Saturday, 21 September 2013

တနင်္ဂနွေ စကားလက်ဆောင် ( ၁၁ ) လှုပ်လို့ ရပြီ လှုပ်လို့ ရပြီ

စာရေးသူ ငယ်ငယ်က မျက်နှာမှာ အပြစ်ကင်းပြီး ကြည်လင်ဝင်းပနေတဲ့ အဖိုးအဖွား တွေကို တွေ့ရရင် သိပ်အားကျမိပါတယ်၊ အေးအေး ဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လှမ်းလျှောက်နေတာ တွေ့ရင် အဝေးက ငေးကြည့်မိပါတယ်
“အော် သူတို့မျက်နှာ တွေ ၀င်းပနေတာပဲ အကုသိုလ်နည်းလို့နေမှာပဲ၊ မေတ္တာတရားကြီးမားလို့နေမှာပဲလို့” လဲ တဆက်တည်း အတွေးပွားမိပါတယ်၊

ဒီလိုနဲ့ စာမေးပွဲတွေအောင် အတန်းတွေတက်ရပြီး စာလေးပေလေး ဖတ်ဖြစ်တော့ မေတ္တာတရား အမြဲပွားများတဲ့သူဟာ မျက်နှာကြည်ပါလားဆိုတာ သိလာရပါတယ်၊ အကုသိုလ်ဆိုတာလဲ ရင်ထဲမှာ အစဉ်ကိန်းနေတဲ့ အနုသယအကုသိုလ်၊ အကြောင်း

တစ်ခုခုနဲ့ တိုက်ဆိုင်တဲ့အခါ ထကြွသောင်းကြမ်းတတ်တဲ့  ပရိယုဋ္ဌါန အကုသိုလ်၊ ထကြွသောင်းကြမ်းတဲ့ အဆင့်မှာတင် ရပ်မနေပဲ ကိုယ်ထိလက်ရောက် လွန်ကြူး တတ်တဲ့ ၀ီတိက္ကမ အကုသိုလ်ဆိုပြီး သုံးမျိုးသုံးစားရှိတာတွေလဲ ထပ်ဆင့်သိရ ပြန်ပါတယ်၊

အဲဒီလို အနုသယအကုသိုလ်တွေ ကိန်းအောင်းနေကြတဲ့ လူတွေရဲ့စိတ်ဟာ မပြည့် တပြည့် ရေတွေထည့်ထားတဲ့  ရေအိုးကြီး တစ်အိုးနဲ့ တူတယ်လို့ ဒီနေရာမှာ တင်စား ချင်ပါတယ်၊

ဘာကြောင့်လဲဆိုရင် မပြည့်တဲ့ရေအိုးကြီးဟာ အလှုပ်မခံပါဘူး၊ အထိမခံပါဘူး၊ လှုပ်တာနဲ့ ဘောင်ဘင်တွေခတ်တော့တာပါ၊ ထိတာနဲ့ လှုပ်ချင်တော့တာပါ၊ စာရေးသူကော စာဖတ်သူပါ တရားအသိက သိပ်အရမ်းကြီး အားမရှိသေးတော့ တကယ်တွေးကြည့်ကြမယ်ဆိုရင် မပြည့်သေးတဲ့ ရေအိုးကြီးတွေပါပဲ၊

မပြည့်တဲ့ ရေအိုးကြီးတွေဟာ လောကဓံ (၈) ပါးရဲ့ ရိုက်ခတ် လှုပ်ရမ်းခြင်းဒဏ် ကို ခံရရင် တဗွမ်းဗွမ်းနေအောင် ဘောင်ဘင်ရိုက်ပြီး ကွဲသွားချင်လဲ ကွဲသွားတတ် ပါတယ် အက်ကြောင်းထချင်လဲ ထသွားတတ်ပါတယ်၊ နာကျင်ချင်လဲ နာကျင်သွား တတ်ပါတယ်၊

ဒီနေရာမှာ ထပ်ဆင့်ပြီး ထင်သာမြင်သာ ဖြစ်လာအောင် ဥပမာလေး ပေးပြောကြည့်ချင် ပါသေးတယ်၊
ဥပမာ

( ၁) လာဘ= လိုချင်တာတွေရမယ်၊ အဆင်ပြေမယ်၊ အခြေနေကောင်းမယ်၊ ရာထူးတိုးမယ်၊ လစာဝင်ငွေကောင်းလာမယ်ဆို မပြည့်တဲ့ အိုးကြီးက လှုပ်လာတာပါ ပဲ၊

(၂) ယသ= အပေါင်းအသင်းတွေများမယ်၊ တပည့်တပန်း လက်အောက်ငယ်သား တွေဝိုင်းဝိုင်းလည်နေမယ်၊ မိသားစုတွေ စုံစုံလင်လင်ဖြစ်နေမယ်ဆိုရင်လဲ မပြည့်တဲ့ အိုးကြီးက လှုပ်နေတာပါပဲ၊

(၃) ပသံသ= လက်ခုပ်သံတွေနဲ့ ညံနေအောင် အားပေးခံရမယ်၊ ချီးမွမ်းစကားတွေ ခဏခဏ အပြောခံရမယ်၊ အမြဲတမ်း လူကြားသူကြားမှာ congratulation အလုပ်ခံရ မယ်ဆိုရင်လဲ မပြည့်တဲ့ အိုးကြီး လှုပ်ခါနေတာပါပဲ၊

(၄) သုခ = စည်းစိမ်တွေနဲ့ လိုတိုင်းရ၊ တတိုင်းပြည့်နေမယ်၊ စိတ်သွားတိုင်း ကိုယ်ပါ၊ လိုရာဆန္ဒတွေပြည့်စုံလို့ စိတ်လဲချမ်းသာ ကိုယ်လဲကျန်းမာနေမယ် ဆိုရင်လဲ မပြည့်တဲ့ အိုးကြီးက လှုပ်နေတာပါပဲ၊

ဒါပေမယ့် ဒီအချိန်တွေမှာ လှုပ်ခါတာဟာ အဆင်ပြေပြေ နေရ၊ ထိုင်ရ သွားရလာရလို့ လှုပ်ခါလို့ လှုပ်ခါမှန်းမသိပါဘူး၊ ဘောင် ဘင်ထလို့ ထနေမှန်းမသိပါဘူး၊ ရေဆန်လေဆန်သွားရတာ မဟုတ်တော့ ဒုက္ခတွေ ဟာ ပျားရည်လိုချိုမြိန်နေတတ်ပါတယ်၊

တကယ်တော့ အဲဒိပျားရည်တွေဟာ အရိယာ သူတော်ကောင်းကြီးတွေ မျက်စိနဲ့ ရှုကြည့်မယ်ဆိုရင် ဓားသွားထက်က ပျား ရည်တွေပါ၊

 ရေအိုးကြီးတွေ သိသိသာသာ လှုပ်ခတ်တာ ဘယ်အချိန်မှာ သိသာသလဲဆိုရင်

(၅) အလာဘ= လိုချင်တာတွေမရတော့ဘူး၊ အခြေနေမဟန်တော့ဘူး၊ ရာထူးတွေလဲ ကျလာပြီ၊ လစာတွေလဲ အရင်လိုမကောင်းတော့ဘူး ၊ ပုံမှန်ဝင်ငွေတွေလဲ ကြဲသွားပြီ ဆိုရင်

(၆) အယသ= အပေါင်းအသင်းတွေကလဲ အရင်လိုမဟုတ်တော့ဘူး၊ မသုံးနိုင် မဖြုန်းနိုင်တော့ ခွါပြဲကုန်ကြပြီ၊ တပည့်လက်အောက်ငယ်သားတွေကလဲ မလေးစား တော့ဘူး၊ မိသားစုတွေလဲ ဖရိုဖရဲဖြစ်ကုန်ပြီဆိုရင်

(၇) နန္ဒ= ပတ်ဝန်းကျင်မှာလဲ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ အပြစ်တွေပြောလာ ပြီ၊ ဝေဖန်လာပြီဆိုရင်

(၈) ဒုက္ခ= ဆင်းရဲဒုက္ခတွေကလဲ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို ဒုက္ခတွေ တစ်ခုပြီး တစ်ခု၊ တစ်ဆင့်ပြီး တဆင့် ရင့်သထက်ရင့်၊ ဆင့်သထက် ဆင့်လာပြီဆိုရင် ဘာလုပ်လုပ် အဆင်ပြေတော့ဘူး၊ စီးပွားရေးကော ကျန်းမာရေးပါ ချူချာလာ ပြီဆိုရင် မပြည့်တဲ့အိုးကြီးက သိသိသာသာကို လှုပ်ခါလာတော့တာပါ၊

အဲဒိအချိန်မှာ ကိန်းနေတဲ့ အနုယက အကုသိုလ်တွေဟာ အခွင့်အရေးရပြီး မကောင်း တဲ့ အာရုံတစ်ခုခုနဲ့ ရင်ဆိုင်တွေ့မယ်ဆိုရင် ကိန်းနေရာကထ၊ ထရာကထောင်၊ ထောင်ရာက မတ်၊ အဆက်မပြတ် လွန်းကျူးမိဖို့ အဆင်သင့် အနေအထား ဖြစ်လာ မှာပါ၊

လူဆိုတဲ့ သတ္တ၀ါဟာ ချမ်းသာတဲ့ အချိန်သာမဟုတ်ပဲ ဆင်းရဲလာတဲ့ အခါမှာလဲ ပေါက်နေတဲ့ မဖူး မထူးပါဘူးဆိုတဲ့ အတွေးစိတ်ရိုင်းတွေနဲ့ ထင်တိုင်း ကြဲတတ်ကြပါ တယ်၊

အဲဒီလို အခြေနေမှာဒေါသအားများတဲ့သူက ဒေါသထွက်စရာ၊ စိတ်ဆိုးစရာ အကြောင်းတွေနဲ့ တိုက်ဆိုင် လာပြီဆိုရင် ဒေါသတွေထွက်၊ စိတ်တွေဆိုး အမျိုးမျိုးကြမ်းတမ်းပြပြီး ပေါက်ကွဲတော့ မှာပါ၊

ဒါဆိုရင် စောစောက ပြောပြခဲ့တဲ့ ရေအိုးကြီးဟာ သာမန်ရေအိုးကြီး အဖြစ်နိုင်တော့ပါဘူး ဒေါသကြောင့် ပူရလို့ ရေနွေးအိုးကြီး အဖြစ်ပြောင်းလဲသွားမှာပါ၊

အဲဒီရေနွေးအိုးကြီးဟာ ဒေါသတွေထွက်လေ လှုပ်လေ၊ လှုပ်လေ ပူလေ၊ ပူလေ လှုပ်လေဖြစ်ပြီး သံသရာလည်နေတော့မှာပါ၊ ကံမကောင်း အကြောင်းမလှခဲ့ရင် ကိုယ်လဲ ပူလောင်ရမယ်၊ ကိုယ်ပတ်ဝန်းကျင်လဲ ပူလောင်ရမယ်၊ ကိုယ်နဲ့ အဆင်မပြေ သူတွေလဲ ပူလောင်ရတာတွေနဲ့ ကြုံတိုးရမှာပါ၊

လောဘများတဲ့ သူဆိုရင်လဲ ဒီလိုပါပဲ လောဘတွေကြီးလာပြီဆိုရင် ဘယ်အရာဖြစ် ဖြစ် အကောင်းမမြင်တော့ပါဘူး၊ ငို့ဘသမားဖြစ်သွားတတ်ပါတယ်၊ အကြောင်း အကျိုး အကောင်းအဆိုးလဲ မကွဲပြားတော့ပါဘူး၊

အဲဒီလို မကွဲပြားတော့ ၀ိသမလော ဘသမားကြီးဖြစ်ပြီး ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး အစားအသောက် တွေကိုလဲ ဆေးဆိုးချင် ဆိုးရောင်းမယ်၊ ဓာတုပစ္စည်းတွေသုံးချင်သုံးမယ်၊ စားသုံးသူ တွေဘက်မကြည့်ပဲ သူသာအမြတ်ရရေး မျှော်တွေးပြီး ဘာပဲလုပ်လုပ် လောဘဦးစီး ပြီး အမြတ်ကြီးစားဖို့ အကြံအစည်တွေနဲ့ လုပ်နေမယ်ဆိုရင်လဲ စောစောက ပြောခဲ့တဲ့ ရေအိုးကြီးဟာ ရေနွေးအိုးကြီး အသွင်ပြောင်းပြီး ပူလောင်လာမှာပါ၊

လောဘတွေနဲ့ အတူဖြစ်လာရတဲ့ ရေနွေးအိုးကြီးဟာလဲ ပူလေ လှုပ်လေ၊ လှုပ်လေ ပူလေဖြစ်ဦးမှာပါ၊ အပြင်က လောဘမီး အပူရှိန်တွေကြောင့် ပွက်ပွက်ဆူလိုက်၊ အတွင်းက လိုချင်စိတ်တွေကြောင့် တဗွမ်းဗွမ်းဆူလိုက် ပူလိုက်နဲ့ ဘယ်တော့မှ အေးမြတဲ့ အရသာကို ခံစားရမှာမဟုတ်ပါဘူး၊

ဝင်ငွေတွေ ကောင်းချင်ကောင်းနေမယ်၊ အမြတ်တွေ အများကြီးရချင်ရနေမယ်၊ ဒါပေမယ့် အဲဒီငွေတွေဟာ ပူလောင်မှုတွေနဲ့ ရထားတာမို့ သုံးရတာ၊ စွဲရတာ အေးချမ်းမှာ မဟုတ်ပါဘူး၊

မောဟများတဲ့ သူဆိုရင်လဲ ဒီလိုပါပဲ အမြဲတမ်း တွေတွေဝေေ၀ဖြစ်လာမယ်၊ အမှားနဲ့ အမှန်မဆုံးဖြတ်နိုင် ဖြစ်လာမယ်၊ အကောင်းအဆိုး အကြောင်းအကျိုး မခွဲခြားတတ် တော့ဘူး၊ ဒါဆို အဲဒီလူရဲ့ စိတ်ထဲမှာ မောဟမီးတွေ တရှိန်ရှိန် တောက်လောင်လာတော့မယ်၊ အဲဒီမောဟမီးအရှိန်ကြောင့် စောစောကပြောပြခဲ့တဲ့ ရေအိုးကြီးဟာ ရေနွေးအိုးကြီး အသွင်ပြောင်းလာမှာပါပဲ၊

ကောင်းတဲ့ သတိတွေမကပ်နိုင်ပဲ တွေဝေနေမယ်၊ ငိုက်မြည်းနေမယ်၊ တွေးတောငေး မောနေမယ်ဆိုရင် တမြေ့မြေ့နဲ့ တစ်ငွေ့ငွေ့ပူလာအောင် မီးရှို့ပေးနေသလိုပါပဲ၊ တဖြေး ဖြေးနဲ့ တွေဝေမိုက်မဲလေ ပူလာလေလေ၊ ပူလာလေလေ အထဲက ရေတွေက ဆူဝေ လာလေလေဖြစ်ပြီး အပြင်ကလဲပူ အတွင်းကလဲပူ ဆူလောင်ခတ်နေမှာပါ၊

တကယ်တော့ လူတိုင်းလူတိုင်းဟာ အခုပြောပြခဲ့တဲ့ လောဘမီး၊ ဒေါသမီး၊ မောဟမီးတွေနဲ့ တထိန်ထိန် တညီးညီး အပြီးသတ်မငြိမ်းသတ်နိုင်ပဲ နေ့စဉ်လောင်မြိုက်ခံနေ ကြရတာပါ၊

ဒီလိုလောင်မြိုက်နေတာဟာ လူပြည်တစ်ခုတည်း လောင်မြိုက်နေတာလား ဆိုတော့ မဟုတ်ပါဘူး စာဖတ်သူရယ်၊ ကာမဂုဏ်အာရုံတွေနဲ့ ထုံမွှမ်းခံနေရတဲ့ လူဘုံအပါအ၀င် တာဝတိံသာ နတ်ဘုံ၊ ယာမာနတ်ဘုံ၊ တုသိတာနတ်ဘုံ၊ နိမ္မာနရတိ နတ်ဘုံ ၀သ၀တ္တီနတ်ဘုံတွေပါ လောင်မြိုက်ခံနေရတာပါတဲ့၊

ကမ္ဘာကြီးတစ်ခုလုံး ပူလောင်ကာ အလျှံတစ်ပြောင်ပြောင်ထပြီး ဆူလောင်ခတ် နေတာကို ဒီနေ့ခေတ် ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာအလား ဖြစ်လာတော့ ပိုပြီးသိသာ လာပါတယ်၊

မနက်မိုးစင်စင် လင်းတာနဲ့ သတင်းစာတွေ ဖတ်ကြည့်လိုက်မယ်ဆိုရင် ကမ္ဘာ့အနောက်ခြမ်းမှာလဲ ပူလောင်ပြီး လှုပ်ခါနေတာ၊ အလယ်ပိုင်းမှာလဲ ပူလောင်ပြီး လှုပ်ခါနေတာ၊ အရှေ့ခြမ်းမှာလဲ ပူလောင်ပြီး လှုပ်ခါနေတာတွေ မြင်ရ၊ သိရ၊ ကြားမိနေရမှာပါ၊ ကမ္ဘာကြီးဘာကြောင့် ပူသလဲဆိုရင် ကမ္ဘာကြီးမှာနေထိုင်ကြတဲ့ သူတွေရဲ့ ရင်ထဲက လောဘမီး၊ ဒေါသမီး၊ မောဟမီးတွေ ကြောင့် အစဉ်အမြဲပူလောင်ပြီး လှုပ်ခါနေရတာပါတဲ့ ၊

ဒါကြောင့် အရှင်သာရိပုတ္တရာညီမဖြစ်တဲ့ ဥပစာလာထေရီမကြီးက “ဟောဒီလောက ကြီး တစ်ခုလုံးဟာ မီးတွေလိုပဲ တောက်လောင်နေတယ်၊ အခိုးတွေ ထွက်နေတယ်၊ အလျှံတွေ ထနေတယ်၊ လောကကြီးတစ်ခုလုံ တုန်လှုပ်နေတယ်” လို့ ပြောခဲ့တာ ဖြစ် မယ်ထင်ပါတယ်၊

ဒီလို အမြဲတမ်းလောင်မြိုက်နေတဲ့ လူဘုံကြီးထဲမှာ လူတစ်ယောက်ဟာ ဘယ်လိုမှ အဆင်ပြေပြေ အခြေနေကောင်းကောင်း လှုပ်လို့မရပါဘူး၊ ဘာကြောင့်လဲဆိုရင် လောဘမီး၊ ဒေါသမီး၊ မောဟမီးတွေနဲ့ လောင်မြိုက်ခံရပြီး လှုပ်နေရလို့ပါ၊
အခြေအနေမကောင်းပဲ ဒီအခြေနေအတိုင်း ဆက်လှုပ်နေမယ်ဆိုရင်လဲ လှုပ်လေမြုပ်လေ ဖြစ်သွားမှာပါ၊

ဒါကြောင့် လှုပ်တိုင်း မမြုပ်ဖို့ ဘယ်လို အကောင်းလောကဓံနဲ့ ကြုံကြုံ၊ ဘယ်လို အဆိုးလောကဓံနဲ့ တွေ့တွေ့ သည်းခံစိတ်ကို မွေးမြူဖြစ်အောင် မွေးမြူရပါမယ်၊ လောကဓံတွေကို သည်းခံနိုင်တဲ့ သူတစ်ယောက်ဟာ လောဘမီးလဲ တောက်လောင်တာ နည်းလာမှာပါ၊ ဒေါသမီးလဲ တောက်လောင်တာလဲ နည်းလာမှာပါ၊ မောဟမီးတောက် လောင်တာလဲ နည်းလာမှာပါ၊

မီးတွေတောက်လောင်တာ နည်းလာရင် ရေအိုးကြီးဟာ သိပ်ပူတော့မှာ မဟုတ်ပါဘူး၊ သိပ်မပူတော့ရင် တဖြေးဖြေး အအေးဘက်ကို ဦးတည်လာမှာပါ၊ အေးငြိမ်းမှုတွေကို ပိုင်ဆိုင်တဲ့ ရေအိုးကြီးဟာ လှုပ်ချင်တိုင်း လှုပ်လို့ ရပြီပေါ့၊

လောဘနဲမီးနဲ့ မလှုပ်ပဲ အလောဘ= အပေးအယူတည့်တည့်လေးနဲ့ လှုပ်မယ်ဆိုရင် ၀ိသမလောသမားတစ်ယောက်နဲ့ အနေနဲ့ မလှုပ်ပဲ၊ သမလောဘ သူဘက်ကိုယ် ဘက် မျှမျှတတစိတ်နဲ့ လှုပ်မယ်ဆိုရင်၊

ဒေါသမီးနဲ့ မလှုပ်ပဲ အဒေါသ= မေတ္တာစိတ်လေးနဲ့ လှုပ်မယ်ဆိုရင် ၊ အားလုံးအပေါ်မှာ ကိုယ်နဲ့ ထပ်တူထားတဲ့ စိတ်ထားလေးနဲ့ ၊ ကိုယ်ချင်းစာစိတ်လေးနဲ့ လှုပ်မယ်ဆိုရင်၊

မောဟမီးနဲ့ မလှုပ်ပဲ အမောဟ= နှိုင်းနှိုင်းချိန်ချိန်လေးနဲ့ လှုပ်မယ်၊ သင်ကြားတတ် မြောက်ထားတဲ့ အတတ်ပညာပေါ်မှာ အခြေခံပြီး ဓမ္မဓိဋ္ဌာန်ကျကျလေး တွေးမယ်၊ ကြံမယ်၊ ပြောမယ်၊ လုပ်မယ်ဆိုတဲ့ ပညာလေးနဲ့ လှုပ်မယ်ဆိုရင် ဘယ်လောက်လှုပ် လှုပ် အလှုပ်ခံရတဲ့ အိုးကြီးဟာ မပူလောင်တော့ပါဘူး ၊ မပူလောင်တော့ဘူးဆိုရင် လှုပ်ချင်သလောက် လှုပ်လို့ရပါပြီ၊

စာဖတ်သူကော အေးအေးဆေးဆေး သက်တောင့်သက်သာနဲ့ လှုပ်လို့မရချင်ဘူး လား၊ လှုပ်လို့ရချင်တယ်ဆိုရင် ဘယ်လိုလောကဓံမျိုးပဲလာလာ အကောင်းပဲဖြစ်ဖြစ် ဆိုးပဲကြုံကြုံ သည်းခံဖြစ်အောင်သည်းခံပြီး လောဘ၊ ဒေါသ၊ မောဟ မီးတွေကို အပြီး သတ် မဟုတ်တောင်မှ နဲနဲချင်းစီ ငြိမ်းသတ်လိုက်ပါ၊

အဲဒီလို ငြိမ်းသတ်နိုင်မယ်ဆိုရင်   တဖြေးဖြေးချင် လှုပ်လို့ရလာမှာပါ၊လှုပ်လို့ရရုံတင်မကပဲ မြတ်စွာဘုရား ဟောကြားတော်မူထားတဲ့ မင်္ဂလာတရားတော် နဲ့ ကိုက်ညီသွားပြီး မင်္ဂလာရှိတဲ့သူ တစ်ယောက်လဲ ဖြစ်သွားမှာပါ၊

ဒါကြောင့် အောက်မှာရေးပြလိုက်တဲ့ မင်္ဂလာကဗျာလေးကို အသံထွက် ရွတ်ဆိုကြည့် ရင်း လှုပ်ကြည့်လိုက်ရအောင်လား စာဖတ်သူ

 ဆင်းရဲချမ်းသာ သဘာဝ၊

တွေ့ကြုံနေကြ လူတိုင်းပေ၊

ကောင်းဆိုးနှစ်တန် အတူတွဲလို့

တစ်လဲစီလှည့် အမြဲနေ၊

လေလာကဓံကြုံ မဖြုန်တမ်းပေါ့

မတုန်စမ်းနဲ့ စိတ်ခိုင်လေ၊

သောကကိုထိန်း၊ ရမက်သိမ်း

အေးငြိမ်းချမ်းသာနေ၊ အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။ ။


ရွှေမန်းသား အရှင်အကုင်္ရ

http://mingalargarden.blogspot.in/

ကျမ်းကိုး

ဥပစာလာ သံယုတ်၊ ပါဠိတော်၊ အဋ္ဌကထာ၊

မင်္ဂလသုတ်ပါဠိတော်၊ မင်္ဂလာ ကဗျာများ

သုခမှတ်စု၊

No comments:

Post a Comment