Sunday, 9 June 2013

အမေ ကျေနပ်မှာပါလေ


 (၁)

“သား၊ သားရေ၊ သားလေးရေ၊  သား၊ သားရေ၊ သားလေးရေ”
အသံတစ်သံသည် မိမိနောက်အရပ်ဆီက လာနေသည်။ သားပျောက်ရှာနေတဲ့ မိခင်တစ်ယောက်လား၊ သားရူး၊ ရူးနေတဲ့ အရူးမတစ်ယောက်လား၊ ဒါမှမဟုတ် လူမှားခေါ်တာများလား မသဲကွဲ၊ မိမိကိုယ်လူမှားဖို့ကလဲ အကြောင်းမရှိလောက်၊

မိမိသည်သင်္ကန်းကို ရုံထားလျှက် သပိတ်တစ်လုံး ပိုက်ထားကာ ဆွမ်းခံကြွနေတာပဲလေ၊ ပျံလွင့်ထွက်သွားသော သမာဓိကို ပြန်လည်စုစည်းကာ ဇေတ၀န်ကျောင်းဘက်ရှိရာသို့ ဦးတည်လိုက်သည်၊

“ဘုတ်၊ ဘုတ်၊ ဘုတ်”
သားဆိုသော အသံရပ်သွားပြီး ပြေးလိုက်လာသောာ အသံတွေ ဆက်တိုက် ကြားနေရပြန်သည်၊ မိမိသည် ခပ်မှန်မှန်ပင် ခြေလှမ်း လှမ်းလျှက်၊ သမာဓိမပျက် မှတ်လက်စ ကမ္မဋ္ဌာန်ကို ဆက်မှတ်နေလိုက်သည်၊ “ဘုတ်၊ ဘုတ်း ဘုတ်” ဆိုသော အသံတွေပျောက်ကွယ်သွား၏၊ အပြေးလိုက်လာသော ခြေလှမ်းပိုင်ရှင်သည် မိမိရှေ့တည့်တည့်တွင် ရောက်နေလောက်ပြီ ထင်သည်၊

ချထားသော မျက်လွှာကို အသာမော့ ကြည့်လိုက်သည်။ ထင်သည့်အတိုင်းပင် အရိပ်တစ်ခုသည် မိမိရှေ့မှာ ဖြာကျနေသည်၊ လူတစ်ယောက်၏အရိပ်၊ သေသေချာချာကြည့်လိုက်တော့ မိမိရဲ့ မယ်တော်ကြီးပါလား၊ လားလား၊ လားလား။
အမေသည် ၀တ်ထာားသည့် အဆင်နဲ့ အသွင်ပြင်သည် မလိုက်ဖက်၊ အမေ၀တ်ဆင် ထားသော ဘိက္ခူနီသင်္ကန်းရောင်အပြင်အဆင်နဲ့

၊ အမေ့အသွင်ပြင်ကဘယ်လိုမှ မလိုက်ဖက်၊  မျက်ဝန်းမှာ မျက်ရည်တွေက မြင်လို့မကောင်း၊ ကြည့်လို့ အဆင်မပြေ၊  ရင်ဘတ်ဆီမှာလဲ နို့ရည်တွေပေပွနေသော အမေ့အကျီင်္၊ အရာအားလုံးသည် မသတီစရာ အသွင်းကိုဖော်လျှက်။ အမေဘာတွေကို ဒီလောက် တောင်လွမ်းဆွေး ငိုကြွေးနေပါလိမ့်၊

အမေသည် မွေးကင်းစ လူမမယ်ကလေးငယ်ဘ၀ကစပြီး နှစ်နှစ်ဆယ်လုံးလုံး ခွဲခွာ ကွဲကွာနေသော မိမိအား ရှာနေတာပါလား၊ သားငတ်နေတဲ့ မိခင်တစ်ယောက်ဖြစ် နေပါရောလား၊

 ရခဲလှစွာသော သာသနာ့ဘောင်ကြီးထဲ ၀င်ထားပြီး အမေသည် အမြိုက်တရား၊ သုခချမ်းသာကို စိတ်လွတ်ကိုလွတ်မရှာသာ ဖြစ်နေပါရောလား၊  အမေသည် ဟောဒီ မြတ်စွာ ဘုရားသာသနာတော်ကြီးထဲကို လွယ်လွယ်ကူကူ ၀င်ရောက်လာရသူ မဟုတ်ဘူးဆိုတာ မေ့တာဖြစ်မေလိမ့်မည်၊

(၂)

အမေဘ၀သည်ကြမ်းတမ်းလှသည်၊ ခက်ခက်ခဲခဲရုန်းကန် ခဲ့ရသည်၊ အမေ့ဘ၀ ကြမ်း တမ်းလှသည်ဟု ပြောဆိုရခြင်းမှာ လူဘောင်ကို ခွါရှောင်ပြီး ရဟန်းမဘောင်ကို ကူးပြောင်းဝင်ရောက်ဖို့ ခက်ခဲပြီး ကြမ်းတမ်း သည်ကို ဆိုလိုချင်တာပါ၊
အမေဘ၀သည် လောကီစည်းစိမ်တွေနဲ့ ပြည့်နှက်ပြီး မပူမပင်မကြောင့်မကြ မတောင့် မရနေထိုင်ရသော ဘ၀ဖြစ်သည်၊

တစ်ဦးတည်းသော သူဌေးသမီးလေးလဲ ဖြစ်သည့် အတွက် အမေမိဘတွေက အမေကို အရိပ်ရိပ်တကြည့်ကြည့် နေလာခဲ့သည်၊ ခြေမွှေး မီးမလောင်၊ လက်မွှေးမီးမလောင် ကူဖော်လောင်ဖက်တွေနဲ့ ကြီးပြင်းစေခဲ့ သည်၊

အမေ့ဘ၀သည် လက်ညှိုးညွှန်ရာရေဖြစ်ပြီး လိုတိုင်းရ၊ တတိုင်းပြည့်နေသော ဘ၀တစ်ခုပါပေ၊
ဒါပေမယ့် အမေသည် လောကီစည်းစိမ်တွေနဲ့ နေရသော ဘ၀ကိုမပျော်ရှာ၊ အဖော် မရှာပဲ ရဟန်းမပြုချင်နေသော စိတ်ကသာ အားကြီးနေသည်၊ လူကသာ လောကီစည်းစိမ်တွေကြား ပြေးလွှားနေငြားပေမယ့် အမေ့စိတ်အစဉ်က သာဝတ္ထိကျောင်းတော်သို့သာ ရောက် ရောက်နေတတ်သည်၊ တစ်သက်တာပတ်လုံး ရဟန်းမကြီး အဖြစ်ခံယူပြီး တရားတွေ အားထုတ်ချင်လှသည်။


အခွင့်ကြုံတိုင်း သာသနာ့ဘောင်ဝင်ဖို့ မိဘတွေကို ခွင့်တောင်းကြည့်သည်၊ ခွင့်မပြုကြ၊ ခဏခဏ ပူဆာသည်။ မိဘတွေက သာသနာ့ဘောင်ကို မပို့ချင်ကြ၊ ဒီလို နဲ့ အချိန်တွေသာကြာလာသည်။ အမေသည် ဆုတောင်းမပြည့်ရှာ၊
အသက်အရွယ်ကလဲ အိမ်ထောင်ပြုချိန်ရောက်သည်၊ အိမ်ထောင်သားမွေးအလုပ်ကို မလုပ်လို၊ စိတ်မ၀င်စား၊ အချစ်ဆိုတာ မသိ၊ နားမလည်၊ သာသနာအလုပ်သာ ဇော ကပ်နေသည်၊ ဘယ်လိုပဲသာသနာအလုပ်ကို ဇောကပ်ကပ်၊ အမေသည် မိဘတွေရဲ့ စီမံမှုကို လျှစ်လျူရှုလို့ မဖြစ်ပေ၊

အမေ့မိဘတွေက တစ်ဦးတည်းသော အမေ့ကို နောင်ရေးအတွက် စိတ်အေးရအောင် ဇာတ်တူ၊ အမျိုးတူ၊ သူဌေးသားတစ်ယောက်နဲ့ အိမ်ထောင်ချပေးလိုက်ကြသည်၊

စိတ်မပါပေမယ့်၊ အမေသည် လိပ်ပြာသန့်စေရန် မယားဝတ်တရားတွေကျေပွန်သည်၊
လင်ယောကျာ်းကို စိတ်ချမ်းသာအောင်ထားသည်၊ မိန်းမကောင်း မိန်းမမြတ်ပီသရ ပြန်သည်၊ အိမ်ထောင်ရှင် တစ်ဖြစ်လဲ အမေဘ၀ကကြမ်းတမ်းလှသည်။

(၃)

ဒီလိုနဲ့ တစ်နေ့တွင် အမေတို့နေတဲ့ သာဝတ္ထိမြို့တွင် နက္ခတ်သဘင်ပွဲကြီး ဆင်နွဲလေ သည်၊ မြို့သူမြို့သားတွေက သူထက်ငါ အလှတွေဆင်ကြသည်။ အိမ်တွေရှေ့တွင် လဲ အလှတွေဆင်ကြ၊ လူကိုယ်တိုင်လဲ သူ့ထက်ငါလှအောင်၊ ပအောင် လိမ်းကြချယ်ကြနဲ့ သာဝတ္ထိတစ် မြို့လုံးသည် နတ်ဘုံနတ်နန်းတမျှ လှချင်တိုင်းလှ ၊ ပချင်တိုင်းပနေ သည်၊
သူများတွေ အလှတွေဆင်၊ ၀တ်ကောင်းစားလှတွေဝတ်နေပေမယ့် လောကီကို ငြိးငွေ့နေသော အမေသည် ဘာမျှအလှမဆင်၊ ဘယ်လိုမှမပြုပြင် ပင်ကိုအတိုင်းပင် ၀တ်စားဆင်ယင်နေသည်၊ မှုံနံ့သာလဲ မချယ်၊ ဘီးလဲမပတ်၊ တစ်ပတ်လျှိုထုံးလျှက်ပင်

အမေ့ဖြစ်အင်ကိုကြည့်ပြီး အမေ့အမျိုးသားယောက်ျားက
“ရှင်မရယ် နက္ခတ်သဘင်ပွဲတော်ကြီး ကျင်းပနေတာကွာ၊ သူများတွေ ဖီးကြ၊ လိမ်းကြ၊ ပြင်ကြဆင်ကြနဲ့ မင်းက ဘာလို့မပြင်တာလဲ”
“မောင်မောင်ရယ် (၃၂) ကောဋ္ဌာသကြီးကို အလှဆင်တော့ရော ဘာထူးလာမှာမို့လဲ”
အမေ့အမျိုးသားက အမေ့စကားထူးထူး ဆန်းဆန်းတွေကြားရတော့

“အဲဒီလို ဆိုကွာ မင်းက အိမ်ထောင်မပြုသင့်ဘူး၊ ရဟန်းမလုပ်သင့်တယ်”
“မောင်မောင် ခွင့်ပြုမယ်ဆိုရင် ကျွန်မလေ ရဟန်းမလုပ်ချင်ပါတယ်”
“ရှင်မလုပ်တာ ကောင်းတဲ့ အလုပ်ပဲ မောင်မောင် ခွင့်ပြုရမှာပေါ့ ရှင်မရယ်”

အဲဒိအချိန်ကစ အမေ့ဘ၀သည်၊ အပြောင်းအလဲတွေနဲ့ ကြုံတွေ့လာရပြန်သည်၊ အမေ့အမျိုးသားက အမေ့ကို ရဟန်းမလုပ်ဖို့ သာဝတ္ထိကျောင်းတော်ကို ပရိသတ်တွေ၊ အတီးအမှုတ်ခြံရံပြီး ပို့ပေးလိုက်သည်၊ အရှင်ဒေ၀ဒတ်ခေါင်းဆောင်အုပ်ချုပ်တဲ့ ရဟန်းမပရိတ်သတ်မှာ အမေရဟန်းမဘောင်ဝင်လိုက်သည်၊

(၄)

ရဟန်းမဘောင် ၀င်ရောက်လိုက်သော အမေသည်၊ အေးငြိမ်းချမ်းသာပြီးဟု ထင်နေသည်၊ သို့သော်မအေးငြိမ်းနိုင်ရှာပါ၊ ဘယ်အချိန်က ရလာမှန်း မသိလိုက် သောကိုယ်ဝန်လွယ်ထားမှု အာဝေနိက ဒုက္ခသည်။ အမေ့အား စတင် ရန်ရှာလေပြီ၊
ရဟန်းမဖြစ်ပြီိး ကိုယ်ဝန်ကြီးနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အမေ့အား ပတ်ဝန်း ကျင်က နာခေါင်းရှုတ်ကြလေသည်၊ တစ်ယောက်စကား တစ်ယောက်နား မကြားတကြား ကဲ့ရဲ့စကားဆိုလေပြီ၊ နားမဆန့်အောင် ဖြစ်လာသော အမေ့ ပြဿနာ အစိုင်အခဲသည်၊ ခေါင်းဆောင်ကြီး အရှင်ဒေ၀ဒတ်ထံရောက်လေပြီ၊

အရှင်ဒေ၀ဒတ်သည် ခေါင်းဆောင် မပီသ၊ တာဝန်မယူ၊ ဘာမှဖြေရှင်းမပေး၊ အမေ့ကိုယ်ကျင့်သီလတွေ ချိနဲ့ရတော့မည်၊ နောက်ဆုံး သုံးလောကထွဋ်တင် ရှင် တော်မြတ်ဘုရားထံတွင် အယူခံဝင်ရလေပြီ၊ ရှင်တော်မြတ်ဘုရားက ၀ိနည်းစည်း ကမ်း အရမ်းကျွမ်းကျင်သော အရှင်ဥပါလိအား တရားသူကြီး အရာထားကာ အမေ့အမှုကို ဆုံးဖြတ်ချက်ချ ခိုင်းလေသည်၊

အနာထိပိဏ်သူဌေးကြီး၊ စူဠအနာထ ပိဏ်သူဌေးကြီး၊  ကျောင်းအစ်မကြီး ၀ိသာခါတို့ကလဲ အမေ့အခက်အခဲကို မျက်နှာ မလွှဲပဲ ကူညီဆောင်ရွက်ပေးကြသည်။ ဒီလိုနဲ့ အမေသည် သီလဖြူစင်ကြောင်း၊ ယခုကိုယ်ဝန်သည် လူဘ၀က ရခဲ့တာဖြစ်ကြောင်း ကောင်းကောင်းဆုံဖြတ် ချက်ချနိုင်ကြလေပြီ၊ အဲဒီတော့မှ၊

အမေလဲ လူဘုံအလည်တင့်တည်သွားသည်။ ရဟန်းမပရိတ်သက်၊ ရဟန်းပရိတ် သက်အလယ်တွင် ၀င်ဆန့်ပြန်သည်၊  ရဟန်းမအဖြစ်နဲ့ အမေသည် ကိုယ်ဝန်ကို ခက်ခက်ခဲခဲ မွေးဖွားရသည်၊ တရားအားထုတ်ဖို့၊ တရားနာယူဖို့ အချိန်တွေ ပျက်ကွက်ရသည်၊ သားအတွက် ရတက်ဖြာပြီး တရားကို မဖက်နိုင်ရှာ၊

တစ်နေ့တွင် ပသေဒနီကောသလ မင်းတြားကြီး ကျောင်းတော်အလာတွင် ရဟန်းမတွေကျောင်းဘက်မှ ကလေးငိုသံကြားမိသည်၊ ဘာကြောင့် ရဟန်းမတွေ ကျောင်းပေါ်က ကလေးငိုသံကြားရသလဲ စုံစမ်းတော့ အကြောင်းစုံသိသွားသော မင်းတြားသည်း အမေ့ဆီမှ မိမိကို တောင်းယူကာ နန်တော်ခေါ်ကာမွေးစားထား လိုက်သည်။  ထိုအချိန်မှစကာ အမေနဲ့ မိမိသည် ကွဲကွာ ခွဲခွါနေလာခဲ့သည်မှာ အနှစ် နှစ်ဆယ်တင်းတင်းပြည့်ခဲ့ပြီ၊

အခု ပြန်တွေ့တော့ အမေသည် ဘာတရားထူးမှမရသေး၊ သားဇောနဲ့ ဒုက္ခရေယဉ်ကြောဝယ် မြောနေတုန်းပင်၊
မိမိမှာ နန်းတော်မှာကြီပြင်းပေမယ့် အမေ့သားမှန်းသိပြီးကတည်းက အမေ့ကို အားကျကာ သာသနာဘောင်ကို ၀င်ခဲ့သည်၊ အမေ့ကို အတုယူကာ တရားထူးတွေ ရအောင် အားထုတ်ခဲ့သည်၊ အခု တရားထူးတွေလဲရနေပြီ၊ သားဖြစ်တဲ့ မိမိသည်ပင် တရားထူးတရားမြတ်တွေရနေသေးပါလျှင် အမေသည် အဘယ်ကြောင့် တရားထူး တရားမြတ်တွေကို မရနိုင်ရမလဲ ၊

စေ့စေ့တွေးလိုက်တော့ အမေသည် မိမိအား အနှစ်နှစ်ဆယ်လုံးလုံး ကွဲကွဲနေသော ဆင်းရဲဝေဒနာကို ခံစားနေရပြီး ၊ တရားမရှာနိုင်ပဲ သားရှာကာ မှိုင်ငေးနေလို့ ဖြစ်မည်ဆိုတာကို သိလိုက်ပြီ

ဒါကြောင့် “အမေ့ကို နုနု ညံ့ညံ့ စကားလုံးတွေနဲ့ ခွန်းတုန့်ပြန်ဖို့  သင့်ပြီး၊” “အမေ့”လို့ ပြန်လည်ကာ ထူးလိုက်လျှင် အမေသည် သံယောဇဉ်ရေယာဉ်ကြောမှာ မျောပြန်ရဦးမည်၊ မိမိသည်  ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်းလက်ငင်း ချလိုက်သည်၊

“ ရဟန်းမကြီး ဘယ်လိုအချိုးမျိုးနဲ့ သွားလာလှည့်လည်နေတာလဲ၊ လောကီကို စက်ဆုပ်ပြီး ရဟန်းမဘောင်ဝင်လာတာမှ ဟုတ်ရဲ့လား၊ ရဟန်းမဘောင်ဝင်လာပြီး သားဆိုတဲ့ ချစ်ခြင်းတရားကိုတောင် တိကနဲ့ ပြတ်သွားအောင်မဖြစ်နိုင်ဘူးလား”

စကားလုံးတွေကြမ်းတမ်းသွားမှန်းသိလိုက်သည်၊ သို့သော် မတတ်နိုင် အမေ့ကို တရားရစေဖို့ နည်းလမ်းသည် ဒီနည်းလမ်းက အကောင်းဆုံးဖြစ်လိမ့်မည်၊ အမေ့ကို အမှန်ကို ရောက်စေဖို့က ဒီနည်းလမ်းက ဖြောင်းအတန်းဆုံးဖြစ်လိမ့်မည်။
အမေသည် ချာကနဲ့လည့်ထွက်သွားသည်၊ “ငါကတော့ အနှစ်နှစ်ဆယ်လုံး လုံးတွေ့ချင် လို့လိုက်ရှာနေရာ၊ တွေ့တွေ့ချင်း ဆောက်နဲ့ ထွင်းဆိုသလိုပါပဲလား” “  ဒင်းလို သားကိုမွေးဖွားရတာ အမေ ၀မ်းနာတာ အဖတ်တယ်” လို့ အမေတွေးချင် တွေးနေမှာပါ၊ ခွင့်လွှတ်ပါအမေ၊ အမေ့ကို ချန်ထားခဲ့ပြီး မိမိသည် ဇေ၀န်ကျောင်း ဘက်ကို ခြေဦးလှည့်လိုက်သည်၊

(၅)

ညနေချမ်းတွင် အမေနဲ့ ပတ်သက်ပြီး စိမ်းလမ်းရွှင်မြသော သတင်းစကားကို ကြားရလေပြီ၊ အမေရဟန္တာမကြီး ဖြစ်သွားပြီတဲ့၊ အမေသည် သားဆိုသော သံယောဇဉ်သာမက သံယောဇဉ်အားလုံးကို ဖြတ်နိုင်သွားပြီတဲ့၊ သားတာဝန်ကျေပါ တယ်နော် အမေ၊ ညနေချမ်းသည် လရောင်ခြမ်းနဲ့ လှပလို့နေသည်၊ ဇေတ၀န်ကျောင်းတော်ပ်ါမှာ အမေနဲ့ပတ်သက်ပြီး မြတ်စွာဘုရားရွှေနှုတ်တော်မှ

“အတ္တာဟိ အတ္တနော နာထော= မိမိကိုယ်သာ ကိုယ်ကွယ်ရာ” အစဖြာသော ဒေသနာတော်သည်လဲ ပဲ့တင်ထပ်နေလေပြီ။
ဘာပဲဖြစ်ဖြစ် အမေကျေနပ်မှာပါလေ ။ ။


(သံယောဇဉ်ကြီးတတ်တဲ့ အမေ့အတွက် မှတ်မှတ်ရရ။ ။)

ရွှေမန်းသား အရှင်အကုင်္ရ

ကျမ်ကိုး၊
နိဂြောဓမိဂဇာတက၊ ပါဠိ၊ အဋ္ဌကတာ၊
ကုမာရကဿပကမာတုထေရီ ၀တ္ထု၊ ဓမ္မပဒ ဋ္ဌ(၂)
ကုမာရကဿပမာတုထေရီဂါထာ

No comments:

Post a Comment