ကံဆိုတာ အလုပ်လို့ လူတော်တော်များများက သိထားကြပါတယ်၊ ကံကောင်းချင်ရင်
အလုပ်ကောင်းကောင်း လုပ်ရမယ်ဆိုတာလဲ လူတိုင်းနီးပါး သိထားကြပါတယ်၊
ဒါပေမယ့် ကံလို့ပြောလိုက်ရင် လူတော်တော်များများ ထင်မှတ်မှားနေကြတာက အတိတ်ကံတစ်ခုပဲ အားကိုးရာတစ်ခုအဖြစ် မြင်မြင်လာကြပါတယ်၊
အမှန်ကတော့ ကံဆိုတာ အတိတ်ကံတစ်ခုတည်းကောင်းနေရုံနဲလဲ မပြည့်စုံ မပြီးမြောက်နိုင်ပါဘူး၊ ပစ္စုပ္ပန်ကံလဲပဲ ကောင်းရပါလိမ့်မယ်၊ ပါလာတဲ့ အတိတ်ကံတွေ ဘယ်လောက်ပဲ ကောင်းနေကောင်းနေ လက်ရှိပစ္စုပ္ပန်မှာ အသုံးမချနိုင်ခဲ့ရင် ဆုံးရှုံးခြင်းများစွာနဲ့ ရင်ဆိုင်ရပါတယ်၊
တစ်ခါ ပစ္စုပ္ပန်လက်ရှိဘ၀မှာ သယာစိုပြေဖို့ ပဋိရူပဒေသ၀ါသ= ကိုယ်နဲ့ အဆင်ပြေမယ့် ပညာရမယ့်၊ စီးပွားဖြစ်မယ့် အရပ်ဒေသ မှာလဲ နေထိုင်လုပ်ကိုင်ရပါလိမ့်မယ်၊ အဲဒီလိုနေထိုင်လုပ်ကိုင်ပါမှ ကိုယ့်ရဲ့ အတိတ်က ပါလာတဲ့ ကံတွေဟာ ထပ်ဆင့်ပွားများ အကြိုးဖြစ်ထွန်းလာမှာပါ၊
တစ်ချို့ တစ်ချို့က အခုဘ၀မှာ အဆင်မပြေတာ၊ ကိုယ်လုပ်လိုက်တဲ့ အရာရာတိုင်း လွဲ ချော်နေတာဟာ ကံကြောင့်လို့ပြောတတ်ကြပါတယ်၊ သူတို့ပြောဆိုနေတဲ့ ကံဆိုတာ အတိတ်က ကံကို ယိုးမယ်ဖွဲ့ပြောဆိုနေကြခြင်း ဖြစ်မယ်ထင်ပါတယ်၊
လူဆိုတာ အတိတ်ကံတစ်ခုတည်း ကောင်းနေရုံနဲ့ မလုံလောက်ပါဘူး၊ ပစ္စုပ္ပန်လက်ရှိ ဘ၀မှာလဲ ကောင်းအောင်ကြိုးစားရပါမယ်၊ ဘယ်လိုကြိုးစားနေမလဲဆိုရင် အခုဘ၀ ပစ္စုပ္ပန်တည့်တည့်မှာလဲ ကောင်းတာတွေလုပ်နေမယ်၊ ကောင်းတာတွေကြံနေမယ်၊ ကောင်းတာတွေပြောနေမယ်ဆိုမှ ဘ၀ဟာနေပျော်သူ တစ်ယောက်ဖြစ်လာမှာပါ၊
သိဘူးတဲ့ ဒကာမတစ်ဦးက “သူများတွေဘုရား ခုခေတ်မှာ မကောင်းတာတွေလုပ်ပြီး ကြီးပွားနေကြတယ်၊ တပည့်တော်တို့များ ကောင်းတာလုပ်နေပြီး မကြီးပွား မတိုးတက်ဘူး” ဘုရားလို့လျှောက်ထားဘူးပါတယ်၊
ကံဆိုတဲ့စကားလုံးက အပြောလွယ်ပေမယ့် တကယ်နားလည်အောင် ရှင်းပြဖို့ကြ တော့တော်တော်လေး ခက်ခဲနေတာတွေ့ရပါတယ်၊ အဘိဓမ္မာသင်ယူဖူးတဲ့ သူ များဆိုရင်တော့ ပြောပြရတာပိုလွယ်ကူမယ်ထင်ပါတယ်၊
အနီးစပ်ဆုံး ဥပမာလေးတစ်ခု ပေးပြီး ပြောပြကြည့်ပါမယ်၊ တစ်ချို့ကံတွေက နှစ်ရှည်ပင်တွေနဲ့ တူပါတယ်၊ စိုက်ပျိုးပြီးပြီးချင်း အသီးအရွက်ကို စားသုံးလို့မရပါဘူး၊ နှစ်အရှည်ကြီး စောင့်ရပါတယ်၊
တစ်ချို့ကံတွေကြတော့ နှစ်တိုပင်တွေနဲ့ တူပါတယ်၊ ခုစိုက်ပျိုးလိုက်တယ်၊ အခု အသီး အရွက်ကို စားလို့ရတယ်၊ သုံးလို့အဆင်ပြေတယ်၊ ဒါပေမယ့် နှစ်ရှည်မခံပါဘူး၊ မစားရပါဘူး တစ်ခဏ ခေတ္တလေးပါပဲ၊
တစ်ချို့သူတွေက မကောင်းတဲ့ ကံတွေလုပ်တယ်၊ ကြီးပွားတယ်၊ အောင်မြင်တယ်၊ ဒါဟာ နှစ်တိုပင်တွေ စိုက်ပျိုးနေပြီး စားသောက်နေတာပါ၊ မကောင်းမှုအကုသိုလ်ကံ တွေဟာ အကျိုးမပေးခင်သာ ချိုတယ်လို့ ထင်ရတာပါ၊ အကျိုးပေးလာတဲ့ အချိန်ခါကြတော့ အခါးတွေ တသီးကြီးနဲ့ တစ်ဘ၀လုံး၊ တစ်သံသရာလုံး ခါးနေတော့တာပါပဲ၊
ဒီနေရာမှာ ကြုံကြိုက်တုန်း အတိတ်ဘ၀က ကောင်းကံတွေပြုလုပ်ခဲ့ပြီး ကြီးပွား ချမ်းသာလာပေမယ့် လက်ရှိဘ၀မှာ တန်ဖိုးရှိရှိ အသုံးမချနိုင်လို့ တစ်ဘ၀လုံး ကုန်းကောက်စရာမရှိအောင် ဘ၀ခါးသွားခဲ့ရတဲ့ သူဌေးသားတစ်ယောက် အကြောင်းကို ပြောပြချင်ပါတယ်၊
စာထဲမှာတော့ မဟာဓနသူဌေးသားလို့ အမည်ပေးထားပါတယ်၊ စာဖတ်သူများ မှတ်ရ လွယ်ကူအောင် ကုဋေရှစ်ဆယ် သူဌေးသားလို့ မှတ်ထားလိုက်ပါ၊
အဲဒီကုဋေရှစ်ဆယ် သူဌေးသားလေးဟာ တစ်ဦးတည်းသော သားလေးဖြစ်ပါတယ်၊ တစ်ဦးတည်းသား လေးဆိုတော့ မိဘတွေက ချစ်လွန်းလို့၊ ဘာအတတ်ပညာမှ သင်မပေးပါဘူး၊ မိဘတွေရဲ့ ခံယူချက်ကလဲ သူတို့မှာ ကုဋေရှစ်ဆယ်တောင်ရှိတာ ဒီသားလေးတစ်သာက်မပြောနဲ့ ဆယ်သက်တောင် စားမကုန်ဘူးလို့ အထင်ရှိထားကြပါတယ်၊
အဲဒီလိုနဲ့ ကုဋေရှစ်ဆယ် သူဌေးသားလေးဟာ စားလောက်၊ သောက်လိုက်၊ ကလိုက်၊ တီးလိုက်မှုတ်လိုက်နဲ့ အချိန်တွေကုန်လာပါတယ်၊ အိမ်ထောင်ပြုဖို့ အရွယ်ရောက်လာ တော့ သူတို့နဲ့ မျိုးရိုးတူ ကုဋေရှစ်ဆယ် ချမ်းသာတဲ့ သူဌေးသမီးလေးနဲ့ လက်ထပ်ပေး လိုက်ပါတယ်၊
အဲဒီသူဌေးသမီးလေးကလဲ ချမ်းသာပေမယ့် သူဌေးသားလေးလိုပါပဲ ပညာမတတ်ရှာပါဘူး၊ သူဌေးသားလေး ချမ်းသာတာရယ်၊ သူဌေးသမီးလေး ချမ်းသာ တာရယ်ပေါင်းလိုက်တော့ ကုဋေတစ်ရာ့ခြောက်ဆယ် ချမ်းသာတဲ့ သူဌေးပေါက်စလေး ဖြစ်သွားပါတယ်။
အဲဒီခေတ်က သူဌေးတွေဟာ ဘုရင်ထံကို နေ့စဉ်အခစားဝင်ရပါတယ်၊ ကုဋေတစ်ရာ့ ခြောက်ဆယ် သူဌေးလေး နန်းတော်သွားတဲ့ လမ်းတစ်လျှောက်မှာ အရက်သမားတွေက သူဌေးလေးကို သူတို့နဲ့ အရက်သောက်ဖို့ စည်းရုံးပါတယ်၊ အစတော့ မပါလာပါဘူး၊
နောက်ကျတော့လဲ “လူမညီ သေနဲ့ညှိ၊ ဆီမညီ ရေနဲ့ညှိ ဆိုသလို” စည်းရုံးပါများ တော့ သူဌေးလေး အရက်သောက်တတ် လာပါတယ်၊ အရက်သမားတွေနဲ့ အစတော့ လမ်းဘေး အရက်ဆိုင်မှာသောက်တာပါ၊ နောက်တော့ သူဌေးသားလေးဟာ အိမ်မှာ ပြောင်းသောက်လာပါတယ်။ သူအရက်သောက်တဲ့ဘေးမှာ ငွေတွေကိုလဲ ပုံထပ်ထားပါတယ်။ ကချေသည်တွေခေါ် ကခိုင်းလိုက် တစ်ထောင်ဆုချလိုက်၊ နှစ်ထောင်ဆုချလိုက်နဲ့ ငွေကို ရေလိုသုံးနေပါတယ်။ အတီးမှုတ်သမားတွေကိုလဲ ထိုနည်းလည်းကောင်း ဆုတွေထပ်လောင်း ချနေပါတယ်၊
အိမ်မှာခိုင်းတဲ့ ကျွန်တွေကလဲ မသိသလိုတစ်မျိုး သိသလိုတစ်ဖုံနဲ့ အမျိုးမျိုး ခိုးယူကြပါတယ်၊ နောက်ဆုံးကျတော့ ပညာဗလာနတ္ထိ ဘာမှမရှိတော့ပဲ ကုဋေတစ်ရာ့ရှစ်ဆယ် ချမ်းသာတဲ့ သူဌေးလင်းမယားဟာ ခွက်ဆွဲပြီး တောင်းစားနေရပါတော့တယ်။
တစ်နေ့မှာ အဲဒီသူဌေးလင်မယားဟာ ကျောင်းနားက ရဟန်းသံဃာတွေပေးစွန့်တဲ့ ဆွမ်းကျန်၊ ကွမ်းကျန်လေးတွေလာတောင်း စားသောက်နေပါတယ်၊
ဒါကို မြင်တော်မူ တဲ့ မြတ်စွာဘုရားက အရှင်အာနန္ဒာကို ဒီလိုမိန့်တော်မူပါတယ်၊
ချစ်သား အာနန္ဒာ ဒီသူဌေးလင်မယား နှစ်ယောက်ကို ကြည့်လိုက်စမ်းပါ၊ တကယ်လို့ ဒီနှစ်ယောက်ဟာ ပထမအရွယ်ကောင်းတုန်း အချိန်မှာ စီးပွားရေးတွေ ဇောက်ချလုပ် ကိုင် လိုက်မယ်ဆိုရင် ဒီမြို့မှာ ပထမတန်းစား သူဌေးကြီး ဖြစ်လိမ့်မယ်၊
တကယ်လို့ လောကီကိုစွန့်ပြီး သာသနာဘောင်ကို ၀င်ခဲ့မယ်ဆိုရင် ယောကျာ်းဖြစ် သူက ရဟန္တာဖြစ်လိမ့်မယ်၊ အမျိုးသမီးဖြစ်သူက အနာဂါမ်ဖြစ်လိမ့်မယ်၊
တကယ်လို့ ဒုတိယအရွယ်မှာ အသိဥာဏ်ဝင် သံဝေဂတွေရပြီး တရားအလုပ် အားထုတ်မယ်ဆိုသေးရင် အမျိုးသားက အနာဂါမ်၊ အမျိုးသမီးက သကဒါဂါမ်ဖြစ်နိုင် တယ်၊
ဒါမှမဟုတ် တတိယအရွယ်မှာ အသိဥာဏ်ဝင် သံဝေဂတွေရပြီး တရားအလုပ် အားထုတ်မယ်ဆိုသေးရင် အမျိုးသားက သကဒါဂါမ်၊ အမျိုးသမီးက သောတာပန်ဖြစ် နိုင်သေးတယ် ချစ်သား၊
ခုတော့ အရွယ်အားလုံး လွန်မြောက်ပြီး အချီးအနှီး ကုန်ဆုံးရလို့ ရေပြတ်ခန်းခြောက် နေတဲ့ကန်ကြီးဆီကို ငါးကောက်ဖို့ရောက်လာတဲ့ ကြိုးကြာအိုကြီးလို ဖြစ်နေရပြီး ချစ်သားလို့ မိန့်တော်မူပါတယ်၊
အထက်က မြတ်စွာဘုရားစကားတော်တွေကို ကြည့်ပြီး ကောက်ချက်ဆွဲရမယ်ဆိုရင် အတိတ်ကံတွေ ဘယ်လောက် ကောင်းလာလာ ကိုယ်ကိုယ်တိုင်က ပစ္စုပ္ပန်ကြိုးစား မှုမရှိပါရင် အချီးနှီးနဲ့ ဘ၀ဟာ ကုန်ဆုံးရမှာပါ၊
လူတိုင်းက ကံမကောင်းဘူး ကံမကောင်းဘူးဆိုပြီး ငြီးဆိုနေချင်ကြပါတယ်၊ အတိတ် ကံမကောင်းတာလား ပစ္စုပ္ပန်ကံညံနေတာလား ကိုယ်ကိုယ် ဆန်းစစ်တတ်ဖို့ လိုမယ်ထင်ပါတယ်၊ တကယ်တော့ ကံမကောင်းတာမဟုတ်ပါဘူး ကိုယ်ကိုယ်တိုင်က အလုပ် မကောင်းလို့ ကံမကောင်းဖြစ်နေတာပါ၊ အလုပ်ကောင်းရင် ကံကောင်းမှာပါ
ကံကောင်းတယ်ဆိုတိုင်းလဲ ကံကိုယုံပြီး ဆူးပုံပေါ်တက်နင်းဖို့ မဖြစ်သေးပါဘူး အသက်ကို ဥာဏ်နဲ့စောင့်ရှောက်ရသလို ဥစ္စာပစ္စည်းတွေကိုလဲပဲ ကံနဲ့ စောင့်ရှောင့်ရ မှာပါ၊
ဒါကြောင့် စာဖတ်သူများကို အကြံပေးချင်တာကတော့ အတိတ်ကံဆိုတာ ကိုယ်က မမြင်နိုင်တဲ့ အရာတစ်ခုပါ ပစ္စုပ္ပန်လက်ရှိမှာသာ ကိုယ်ဘာလုပ်တယ်၊ ဘာပြောတယ်၊ ဘာကြံတယ်ဆိုတာ သိနိုင်ပါတယ်၊ ကိုယ်နေ့စဉ်လုပ်နေတာတွေ၊ ပြောနေတာတွေ၊ ကြံနေတာတွေဟာ ကိုယ်ပိုင်ဆိုင်ရမယ့် ကံတွေပါပဲ၊
တကယ်ကံကောင်းသူ တစ်ယောက်ဖြစ်ချင်ရင်တော့ ဒီနေ့ ဒီအချိန်ကစပြီး ကိုယ်ပြောနေတာတွေ၊ လုပ်နေတာတွေ၊ ကြံနေတာတွေဟာ အကောင်းဘက်ကို ဦး တည်ပေးလိုက်ပါလို့ တိုက်တွန်းစကား ဆိုလိုက်ပါရစေ စာဖတ်သူ ။ ။
ရွှေမန်းသား
http://mingalargarden.blogspot.in/

No comments:
Post a Comment