Tuesday, 22 July 2014

စာသင်သား ရဟန်းတစ်ပါး လောကဓံနှင့် စာချစာသင် ရဟန်းခံ

စာသင်သားဘ၀ဆိုတာကို ထင်လွယ်မြင်လွယ် ဥပမာပေးရရင် ဘော်ဒါဆောင်မှာ ကျောင်းအိပ်ကျောင်းစား သွားနေတဲ့ ကျောင်းသားတွေလိုပါပဲ၊ ဘော်ဒါဆောင်က ကျောင်းသားတွေကတော့ ချမ်းသာတဲ့ မိဘကလာတဲ့ ကလေးတွေများပါတယ်၊ စာသင် သားတွေကတော့ တောဘက်နယ်ဘက်က တက်လာတဲ့ ရဟန်းသံဃာက အများစုပါ၊

ဘော်ဒါမှာနေတဲ့ ကျောင်းသားတွေက ဘော်ဒါက ချက်ကျွေးတာ ၊ မိဘဆွေမျိုး တွေက ပို့တဲ့ အခြောက်အခြမ်းတွေနဲ့ စိုစိုပြေပြေလျှောက်လှမ်းကြရပေမယ့် စာသင်သား ရဟန်းသံဃာများကတော့ အဲဒီလိုမဟုတ်ပါဘူး ကျောင်းပိတ်လို့ ပြန်သွားတဲ့ ဇာတိနယ် ရွာက ပြန်ရောက်စအခါမှာပဲ အခြောက်အခြမ်းနဲ့ ၀တ္ထုငွေကြေးလေးတွေကြောင့်သာ စိုစို ပြေပြေ နေရတဲ့ အခိုက်အတန့်လေး တစ်ခနတာ ရှိတတ်တကြာပါ၊

စာသင်တိုက်က စာဝါတွေဖွင့်ခါစရက်တွေမှာ ရွာပြန်၊ နယ်ပြန်သွားကြတဲ့ သံဃာ အသီးသီးဟာ ခရီးအနီးအဝေးကပြန်ရောက်လို့ စာအံသံတွေလဲ ဆူဆူညံ့၊ လက်ထဲက ငွေယားလေးများကလဲ ချလွံ ချလွံပေါ့၊ ကျောင်းနားအနီးတစ်ဝိုက်က လ္ဘက်ရည်ဆိုင်တွေ မှာလဲ မနက်တိုင်း ပုဂံသံ၊ ခွက်သံတွေ ဝေဆီညံနေတာပါပဲ၊

အဲဒီလို ရွာကပြေန်ရောက်စမို့ မနက်တိုင်း မနက်တိုင်း လ္ဘက်ရည်ဆိုင်မှာ ဟေ့ ဒီဝိုင်းက ချိုကျ၊ ဟေ့ ဒီဝိုင်းကပေါ့ဆိမ့်၊ ဟေ့ ဒီဝိုင်းက ပဲအီကြာ၊ ပလာတာ၊ ထပ်တစ် ယာ၊ နန်းကြီးသုတ် စသည် စသည်မှာတဲ့ အသံတွေနဲ့ လ္ဘက်ရည်ဆိုင်မှာရှိကြတဲ့ စားပွဲထိုးလေးတွေ အလုပ်ရှုတ်ကြရတဲ့ အခါကာလ သမယ ဆိုရင်လဲ မမှားပါဘူး၊

တစ်လ၊ နှစ်လ သုံးလလောက်လဲကြာကော စာသင်းသားတွေမှာ ပါလာတဲ့ ဖွတ်ကလိဒင်းဂါးကလဲ လုံးရာကနေပြား၊ ပြားရကနေ မဖောင်း၊ ရွာမှာစိုက်ထားတဲ့ အမေနဲ့အဖေရဲ့ လယ်ကွက် တွေကလဲ ကောင်းသား ဆိုးသလား အတိအကျ မသိရတော့၊ ကျောင်းနားက လ္ဘက်ရည် ဆိုင်လေးတွေမှာ ချိုကျမှာသံ၊ ပေါ့ဆိမ့် မှာသောက်သံ၊ ပလာတာ၊ ထပ်တယာ၊ ပဲအီကြာ၊ နန်းကြီးသုတ်မှာသံတွေဟာ အမှာကြဲ ပြီး အရောင်းကျ ခပ်ဟဟပဲ ကျန်ပါတော့တယ်၊

အဲဒီတော့ ဆွမ်းခံမသွားခင် အချိန်တွေမှာ အာရုဏ်ဆွမ်းဟာဘယ်ဝယ်ဆီ ဘယ်ဝယ်ဆီ မှန်းဆကာ တမ်းရမည် ဆိုသလိုပါပဲ ၊ အာရုဏ်ဆွမ်းကပ်တဲ့ စာသင်တိုက်ဆိုတာ မန္တလေးမှာ ခပ်ရှားရှားပါ၊ အာရုဏ်ကို အာရုဏ် မခံနိုင်ပဲ စာကိုသာ အာဂုံရဖို့ ၀မ်းလျားမှောက် တောက် လျှောက်ကျက်မှတ်ရတာပါပဲ ၊

စာချဆရာတော်ဆီ စာတက်တဲ့ အခါမှာလဲ အတန်းကျောင်းတွေ တက္ကသိုလ်တွေ လို စာသင်ခုံတွေနဲ့ စာတက်ရတာမဟုတ်ပါဘူး ဆရာရှေ့မှာ ဒူးလေးတုပ် ခါးလေးကုန်း ရိုရိုကြိုးကြိုး စာကို မြတ်နိုးစွာရေးမှတ်ပြီး သတိမလပ် တလစပ် တစ်နာရီစာဝါချချိန်ကို ကုန်ဆုံးအောင် လိုက်ရမှတ်ရ ဆိုရတာပါ၊ တစ်ခါတစ်ခါ ကိုယ်ကျောင်းတိုက်မှာ မချတဲ့ စာဝါများဆို တခြားကျောင်းတိုက်ကို ပြေးလိုက်ရပါသေးတယ်။ စောစောရောက်မှ နေရာ ရပြီး အဆင်ပြေပြေ စာဝါလိုက်ရတာပါ၊ နောက်ကျလို့ကတော့ လှေကားခုံမှာ ကြုံသလို ထိုင်ပြီး စာဝါပြီးအောင် ရေးမှတ် တေးမှတ်နဲ့ တစ်နာရီ ကုန်ရတာပါ၊

ဒီလို စာဝါတွေလိုက်၊ စာအံကျောင်းတွေတက် သတိမပြတ် ကျက်မှတ်ခဲ့တာ တောင် တစ်ခါတရံ စာမေးတွေက အကျအရှုံးနဲ့ နပမ်းလုံးရသေးတာပါ၊ ဘုန်းတော်ကြီး များစာမေးပွဲဟာ ကျောင်းသူကျောင်းသားတွေလို စာမေးပွဲလို တစ်နှစ်တစ်တန်း ပုံမှန် အောင်ဖို့ မလွယ်ပါဘူး၊ ဥာဏ်လဲကောင်းမှ ၊ ကံလဲကောင်းမှ ၊
စာလုပ်အားလဲ ကောင်းမှ အောင်ချက်မှန်တာပါ၊ နို့မို့ဆိုရင် တစ်နှစ်လာတစ်ခါကျ တစ်နှစ်လာ တစ်ခါကျနဲ့ စိတ် ဓာတ်တွေ ချွတ်ချုံကျပြီး ရဟန်း၊သာမဏေဘ၀ကနေ လူပျံတော် ဖြစ်သွားကြတဲ့ သာဓ ကတွေကလဲ ဒုနဲ့ဒေးပါ၊

တစ်ခါက စာသင်းသားကိုယ်တော်လေး နှစ်ပါးကတော့ တစ်ရွာထဲ တစ်ရပ်ထဲ အပြိုင်ကြဲတာလဲဖြစ်တော့ တစ်ပါးက စာမေးပွဲအောင်၊ တစ်ပါးက စာမေးပွဲကျတော့ စိတ်ညစ်ညစ်နဲ့ လေးထပ်တိုက်ကျောင်းဆောင်ပေါ်ကနေ ဘ၀တစ်ပါးကို ကူးသွား အောင် ခုန်ချဘူးပါတယ်၊

စာသင်သား အများစုကတော့ စာမေးပွဲတွေကို ဖြေတိုင်းအောင်ချင်တာ၊ စာတွေ တတ်ချင်ကြတာ ဆန္ဒတူညီရှိကြပါတယ်၊ ဒါပေမယ့် ကံမတူတော့ တစ်ခါတစ်ရံ အလံမ ထူနိုင်တာ အပြစ်မဆိုသာပါဘူး၊ လူတွေမှာ ကံကို ပြိုင်လို့မရတာရှိတယ်။ ဆံကို ပြိုင်လို့ မရတာရှိတယ်၊ ဥာဏ်ကို ပြိုင်လို့မရတာရှိတယ်၊ စာသင်သားရဟန်းသံဃာတွေဟာ လူထဲက လူဖြစ်နေလေတော့ တစ်ပါးနဲ့ တစ်ပါး ကံမတူတာ၊ ဥာဏ်မတူတာရှိကြ တာပေါ့၊

ရှေးရှေးဆရာတော်ကြီးများ ကတော့ ကံဆန်းမန်းတက်၊ ဥာဏ်စမ်း ဆန်းတက်လို့ ဆိုရိုးစကားထားခဲ့ကြပါတယ်၊ တစ်ချို့ဒကာ၊ ဒကာမများကလဲ စာသင်းသား ရဟန်းသံ ဃာများကို ဖြစ်စေချင် ရစေချင်တဲ့ ဆန္ဒတွေနဲ့ “အရှင်ဘုရား တိပိဋကကြီးဖြစ်အောင် လုပ်နော် ၊ အရှင်ဘုရား ဒေါက်တာကြီးဖြစ်အောင် ကြိုးစားနော် ကြိုးစားနော်”နဲ့ အားပေး ဖေါ်ရကြပါတယ်၊ ကိုယ့်ကိုယ်တော်ရဲ့ ဥာဏ်နဲ့ ကံကိုယ်တော့ မသိတာများကြတာက အများသား ကလား၊

စာသင်သားဘ၀နဲ့ စာချဘုန်းကြီးတွေရဲ့ဘ၀ကို ထပ်ဟပ်ပြတဲ့ ကဗျာလေး တစ်ပုဒ်က-
“ဗေဒင်လက္ခဏာ၊ ဆေးဆရာ၊
ရိပ်သာတရားဟော၊
ဤသည့် ဘုန်းကြီး တန်ခိုးကြီး
စားပြီးလာဘ်လာပေါ၊
စာသင် စာချဒုက္ခိတ လာဘ၊ နတ္ထိနော”၊ ဆိုပြီး စပ်ဆိုထားတာ တွေ့ဖူး ဖတ်ဖူးပါတယ်၊ စာသင်သားတွေ စာချဘုန်းကြီးတွေရဲ့ ဘ၀တွေဟာလဲ ထိုကဗျာထဲကလို လာဘ်လာဘ နည်းပါးကျတာ များပါတယ်။

စာသင်တိုက်မှာနေကြတဲ့ ရှင်သာမဏေလေးတွေ ရဟန်းခံချိန်အရွယ် ရောက် ပေမယ့် တစ်ချို့ ရဟန်းဒကာ၊ ဒကာမပေါ်တာတွေလဲ ကြုံရကြားရမြင်ရပြန်ပါတယ်၊ တစ်ချို့ ရဟန်းဒကာဒကာမတွေကတော့ စာသင်တိုက်က ကိုယ်တော်လေးတွေ စာသင်သားလေးတွေ ကို အရေးထား ပစ္စည်းပါး ထောက်ပံ့မှုပါ အားသာတာတွေရတော့ သာသနာအရှည် ဖြစ်မယ့် အရေးမို့ အေးဆေးရပြန်ပါတယ်၊

တစ်ခါက ဒကာမကြီးတစ်ယောက်ကတော့ စာသင်တိုက်က ဆရာတော်ကြီး ရောက်လာပြီး-
“အရှင်ဘုရား တပည့်တော် ရဟန်းလောင်းတစ်ပါးလောက် ရချင်ပါတယ် ဘုရား၊”
“အေး ရဟန်းလောင်း ရပါတယ် ရဟန်းခံဖို့လား၊”
“တင်ပါး ၊ ဒါပေမယ့် တပည့်တော် ရဟန်းခံမယ့် ရဟန်းလောင်း ကိုရင်က ရုပ်လဲချောရ မယ်ဘုရား၊ စာလဲတော်ရမယ် ဘုရား၊ ၀ိနည်းလဲလေးစားရမယ် ဘုရား၊ ကျန်းမာရေးလဲ ကောင်းရမယ် ဘုရား၊”
အဲဒီလို လျှောက်ထားတဲ့ ဒကာမကြီးစကားကို ဆရာတော်ကြီးက
“ဟေ---------- ဒီလိုဆို ငါ့ခေါင်းရင်း ဟော ပလ္လင်ပေါ်က ငါကိုးကွယ်ထားတဲ့ ကျောက်ဆင်းတုကြီးသာ ပင့်သွားပေတာ့”
ဆရာတော်ကြီးရဲ့ အဲဒီလို ပြတ်ပြတ်သားသား မိန့်ကြားချက်လဲ ကြားရော ဒကာမကြီး ဟာ ကျောင်းပေါ်က တချိုးတည်း ဆင်းပြေပါတော့တယ်၊

ရဟန်းခံတယ်ဆိုတာ တစ်ချို့ဒကာ၊ ဒကာမများကြတော့ သိမ်ဝင်တုန်းအခိုက် အတန့်မှာသာ လောင်းလှူပြီး ကျန်တဲ့ စာသင်နေတဲ့ အချိန်တွေမှာ ကိုယ့်ရဟန်းစာသင် သားကို မေ့ထားလိုက်တဲ့ ဒကာ၊ ဒကာမမျိုးကြတော့ ရဟန်းတစ်ခါလို့ ဆိုစမှတ်ပြုကြ တာ မှတ်ဘူးပါတယ်၊

ဆရာတော်ကြီးတစ်ပါးကတော့ အေး ရဟန်းခံပြီးဆိုရင် ဘဲရဟန်းဒကာမဖြစ်စေနဲ့ ကြက်ရဟန်းဒကာမျိုးဖြစ်ကြစေလို့ သြ၀ါဒချွေဖူးတာ မှတ်ရဖူးပါတယ်၊

ဘဲရဟန်းဒကာဆိုတာ ၀မ်းဘဲတွေဟာ သူ့တို့ဥတွေကို ဥချင်တဲ့နေရာဥခဲ့ပြီး ပြန်မ ၀တ်တတ်ကြပါဘူး၊ နွေးနွေးထွေးထွေးလဲ မထားတတ်ကြပါဘူး၊
အဲ ကြက်မတွေများကြာတော့ သူတို့ဥတုအဥတွေကို နွေးနွေးထွေးထွေးကြင်ကြင်နာနာ ဥပေးတယ် ၀ပ်ပေးတယ်၊ အကောင်လေးတွေအရွယ်မှာလဲ ကိုယ်နဲ့ မကွာစောင့်ရှောက် ကြပါတယ်၊ ဒါကြောင့် အဲဒါကို မြင်တော်မူလို့ ဆရာတော်ကြီးက ဘဲရဟန်းဒကာ မဖြစ် စေနဲ့ ကြက်ရဟန်းဒကာဖြစ်ကြစေလို့ သြ၀ါဒ ပေးဟန်တူပါတယ်၊

စာသင်သားအများစုရဲ့ လိုအပ်ချက်ဟာ စာသင်နေတုန်းမှာ၊ စာသင်တိုက်မှာ ချို့ ချို့တဲ့တဲ့ ဆင်းဆင်းရဲရဲနဲ့ စာဝါလိုက်နေတုန်း၊ မိဝေးဖဝေးနဲ့ စာတွေကြိုးစားနေတုန်းမှာ ကြင်ကြင်နာနာ ဖေးဖေးမမနဲ့ ထောက်ပံ့ကြမယ့် ဒကာ၊ ဒကာမတွေကိုပါ၊

ဆရာတော်ကြီးဖြစ်သွားမှ၊ ကျောင်းထိုင်ကြီးဖြစ်သွားမှ လာလှူတာမျိုးထက် အဲဒီ အချိန်၊ အဲဒီလို နေရာမှာ လှူတန်းလိုက်တာဟာ ကန္တာရထဲမှာ စမ်းရေတစ်ပေါက် ရှာ တွေ့တာပါလို့ ပြောရရင် လွန်မယ်မထင်ပါဘူး၊

သာသနာတော်မြတ်ကြီး သုံးရပ်ရှိရာမှာ၊ စာသင်၊စာချလုပ်နေတဲ့ ပရိယတ်သာသ နာကသာ
အဓိကရေသောက်မြစ်ကြီးပါ၊ စာသင်၊ စာချလုပ်နေတဲ့ စာသင်သား ရဟန်း သံဃာတွေကို လျှစ်လျူရှုလိုက်တာဟာ ရေသောက်မြစ်ကြီးကို ရေမလောင်းပဲ ပြစ်ထား လိုက်သလို ဖြစ်မှာပါ၊

ရေသောက်မြစ်ကြီသေသွားရင် ကျန်တဲ့ ပဋိပတ်သာသနာ၊ ပဋဝေဓသာသနာဆို တဲ့ အကိုင်းအခက်တွေဟာ ဝေစီမှာ မဟုတ်တော့ပါဘူး၊ ပဋိပတ်သာသနာ= တရားအား ထုတ်တာ၊ ရိပ်သာမှာ တရားပြတာ၊ ပဋိဝေဓ -ထိုးထွင်းသိခြင်းစတဲ့ သာသနာတွေကို ဝေစီချင် ရင် အဓိကရေသောက်မြစ် ဖြစ်တဲ့ ပဋိယတ်သာသနာမှာ စာသင်၊စာချဘ၀နဲ့ ကြိုးစားနေ ကြတဲ့ စာသင်သား ရဟန်းသံဃာများကို ပစ္စည်းပါးဖြင့် တတ်နိုင်သလောက် ရေလောင်း ပေးကြပါစို့ -------------------

ရွှေမန်းသား အရွင္အကုၤရ

No comments:

Post a Comment