Wednesday, 4 September 2013

မန်း န.ပ.သ အမှတ်တရများ (၁)

ကျွန်ုပ်သိသော ဓာတ်ကေ(ခ) အရှင်ကေလာသ (တောင်တွင်းကြီး)

ဥုံ-- ဟရူး ဟရူး သွားဟ၊ ဥုံ ဟရူး ဟရူး သွားဟ--

အထက်ပါ ဂါထာကို ရွတ်ဖတ်သဇ္ဈာယ်နေသောသူမှာ ကျွန်ုပ်၏သူငယ်ချင်း အရင်း ခေါက်ခေါက်ကြီး ဓာတ်ကေဖြစ်လေသည်၊ အမှန်တော့ ကျွန်ုပ်မှာ သူရွတ်ဖတ်နေ သောဂါထာကို အဓိပ္ပါယ်လဲမသိ၊ ဆိုလိုချက်အပြည့်အစုံလဲ မရိပ်မိပါ၊ မှတ်မိသ လောက်ကြားသလောက်သာ ရေးပြလိုက်ခြင်းဖြစ်လေသည်၊ ကျွန်ုပ်သူငယ်ချင်း ဓာတ်ကေမှာ လောကဓာတ်ပညာကို ၀ါသနာထုံလှချေရကား ဗေဒင်လဲလေ့လာ၏၊ လောကီလက်ဖွဲ့ အဆောင်တွေလဲသိ၏၊ အဓိဌာန်ပတီးလဲ စိတ်လေ့ရှိတတ်၏၊ တိုင်း ရင်းဆေးကျမ်းတွေကိုလဲ မွှေနှောက်ခြောက်ချား လမ်းသလားဖူး၏။

တစ်ခါသား ကျွန်ုပ်မှာ တက္ကသိုလ်ဖိုင်နယ် စာမေးပွဲကြီးကနီး၊ စာကျက်ရက်တွေက စိပ်၊ စိတ်တွေကထွေပြားေ၀၀ါး၊ ကျန်းမာရေးကခြူချာကာ ခြေထောက်နှစ်ချောင်းမှာ ကောင်းကောင်းလမ်းလျှောက်နိုင်ပဲ လူမမာတစ်ယောက်အဖြစ်သို့ ချက်ချင်းလက်ငင်း ရောက်သွားတော့သည်၊

ထိုအခါ ကျွန်ုပ်အချစ်ဆုံး သူငယ်ချင်းကြီးဓာတ်ကေမှာ မနေသာပဲ သူတတ်စွမ်းသော ဓာတ်လမ်းဖြင့် မန်းကာ၊ မှုတ်ကာ၊ ကုသပေးလေတော့၏၊ ခြေနှစ်ချောင်းကို ဘယ်က နေညာ၊ ညာကနေဘယ် အသွယ်သွယ် အသီးသီး၊ အနည်းနည်းမဖုံဖုံ နှိပ်နည်းမျိုးစုံ ဖြင့် ကုသလေတော့၏။

အောက်ကနေ အနှိပ်ခံနေသော ကျွနုပ်မှာ ယားလဲယား၊ ရီးကလဲရီချင်၊ မနည်းပင် အောင့်အီးသည်းခံကာ နေရပေ၏၊ သူ့ပါးစပ်ကလဲ အသာမနေ ဥုံတွေထပ်ကာ ထပ်ကာ ခံပြီး ဂါထာမန္တရားကို မနေမနား ရွတ်ပွားနေလေ၏၊

 ဤကား ကျွန်ုပ်နှင့်ဓာတ်ကေသဟဇာတ သပ္ပာယ မျှပုံတွေထဲက တစ်ချို့တစ်ဝက်ဖြစ် ပေ၏၊

ဓာတ်ကေ၏ပုံပန်းသဏ္ဍာန်မှာ ပိန်ပိန်ပါးပါးဖြစ်၏၊ သွားလျှင်လာလျှင် လွှားကနဲ့ လွှား ကနဲ့ အားရပါးရရှိလှ၏၊ သူဝတ်သော သင်္ကန်းမှာ မညီမညာ ဒေါင့်စွန်းဖြာထွက်လျှက် တစ်ဖက်ကအထက် တစ်ဖက်ကအောက် ၊ စကားပြောလျှင်လဲ ဒုန်းဒုန်းဒိုင်းဒိုင်း ဗွင်း ဗွင်းရှင်း ပြောတတ်၏၊ မကွေ့မ၀ိုက်၊ အရှိကိုအရှိတိုင်း၊ တစ်ခါတစ်ရံ ပိတ်သလေးနဲ့ နံဘေးပစ်သလိုရှိလှ၏၊

မန်းတက္ကသိုလ်ကြီးတွင် စာမေးပွဲနီးလျှင် မိမိနေသောအဆောင်မှာ စာမကျက်ချင် သောကျာင်းသားတစ်ချို့က ကျောင်းအရှေ့ထိပ် အလည်တည့်တည့်က ဓမ္မာရုံကြီးဆီ သို့ အသီးသီး စာကျက်ဖို့ ချီတက်လေ့ရှိကြ၏၊ ထိုသူများထဲတွင် ကျွန်ုပ်နှင့် ဓာတ်ကေ လဲအပါအ၀င်ဖြစ်တော့၏၊ ဓာတ်ကေသည် ဆရာရေးပေးသမျှစာတွေကို အကုန်မ ကျက်၊ ဟိုတစ်ကွက်၊ သည်တစ်ကွက် ဂျစ်ထုတ်လျှက် သူ့ပါလာသော မှင်တန်တစ် ချောင်းနဲ့ ဟိုကနေချစ်လိုက်၊သည်ကနေချစ်လိုက် သူ့မှတ်စုမှာ နောက်ဆုံး စာတွေ ပေါ်မှာ အ၀ိုင်းတွေလဲပါ၏၊ အစက်အပျောက်တွေလဲများ၏၊ မျဉ်းကြောင်းတွေလိုလဲ မြင်ရ၏၊ ဒါပေသိ သူသည် စာမေးပွဲအောင်စာရင်းထွက်တိုင်း အောင်သည်ချည်းဖြစ် သည်၊

တစ်ခါတော့ စတုတ္ထနှစ် ဖိုင်နယ်စာမေးပွဲတွင် ဓာတ်ကေမှာ သိပ်မဖြေနိုင်၊ ဖြေရသည် က ပါဠိစာပေ၊ သက္ကဋမေခွန်း၊  မေးခွန်းတွေကခက်၊ စာပေကမလွယ်၊ ကျောင်းသား အားလုံးမှာ ချွန်ပြေး ချွေးပြန်ကြ၏၊ စာမေးပွဲအခန်းထဲက ထွက်လာပြီး အဆောင်ပြန် အရောက်တွင် ပါဠိစာပေမှတ်စုအားလုံးကို မီးတစ်ဝုန်းဝုန်းနဲ့ ပူဇော်လေတော့၏၊
သူ့ပါးစပ်ကလဲ တစ်ဥုံဥုံ ခံလျှက်၊ ဘာတွေသရဇ္ဈာယ်ပြီး ဘာတွေရွတ်ဖတ် နေသည် မသိ၊

အောင်စာရင်းထွက်တော့ ဓာတ်ကေမှာ စာမေးပွဲကို ရှောရှောရှူရှူ အောင်မြင်သွား သည်။ စာမေးပွဲတွေ အသီးသီးအောင်မြင်သွားကြတော့ သူကတောင်တန်းသာသနာ ပြုဖို့ တာဝန်ကျသည်၊ ကျွန်ုပ်က မဟာတန်းဆက်တက်ဖြစ်ဖို့ အကြောင်းဖန်လာပြီး လူချင်းကွဲသွားလေသည်၊

သူငယ်ချင်းကြီး ဓာတ်ကေမှာ တောင်တန်းရောက်သွားသော်လဲ သူ၏၀ါသနာမှာ ပျောက်ပျက်မသွားပဲ ဆက်လက်လေ့လာသင်ယူ မန်းမှုတ်လျှက်ရှိ၏၊ တစ်ခါတရံ တောင်တန်းပြန် အရှင်များထံမှ သူ့အကြောင်းတွေကို ကြားရ၏၊ ဓာတ်ကေကြီး ဓာတ် တွေနဲ့ ဆေးကုနေတုန်းတဲ့၊ ဓာတ်ကေကြီး ဓာတ်တွေနဲ့ ကုလို့အောင်မြင်နေပြီး
တိုင်းရင်းသားတွေမှာ ဝေဒနာသက်သာပျောကင်းနေတယ်တဲ့၊ ၀မ်းသာစရာ အားရှိစ ရာသတင်းစကားများပင်ဖြစ်တော့၏၊

ခုတော့ ဒေသလဲကွာ၊ အနေလဲဝေး မတွေ့တာလဲကြာပြီဖြစ်သော သူငယ်ချင်း ဓာတ်ကေကြီး ဓာတ်တွေ ဘယ်မှာများကျနေပါလိမ့် မလဲလို့သိချင်လှတော့သည်။ ။

ရွှေမန်းသား

http://mingalargarden.blogspot.in/

No comments:

Post a Comment