Monday, 28 July 2014

သူငယ်ချင်းဟောင်း ခေတ်သစ်တေမိ



အိန္ဒိယကနေ ကျောင်းခနပိတ်တော့ မနှစ်က (၁၃၇၅) ခုနှစ် သင်္ကြန်တွင်းမှာ မြန်မာပြည်ကို အလည်ခနပြန်ဖြစ်တယ်၊ ခွင့်က နှစ်လရတော့ ကွဲကွာနေတဲ့ သူငယ်ချင်းတွေနဲ့ အတတ်နိုင်ဆုံး တွေ့ဖြစ်အောင်ကြိုးစားမိတယ်၊ တစ်ချို့က ကျောင်းထိုင်ဘုန်းကြီးတွေဖြစ်နေကြပြီ၊ တစ်ချို့က စာချဘုန်းကြီးတွေဖြစ်လို့၊ တစ်ချို့ ရိပ်သာမှာ တရားပြဆရာတော်တွေ အသီးသီး တာဝန်ကိုယ်စီနဲ့ သာသနာတော်ကြီးကို ကိုယ်နိုင်ရာက ထမ်းရွက်အကြိုးပြုနေကြတယ်၊

သူငယ်ချင်းတွေအများကြီးထဲက သူငယ်ချင်းတစ်ယောက်ကတော့ တောင်ဥက္ကလာက မိသားစု စာသင်တိုက်လေး တစ်တိုက်မှာ စာချဘုန်းကြီးလုပ်နေတာ အချိန်တွေတော်တော်ကြာပြီဆိုပဲ၊ တစ် ရက်မှာ သူ့ကို သွားတွေ့ဖြစ်တယ်၊ သူနဲ့ ကိုယ်က အသက်ကော၊ ၀ါပါ အတူတူနီးပါး၊ လပိုင်းလေးပဲခြား ကြတာ၊ မုံရွာမှာလဲ အတူတူ၊ မန္တလေးမှာလဲ မကွဲမကွာ၊ စာသင်တိုက်တွေမှာနေဖြစ်ကြတာ၊ သေအတူရှင်မကွာလို့ ပြောလို့ရတာပေါ့၊ ကိုယ်က မန်း( န.ပ.သ) တက္ကသိုလ်ပြောင်းတက်တော့မှ သူနဲ့ ကိုယ်က ဝေးကွာသွားကြတာ၊

ဒါတောင် ကိုယ်နေတဲ့ တက္ကသိုလ်နားကို သူမစိုးရိမ်တိုက်သစ်က နေပြောင်းပြီး နန်းရှေ့က အရှေ့တိုက်တော်မှာ ပြောင်းနေဖြစ်တော့ တစ်ပါးနဲ့ တစ်ပါး တွေ့ဖြစ်ဆုံဖြစ် နေသေးတာ၊

အဲဒီငယ်ပေါင်းကြီးဖော်သူငယ်ချင်းက ငယ်ငယ်ကဆို အရမ်းသွက်လက်ချက်ချာနေတာ၊ စကားပြောရင်လဲ ဟာသတွေနဲ့ အရွှန်းအဖောက်တွေနဲ့ဝေေ၀စီစီ ရီစရာတွေက တစ်ပုံတပင် သူ့ကို ခုံမင်တဲ့ သူတွေကလဲ ဒုနဲ့ဒေးပေါ့၊ သူနဲ့အတူ သူ့ဇာတိရွာလေးကို အလည်လိုက်သွားတုန်းကဆိုရင် ရွာထဲကို စ,၀င်လိုက်တာနဲ့ သူနာမည်ခေါ်ပြီးနှုတ်ဆက်ကြတာ

တစ်လမ်းပြီး တစ်လမ်း၊ မနားတမ်းပြန်ဖြေနေရတာ မမောနိုင်မပမ်းနိုင်ပါပဲ၊ ကလေးကသိ ခွေးကသိလို့ သူ့ကို ချစ်စနိုးနဲ့ စကြပြောင်ကြရတဲ့ အထိပါပဲ၊

အခုရန်ကုန်မှာ စာချဘုန်းကြီးလုပ်နေတဲ့ အဲဒီသူငယ်ချင်းက ငယ်ငယ်ကလို စကားတွေ အရမ်း မသွက်တော့ဘူး၊ လူတွေနဲ့လဲ သိပ်ကျယ်ကျယ်ပြန့်ပြန့် ဆက်ဆံရေးမလုပ်တော့ဘူး၊ ရန်ကုန်မှာသာ နေတာ မြို့ထဲကိုလဲ အသွားအလာနည်းပြီး ဘယ်နေရာဘာရှိတယ် သူမသိဘူး၊ သူသွားရင် တက္ကစီနဲ့ပဲ အသွားများတော့တာ၊

သူအတွက်က တစ်နေ့တစ်နေ့ စာသင်သားတွေကို စာဝါချပေးမယ်၊ လ္ဘက်ရည်ချိုဆိမ့်တစ်ခွက် ရယ်ဆို ပြည့်စုံနေတာ၊ အပူအပင်နည်းလို့၊ အခုသူက ဖေ့စဘုတ်တွေဘာတွေ သုံးလာတော့ ခေတ်မီ လာပြီးဆို သူ့အတွက် ၀မ်းသာနေရတယ်။ ဒါပေမယ့် တစ်ရက်မှာ သူက ပြောလာတယ်၊

“သူငယ်ချင်း ဖေစဘုတ်မသုံးချင်တော့ဘူး”တဲ့ ဘာလို့လဲ သူငယ်ချင်းဆိုတော့
လူတွေနဲ့ သိတာတွေများလာလို့၊ စကားမပြောချင်တော့လို့ဆိုပဲ

“ဟာကွာ ဖေစဘုတ်ဆိုတာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံဖို့ လုပ်ပေးထားတဲ့ ဆိုရှယ်နက်ဝပ်လေ ကွာ”လို့ ကိုယ်က ပြောမိတော့

“မဟုတ်ဘူးကွာ၊ လူတွေနဲ့ သိပြီး စကားပြောတာများလာရင် သူတို့ဆီက အပူတွေကူးတယ်ကွ
ဒါကြောင့် ငါ လူတွေနဲ့ သိပ်စကားမပြောတော့တာ”၊

အခုဆို အဲဒိသူငယ်ချင်းကို ဖေ့စဘုတ်မှာ မတွေ့တာအချိန်အတော်ကြာပေါ့၊ သူကတော့ အပူကြောက် ပြီး၊ ဖေစဘုတ်ကနေထွက်ပြီး အပြင်မှာစာဝါလေးချလိုက် ချို့ဆိမ့်လေးသောက်လိုက်နဲ့ ဘ၀ကို အေး အေးဆေးဆေး ကျော်ဖြတ်နေမယ်ထင်ပါတယ်၊

ကိုယ်ကတော့ ဒီအရာတွေကို အခုထက်တိုင် မစွန့်နိုင်သေးပဲ အပူတွေကြားမှာ အပူတွေလိုက်ရှာ နေမိတာ၊ တစ်နေ့နေ့ တစ်ချိန်ချိန်တော့ သူငယ်ချင်းလို စာဝါလေးချလိုက် ချို့ဆိပ်လေးသောက်လိုက်နဲ့ အေးအေးဆေးဆေးဘ၀ကို လျှောက်နိုင်ကောင်းပါရဲ့------------။ ။

( သူငယ်ချင်းဟောင်း မောင်ဂုဏ်နွယ်အတွက် မှတ်မှတ်ရရ)

သစ္စာမိုးဝေ။ ။

No comments:

Post a Comment