Sunday, 6 September 2015

ကိုယ့်ရဲ့ အားနည်းချက်

ကိုယ့်ရဲ့ အားနည်းချက်
*******************************************************
ကိုယ့်ရဲ့အးနည်းချက်တွေထဲက တစ်ခုကတော့ မေ့တတ်ခြင်းဖြစ်သည်၊ အထူးသဖြင့် လူတွေရဲ့ မွေးနေ့တွေကို မေ့နေတတ်ခြင်းက သူတို့နဲ့ဆက်ဆံရေးမှာ အဖုအထစ်ဖြစ်စရာ ဖြစ်နေသည်၊ ဒကာတွေထက် ဒကာမတွေရဲ့ မွေးနေ့ကို မေ့နေခြင်းက ပိုပြီးတော့ ဆရာဒကာ ဆက်ဆံရေးမှာ သွေးအေးစရာဖြစ်သည်၊
ကိုယ်သီရိလင်္ကာနေစဉ်တုန်းက အဖြစ်အပျက်တစ်ခုကို သတိရနေမိသည်၊ အဲဒီတုန်းက ညီတော်မောင်ခေမာက သူ့မယ်တော်တစ်ယောက်မွေးနေ့ကို မေ့နေသည်၊ ကိုယ်က မနက် လင်းလင်းချင်း မွေးနေ့ဆုတောင်းပေးဖို့ တိုက်တွန်းစကားဆိုတော့ သူက ဆွမ်းကပ်တွေနဲ့ အလုပ်ရှုတ်နေသူမို့၊ အေးအေးဆေးဆေး ညနေမှ ဆုတောင်းပေးမည်ဟု စကားပြန်ဆိုသည်၊
သူလဲ သူစကားအတိုင်း ညနေမှ မွေးနေ့ဆုတောင်းပေးလေတော့ သူမယ်တော်နဲ့ ဆက်ဆံရေး မပြေမလည်ဖြစ်ကာ အခုအချိန်ထိ အဆက်အသွယ်တွေပြတ်တောက်ခဲ့ရသည်၊
အခုချိန်မှာတော့ ညီမောင်ခေမာက အဲဒီအချိန်ကနဲ့ ပြောင်းပြန်ဖြစ်နေပြီး သူက ကိုယ်ထက်တော်နေပြန်သည်၊
အမေရိကန်က သူ့နဲ့ ကိုယ့်ရဲ့ ရဟန်းမယ်တော်ရဲ့ မွေးနေ့ကို မရောက်ခင်ကတည်းက နာဂဇုနမှာရှိတဲ့ Ph.D ကျောင်းတက်နေတဲ့ မြန်မာရဟန်းတော်တွေဆွမ်းကပ်မယ်၊ ရဟန်းမယ်တော် အတွက် ကုသိုလ်လုပ်မယ်လို့ ဖုန်းထဲက နေ ကိုယ့်ကို စကားဆိုဖူးသည်၊ ကိုယ်လဲ မယ်တော်မွေးနေ့က ဘယ်နေ့လဲ မမေးဖြစ်လိုက်၊ ဘာသိဘာသာပင် ၊ အင်း အင်းကောင်းပါ
တယ်လုပ်လေဟု ပြောဖြစ်လိုက်သည်၊ သူက အင်တိုက်အားတိုက် မရောက်ခင်ကတည်းက စိုင်းပြင်းနေသူမို့ ကိုယ့်ထက် အများကြီးတော်သည်လို့ ပြောလို့ရသည်၊ သူထက်စာရင် ကိုယ်က သွေးအေးသမားတစ်ယောက်သာဖြစ်နေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ရဟန်းမယ်တော်မွေးနေ့က ဒီနေ့ (6.9.2015) တနင်္ဂနွေနေ့ဖြစ်လို့နေသည်၊ ကိုယ်က စနေနေ့ကတည်းက ချနိုင်းကအလည်လာသော သူငယ်ချင်း ကိုကောနဲ့ အတူတူ ကိုယ်တို့တက်နေတဲ့ အန္နမလိုင်း တက္ကသိုလ်မှာ ကျောင်းလာတက်နေတဲ့ သံဃာတွေကော Ph.D တက်ဖို့ ကျောင်းလာဂျွိုင်းနေတဲ့ သံဃာတွေကော လက်ရှိသံဃာ(၁၆) ပါး၊ များများရှိနေတုန်း ဆွမ်းကပ်ဖို့ စိတ်ကူးဖြစ်မိသည်၊ ဒါနဲ့ စနေနေ့ကတည်းက လိုအပ်တဲ့ ဟင်းချက်စရာတွေကြိုဝယ်ဖြစ်သည်၊
မနက်ခင်းအလင်းရောက်တော့ မြို့ပြင်က ငါးဈေးကို ပုဇွန်နဲ့ ငါးဝယ်ဖို့ ပြေးရသည်၊ သူငယ်ချင်း ကိုတက်တိုးကမြို့ပြင်ဘက် ၀ယ်သားအ၀ယ်ထွက်တာ ၀က်သားက မရခဲ့၊ ဒါနဲ့ နီးရာ ကြက်သားကို ပြေးဝယ်ဖြစ်ပြန်သည်၊
ဒီနေ့မှ မနက်ကတည်းက မီးကပျက်နေတော့ ဆွမ်းချက်ဖို့ပေါင်းအိုးတွေက အခက်အခဲထဲမှာ ဖြစ်သလို ဂတ်(စ်)နဲ့ ချက်ယူရသည်၊ ချဉ်ရည်ချက်ဖို့က ချဉ်ပေါင်ရွက်က မရတော့ ဖြစ်သလို မကျည်းသီးနဲ့ ချဉ်အောင်လုပ်ယူရသည်၊ ဈေးသုံးခုကို ပြေးကြည့်တာတောင် ချဉ်ပေါင်ရွက်က အခါးပဲတွေ့သည်၊ အချဉ်ရှာမရ၊ ဒါပေမယ့် သူငယ်ချင်းတွေ တက်ညီလက်ညီ ၀ိုင်းဝန်း လုပ်ကြလို့သာ အချိန်မီ ဆွမ်းဘုန်းပေးဖို့ အဆင့်သင့်ဖြစ်ရသည်၊ အဲဒီအတွက်
သူငယ်ချင်းတွေကို ကျေးဇူးတင်မိသည်၊ မြန်မာရဟန်းတော်တွေမို့ထင်သည် ငပိချက်က လက်ရာကောင်းသည်ဟု စကားဆိုကြသည်၊ ကိုယ့်လက်ရာတော့ မဟုတ် သူငယ်ချင်းတွေ ၀ိုင်းကူတဲ့ လက်ရာသာဖြစ်သည်၊
အတူနေသူငယ်ချင်း ရဟန်းတော်တွေက ဘာအတွက်ဆွမ်းကပ်တာလဲ မေးကြသည်၊ ကြည်ညို သဒ္ဒါဆွမ်းပါလို့ ရိုးရိုးသာ ဖြေဖြစ်သည်၊
ဆွမ်းချက်ပြီး ခနနားနေတုန်း facebook ဖွင့်ကြည့်မှ ဒီနေ့ဟာ တိုက်တိုက်ဆိုင်ဆိုင် ရဟန်းမယ်တော်ရဲ့ မွေးနေ့ဖြစ်နေမှန်းသိရသည်၊ ဒါနဲ့ ဒီနေ့ကပ်မယ့် ဆွမ်းကို ရဟန်းမယ်တော် မွေးနေ့အတွက် ရည်ရွယ်ကပ်တာပါလို့ သူငယ်ချင်းတွေကို လျှောက်ထားလိုက်ရသည်၊
တကယ့်တော့ မယ်တော်မွေ့နေ့ကို ကြိုကြိုတင်တင်သိဖို့ကောင်းသည်၊ ကြိုကြိုတင်တင် မသိမိတာ ကိုယ့်ရဲ့ အားနည်းချက်တစ်ခုဖြစ်ရပြီ၊
မေ့တတ်တဲ့ ကိုယ့်ရဲ့ ဦးနှောက်က ကျောက်ကပ်မှာ ကျောက်တည်လို့ ခွဲပြီးကတည်းက ပိုပိုပြီး မေ့လာသည်၊ အခုအချိန် ကိုယ့် Ph.D ကျမ်းအတွက် ကျမ်းတင်ဖို့ နီးနေချိန်မှာ ဆရာကစစ်လိုက်၊ သူပြင်ခိုင်းတာတွေ ပြန်ပြင်လိုက်၊ အချိန်မှီပြီးစီးအောင် အားစိုက်လိုက်လုပ်နေတဲ့ ဦးနှောက်က ပိုပြီး မေ့မေ့လာသည်၊ ဒီကြားထဲ စာဘက်စိတ်ရောက်ပြီး ကွန်ပျူတာ စခရင်နဲ့ မျက်နှာတပ်မိပါက ဘေးက အချိန်တွေကို မေ့နေတတ်ပြန်သည်၊ အထိုင်ကြာလာမှ ခါးက နာကြင်တာ အချက်ပြမှ အနားယူမိတာက များသည်၊ ခါးက ခနခနအချက်ပြလေ၊ ကျောက်ကပ်ခွဲထားတဲ့ ဒဏ်ကပေါ်လေဖြစ်နေတော့ မျက်နှာက
တစ်ခါတစ်ခါ ဖောဖောလာတတ်ပြန်သည်။ ဒီလိုနဲ့ ကိုယ်မျက်နှာဟာ မသောက်ပဲ အသောက်သမား တစ်ယောက်ပမာ ဖောဖောယောင်ယောင်ဖြစ်နေပြန်သည်၊
ကျောက်ကပ်ရောဂါရှိသူဟာ ဦးနှောက်ကို သွေးပို့မှုနည်းတာကြောင့် အာရုံကျောတွေ အားနည်းပြီး မေ့တတ်တာ၊ သတိမရရှိတာ ဖြစ်တတ်တယ်လို့ ဆေးစာဆောင်းပါးမှာ ပါသလို ကိုယ့်ဟာ ကျောက်ကပ်ဒဏ်ရာကြောင့် ပိုပြီးမေ့တတ်လာသည်၊
ဟိုတစ်လောက မုံရွာနယ်က သူငယ်ချင်းက သူ့ဖွင့်မယ့် ဓမ္မစကူးမှာ အာဟာရနဲ့ ကလေးတွေအတွက် စာရေးကြိယာလှူဖို့ အလှူခံဖူးသေးသည်၊ ကိုယ်လဲ လှူပါမယ် ကတိပေးပြီး မေ့နေမိသည်၊ ဒီနေ့ သူ့ဆီက ကလေးတွေ ပုံလေးတွေ လှမ်းပို့မှ လှူဖို့ သတိကရပြန်နေသည်၊
ကိုယ့်အသက်ရှင်နေစဉ်မှာ တတ်နိုင်သမျှ ကိုယ့်အားနည်းချက်လေးတွေကို ပြင်ပြီး ကုသိုလ်တွေကို တတ်နိုင်သမျှ သတိရအောင် ကြိုးစားချင်သည်၊ သူကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ကြောင့်ပဲဆိုဆို တစ်ခုခု တစ်နေရာရာမှာ လိုအပ်တာလေးတွေဖြည့်ပေးခွင့်ရချင်သည်၊
ဘ၀တွေက တိုလွန်းတော့ ပေးသောလက်နဲ့ နွေးထွေးသောလက်လေးတွေကို ပိုင်ဆိုင်သွားချင် သည်၊
မြတ်စွာဘုရားကတော့ “အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ ပစ္စုနော ပဒံ= မမေ့ခြင်းဟာ မသေရာ ပြည်ခေမာပါ၊ မေ့နေတာဟာ သေတာပါပဲလို့”၊ ဟောကြားထားခဲ့ဖူးသည်၊ ကိုယ်ဟာ ကိုယ့်အားနည်းချက် မေ့လျှော့ခြင်းနဲ့သာ အခုချိန်မှာ သေသွားခဲ့ရင် လို့ တွေးမိပြီး အားလုံးသာ သူငယ်ချင်း များ၊ ချစ်သူ ချင်သူများကို မှာခဲ့ချင်တာက
ဘာပဲဖြစ်ဖြစ် ဘယ်နေရာပဲရောက်ရောက် ကုသိုလ်အရေးတွေကို မမေ့ကြပါနဲ့လို့ ………………။ ။
ရွှေမန်းသား အရှင်အင်္ကုရ

Friday, 21 August 2015

သက်ငြိမ်


************************************************
မနက်ခင်း သည် တိတ်တဆိတ်ဝင်ရောက်လာသောအခါ
ညနေခင်းသည် ခပ်မဆိတ် ထွက်သွားပြန်သည်
နေ့လည်ခင်းသည်
လောင်းမြိုက်မှု အားကောာင်းဆဲ
မောင်းနှင်းနေပြီး
ခရီးမပေါက်သော လမ်းများက
ရော့တိရော့ရဲ

အတ္တ၊ လောက၊ ဒေါသ၊ မောဟ
လောင်ဆာများမကုန်ဆုံး သရွေ့
တငွေ့ငွေ့ ပျံသန်းရင်း
ချစ်ခြင်းတရား
မုန်းခြင်း တရား
မဆုံးမခြင်း ဆွဲနေရတဲ့
သက်ငြိမ် ပန်းချီကား။ ။
******************************
သစ္စာမိုးဝေ

Sunday, 9 August 2015

နိယာမ

နိယာမ
*******************************
ဝေပြီးသား ပန်လေးတွေက
ကြွေသွားတယ်
ကြွေပြီးသား ပန်းလေးတွေက
ဝေးဝေး လွင့်သွားတယ်

နားစွင့်ကြည့်မိတော့
ခိုးခိုး ခစ်ခစ် ရယ်သံတွေဟာ
ငိုသံလိုလို
ဘ၀ဆိုတာကိုက
အနီးကပ်ရိုက်ခတ်မိတော့ အလွမ်းကားတစ်ကား
အဝေးကနေဇူးနဲ့ မဆွဲပဲ
ခပ်ခွါခွါလေး ဖိုးကတ်ဖြတ်ကြည့်တော့မှ
ဟာသကား တစ်ကားပဲ
ကဲ ဘာများလွမ်းနေဦးမှာလဲ
ကဲ ဘာများဆွေးနေဦးမှာလဲ
ကဲ ဘာများ တွေးနေဦးမှာလဲ
ဒါဟာ ဘ၀ထဲက နိယာမတစ်ခုပါပဲ။ ။
*******************************
သစ္စာမိုးဝေ

Sunday, 19 July 2015

တောင်းဆု


***********************************
ဘဝ
တစ်ခန ရေပွက်
တစ်သက်လို့မှတ်ထင်
ခုံမင် ၀င်စား
ပျော်ပါးမေ့လျှော့
ပေါ့ပေါ့ ပါးပါး သူလား ငါလား မခွဲခြား

စွဲအားပြင်းပြင်း ချစ်ခြင်းနဲ့ ရည်တူ
ကြည်ဖြူရစ်သန်း
တစ်စခန်းပြီး တစ်စခန်း
တစ်လမ်းပြီး တစ်လမ်း
ဖြတ်သန်းရင်း လွှင့်မျော
မောလှပြီ ကွယ်---------
အော် ------ အဟောဝတ
အေးမြငြိမ်းချမ်း
သန္တိသုခလမ်း
လျှောက်လှမ်းချင်ငဲ့
ဒါပေမယ့် တစ်ခဏတဲ့
ဘ၀ရဲ့ လိုအပ်ချက် ( တကယ်က အပိုဒုက္ခ)
ကိုယ်လုပ်သမျှ ကိုယ့်ခံရ
ကိုယ်လုပ်သမျှ ကိုယ့်ကံပ
ကံတွေကိုပဲ ထပ်ကာ ထက်ပကာဆင့်
ကံတွေကိုပဲ ထပ်ကာ ထပ်ကာမြှင့်
အမြင့်ရောက်ပေမယ့်
မတော်လို့ လိမ့်ကျရင်
အကျနာမယ့် ကိန်း
တကယ်တကယ့်က ကံတွေကို ပြတ်အောင် ဖြတ်ရမှာ
ဒါကြောင့် အခုကတည်းရယ်က
မတွယ် မတိမ်း
အစိမ်းကွဲ ကွဲမယ့် အနာကို
သူစိမ်းပဲရယ် သတ်မှတ်ပြီး
တိမ်းညွှတ်စွဲလမ်းမှုကို ဖြတ်
သံယောဇဉ် ဇာတ်ကို အသာသိမ်း
အေးငြိမ်းခြင်းကို အသာမှတ်
အပြတ်မပြတ် သတိကပ်
ဝိပဿနာတွေ တလှပ်လှပ်ပွါးများရင်း
ဘာဝနာ လမ်းပေါ် ငြိမ်းချမ်း ပါရစေ။ ။
************************************************
သစ္စာမိုးဝေ

Thursday, 2 July 2015

ရွှေပြည်ကြီး


**********************
လောကဓံပူစပ်ပူလောင်ထဲတွင်
ကျွန်တော်တို့ မျှော်လင့်ချက်ကိုယ်စီ မီးထွန်းလို့
ဘာလိုသေးလို့ မမေးနဲ့
လိုနေတာတွေတော့ အများကြီး
ဟုတ်တယ် အများကြီး
ခါးစီးလို့ ခံနေရတာက
ခါးသီးတဲ့ နေ့ဝဓူတ ကိစ္စများစွာ
ဘာလာလာ မပြီးသေးတဲ့ ပွဲမှာ
ကံတရားက မျက်နှာမလိုက်တတ်ဘူး

ဒါပေမယ့်
အမှန်တရားကကြတော့
ခရီးလွန်းနေပြန်တယ်
ဟလို ဟလို အေး အေးကြားလား ကြားလား
ဟလို ဟလို မကြားရဘူး ဟလို မကြားရဘူး
ခေါ်ပေမယ့် မကြား
အော်ပေမယ့် အလကား
အဲဒီကားတွေပေါ့
တစ်နေ့ တစ်ခြား ရွှေမြို့တော်ကြီးမှာ ကြပ်ကြပ်လာတယ်
ရေသန့်လား .....
စနိုးတာဝါလား
တစ်ရှုးလား.......
အော်ရီဒူးလား
တယ်လီနောလား
Mpt လား.........
ကွမ်းယာ ဆေးလိပ်
ကွမ်းယာ ဆေးလိပ်
ဘ၀တွေ ဘ၀တွေ
တစ်တိုပြီး တစ်တို
တစ်ဖွာပြီး တစ်ဖွာ ခါခါချပေမယ့်
မီးက ငြိမ်းမသွားဘူး
တစ်ယာပြီး တစ်ယာ ထွေးထုတ်ပစ်လိုက်ပေမယ့်
ခံတွင်းက ရှင်းမသွားဘူး။
ကျွဲရိုင်းလား sharkလား
ငုံးဥပြုတ် ငုံးဥပြုတ်
......
အပြင်ကလဲလှုပ် အတွင်းကလဲ လှုပ်
လှုပ်လိုက် မြုပ်လိုက်၊ မြုပ်လိုက်လှုပ်လိုက်
ပြုတ်ထားသလို ပူအိုက်အိုက်။
စံတော်ချိန် လား
သံတော်ဆင့်လား
......
ဆူးလေ ဆူးလေ
၁ယောက် ၂၀၀
၁ယောက် ၂၀၀
အားလုံးဟာ သွားတော့ သွားနေတယ်
ဒါပေမယ့်………..
လမ်းတစ်ဝက်မှာ ချာလည်လည်။ ။
**********************************
သစ္စာမိုးဝေ

Saturday, 20 June 2015

ပစ္စုပ္ပန် ရှုမျှော်ခင်း

ပစ္စုပ္ပန်ရှုမျှော်ခင်း
*******************
မျှော်ကြည့်မိတဲ့ စိတ်က
လမင်းကြီးပေါ့
လက်တွေ့ဆိုတာက
ကြယ်ဖြူလေးတွေနဲ့တောင် ဟိုးအဝေး

ဒီလိုနဲ့ အတွေးတွေကို မျိုချရင်း
ကိုယ်ဟာ စပါယ်လေးတွေကို ပိုချစ်တတ်လာခဲ့တယ်။
*************************
သစ္စာမိုးဝေ

Sunday, 31 May 2015

ညီမလေး ဖတ်ဖို့ (၈) ပညာရွှေအိုး လူမခိုး

ညီမလေး ဖတ်ဖို့ (၈) ပညာရွှေအိုး လူမခိုး
****************************************************
ညီမလေးရေ ဒီတစ်ခါ ပညာသင်တာနဲ့ ပတ်သက်ပြီး ပြောပြချင်တယ်၊ ပညာသင်ရတယ်ဆိုတာ ဘ၀ခရီးလမ်းလျှောက်လှမ်းတဲ့ အခါ မမောမပန်းပဲ ရွှင်ရွှင်လန်းလန်း လျှောက်လှမ်းဖို့ရယ်။ သာသာ ယာယာ အေးအေးချမ်း ဝေဖန်ပိုင်းခြားပြီး အခက်အခဲတွေကို ရင်ဆိုင်တတ်ဖို့ ကြိုတင်ပြင်ဆင်ထားရတာလို့ ပြောရင် မှားမယ် မထင်ဘူး ညီမလေးရေ၊
ကျောင်းသားဘ၀မှာ လွတ်လပ်တယ်၊ အိမ်က မိဘတွေကလဲ ကျောင်းသားမို့ ကျောင်းသူမို့ အိမ်အလုပ်တွေ မခိုင်းပဲ အခွင့်အရေးပေးပြီးထားတာကို တခြားမှာ သွားအသုံးမချလိုက်နဲ့နော်၊ အိမ်ကိုကျတော့ ကျောင်းကို သွားတယ်လို့ပြောခဲ့ပြီး ကျောင်းက လစ်ထွက်စာသင်ခန်းက လစ်ထွက်ပြီး ပန်းခြံထဲရောက်နေတာ ကစားကွင်းထဲသွားနေတာ၊ ဂိမ်းဆော့နေတာတွေ မလုပ်ရဘူးနော် ညီမလေး၊ ကျောင်းသားဘ၀ဆိုတာ နှစ်ခါပြန်မရတဲ့ အခွင့်အရေး တစ်ခုပဲ ညီမလေး၊ ငယ်တုန်းရွယ်တုန်းမှာ တစ်ချိန်တစ်ခါသာရတဲ့ အခွင့်အရေးလေ၊ ရလာတဲ့ အခွင့်အရေးကို အကြိုးရှိရှိ အသုံးချပြီး ကိုယ့်ဘ၀တစ်လျှောက်လုံး အသုံးဝင်တဲ့ ပညာတွေ ရဖို့ ကြိုးစားပစ်လိုက်စမ်းပါ ။
"ပညာကိုဘယ်လူဆိုးတို့ယူခိုးလို့ပါပါ့မယ်။
အတတ်ကယ်အလိမ္မာနှင့်၊
ဥစ္စာဘယ်တူကြလိမ့်၊
လောကလူဝယ်။ ။
သိ,ကြား, မြင် လုံလောက်က၊
မျက်မှောက်ကယ် သည်ကိုယ်ဝယ်၊
ရလွယ်၏ ခင်ပွန်း။ ။
တမလွန် နောင်ခါကောင့်၊
မြိုက်ချမ်းသာပိုမိုမြင့်၊
ကဲဆင့်တောက်ထွန်း"
လို့ ပညာရဲ့ အရာရောက် ခရီးတွင်ပုံကို စဉ့်ပါဆရာတော်က လင်္ကာလေးနဲ့ သတိပေးခဲ့တယ်
ညီမလေးရ၊
လင်္ကာလေးဆိုလိုတာက ပစ္စည်းဥစ္စာတွေဟာ သူခိုးခိုးလို့ရတယ်၊ ကိုယ့်ရင်ထဲ စိတ်ထဲမှာ တတ်ကျွမ်းထားတဲ့ ပညာတွေကိုတော့ သူခိုးတွေ မခိုးနိုင်ဘူးတဲ့ ညီမလေးရ၊ အသိ၊ အကြား၊ အမြင်တွေနဲ့ ပြည့်စုံတဲ့ ပညာဟာ အခုလက်ရှိဘ၀မှာတင် မိတ်ကောင်း ဆွေကောင်းတွေ ရနိုင်အောင် စွမ်းဆောင်ပေးနိုင်တယ်တဲ့ ညီမလေးရေ၊
နောက်တစ်ခါ ပညာသင်ရတဲ့ အဓိက ရည်ရွယ်ချက်တွေက-----
(၁) critical thinking skill = ဝေဖန်ပိုင်းခြားသုံးသပ်နိုင်တဲ့စွမ်းရည်ရှိဖို့
(၂) decision making skill = ဆုံးဖြတ်နိုင်တဲ့ ကျွမ်းကျင်မှုရှိဖို့
(၃) problem solving skill = ပြသနာဖြေရှင်းနိုင်တဲ့ ကျွမ်းကျင်မှုရှိဖို့
(၄) creative skill = တီထွင်ကြံဆနိုင်တဲ့ ကျွမ်းကျင်မှုရှိဖို့
(၅) synthesis skill = ပေါင်းစပ်နိုင်တဲ့ ကျွမ်းကျင်မှုရှိဖို့
(၆) analytical skill = ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ ကျွမ်းကျင်မှုရှိဖို့
(၇) self-study skill = ကိုယ်တိုင်လေ့လာနိုင်တဲ့ ကျွမ်းကျင်မှုရှိဖို့
(၈) communication skill = ပြောဆိုဆက်သွယ်နိုင်တဲ့ ကျွမ်းကျင်မှုရှိဖို့
(၉) consideration skill = စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်တဲ့ ကျွမ်းကျင်မှုရှိဖို့
(၁၀) control skill = ထိန်းသိမ်းနိုင်တဲ့ ကျွမ်းကျင်မှုရှိဖို့
(၁၁) leadership skill = ခေါင်းဆောင်နိုင်တဲ့ ကျွမ်းကျင်မှုရှိဖို့
(၁၂) management skill = စီမံခန့်ခွဲနိုင်တဲ့ ကျွမ်းကျင်မှုရှိုဖို့ ဆိုတဲ့ အချက်တွေနဲ့ ပြည့်စုံဖို့ ပဲဖြစ်တယ် ညီမလေးရ၊
ပညာမသင်ထားတဲ့ လူတစ်ယောက်ဟာ ပြောပြခဲ့တဲ့ အချက်တွေနဲ့ ပြည့်စုံဖို့ ခဲယဉ်းပါတယ် ညီမလေးရေ၊ ဒါကြောင့် ညီမလေးက ငယ်တုန်း အချိန်ရှိတုန်းမှာ ပညာကို ကြိုးကြိုးစားစားသင်နော်၊ အမှတ်ကောင်းကောင်းရအောင်လဲ ကြိုးစားနော် ညီမလေး၊
ငယ်စဉ်အခါက ပညာမကြိုးစားခဲ့လို့ ကြီးတဲအခါ အဆက်အခဲတွေနဲ့ ရင်ဆိုင်ရပြီး အိမ်မှာခိုင်းတဲ့ အခိုင်းစေတွေက ပစ္စည်းတွေ ညာယူသွားခံရ စီးပွားရေး မလုပ်တတ်လို့ ဆင်းရဲသွားတဲ့ ကုဋေရှစ်ဆယ် သူဌေးသားလေးဆိုတာ ရှိခဲ့ဖူးတယ် ညီမလေးရ။
ဒီလို ညီမလေးရ အဲဒီသူဌေးသားလေးဟာ ငယ်ငယ်လေးကတည်း မိဘတွေကလဲ ချမ်းသာတော့ အစစအရာရာ အလိုလိုက် အကြိုက်ဆောင်ပေးထားတာပေါ့ ၊ ပညာသင်ရင် သူတို့သား လေးကို ပင်ပန်းမှာစိုးတာနဲ့ ကျောင်းမတက်စေပဲ အိမ်မှာနေခိုင်းသတဲ့၊
အဲဒီလိုနဲ့ အိမ်မှာပဲ ဆော့စကားလိုက်၊ စားလိုက်သောက်လိုက်၊ ပျော်လိုက်ပါးလိုက်နဲ့ အသက်တွေ ကြီးလာသတဲ့၊ သူ ဆယ်ခြောက်နှစ်လောက်ရောက်တဲ့အခါ မိဘတွေက သူတို့သားလေးကို သူတို့နဲ့ အဆင့်အတန်းခြင်း တူတဲ့ သူဌေးသမီးလေးနဲ့ လက်ဆက်ပေးစားလိုက်သတဲ့၊ ထူးခြးတာက အဲဒီသူဌေးသမီးကလဲ ကုဋေလေးဆယ် ချမ်းသာသတဲ့ ဒါပေမယ့်
အဲဒီသူဌေးသမီးလေးကလဲ ပညာမတတ်ဘူးတဲ့ ညီမလေးရေ၊ သူဌေးသားလေး အိမ်ထောင်ကျပြီး ကြာတဲ့အချိန်မှာ သူဌေးသားလေးရဲ့ မိဘတွေဟာလဲ ရှေ့ဆင့်နောက်ဆင့် ဆိုသလို သေဆုံးသွားကြသတဲ့ ၊
မိဘတွေ သေဆုံးသွားကြတော့ ပညာမတတ်တဲ့ သူဌေးသားလေးဟာ မိဘတွေလက်ငုပ် လက်ရင်းဖြစ်တဲ့ စီးပွားရေးတွေလဲ မလုပ်တတ်လေတော့ တစ်စတစ်စနဲ့ လုံးပါးပါးလာပြီး စီးပွားရေးတွေကျလာသတဲ့ ညီမလေးရေ၊
ဒီကြားထဲ အရက်ကလေးက တမြမြဆိုတော့ ပိုးဆိုးတာပေါ့ ၊ အရက်သောက်တော့ အရက်သမား သူငယ်ချင်းတွေက အိမ်လာလိုက် ချော့ပြီးစားလိုက်၊ လိမ်ယူသွားလိုက်နဲ့ အတွင်းပစ္စည်းတွေကလဲ တဖြေးဖြေးနဲ့ ကုန်ကုန်လိုက်လာသတဲ့၊
တိုတိုကျဉ်းကျဉ်း လိုရင်းပြောရရင် နောက်ဆုံး သူဌေးသားလေးဟာ အိမ်တွေကို ရောင်း၊ ရှိသမျှတွေ ထုခွဲရောင်းချပြီး လင်မယားနှစ်ယောက် ခွက်ဆွဲပြီး တောင်းစားရတဲ့ ဘ၀ရောက် သွားသတဲ့ ညီမလေးရေ၊
တကယ်တမ်းစဉ်းစားကြည့်ရင် သူတို့လင်မယားနှစ်ယောက်ဟာ ကုဋေရှစ်ဆယ်တောင် ချမ်းသာတာနော် ဒါပေမယ့် ပညာမတတ်တော့၊ စီးပွားရေးအမြင်လဲ မရှိတော့ ဘယ်လောက်ချမ်းသာ ချမ်းသာ ကုန်သွားတာပဲ မဟုတ်လား၊
နောက်တစ်ခု စဉ်စားကြည့်စေချင်တာက ပညာဆိုတာ ကျောင်းနေလို့ တတ်မြောက်တဲ့ အတန်းပညာတစ်ခုတည်းတင် မဟုတ်ပါဘူး ညီမလေးရယ်၊ လက်မှုပညာလို့ခေါ်တဲ့ စက်ချုပ်တာ ပန်းချီဆွဲတာ၊ လက်သမားပညာတွေလဲ ပညာပါပဲ၊ ဒါအပြင် နှုတ်မှုပညာလို့ခေါ်တဲ့ စကားအပြောအဆို တတ်ကျွမ်းတာ၊ ဘိသိက်ဟောတတ်တာ၊ လူအများကို ပညာရအောင်ဟောတတ်ပြောတတ်တဲ့ ပညာတွေဟာလဲ ပညာပါပဲ အဲဒီလို နှုတ်မှု လက်မှု ပညာ
တစ်ခု တတ်ရင်လဲ ဘ၀မှာ နေလို့ထိုင်လို့ အဆင်ပြေအေးချမ်းတာပါပဲ၊
ဒါကြောင့် ပြောချင်တာကတော့ ညီမလေးရယ်၊ ငယ်တုန်းအရွယ်မှာ ဘယ်ပညာပဲ ဖြစ်ဖြစ် တတ်မြောက်အောင် သင်ထားသင့်တယ်လို့ အကြံပေးချင်တယ်လေ၊ ငယ်တုန်း သန်တုန်း မြန်တုန်းမှာ ကြိုးကြိုးစားစား ပညာတွေမသင်ရင်တော့ အပေါ်က ပြောပြခဲ့တဲ့ ကုဋေရှစ်ဆယ် သူဌေးသား လင်မယားလို တစ်နေ့ ဒုက္ခတွေနဲ့ လှလှပပကြုံတွေရမယ်ဆိုတာ သဘောပေါက်ထားလိုက်နော်၊
အခု ကျောင်းတက်နေတုန်းအချိန်မှာ စာတွေကျက်ရလို့ ပျင်းလာရင်၊ သင်္ချာတွေတွက်ရလို့ ခေါင်းတွေပူလာရင် ခနနားပြီး ပြောပြခဲ့တဲ့ ပုံပြင်လေးကို သတိရလိုက်နော်၊ ပြီးသွားရင် ပြန်အားတင်းပြီး ချက်ချင်း လက်ငင်း စိတ်ဓာတ်တွေလင်းလက်ဖို့ အသက်သွင်းပြီး သွက်သွက်လက်လက် ထက်ထက် မျက်မျက်နဲ့ အခက်အခဲတွေကို ကျော်ဖြတ်လိုက်ပါ ၊
ဒါဆိုရင် ညီမလေးဘ၀ သာယာလှပပြီး အမြဲတမ်းအေးချမ်းနေလိမ့်မယ်လို့ ပြောပါရစေ။ ။
***************************************
ရွှေမန်းသား အရှင်အကုင်္ရ

Friday, 29 May 2015

မေတ္တာ ဘယ်လို ပို့ရမယ်


****************************
အရှင်ဘုရား..မေးလျှောက်ခွင့်ပြုပါ.. မေတ္တာပို့  တဲ့ အကြောင်း ပါ.. လူ တစ်ယောက် သို့  လူ တစ် စု က ကိုယ့် ကို ရန်ရှာနေပေမဲ့ ကိုယ်က ရန်ကို ရန်နဲ့  မတုံ့  ပြန်ချင်လို့  သူ တို့  ကို အာရုံ ပြုပြီး မေတ္တာ ပို့  ပေး လျှင် ထိရောက်နိုင်ပါသလား ဘု ရား .. နောက်တစ်ခု က ကိုယ် နဲ့  မသိတဲ့ သတ္တဝါ ဥပမာ သတင်း.မှာ လူ တွေ အများ ကြီး ဒုက္ခရောက်တော့ မဲ့ အခြေ အနေ မှာ ကိုယ်က မေတ္တာပို့  ပေးရင်ရော သူ တို့  အတွက် ထိရောက်နိုင်ပါသလား ဘုရား.. တကယ်လို့  မေတ္တာ ပို့  ချင် ရင် အထက် ပါ ၂ရပ် လုံး မှာ ဘယ် လို နည်း နဲ့  မေတ္တာ ပို့  ရင် ထိရောက် နိုင်ပါသလဲ အရှင် ဘု ရား ... ကျေးဇူးတင်ပါတယ် အရှင်ဘုရား..
Gloria Huang
မေတ္တာနဲ့ ပတ်သက်ဖြေပေးရရင်၊ ပထမဆုံး မေတ္တာဘယ်လို ပို့ရမလဲဆိုတော့၊
အတ္တ၊ မဇ္ဈ၊ ပီယ၊ ဝေရီ သိမ်လေးလီ အညီရှုကြပါဆိုတဲ့ လင်္ကာလေးအတိုင်း ပြောရရင် ပထမဆုံး မိမိကိုယ်ကိုယ် မိမိ ပထမဆုံး မေတ္တာပို့ပါ၊ ဒုတိယ မချစ်လဲ မချစ် မမုန်းလဲ မမုန်းတဲ့ အလည်အလတ်ဖြစ်တဲ့ သူကို ပို့ပါတဲ့၊ တတိယကတော့ ကိုယ်ချစ်တဲ့ သူကို ပို့ပါတဲ့၊ နောက်ဆုံးကတော့ ကိုယ့်ရဲ့ ရန်သူကို ပို့ပါတဲ့၊
ဘာကြောင့် ဒီလို မိမိကိုယ်ကိုယ် မိမိအရင်ဦးဆုံး မေတ္တာပို့ခိုင်းရသလဲဆိုရင် ကိုယ်နဲ့ထပ်တူ အများသူကို ကိုယ်ချင်းစာစိတ်ထားတတ်အောင်လို့ပါတဲ့၊
မေးထားတဲ့ မေးခွန်းနဲ့ ပတ်သက်တာကို ဖြေရရင် အရင်ဆုံး အပေါ်က ပြောပြခဲ့သလို မေတ္တာပို့ပေးပြီး ကိုယ့်အပေါ်မကောင်းတဲ့ ရန်လိုနေတဲ့ ရန်သူတွေကို မေတ္တာပို့ပေးပါလို့ အကြံပြုပါရစေ၊ အဲဒီလို ပို့ပေးတာ ထိရောက်ပါတယ်၊
သတင်းမှာပါတဲ့ ဒုက္ခရောက်နေတဲ့ သူတွေကို မေတ္တာပို့ပေးရင်လဲ မေတ္တာက ထိရောက်ပါတယ်၊ သာဓကတွေ အများကြီး ရှိတဲ့အထဲက မိုးညှင်းဆရာတော်ကြီးဟာ စစ်အတွင်းက
ဒုက္ခရောက်နေတဲ့ စစ်ဘေးဒုက္ခသည်တွေကို မေတ္တာပို့ပေးခဲ့ဖူးတယ် ထိရောက်ခဲ့ဖူးတယ်လို့ မှတ်သားဖူးပါတယ်၊
မေတ္တာပို့နည်းကတော့ ရည်ရွယ်ပြီးပို့တဲ့ မေတ္တာနဲ့ တစ်ဦးတစ်ယောက်ရယ်လို့ မရည်ရွယ်ပဲ အားလုံး သတ္တ၀ါတွေ ကျန်းမာကြပါစေ ချမ်းသာကြပါစေ လို့ ပို့တဲ့ မေတ္တာပို့နည်း နှစ်နည်းရှိပါတယ်၊
အထိရောက်ဆုံးကတော့ ကိုယ်ရဲ့ရန်သူကို နာမည်ထုတ်ခေါ်ပြီး ပို့ရင် ပိုထိရောက်ပါတယ်၊
အဲဒီထက် ထိရောက်ချင်ရင် အနုစိတ်နည်းဖြစ်တဲ့ ကိုယ်ရန်သူ ကိုမောင်ဆိုပါတော့ ကိုယ်မောင်ရဲ့ ဆံပင်လေးတွေ ကျန်းမာပါစေ ချမ်းသာပါစေ၊ ကိုမောင်ရဲ့ မျက်လုံးလေးတွေ ကျန်းမာပါစေ ချမ်းသာပါစေ၊ စသဖြင့် မျက်လုံး နား၊ နှာခေါင်း ပါးစပ်၊ ကိုခန္ဒာ၊ ခြေထောက် လက်၊ အနုစိတ်ပို့ကြည့်ပါ၊ ကိုယ့်ပို့နေတဲ့သူက ကိုယ်မျက်စိအာရုံထဲမှာ ပထမတော့ မျက်နှာက ရှုတည်တည်ကြီး ဖြစ်နေမှာပါ၊
နေ့စဉ်နေ့တိုင်း မေတ္တာလှိုင်းတွေ ရိုက်ခတ်ပါများလာရင် ကိုယ့်ရန်သူရဲ့ မျက်နှာကြီးဟာ ပြုံးယောင် သန်းလာမှာပါ၊ ဒါဆိုရင် ကိုယ်ပို့တဲ့ မေတ္တာဟာ အောင်မြင်ပါပြီ၊
မေတ္တာကို တစ်နေ့ ဘယ်နှစ်ခါ ဘယ်နှစ်ကြိမ်ပို့ရမယ်လိုတော့ သတ်မှတ်ချက်မရှိပါဘူး၊ တတ်နိုင်သမျှ အချိန်ရသမျှ ပို့ပေးပါလို့ အကြံပြုပါရစေ၊
မေတ္တာအကြိုးကြမ်းပုံကတော့ အောက်က လင်္ကာလေးက သက်သေပြနေပါတယ်၊
တစ်နေ့သုံးခါအိုးတစ်ရာဖြင့်
ချက်ကာထမင်းကျွေးလှူခြင်းထက်
မယွင်းစင်စစ်နို့တစ်ညစ်စာ
ကြိမ်သုံးခါမျှမေတ္တာပွားများ
ကျိုးကြီးမားသည်ဘုရားမြတ်စွာ
မိန့်ခွန်းတည်း။ လို့
မဟာစည် ဆရာတော်ဘုရားကြီး မိန့်မှာခဲ့တဲ့ အတွက်၊ တစ်နေ့ကို သုံးကြိမ် သုံးခါ ထမင်းအိုး တစ်ရာနဲ့ ထမင်းတွေ ပေးလှူနေသူထက်၊ နို့တစ်ညှစ် စာ သုံးလေး စက္ကန့်လောက်လေး မေတတ္တာပွားများသူက အကျိုးပေးပိုကြီးတယ်လို့
ဆိုထားတဲ့အတွက်ကြောင့် မေတ္တာတန်ခိုးဟာ ဘယ်လောက် အကျိုးပေးကြမ်းတယ်ဆိုတာ သိလောက်ပါပြီ၊
ဒါကြောင့် မေတ္တာကို အချိန်ကန့်သန့်မထားပဲ အားရင်အားသလို ပွားများပေးပါလို့ ထပ်ခါအကြံပြုစကားပြောကြားလိုက်ပါရစေ၊
***********************************
ရေလိုအေးလို့ ပန်းလိုမွှေးပါစေ
ရွှေမန်းသား အရှင်အကုင်္ရ

Saturday, 23 May 2015

ရေနည်းငါး


******************
ကမ္ဘာ
အချိန်ကြာလာတာနဲ့ အမျှ
အေးမြတဲ့ အရိပ်ဆိုတာ
( ကိုယ့်အတွက်) ရှားပါးလာတော့

ကြိမ်ကြိမ်ခါခါ
လရောင်အလာကို မျှော်လင့်ရင်း
ကောင်းကင်ပြင်ကိုသာ
မော့ကြည့်မိပေါ့
*********************
သစ္စာမိုးဝေ

Sunday, 10 May 2015

နွယ်လိုလူ


***************
သံယောဇဉ်သည်
ကိုယ့်အပေါ် ခြည်နှောင်တွယ်တက်မည့် ၀တ်စုံတစ်စုံဆိုလျှင်
ကျွန်တော်တို့ ရပ်ကြည့်မနေပဲ ခရီးဆက်သွားသင့်သည်
ဒါမှမဟုတ်
ကျွန်တော်တို့ ချက်ချင်း လက်ငင်း ဆုတ်ဖြဲပစ်လိုက်ရမည်ဖြစ်သည်
ဘ၀သည် တိုတောင်းသည်ဟု ပြောစမှတ်ပြုကြသည်
သံသရာကြတော့ ရှည်နေပြန်သည်
သံယောဇဉ်အနှောင်အဖွဲ့မပါသော သံသရာသည်
ပျင်းရိငြိးငွေ့ဖို့ကောင်းနေမည်
သို့မဟုတ်
ကျွန်တော်တို့တစ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေ
ရုတ်တရက် လည်ပတ်မှုတွေရပ်သွားနိုင်သည်
လည်ပတ်မှုတွေ ရပ်သွားခဲ့ရင်တောင်မှ
ကျွန်ုပ်တို့တစ်တွေသည် အသာမနေကြပါ
( အသေနာကြမည်) သိသော်လဲ ကျင့်နိုင်ဖို့ ခက်ခဲစွာ
ရစ်တွယ်ရာကို ရှာဖွေမိပြန်သည်
တွယ်ဖက်ရာကို မျှော်တလင့်လင့်
တကယ် လူသား စင်စစ် ဧကန်ဖြစ်သော ကျွန်တော်တို့သည်
နွယ်ပင်အလား မခြားတူစွာ
ရစ်ပတ်နှောင်တွယ်ကာ
သံသရာကို လည်နေစေပြန်သည်
အဲဒီကစ ဘယ်တော့မှမဆုံး
ဘယ်တုန်းကမှ မုန်းရကောင်းမှန်းမသိသော
( တကယ်တော့) မချစ်ထိုက် မမြတ်နိုးထိုက် မတွယ်တာသင့်သော
ချစ်မြတ်နိုးခြင်းများစွာနှင့် တွယ်တာနှောင်ရစ်နေသော
ပစ္စက္ခလွဲချော်မှုများအပေါ်
ကျွန်တော်တို့တစ်တွေ ပျော်နေတတ်ကြောင်း
ဦးနှောက်နှင့် စာလုံးပေါင်းဖို့ မေ့လျှော့ကာ
နှလုံးသာဖြင့် လိုက်လျှောညီထွေနေလာရင်း
တစ်ရစ်ခြင်း တစ်ထစ်ခြင်း မလစ်မဟင်း တွယ်တက်ခဲ့ပေါ့။ ။
*******************************
သစ္စာမိုးဝေ

Saturday, 9 May 2015

အမေညာတယ်

အမေညာတယ်
*******************
တန်ခူးရေကုန် ကဆုန်ရေခန်းဆိုတဲ့ စာဆိုနဲ့ညီအောင် ကဆုန်လက ခြစ်ခြစ်တောက် ပူလှသည်၊ အဲဒီ ကဆုန်လထဲမှာ သူ့ကို ရဟန်းခံပေးဖို့ ရက်သတ်မှတ်ပေးထားခြင်းခံရသည်၊ စာသင် သားတစ်ပါး အတွက် ရဟန်းခံပစ္စည်းတွေက ရဟန်းဒကာ ဒကာမအပေါ်မူတည်ပြီး များတန်က များကြသည်၊ နဲတန်က နည်းကြသည်၊
အခု သူကတော့ သူ့မိဘအရင်းတွေက ရဟန်းခံပေးမှာမို့ နဲသည်လည်းမဟုတ်များသည်လဲ မဆိုသာ၊ ရဟန်းဖြစ်လျှင်အသုံးပြုဖို့ အတွက် အသုံးအဆောင်တွေကို မန္တလေး အိမ်တောင်ရာ ဘုရားဈေးက ၀ယ်လာခဲ့သည်၊
ခြင်ထာင်၊ ခေါင်းအုံး၊ စောင်ကတော့ သူနေတဲ့ မုံရွာဘက်က မိုးလေးစောင် အကြီးကြီး တစ်ထည်ဝယ်ထားပြီးသားဖြစ်နေသည်၊ သံသေတ္တာကြီးကိုတော့ မန္တလေး စိန်ဒေါင်း သံသေတ္တာကပဲ စားအုံးဆီ နှစ်ထပ်ပေပါကြီးကို အော်ဒါမှာထားလိုက်သည်၊ သံသေတ္တာကြီးကိုက တော်တော်လေးလံ လှသည်၊ တစ်ယောက်တည်း ထမ်းဖို့ သိပ်မလွယ်ကူ၊
အဲဒီ သံသေတ္တာကြီးထဲမှာ ခေါင်းအုံး၊ မိုးလေစောင်၊ ခြင်ထောင်၊ ပရိက္ခရာရှစ်ပါးကို ပေါင်းထည့်ထားလိုက်သည်၊
ရဟန်းခံဖို့ သုံးလေးရက်အလို သေတ္တာကြီးကို သယ်ပြီး သူရယ်၊ သူ့ဆရာသမား ဦးကောရယ်၊ သူ့သူငယ်ချင်း အရှင်ဂုဏရယ်၊ သုံးယောက်သား သူ့ဇာတိရွာလေးကို ပြန်လာကြသည်၊
အမေက ရွာကနေကျောက်ဆည်ကားဂိတ်အထိ ကိုယ်တိုင်ကိုယ်ကျလာကြိုနေသည်၊ အဖေကတော့ ရွာမှာ ရဟန်းခံအတွက် အလုပ်တွေစီစဉ်ရင်းနေခဲ့သည်၊ ကျောက်ဆည်မန္တလေး ကားလေးက ကျောက်ဆည်က ပတ္တမြားဂိတ်ရောက်တယ်ဆိုရင်ပဲ ခရီးဆုံးလို့ ရပ်တန့်လိုက်ပြီ၊ စောင့် နေတဲ့ အမေက အပြေးအလွှားရောက်လာသည်၊
ကားစပါယ်ယာက ကားခေါင်မိုးပေါ်က သံသေတ္တာကြီးကို ချပေးသည်၊ သူက အောက်က မနိုင်တနိုင်နဲ့ လှမ်းယူသည်၊ ဒါကိုမြင်တဲ့ အမေက အပြေးလာပြီး၊ ပေးပေး ကိုရင် ၊ တပည့်တော် ရွက်ခဲ့ မယ်၊ အမေ့ မသယ်နဲ့ အမေထားလိုက်လို့ မတားဖြစ်လိုက်။
ကဆုန်နေပူပူကြီးထဲမှာ အမေက လေးလံတဲ့ သံသေတ္တာကြီးကို မနိုင်တနိုင်ရွက်နေတာ၊ အခုအချိန်အထိ မျက်စိထဲ့ မထွက်၊
လာကြိုနေတဲ့ လှည်းနားရောက်မှ လှည်းပေါ်ကို သံသေတ္တာကြီး မနည်းမပြီး တင်ယူရသည်၊ အမေကတော့ မမောသလိုလို၊ မပန်းသလိုလို၊ သားတို့ရုပ်ရည် သီတာ မြည်သား ရေကြည်ချမ်းမြ တစ်ပေါက်ကြက မိဘတို့ဝမ်း ငြိမ်းစတမ်းတည်း ဆိုသလို သားတောင်မောင် ရဟန်းလောင်းကို မြင်တွေ့ရလို့ အမေပျော်တာထင်သည်။ အမေရင်ထဲ ငြိမ်းချမ်းနေတာထင်သည်၊
ရဟန်းခံပွဲမှာ အမေက လာသမျှဧည့်ပရိတ်သတ်ကို ငါးခြောက်ထောင်းနှပ်တွေနဲ့ ကျွေးမွေးဧည့်ခံသည်။ ပင့်သံဃာတွေကလဲ အပါးနှစ်ဆယ်၊ တောနယ်တောအရပ် အနေနဲ့ စည်စည်ကားကား ဖြစ်တယ်လို့ ပြောစမှတ်ပြုကြသည်၊
ရဟန်းခံပွဲပြီးတော့ ကြေးကူငွေက ဘယ်လောက်ရသလဲ မသိ၊ ရဟန်းလောင်းအတွက် သိမ်းဆင်းလောင်းတာက ခြောက်သောင်းလောက်ရသည်၊
ရဟန်းခံပွဲပြီးပြီမို့ သူလဲ စာသင်တိုက်ကို ပြန်ဖို့ ပြင်ရသည်၊ ညပိုင်း အမေ့အိမ်ကြွတော့ အမေက
“ဦးဇင်း ငွေကလောက်ရဲ့လား လိုရင်ထပ်ယူသွားနော်၊”
“ဟုတ်အမေ တစ်သောင်းလောက်တော့ လိုချင်သေးတယ်”
“ဒါဆို ရော့ရော့ ဦးဇင်း၊ လိုတာပြောနော် ဦးဇင်း ၊ မြို့ရောက်လို့ လိုရင်လဲ လူကြုံနဲ့ စာရေးလိုက်ပေါ့ တပည့်တော်တို့ ထပ်ပြီး လှူပါမယ်၊
ဟုတ် ဟုတ် အမေ”
မြို့ရောက်တော့ ရဟန်းခံကရတဲ့ ငွေလေးကို ၀ါသနာပါရာ ကမရာ တစ်လုံး ၀ယ်ဖြစ်လိုက်သည်၊ အမေကတော့ သဘောကျမယ် မထင်၊ ဒါပေမယ့် ဘာမှတော့ မပြော၊
ကမရာက ဆီလ်ဂယ် တံဆိပ်လေး၊ အသစ်စက်စက်မို့ ခြောက်သောင်းလောက်ပေးရသည်၊ အဲဒီတုန်းက တရုပ်ကလာတဲ့ ဆိတ်ငါးကောင် ဘီးတွေကလဲ အသစ်စက်စက်ဆို ခြောက်သောင်း ပေးရတဲ့ ခေတ်ဖြစ်သည်၊ ကမရာ မ၀ယ်ပဲ အမေနဲ့ အဖေအတွက် ဆိတ်ငါးကောင်း စက်ဘီးလေး ၀ယ်ဖို့ စိတ်ကူးက အဲဒီတုန်းက အတွေးမ၀င်ဖြစ်ခဲ့၊
လူကြုံရှိတိုင်း အမေဆီ ငွေတွေမှာဖြစ်နေသည်၊ အမေကလဲ ထည့်ပေးမြဲ ထည့်ပေးနေသည်၊ ဘာမှ မပြော၊
တစ်ရက် ရွာက ကိုတင်အေးကြီး မြို့ပေါက်လာသည်၊ အမေကို မှာထားတဲ့ ၀တ္ထုငွေ ငါးထောင်ကလဲ ပေးလိုက်သေးသည်။
ပြန်ခါနီး ကိုတင်အေးကြီးကို ကားဂိတ်လိုက်ပို့ဖြစ်သည်၊
“ဦးဇင်း၊ တပည့်တော် တစ်ခုလျှောက်ချင်လို့”
ကိုတင်အေးက ဆိုင်မဆင့် ဗုံမဆင့် စကားစသည်
“အေး ၊ လျှောက်လေဗျာ၊ ဘာများလဲ”
“ရွာမှာ မိုးခေါင်တာ သုံးနှစ်ရှိပြီ၊ အဲဒါ ရွာက လူတွေ စီးပွားရေး အဆင်မပြေကြဘူး ဦးဇင်း၊”
“ဦးဇင်းတို့ အမေအိမ်လဲ စီးပွားရေး မကောင်းဘူး၊ တောင်သူလုပ်ငန်း စပါးခင်းတွေက စိုက်လိုက်တိုင်း နှစ်တိုင်းသေကုန်တယ်၊ အခု ဦးဇင်းအမေတောင် မနက်ခင်း ပဲပြုရောင်းလိုက်၊ တိုဟူးလိုက်ရောင်းလိုက် လုပ်နေတာ နေလည်ပိုင်းဆို ရေမုန့်လုပ်ရောင်းတယ် ၊ အဲဒါ ဦးဇင်း ရွာပြန်လာရင် စိတ်မကောင်းဖြစ်မှာစိုးလို့ ဦးဇင်း ရွာရှိတဲ့အချိန်ဆို မရောင်းဘူး၊
မနက်အာရုံဆွမ်းချိုင့်လဲ စွီားရေး အဆင်ပြေတုန်းကလို အမောက်အလျှံကြီး ပို့နေတာ ၊ ဦးဇင်း စိတ်မကောင်းဖြစ်မှာစိုးလို့ ဦးဇင်း ကို မပြောတာ၊
အခု တပည့်တော်တောင် ဦးဇင်းကို ပြောရကောင်းမလား မပြောရကောင်းမလား တွေးနေတာ၊ မပြောရင်လဲ ဦးဇင်း မသိမှာစိုးလို့၊ ပြောပြန်ရင်လဲ စိတ်မကောင်းဖြစ်မှာစိုးလို့၊ နောက်ထပ် အတွင်း ပစ္စည်းတွေကလဲ ဦးဇင်းကို ရဟန်းခံပေးတုန်းက ထုခွဲရောင်းချပစ်လိုက်ရလို့ ဦးဇင်းအမေဆီမှာ မရှိတော့ဘူး ဘုရား”
စိတ်မကောင်းတော့ မဖြစ်ပါနဲ့ ဘုရား၊ ဦးဇင်း စာသာကြိုးစားပါ၊ ရွာမှာက ဦးဇင်းတို့ တစ်အိမ်ထဲ စီးပွားရေး မကောင်းတာ မဟုတ်ပါဘူး၊ တစ်ရွာလုံး မိုးမရွာလို့ ကပ်ဆိုဒ်တဲ့ သဘောပါ၊ ဦးဇင်းက ရွာကို မေတ္တာများများ ပို့ပေးပေါ့ ဘုရား၊”
“ကားထွက်တော့မယ် ဘုရား၊ တပည့်တော်လဲ ပြန်လိုက်ဦးမယ် ခွင့်ပြုပါဦး ဘုရား”
ကိုတင်အေးကြီးနဲ့အတူ သူ ထွက်သွားတဲ့ ကားကြီးကို ကြည့်ပြီး ရွာကလူတွေ မိုးခေါင်နေတဲ့ ကပ်က လွတ်ဖို့ မေတ္တာပို့ပေးရမလား၊ အမေ့ဆီကိုပဲ ပြေးသွားပြီး အမေဘာလို့ ညာခဲ့တာလဲ ၊ အမေဘာလို့ ညာခဲ့တာလဲ လို့ မေးရမလား၊ တွေတွေကြီး စဉ်းစားငေးငိုင်လျှက် ကျန်ခဲ့လေသည်။
********************
ရွှေမန်းသား

နေရာ


Tuesday, 5 May 2015

တမာလမ်းက သရဲ


************************
အညာဆိုတာ တမာတွေက လွှတ်ပေါ လွှတ်ပေါက်တာဗျ၊ ကျုပ်တို့ရွာဆိုတာလဲ အညာစာရင်းဝင်ဆိုတော့ တမာပင်တွေက ပေါမှပေါပဲ၊ ကိုယ်တိုင်မစိုက်ရပဲ သူအလိုလိုကို လမ်းဘေး ၀ဲယာမှာ တမာပင်တွေ တန်းစီနေတာ၊
အဲဒီလို တမာတန်းကြီးက ကျုပ်တို့ကျောင်းတက်နေတဲ့ ရွာဦးကျောင်း မုခ်ဦးဘေးကနေ ရွှာအ၀င် လမ်းအထိ တမျှော်တခေါ်ကြီးကို သဘာဝအတိုင်း ပေါက်နေတာရှိသေးတယ်။ တမာပင်တန်းထဲမှာ ကျောင်းမုခ်ပေါက်နားက တမာပင်ကြီး ဟီးဟီးထလို့၊ ထိုးထိုးထောင်လို့ ညအခါ လမသာပဲ လမိုက်ညများဆို ဘယ်သူမှ အဲဒီနားက တစ်ယောက်တည်း ဖြတ်ဖို့ စိတ်မကူးရဲဘူး၊
အဲဒီ တမာပင်ကြီး သရဲခြောက်တယ်လို့ သတင်းကလဲ အကြီးသားကလား၊ ဒါပေမယ့် အဲဒီ တမာပင်ကြီး သရဲခြောက်တဲ့ဆိုတဲ့ အခွင့်အရေးကို အပြည့်အ၀အသုံးချနေတာက ခက်ဝေတို့ ညီမ သုံး ယောက်ပေါ့၊
ကျုပ်တို့ရွာမှာက နွေအခါဆို ရေက ရှားမှရှားပဲ၊ ချိုးရေအတွက်ကတော့ မပူရပါဘူး၊ ရွာပတ် လည်က ရေကန်တွေမှာ သွားချိုးလို့ အဆင်ပြေတယ်၊ သောက်ရေနဲ့ သုံးရေအတွက်ကြတော့ ခက်ပြန် ရော၊ ရွာဦးဘုန်းကြီးကျောင်းထဲမှာ ရေတွင်းက သုံးတွင်းရှိပေမယ့်၊ ရေက နွေအခါဆို သိပ်မထွက် တောာ့ဘူး၊ တစ်ခါတစ်ခါ ဒေ၀ဒတ်ခေါင်းတောင် မြင်နေရတာ၊
အဲဒီတော့ ရေအတွက် မနက်ညနက်သန်ခေါင်း စောင့်ခတ်ရတာ၊ ဒါတောင် ရေက အထွက်နည်းလို့ ရိုးရိုးပုံးနဲ့ ခပ်မရ ငင်မရလို့ မိုလာပုံးခွံလေးတွေကိုကြိုးတပ် ရေစစ်ခပ်ရတာ၊ မိုလာပုံးနဲ့ ခပ်ရတာ ဆိုတော့ သိတဲ့ အတိုင်း တစ်ပုံးနဲ့ တစ်ပုံးက ရွာက ရွာလူကြီးအိမ်ကို ငွေမပေးပဲ မှတ်ပုံတင် လုပ်ခိုင်း သလောက် ကိုကြာတာ၊
ရွာဦကျောင်းထဲက ရေတွင်းသုံးတွင်းကတော့ ညအခါလသာသာဆို ရေတွေ ပြည့်ပြည့်နေ တတ်တယ်ဗျ၊ ညနက်သန်ခေါင် ဘယ်သူမှ ကျောင်းထဲမလာရဲတာလဲပါမှာပေါ့။ ကျောင်းမုခ်ဝက တမာပင်ကြီး ဟီးနေတာက သရဲကြောက်လို့လဲပါမှာပေါ့ဗျာ၊ အဲ အဲဒီသရဲကို မကြောက်ကြတဲ့ ခက်ဝေ သက်ဝေတို့ ညီမအမတွေကတော့ ညနက်သန်ခေါင်လဲ ရေလာခပ်သဗျာ၊ သူတို့ခပ်သွားရင် ကျောင်း အတွက် မနက်ဆရာတော် မျက်နှာသစ်ရေ၊ ဆွမ်းဟင်းပုဂံတွေ ဆေးဖို့ရေက အခက်တွေ့ရော၊
မနက်လင်းလို့ ဆရာတော်အတွက် ရေခပ်ထားပြီးမရှိရင် ကျောပြင်ကို ဗျောတင်တော့တာပဲ၊ တစ်ခါက နှစ်ခါ တစ်ရက်က နှစ်ရက်ဆိုတော့ ကျောပြင်တွေလဲ အညိုအမဲစွဲလို့ပါပဲ၊ တရားခံကို ရှာတော့ တွေ့ပြီး ဒါ--- ညက ခက်ဝေတို့ သက်ဝေတို့ ရေတွေခပ်ခပ်သွားလို့ တို့ကျောင်းသား ကိုရင် တွေရေမရတာ၊ တွေ့ကြသေးတာပေါ့ကွာ၊
ကျုပ်တို့ ဘုန်းကြီးကျောင်းသားတွေ စုပေါင်းစည်းဝေးပွဲလုပ်ပြီး တညီတစ်ညွှတ်တဲ ခက်ဝေတို့ သက်ဝေတို့ ညီအမတွေ ညနက်ပိုင်း ရေလာမခပ်ရဲအောင် သရဲခြောက်ပြဖို့ အဆုံးအဖြတ် တစ်ခုကို ချလိုက်တယ်၊
“ဟေ့ကောင် အောင်ကြီး မင်းက ကျောင်းမုခ်ဝက တမာပင်ကြီးပေါ်က တက်ပြီးစောင့်နေ၊ သူတို့ ညီအမရေလာခပ်တာနဲ့ စခြောက်တော့ တို့က ဆွမ်းစားကျောင်းနား မာလကာပင်အောက်က ကင့်စောင့် နေမယ်၊”
ဖိုးလုံးက အစီိအစဉ်ကို ပြောပြတယ်
“ကျုပ်ကလဲ အေးအေး ငါ ဘုရားဝတ်ပြုပြီးတာနဲ့ ဆရာတော်ကျိန်းရင် တမာပင်ပေါ် တက်နှင့်မယ်ကွာ၊ မင်းတို့က လမ်းသွား လမ်းလာတွေ ကင်းစောင့်ပေးဦး”
“အေးပါကွ၊ အေးပါ စိတ်ချအောင်ကြီး”
ကျုပ်တို့ဘုန်းကြီးကျောင်းသားတွေ အဲဒီညက ဘုရားတောင် ကောင်းကောင်း ၀တ်မပြုနိုင်ဘူး၊ ၀ုန်ဒိုင်း ၀တ်ပြုပြီး၊ ဆရာတော်က ဘီဘီစီ သတင်းနားထောင်ပြီးတော့ ကျိန်းတာနဲ့ ကျုပ်တို့တတွေ ကျောင်းမုခ်ပေါက်ဝက တမာပင်ကြီးဆီကို သုတ်ချေတင်တော့တာပဲ၊
တမာပင်ကြီးအောက်ရောက်တော့ အောင်ရွှန်းက “ ဟေ့ကောင် အောင်ကြီးရော့ကွ၊ ဒါလေး ယူသွား”
ဟ ဘာကြီးတုန်းကွ၊
“အိမ်က အဖွားလိပ်သောက်တဲ့ ပျောင်းဖူးဖက် ဆေးလိပ်ကြီကွ၊ အဖွားမသိအောင် ခိုးယူလာတာ၊ ရော့ဒါက မီးချစ်”
“ငါက ဒါကြီး ဘာလုပ်ရမှာလဲဟ၊”
“မင်းကလဲ အပကွာ၊ အဲဒါကြီးနဲ့ တမာပင်အပေါ်ကနေ မီးသရဲလုပ်ပြပေါ”့
“အေးအေး ပေါက်ပြီကွာ၊ ဒါဆို ငါတက်ပြီဟေ့၊ မင်းတို့လဲ ၊ မာလကာပင်ဆီ ကင်းဝတ်တော”့
“အေးအေး အိုကေ အိုကေ”
သူများကို ဒုက္ခပေးချင်နေလို့လား မသိပါဘူးဗျာ၊ ၀ါးနှစ်ပြန်လောက်မြင့်တဲ့ တမာပင် ထိပ်ဖျားကို ဘယ်လိုက ဘယ်လိုရောက်သွားမှန်းမသိဘူး၊ အခြေနေကြည့်လိုက်တော့ ပတ်ဝန်းကျင်တစ်ခုလုံးက ငြိမ်သက်လို့၊ သင်္ကြန်ပြီးမို့ထင်တယ်
ပုစင်းရင်ကွဲတွေကတော့ အော်နေကြတယ် ပွက်ပွက်ညံလို့၊ တစ် ချက်တစ်ချက် ရွာနောက်ပိုင်း သင်္ချိုင်းကုန်းဆီက ခွေးတွေ အူအူနေတော့ ကျောတော့ အချမ်းသားကလား၊
ကလုံ ကလောင်၊ ကလုံ ကလောင်၊
ဟ တမာပင်အောက်က အသံတွေကြားတယ်၊ ဘာပါလိမ့်၊ ငုံ့ကြည့်လိုက်တော့ ခက်ဝေနဲ့ သက်ဝေ ညီအမနှစ်ယောက် ထမ်းပုံးကိုယ်စီနဲ့ ရေခပ်လာနေပြီကိုး၊
“အင်း ဒင်းတို့ကို ဒီတစ်ခေါက်တော့ လွှတ်ပေးလိုက်ဦးမယ်၊ နေဦး နောက်တစ်ခေါက်မှ ပညာပြရမယ်၊” စိတ်ထဲက တွေးရင်း၊ အောင်ရွန်းပေးထားတဲ့ ပျောင်းဖူးဖက်ကြီးကို
မီးညှိလိုက်တယ်၊ တမာပင်ထိပ်ဖျားမှာ လေက တိုက်နေတော့ ပုဆိုးခြုံပြီး မီးကို ညှိယူရတယ်၊ ဟူး တော်ပါသေးရဲ့ မျက်ခုံး မွှေးတွေ မလောင်ကုန်လို့၊
ဟော ပြောရင်းဆိုရင် ခက်ဝေနဲ့ သက်ဝေ လာနေပြန်ပြီ၊ တမာပင်ကြီးအောက်ရောက်တော့ မယ်၊ ရောက်တော့မယ်၊ ရောက်လာပြီ ရောက်လာပြီ၊
ကွက်တိပဲဗျို့ ကျုပ်ကလဲ ဘယ်ရမလဲ သောက်နေတဲ့ ပျောင်းဖူးဖက်ကြီးကနေ မီးမီးရဲရဲ ကြီးတွေ ချွေချလိုက်တာ သူတို့အပေါ် တည့်တည့်မတ်မတ်ပဲ ကြွေကျသွားရော
“ အမေလေး---၊ အမလေးတော့ အဖေရေ လာကြပါဦး သရဲ သရဲ ၊ သရဲ”
ညီအမနှစ်ယောက် ဖနောက်နဲ့ တင်ပါး တစ်သားတည်းကြလို့ ပြေးလိုက်ကြတာ၊ ဂုံးဂွမ်း ဂုံးဂွမ်းနဲ့ သူတို့ ရေထမ်းပုံးတွေလဲ ပက်လန်ကို လက်လို့၊
ဟားဟား၊ ကျုပ်တစ်ယောက်တည်း တမာပင်ကြီးပေါ်မှာ တံတွေးတွေသီးလို့ ရီလိုက်ရတာ၊ ဟိုကောင်တွေ အောင်ရွှန်းနဲ့ ဖိုးလုံးကတော့ မလကာပင်အောက်မှာလား အိပ်ယာထဲရောက်နေပြီလား မတွေးတတ်တော့၊
“ ဟေ့ကောင် တမာပင်ပေါ်က ကောင်ဆင်းခဲ့စမ်း၊ ဘယ်သူလဲကွ၊ ငါ့သမီးတွေကို ခြောက်တာ ဘယ်သူလဲကွ၊ မင်းတော့လား အောက်ရောက်လို့ကတော့ အမှုံ့ကို လုပ်ပစ်ပမယ်၊”
ဟာ ဟာ အဲဒါမှ ဒုက္ခပဲ၊ ခက်ဝေနဲ့ သက်ဝေတို့အဖေ ကိုတင်ဖေကြီး ၊ ဒီလူကြီးက လူကြမ်း စိတ်ကြမ်းကြီး၊ သူသမီးတွေကသာ လှတာ၊ ဒီလူကြီးစိတ်က လှတာမဟုတ်ဘူး၊ မထင်ရင် မထင်သလို အခွံနွှာပစ်မှာ၊
ဒါနဲ့ ကျုပ်လဲ အဲဒီညက တမာပင်ပေါ်မှာ မိုးလင်းမှာလားတွေးရင်း ၊ ကုတ်ကုတ်ကလေး ကွေးနေပြီး မလှုပ်ရဲဘူး၊
အောက်ကအော်နေတဲ့ ခက်ဝေတို့ အဖေပြန်သွားမှ ကျုပ်လဲအပင်ပေါ်က ဆင်းလာခဲ့ရတယ်။
တမာပင်ကြီးအောက်ရောက်လို့ ပုဆိုးပြင်ဝတ်လိုက်တယ်၊ ပြီးတော့ ကျောင်းဘက်ပြန်အိပ်ဖို့ ဟန်ပြင်လိုက်တယ်၊
“ဟေ့ကောင် နေဦး၊ ငါလဲလိုက်မယ်လေ”
အပင်ပေါ်တက်တုန်းက ငါတစ်ယောက်တည်းပါ၊ အခုက နှစ်ယောက်ဖြစ်နေပြီ ၊ ဘယ်သူပါလိမ့်၊ “ ဟ မင်းက ဘယ်သူမို့ ငါနဲ့ လိုက်မှာလဲကွ၊”
“ ဘယ်သူကမှာလဲ ငါက မျိုးမင်းလေကွာ၊ စိုးခိုင်တို့အကို မျိုးမင်းပေါ့ ကွ၊ မင်းမသိဘူးလား”
“အင်း စိုးခိုင်တို့ အစ်ကို မျိုးမင်းဆိုတာ ဒို့အနောက်ရပ်ထဲက၊ ဒေါ်ဒေါ်ဖားတို့ အိမ်နားက၊ ဟာ ဟုတ်ပြီ၊ အဲဒိ ကိုမျိုးမင်းက ဟိုတစ်ပတ်ကမှ ဓားခုတ်မှု ဖြစ်ပြီး ဆုံးလို့ ကျောင်းထဲလာထားပြီး သရဏဂုံ တင်လိုက်ရတဲ့-----“
“အဲ အဲ အဲတော့ အောင်မလေးဗျ၊ သရဲ သရဲ သရဲ”
“ ဟာ ဟေ့ကောင် ဘာဖြစ်တာလဲ ထတော့၊ အိမ်မက်တွေ မက်ပြီး ယောင်နေတာလား၊ လာ မိုးလင်းနေပြီ ဆရာတော်အတွက် မျက်နှာသစ်ရေနဲ့ ၊ ပုဂံတွေ ဆေးဖို့ ရေခက်ချေရအောင်”
“ အော် အေးအေး ၊ ဟူးးးးးးးးးးး တော်ပါသေးရဲ့”
ညက အဖြစ်တွေဟာ အိမ်မက်လာ တကယ်လား မကွဲပြားတော့၊ ဝေေ၀၀ါးဝါး၊ ဒါပေမယ့် အခုထက်တိုင် ပျောက်မသွား၊
************************
ရွှေမန်းသား
( အခုချိန်မှာတော့ ကျုပ်တို့ရွာလေးမှာ လျှပ်စစ်မီးတွေရ၊ ကတ္တရာလမ်းမကြီးတွေပေါက်၊ ရေအတွက် စက်ရေတွင်းတွေလဲ တူးထားသမို့ ရေအတွက် သရဲခြောက်စရာ မလိုတော့ဘူးပေါ့ ဗျာ)

Monday, 4 May 2015

တို့ ကမ္ဘာဟာ ရွာကြီးပါ


*****************
ကမ္ဘာကြီးဟာ ရွာဖြစ်လာနေပြီတဲ့ လေ
ဒါပေမယ့် ရွာမှာ လူတွေ မနေရတာကြာပေါ့
ရေကြည်ရာမျက်နု ၀မ်းတစ်ထွာကို ပြုစုဖို့
ရွာထဲက လူတွေ နေ့စဉ်နဲ့အမျှ အဝေးကို ခရီးထွက်ထွက်သွားကြတာ
တစ်ခါတလေ ပြန်လာသူက ပြန်လာတယ်
တစ်ခါတလေ
ပြန်မလာသူက အပြီးတိုင် ရွာကို နှုတ်ဆက်ကြလို့

အားလုံးကတော့ ရွာကို ချစ်ကြတာပေါ့
စနစ်တစ်ခုကြောင့်
အဖြစ်တစ်ခုကြောင့်
ရွာကို လျှစ်လျူရှုရှုနေကြရတာ
အခုဆို ရွာမှာ ရေတွေခန်းခန်းလာနေပြီ
အခုဆို ရွာမှာ ရေရှိတဲ့ ကန်တွေထဲမှာတောင် ငါးတွေအလိုလိုသေနေပြီ
အခုဆို ရွာမှာ အိမ်ဆောက်ဖို့ သစ်တွေရှားပါးလာနေပြီ
အရှင်းဆုံးအလင်းဆုံး ပွင့်ပွင့်လင်းလင်းသုံးသပ်ပြရရင်
လူသေရေ အခေါင်းရိုက်ဖို့တောင် ခက်ခက်နေပြီ
ရွာမှာ အရင်ကလို စိတ်ရင်းကောင်းတွေပျောက်
တစ်ယောက်နဲ့တစ်ယောက် မွှေနှောက်ကြလို့
တစ်ယောက်နဲ့ တစ်ယောက် ဗွေဖေါက်ကြလို့
ရွာက မြေတွေလဲ ပျောက်သလောက်ဖြစ်နေပါပြီ
ဒါတင်မက ရွာအဆင်မလှ
နူရာဝဲစွဲ လဲရာသူခိုးထောင်း
ထောင်းလမောင်း ကြိုးကျေလို့
အချိန်တန်လို့ ကျွန်တော်တို့ အိမ်ပြန်လာတဲ့ အခါ
အဲဒီ ရွာလေးဟာ
အကောင်းမဟုတ်တောင်
တောင်းစုတ်ပုလုံးစုတ် အဖြစ်လောက်တော့ ကျန်ကောင်းပါရဲ့။ ။
******************
သစ္စာမိုးဝေ

Saturday, 2 May 2015

အတို အရှည်

အတို အရှည်
*******************
လူ့ဘဝ
အသက်သည်တိုတောင်း၏
စိတ်ဖြစ်စဉ်သည် တိုတောင်း၏
တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံချိန်သည် တိုတောင်း၏
အလွမ်းကြတော့
တခမ်းတနားနဲ့ ရှည်လျှားလှခြေတကား
အချစ်ကြတော့ကော ဘာထူးလဲ
လမ်းသလားရင်းနဲ့ မိုင်တိုင်တွေ ဝေးလိုက်တာ
ထိုအခါ -----
ကျွန်ုပ်တို့တစ်တွေသည်
သံသရာဆိုတာကို တံဆိပ်ကပ်ပြီး ကိုယ်တိုင် ၀တ်ဆင်မိကြလေတော့သည်။ ။
************************
သစ္စာမိုးဝေ

Monday, 27 April 2015

တမီးလ်မြေက မြန်မာ့စိတ်ရင်း


****************************
ကျွိ ကျွိ ကျွီ------------
စီဝပူရီ လမ်းလျှောက်နေသော မိမိရှေ့တွင် ဆိုင်ကယ်တစ်စင်း ထိုးရပ်လာသည်၊ ဆိုင်ကယ်ပေါ်ကလူသည် အရပ်ပုပြတ်ပြတ် ၊ အသားမဲမဲ၊ မျက်နှာတွင် ကျော်ပေါက်မာတို့ ခပ်ကြဲကြဲ၊
ထိုသူက မိမိကို ခြေဆုံးခေါင်းဆုံးသေချာကြည့်သည်၊ မိမိဝတ်ထားသော သင်္ကန်းကို တွေကို ကြည့်ပြီး “ မြန်မာလား၊ မြန်မာလား”
သူနှုတ်မှ တစ်လုံးချင်း ထွက်ကြလာသော စကားတွေနှင့် အတူ သူ့မျက်နှာက ပြုံးယောင် သန်းလျှက်၊
“အင်း ဟုတ်ပါတယ် ကျုပ်က မြန်မာပါ၊”
“ဟုတ်လား ကျွန်တော် မြန်မာတွေကို သိပါတယ်၊”
“ခင်များ အခုဘယ်က ပြန်လာတာလဲ”
“ကျွန်တော် နွားနို့ပို့ပြီး ပြန်လာတာလေ”
“ကျွန်တော်က ဟောစပီတယ်နားမှာ အာရောဂျနာမည်နဲ့ နွားနို့ဆိုင်ဖွင့်ထားတယ်”
“ခင်များ အားတဲ့ အခါ အလည်လာပါ၊ ဦးစု ဆို ခနခနအလည်လာတယ်၊”
သူပြောသော ဦးစုဆိုတာ မိမိတို့ မြန်မာကျောင်းသား ရဟန်းတော်တွေထဲက တစ်ပါးဆိုတာ သိလိုက်သည်၊ စီဝပူရီရွာက မြန်မာပြန် တမီးလ်ကြီး ဦးချီရန်ဘရန်နဲ့ တွေ့တုန်းကလဲ ဒီလိုပင် လမ်းမကြီးပေါ်မှာ စကားတွေ စပ်မိ ဆုံမိ ကြုံမိကြရာက ခင်မင်ရင်းနှီးသွားကြရသည်။
အခုတစ်ဖန် မြန်မာပြည်ပြန် တမီးလ်ပြည်သားတစ်ယောက်ကို ထပ်တွေ့ရပြန်သည်၊ သူနဲ့ ကိုယ်နဲ့ စကားတွေဖောင်ဖွဲ့ရင်း
“ခင်များ လ္ဘက်ရည်သောက်ပါလား ကျွန်တော်တိုက်ပါမယ်။”
“နေပါစေ ရပါတယ်၊”
“မဟုတ်ပါဘူး ကျွန်တော်တိုက်ပါရစေ”
“ဟုတ်ပြီလေ ဒီလိုဆိုလဲ သောက်ပါမယ်၊ ဒါပေမယ့် ဒီနားက ဆိုင်တွေက မကောင်းဘူးဗျ၊
ဟိုရှေ့နားက လမ်းဆုံက ဆိုင်က ကောင်းတယ် အဲဒီ သွားရအောင်၊”
“ဒါဆိုလာလေဗျာ၊ ကျွန်တော်ဆိုင်ကယ်ပေါ်တက်ပါ”
ဒီလိုနဲ့ အသားမဲမဲ စေတနာဖြူဖြူ တမီးလ်ပြည်သားကြီး ခေါ်ဆောင်ရာလိုက်ရင်း လ္ဘက်ရည် တစ်ခွက်သောက်ဖြစ်သွားသည်၊
“ကျွန်တော်က ( ၁၉၄၉) နှစ်လောက်က ပြန်မာပြည်က ပြန်လာတာ၊ အခု ဒီမှာ နွားနို့ရောင်းတဲ့ ဆိုင်လေးဖွင့်ထားတယ်။ သားတစ်ယောက်ရှိတယ် သူက အိမ်ထောင်ကျပြီးသွားပြီ၊”
လ္ဘက်ရည်ဆိုင်တွင် လ္ဘက်ရည်ဖျော်တဲ့ တမီးလ် ဟိန္ဒူကုလားကြီးကိုလဲ မြန်မာပြည်က ပြန်လာတဲ့ အကြောင်း အခုမှ မြန်မာပြည်ကလူတွေနဲ့ ပြန်တွေ့ရတဲ့ အကြောင်း စကားလုံးတွေ ဖောင်စီပြနေသေးသည်၊
ဘာပဲဖြစ်ဖြစ် ဒီညနေမှာ သောက်ဖြစ်တဲ့ လ္ဘက်ရည်သည် နေ့တိုင်းထက် ချိုမြနေသည် ထင်မိသည်။ ။
( အသားမဲပေမယ့် စေတနာဖြူတဲ့ တမီးလ်ပြည်သူ လူကြီး တစ်ယောက်ကို အချိန်မရလို့ ဓာတ်ပုံမရိုက်ဖြစ်ခဲ့တာမို့ ပုံမပြနိုင်တော့ပါ၊ )
***********************
ရွှေမန်းသား

ကြာတော့လဲ


***************
သူလဲ အစိမ်း ကိုယ်လဲအစိမ်း
ခပ်စိမ်းစိမ်းပဲ
ဟိုအရင်လို တိမ်းညွှတ်တွယ်မက်
ရင်ခုန်ခက်ပြီ
တွဲလျှက်ကြည်သာ အကြင်နာကို
သည်တစ်သက်တွင် ကမ်းခွင့် မပိုင်
ဆိုင်ခွင့်မရ တို့ဝေးကြပြီ ။
ဘာသာ သိုသိပ် တိတ်တဆိတ်ထွက်ခွါ
ဝေဒနာကို
မနာသလို နေရင်း
မျက်နှာချင်းဆိုင်
စကားလှုင်ဖို့
တွေ့ခွင့်မကြုံ ဆုံလို့ မဖြစ်
သည်စနစ်တွင်
ချစ်သူပျော်စေ ဝေးဝေးကနေ
တောင်းဆုချွေ၊
ဝေဒနာမပေး ဖြေရှာတွေးရင်း
သတိတရ တမ်းတနှစ်သိမ့်
အိပ်မက်အတူ မက်ဖူးပြီပဲ
ဝမ်းမနည်းပြီ
ရာသီအရွေ့ နာရီအရွှေ့
အရွေ့ထဲမှာ
သံသာလည်ရင်း
ချစ်ခြင်းတရားဟာ
အနေကြာတော့
( ခုချိန်မှာ) သူလဲ မေ့လောက်ပြီပေါ့ ။ ။
*******************
သစ္စာမိုးဝေ

Wednesday, 22 April 2015

ဒိန်ချဉ် အတွေး
**********************
မနက်ခင်းထိုင်း လမ်းလျှောက်ထွက်နေကြ စီဝပူရီ လမ်းမကြီးဘေး ကေအမ်နာရာဘက်က လာရာ လမ်းဆုံလေးနားတွင် မနက်ခင်းဈေးလေးတစ်ခုရှိသည်၊
ထိုဈေးလေးတွင် တောရွာဘက်မှ အသီးသီးတက်ပြီး လာရောင်းသော တောသူတောင်သား ဈေးသည်တွေကများသည်၊ ဆိုင်နဲ့ ကနားနဲ့ မဟုတ် လမ်းဘေးတွင် ဘန်းလေးတွေခင်း၊ ပီနံအိတ်လေးတွေ ခင်းကာ ပါလာသော ၊ သင်္ဘောသီး၊ ဟင်းနုနယ်ရွက်၊ ဒိန်ချဉ်၊ ငါး၊ ရုံးပတီသီး၊ သခွားသီး၊ ငြုပ်သီး၊ ကျောက်ဖရုံသီးစတဲ့
ခြံထွက်သီးနှံလေး တွေကို လာရောင်းကြတာဖြစ်သည်၊ နေမွန်းတည့်တာနဲ့ ဆိုင်လေးတွေက အလျှိုလျှိုပျောက်သွားသည် သူတို့တစ်တွေ ဆိုင်ရာ ဆိုင်ရာ ရွာတွေဆီကို ပြန်ကုန်ကြသည်၊ မနက်ခင်း လင်းတာနဲ့ ရောက်လာသည်၊ နေမွန်းတည့်တာနဲ့ ပြန်ကြသည်၊ ဈေးသည်
အများစုက တောကမို့ အင်္ဂလိပ်လို မပြောတတ်တာများသည်၊ ခြေဟန် လက်နဲ့ တစ်ခါတစ်ခါ တမီးလ် စကားနဲနဲပါးပါး ညှပ်ပြော၊ တစ်ခါတရံဘေးနားက ကြက်သားသည်ကို ဘာသာပြန်ခိုင်းပြီး ၀ယ်ရသည်၊
အဲဒီဈေးသည်တွေထဲမှာ သဘောကောင်းသူလဲ ပါသည်၊ စေတနာဆိုးသူလဲပါသည်၊ ဒိန်ချဉ် ရောင်းတဲ့ ဈေးသည်တွေက နှစ်ယောက်ရှိသည်၊ တစ်ယောက် အရပ်ခပ်ပုပု၊ အသားညိုညိုလုံးလုံး မျက်နှာပေါက်ကျဉ်းကျဉ်းနဲ့ အသက် ခြောက်ဆယ်အရွယ် အဖွားတစ်ယောက်ဖြစ်ပြီး ကျန်တစ်ယောက် အသက်ငါးဆယ်အရွယ် အရပ်ခပ်ရှည်ရှည် မျက်နှာက ခပ်တင်းတင်း ဖြစ်သည်၊
အများအားဖြင့် ဒိန်ချဉ်ကို အဖွားဆီက ၀ယ်ဖြစ်နေတာများသည်၊ သူက ရူပီးတစ်ဆယ်ပေး လိုက်ရင် လ္ဘက်ရည်သောက် ဖန်ခွက်လေးနဲ့ နှစ်ခွက်ထက် ပိုပိုသာသာထည့်ပေးတတ်သည်၊ တစ်ခါ သူပေးလိုက်တဲ့ ဒိန်ချဉ်တွေက ပုရွက်ဆိတ်တွေပါနေတတ်သည်၊
တစ်ခါတစ်ခါ နောက်ကျသွားရင် သူဆိုင်လေးက လူကျတတ်တာမို့ ဒိန်ချဉ်ကို တစ်ခွက်စာပဲရတာများသည်၊ ထိုအခါ အဖွားက တမီလ်လို ဘာတွေပြောမှန်းမသိ၊ ကိုယ့်စိတ်ထဲဘာသာ ပြန်မိတာက ဒီနေ့တော့နဲ့ သွားတယ်၊ နောက်ရက်ဆို ဒီထက် များများ ထည့်ပေးမယ်နော် လူလေး၊ လို့ အလိုလို ဘာသာပြန်မိနေသည်၊
တစ်ခါတစ်ခါ မနက်ခင်း ကိုယ်က အိပ်ယာထနေမြင့်သွားလို့ လမ်းလျှောက်ထွက်တာ နောက်ကျသွားရင် အဖွားဆိုင်လေးက ဒိန်ချဉ်တွေက ကုန်နေတတ်သည်၊ ထိုအခါ သူအနောက်ဘက် အရပ်ရှည်ရှည် ဒိန်ချဉ်သည်ဆီမှာ ၀ယ်လိုက်ရသည်၊ သူက အဖွားလိုမဟုတ် ရူပီတစ်ဆယ်ဖိုးမှ တစ်ခွက်ပဲပေးသည်၊ ဆက်ဆံပုံဆက်ဆံနည်းကလဲ အဖွားနဲ့ကွာသည်၊ ခပ်တင်းခပ်း ဒိန်ချဉ်က လှမ်း မပေးရသေးခင် ငွေကို အရင်ဆုံး လှမ်းယူသည်၊
ဒီလိုတွေ ခနခနကြုံနေတော့ နောက်ပိုင်းတွင် ဒိန်ချဉ်ကို အဖွားဆီက ၀ယ်ဖြစ်နေတာများတော့သည်။ ပုရွက်ဆိတ်တွေပါပေမယ့် စေတနာက ဖြူနေသူမို့ ခွင့်လွှတ်ဖြစ်သည်၊ ကိုယ်က နောက်ကျလို့ အဖွားထည့်ပေးတဲ့ ဒိန်ချဉ်လေးတွေ နည်းနေပေမယ့် စေတနာက အပြည့်ဖြစ် နေတာမို့ နားလည်ကာခွင့်လွှတ်ဖြစ်သည်၊
အဖွားစိတ်သည် ဒိန်ချဉ်လို ဖွေးဖွေးဖြူနေတာ သိသည်၊ ကိုယ်အပါ အ၀င် လူတိုင်းလူတိုင်း စိတ်သည် ဒိန်ချဉ်လေးတွေလို ဖြူဖွေးနေမယ်ဆိုရင် -------------------
***************************************
ရွှေမန်းသား

Tuesday, 21 April 2015

ရုပ်နာမ်အစဉ်


×××××××××××××
ကမ္မဌာန စရိယ ဆရာတော်ဘုရားသည် စာကိုသေချာဖတ်၏၊ တစ်ခေါက်၊ နှစ်ခေါက် သုံးခေါက်၊
အစကနေအဆုံး အဆုံးက အစ၊ တစ်လုံးချင်း တစ်ပိုဒ်ချင်း ကွက်ကွက်ကွင်းကွင်းမြင်အောင် သူ့၏ စက္ခုနှစ်ကွင်းအား လင်းအားပိုမိုတောက်ပစေရန် ထောက်ပံ့ပေးထားသော ကျွဲကော်ကိုင်း ပါဝါ မျက်မှန်ကြီးအား ပင့်လိုက်မလိုက်ချလိုက် စာတွေကို ဖတ်လိုက် အင်း၊ အဲ၊ အင်း အင်း ၊ အဲအဲ နဲ့ သက်ပြင်းများ အကြိမ်ကြိမ်ချလျှက် ဆုံးဖြတ်ရခက်နေ၏၊
ဖြစ်ပုံက သင်္ကြန်တွင်း ဆယ်ရက်တရားစခန်းလာဝင်ကြသော ယောဂီကောင်လေးတစ် ယောက်နှင့် ယောဂီကောင်မလေးတစ်ယောက် ပေါင်းနှစ်ယောက်တို့၏ အမှုဖြစ်ချေ၏၊ ပုံမှန်တွင် အမျိုးသား ယောဂီများကို တရားထိုင်ရာ ဓမ္မာရုံကြီး အရှေ့ဘက်တွင် ထားပြီး၊ အမျိုးသမီးယောဂီများ တရားထိုင်ရာ ဓမ္မာရုံကြီး အနောက်ဘက်တွင် အဆောင်များဖြင့်ထားလေ၏၊
တရားထိုင်သောအခါ တရားနာသောအခါ၊ ဆွမ်းစားကျောင်းမှာ ဆွမ်းစားသောအချိန်တွင်သာ အတူတကွ တွေ့မြင်ကြရလေ၏၊ သို့ကလို ရှိလရကား ဘယ်က ဘယ်လို စာပေးခြင်းအမှု ပြုစုဆောင် ရွက်ဖို့ အခွင်အလမ်းကား ဘယ်နေရာမှာ အကြွမ်းတ၀င်ဖြစ်လေရသနည်း၊
ကမ္မဌာနဆရာတော်ဘုရားကြီး တွေးရကြပ်လှချေ၏၊
“ဟဲ့ ဒီရည်းစား စာက ဘယ်နားမှာ ပေးလိုက်တာလဲ”
ကမ္မဌာန ဆရာတော်ကြီးသည် ယောဂီဒကာမလေးထံ စိုက်စိုက်ကြည့်ပြီး သကာလ မေးချလိုက်လေ၏၊
“မှန် မှန် လှပါဘုရား၊ မနက်အာရုဏ်ဆွမ်းစားအပြီး ရေနွေးခပ်တဲ့ နေရာမှာ ပေးလိုက်တာပါ ဘုရား၊”
“ဟေ-----------၊ ဆရာတော်ကြီးသည် သံရှည်ဆွဲလျှက်၊ အင်း ၊ အင်း၊ တစ်လုံးချင်း အင်းတွေချလျှက်၊”
“ဟဲ့ ဒကာ မင်းက ဘာလို့ပေးရတာလဲ၊ တရားထိုင်နေချိန် ဒီလို လုပ်ရသလား၊”
ကမ္မဌာနဆရာတော်ကြီးသည် ယောဂီဒကာလေးဘက် လှည့်ကာ မာန်သလိုလိုနဲ့ မိန့်ပြန်၏၊
“မှန်လှပါ မှန်လှပါ ဘုရား၊ ဒါက ရည်းစားစာ မဟုတ်ပါဘူး ဘုရား၊ တရားစာပါ ဘုရား၊”
“အရှင်ဘုရား၊ မယုံရင် သေချာ ဖတ်ကြည့်ပါ ဘုရား၊”
ယောဂီဒကာလေး သည် ၊ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာသလို ကာနေပြန်သည်၊
သို့ကလို ယောဂီဒကာလေး လျှောက်ထားသမို့
ကမ္မဌာန ဘုန်းတော်ကြီးသည်လဲ အထက်က ပြောခဲ့သလို စာကို အထက်ကအောက် အောက် အထက် တလစပ် ဖတ်သော်လဲ အမှုကား အပြစ်ပေးရခက် ၊ မပေးရခက် ဖြစ်နေချေ၏၊
ယောဂီဒကာလေး ရေးပေးထားသော စာလွှာကလဲ ကြည့်ချေဦးလေ၊
“ကြည်သာရယ်၊ …….
သွားချင်တာက နာမ်၊ သွားနေဟန်က ရုပ်၊ ရီချင်ဟန်က နာမ်၊ ရီနေတာက ရုပ်၊ သူမဟုတ် ငါမဟုတ်၊ ဘာပဲ လုပ်လုပ် နာမ်နဲ့ ရုပ်ပါကွယ်၊
ဒါကြောင့် မင်းရဲ့ ရုပ်နာမ်အစဉ်မှာ ကိုယ့်ရဲ့ နှလုံးသားလေးကို မြှုပ်နှံပါရစေနော်၊”
ရုပ်နာမ်ကို အဟုတ်အမှန် ချစ်မြတ်နိုးတတ်တဲ့
“ကိုယ်၊”
***********************

Monday, 20 April 2015

ဘ၀ရဲ့ အပူအပိုင်းအစများ


***************************
အိမ်မက်တိုင်းကို အငွေ့မပျံဖို့ စိတ်ကူးကြည့်သည်
သို့သော် ထိုစိတ်ကူးများ ကိုယ်တိုင်က
အငွေ့အဖြစ် လွှင့်တက်ပျံသွားမြဲ
ဘ၀သည်လဲ
တည်ဆောက်ခြင်း ကံတရားတစ်ခု၏ ပုံဖော်မှုတွင် အကြုံးဝင်၍
တောက်လောင်နေရခြင်းဖြစ်ချေသည်
အမှန်က ကျွန်ုပ်တို့ကိုယ်တိုင်က လောင်စားများဖြစ်နေသည်
ကိုယ်တိုင်လဲ ရှို့ကြည့်ဖူးသည်
သူတစ်ပါး ရှို့တာလဲ ခံရဖူးသည်
ကိုယ်တိုင် ကိုယ့်ကိုယ်ကို ရှို့ကြည့်တော့
မပူသယောင် အပူကောင်ကို သရုပ်ဆောင်ကာ အေးအေးဆေးဆေး နွေးနွေးထွေးထွေး
သူတစ်ပါးက ကိုယ့်ကိုယ်လာရှို့တော့
စွေ့စွေ့ခုန် ယူကြုံးမရ အပူလုံးကြွ
ဘ၀သည် ပကာသနတွေနဲ့လေ လောင်ကြသည်
ထာဝရ ဆိုတာတွေနဲ့လဲ လောင်ကြသည်
တစ်ခနဆိုတာတွေနဲ့လဲ လောင်ကြသည်
အမှောင်ညနေများစွာနဲ့လဲ လောင်ကြသည်
သန်ခေါင်ထက် ညဥ့်မနက်တော့ပါဘူးဆိုသော
အတွေးများနဲ့လဲ လောင်ကြသည်
ဘေးစကားတွေနဲ့လဲ လောင်ကြသည်
တောင်မကျ မြောက်မရောက်
တောက်လျှောက်လောင်လောင် လာနေပြီ
လောင်ရင်းနဲ့ မှောင်
မှောင်ရင်းနဲ့ မိုးချုပ်
ခပ်သုတ်သုတ် ခရီးနှင်
ဘာဆို ဘာမှ မပြင်ဆင်လိုက်ရပါပဲ
မိုးက စုန်းစုန်းချုပ်ခဲ့ပြီ
လောင်ရင်းနဲ့ အလင်းမရ ဘ၀က တစ်ခန်းရပ်ခဲ့ပြီ
အဲဒီတော့မှ နောင်တတွေနဲ့ ထပ်လောင်နေဦးမယ် ဆိုရင်။
********************
ရွှေမန်းသား

Sunday, 5 April 2015

Ph.D ဘုန်းဘုန်းနဲ့ အိမ်မှုကိစ္စ


*****************
“တူ တူ တူ”
“Hello , bro I want to Gas, please deliver to my hostel”
“Ok ok , I am comming.”
ဒီလိုနဲ တစ်ရက်လဲပေါ်မလာ နှစ်ရက်လဲပေါ်မလာ၊
ထမင်း ဟင်းချက်ဖို့ ဂတ်စ်လာပို့မယ့် ဂတ်စ်သမားကို စောင့်ရတာ လည်ပင်းလဲ ညောင်ရေအိုးကို ဖြစ်လို့၊
ဒီကြားထဲ နွေအခါ နေကတော်တော်ပူတော့၊ ရေသန့်ဘူးတွေလဲ ဟောတစ်ပုံး ဟောတစ်ပုံးနဲ့ အခွံတွေ ချည်းဖြစ်နေတာများလာတယ်၊
ဒါနဲ့ ရေသမားတွေဆီဖုန်းရပြန်ရော၊
သူတို့ကလဲ အိုကေ အိုကေ ၊ လာပြီ၊ လာပြီနဲ့
တစ်ရက်လဲမလာ နှစ်ရက်လဲမလာ၊ သောက်ရေပြတ်လာလို့ အနီးအနားက ဈေးဆိုင်လေးတွေဆီက ရေကို ပြေးသယ်ထားရတယ်။ ဈေးဆိုင်လေးတွေကလဲ သူတို့ဆီက ယူနေကြမဟုတ်ရင် မရောင်းချင်ဘူး၊ အင်တင်တင်ရယ်၊
--------------
“ဒေါက်ဒေါက် ဟလို အင်္ကုရ”
“တံခါးခေါက်သံကြားရတယ် ဘယ်သူလဲမသိ”
အတူတူနေတဲ့ သူငယ်ချင်းက ပတ်စ်ပို့ သက်တမ်းတိုးဖို့ မြန်မာပြည်ပြန်သွားတော့ တစ်ယောက်တည်း အခန်းအောင်းနေရတာ၊ သူစိမ်းတွေတက်လာမှာစိုးလို့ အခန်းအပေါက်ကို အမြဲပိတ်ထားဖြစ်တယ်၊
ပိတ်ထားတဲ့ တံခါးဖွင့်ပေးလိုက်တော့ ၊ အဆောင်ပိုင်ရှင်ဖြစ်နေတယ်၊
သူက လကုန်ပြီးလို့ လေးရက်နေ့ရောက်တိုင်း အဆောင်လခလာတောင်းနေကြ၊ ဒါကြောင့် သူမူအတိုင်း
“အကုၤရ အေဆာင္လခေပးပါ၊”
“အေးအေးရော့ရော့၊”
“မေ့လို့ အကုင်္ရ ဒီလရေမီတာကြေးနဲ့ လျှပ်စစ်မီတာကြေးက ဈေးတက်သွားပြီ၊ အဲဒါ အရင်လလို ရူပီိနှစ်ရာမရတော့ဘူးနော် ငါ့ကို လေးရာပေးရမယ်၊”
“ဟာ မင်းဟာ ဟုတ်လို့လားကွာ၊”
“ဟုတ်ပါတယ် မင်းမယုံရင် ဒီမှာဘေစာရွက်တွေကြည့်လေ၊”
“ယူကြည့်လိုက်တော့ ဟိုက် ဟုတ်နေပါလား၊”
*****************
ဘာလို့မှန်း မသိဘူး ဒီလိုတွေကြုံတိုင်း အမေ့ကို ပြေးသတိရမိတယ်၊
ငယ်ငယ်ကဆို အမေဆီပြေးသွားပြီး
"အမေ့ ကိုရင် လူထွက်ချင်လို့"
"ဘာလို့ ထွက်မှာလဲ ငါ့သားရယ် လူ့ဘ၀က ဒုက္ခတွေများပါတယ်၊"
"သင်္ကန်းဝတ်နဲ့ အေးအေးဆေးဆေးနေပါ၊"
"ဟုတ် ဟုတ်ကဲ့ အမေ၊"
……..
အင်း အမေ့ဆီ ဖုန်းဆက်ပြီး နိုင်ငံခြားမှာနေရတာတွေ ရင်ဖွင့်ဦးမှ
“တူတူ တူ တူ”
“လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်မှာ လက်ရှိအချိန်တွင် မအားသေးပါသဖြင့် ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လည် ခေါ်ဆိုပါရှင်”
*******************************************
သစ္စာမိုးဝေ

Friday, 3 April 2015

မျှော်လင့်ခြင်း မိုး


****************
တသိမ့်သိမ့် တိုက်ခတ်လာသော
လေပြေညှင်းသည်
လေညှို့ကိုခွင်းသလို
အလုံးအရင်းနဲ့ အနောက်တောင်ဆီမှ
ခပ်ဖြင်းဖြင်း ခရီးပြင်းနှင်လာသောအခါ
အရွာမကြာ အနယ်ထိုင်နေပါသော
မိုးတိမ်တစ်အုပ် ရုတ်တရက်
ရွာချလိုက်လေသည်

ထိုအခါ
ချစ်ခြင်းတရားသည်
ကျွန်တော်ခေါင်းပေါ်မှာ
စွတ်စွတ်စိုစိုသွားခဲ့ပြီ
ဘယ်သောအခါမှ
မတီးခတ်မိလေသော
တယောသံသည်
သာယာနာပျော်ဖွယ် တေးသံသစ်ကို
ဖွင့်လှစ်ရစ်လေပြီ
နံက်ခင်းသည် သာယာသလို
နေ့လည်ခင်းသည်လည်း လှနေပြန်သည်
ထိုအခါ ကျွန်တော့်ညနေတိုင်းသည်
မိုးချုပ်မှာကို အလိုလို
စိုးရွံ့တတ်လာပြီ။ ။
××××××××××××××××××××
သစ္စာမိုးဝေ
( ကဗျာတွေ မရေးတော့ဘူးလား မေးလာကြတဲ့ ကဗျာချစ်သူ သူငယ်ချင်းများ အတွက်)

Thursday, 19 March 2015

အမေကျွေးခဲ့တဲ့ မြေပဲယို


××××××××××××××××
“ကိုရင် ညစား စားမလား”
အိမ်ပေါက်ဝကို ၀င်ဝင်ချင်း အဖေက ဆီးကြိုပြီ အတည်လိုလို စတာလိုလိုနဲ့ စကားစသည်၊
“အင်း ဘာဟင်းလဲ အဖေ”
“ကြက်သားဟင်း ကိုရင် ဒီနေ့ ဟင်းကောင်းတယ် "

“တော် ပေါက်ပေါက် ရှာရှာ မစားရပါဘူး တော်”
အဖေက ညစာ စားဖို့ခေါ်တာကို အမေက ပြင်းပြင်းထန်ထန် ၀င်ကန့်ကွက်သည်၊
“ကိုရင်ဆိုတာ ယဉ်ယဉ်ကျေးကျေးနေရတယ် ကိုရင်၊ သာသနာ့ဘောင်နေတုန်း လိမ်လိမ် မာမာနေ စာကြိုးစား၊” “ရော့ ဒီမှာ ကိုရင်အတွက် မကျီးဖျော်ရည်ဖျော်ထားတယ်၊ ဒါလေးသောက်လိုက်
အဲဒါက ၀မ်းကောင်းတယ်၊ ကျန်းမာရေးနဲ့ညီတယ်၊ နွေခါ ခန္ဒာကိုယ်အေးတာပေါ့၊”
အမေသည် ပြောပြောဆိုဆို ညတိုင်းကပ်နေကြ ငါးကြင်းခွက်နဲ့ အပြည့်ဖျော်ထားသော မကျည်းဖျော် ခွက်ကြီးကို ရှေ့တည့်တည့်မှာ လာချပေးသည်၊
နေ့တိုင်း ညတိုင်း ဒီမကျည်းဖျော်ရည်ချည်းသောက်လာရတော့ မသောက်ချင်တော့၊ တစ်ချက် တစ်ချက် မီးဖိုဆောင်ထဲက ကြက်သားဟင်းအနံ့က နှာခေါင်းဝမှာ လာလာပြီး ကလူ၏သို့ မြူ၏သို့ ၊
“တော်ပြီဗျာ၊ ဒီနေ့ မကျည်းဖျော်မသောက်တော့ဘူး”
“ဘာဖြစ်လို့လဲ ကိုရင် ၊ ဗိုက်မဆာလို့ အမေ။”
အဲဒီလို ပြန်ပြောလိုက်တော့ အမေစိတ်မကောင်းဘူးထင်သည်၊ မျက်နှာနဲနဲ ညှိုးကျသွားသည်၊
“ကျောင်းပြန်တော့မယ် အမေ၊”
“ ဒီနေ့ည တယ်မြန်နေပါလား ကိုရင် ။ နေပါဦး ခန၊”
“ တော်ပြီဗျာ မနေတော့ဘူး ကျောင်းပြန်ရောက်တာ နောက်ကျရင် ဘုန်းကြီး ရိုက်လိမ့်မယ်”
“ရော့ရော့ နေ့လည်က မိဖဲတို့ ဈေးလာရောင်းလို့ မြေပဲယိုလေးတွေ ၀ယ်ထားလိုက်တယ်၊”
“အာ ဒါက ညမှာ စားလို့မှ မရတာဗျာ၊ မယူတော့ပါဘူး ၊”
“အော် ကိုရင်ကလဲ ညမှာစားမရရင် မနက်ကျတော့ စားပေါ့ ကိုရင်ရဲ့ ရော့ရော့ ယူသွားလိုက်နော်”
“ဟုတ်၊”
ဟုတ်လို့ တစ်လုံးတည်း တိုတိုတုတ်တုတ် စိတ်ပေါက်ပေါက်နဲ့ ပြောပြီး အမေပေးလိုက်တဲ့ မြေပဲယိုးထုတ်ကို အမေ့လက်ထဲက ဖျတ်ကနဲ့ ယူခဲလိုက်သည်၊ ပြီးတော့ ကျောင်းဘက်ကို ခြေဦးလှည့်ပြန်ခဲ့သည်၊
လမ်းတစ်ဝက်ရောက်တော့ ဗိုက်ထဲက တဂျုတ်ဂျုတ်နဲ့၊ အဖေကကြေငြာပြီး စားခွင့်မရခဲ့ရတဲ့ ကြက်သား ဟင်းအနံ့က အခုထက်တိုင် လှိုင်နေသလိုလို၊
ကဲကွာ မထူးတော့ပါဘူး၊ ပါလာတဲ့ မြေပဲယိုထုတ်ကို ဖေါက်ပြီး တစ်ဂျောက်ဂျောက် ၀ါးပစ်လိုက်သည်၊
အင်း အခုမှ ဗိုက်က နေသာထိုင်သာ ရှိသွားသည်၊
ပူနေသော ၀မ်းမီးက အလိုလိုငြိမ်ကျသွားသည်၊ အမေအပေါ် ထွက်နေသော ဒေါသကလဲ အလိုလိုနေရင် ပြေပျောက်သွားသည်၊
အော် အမေက ဒါကြောင့် မြေပဲယိုထုတ်လေးတွေ ပေးလိုက်တာပါလားလို့၊ အမေ့စေတနာကို ထင်ထင်ရှားရှား ဘွားကနဲ့ တွေ့မြင်လိုက်ရသည်၊
အဲဒီနေ့ကစပြီး အမေသည်၊ ညစဉ်ညတိုင်း သူအိမ်ကနေ ကျောင်းကို ပြန်တိုင်း မြေပဲယိုထုတ် လေးတွေကို တခုတ်တရ ပေးလိုက်မြဲဖြစ်သည်၊
သူကလဲ အဲဒီအချိန်ကစ ညစဉ်ညတိုင်း အလုပ်တစ်ခုပိုလာသည်၊ အမေပေးလိုက်တဲ့ မြေပဲယို ထုတ်လေးတွေကို စားဖြစ်လိုက်၊ ကျောင်းက ဦးဇင်းကြီး ဦးအာလောဆီမှာ သီလပြန်ခံလိုက်နဲ့ သံသရာ ကိုလည်လို့၊
အဲဒီလိုလည်နေတဲ့ သံသရာထဲကနေ အမေနဲ့ အဖေကတော့ တစ်ခန်းရပ်သွားတာ အခုဆိုရင် ဆယ်စုနှစ် တစ်ခုကျော်ခဲ့ပြီ၊
ဒါပေမယ့် အမေကျွေးခဲ့တဲ့ မြေပဲယိုထုတ်လေးတွေသည် ယနေ့အထိ အရာသာရှိနေဆဲ၊ ရနံ့ သင်းနေဆဲပါပဲ။ ။
××××××××××××××××××××××-----
ရွှေမန်းသား အရှင်အကုင်္ရ

Sunday, 15 March 2015

ဘုရားမှာ (၇) ရက် အဓိဌာန်ဝင်ရင် ဆုတောင်းပြည့်ပါသလား


×××××××××××××××××××××××××××××××
မင်္ဂလာပါ ..တပည့်တော်မကို တစ်ခုမေးလျှောက်ခွင့်ပြုပါ.. တပည့်တော်မ ပုဂံသွားတုန်းက တချို့ဘုရားမှာ ရေးထားတာက အဲ့ မှာ (၇) ရက် အဓိဌာန်ဝင်ရင် ဆုတောင်းပြည့်တယ် ။တချို့ က ဆုတောင်းပြည့်ဘုရားစသည်ဖြင့်အများကြီးရှိပါတယ် ။တပည့်တော်မနားလည်သလောက်က အိမ်ကဘုရားဆင်းတုတော်အပါအ၀င်အကုန်လုံးက မြတ်စွာဘုရားကိုယ်စားထုလုပ်၊ ဆောက်လုပ်ကိုးကွယ်ထားတာတွေပါ။ ဘာလို့များတချို့ ဘုရားကမှ တန်ခိုးကြီးတယ် ဆုတောင်းပိုပြည့်တယ်ဆိုတာမျိုး ရှိနေတာပါလဲ ဘုရား။နောက်တစ်ခုက အိမ်ကဘုရားမှာဘဲ ဘုရားကို သက်ဝင်ယုံကြည့်ပြီးသေချာ အဓိဌာန်ဆုတောင်းရင်ရောမရဘူးလား ဘုရား။ ။
Gloria Haung
ဒကာမလေး မေးတဲ့ အမေးကို အဖြေပေးရရင်တော့၊ ဘုရားကို စေတီကကွယ်တယ်၊ ရုပ်တုက ကွယ်တယ်ဆိုတဲ့ စကားပုံလိုဖြစ်နေပါတယ်၊ မြတ်စွာဘုရားကိုယ်စားတော်အနေနဲ့ ထုလုပ်ပူဇော်ထား တဲ့ ဘယ်စေတီတော်၊ ဘယ်ရုပ်ပွားတော်မြတ်ပဲ ဖြစ်ဖြစ် ကိုးကွယ်ပူဇော်သူ တစ်ယောက်က သက် တော်ထင်ရှား မြတ်စွာ ဘုရားအလား စိတ်ထဲက မှတ်သားပြီး စေတနာအပြည့်နဲ့ ပူဇော်မယ် ဆိုရင်
အကျိုးပေးကလဲ သက်တော်ထင်ရှားမြတ်စွာဘုရားကို ပူဇော်သလိုရမှာပါ။
တစ်ခုရှိတာကတော့ ဒီဘုရားကတော့ ဆုတောင်းပြည့်ဘုရား၊ ဒီဘုရားကတော့ အဓိဌာန်အောင်တဲ့ ဘုရား စသည်စသည် ကဗျည်းထိုးထားရုံနဲ့တော့ ဆုတောင်းပြည့်ချင်တဲ့ စိတ်နဲ့၊ အဓိဌာန်အောင်ချင် တဲ့ စိတ်နဲ့ ဘုရားကို ကိုးကွယ်ရင်၊ ဆည်းကပ်ရင် ပူဇော်ရင် ဆုတောင်းလဲ ပြည့်မှာ မဟုတ်ပါဘူး၊ အဓိဌာန် လဲအောင်မှာ မဟုတ်ပါဘူး၊
ဘာဖြစ်လို့လဲဆိုရင် ထေရ၀ါဒ ဗုဒ္ဒဘာသာဆိုတာ ကိုယ်ကိုယ်တိုင် ကျင့်ကြံမှ ကိုယ်ကိုယ်တိုင် အားထုတ်မှ ရတဲ့ ၀ါဒဖြစ်လို့ပါ၊ မြတ်စွာဘုရားကလဲ အတ္တာဟိ အတ္တနော နာထော= ကိုယ့်ကိုယ်သာ ကိုးကွယ်အားထားရာလို့ ဟောကြားခဲ့လို့ပါ၊
တစ်ခါ တချို့ကြတော့ ဆုတောင်းပြည့်သွားတယ်၊ အဓိဌါန်အောင် သွားတယ်လို့ ထင်တာ မြင်တာဟာ တိုက်ဆိုက်မှုလို့ပြောရမှာ၊ ဒါမှမဟုတ် သူက တကယ်စေတနာစစ်စစ်နဲ့ ဘုရားကို သက်တော်ထင်ရှား မြတ်စွာဘုရားအလား စိတ်ထဲကနေ ယုံကြည်ကိုးကွယ်လို့ အကျိုးရတာလို့ ဖြေရင် ပိုမှန်ပါမယ်၊
တကယ်တော့ (၇) ရက်အဓိဌာန်အောင်မယ်၊ ဆုတောင်းပြည့်မယ်လို့ ဘုရားတွေမှာ ရေးထိုးထားတာ ဟာ ဘုရားလူကြီးတွေ ဂေါပကတွေက သူတို့ဘုရား လူစည်စေချင်လို့ တမင် ရေးထိုးထားတဲ့ စာတွေ လို့ ထင်မိပါတယ်၊
အမှန်ကတော့ ဘယ်ဘုရားပဲဖြစ်ဖြစ် ဘယ်ရုပ်ပွားတော်ပဲနေနေ ကိုယ့်ရင်ထဲက တကယ့်ကို သက်တော်ထင်ရှား မြတ်ဘုရား အလား ကြည်ညိုသဒ္ဒါပွားပြီး ယုံကြည်ကိုးကွယ်မယ်ဆိုရင် အကျိုးတရားကတော့ သက်တော်ထင်ရှား မြတ်စွာဘုရားကို ယုံကြည်ကိုးကွယ်သလို အကျိုးရမှာလို့ အဖြေပေးလိုက်ပါရစေ။ ။
×××××××××××××××××××
ရွှေမန်းသား အရှင်အကုင်္ရ

Saturday, 14 March 2015

လူဆိုတာ


ပုဇွန်ဆိတ်အတွေး


××××××××××××××××××
ဒီနေ့စနေနေ့မို့ ကျောင်းပိတ်တယ်၊ အေးအေးဆေးဆေးမို့ မနက်ခင်း လမ်းလျှောက်သွားရင်း ဖြတ်သွားနေကျ လမ်းဘေးက တစ်ဆိုင်တည်းသော ငါးဆိုင်လေးရှေ့ရပ်မိတယ်၊ ပုဇွန်ဆိတ်လေးတွေ တွေ့တာနဲ့ ၀ယ်လာခဲ့တယ်၊ အခွံတွေက မချွတ်ရသေးဘူး၊ သူက ဆိုင်မှာ အခွံချွတ်ခိုင်းရင် အခွံချွတ် ပေးခ အိန္ဒိယ ရူပီး တစ်ဆယ်လောက် ထပ်ပေးရတယ်။ ငါးဝယ်ရင်လဲ
ထိုနည်းလည်ကောင်းပဲ ငါးကို တုန်းပြီး တစ်ပြီး အကျည်းခွံတွေ ခွါပြီးဝယ်ရင် တဈေး မခုတ်ပဲ ကျည်ခွံမကျွတ်ပဲ ၀ယ်ရင်တဈေးပေးရ တယ်၊
အခု ၀ယ်လာမိတဲ့ ပုဇွန်က အိန္ဒိယရူပီ ငါးဆယ်ဖိုးရယ်။ အဆောာင်ပြန်ရောက်တော့ အခွံချွတ်ရ တာတော်တော်လက်ဝင်တယ်၊ အခွံချွတ်ရင်း ငယ်ငယ်က ကြားဖူးခဲ့တဲ့ “ပုဇွန်ချေးခေါင်းစု” ဆိုတဲ့
ပုံပြင် စကားကို လက်တွေ့မြင်တွေ့လိုက်ရတယ်။ အရင်ကတော့ ပုဇွန်ကို အရမ်းကြိုက်ပေမယ့်
သူများချက် ပြီးသားပဲ ဘုန်းပေးဖြစ်နေတာများပါတယ်။ အခု ကိုယ်တိုင်ကိုယ်ကျ ချက်စားရ ၊ ကိုယ်တိုင်ကိုယ်ကျ အစအဆုံး အခွံချွတ် ရေဆေးတာကို သဲတွေပြောင်းအောင် ငါးထပ်ခြောက်ထပ်လောက် ဆေးရတာ တွေ့ရမှ ပုဇွန်ချက်ရတာ မလွယ်ပါလားဆိုတာ
ကိုယ်တိုင် ကိုယ်ကျသိရတော့တယ်။ ချက်ပြီးလို့ ကိုယ့်လက်ကို ကိုယ်ပြန်နမ်း ကြည့်တော့ ပုဇွန်ညှီနံ့တွေက ဆပ်ပြာနဲ့ ဘယ်နှစ်ထပ် ဆေးဆေး မပြောင်ဘူးဖြစ်နေတယ်၊ ဒီလိုကိုယ်တိုင် မီးဖိုချောင်ဝင်ပြီး ချက်ရတော့မှ အမျိုးသမီးအိမ်ရှင် မကောင်းတစ်ယောက်ရဲ့ မီဖိုချောင်က အနုပညာကိုလဲ ထပ်တလဲလဲ ရင်ထဲ သဘောက်ပေါက်လာ သလိုပဲ၊ အမျိုးသမီးတွေဟာ သူတို့ပင်ကိုယ်ဓာတ်ခံက လှချင်ကြတယ်၊ အမြဲတမ်းသန့်သန့်ရှင်းရှင်း နေချင်ကြတယ်။
အမျိုးသမီးတစ်ယောက် မီးဖိုချောင်ကြီးထဲမှာ နေ့ဝဓူဝ နေ့စဉ်ရက်ဆက် ချက်ပြုတ်နေတာဟာ တော်တော်တန်တန်ဇွဲသတ္တိနဲ့ ရင်ဆိုင်နေတာ မဟုတ်ဘူးဆိုတာကိုလဲ မျက်စိထဲကွင်းကွင်းကွက်ကွက် နားလည်သဘောပေါက်လာမိတယ်၊
ဒါကြောင့် ပုဇွန်ချက်ကျွေးဖူးတဲ့ သူငယ်ချင်းတွေ၊ ဒကာ ဒကာမတွေကို မေတ္တာထပ်ပို့ဖြစ်တယ်၊ နွေပေါက်တော့ လေကပူပူ နေကပူပူနဲ့ မီးဖိုအပူနားကပ်ရတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး၊ ဒီအ ကြောင်းတွေ ကိုယ်တိုင်ကိုယ်ကျ
အခုလိုသိလာရတော့ စာသင်သားဘ၀တုန်းက တစ်ရက်လဲ မဟုတ် တစ်နှစ်လဲမက ထာဝရ ကြွနေတဲ့ အချိန်တိုင်း ဆွမ်းလောင်းခဲ့တဲ့ ရွှေမန်းက ဆွမ်းဒကာ ဒကာမတွေရဲ့ ကျေးဇူးကို အထူးသတိရနေမိတော့တာပဲ၊
ထပ်တွေးဖြစ်တာက ဓမ္မပဒထဲမှာတော့ “ပေါက်ပန်းဖက်ဟာ စံပါယ်ပန်းထုတ်ရင် စံပါယ်ပန်းရနံ့စွဲပြီး မွှေးကျန်ခဲ့မယ်၊ သားငါးထုတ်ရင် သားငါးအနံ့တွေ နံစော်ပြီး ကျန်ခဲ့မယ်”ဆိုတဲ့ အဆုံးအစ်မကိုလဲ လက်တွေ့မြင်သိလိုက် ရသလိုပဲ ဟင်းချက်ပြီးလို့ လက်ကလေးကို မွှေးကြည့်တိုင်း ပုဇွန်ညှီနံက သင်းနေတော့တာကိုး၊
တစ်ဆက်တည်း ဆက်တွေးဖြစ်သွားတာက “အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ၊ လူမိုက်ဆိုလျှင် ရှောင်သွေးလွှဲလို့ မမှီဝဲနှင့် ကင်းအောင်နေ၊ ပညာရှိကို အရှည်တွဲလို့ မှီဝဲဆည်းကပ် နည်ယူစေ”၊ ဆိုတဲ့ မင်္ဂလာတရားတော် အဆုံးအမကလဲ ခေါင်းထဲတန်းဝင်လာပါတယ်၊
ဘာကြောင့်လဲဆိုရင် မကောင်းတဲ့သူနဲ့ ပေါင်းရင် မကောင်းတဲ့ အနံ့တွေပဲရမယ်၊ ကောင်းတဲ့ သူနဲ့ ပေါင်းသင်းဆက်ဆံရင် ကောင်းတဲ့ ကျော်စောသတင်း ရနံ့သင်းသင်းတွေရမယ်ဆိုတာ အခု ပုဇွန်ကိုင်ထားတဲ့ လက်ကလေးက သက်သေပြနေလို့ပါ၊
နောက်ထပ် ဖြန့်တွေးကြည့်ဦးမယ်ဆိုရင် ပုဇွန်လို ရနံ့တွေ အခွံတွေက သင်နေတုန်း သင်ရတုန်း အခိုက် အတန့်မှာ နံစော်နေပေမယ့် အခွံသင်ပြီးလို့ ကြက်သွန်နီလေး ဆီသတ်ပြီး ပုဇွန်လေးတွေ အပေါ်က ထည့်လိုက် “ပုဇွန်အကွေး ငါးအနွေးဆိုရိုးနဲ့” အညီ ထည့်လိုက်တဲ့ ပုဇွန်လေးတွေ ကွေးကွေး ကောက်ကောက်လေးဖြစ်လာရင် ဟင်းအိုးချပြီး စားမယ်ဆိုရင် အရသာကောင်းတဲ့ ဟင်းတစ်ခွက် ဖြစ်တာ ကိုမြင်ရမှာပေါ့၊
ဒီလိုပါပဲ တစ်ချို့အရာတွေ တစ်ချို့သူတွေဟာ အပေါ်ယံအကာတွေဖယ်လိုက်ပြီး အတွင်းထဲ နိုက်နိုက်ရှိုင်းရှိုင်းပေါင်းကြည့်ရင် ကိုယ့်အပေါ်ကောင်းနေတတ်တဲ့ မိတ်ဆွေတွေလဲ တွေ့ရတတ်ပါလား ဆိုတာ အတွေးနယ်ချယ့်ဖြစ်ပြန်ရော၊
စာဖတ်သူများလဲ ပုဇွန်ဆိတ်လေးတွေ မြင်ပြီး ဘယ်လိုအတွေးများ ဆက်တွေနေဖြစ်ပါသလဲ ။ ။
×××××××××××××××××××
ရွှေမန်းသား အရှင်အင်္ကုရ

Thursday, 12 March 2015

ညဥ့်နက်လာပြီ


×××××××××××××××
သူငယ်ချင်းရေ အိမ်ပြန်ရအောင်
ညဥ့်နက်လာပြီ
သူငယ်ချင်းရေ ရှေ့ဆက်မရအောင်
ညဥ့်နက်လာပြီ
ညဥ့်ဟာ တစ်ဖြေးဖြေး
နက်သထက် နက်နက်လာပြီ

လထွက်ဖို့ စောင့်ခဲ့ရတဲ့
ရက်တွေကလဲ အသင်္ချေ
လမထွက်လို့ လွမ်းဆွေးခဲ့မိတာလဲ
ကမ္ဘာကမ္ဘေ
တို့တတွေကျောင်းဝင်းထဲမှာတင် ကမ္ဘာမကြေတာ မဟုတ်တော့ဘူး
လမ်းပေါ်မှာလဲ ကမ္ဘာမကြေ
ဘတ်(စ်)ကား မှတ်တိုင်မှာလဲ ကမ္ဘာမကြေ
မြို့ပြကြီးတွေမှာလဲ ကမ္ဘာမကြေ
တောကျေးလက်တွေမှာလဲ ကမ္ဘာမကြေ
ကမ္ဘာဟာ မကြေရင်း မကြေရင်းနဲ့
တို့ဘ၀တွေလဲ
ညတွေ ညတွေ ဆက်ကာ ဆက်လာနေ
နေလဲမမြင် လလဲမရှိ ကြယ်ဆိုတာ နတ္ထိ
အမှောင်အတိဘ၀တွေ
ဒီထက် ညဉ့်နက်ရအောင်
သန်းခေါင်းဟာ ထုတ်ချင်းပေါက်
တို့ခေါင်းပေါ်မှာရောက်ရောက်လာခဲ့ပေါ့
ဒီလိုပါပဲ တို့တွေ
ကမ္ဘာမကြေကို ဆက်လက်သီဆိုနေ
ဒီလိုမျှောင်လင့်ချက်များစွာနဲ့
တို့တတွေ
အာရုဏ်အလာကို စောင့်ကြိုဆဲ
အိုးးးးးးးးးးးးးးးးး ကမ္ဘာမြေ
မြန်မြန် လင်းလက်ပါစေ ။ ။
++++++++++++++==
သစ္စာမိုးဝေ

Monday, 23 February 2015

နွေမက်စေ့




+++++++++++++++++
နွေသည် ရုတ်တရက်
လေရူးနဲ့အတူ
ကျွန်တော်ခေါင်းပေါ်မှာ ထိုးကျလာသောအခါ
အလွမ်းသည်
ရင်ဘတ်ထဲမှ
ညင်ညင်သာသာ ထခုန်ကလေသည်
ကျွန်တော်ပုထုဇဉ်ဖြစ်ကြောင်းလက်မှတ်တစ်ခုကို
အချစ်က ချောင်ချိုချောင်ကြားက
လှောင်လှောင်ပြောင်ပြောင်
ရယ်သံဖြင့် ဟားတိုက်လေပြီ
ရွက်ဝါတွေကြွေလေပြီ
နေသည် အရှိန်တောက်တောက်အောက်
ခမောက်မဆောင်းမိသော နှလုံးသားလေးခမျာ
အပူရှပ်မှာ စိုးရိမ်ရ၏
ဘာပဲဖြစ်ဖြစ် ပန်းတွေမြိုင်မြိုင်ဆိုင်ဆိုင်ပွင့်ကြတော့မည်
ဥသြငှက်တို့ တေးဆိုတော့မည်
ပိတောက်ရွှေဝါတို့ ရာသီအညီ
ရွှေရည်သန်းတော့မည်
အလွမ်းကို မထုပ်ပိုးထားသောသူတွေအတွက်
နွေသည် လွမ်းစရာကောင်းနေပေလိမ့်မည်။ ။
×××××××××××××××××××
သစ္စာမိုးဝေ