သူကျောင်းတက်နေသော အနမလိုင်းတက္ကသိုလ်အနီးတွင် မနက်ခင်းအလင်းရောက် တိုင်း
သွားနေကျ လ္ဘက်ရည်ဆိုင်လေးတစ်ဆိုင်ရှိ၏၊ လ္ဘက်ရည်ဆိုင်ဆိုပေမယ့်
ရွှေပြည်ကြီးက လ္ဘက်ရည်ဆိုင်ကြီးများလိုလို ခမ်းခမ်းနားနား မဟုတ်လှ၊ ကွမ်းယာ
ဆိုင်လေးပမာ တိုက်တန်းလေးတစ်ခု ဘေးတွင် အဖီလေးချလျှက် ရောင်းချနေသော
မုန့်ဆိုင်လေး သေးသေးသာဖြစ်၏၊
သူရောက်နေသော မဇ္ဈိမဒေသတွင် ဂတ်(စ်)ကို ပေါပေါလောလော သုံးခွင့်ရကြလေတော့ ရွှေပြည်ကြီးက လ္ဘက်ရည်ဆိုင်များလို ထင်း မီးမလို ဂတ်(စ်)အိုးကို လိုသလိုဖွင့်လျှက် အမြဲတမ်း အပူပေးထားသော ရေနွေးအိုးရှိ ၏။ ရေနွေးအိုးထဲတွင် တဆင့်ထည့်ထားသော နွားနို့အိုး သေးသေးလေးလဲ ပါဝင်၏၊ အနှီ အိုးကလေးများသည် ပွက်ပွက်ဆူနေတတ်၏၊
သောက်သူ customer လာသောခါ တစ်ခါသောက် ဖန်ခွက်ကလေးများအား ရေနွေး နှင့် လှုပ်လှက်ကာဆေးလိုက်၏၊ ဆေးပြီးသား ဖန်ခွက်လေးထဲသို့ သကြား သုံးလေးဇွန်း ထည့်လိုက်၏၊ ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲမှ ရေနွေးကိုတစ်ဝက် ထည့်လိုက်၏၊
အနှီရေနွေးထဲသို့ နွားနို့ကို ဇွန်းခွက်ကလေးနှင့် ခပ်ကာထည့်လိုက်၏၊ အပေါ်ယံက နှပ်သားကျထားသော ကျရည်အနည်းငယ်ကို လောင်းလိုက်၏၊ ပြီးလျှင် အထက်မှအောက် အောက်မှအထက် ခပ်သွက်သွက်ကလေး ချဉ့်ခွက်ကြီးတစ်ခုထဲ တွင် လှန်လိုက်မှောက်လိုက်လုပ်ကာ သမအောင်မွှေလေ၏၊ သုံးလေးခါမျှ မွှေပြီး သောအခါ သောက်ရန်အသင့် ကျရည်တစ်ခွက်ရလေ၏၊
ကော်ဖီကြိုက်သူအတွက် ကော်ဖီမှုန့်ထုတ်ထဲက ကော်ဖီမှုန့်ကလေး နဲနဲထည့်ပေး လိုက်လျှင် ကော်ဖီတစ်ခွက်ရ၏၊ ဤကားနေ့စဉ် ထိုဆိုင်လေးသို့ သွားရောက် သောက်လေတိုင်း မြင်ရသော မရိုးနိုင်သော အခင်းအကျင်းဖြစ်၏၊ ဆိုင်ရှင် တမီးလ် အဖိုးအိုကြီးက သူတို့ရောက်သွားတိုင်း တမီးလ်လို “ဘမနကမ်= မင်္ဂလာပါ”လို့ နှုတ်ပြီးသကာလ coffee one gya ya one လားဆိုပြီး တမီးလ်အသံထွက် လေး လေးကြီးဖြင့်လဲ မေးလေ့ရှိ၏။
ကော်ဖီတစ်ခွက်လျှင် မဇ္ဈိမငွေရူပီး ခုနှစ်ကျပ်မျှပေးရ၏၊ ကျရည်ခေါ် လ္ဘက်ရည်က ခြောက်ကျပ်ပေးရ၏၊ အနှီဆိုင်လေး နံဘေးတွင် ရပ်လျှက် သောက်သူလဲရှိ၏၊ ခုံလေး တွေပေါ် ခဏခေတ္တထိုင်ကာ သောက်သွားသူလဲရှိ၏၊ ရွှေပြည်ကြီးသား လ္ဘက်ရည် ချစ်သူများလို မည်သူမျှ ဆိုင်မှာချစ်ခင်စွာ ကျောက်ချမနေကြ၊ သောက်ပြီးပြန်၊ စားပြီးသွား ခဏခေတ္တသာ အချိန်ပေးထားကြ၏၊ အဟောဝတ ရွှေပြည်ကြီးသားများ နှင့် ကွာခြားပေစွ၊
ထိုဆိုင်လေးနည်းတူ အနာမလိုင်းတက္ကသိုလ်၏ မိန်းလမ်းမကြီးဘေးတွင် လ္ဘက်ရည် နှင့် မုန့်တွဲလျှက်ရောင်းချပေးသော ဆိုင်လေးများလဲရှိသေး၏၊ မုန့်ဆိုင်ဆို၍ ရွှေပြည် ကြီးမှာကဲ့သို့မဟုတ် ပလာတာလဲမရ၊ အီကြာကွေးလဲမရှိ၊ ရွှေမြန်မာစစ်စစ် လျှာနှင့် ဂျက်ပင်မိသည့် အစာကား နတ္ထိ၊ အနှီဆိုင်လေးများတွင် ရှိသည်ကား ရိုဆာ ဘရာကြော်၊ ပူရီ၊ အီတလီစသော ရွှေမြန်မာပါးစပ်နှင့် ခံတွင်းမတွေ့လှသော မဆလာ ထူကဲစွာပါသော အစားအစာများသာဖြစ်၏၊
ပူရီသည် ရွှေပြည်ကြီးက ပလာတာအခြောက်ကြော်နှင့် ခပ်ဆင်ဆင် တူရကား မကြာ ခဏစားဖြစ်၏၊ အာလူဟင်းရေနှင့် ဆမ်းပြီး လက်ဖြင့်စားရ၏၊ ဇွန်းမပါ ခပ်ရင်းမရှိ၊ မွေးရာပါကိုယ်ပိုင်လက်သာ အသုံးပြုရ၏၊ စားပြီးလျှင် လက်သုတ်ဖို့၊ နှုတ်ခမ်းသုတ်ဖို့ သုတ်လက်သုတ်ပုဝါလဲ နတ္ထိ၊ ဒေသိယ သားတမီးလ်လူမျိုးများကား ဘောင်းဘီအိပ် ထဲ အသင့်ယူလာသော လက်ကိုင်ပုဝါလေးများနှင့် သုတ်လေ့ရှိကြ၏၊
သူနှင့်သူ့သူငယ်ချင်း နှစ်ဦးသားကတော့ ထိုဆိုင်လေးသို့ ပူရီသွားစားတိုင်း ပါဆယ် ထုတ်ဖို့ ဖြတ်ပိုင်းထားသော သတင်းစာစက္ကူပိုင်းလေးများကို ဆွဲယူကာ လက်သုတ် ကြ၏၊ ဒေသိယလူမျိုး တမီးလ်သားများက မျက်လုံးပြူးကာ ထူးဆန်းစွာ ကြည့်ကြ၏၊ သူတို့ကား ခပ်တည်တည်ပင်ပင် ဆိုင်ရှင်ကလဲ အမြဲတမ်းလာစားနေကြ ဖောက်သည် customer များ ဖြစ်နေသည်မို့ မျက်နှာချင်းလဲတန်းမိ လူချင်းလဲသိနေရကား မထူးမဆန်း ခွင့်ပြုထား၏၊
ဆိုင်ထဲတွင် စားဖို့ပြင်ထားသော ခုံလေးများက မလောက်မငှ ပေပွထလျှက်ရှိ၏၊ ယဉ်ကောင်းများလဲ တဖွားဖွား၊ တစ်ခါတရံ ကျောင်းသားများ စုံကျလာလျှင် မိုးတိုးမတ်တပ်ရပ်လျှက် ခေတ္တခဏစောင့်ကြရ၏၊ စားသူကလဲသုတ်သုတ် ရောင်းသူ ကလဲသွက်သွက် မြန်ချက်လန်ထွက်နေ၏၊ အချိန်ကို မဖြုန်းကျ ဂေါက်ကနဲ့ချ ဂွပ်ကနဲ့ ထကြရသော system ပင်၊
ထိုစားပွဲများပေါ်တွင် စားပြီးလျှင် သောက်ဖို့ မဇ္ဈိမထုံးစံအရ သောက်ရေဘူးများလဲ ရှိကြ၏၊ ရေသောက်သောအခါ ရွှေပြည်ကြီးက လူများလိုမဟုတ် ခွက်နှင့်နှုတ်ခမ်း မထိမိအောင် တစ်လက်မခန့်ခွါကာ သောက်ကြရှာ၏၊ အသန့်ကြိုက်တာလား ဇာတ် စနစ်ကလာတဲ့ ခွဲခြားမှုတစ်ခုလား မပြောတတ် မကြံတတ်၊ ရေသောက်ရင်သာ အသန့်ကြိုက်ကြရှာသော မဇ္ဈိမသားများသည် ဘယ်အရာစားစား ပုဂံပြားထဲက ပလပ်စတစ် အကြည်လွှာလေးပေါ်တွင် အားလူးရေရွှမ်းရွှမ်း၊ ကုလားပဲရေ ဖွေးဖွေး အုန်းသီးဟင်း ရေနွေးနွေးတွင် တဗျိဗျိနယ်လျှက် စားသောက်လေ့ရှိကြ၏၊
တစ်ချို့ ဆိုင်များတွင်ပုဂံပြားအစား ရိုးရာယဉ်ကျေးမှုအစဉ်အလာအရ ငှက်ပျောဖက် များပေါ် တွင် ထမင်းလဲပုံလျှက် ဟင်စုံလဲပုံလျှက် လွေးကျရလေ၏၊ စားပြီးလျှင် လက် တစ်ခု လုံးလဲပေပွ အခြေနေမလှဖြစ်တော့၏၊ အနှီလက်များကိုဆေးရန် ဆိုင်တိုင်းဆိုင် တိုင်း တွင် လက်ဆေးရေဇလား ပြင်ပေးထားကြ၏။
မဇ္ဈိမတောင်ပိုင်းသား တမီးလ်လူမျိုးများကား ကျရည်ခေါ် လ္ဘက်ရည်ကို မနက်ခင်း ရှစ်နာရီလောက် တစ်ခါသောက်ကြ၏၊ ညနေပိုင်းခါ သုံးနာရီလောက်မှာ တစ်ခါ သောက်ကြသေး၏၊ ဤကား သူတို့၏နေ့စဉ်ဘ၀ တစိတ်တစ်ဒေသပင်၊
အနမလိုင်းတက္ကသိုလ်ကြီးအနီးတွင် ကျရည်ဆိုင်လေးများ မှိုလိုပေါက်ကာ တက္က သိုလ်ဝန်းတစ်လျှောက် စီနေအောင်ပေါများသော်လည်း အစပ်အဟပ်တည့်ပြီး သောက်ကောင်းသောဆိုင်မှာ နှစ်ဆိုင်မျှသာရှိ၏၊
ကျရည်ခေါ် ကျရသည် အချိုခြောက်ကို ဦးစွာနှပ်ထားရ၏၊ နှပ်ထားသော အချိုခြောက်ကျမှ သောက်ကောင်းလှ၏၊ နွားနို့ကလဲ ခပ်ပြစ် ပြစ်လေးပါဝင်မှ အရသာမှာ စိမ့်ပြီးအီဝေ စည်းစိမ်ရှိလှပေ၏၊
လူဘ၀သည်လဲ ထိုနည်းနည်းနှင်နှင် အစပ်အဟပ်တည့်မှ နေရထိုင်ရတာ အဆင်ပြေ လှသည်ထင်မိ၏၊ တစ်ခါတရံ ဘ၀သည် ချိုတာချို ခါးတာခါး လိုတာလို များတာများ ဖြစ်တတ်၏၊ ထိုအခါ ပတ်ဝန်ကျင်နှင့်လဲ အဆင်မပြေ၊ တစ်ယောက်တည်းလဲ အဆင် မလှ၊ ဂွကျကျ ဖြစ်တတ်၏၊
ထို့ကြောင့် လူဘ၀တွင် အဆင်ပြေပြေနေနိုင်ဖို့ အစပ်အဟပ်တည့်ဖို့လို၏၊ အချိုးအ စားလဲကျဖို့လို၏၊ အစပ်အဟပ်တည့်မှ အချိုးအစားကျ ဘ၀သည် ကျရည်တစ်ခွက် လို ချိုမြိန်မည်သာဖြစ်၏၊ ဘ၀ချိုမြိန်ဖို့ အစပ်အဟပ်တည့်ဖို့ဆိုလျှင် ကိုယ့်ပတ်ဝန်း ကျင် ကိုယ်နဲ့ ပတ်သက်ရာသူငယ်ချင်းမိတ်ဆွေများကို
(၁) ကိုယ်တတ်နိုင်သလောက် နှုတ်၏ဆောင်မခြင်း လက်၏ဆောင်မခြင်းနဲ့ ပေး ကမ်းရမည်ဖြစ်၏၊
(၂) ကိုယ့်နဲ့ ပတ်သက်သူတိုင်းကို နှိမ့်ချမဆက်ဆံပဲ တန်းတူထားဆက်ဆံရမည် ဖြစ်၏၊
(၃) သူရောကိုယ်ပါ ကြီးပွားဖို့ရာ စီးပွားရေးလုပ်ငန်းများကို တိုင်တိုင်ပင်ပင်လုပ် ဆောင်ရမည်ဖြစ်၏၊
(၄) စကားပြောသောအခါ တစ်ယောက်စကား တစ်ယောက်နားမှာ မခါးရအောင် ချိုချိုသာသာပြောဆိုဆက်ဆံရမည်၏၊
(၅) တစ်ယောက်အပေါ် တစ်ယောက် သစ္စာရှိရမည်ဖြစ်၏၊ သစ္စာမဖောက်ရ။
ဤအချက်ငါးချက်နဲ့သာ လုပ်ဆောင်သွားမည်ဆိုလျှင် ဘ၀မှာချိုတာချို ခါးတာခါး လိုတာလိုများတာများ မဖြစ်တော့ပဲ အမြဲတမ်းချိုဆိမ့်သာယာပြီး အချိုးကျတဲ့ ကျရည် တစ်ခွက်ပမာ ဖြစ်လာမည်ဆိုတာ ဒီနေ့မနက် ကျရည်ဆိုင်ကအပြန် သူစဉ်းစားမိ လိုက်သည်၊ စာဖတ်သူများလဲ ချိုမြိန်သာယာတဲ့ ဘ၀တစ်ခုကို တည်ဆောက်နိုင်ကြ ပါစေလို့ ဆန္ဒပြု၍ဆုတောင်းနေမိသည် ။ ။
ရွှေမန်းသား အရှင်အကုင်္ရ
http://mingalargarden.blogspot.in/
ကျမ်းကိုး
သိင်္ဂါလောဝါဒသုတ်၊

No comments:
Post a Comment