Saturday, 14 September 2013

တနင်္ဂနွေ စကားလက်ဆောင် ( ၁၀ ) အမှားရဲ့ ဆုံး အသုံးမကျတဲ့ နောင်တ

ဒီတစ်ခါ စာဖတ်သူတွေကို နောင်တနဲ့ ပတ်သက်တဲ့ အကြောင်းလေးကို ပြောပြပြီး လက်ဆောင်ပေးချင်ပါတယ်၊ နောင်တဆိုတဲ့ စကားက လူတိုင်းနှုတ်ဖျားမှာ နေ့စဉ် ကြားနေရတဲ့ စကားလုံး တစ်လုံးလဲ ဖြစ်ပါတယ်၊ နောင်တရပြီး ပြင်လိုက်လို့  တစ်ဘ၀ လုံး အဆင်ပြေ ချောမွေ့သွားတဲ့ သူတွေလဲ ရှိကြပါတယ်၊ နောင်တတွေ တသီကြီးနဲ့
ဖြေဆည်ရာမဲ့ပြီး ဘ၀တစ်ခုလုံး ဆုံးရှုံးသွားတဲ့ သူတွေလဲ အများကြီးတွေ့ဖူးကြမယ် ထင်ပါတယ်၊ အကောင်းဆုံးကတော့

အမှားဆိုတာ လူတိုင်းလူတိုင်း မကင်းနိုင်ကြပါ ဘူး၊ အမှားနည်းတဲ့သူနဲ့ အမှားများတဲ့သူဆိုပြီး ဒီလောက်ပဲကွာပါတယ်၊ ပုထုဇဉ်မှန် သမျှဟာ တရားမတွေ့သေးသရွေ့ အမှားတွေ့ အငွေ့သီနေဦးမှာပါ၊ အမှားတွေများ လေလေ နောင်တတွေရ လေလေဖြစ်မှာပါပဲ၊ အမှားနည်းလေလေ နောင်တနည်း နည်းလေပေါ့၊ ဒါဆို အကောင်းဆုံးကတော့ နောင်တကင်းချင်ရင်  အမှားကင်းနိုင်သ မျှကင်းအောင် ကြိုးစားလုပ်ဆောင်ရမှာပါ၊

ဘ၀မှာ တစ်ချို့ အမှားတွေက ပြင်လို့ရပါတယ်၊ တစ်ချို့အမှားတွေကြတော့ ပြင်လို့မရ တော့ပါဘူး၊ ပြင်လို့မရတဲ့ အမှားမျိုးလုပ်မိခဲ့ရင် တစ်ဘ၀လုံး နောင်တတွေနဲ့ ယူကြုံး ရ ဖြစ်ရပါတယ်။ ဒါကြောင့် စာဖတ်သူများကို အကောင်းဆုံးအကြံပေးချင်တာက တော့ ဘယ်အရာပဲဖြစ်ဖြစ် မလုပ်ခင် အရင်စဉ်းစားလိုက်ပါ၊ ဥပမာလေး ပေးရရင် အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် အရင်ဆုံး

“ငါလုပ်နေတဲ့ အလုပ်ဟာ ငါအတွက် အကျိုးရှိရဲ့လား၊ ဒါမှမဟုတ် သူများအတွက် အကျိုးရှိရဲ့လား၊ နောက်တစ်ခါ တဆင့်တက်ပြီး ငါရောသူရော နှစ်ယောက်လုံးအတွက် အကျိုးရှိရဲ့လား”ဆိုပြီး မလုပ်ခင် စဉ်စားခန်း ၀င်လိုက်ပါ၊

အဲဒီလိုလေး စဉ်းစားခန်းဝင်လိုက် တဲ့အခါ ငါအတွက်အကျိုးမရှိဘူး၊ သူများအတွက် လဲအကျိုးမရှိဘူး၊ ငါရောသူများ နှစ်ဦးသားလုံး အတွက်လဲ အကျိုးမရှိဘူး ဆိုရင် ဆက်မလုပ်ပဲ ရပ်တန်းက ရပ်လိုက်ပါ၊ ဆက်လုပ်မယ်ဆိုရင် နောင်တတွေရဖို့ (99% ) အဆင့်လောက်ရှိနေပါပြီ၊ ရပ်တန်းကသာ ရပ်လိုက်ပါ၊

နောက်တစ်ခါ ကိုယ့်အတွက် အကျိုးမရှိပဲ သူများအတွက် အကျိုးရှိတယ်ဆိုရင် ၊ ဒါမှ မဟုတ် သူများအတွက် အကျိုးမရှိပဲ ကိုယ်အတွက် အကျိုးရှိတယ် ဆိုရင်တော့ လုပ်သင့်တယ်လို့ ယူဆနိုင်ပါသေးတယ်၊ အဲဒီလိုမဟုတ်ပဲ သူလဲ အကျိုးမရှိ၊ ကိုယ်လဲ အကျိုးမဖြစ်ဆိုရင် သေချာပါပြီ အဲဒီအလုပ်ဟာ လုပ်ပြီးသွားရင် နောင်တတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ ခါးသီးနေတော့မှာပါ၊

ဒီနေရာမှာ ကြားဖူးတဲ့ အဖြစ်အပျက်ကလေး တစ်ခုကို ပြောပြချင်ပါသေးတယ်၊ တစ်ခါက အရမ်းချော၊ အရမ်းဖြောင့်တဲ့ စစ်ဗိုလ်လေးတစ်ယောက်ရှိပါတယ်၊ အဲဒီ စစ်ဗိုလ်လေးဟာ ရုပ်ချောသလို သဘောလဲအရမ်းကောင်းပါတယ်၊ ပညာကလဲတော် ပါတယ်၊ လူပေါင်းလဲ ဆန့်တယ်၊ လူချစ်လူခင်လဲပေါပါတယ်၊ အသက်ကလေးကလဲ နှစ်ဆယ်ကျော်အရွယ်ဆိုတော့ အတွေ့အကြုံကလဲ နုနယ်ပါသေးတယ်၊

တစ်နေ့တော့ အဲဒီစစ်ဗိုလ်လေးဟာ သူငယ်ချင်းတွေနဲ့အတူ နိုက်ကလပ်သွားပါ တယ်၊ နိုက်ကလပ်မှာ တစ်ညလုံးပျော်ပါးပါတယ်၊ အဲဒီလိုပျော်ပါးရင်းနဲ့ ညဉ့်ငှက်က လေးတစ်ယောက်နဲ့ သံယောဇဉ်ငြိကြပါတယ်၊ ငြိရာကထိ၊ ထိရာကတွယ်၊ တွယ်ရာကနေ ဆင့်တက်ပြီး လူကွယ်ရာတွေမှာ ခဏခဏ တွေ့ဖြစ်ကြပါတယ်၊ တစ် ယောက်နဲ့ တစ်ယောက်မခွဲနိုင်မခွါရက်ဖြစ်ကြပါတယ်၊
သူငယ်ချင်းတွေက အမျိုးမျိုးဖြောင့်ဖျ၊ တားမြစ်ကြပေမယ့် တားမရပါဘူး၊ အချစ်မီး ဟာ အကြီးကြီးတောက်လောင်နေပြီး စစ်ဗိုလ်လေးဟာ ဘာကိုမှ မမြင်တော့ပါဘူး၊

တိုတိုပြောရရင် တစ်နေ့ စစ်ဗိုလ်လေးတို့ အသုတ်က လူတွေကို ရှရှားကို ပညာသင် လွတ်ဖို့ လူရွေးတာ စစ်ဗိုလ်လေးပါပါတယ်၊ ဒါနဲ့ ဆေးစစ်ရပါတယ်၊ ဆေးစစ်တော့ စစ်ဗိုလ်လေး ဆေးကျပါတယ်၊ အဖြေက H.I.V ရှိနေပါပြီ၊ ရုပ်အရမ်းချောတဲ့ စစ်ဗိုလ်လေး ၊ ပညာအရမ်းတော်တဲ့ စစ်ဗိုလ်လေး ပြင်မရတဲ့ အမှားတွေနဲ့ နောင်တတွေ တစ်သီကြီး နဲ့ စိတ်တွေ လေထဲရွက်လွှင့်နေတော့ပါတယ်၊
သိပ်မကြာခင် သတင်းတစ်ပုဒ်မှာ စစ်ဗိုလ်လေး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ် ဆိုတဲ့ သတင်းပါလာပါတယ်။

ဒါဟာ ဘ၀ကို ရေစုန်မျှောမိလို့ ပြင်မရတဲ့ အမှားတွေလုပ်မိပြီး၊ နောင်တတွေ တစ်သီ ကြီးနဲ့ ဘ၀ကို လက်မြှောက်အရှုံးပေးသွားရတဲ့ သာဓက သက်သေလေး တစ်ခုပါ၊

ဒီနေ့ ဒီအချိန် ကိုယ့်ပတ်ဝန်းကျင်မှာ၊ ကိုယ့်နယ်မြေမှာ၊ ကိုယ့်ဒေသမှာလဲ မမြင်လိုက် မကြားလိုက်မိတဲ့ နောင်တတွေနဲ့ ငိုကြွေးနေသူတွေ ဒုနဲ့ဒေးရှိနေမလားပဲ မပြောနိုင်ပါ၊
အမှားနဲ့ ပတ်သက်လို့ စကားပုံလေးတစ်ခုရှိပါတယ်။ ဒီလိုပါ၊
“ပညာရှိတွေက သူတစ်ပါး အမှားကနေ သင်္ခန်းစာယူကြတယ်၊
ပညာနည်းတဲ့ သူတွေကတော့ ကိုယ်တိုင်မှားတာကနေ သင်္ခန်းစာယူကြတယ်၊
လူမိုက်တွေကတော့ သူများအမှားကလဲ သင်္ခန်းစာမယူကြ၊ ကိုယ် ကိုယ်တိုင် မှားနေ တာကလဲ သင်္ခန်းစာမယူကြပဲ ဆက်လက်မှားနေကြသည်”တဲ့ ၊

ဒါကြောင့် စာဖတ်သူများ ဘ၀မှာ မမှားကြစေဖို့၊ နောင်တကင်းဝေးကြစေဖို့ ခုပြောပြခဲ့တဲ့ အပြစ်အပျက်လေးကို သင်္ခန်းစာ ယူစေချင်ပါတယ်၊ မှားတယ်ဆိုတာ ခုခေတ်မှာမှ မှားကြတာ နောင်တတွေရကြတာ မဟုတ်ပါဘူး၊

ဘုရားရှင်လက်ထက်တော် အခါကလဲ မှားကြပါတယ်၊ နောင်တတွေ ရကြပါတယ်၊ နောင်တရပြီး ပြင်ဆင်လိုက်လို့ အချိန်မှီ သောကတွေသက်သာသွားတဲ့ သူလဲရှိခဲ့ဖူး ပါတယ်၊ ပြင်ဆင်ဖို့အချိန်နှောင်းပြီး ယူကြုံးမရနဲ့ အပူလုံးထပြီး မဟာအ၀ီစိငရဲကြီးကို မြေမျိုခံရပြီး ဒါတိုက်ရောက်သွားရတဲ့ သူတွေလဲ ရှိခဲ့ဖူးပါတယ်၊ ဒါကြောင့် အခုတစ်ခါ စာဖတ်သူများကို

ဘုရာင်းရှင်လက်ထက်တော်က ဇာတ်ကြောင်းလေးတစ်ခုကို ပြောပြ ချင်ပါသေးတယ်၊ ဇာတ်လမ်းလေးက ဒီလိုပါ၊
ဘုရားရှင် လက်ထက်တော်က အရှင်ဒေ၀ဒတ်ဆိုတာရှိပါတယ်၊ အရှင်ဒေ၀ဒတ်ဆို တာ သာမာန်လူမဟုတ်ပါဘူး၊

ဘုရားရှင်နဲ့ဆို ယောက်ဖတော်ပါတယ်။ သူက ဘုရား ရှင်ရဲ့ ကြင်ယာတော် ယသောဓရာမင်းသမီးရဲ့ အစ်ကိုပါ၊ အရှင်ဒေ၀ဒတ်ဟာ မျိုးရိုး အနေနဲ့လဲ မင်းမျိုးမင်းနွယ်ပါ၊ သကျမင်းမျိုးပါ၊ သူလဲပဲ မင်းသားတစ်ယောက်ပါ၊ ပညာ သင်ကြားတာလဲ ဘုရားရှင်နဲ့ အတူတူ တစ်ကျောင်းတည်းထွက်ပါပဲ၊ ဆရာလဲ အတူ တူ၊ ကြီးပျင်းတာလဲ အတူတူပါ၊

အဲဒီလို အရာရာမှာ အတူတူကြီးပျင်းလာတဲ့ အရှင်ဒေ၀ဒတ်ဟာ သူသာသနာ့ဘောင် ၀င်ရောက်လာတော့ သူလဲ ဘုရားရှင်နည်းတူ အာဏာရချင်ပါတယ်၊ ပါဝါရှိချင်ပါ တယ်၊ ခေတ်စကားနဲ့ နားလည်လွယ်အောင် ပြောရရင် ဘုရားရှင်နဲ့ သူက ခြေရာ တိုင်းလာပါတယ်၊ အမှန်က အရှင်ဒေ၀ဒတ်ဟာ လောကုတ္တရာဘက်ကို ဦးမတည်ပဲ

လောကီဘက်ကို ဦးတည်သူဖြစ်လာပါတယ်၊ ဒါကြောင့် သူဟာ ရသလောက်နဲ့ ကျေနပ် ရောင့်ရဲမှု မဖြစ်ပဲ ပိုပိုလိုချင်တာတာပါ၊ လာဘ်လာဘဆိုတာ လိုချင်လေမရလေ၊ မရ လေလိုချင်လေ ဖြစ်တတ်ပါတယ်၊ အခု အရှင်ဒေ၀တ်လဲ လိုချင်လို့မရ၊ မရလို့ လိုချင်၊ ဆင့်ကဲ ဆင့်ကဲ သူ့စိတ်ဖြစ်စဉ်တွေဟာ မငြိမ်သက်တော့ပါဘူး၊ မငြိမ်မသက်နဲ့ နေ့စဉ် ပူလောင်လာရပါတယ်။ ပူလောင်လေ လိုချင်လေလေ ဖြစ်လာပါတယ်၊ အဲဒီလို ကြံစည်တာနဲ့ တပြိုင်နက် သူရရှိထားတဲ့ လောကီဈာန်တွေလဲ သဲထဲရေသွန် ပျောက် ပျက်ကုန်ပါတယ်၊ ဒါပေမယ့် သင်္ခန်းစာယူ၊ အသိဥာဏ်ဝင် သံဝေယှဉ်ဖို့ နေနေသာ အရှင်ဒေ၀ဒတ်ဟာ ရလေလိုလေ အိုတစ္တေဖြစ် လာပါတယ်၊

ဒါကြောင့် မတရားနည်းတွေသုံးလာပါတယ်။ ရာဇဂြိုဟ်မြို့က ဘုရင်လောင်း အဇာတ သတ်နဲ့ ပေါင်းပြီး ဘုရားကို အမျိုးအမျိုးမကောင်းကြံပါတော့တယ်၊ ရာဇဂြိုဟ်မှာ အရှင်ဒေ၀ဒတ်က ဘုရားလက်သစ်၊ သူ့နောက်လိုက် ဘုရင်အဇာတသတ်က ဘုရင် လက်သစ် ဖြစ်ချင်တိုင်း ဖြစ်နေပါတော့တယ်။

ဒီလိုနဲ့ တိုတိုပြောပြရင် အဇာတ်သတ်က သူ့ဖခင် ဘုရင်ဗိမ္ဗိသာရကို သတ်လို့ နောင်တတွေ တသီကြီးနဲ့ အိပ်မပျော်စားမ၀င် နန်းတော်မှာ မနေချင်လောက်အောင် အဖြစ်ဆိုးတွေနဲ့ ရင်ဆိုင်တိုးရပါတယ်၊

ဒါပေမယ့်  ဘုရင်အဇာတသတ်ကတော့ နောက်ပိုင်း ဆေးဆရာကြီး ဇီဝက လမ်းညွှန် ကောင်းလို့ ဘုရားရှင်ထံရောက်ကာ အမြင်မှန်ရပြီး သက်သာရာ ရခဲ့ပါတယ်၊

အရှင်ဒေ၀ဒတ်ကတော့ အဲဒီလို အမြင်မှန်လဲမရ ဆိုးပြီးရင်းဆိုး တိုးပြီးရင်တိုးလို့ မိုက်လာပါတယ်၊ နောက်ဆုံး အပြစ်အပျက်ကလေးကတော့ အရှင်ဒေ၀ဒတ် အတွက် တော်တော်လေး သံဝေဂ ယူစရာကောင်းပါတယ်၊ အရှင်ဒေ၀ဒတ်ဟာ ရာဇဂြိုဟ်က နေ ၀ဇ္ဇီတိုင်းသား ရဟန်းတော်ငါးရာကို ဂယာသီသက အဇာတသတ်မင်း ဆောက် လုပ်လှူဒါန်းထားတဲ့ကျောင်းကို ခေါ်လာပါတယ်၊ အဲဒီဂယာသီသက ကျောင်းမှာ အရှင်ဒေ၀ဒတ်ဟာ ဘုရားတစ်ဆူလုပ်နေပြီး

ဘုရားရှင်တော်မြတ်လို တရားတွေလဲ ဟောဟောပါတယ်၊ မြတ်စွာဘုရားက လက်ဝဲတော်ရံ လက်ယာတော်ရံ တပည့်ကြီး တွေရှိသလို အရှင်ဒေ၀ဒတ်မှာလဲ ရှင်ကောကာလိက၊ ရှင်ကဋမောဒက တိဿ၊ ရှင်သမုဒ္ဒဒတ္တဆိုတဲ့ တပည့်ကြီးတွေရှိပါတယ်၊

အဲဒီလိုဖြစ်ပျက်နေတာကို ဘုရားရှင်က တရားဟောချေချွတ်ဆုံးမဖို့ရန် ရာဇဂြိုကနေ လက်ဝဲတော်ရံ လက်ယာတော်ရံဖြစ်ကြတဲ့ အရှင်သာရိပုတ္တရာနဲ့ အရှင်မောမဂ္ဂလာန် တို့ကို လွတ်လိုက်ပါတယ်၊ အစတော့ အရှင်ဒေ၀ဒတ်က ရှင်သာရိပုတ္တရာနဲ့ အရှင် မောမဂ္ဂလာန်ဟာ သူနဲ့အတူလာပူပေါင်းတယ်လို့ အထင်ရောက်နေပါတယ်၊

ဒါကြောင့် အသာလေးလွတ်ထား လိုက်ပါတယ်၊ အရှင်ဒေ၀ဒတ်ရဲ့ တပည့်ကြီး ရှင် ကောကာလိကက အမျိုးမျိုးသတိပေးတာတောင် လက်မခံပါဘူး၊ အရှင်ဒေ၀ဒတ်က အေးအေးဆေးဆေးပဲ နပ်နေပါတယ်၊
ဒီလိုနဲ့ ၀ဇ္ဇီတိုင်းသား ရဟန်းတော် ငါးရာဟာ အရှင်သာရိပုတ္တရာ တရားတော်ကို နာကြားရပြီး အမြင်မှန်ရ ၊သောတာပန်ဖြစ်ကြပြီး အရှင်မြတ်ကြီးတွေနဲ့ အတူတူ ရာဇဂြိုဟ်ကို ပြန်လိုက်သွားကြပါတယ်၊

အရှင်ဒေ၀ဒတ်ကြီးက ဒါတွေမသိသေးပါဘူး၊ အမျိုးမျိုးသတိပေးတဲ့ကြားက ဒီလို ဖြစ်သွားတာကို သိတဲ့ တပည့်ကြီး ကောကာလိကက အရှင်ဒေ၀ဒတ်အိပ်နေတဲ့ နေရာကို ရောက်လာပြီး စိတ်ဆိုးဆိုးနဲ့ အရှင်ဒေ၀ဒတ်ကို ဖနောင့်နဲ့ ပေါက်ပြီး နိုး လိုက်ပါတယ်၊ ကိုးလလုံးလုံး ရောဂါဖြစ်နေတဲ့ အရှင်ဒေ၀ဒတ်ကြီးဟာ ဖနောင့်ပေါက် ခံရတဲ့ ဒဏ်ကြောင့် သွေးစိမ်းတွေ အံထွက်လာပါတယ်၊

 ရောဂါကလဲသဲ၊ တပည့်တွေကလဲ အခွဲခံရတော့ အရှင်ဒေ၀ဒတ်လဲ ဘုရာင်းရှင်က ကျောက်မောင်းဆင် သတ်ခဲ့တဲ့နောင်တ၊ သံဃာတွေ ဂိုဏ်းကွဲအောင် ခွဲခဲ့တဲ့ နောင်တတွေနဲ့ အချိမဆန့်ဖြစ်ပြီး မနေနိုင်မထိုင်နိုင် ဖြစ်လာပါတယ်၊ အဲဒီတော့ နောင်တော်ကြီး ဘုရားကို အားကိုးရမှန်းသိလာပါတော့တယ်၊

ဒါပေမယ့် သူနောင်တတွေဟာ နောက်အကျကြီး ကျသွားခဲ့ပါပြီ၊
နောက်ဆုံး နောင်တတွေ တသီကြီးနဲ့ နောင်တော်ကြီး ဘုရားဆီ အဖူးမျှော်သွား တောင်းပန်စကားဆိုဖို့ တပည့်တွေအား လိုက်အပို့ခိုင်းရာမှာ သာဝတ္တိကျောင်းတော် အရောက် ကျောင်းတွင်းက ရေကန်နားမှာ သူပြုလုပ်ခဲ့တဲ့ ဘုရားရှင်အား သွေးစိမ်း တည်အောင်လုပ်တဲ့ မကောင်းမှု၊ သံဃာတော်တွေကို ကွဲပြားအောင်လုပ်ခဲ့တဲ့  သံဃာဂိုဏ်းခွဲမှု ကံကြီးတွေကြောင့် အ၀ီစိမှာ မြေမျိုကာရောက်သွားပါတော့တယ်။

မကောင်းမှု လုပ်တဲ့ သူတစ်ယောက်ဟာ ပစ္စုပ္ပန်ဘ၀မှာလဲ ပူပင်ရပါတယ်၊
တမလွန်ဘ၀မှာလဲ ပူပင်ရပါတယ်၊
ပစ္စုပ္ပန်၊ တမလွန် နှစ်ဘ၀လုံးမှာလဲ ပူပန်ရပါတယ်၊
ငါဟာ မကောင်မှုကို လုပ်မိပြီလို့ သိတာနဲ့ တပြိုင်နက် ပူပန်ရပါတယ်၊
တမလွန်ဖြစ်ရာ အပါယ်ဘုံမှာဆိုရင်လဲ ဒီထက်မက ပူပန်ရဦးမှာပါ။



ဒါကြောင့် စာဖတ်သူများကို အကြံပေးချင်တာကတော့ ဘာပဲလုပ်လုပ် အကောင်း ဆုံးဖြစ်အောင်လုပ်ပြီး နောင်တကင်းအောင်ကြိုးစားကြပါ၊ နောင်တဆိုတာ နောင်မှ တရပြီး ဘ၀ခရီး တစ်လျှောက်လုံး ပူပန်နေရတာပါ၊ တကယ်လို့ နောင်တတွေ မဖြစ်အောင် အကောင်းဆုံးနေ နိုင်အောင် ကြိုးစားကြမယ်ဆိုရင် ပျော်ရွှင်သော ဘ၀တစ်ခုကို ပိုင်ဆိုင်ကြမှာမလွဲပါ၊

နောင်တတွေရနေပြီဆိုရင်လဲ အကောင်းဆုံးဖြေရှင်းနိုင်ဖို့ ဘုရင်အဇာတ်သတ်လို ဆရာကောင်းသမားကောင်းကို တွေ့အောင်ရှာလိုက်ပါ၊ နောင်တဆိုတာ နောက်ကျသွားရင် အများကြီး နစ်နာတတ်လို့ပါ၊

ရွှေမန်းသား

http://mingalargarden.blogspot.in/

ကျမ်းကိုး
ဓမ္မပဒ ပါဠိတော်၊ အဋ္ဌကတာ ဒေ၀ဒတ္တ၀တ္ထု
ဦးရွှေအောင် ဓမ္မပဒ ရှင်ဒေ၀ဒတ်ဝတ္ထု

No comments:

Post a Comment