင် မန္တလေး ရွှေမြို့တော်ကြီးကို ညွှန်းဆိုရပေမည်၊
ကျွန်ုပ်သည် မန္တလေးရွှေမြို့တော်ကြီးတွင် စာပေသင်ကြားရင်း နေထိုင်ခဲ့ သည်မှာ ဆယ်စုနှစ်မကကြာလေသည်၊ ထို့ကြောင့်ပင် မန္တလာဆောင်း သည်လည်း ကျွန်ုပ်၏ရင်ထဲအသည်းထဲတွင်း စွမြဲထင်ကျန်ရစ်နေလေ သည်။
အနှီ မန္တာဆောင်းသည် ချစ်ဖို့ကောင်း၏၊ လွမ်းမောဖွယ်ရာဖြစ်၏၊ ခိုက် ခိုက်တုန်နေအောင် အေးလှ၏၊ ပူပြင်းလှသော အညာဒေသတွင် မန္တလာ ဆောင်းအရိပ်အောက်တွင် သွားလာလှုပ်ရှားရသည်မှာ ကြည်နူးဖွယ်ဖြစ်၏
ဆောင်းနှင်းအေးအေး လကွေးကွေးအောက်တွင် မန္တလေးရွှေတော်ကြီးက ဇာတ်တွေ၊အငြိမ်သဘင်တွေမှာ အရပ်တစ်ကာ ၊ ဘုရားပွဲများစွာတွင် ကလို့ကောင်း၊ ဆိုလိုကောင်းအောင်ရှိကြ၏၊ မန္တာရွှေမြို့သူ ရွှေမြို့တို့မှာ လည်း သူ့အရပ်နှင့် သူ့ဇာတ် အားပေးကြ၊ ကြည့်ရှုကြ ၊ မိုးစင်စင်လင်းမှ ပြန်ကြ၏၊ မန္တလာဆောင်းရဲ့ နှင်းဖွေးဖွေး ရာသီဥတုအေးအေးတွင် မန္တလာပွဲကြည့် ပရိတ်သတ်များမှာလဲ နွေးထွေးထွေး ရှိလှ၏။
ကျွန်ုပ် မစိုးရိမ်တိုက်သစ်ကြီးမှာ နေထိုင်စဉ်တွင် ဆောင်းမနက်ခင်း တိုင်း လမ်းလျှောက်ပြီးသားလဲဖြစ်ရ ဆွမ်းကိစ္စလဲအဆင်ပြေစေရန် ဘုံလောင်းတိုးခဲ့ဖူး၏၊ မန္တလာဆောင်းအေးအေး အောက်တွင် ကိုရင်ပေါက်စ ကလေးတွေနှင့် ပြေးရင်းလွှားရင်း ဘုံလောင်းလောင်းမည့် ဆွမ်းဒကာ၊ ဒါယိကာမအိမ်ရှာရင်း စ ၊ဒ ၊ဘ ၊၀ ၊ လုပ်ခဲ့ရသည်မှာ အခုအချိန်မှာ လွမ်းချင်စရာ၊ နှစ်ခါပြန်မရ နိုင်သော ငယ်မူငယ်သွေး လွမ်းစရာလေး တစ်ခုပင်။ စ၊ ဒ၊ ဘ၊ ၀၊ ဆိုသည်မှာ စောစောထ၊ ဒုန်းပြေး၊ ဘုံလောင်းတိုး၊ ၀ အောင်စားဆိုသော မန်းစာသင်သားတို့ အကြား ဆိုရိုးစကား တစ်ခုပင်ဖြစ်လေသည်၊
နိုင်ငံတော် ပရိယတ္တိသာသနတက္ကသိုလ်( န.ပ.သ) မန္တလေးသို့ တက်ရောက် ရသောအချိန်တွင်လည်း မန္တလာဆောင်းနှင့်ကား ငယ်ပေါင်း ကြီးဖော်ပမာ အဆက်အသွယ်မပြတ်ခဲ့ပါ၊
ဆောင်းမနက်တိုင်း ကျုံးဘေးသို့သွားကာ ဆောင်းနှင်းဖွေးဖွေး ကျုံးလေ အေးအေးကို အရသာခံရှူရှိုက်ရင်း လမ်းလျှောက်ဖြစ်လေသည်၊
တက္ကသိုလ်အလယ်က မျက်ခင်းပြင်ကြီးပေါ်တွင်လဲ ဆောင်းနှင်းဖွေးဖွေး တွေတွေ စုံစီပလုံညီ ကျနေသည်ကိုလည်း မျက်စိအရသာခံကြည့်ခဲ့ဖူး သည်၊ ထိုဆောင်းနှင်းဖွေးဖွေးကွင်းပြင်ကြီးကိုငေးကာ ကွင်းကြီးပတ် လျှောက်လျှက် စာအံ၊စာပြန်လုပ်ရသည်မှာလည်း အရာသာတစ်မျိုးပင်၊
မန္တလာဆောင်းသည် အချုပ်တန်းဆရာဖေပြောသလိုပင် ငွေနှင်းရယ် တမှုံမှုံ လေညှင်းရယ် တသုန်သုန်နှင့် ကမ်းကုန်အောင် အေးလေသည်၊
သို့ကလောက်အေးချမ်းသော်လည်း မန္တလာဆောင်းသည် မုန်းဖို့မကောင်း တစ်မျိုးလေး ချစ်ဖို့ပင် ကောင်းနေသေးသည်၊ ဆောင်းရာသီစာဖြစ်သော ငချိတ်ပေါင်း၊ ကောက်ညှင်းပေါင်း၊ မုန့်ပေါင်း၊ ပဲမြှစ်၊ ခေါပုတ်၊ ခဲတန်းချောင်းစသော ရာသီစာ အစားအသောက် ကောင်းများမှာလည်း ထိုအချိန်အခါမှပင် စားရ၊ သောက်ရတာ ခံတွင်းတွေ့လှလေသည်။
ထိုဆောင်းအချိန်အခါတွင် မန္တလာက အရပ်တကာမှာ ဘုရားပွဲတွေ အပြိုင်အဆိုင် ကျင်းပကြ၏၊ ညဖက်တွင် ဇာတ်ပွဲတွေ၊ အငြိမ့်ပွဲတွေနှင့် စည်းကားသလို မနက်လင်းအာရုဏ်ကျင်းတာနှင့် ဆောင်းအေးအေး နှင်းနှင်းဖွေးဖွေးအောက်တွင် သံဃာတော်တွေကို စာရေးတန်ဆွမ်း လောင်းလှူကြတော့၏၊ ဆောင်းမနက်ခင်းတိုင်း ဆောင်းနှင်းဖွေးဖွေး ဆောင်းလေအေးအေးထဲတွင် တစ်ကနေ တစ်ဆယ်အထိ သံဃာတော် များကြွတော်မူပါ ဘုရား၊ စသည်အားဖြင့် စာရေးတန်မဲကြွရန် သံဃာတော် တွေပင့်လျှောက်သော အသံများသည် ဘ၀ဂ်ညံနေတတ်၏၊
ထို့ကြောင့် မန္တလာဆောင်းသည် ချစ်ဖို့ကောင်း၏၊ လွမ်းမောဖွယ်ဖြစ်၏၊ ဘယ်အရပ်ရောက်ရောက်၊ ဘယ်ဒေသနေနေ မန္တလာဆောင်းရင်ခွင်ထဲ ခိုဝင်ဖူးသူတိုင်း မန္တလာဆောင်းကို သတိရနေမှာ အသေအချာပင်၊
ယခု ကျွန်ုပ်သည်ပင်လျှင် မန္တလာရွှေမြို့တော်ကြီးနှင့် ဝေးရာ မဇ္ဈိမဒေသ သို့ Ph.D ဒေါက်တာဘွဲ့သင်ယူရန်ရောက်ရှိနေပါလျှက် မန္တလာဆောင်းကို လွမ်းလျှက်နေပါကြောင်း ။ ။
ရွှေမန်းသား ( အရွင္အကုၤရ)
No comments:
Post a Comment