Wednesday, 31 December 2014

နှစ်သစ်မှာ ပျော်စရာပန်းများ ပွင့်စေသား


အလွမ်း
သတိတရနဲ့ စိုက်ပျိုးစရာမလိုဘူး
အလိုလို ပွင့်တဲ့ ပန်း
ခမ်းခမ်းနားနား ဖြစ်ဖို့ဆိုတာက
အထားအသိုတတ်ဖို့တော့ လိုတာပေါ့

သူငယ်ချင်းကတော့
မင်းဒိုင်ယာရီကြီး ရိုက်ချိုးပစ်လိုက်တော့တဲ့
ချစ်သူလဲ ပါနေတော့
ကိုယ့်ဒိုင်ယာရီက သိမ်းထားသင့်တဲ့
အမှတ်တရတွေထဲက အမှတ်ရတစ်ခု
မုန်းခြင်းတရားသက်သက်နဲ့
ရေးမှတ်ခဲ့ရင်တော့
မီးရှို့ချင်ရှို့မိမှာပေါ့
တစ်ခါတရံ ကိုယ်ရှို့တဲ့ မီးတောက်က ကိုယ်ကိုယ်တိုင်လဲ
ပြန်လောင်တတ်တယ်မဟုတ်လား
ခင်များကော သိသိကြီးနဲ့ အလွမ်းတွေကို ထုတ်ပိုးနေတာပဲ မဟုတ်လား
မီးကတော့ မရှို့လဲ ရင်ထဲမှာလောင်နေတာပဲ
တရားရဖို့ မပြောနဲ့ တရားကျဖို့ကိုက တော်တော်ခက်ခဲ
နက်နက်နဲနဲတွေ မပြောကြေးဗျာ
ကုန်လွန်သွားတဲ့ နှစ်ဟောင်းတွေ ခ၀ါချလိုက်ပါ
နှစ်သစ်မှာ အလွမ်းအစား ပန်းတွေဝေေ၀ဆာဆာ
ဖူးပွင့်ကြကြေးပေါ့ ။ ။
သစ္စာမိုးဝေ

Saturday, 27 December 2014

၂၀၁၄ ကိုငဲ့ကြည့်ခြင်း


ရန်သူရှိ မိတ်ဆွေရှိ
တကယ့်တကယ် သူငယ်ချင်းဆိုတာ
လက်ချိုးရေတွက်မယ်ဆိုရင်
လက်တစ်ဖက်သာသာ
ရီစရာရှိ ငိုစရာရှိ
ချစ်သူရှိ မုန်းသူရှိ
ပြုံးစရာအတိ မဲ့စရာအတိ
မကတိပုထုဇဉ်
သံယောဇဉ်စစ်စစ်တွေ သိုလောင်ထားမိ
ခဏတာ လာရောက်နားခိုတဲ့
ငှက်ကလေးတွေကို အစာကြွေးဖူးပြီ
အမြဲတမ်းစိမ်းလန်းမယ့် သစ်တောတွေကို
စိုက်ပျိုးဖူးပြီ
ကိုယ်ရွတ်တဲ့ မေတ္တာသုတ်က ကိုယ့်အခန်းထဲမှာ အပြင်သိပ်မရောက်
တစ်ခါတစ်ခါ အမှန်တရားသည်
တံခါးခေါက်ဖို့ နောက်ကျတတ်တာကို နားမလည်ခဲ့
ဓါးသွားထက်က ပျားရည်တွေကို မက်မောဖူးရဲ့
ဘ၀မှာ စေတနာစစ်စစ်နဲ့ ပါရမီဖြည့်တဲ့
ကူဖော်လောင်ဖက်ဆိုတာ
မြေကြီးရယ် မြစ်ချောင်းရယ်ကောင်းကင်ရယ်
အဖေရယ် အမေရယ် ညီမလေးရယ်
ဝေးကွာခြင်းအရပ်က ကမ်းလက်တွေရယ်
ဘာပဲဖြစ်ဖြစ် အားလုံးကို ကျေးဇူးတင်တယ်
ကျွန်တော်အသက်ရှင်နေရတာကိုလဲ ထပ်ပြီးကျေးဇူးတင်တယ်
ကျွန်တော် အသက်ရှင်နေသလို
တခြားအသက်တွေ ဆက်လက် အသက်ရှင်ဖို့
တတ်နိုင်သလောက် ကြိုးစားရဦးမယ်။ ။
သစ္စာမိုးဝေ
( ဘ၀မှာ အားပါအောင် ပါရမီကူညီဝိုင်းဖြည့်ပေးကြတဲ့ ချစ်ခင်ကြရတဲ့ သူများအားလုံးကို ဒီကဗျာနဲ့ ဂုဏ်ပြုပါတယ်၊)

Thursday, 25 December 2014

အရိပ်ကောက်ကြောင်း

ရွေ့လျှားခြင်းသည်
တိတ်တဆိတ်ထွက်ခွါလို့
ခြေသံလုံလုံ
သက်ငြိမ်ကဗျာတစ်ပုဒ်ပမာ

လားရာတွေမတူကြတော့မှ
ဘ၀ကမခြားလဲ
တို့တစ်တွေခြားခဲ့ပြီပဲ
နာရီ ရာသီ နေရာ ကမ္ဘာ
ပြဿနာတိုင်းမှာ အဖြေရှိတယ်
တို့ရဲ့ပြဿနာမှာ
အဖြေခုထိရှာမတွေ့သေးဘူး

မေ့မရသေးဘူး ဆိုတာထက်
မေ့ဖို့ကြိုးစားနေတာက
အသက်ရှင်မှုတစ်ခုပမာ

ခက်လိုက်တာ ကမ္ဘာကြီးရယ် ကိုယ်ရယ်
လည်ပြီးရင်း ချာချာလည်။ ။

သစ္စာမိုးဝေ

ဘုန်းဘုန်းနဲ့ ခစ္စရမတ်


သူခရစ္စမတ်ကို စသိတာ မုံရွာမြို့မှာနေတုန်းက ဖြစ်သည်၊ သူတို့နေသော စာသင်တိုက် နဲ့နီတဲ့ မုံရွာရာပြည့်ကွင်းထဲတွင် ခရစ္စမတ်အချိန်ဆို ခရစ္စမတ်ပွဲတွေလုပ်လေ့လုပ်ထရှိသည်၊ ငယ်ရွယ်သူတို့ သဘာဝ ခရစ္စမတ်ပွဲကို သွားငေးဖြစ်ခဲ့သည်၊ သူတို့နဲ့ အတူပါသော သူငယ်ချင်း တစ်ပါးက လွိုင်ကော် ဒီမိုမောဆို မြို့လေးကဖြစ်ပြီး ခရစ္စယန်ဘာသာမှ ဗုဒ္ဒဘာ သာကူးပြောင်းကာ ရဟန်းပြုလာသော သူဖြစ်သည်၊

သူကရှေ့ဆုံးမှ ဒိုင်ခံကာ ငါးမိနစ်ခန့်တရားဟောပါရစေဆိုသော ခရစ္စယန်သာသနာပြု ဆရာဆရာမများနဲ့ ဘာသာရေး ဆွေးနွေးးဖြစ်ခဲ့သည်၊ မုံရွာစာသင်တိုက်ကနေ မန္တလေး မစိုး ရိမ်တိုက်သစ်ရောက်တော့ ခရစ္စမတ်က သူနဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပြန်သည်၊
မစိုးရိမ်တိုက်နေစဉ် စာရေးဝါသနာပါသော ပိုးကြောင့် ရယ်စရာမဂ်ဂဇင်းတွင် ကဗျာတွေ ထည့်ဖြစ်တော့ စာပေမိတ်ဆွေတွေ pen friend တွေနဲ့ စတင်သိကြွမ်းရသည်၊ သိကြွမ်းရတဲ့ မိတ်ဆွေတွေထဲတွင် ထူးထူးခြားခြား ခရစ္စယာန်ဘာသာများပါလာကြသည်၊ မြစ်ကြီးနားက မကိုင်ရာ၊ ကလောမြို့လေးက ကဗျာဆရာမလေး ၀သန်အောင်သွင်တို့ကို ထူးထူးခြားခြား မှတ် မိနေသည်၊

မြစ်ကြီးနားက မကိုင်ရာက ခရစ္စမတ်ရောက်တိုင်း ခရစ္စမတ်ကဒ်လေးတွေ ပို့လေ့ရှိသည် ဒါကြောင့်

မန္တလေးရောက်တော့လဲ ခရစ္စမတ်သည် သူနဲ့ အကြောင်းပါလာပြန်သည်၊ နောက်ပိုင်းတွင် မကိုင်က စင်္ကာပူမှာ အလုပ်သွားလုပ်ရင်း ဗုဒ်ဓဘာသာ ဒကာလေးနဲ့ အကြောင်းပါသွားသည်၊ သိခဲ့ဖူးသော မိတ်ဆွေများသည် ခရစ္စယာန်ဆိုပေမယ့် မောင်ရင်းနှမပမာ အခင်အမင်များစွာဖြစ်ခဲ့ရ သည်။ တစ်ဦးအပေါ်တစ်ဦး ကူညီရိုင်းပင်းရင်း မိတ်ရင်းဆွေစစ်ဖြစ်ခဲ့ရသည်။
သူဘ၀မှာ ခရစ္စယာန်တို့နဲ့သာ မဟုတ်သေး အစ္စလာန်ဘာသာ မိတ်ဆွေများနဲ့လဲ ခင်မင်မှုဖြစ်ခွင့်ရခဲ့သေးသည်၊ ထိုမိတ်ဆွေများကလဲ ထိုနည်းနှင်နှင် အခင်အမင်မပျက် မိတ်ရင်း ဆွေပမာ တစ်ဦးနဲ့ တစ်ဦး ကိုင်းကျွန်းမှ ကျွန်းကိုင်းမှီ ဖြစ်ကြရသည်၊

တကယ်တော့ ခရစ္စမတ်သည် မိတ်ဆွေသူငယ်ချင်းများ တစ်ဦးအပေါ် တစ်ဦး မေတ္တာ ရည်လူးသော ပွဲတော်တစ်ခု ဖြစ်သည်၊ တစ်ယောက်နဲ့
တစ်ယောက် မေတ္တာလက်ဆောင် ပေးကမ်းကာ မေတ္တာသရုပ်ကို ဖော်ထုတ်သော ပွဲတော်တစ်ခုဆိုလျှင် မှာမည်မထင်၊

သူသည် ခရစ္စမတ်နေ့မှာ ခရစ္စမတ်ဆုဆောင်းစာများ ခရစ္စမတ်သစ်ပင်များကို ကြည့်ကာ ယနေ့ကြရောက်သော ခရစ္စမတ်ပွဲတော်မှသည် ဘာသာမရွေ လူမျိုးမရွေး အေးဆေးသော မေတ္တာရိပ်မှာ မှေးမှိတ်ကာ ပျော်ရွှင်နိုင်ဖို့ ဆုတောင်းမိနေသည်။ ။

ရွှေမန်းသား အရှင်အကုင်္ရ

Tuesday, 23 December 2014

နှစ်သစ်ဆုတောင်း


အကြောက်တရားထဲမှာ
တောက်ခနဲ့ ခေါက်သွားတဲ့
မကျေနပ်ချက်တွေ လွန်ပါစေ
အကြောက်တရားအောက်မှာ
ပေါက်ခနဲ့ ကျသွားတဲ့
မျက်ရည်တွေ သက်သေနှင့်တကွ
ခမ်းခြောက်ပါစေ
အကြောက်တရားကြားမှာ
မဖေါက်ပြားသော
သစ္စာတရားတွေ ဝေပါစေ
ယနေ့ကစ ထာဝရတစ်သက်လုံး တို့ရွှေပြည်ကြီးမှာ
တောက် တောက် တောက်
အုံးမောင်းခေါက်သံတို့ဝေစီ
ရွာစဉ်ဆက်ဆီမှာ သာသနာအလင်းပွင့်
မြို့ပြကြီးဆီထိ လက်ဆင့်ကမ်း
ကမ္ဘာတစ်ဝှမ်းပါ ရွှေဝါရောင် လွှမ်းပါစေ
ပေါက်ပေါက် တစ်ပေါက်ပေါက်ကျ
စမ်းရေတို့အေးမြ မြစ်ချောင်းတို့
သွင်သွင်းစီး
တို့ရွှေပြည်ကြီးမှာ အေးချမ်းသာယာ
များသူငါ ညီတူညီမျှ ကြွယ်ဝကြပါစေ
မဖောက်မပြား တရားအသိ သစ္စာရှိကြ
သတိမဝေး ပေးလှူမပြတ်
အရပ်တကာ နယ်တကာ
သာသာယာယာ ဘယာမရှိ
ကတိရိုးသား တို့လူများ
မဂ်လမ်းရွယ်ရည်
နိဗာန်ဆီ ဂွမ်းဆီထိလို့ ရောက်စေသား
ယခုနှစ်သစ် အစပြုလှစ်ကာ
ချစ်ဖွယ်စကားနဲ့ ဆုတောင်းပါးလိုက်သည်
အားလုံး ကြားကြား သမျှ
အမျှ အမျှ အမျှ
ကိုယ်စိတ်ကြည်ဖြူ များထိုလူ
ရွှင်ဖြူထပ်တူရပါစေ
တောက်သံလဲချို အငိုလဲငြိမ်း ခပ်သိမ်းသူ သစ္စာယူ
မျှတူထပ်မျှ ရပါစေ။
ရွှေမန်းသား အရှင်အကုင်္ရ

Tuesday, 16 December 2014

အိန္ဒိယဒေါက်တာ ခရီးလမ်း ခပ်ကြမ်းကြမ်း (၁) အိန္ဒိယက ရဲစတေး


အိန္ဒိယကို ဒေါက်တာဂျွိုင်းပြီးသွားရင် ကျောင်းရပြီးဆိုတာနဲ့ research ဗီဇာလုပ်ရတယ် ဗီဇာကြေးက ဒေါ်လာ ၂၀၂ ဒေါ်လာ၊ အွန်လိုင်းကနေ ဖောင်ဖြည့်ဖို့ အေဂျင့်ကိုပေးရတာ ဗီဇာလုပ်ဖို့ သံရုံးသွားရတဲ့ ဒုက္ခတွေကလဲ ဒုနဲ့ဒေးရှိသေးတယ်။ ရန်ကုန် အိန္ဒိယသံရုံးကတော့ ရစ်တာက ဂျပန်ဝက်အူက အရှုံးပေးရတယ်ပြောရမယ်၊ မန္တလေးက အိန္ဒိယကောင်စစ်ဝန်ရုံးက တော့ ရန်ကုန်သံရုံးထက်စာရင် သက်သာတာပေါ့၊ ကောင်စစ်ဝန်နဲ့ ဒါရိုက်တွေ့ပြီး စကားပြောရလို့ အဆင်ပြေကြတာများပါတယ်၊
ဗီဇာရပြီး ကျောင်းတက်ဖို့ အိန္ဒိယရောက်ရင်လဲ ရောက်တဲ့နေ့က စပြီး နှစ်ပတ်အတွင်း ရဲစတေးလို့ခေါ်တဲ့ နေထိုင်ခွင့်မာမစ်ထပ်လုပ်ရသေးတယ်။ ရောက်ရောက်ချင်း အဆောင်ငှားရမှ အဆောင်ပိုင်ရှင်ဆီက လက်မှတ်ရမှ ကျန်တဲ့လုပ်ငန်းဆောင်တာတွေက ဆက်လုပ်လို့ အဆင်ပြေမှာမို့ အရင်ဆုံး အဆောင်ရှာရတယ်၊ အဆောင်ကလဲ တော်တော်နဲ့ အဆင်ပြေတတ်တာမဟုတ်ဘူး၊ ကိုယ်ပေးနိုင်တဲ့ဈေးနဲ့ သူတောင်းတဲ့ဈေး ကိုက်ဦးမှ ၊ မကိုက်ရင် ထပ်ရှာ ထပ်ရှာ ဒီလိုနဲ့ တစ်ခါတစ်ခါ ရက်တွေကြာလို့ ရဲစတေးလုပ်ဖို့ အချိန်ကြာ ပြန်ရော၊
နှစ်ပတ်ကြာလို့ ရက်လွန်ရင် ဒဏ်အရိုက်ခံရတတ်တယ်၊
ရောက်စကျောင်းသားသစ်အတွက် မပြောနဲ့ အိန္ဒိယမှာကျောင်းတက်နေပြီး ပတ်စပို့သက်တမ်းကုန်လို့ ဗီဇာသက်တမ်းကုန်လို့ သက်တမ်းထပ်တိုးပြီး ရဲစတေးလုပ်တဲ့ ကျောင်းသားတွေအတွက်ကလဲ အားလုံးအစကနေပြန်လုပ်ရတာပါပဲ၊ အဆောင်ကတော့ ငှားပြီးသားမို့ အဆောင်ပိုင်ရှင် လက်မှတ်က လွယ်လွယ်နဲ့ ရတတ်ပါတယ်၊
ဒါတောင် အဆောင်ပိုင်ရှင် ခရီးထွက်နေရင် ခရီးလွန်နေရင် တစ်ရက် နှစ်ရက်စောင့်ရပြန်ရော၊
အဆောင်ပိုင်ရှင်လက်မှတ်ရပြီးပြန်တော့ ရပ်ကွက်ရဲစခန်းက ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာရဖို့ စခန်းမှူးကို တွေ့ဖို့ သွားရတာကလဲ
တစ်ပတ်လောက်ကြာရင် ကြာနေတတ် တာ စခန်းသွားလိုက် စခန်းမှူးက မရှိ၊ ပြန်လာလိုက် သွားလိုက်နဲ့ တစ်ပတ်ကျော်ကျော်ကြာမှ စခန်းမှူးနဲ့ ပက်ပင်းတိုးပြီး ပြစ်မှုးကင်းရှင်းကြောင်း ထောက်ခံစာကို ရတတ်ပြန်ရော၊
အဲဒါရပြီးတော့ ပြီးပြီးလားဆိုတော့ မပြီးသေးဘူးဗျ၊ မြို့နယ်ခရိုင်ရဲစခန်းကို ပြေးရပြန် ရော၊ အဆောင်ပိုင်ရှင်ထောက်ခံစာ၊ ပတ်စပို့ ဗီဇာမိတ္တူ၊ ကျောင်းသားကဒ်မိတ္တူ၊ ကိုယ်တက် နေတဲ့ကျောင်းက ထောက်ခံစာ၊ ရပ်ကွက်ရဲစခန်းထောက်ခံစာ ၊ အဆောင်မှာနေကြောင်း စီဖောင်စတဲ့ အချက်အလက်တွေ စုံနေအောင်တင်ရတယ်၊
တစ်ခါတလေ စီဖောင်က အဟောင်းဖြစ်နေရင် ပိတ်စပို့အသစ်နဲ့ ဗီဇာအသစ်ဆို ထပ်လုပ်ရပြန်တယ်၊ ထပ်လုပ်ဖို့ အင်တာနက်က အဆောင်ပိုင်ရှင်ရဲ့ မိသားစုဝင်စာရင်း လစ်ထဲကမှာ ၀င်ပြိး ဖောင်ဖြည့်ရတယ်၊ တစ်ခါတရံ ပတ်စ၀ပ်ကမှားနေလို့ ရွာလည်တိုင်ပတ် နေတတ်ပြန်ရော၊ ခရိုင်ရဲစခန်းပြေးလိုက် အင်တာနက်ချိတ်ထားတဲ့ ကွန်ပျူတာဆိုင်ပြေးလိုက် ပတ်စ၀ပ်ရဖို့ အဆောင်ပိုင်ရှင်ဆီဖုန်းဆက်လိုက်နဲ့ ချာလပတ်ကို လည်နေတတ်ပြန်ရော၊ ကိုယ်တင်လားဆိုတော့ ဒီအနမလိုင်းမှာ ကျောင်းလာတက်နေတဲ့ အာဖရိကက ကျောင်းသား တွေလဲ ကိုယ်လိုမထူးမခြား ပြေးလွှားနေကြတာ တွေ့ရလို့ မောတာကို မောတော့ မောတာပေါ့ ဒါပေမယ့် အမောဘူးလို့ ဖြေသာခဲ့ရတယ်၊
ကိုယ်နေတဲ့ နေရာ ကိုယ်ကျောင်းတက်နေတဲ့ မြို့နဲ့ ခရိုင်ရဲစခန်းရှိတဲ့ မြို့က အနီးအဝေးအပေါ်မူတည်ပြီး ကားခ သွားခလာခ စားစရိတ်တွေကလဲ ကုန်ပြန်ရော၊ ရောက်စ ကျောင်းသားအသစ်တွေဆို ပိုတောင် ကုန်ကျကြဦးမှာ၊ ပြောရရင်တော့ သူ့ဆန်စားရဲမှ ဆို တာလို သူ့နိုင်ငံမှာနေတော့ သူ့ဥပဒေပေါ့ ၊ မပြီးဆုံးသေးတဲ့ ph.D ခရီးလမ်းကို ဆက် လျှောက်လှမ်းဖို့ ရဲစခန်းတွေဆီမှာ သွားရတာ လာရတာ အတွေ့အကြုံလေးတွေပါ ၊ အိန္ဒိယ ကိုကျောင်းလာတက်ကြမယ့် ညီတော်နောင်တော်များ ဗဟုသုတရကြစေဖို့ အတွေ့အကြုံတစ် ချို့ကို ဝေငှလိုက်ရတာပါ။
ရွှေမန်းသား အရှင်အကုင်္ရ
17.12.2014

Thursday, 18 September 2014

ဝိုင်ကိုသောက်ရင်ရော သီလပျက်ပါသလား ဘုရား

.၀ိုင်ကိုသောက်ရင်ရောသီလပျက်ပါသလားဘုရား

အရှင်ဘုရား တပည့်တော်မကိုမေးလျှောက်ခွင့်ပြုပါဘုရား.. အခုခေတ်မှာ ၅ပါးသီလလုံး လုံခြုံဖို့ ကအရမ်းခက်ပါတယ်.. တပည့်တော်မတို့ဘာလို့ သီလစောင့်သင့်သလဲ..သီလ ကိုဘုရားဆီမှတောင်းမှရမလား..မတောင်းဘဲနဲ့ရှောင်ရင်ရောသီလစောင့်သလိုဖြစ်ပါသလားဘုရား

..သီလပျက်ပြီးရင်ဘယ်လိုပြန်လုပ်ရမလဲ..အခု တချို့ပိုးမွှားတွေကိုသတ်ရင်ရောသီ လပျက်ပါသလား ဘုရား.. ၀ိုင်ဆိုတဲ့ အရက်တစ်မျိုးက နည်းနည်းသောက်ရင်မိန်းကလေးတွေအတွက်အရမ်း ကောင်းပါတယ်..၀ိုင်ကိုသောက်ရင်ရောသီလပျက်ပါသလားဘုရား..အလုပ်မှာ တစ်ခါတစ်လေ အလုပ်သဘောအရ အရက်မသောက်ချင်ဘဲသောက်ရတာလဲရှိပါတယ်..တပည့်တော်မ အတတ်နိုင်ဆုံးသီလစောင့်ထိန်းချင်ပါတယ်ဘုရားတပည့်တော်မကိုအကောင်းဆုံးနည်းလမ်းညွှန်ပြပေးတော်မှုပါဘုရား တပည့်တော်မ သူငယ်ချင်းတွေကလည်းဒီအဖြေကိုသိချင်ကြတဲ့အတွက် အချိန်ရရင်ဖြေပေးစေလိုပါတယ်ဘုရား

gကျေးဇူးတင်ပါတယ်ဘုရား
Gloria Huang

မေးထားတဲ့ မေးခွန်းတွေထဲက ပထမဆုံးမေးခွန်းကို ဖြေရမယ်ဆိုရင် သီလဘာလို့ စောင့်ရသလဲဆိုရင် ကိုယ်ချင်းစာတရားနဲ့ မေတ္တာတရားရှိအောင်လို့ သီလစောင့်ရတာပါလို့ ဖြေရမှာပါ၊ ဒီထက် စာဆန်ဆန် ပေဆန်ဆန်ဖြေပြရရင် ကိုယ့်လိပ်ပြာကို ကိုယ်လုံပြီး ကိုယ့်ကိုယ်ယုံကြည်သူ တစ်ယောက်ဖြစ်ဖို့ သီလ စောင့်ရတာပါလို့ ထပ်ဆင့်ပြေရပါမယ်၊
သီလတောင်းတယ်ဆိုတာ ဘုရားထံမှာလဲ တောင်းလို့ရပါတယ်၊ ဒါမှမဟုတ် ဘုန်းကြီးတိုက်တို့ ဓမ္မာရုံတို့မှာသွားပြီိး ဆရာတော်သံဃာတော်တွေဆီကလဲ သီလခံယူလို့ရပါတယ်။ ကိုယ်ကိုယ်တိုင် ဘုရားထံမှာသီလခံလို့ရပေမယ့် မိမိလေးစားတဲ့ ဆရာတော် သံဃာတော်တွေထံက သီလခံယူတာက ပိုပြီးလေးစားလိုက်နာ စောင့်ထိန်းဖြစ်ပါတယ်လို့ ရှေးဆရာအစဉ်အဆက်ဆိုရိုးရှိခဲ့ပါတယ်၊


သီလပျက်သွားရင် တစ်ခါ ပြန်ပြီသီလမပျက်အောင်ထပ်ပြီး ခံယူလို့ရပါတယ်၊ ဒါပေမယ့် ခဏခဏ ပြဲသွားတိုင်း ပေါက်သွားတိုင်း ချုပ်ချုပ်ပြီး ပြန်ဝတ်တဲ့ အ၀တ်အစား လုံချည်းများဟာ အပေါက်အပြဲတွေနဲ့ဆို ကြည့်မကောင်းတတ်ပါဘူး၊ လူလည်ခေါင်မှာ ၀တ်လို့ အဆင်မပြေတတ်ပါဘူး၊ သီလဆိုတာလဲ ဒီသဘောတရားပါပဲ ခဏခဏ ကိုယ်ကျင့်တရားဖောက်ပြားတဲ့သူကို လူမှုအသိုင်းအ ၀ိုင်းက ယုံကြည်မှုမရှိတော့ပါဘူး၊ ဒါကြောင့် တတ်နိုင်သမျှသီလစောင့်ရတာပါ၊
ပိုးမွှားတွေသတ်တာက သီလပျက်ပါတယ်၊ ဒါပေမယ့် ကံမြောက်မှုကတော့ ကိုယ်သတ်လိုက် တဲ့ သတ္တ၀ါအကြီးအသေးအပေါ်မှာ မူတည်ပြီး ကွဲပြားပါတယ်။ ဆင်သတ်တာနဲ့ ခြင်သတ်တာ ကွဲပြား ပါတယ်။ ခြင်းကအကောင်သေးတော့ ဖျမ်းဆို တစ်ခါတည်းသေလို့ ကံမြောက်မှုနည်းပါတယ်။ ဆင်ကြ တော့ အကောင်ကြီးတော့ သတ်ဖို့ အများကြီး အားစိုက်ရပါတယ်၊ ဒါကြောင့် အကုသိုလ်ကံအများကြီး ရပါတယ်။

ဝိုင်ဆိုတာကလဲ မူးယစ်စေတတ်တဲ့ အရက်သေစာစာရင်းထဲမှာ ပါတာမို့ သီလပျက်နိုင်ပါတယ်၊
တစ်ခါတလေ လူမှုရေးအရ အပေါင်းအသင်းအရသောက်ရရင်လဲ အတတ်နိုင်ဆုံး သီလမပျက်အောင် မသောက်ပဲနေတာက အကောင်းဆုံးပါ၊ ဒီနေရာမှာ

ထင်ရှားအောင်ပြောပြရရင် မြွေးပွေးကို မြက်လျှော လေးထင်ပြီး ကိုင်ရင်လဲ မြွေးပွေးက မြွေးပွေး အဆိပ်နဲ့ ကိုက်လိုက်မှာပါ၊ မြက်လျှောဆိုတဲ့ အဆိပ်နဲ့ ကိုက်မှာ မဟုတ်ပါဘူး၊ အရက်သေစာဆိုတာလဲ ဒီသဘောပါပဲ သောက်ရင်မူးမယ်၊ မူးရင် မကောင်း မှုတွေ မကောင်းတာတွေ လုပ်ဖို့ တွန်းအားပေးတဲ့ စိတ်ဆီကို အနဲနဲ့အများရောက်လာမှာပါ၊

(၁) သူတစ်ပါး အသက်သတ်တာ၊
(၂) သူတစ်ပါး ပစ္စည်းဥစ္စာခိုးတာ
(၃) သူတစ်ပါး သားမယားစော်ကားတာ
(၄) လိမ်ပြောတာ
ဒီလေးချက်ဟာ ကိုယ်ကိုယ် တခြားသူက အဲဒီလို လုပ်ရင်လဲ မကြိုက်ပါဘူး ၊ ဒါကြောင့် ကိုယ်ကလဲ သူတစ်ပါးအပေါ်မှာ အဲဒီးလေးချက်ကို မပြောမိအောင် မလုပ်မိအောင် ကြိုးစားစောင့်ထိန်းရမှာပါ၊ ဒီလေး ပါးကို စောင့်ထိန်းတယ်ဆိုတာ ကိုယ်ချင်းစာတတ်အောင်ပါ၊ နောက်တစ်ခါ တစ်ဦးအပေါ် တစ်ဦး မေတ္တာစိတ်ထားဖြစ်အောင်လို့ပါ၊
နောက်ဆုံး (၅) ခုမြောက် အရက်သောက်တာ၊ မူးယဇ်စေတတ်တဲ့ အရာတွေကို မှီဝဲတာဟာ လူမှာ ပင်ကိုယ်စိတ်ရင်းပျောက်ဆုံးပြီး အထက်ကပြောခဲ့တဲ့ အချက်လေးချက် သီလလေးပါးကို လွယ်လွယ်လေး လုပ်တတ်လို့ လွန်ကျူးတတ်လို့ပါ၊ ဒါကြောင့် အရေးအကြီးဆုံးဖြစ်တဲ့ အရက်သေစာ မူးယဇ်စေတတ်တဲ့ အရာတွေကို ရှောင်နိုင်ရင် အကောင်းဆုံးပါလို့ ဖြေကြားလိုက်ပါတယ်၊
အောက်မှာရေးပြထားတဲ့ ငါးပါးသီလရဲ့ အကျိုးနဲ့ အပြစ်လေးတွေကို လဲ ထပ်ပြီး မှတ်မိအောင် ဖတ်ကြည့်စေချင်ပါတယ်-------------------

‘ပါဏာတိပါတကံ လွန်ကျူးပြစ်အကျိုး’
***************************
မည်သည့် သက်ရှိသတ္တ၀ါကိုမဆို ညှင်းဆဲသတ်ဖြတ်သောသူသည် သေသောအခါ ငရဲ၌ဖြစ်ရသည်၊
ငရဲမှ လွတ်၍ လူဖြစ်လာလျှင်သော်မှ-
(၁) ကိုယ်အင်္ဂါချို့တဲ့တတ်ခြင်း၊
(၂) အရုပ်ဆိုးခြင်း၊
(၃) အားအင်ချိနဲ့ခြင်း၊
(၄) လျင်မြန်ဖျတ်လတ်မှုမရှိခြင်း၊
(၅) ဘေးရန်နှင့်တွေ.က ကြောက်ရွံ့လွယ်ခြင်း၊
(၆) သူများသတ်၍ သေရခြင်း၊ မိမိကိုယ်ကို မိမိသတ်၍လည်း သေရခြင်း၊
(၇) အနာရောဂါများခြင်း၊
(၈) ခြွေရံပျက်စီးခြင်း၊
(၉) အသက်တိုခြင်း၊
ဤသို့ စသည်ဖြင့် များစွာသော အပြစ်များကိုလည်း ခံစားရတတ်သည်။
(ရှောင်လျှင် အပြန် အကျိုးတည်း) ရှောင်ကြဉ်လျှင် ပြောင်းပြန်အကျိုးရပါသည်။

‘အဒိန္နာဒါနကံ လွန်ကျူးပြစ်အကျိုး’
*************************
ပိုင်ရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော သက်ရှိ သက်မဲ့ပစ္စည်းကို ခိုးယူခြင်း၊ ဓားပြတိုက်ယူခြင်း၊ အာဏာဖြင့်ယူခြင်း၊ အလေး တင်းတောင်း ချိန်ခွင်တို့ဖြင့် လိမ်လည် လှည့်စား၍ ယူခြင်း၊ ရောင်းကုန်များ၌ ရေ စသည် ရောနှော၍ ရောင်းချခြင်း၊ ဖျင်း၊ အ၊ သူတို့၏ ပစ္စည်းကို လိမ်ညာ၍ ယူခြင်း၊ ခြောက်လှန့်၍ယူခြင်း၊ နှိုက်၍ယူခြင်း စသော မတရား ရယူမှု အားလုံးသည် ခိုးယူခြင်းဖြစ်သည်။ ထို အဒိန္နာဒါန အမှုကို ပြုသောသူသည် သေသောအခါ ငရဲ၌ဖြစ်ရသည်။ ငရဲမှ လွတ်၍ လူပြန်ဖြစ်ခွင့်ရလာလျှင်သော်မှ -
(၁) မွဲတတ်ခြင်း၊
(၂) ကိုယ်စိတ်ဆင်းရဲခြင်း
(၃) ငတ်မွတ်ခြင်း၊
(၄) အလိုရှိသောအရာကို မရခြင်း၊
(၅) ဥစ္စာပျက်စီးခြင်း၊
(၆) ရန်သူမျိုးငါးပါး ဖျက်ဆီးခံရခြင်း၊
ဤသို့စသော မကောင်းကျိုးများခံစားရသည်။
(ရှောင်လျှင် အပြန် အကျိုးတည်း)

‘ကာမေသုမိစ္ဆာစာရကံ လွန်ကျူးပြစ်အကျိုး’
*******************************
မိမိဇနီး၊ မိမိခင်ပွန်းလင်မှတပါး အခြားမည်သည့်မိန်းမ ယောင်္ကျားတို့နှင့်မဆို ဖေါက်ပြန်ပေါင်းသင်း ကျူးလွန်းခြင်းကို “ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်သည်” ဟုခေါ်သည်။ ထိုသို့ မှားယွင်းစွာကျင့်သူကို ကာမေသုမိစ္ဆာစာရကံ လွန်ကျူးသည်ဟု ဆိုသည်။ ထိုလွန်ကျူးသူသည် သေသောအခါ ငရဲ၌ ဖြစ်ရသည်။ ငရဲမှ လွတ်၍ လူပြန်ဖြစ်ခွင့် ရလျှင်သော်မှ -
(၁) မလိုမုန်းထားသူပေါများခြင်း၊ လူမုန်းများခြင်း၊
(၂) ရန်သူလည်းများခြင်း၊
(၃) လာဘ်တိတ်ရှားပါးခြင်း၊း
(၄) ချမ်းသာမရှိခြင်း၊
(၅) မိန်းမဘဝချည်းသာဖြစ်ရခြင်း၊
(၆) မိန်းမ မဟုတ် ယောင်္ကျား မဟုတ် (နပုန်းပဏ္ဍုက်)ဖြစ်ရခြင်း၊
(၇) ယောင်္ကျားဖြစ်သော် အမျိုးယုတ်၌ ဖြစ်ရခြင်း၊
(၈) မျက်နှာပျက် အရှက်ကွဲရတတ်ခြင်း၊
(၉) ကိုယ်အင်္ဂါချို.တဲ့ သေးသိမ်ခြင်း၊
(၁၀)စိုးရိမ်ကြောင့်ကြအားကြီးခြင်း၊
(၁၁)ချစ်သူနှင့်ကွေကွင်းရခြင်း၊ အိမ်ထောင်မမြဲခြင်း၊
ဤသို့စသော များစွာသော အပြစ်များကိုလည်း ခံစားရတတ်သည်။
(ရှောင်လျှင် အပြန် အကျိုးတည်း)

‘မုသာဝါဒကံကို လွန်ကျူးပြစ်အကျိုး’
**************************
ကိုယ်အမူအရာနှင့်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ သူတစ်ပါးအကျိုးပျက်စီးအောင်မဟုတ်မမှန်လိမ်လည် လျှင် မုသာဝါဒကံ လွန်ကျုးသည်ဟု ခေါ်သည်။ ထိုမဟုတ်မမှန် ပြောဆိုမှုသည် တစ်ဘက်သား အကျိုးပျက်စီးမှု ကြီးလျှင်ကြီးသလောက် အပြစ်ကြီးသည်။ ထိုသူသည် သေသောအခါ ငရဲ၌ဖြစ်ရသည်။ ငရဲမှ လွတ်၍ လူပြန်ဖြစ်ခွင့်ရလျှင်သော်မှ-
(၁) စကားမပီသခြင်း၊
(၂) သွားမညီညွတ်ခြင်း၊
(၃) ခံတွင်းပုပ်ညှီခြင်း၊
(၄) အသားအရေမွဲခြောက်ခြင်း၊
(၅) မျက်စိ နား မကြည်လင်ခြင်း၊
(၆) ရုပ်အဆင်း ချို.တဲ့ခြင်း၊
(၇) သြဇာအာဏာမတည်ခြင်း၊
(၈) နှုတ်လျှာ ပြောဆိုမှု ကြမ်းတမ်းခြင်း၊
(၉) စိတ်မတည် လျှပ်ပေါ်လော်လည်တတ်ခြင်း၊
ဤသို့စသော များစွာသော အပြစ်များကိုလည်း ခံစားရတတ်သည်။
(ရှောင်လျှင် အပြန် အကျိုးတည်း)

‘သူရာမေရယကံကို လွန်ကျူးပြစ်အကျိုး’
*****************************
သေရည်သေရက်စသော မူးယစ်ဆေးဝါးအားလုံးသည် တစ်ခါသောက်သုံးမိလျှင် ထပ်ခါထပ်ခါ သောက်ချင်သုံးစွဲချင်၏၊ဤသောက်သုံးမှုသည်မှုးယစ်မှုအားကြီး
လာသောအခါ အချင်းချင်းကိုဖြစ်စေ၊ အခြားသူအားဖြစ်စေ၊ ရိုက်မှု၊ သတ်မှု၊ ခိုးမှု၊ လိမ်ညာမှု၊ သူ.သားအိမ်ရာ ပြစ်မှားမှု စသည်တို့ကို ဆက်လက် လွန်ကျူးမိတတ်ကြသည်။ ဤ သေရည်သေရက် မူးယစ်ဆေးဝါး သောက်စားသုံးစွဲမှုသည် ဤဘ၀မှာပင် အသက်ဆုံးရှုံးရသည်အထိ ဆိုးကျိုးများကိုသာ ဖြစ်စေတတ်ပြီး သေသောအခါ ငရဲ၌ ကျရတတ်သည်။ထိုသေရည်သေရက် မူးယစ်ဆေးဝါးကို
သောက်စားသုံးစွဲသော သူသည် မျက်မှောက်ဘ၀၊ နောက်ဖြစ်လေရာဘ၀တို့၌ -
(၁) အရေးအခွင့် သင့် မသင့်ကို မသိတတ်ခြင်း၊
(၂) ပျင်းရိတတ်ခြင်း၊
(၃) မေ့လျော့မူးဝေတတ်ခြင်း၊
(၄) သူ.ကျေးဇူးကို မသိခြင်း၊
(၅) အရှက်အကြောက်ကင်းခြင်း၊
(၆) ရူးသွပ်တတ်ခြင်း၊
(၇) မကောင်းမှု အားလုံး ကျူးလွန်လွယ်ခြင်း -
ဤသို့စသော များစွာသော အပြစ်ကိုလည်း ခံစားရတတ်သည်။
(ရှောင်လျှင် အပြန် အကျိုးတည်း)

“လင်္ကာ”
*******
လင်္ကာ။ ။ ပါဏာတိပတ်၊ သူ.အသက်သတ်က၊ ချို.တတ်အင်္ဂါ၊ မွဲပြာရုပ်သွင်၊ အားအင်ယိုယွင်း၊လျင်ခြင်းလည်းဝေး၊ ဘေးကိုကြောက်တတ်၊ အသတ်ခံရာ၊ အနာများလျက်၊ ခြွေရံပျက်၍၊ အသက်တိုလျ၊ ပြစ်များစွာသည်၊ ရှောင်က အပြန်အကျိုးတည်း။

လင်္ကာ။။အဒိန္နာဒါ၊ခိုးမိပါမူ၊ဥစ္စာနည်းမွဲ၊ဆင်းရဲငတ်ဘိ၊လိုရှိမရ၊ ဘောဂပျက်စီး၊
ရေမီးသူခိုး၊ မွေခံဆိုးနှင့် မင်းဆိုးအပြား၊ ရန်မျိုး ငါးကြောင့်၊ ပျက်ပြားဥစ္စာ၊ ပြစ်များစွာသည်၊ ရှောင်ခါ အပြန် အကျိုးတည်း။

လင်္ကာ။ ။ မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြသူများ၊ ရန်သူပွါး၍၊ ရှားပါးလာဘ်တိတ်၊ ချမ်းသာဆိတ် ၏၊ ဣတ္ထိ ပဏ္ဍုက်၊ မျိုးယုတ်ခါခါ၊ မျက်နှာမလှ၊ အရှက်ရလျက်၊ ရူပဣနြေ္ဒ၊ ယွင်းသွေချို.သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊ ရှောင်ခါအပြန်အကျိုးတည်း။

လင်္ကာ။ ။ မုသားစကား ပြောဆိုငြားမူ၊ စကားမပီ၊ သွားမညီတည်း၊ ပုပ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊ ဣနြေ္ဒယွင်းနှောက်၊ ရုပ်ဆင်းဖောက်၏၊ မရောက်သြဇာ၊ နှုတ်လျှာကြမ်းထော်၊ လျှပ်ပေါ်လော်လည်၊ စိတ်မတည်သည်၊ ရှောင်ကြဉ်အပြန် အကျိုးတည်း။

လင်္ကာ။ ။ သေရည်သောက်လင့်၊ သင့်-မသင့်၌၊ ရေးခွင့်မသိ၊ ပျင်းရိမေ့ရူး၊ ကျေးဇူးမဆပ်၊ ဟိရောတ္တပ်ကင်း၊ ခပင်းများထို၊ အကုသိုလ်ကို၊ မငြိုလွယ်စွာ၊ ပြုကျင့်ရာသည်၊ ရှောင်ခါ အပြန်အကျိုးတည်း။ ရှောင်ကြဉ်လျှင် ပြောင်းပြန်အကျိုးရပါသည်၊

ရွှေမန်းသား အရှင်အကုင်္ရ
http://mingalargarden.blogspot.in/
https://www.facebook.com/shwemantha

Wednesday, 10 September 2014

သူတော်ကောင်းဆိုတာ


ရဟန်းတစ်ပါးနဲ့ တက္ကသိုလ် (အနမလိုင်း တက္ကသိုလ်)



စာရေးသူ ဒီတက္ကသိုလ်ရောက်နေတာ လာမယ့် ၁၀ ၂၀၁၄ ဆိုရင် နှစ်နှစ်တင်းတင်းပြည့်ပြီ၊ အိန္ဒိယမှာ တက္ကသိုလ်တွေအများကြီးရှိသည်၊ ဒါပေမယ့် ph.D ကျောင်းသား ရဟန်းတစ်ပါးအတွက် ကျောင်းဂျွိုင်းဖို့က အခက်အခဲတွေခပ်များများဖြစ်သည်၊ အိန္ဒိယမြောက်ပိုင်း ဂယာဒေသက မဂဓ၊ ဗာရာဏသီ၊ နာလန္ဒစတဲ့ တက္ကသိုလ်တွေမှာလဲ Ph.D ဂျွိုင်းဖို့ စောင့်နေတဲ့ ကျောင်းသားရဟန်းတော် များက များမှများ၊ ကိုယ့်အလှည့်ကျဖို့ တော်တော်စောင့်ရမည်၊ အနည်းဆုံးတစ်နှစ်ကြာနိုင်သည်။ ဘုံဘေနဲ့ ဒေလီမြို့က တက္ကသိုလ်တွေမှာလဲ ကျောင်းအပ်မယ်ဆိုရင် အိုး ဒီကစောင့်နေသူ ဖြစ်ဖို့က (၇၅%) လောက်ရှိသည်၊

ဒါကြောင့် တက္ကသိုလ်အသစ် နယ်မြေအသစ်ဘက်ဆီ တစ်ချို့က ချီတက်ကြသည်၊ ဒီလိုနဲ့ တစ်ချို့ကတောာင်ပိုင်းက နာဂဇုနတက္ကသိုလ်၊ နာဂပူမြို့ကတက္ကသိုလ်၊ အိန္ဒိယတောင်ပိုင်း ချနိုင်းက မရဒတ်တက္ကသိုလ်၊ ချနိုင်းမြို့နဲ့အနီးက အနမလိုင်းတက္ကသိုလ်တွေဆီ ခြေဦးလှည့်ကြသည်၊ ဒေသအစ် နယ်မြေအသစ်တွင် အဆင်ပြေတာတွေရှိကြသလို အဆင်ပြေတာကလဲ ဒုနဲဒေး ဒါပေမယ့် အများစုက ကလေးမဟုတ်ကြတော့ ခံနိုင်ရည်ရှိအောင်ကြိုးစားရသည်။

အခက်အခဲဆုံးက ဈေးသွား၊ ထမင်းဟင်းချက်၊ စက်ဘီးနဲ့ကျောင်းတက်ရတာတွေက ထိပ်ကပြေးနေသည်၊ ရွှေပြည်ကြီးမှာ သပိတ်ပိုက် အိမ်ပေါက်စေ့ဆွမ်းကြွလျှင် အဆင်ပြေသလောက် အိန္ဒိယရောက်တော့ အရာရာက ပြောင်းပြန် ကိုယ့်စရိတ်နဲ့ ကိုယ့်အိပ်ကိုပြန်ပြန် စမ်းကြည့်နေရတဲ့ အ ခြေနေနဲ့ နေရထိုင်ရတာတွေက အခက်အခဲဆိုလဲဟုတ်သည်၊ အခြေနေတစ်ခုက စမ်းသက်ကွင်းဆို လျှင်လဲ မမှား၊ ဘာပဲဖြစ်ဖြစ် အားခဲကာ ပညာရေးကို အလေးပေးကြလို့ ရွှေပြည်ကြီးအတွက် Ph.D ဆရာတော်များ ပေါ်ပေါက်လာခြင်းဖြစ်သည်၊

စာရေးသူ မာစတာတက်ရောက်ခဲ့တဲ့ သီရိလင်္ကာက ကေလနိယတက္ကသိုလ်က တစ်ပတ်မှ သုံးရက်သာ တက်ရသည်။ အခု စာရေးသူ ph.D တက်နေသော အိန္ဒိယတောင်ပိုင်း အနမလိုင်း တက္ကသိုလ်ကတော့ နေ့စဉ်ကျောင်းသွားရသည်၊ မနက်တစ်ခါ နေ့လည်တစ်ခေါက် ကျောင်းကို ပုံမှန်ရောက်ရသည်၊ စာကြည့်တိုက်ဝင်ရသည်။ ကိုယ့်ဆရာကိုယ့်ဂိုက်နဲ့ ဆွေးနွေးရသည်။

ရွှေပြည်ကြီးက ဒကာ ဒကာမများက ဘုန်းဘုန်းတွေတက်နေတော့ အမှတ်တမဲ့အနေနဲ့ ဘုန်းကြီးတွေချည်း သက်သက်တက်ရောက်သော တက္ကသိုလ်ဟု အထင်ရှိကြသည်၊ အများအားဖြင့် အိန္ဒိယက တက္ကသိုလ်တွေသည် အကြီးကြီးတွေ အကျယ်ကြီးတွေ ဌာနပေါင်းစုံ ကျောင်းသားပေါင်းစုံ ဖြစ်သည်၊ စာရေးသူ တက်နေသော အနမလိုင်း တက္ကသိုလ်ကြီးသည်ပင် ဧကတစ်ရာကျော်ကျယ် ၀န်းပြီး ဌာနပေါင်းက (၆၄) ဌာနကျော်ကျော်ရှိသည်။ ကျောင်းဝင်းအတွင်းတွင် ဆေးကျောင်း၊ ဆေးရုံ၊ ကွန်ပျူတာ၊ အင်ဂျင်နီယာ၊ ၀ိဇာသိပ္ပံ အစုံရှိသည်၊ မြန်မာရဟန်းတွေကတော့ ဗုဒ္ဒဘာသာနဲ့ သင့်တော်တဲ့ philosophy ဌာနကို ရွေးတက်ရသည်။

အနမလိုင်းတက္ကသိုလ်သည် ဟီးနေအောင်ကြီးမားသော်လဲ ချီရန်ဘရန်ဆိုတဲ့တောမြို့လေးမှာ တည်ရှိ တာ ဖြစ်သည်။ ထူးခြားတာက ဒီတက္ကသိုလ်ကြီးကို မြန်မာနိုင်ငံတွင် လာရောက်ပြီး စီးပွားရှာသွားသော ချစ်တီးသူဌေးက တည်ထောင်ထားခြင်းဖြစ်သည်။နိုင်ငံခြားကျောင်းသား အများစုက အာဖရိကန် တွေများသည်၊ နောက်ပြီး သူတို့ ခရစ်ယာန်ဘာသာဝင်တွေဖြစ်လေတော့ တနင်္ဂနွေနေ့တိုင်း သူတို့နဲ့ နီးတဲ့အဆောင်မှာနေရင် ဓမ္မတေး သံတွေ မွှေးနေအောင်ကြားရတတ်သည်။ မြန်မာကျောင်းသား ရဟန်းတော်များက အနည်းအကျဉ်းသာ ၊

ဒီတမီ်းလ်နာဒူးနယ်မှာ တမိးလ်ပြည်နယ်သားအများစုက ဗုဒ္ဓဘာသာရဟန်းတော်ဆိုတာ သူတို့မသိရှာ သူတို့က လားမားကြီးနဲ့ ရှောင်လင်လောက်သာသိကြ သည်။ ပညာတတ်သူအချို့သာ ဗုဒ္ဓဘာသာနဲ့ မြန်မာကို သိကြသည်၊
တမီးလ်လူမျိုးတွေနဲ့ ခဏခဏတိုက်ပွဲဖြစ်နေသော သီရိလင်္ကာနဲ့ ပြဿနာမဖြစ်ရင်တော့ တမီးလ်နာဒူး ပြည်နယ်သည် နေထိုင်လို့အေးချမ်းသည်၊

တစ်ယောက်အပေါ်တစ်ယောက်ကူညီတတ်သော ဓလေ့ကို တွေ့ရသည်။

ပြဿနာဖြစ်နေတဲ့အချိန်တွင် မြန်မာရဟန်းတော်များကို သီရိလင်္ကာရဟန်းတော်အလား ထင်မှတ်မှားတတ်သည်၊ အနေအထိုင် အသွားအလာသတိထားရသည်၊ အမှန်တကယ်တွင် တစ်ချိန်တစ်ခါက ဒီဒေသတွင် သဂြိုဟ်လက်သန်းအဋ္ဌကထာကိုပြုသွားသော အာစရိယအရှင်အနုရုဒ္ဒါ တို့ အာစရိယ အရှင်ဓမ္မပါလတို့နယ်မြေဖြစ်သည်၊ တစ်ချို့ဟိန္ဒူဘုရားကျောင်းကြီးတွေသည် တစ်ချိန် က ဗုဒ္ဓုဘာသာဘုရားကျောင်းဖြစ်ခဲ့သည်၊ အခုချိန်တွင် ဟိန္ဒူနတ်ရုပ်များ တင်ထားပြီး ဟိန္ဒူဘုရား ကျောင်းများအဖြစ် ကိုးကွယ်နေကြသည်၊ ခေတ်သစ်လူ့အဖွဲအစည်းက တမီးလ်မျိုးဆက်များသည် ဗုဒ်ဓ ဘာသာကို သိပ်မသိကြတော့ ဟိန္ဒူဘာသာဝင်တွေဖြစ်နေတာကများသည်။

ဒီနေ့ ( ၁၀.၉.၂၀၁၄) ကျောင်းထဲတွင် လှည့်ပတ်ဓာတ်ပုံရိုက်တော့ မြန်မာရဟန်းတွေနဲ့ အတူတူ ဓာတ်ပုံရိုက်ချင်ကြောင်းလာပြောသော တမီးလ်ကျောင်းသား ကျောင်းသူတွေနဲ့ ဆုံရသည်၊ သူတို့တစ်တွေသည် အကြည့်မစိမ်း ခင်မင်မှုရှိသော မိတ်ဟောင်းဆွေပမာ ရင်းနှီးမှုအပြည့်အ၀ရှိကြ သည်၊

ရင်းနှီးသော ချစ်ဖွယ်ကောင်းသာ တမီးလ်သူ တမီးလ်သားများရင်ခွင်ထဲတွင် ဗုဒ္ဓအမွေအနှစ် တရားတော်များ ကိန်းသွားမည်ဆိုလျှင် အတိုင်းထက်အလွန် တံခွန်နဲ့ဘုရား ပိုပြီးနုညံ့သွားမည်ဟု ထင်မိတော့သည်။ ။

ရွှေမန်းသား အရှင်အကုင်္ရ
၁၀.၉.၂၀၁၄
(20 photos)

Saturday, 30 August 2014

ကြိုး



နာနာကျင်ကျင် တုတ်ချီထားတာ မဟုတ်
သာသာညင်ညင်ပါ ငုတ်ဆီမှာလို မလှုပ်
ပြန်ရုတ်တဲ့ လက်ကိုတောင် အပူက
ခဏခဏ ဟပ်သွား

ဘ၀တဲ့ ခနတောင်ခြားလို့မဖြစ်
ရစ်ပြီးရင်း ရစ် နစ်ပြီးရင်းနစ်
ချစ်ပြီးရင်း ချစ်
စက္ကန့် မိနစ် ဘယ်တော့မှ သတိမလစ်
အချစ်နဲ့ ထပ်တူ အသက်နဲ့ထပ်မျှ
လွမ်းမှုတွေက သင်္ချေအနန္တ
ဆွေးမှုတွေက ကမ္ဘေကမ္ဘာ

မဖြေသာလဲ ချစ် ဖြေသာလဲချစ်
ဘာဖြစ်ဖြစ် ချစ် ဘယ်လိုဖြစ်ဖြစ် ချစ်
ဖြေလိုမဖြစ် ဖြုတ်လို့မပြုတ်
လှုပ် လှုပ်ရင်းနဲ့ မြုပ်
မြုပ်ရင်းနဲ့ လှုပ်
လှုပ်မြုပ် မြုပ်လှုပ်

နောက်ဆုံးတော့ သံယောဇဉ်သမား
စက်ရုပ်တစ်ရုပ်
ကြိုးတွေကြားမှာ အလုပ်ရှုတ် ။ ။

သစ္စာမိုးဝေ
31.8.2014

Friday, 29 August 2014

အမှိုက်များ



အနှစ်နှစ် အလလက သိမ်းဆည်းထားတဲ့ စာအိမ်လေးတွေအများကြီး၊ သူငယ်ချင်းတွေဆီကစာလဲ ပါတယ်၊ ကဗျာချစ်သူတွေဆီက မိတ်ဆက်တဲ့ စာတွေလဲပါတယ်။ ကဗျာဆရာကို လူလား ရဟန်းလား မကွဲပြားကြတဲ့ တချို့ကဗျာချစ်သူတွေဆီက အချစ်ရနံ့သင်းနေတတ်တဲ့ ရေမွှေးစာအိမ်လေးတွေကလဲ ဒုနဲ့ဒေး၊

အစကတော့ တစ်ဆောင်ချင်း၊ တစ်ဆောင်ချင်း ဟိုနားထားလိုက်ဒီနားထားလိုက်၊ အံဆွဲထဲ ထည့်ထားလိုက် ဖတ်လက်စ စာအုပ်တွေထဲညှပ်လိုက်နဲ့ ဟိုနေရာရောက်လိုက် ဒီနေရာပါလိုက်နဲ့ လုံချာ လိုက်လို့၊ တစ်ခါတစ်ခါ ရီစရာရေးပေးတတ်တဲ့ ရယ်စရာမဂဇင်းက သူငယ်ချင်းတွေရဲ့ စာတွေ ကို ပြန်ပြန်ဖတ်နေမိတတ်တယ်၊

ဒီလိုနဲ့ စာအိပ်လေးတွေကို အထုတ်ကြီး တစ်ထုပ်ထဲမှာ ထည့်သိမ်းမိလာတယ်၊ ပန်းရောင်း လေးတွေက သပ်သပ်၊ မရမ်းရောင်လေးတွေက တစ်ကန့်၊ ခရမ်းရောင်လေးတွေက တခြား၊ အဖြူ ရောင်လေးတွေက တကွဲတပြားပေါ့၊ ပို့လိုက်တဲ့သူနာမည်တွေနဲ့လဲ စဉ်ထားပြီး ထုတ်ထားလိုက်တယ်၊

ကဗျာရေးဖေါ်ရေးဖက် သူငယ်ချင်းတစ်ယောက်ရဲ့ စာတွေက အများဆုံးဖြစ်နေတယ်၊ လူချင်းမတွေ့ဖူး တဲ့ သူငယ်ချင်းတွေက စာထဲမှာတော့ အပြင်မှာထက်ရင်းနှီးကျွမ်းဝင်လို့ တစ်ချို့က စာထဲက တဆင့် အပြင်မှာတကယ် ခင်သွားကြပြီး ဆွေးမျိုးရင်းချာပမာ၊ တစ်ချို့က အပြင်မှာတွေ့ဖူးပြီးမှ တစ်ယောက်နဲ့ တစ်ယောက်ဝေးဝေး ကွာကွာတွေဖြစ်သွားကြလို့၊ ကံတို့က ဆန်းကြယ်ပုံလို့ ဆိုရမယ်ထင်ပါတယ်၊

နေရာဆိုတာ မတည်မြဲလေတော့ တက္ကသိုလ်တက်ရောက်နေရာကနေ ကျောင်းပြီးတော့ အပြင် ကျောင်းတစ်ကျောင်းမှာ နေစရာရှာလို့၊ မန္တလေးကနေရန်ကုန် ၊ ရန်ကုန်ကနေ မန္တလေး အစုန်အဆန် အပြန်အလှန် ကူးချည်းသန်းချည်းဖြစ်လို့၊ ရန်ကုန်ကနေ သီရိလင်္ကာ၊ သီရိလင်္ကာကနေ အိန္ဒိယ အထိုင်မကျတဲ့ဘ၀မှာ သိမ်းထားတဲ့ စာအိပ်လေးတွေကို ကိုယ်နဲ့မကွာ သယ်လာလို့မဖြစ်နိုင်၊ တစ်နေရာရာမှာ သိမ်းထားခဲ့ဖို့နေရာကလဲ မရှာဖွေဖြစ်၊

ဒီလို ဒီလို ချစ်ချစ်နဲ့ ကိုယ့်အိပ်ကပ်ထဲမှာ ထည့်ထားတဲ့ မီးချစ်နဲ့ ခြစ်ပြလိုက်ရတာ စိတ်ထဲမှာ နှမြောဝမ်းနည်းစွာ၊ သူတို့လေးတွေလဲ သက်ရှိဆို ငိုမယ်ထင်တာပေါ့၊ ဒါပေမယ့် တစ်ခါတရံမှာ ဘယ်လောက်ပဲ ချစ်ရချစ်ရ မဖြစ်ကြတဲ့ အခိုက်မှာ အမှိုက်တစ်ခုပမာ ချစ်ချစ်နဲ့ မရဲတရဲခြစ်ချလိုက်ပြီး လောင်မြိုက်စေလိုက်ရတာဟာ ဘ၀ရဲ့ ခါးသီးမှုများစွာထဲက ခါးသီးမှုတစ်ခါပါ အခါအခါ ခါးသီးလာလို့ ချိုဖို့တောင်မေ့နေလို့ ကဗျာဆရာစပ်တဲ့ ကဗျာတွေဟာ မချိုတချိုတွေက ခပ်များများပါ၊

အခုစာဖတ်သူ ဖတ်နေတဲ့ စာဟာလဲ အချိုမပါ အခါးသက်သက် ဘာအရသာမှ မထွက်တဲ့ စာတစ်ပုဒ်ပါ၊ မကောင်းကံ မကောင်းဒဏ်ကြောင့် အကြောင်းမှန်တွေပေါ်မှာ ဖြတ်လျှောက်လို့ ရဖူးသော သင်္ခန်းစာ တစ်ပုဒ်ဟာ အချိုမဲ့နေမှာ အသေအချာ။ ။

သစ္စာမိုးဝေ
30.8.2014 ,AM

Thursday, 28 August 2014

Ph.D ကျောင်းသား တစ်ပါးရဲ့ Article



အိန္ဒိယတွင် Ph.D တက်နေသော ကျောင်းသားတိုင်း thesis မတင်မီ အကြို article နှစ်ဆောင်ရေးကြ ရတာ အိန္ဒိယတက္ကသိုလ်တိုင်းရဲ့ စည်းမျဉ်းတစ်ခုဖြစ်နေသည်၊
ကိုယ်တို့ တက်ရောက်နေတဲ့ အနမလိုင်းတက္ကသိုလ်ကလဲ အိန္ဒိယတောင်ပိုင်းမှာမို့ ထိုစည်းမျဉ်းက အကျုံးဝင်ပြီးသားဖြစ်နေသည်၊

ထူးခြားတာက နေ့စဉ်ကျောင်းသွား စာကြည့်တိုက်ဝင် လက်မှတ်ထိုး ရတာက တခြားတက္ကသိုလ်တွေထက် ထူးခြားနေသည်။ မနက်တစ်ခေါက် ညနေတစ်ခါ ကျောင်းကို သွားနေရသည်၊ ကိုယ့်ကျမ်းအတွက် guide လုပ်နေသော supervisor ဆရာနဲ့ ဆွေနွေးရသည်၊ အကြို article နှစ်ဆောင်အတွက် ပြင်ဆင်ရေးသား စစ်ဆေးချက်ယူကြသည်၊ guide လုပ်နေသော ဆရာက အိုကေပြီးဆိုမှ internaltional journal နဲ့ national journal နှစ်ဆောင်တွင် ထည့်ပြီး ပုံနှိပ်စာလုံးနဲ့ ပါလာချိန်ကို စောင့်ကြသည်၊ အဲဒီလို ဂျာနယ်ပါ article နှစ်ဆောင်ကို မိတ္တူကူးပြီး ကိုယ်တင်မည့် thesis နောက်ပိုင်းတွင် ထည့်ပေးပြီး တင်ကြရတာ ထုံစံတစ်ခု ဖြစ်လို့နေသည်၊

ကိုယ်လဲ article နှစ်ဆောင်အနက် တစ်ဆောင်ကတော့ the concept of kamma as expounded in Buddhism ခေါင်းစဉ်နဲ့က အဆင်ပြေချောမွေ့သွားပြီမို့ ဂျာနယ်ကို ပို့ထားလိုက်ပြီ၊ ဒုတိယ တစ်ဆောင်ထပ်တင်ဖို့ ကိုယ့် supervisor နဲ့ ဆွေးနွေးရသည်၊ ခေါင်းစဉ်က the concept of rebirth as expounded in Buddhism ဆိုတော့ နဲနဲတော့ ဆွေးနွေးရတာ အခက်အခဲရှိသည်၊

ဒီတက္ကသိုလ်မှာ ဆရာအားလုံးက ဟိန္ဒူတွေများကြသည်၊ ဗုဒ္ဓဘာသာဆိုတာ မရှိသလောက်ရှားသည်၊ ဟိန္ဒူဘာသာတွင် နတ်ဘုရားတွေကလဲ အများ၊ ယုံကြည့်မှုကလဲ ဇာတ်စနစ်နဲ့ ပိုင်းခြားထားသမို့ တစ်ခါ တစ်ခါ ကိုယ်ရေးတဲ့ ဗုဒ္ဓဘာသာအကြောင်းခေါင်းစဉ်နဲ့ အဆင်မပြေချင်၊ အမြင်တွေက ကွာခြားသမို့ ခက်တော့ခက်သား၊ အဲဒီကြားထဲကပဲ ကြိုးစားရုန်းကန် ကြရသည်၊

မနေ့က ဒုတိယ article အတွက် ကိုယ်နဲ့ ဆရာနဲ့ဆွေးနွေးရသည်၊ နိဒါန်း စာကိုယ်က အားလုံး အိုကေသည်၊ နိုဂုံးအရောက်တွေင် liberation စာလုံးကို ဆရာက ဒါက ဘာပြောတာလဲ လို့ မေးသည်၊ ကိုယ်က အဲဒါ ၀ိမုတ္တိ ၊ လွတ်မြောက်မှု နိဗ္ဗာန်လို့ ပြန်ပြောတော့ ဆရာက လက်မခံချင် -
ဟာ မဟုတ်သေးဘူးကွ၊
ဒါနဲ့ ကိုယ်ကလဲ တတ်သလောက်မှတ်သလောက်နဲ့ သူတို့ ဟိန္ဒူကျမ်းတွေထဲက မောက်(ရှ်) တို့ nirvana တို့နဲ့ အစားထိုးရှင်းပြဆွေးနွေးဖြစ်သည်။ ဆရာက လက်မခံချင် ၊
သူ့အမြင်က rebirth နောက်ဘ၀ဆိုတာကို လက်ခံဖို့ခက်နေသည်၊ တစ်ခါဘ၀ကင်းပြတ်ရာ နိဗ္ဗာန်ဆိုတာ ကိုသူအတွက် ထူးထူးဆန်းဆန်း၊

အများအားဖြင့် သူတို့ဟိန္ဒူတွေက လူတစ်ယောက်သေသွားလျှင် atma- အမြဲထာဝရတည်ရှိတဲ့ ဗြဟ္မာဘုံကို ရောက်သွားသည်လို့ ခံယူကြသည်၊
ကိုယ်ကမဟုတ် တဏှာ ( craving) ရှိနေသရွေ့ ဘ၀ဆိုတာ ဖြစ်နေဦးမည်၊ if we have thirst, it produced life or birth again and again. အဆိုကို တင်ပြဆွေးနွေးဖြစ်သည်၊
နောက်ဆုံး ဆရာက မင်းနိဂုံးမကြိုက်သေးဘူး ထပ်ရေးဦး ဆိုတာနဲ့ အဆုံးသတ်သွားသည်၊ ကိုယ်လဲ ok sir, I will try. လို့ပြောပြီး ဆရာအခန်းထဲက ပြန်ထွက်ခဲ့သည်၊

အခန်းအပြင်ရောက်တော့ ဇာတ်စနစ်တွေနဲ့ ထွေးပြား၊ ယုံကြည်မှုနတ်ဘုရားတွေ အများအပြားရှိသော ဟိန္ဒူတွေကြီးစိုးရာ အိန္ဒိယဒေသတွင် သာသနာအုတ်မြစ်ကို ခိုင်ခိုင်မာမာချပေးသွားနိုင်သော ဘုရားရှင်၏ ဂုဏ်တော်တွေကို အကြိမ်ကြိမ် ဦးတင်နေမိတော့သည်။ ။

( ဂနေ(ရှ်) မဟာပိန္နဲနတ် မွေးနေ့ အမှတ်တရ)
ရွှေမန်းသား အရှင်အကုင်္ရ
29.8.2014

Saturday, 23 August 2014

မိုးပြေး


လျှပ်ကလေး တစ်ချက်
ဖြတ်ကနဲ့ ပျက်
ဖြတ်ကနဲ့ လက်
လက်ကနဲ့ လက်ကနဲ့ မလာ
ရွာလဲ မရွာ သဲလဲမသဲ
တစ်ခနပဲ
အမြဲမဟုတ် ရုတ်တရက်ဆိုရုံ
စိုစွတ်ပုံမမြင်
မပီမသ မညီမမျှ
အဖျားရရုံသက်သက်
အို----မငဲ့ကွက် ထည့်မတွက်
မျှော်ရှာသူအတွက်
ပန်းလျှက် နွမ်းလျှက်
စိတ်လက်မအီသာ
အခါရာသီ မှားသလား
ဘယ်ဆီပြေးထွက် အိုက်ပျက်ပျက်။ ။
သစ္စာမိုးဝေ
23.8.2014

Wednesday, 20 August 2014

နံပါတ်မှားပွင့်တဲ့ ပန်း

နံပါတ်တစ် အမေနဲ့ အဖေ
နံပါတ်နှစ် ချစ်သူ
နံပါတ်သုံး သူငယ်ချင်း ယောင်းရင်း
ငယ်ပေါင်းကြီးဖေါ်
ကိုယ့်ကိုယ့်ကို နံပါတ်တပ်ဖို့ ကျော်သွားတဲ့ ကျွန်တော်
ပေါ်ရာပေါ်ရာ နံပါတ်တွေ စဉ်ကြည့်တော့
အမေနဲ့အဖေက နံပါတ်တစ်
ချစ်သူက နံပါတ်နှစ်
သူက ချစ်ချင်ချစ် မုန်းချင်မုန်း သုံးတော့ ဘယ်တော့မှ မဖြစ်
တစ်လဲဘယ်တော့မှ မရောက်

ဆုံးရှုံးတာခြင်းအတူတူ ချစ်သူဆိုတာက
အစားထိုးလိုရတဲ့ ဆယ်လီကွန်
မိဘဆိုတာက အစားထိုးမရတဲ့ မျက်စိနှစ်လုံး
စုံလုံးကန်းခဲ့ရင် ကျွန်တော် လမ်းဘယ်လိုလျှောက်မလဲ

လမ်းပျောက်တဲ့အခါတိုင်း
ကျွန်တော် ၀ါသနာပါရာ
ကဗျာတွေကို ဖက်တွယ်နေမိတယ် မေမေ
တစ်ချို့တလေက ကဗျာရေးတာကို အပြစ်တင်ကြ
တစ်ချို့တစ်လေက ကဗျာရေးရင် အသည်းကွဲတယ်ထင်ကြ
တစ်ချို့တစ်လေက ကဗျာရေးရင် အရောင်ပြောင်းမယ် မြင်ကြ
တကယ်တော့ ကျွန်တော့ဘ၀မှာ မေမေမရှိကတည်းက
ကဗျာဟာ ဖြေစရာ၊ ကဗျာဟာ နေစရာ
ဝေဒနာတွေကို ကြောငြာပြီး မငြီးမငြူ
ခရီးအတူလျှောက်ခဲ့တဲ့ မိတ်ဆွေရင်း
ပျင်းတဲ့အခါ သီချင်းလိုဆို ကဗျာကို ချစ်တာ ကဗျာကို စပ်တာ
အပြစ်လို့ ဆိုစရာလားဗျာ

ကဗျာကို မချစ် အပြစ်ဆို မကြိုဆိုခဲ့ရင်
ခင်များ ဖတ်နေတဲ့ ကဗျာ ဒီနေရာမှာ ရပ်လိုက်ပါ
ကျွန်တော် ကဗျာတွေကို ဆက်ချစ်ပါရစေ
ကျွန်တော် ကဗျာတွေကို ဆက်ရေးပါရစေ။ ။

သစ္စာမိုးဝေ
20.8.2014

Saturday, 16 August 2014

မိုးဖွဲလေး များ

(၁)

ရန်ကုန်ရောက်စ အညာသားတစ်ပါးအတွက် မိုးတွင်းကာလ အပြင်ထွက်ရတာ ကျားကို ထိပ်တိုက် တွေ့ရသလိုပါပဲ၊ ရန်ကုန်မိုးနဲ့ အညာသားသည် ဘယ်တော့မှ တစ်သားထဲမဖြစ် မနက်အာရုံဆွမ်း ခံထွက်တော့လဲ မိုးက ခနခနမိသည်၊ ခနခနဖျားသည်၊ နေ့ဆွမ်းခံကြွရပြန်တော့လဲ မိုးကမလွတ် သင်္ကန်းတွေ ရှိတာလေးတွေ အကုန်စိုစွတ်ကုန်သည်၊ နောက်တစ်ခါ ရန်ကုန်မိုးသည် ဘယ်တော့မှ အစိုးမရ သူရွာချင်တဲ့အခါ ကောက်ကာငင်ကာရွာချတတ်သည်၊ အခုနေသာနေသည်၊ အခု မိုးတိမ်မဲတွေတက် လာကာ သဲသဲမဲမဲ ရွာချတတ်သည်၊ သဲသဲမဲမဲ ရွာချလျှင် မိုးရေကောင်းကောင်းမိကာ ရွှဲရွှဲစိုပြီး ခန္ဓာကိုယ်နဲ့ သဟဇာတဖြစ်လို့ နေသာထိုင်တာ ရှိတတ်သည်၊ အဲ မသဲပဲ ဖွဲဖွဲရွာတဲ့ မိုးနဲ့မျာတိုးလျှင် အဖျားပိုး ၀င်ဖို့က ၇၅% လောက်ရှိသည်၊

(၂)

ရုန်းကန်နေရတဲ့ ဘ၀တွင်လဲ ရန်ကုန်မိုးလိုလူများကို မကြာမကြာကြုံရတတ်သည်၊ ဖွဲဖွဲလေးရွာသူက ရွာ သဲသဲမဲမဲလာသူက လာ မဖွဲမသဲ ညာသူကညာ၊ ဖွဲလဲမဖွဲ မသဲလဲ မသဲ မလာသူကမလာဆိုသလို မိုးနဲ့သရက် အိုးနဲ့ ကြွက်ပမာ၊

(၃) ဒုန်းဒုန်း ဒုန်းဒုန်း

နေ့လည်နေ့ခင်း ဆွမ်းစားပြီးကာစ အေးအေးဆေးဆေးနားနေစဉ် အချိန်မျိုးတွင် ဒီလို တံခါးထုသံမျိုး က တစ်ခါမဟုတ် နှစ်ခါ၊ နှစ်ခါမဟုတ် သုံးလေးခါ ကြုံရတာများသည်၊
ဘယ်သူနဲ့ တွေ့ချင်လို့လဲ
ကုမာရ နဲ့တွေ့ချင်လို့
ကုမာရ ဒီမှာ မရှိဘူး အပေါ်ထပ် တက်သွားလိုက်၊
ထမင်းစိတ်တက်ချင်နေသော စိတ်က ဒေါသအရောင် ပါးပါးလေး သန်းနေတတ်သည်၊
အဲဒီကနေ ဆက်အိပ်လို့မရတော့ တစ်နေကုန် လုပ်ရကိုင်ရတာ မအီမသာ၊ စာကြည့်လဲ အဆင်မပြေ၊ စာရေးလဲ မပြေပြစ် တစ်နေကုန် ပစ္စလက်ခဖြစ်ရတော့သည်၊

(၄)

Excuse me sir, parcel .
Who is parcel ?
Ramkari shana.
No , I am not Ramakari shana. He is grown floor.
Thank you sir.
တစ်ခါတစ်ခါ ပါဆယ်ပို့တဲ့ ကုလားက အခန်းကို မှားလာတတ်သည်၊ ကျန်တဲ့အချိန်မှာ ကိစ္စမရှိပေမယ့် နေ့လည်နေ့ခင်း နားနေချိန်တွင် အတော်ကသိ ကအောက်ဖြစ်ရသည်၊ သူလာထုတဲ့ တံခါးသံက တစ် ထပ်လုံး ညံစီသွားပြီး ဆက်နားလို့အဆင်မပြေတော့ ၊

(၅)

ကလင် ကလင် ကလင်၊ မေ မေ ပုခက်လွှဲ သီချင်းလေး ဆိုပြနော်၊ မေမေ ပုခက်လွှဲ သီချင်းလေးဆိုပြ နော်၊
ဟလို ဟလို
ဘနံကံ sir? We are artiel mobile -----------------
တစ်ခါ တစ်ခါ ဒီလို ကြော်ငြာဖုန်းတွေဝင်လာတတ်သည်၊ တစ်ခါတစ်ရံ ဖုန်းနံပါတ်တွေမှားလာတတ် သည်၊ ဒီလို ဒီလိုနဲ့ နေ့လည် အပန်းဖြေနားနေချိန်လေးတွေ ဖဲ့ဖဲ့ပေးခဲ့ရတာများလာသည်၊ တံခါးကို ခပ်ဟဟ လေးဖွင့်ထားခြင်းက အပြင်ကလာတဲ့ စာပို့သမား၊ ပါဆယ်သမားတို့အတွက် တံခါးထုဖို့ အချက်ပြနေ သလိုဖြစ်မည် ထင်သည်၊ ဒီနေ့ကစပြီး တံခါးကို ခပ်ဟဟ မထားဖြစ်တော့ အထဲကနေ သော့နဲ့ ခပ်ထားလိုက်သည်၊ ပါဆယ်သမားနဲ့ စာပို့သမားရန်ကတော့ နဲနဲ အေးသွားသည်၊ ဒါပေမယ့်
ကြော်ငြာဖုန်းသံတွေနဲ့ ဖုန်းမှားတဲ့ အသံတွေက ယခုထက်တိုင် မအေးသေး နေ့လည်နေ့ခင်း ထမင်း လုံးစီခြင်းနဲ့ အေးအေးလူလူ စာကြည့်ခြင်း အလုပ်ကိစ္စတွေကို နှောက်ယှက်မြဲနှောက်ယှက်ဆဲ---------------------

(၆)

တကယ့် တကယ် တွယ်တာ သနား
လားလား မဟုတ် ထိလှုပ်နှိုးတ်
လမ်းကြုံဖြတ်ရုံ မုတ်သုံမ၀င်
ရာသီဆင်ဆဲ ရာသီဆိုးထဲက
ယာယီ မိုးဖွဲလေးပါပဲ ။ ။
( မောင်စိန်ဝင်း)

ဒီနေ့လဲ တစ်ဒုန်းဒုန်းနဲ့ တံခါးလာထုပြီး လူမှားပြန်သွားတဲ့ ပါဆယ်ပို့ကုလားအပြန်မှာ ဆက်ပြီး ထမင်းလုံး စီရတာလဲ အဆင်မပြေ စာကြည့်ရတာလဲ မဖြောင့်မို့ နေရတာ အပြင်မှာ မိုးလေးတွေက တဖွဲတဖွဲကြဲပက်နေလေတော့ မောင်စိန်ဝင်းကဗျာလေးပဲ ငြီးနေ လိုက်သည်၊ ဒါကိုပင် အငြိမ်ငြိမ်ဆိမ်ဆိမ် မငြီးရ ရှေ့တွင်ချထားတဲ့ ဖုန်းက ထပြီး မည်လိုက်သေး သည်။ ကြည့်လိုက်တော့ နံပါတ်က ကိုယ်နဲ့စိမ်းနေတဲ့ နံပါတ်ဖြစ်နေသည်၊ မကိုင်ဖြစ်တော့ ----------------------------
တစ်ခါတရံ ဘ၀တွင် မိုးဖွဲလေးတွေကြောင့် ဖျားခဲ့ဖူးသည်။ တစ်ခါတရံ ဘ၀မှာ ပါဆယ်အမှား ဖုန်းနံပါတ် အမှားတွေကြောင့် အိပ်ရေးပျက် စာကြည့်တွေပျက်ဖူးသည်။ စာဖတ်သူတို့ကရော ကိုယ်လိုပဲ မိုးဖွဲလေးတွေကြားမှာ ဖျားနာဖူးပါသလား၊ ပါဆယ်အမှား ဖုန်းနံပါတ်အမှားတွေကြားမှာ အိပ်ရေးပျက်သွားဖူးပါသလား--------။ ။

သစ္စာမိုးဝေ
၁၆.၈.၂၀၁၄, စနေနေ

Wednesday, 13 August 2014

အစစ် အမှန်

လေပြေညှင်း ချစ်ခြင်းမေတ္တာ
အွန်လိုင်းမှာ ဈေးပေါပါသည်
တစ်ခနတာ အာရုံပြေ
ရှာဖွေကြည့်ရှု တစ်ခုမက နှစ်ခုမက
ဒါပေမယ့်သိ ထိတွေ့လို့မရ အနံ့ရဖို့ မမြင်
ခုံမင်မှု ထွေပြားေ၀၀ါးဖို့ အရာ
တစ်ခနတာ။

လေပြေညှင်း ချစ်ခြင်းမေတ္တာ
အပြင်မှာ ၀ယ်ယူလို့မရ
ဈေးဆစ်လို့ အဆင်မပြေ
မေတ္တာစေမှ မေတ္တာတွေ မိုးလိုဝေ
သစ္စာပျိုးမှ သစ္စာတွေ မိုးလိုစွေ
ရှာတိုင်းလဲမရ ချစ်တိုင်းလဲ မဖြစ်
သံယောဇဉ်အစဉ်ရစ်
တစ်ဆိုမှ တစ် နှစ်ဆိုရင် လစ်

ဟောအဲဒီ အပြင်က အချစ်မှာတော့
အမြင်ရှင်းကာ လှမှလှ
ထင်းလင်းကာ ၀င်းလို့ပ
သာစွ သာစွ ထာဝရ ထာဝရ
လပြည့်ညလေးလို အေးအေးမြ ။ ။

သစ္စာမိုးဝေ

14.8.2014, ကြာသာပတေးနေ့ —

Monday, 11 August 2014

ကိုယ့်ကိုယ်သာ အချစ်ဆုံး

ချစ်သလား မေးတော့
အင်း
တကယ်ချစ်ရဲ့လားဆိုတော့
ဟင့်အင်း
သူငယ်ချင်းရေ

စဉ်းစားကြည့်တော့
ကိုယ့်ကိုယ် ကိုလောက် ဘယ်သူမှ မချစ်
ကိုယ့်အပေါ် တွယ်တာရစ်တာထက်
ဘယ်သူမှ မလွန်ဆန်ရစ်

အတ္တသမံပေမံ နတ္ထိ
ရှင်တော်ဟောဘိ
သတိမရှိ အသိမမိ
ငါအရှိ သူအရှိထင်
စွဲလမ်းမှုသံယောဇဉ်
ပြန်ပြောချင်တာက
ဟောဒီလောက
ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးဖြစ်ကြ ။ ။

သစ္စာမိုးဝေ

Thursday, 7 August 2014

စာကြမ်းပိုး



ကိုယ်က စာတွေကို
ဖတ်ရုံဖတ်ခဲ့ မှတ်ရုံမှတ်ခဲ့
စာနဲ့ ကိုယ် ကိုယ်နဲ့စာ
ဝေးဝေး ကွာကွာ

အကျင့်နဲ့စာ စာနဲ့ အကျင့်
ထပ်ဆင့် မဖြစ်
ချင့်ချင့်ချိန်ချိန်ပြောရရင်
ကိုယ်ဟာ စာဖတ်သူသက်သက်
ဒီထက်မရင့်ကျက်
ဒီထက် အတောင်ပံ မဖြန့်မလက်

ဝါကျတွေထဲမှာ မျောပါရင်း
စာလုံးတွေနောက်ကို လိုက်ရင်း
စာရေးသူကို စောကြောလိုစောကြော
ဇာတ်ကောင်တွေလို ငေးမောလို့ငေးမော
အတွေးတောမှာ ချာချာလည်
အဲဒီလိုနဲ့ စာအုပ်တွေကို ခဏတိုင်း ၀ယ် ။ ။

သစ္စာမိုးဝေ

7.8.2014
http://mingalargarden.blogspot.in/

Monday, 4 August 2014

ပဋိရူပ ဒေသ၀ါသ= နေရာမှန်


ချင်းတောင်တန်းတစ်ခုလုံး မိုးကြောင့် မှိုင်းမှိုင်း မှုံနေသည်၊ တောင်ယာခုတ်သွားတဲ့ ချင်းသူချင်းသားတို့ သည်ပင် ခိုက်ခိုက်တုန်လို့ထင်သည် ကိုယ်စိကိုယ်စီ မီဖိုရှေ့မှာ အကြမ်းအိုး ကိုယ်စီနဲ့ မီးဖိုလေးတွေရှေ့မှာ ငုတ်တုတ်ထိုင်နေကြသည်၊ တစ်ရွာလုံး တိတ်ဆိတ်လို့်၊

တိတ်ဆိတ်နေတဲ့ အိမ်ခြေနှစ်ဆယ်မျှသာရှိသော ရွာလေးထဲသို့ သာသနာပြုကိုယ်တော်တစ်ပါး ရွာဦးကနေ ရွာလယ်လမ်းအတိုင်း ၀င်လာနေသည်၊ “ဝေါင်း ဝေါင်း” ခွေးဟောင်သံတို့က အဆက်မပြတ်ကြားနေရသည်၊ မိုးကလဲ တ၀ုန်းဝုန်း တဒိုင်းဒိုင်းကြဲနေသည်၊ တောင်ကျရေတွေက ဒလဟောစီးလျှက် ရွာလည်လမ်းက ကျောက်စရစ်ခဲလေးတွေက ရေစီးတွင် မျောပါနေကြသည်၊ သာသနာပြုကိုယ်တော်လေးသည် ရေစီးရာကို မပါအောင် ကိုယ်ကို ပြန်ပြန်မတ်နေရတာ အလုပ်တစ်ခု ဖြစ်နေသည်၊ လက်ကိုယ်စီတွင် အထုတ်ကိုယ်စီက ၀ဲယာတွဲခိုလျှက် တစ်ဖက်က အင်္ကျီအဟောင်းတွေ ချင်းတောင်တန်းက ကလေးတွေအတွက်ဖြစ်သည်၊ တစ်ဖက်က ချင်းတောင်ပေါ်တွင် ရှားပါးသော ရိက္ခာပစ္စည်းများ၊

မိုးမဲမဲအောက်တွင် ခရီးက သွားရတာ ထင်တိုင်း မတွင် ဘေးဘီကို လှမ်းကြည့်တော့ အိမ်တိုင်းက မှီးမှိတ်တုတ်လေးတွေအောက်တွင် ငြိမ်နေသည်၊ သူနဲ့အသိအကျွမ်းက ဒီရွာတွင် တစ်ယောက်မျှမရှိ ၊ ဒီရွာက ဗုဒ္ဓဘာသာလူဦးရေထက်
ခရစ်ယာန်လူဦးရေက ပိုများနေခြင်းက သူ့အတွက် နားခိုဖိုခက်ခဲနေပြန် သည်၊

ကိုယ့်အတွေးနဲ့ ကိုယ် မိုးသံညံညံတွင် လျှောက်လှမ်းလာရင်း တစ်နေရာအရောက်တွင်-
“အရှင် ဘုရား ၊ အရှင်ဘုရား”
“ဟ အသံက ဗမာသံပီသလှချည်းလားဟ ဒီရွာမှာ ငါ့ကို သိတဲ့သူလဲ မရှိပါဘူး” သူအတွေး မဆုံးခင် အရှင်ဘုရားလို့ ခေါ်တဲ့ အသံရှင်က ရှေ့တွင် ဘွားကနဲ့ ရောက်လာသည် ၊ လက်ထဲတွင် ထီးအလွတ် တစ်ချောင်းပါ ပါလာသည်၊

“အရှင်ဘုရား တပည့်တော်တို့ အိမ်ထဲကို မိုးခိုဖို့ ကြွပါဘုရား၊”
“အင်းတော်သေးရဲ့ မိုးရွာကြီးထဲ ကယ်မယ့်သူ ဒကာပေါ်လာလို့၊” တောင်သုံးလုံးကို ကျော်ရင်း သူတာဝန်ကျရာ ချင်းရွာလေးဆီအပြန် မိုးနဲ့ ပက်ပင်းအတိုးမှာ ဒီတစ်ခါ အလူအလဲခံလိုက်ရခြင်းက တော်တော် ပင်ပန်းသည်၊ လက်ထဲက အထုတ်တွေက မိုးနဲ့ဆိုတော့ ပိုလေးလံနေသည်၊

“အရှင်ဘုရား နွေးသွားအောင် ရေနွေးကြမ်းလေး ဘုန်းပေးဦး ဘုရား”
“ဟုတ်ပါပြီ ဒကာ၊ ဒါနဲ့ နေပါဦး ဒကာက ချင်းလူမျိုးတော့ မဟုတ်လောက်ပါဘူး”
“တင်ပါး ၊ တပည့်တော်က ဗမာလူမျိုးပါ ၊ အရှင်ဘုရားလိုပါပဲ မန္တလေး( န. ပ.သ) တက္ကသိုလ်ကနေ ကျောင်းပြီးလို့ ဒီဒေသမှာ တာဝန်ကျရင်း ဒီမှာ သူကြီးသ္မီးနဲ့ အိမ်ထောင်ကျနေတာ ဘုရား၊”
ဒကာက စကားပြောရင်း မောသွားဟန်နဲ့ အကြမ်းပုဂံကို ဂွက်ခနဲ့ တစ်ငုံသောက်လိုက်ပြီး သူစကား ကို ဆက်သည်၊ “ တပည့်တော်ဘွဲ့က ၀ိလာသာလင်္ကာရပါဘုရား ၊ အခုလူနာမည်ကတော့ မောင်ဝင်းရှိန်ပါ”

ဒါထက် အရှင်ဘုရားကို ကြုံတုန်းလျှောက်လိုက်ဦးမယ် ဘုရား၊နားနဲ့ မနာ ဖ၀ါးနဲ့ နာတော်မူပါ၊
“ဟ ဘာများလဲ မသိဘူး၊ သူစိတ်ထဲ တွေးတွေးဆဆဖြစ်လို့”
“ဒီလိုပါ ဘုရား မနေ့ညက တပည့်တော် ဟောဒီ ရေရီယို အစုတ်လေးနဲ့ မန်ချက်နဲ့ အာစင်နယ်ပွဲ နားထောင်တယ်ဘုရား အဲဒါ မန်ချက်နိုင်သွားတယ် ဘုရား”
“ဟာ ဒကာကလဲဗျာ ဘာများလဲလို့”

“တင်ပါး ဒီတစ်နယ်လုံးမှာ မန်ချက်ကို သိတာဆိုလို့ တပည့်တော်ပဲရှိတာ ဘုရား၊ အဲဒါ မန်ချက်နိုင်တာ ရင်ဖွင့်ချင်လို့ လူရှာနေတာ ဘယ်သူကို ပြောရမှန်းမသိလို့
အခက်တွေ့နေတာ၊ အခုမိုးရွာထဲ အရှင်ဘုရား ကြွလာတာ အဆင်ပြေသွားတာ ဘုရား၊”

အပြင်ကို လှမ်းကြည့်လိုက်တော့ မိုးရေတို့ စဲစပြုနေလေပြီ၊ တောင်ခိုးတွေတောင် ဝေလို့ မှုံလို့၊
“ကဲ ဒကာရေ မိုးလေးစဲတုန်း ရှေ့ခရီးဆက်လိုက်ဦးမယ်၊”
“တင်ပါး တင်းပါ ဘုရား၊ နောက်ကြုံရင်လဲ တပည့်တော်တို့ အိမ်ကို ကြွပါဘုရား”

ဒကာမောင်ဝင်းရှိန်ကို နှုတ်ဆက်ပြီး သူလဲ သူတာဝန်ကျရာ ချင်းရွာလေးဆီ ခရီးဆက်လာခဲ့သည်၊
“အော် တစ်ခါတစ်ခါ ကိုယ်ပြောချင်တာကို ကိုယ်ဆွေးနွေးချင်တာကို နားထောင်ပေးမယ့်သူက လက်ခံဆွေးနွေးပေးမယ့်သူ နားလည်တတ်ဖို့ အဆင့်မှီမှီိဆွေးနွေးတတ်ဖို့ အမြင်ကျယ်ဖို့ လိုသေးပါ လား”လို့ သူတွေးဖြစ်လာသည်၊

ရှ့ခရီးကို မျှော်ကြည့်လိုက်တော့ သူတာဝန်ကျရာ ရွာလေးကို ရောက်ဖို့ တောင်တစ်လုံးကို ထပ် ကျော်ရဦးမည်။ ဘာပဲဖြစ်ဖြစ် ရောက်အောင်သွားရင်တော့ တစ်နေ့ပန်းတိုင်ဆိုတာ ရောက်မည် သာ၊ မသွားပဲ ရပ်နေခြင်းကသာ ---------------------။ ။

ရွှမန်းသား အရှင်အကုင်္ရ

(စာကြွင်း = သူငယ်ချင်း ကိုလှဖေ အရှင်စန္ဒာသီရိ ပြောပြဖူးသော အဖြစ်အပျက်ကလေးအား ပြန်လည် ရေးဖွဲ့ပါသည်၊ )

Sunday, 3 August 2014

မေမေကို ပဲ ချစ်တယ်



ဟောဒီလောကကြီးမှာ
အကြီးမားဆုံးအရာနှစ်ခုရှိတယ်။
တစ်ခုက အချစ်
တစ်ခုက စစ်
(ဟိုးမား)

ကျွန်တော်ကတော့ ဘာဖြစ်ဖြစ်
မေမေ့ကို အချစ်ဆုံးပဲ
ချစ်သူကို ချစ်ရတာက
အချစ်နဲ့ စစ်ကို ပူးတွဲ ကစားရသလို
တစ်ခါဆို ပျော်လိုက်
တစ်ခါဆို အပျော်မဆိုက်
ဟောဟဲ လိုက်

မိုက်တယ်လို့ ထင်ချင်ထင်
ချစ်နေရရင်လဲ
အသက်ဆက် အမြဲတမ်းအတွက်
ထ၀ရ
စိတ်ကူးနဲ့ ပျော်စံရာနေရာ
ဖြေစရားပွါး နေရှားမှားခဲ့ဘူးရဲ့

အခုတော့ဖြင့်
အချစ်ကို ရာသီရွေ့
တစ်နေ့မှ မမေ့အပ်တဲ့
မေ့မေ့ ဂုဏ်ကို
ရင်အစုံမှာ ထုံမွှမ်းရင်း
ချစ်ခြင်းကို
စစ်တလင်း မဖြစ်အောင် ကြော်ငြာလိုက်ပြီ
မေမေကို သားသိပ်ချစ်တယ် ။ ။

သစ္စာမိုးဝေ

3.8.2014

Saturday, 2 August 2014

ကိုယ်ဝန်ဖျက်ချတာဟာ အပြစ်ကြီးပါသလား


အရှင်ဘုရား တပည့်တော်သိတာ ကိုယ်ဝန်ဖျက်ချတာလဲ အရမ်းအကုသိုလ်ကြီးပြီး ငရဲကျတယ်ဆိုတာ ဟုတ်ပါသလား။ ဒီခေတ်မှာ ဒီအမှုမျိုး တော်တော်လုပ်ကြလို့ ဟုတ်မဟုတ်သိချင်ပါတယ်ဘုရား။ အကျိုးအပြစ် အတိမ်အနက်ကိုလဲသိချင်ပါတယ်ဘုရား။ ဘာလို့လဲဆိုရင် တိုးတက်တဲ့ နိုင်ငံတွေမှာ ကိုယ်ဝန်ရှိပြီဆိုတာနဲ့ အာတာဆောင်းရိုက်ပါတယ်ဘုရား။ သရီးဒီနဲ့ရိုက်ပါထယ်။ ရိုက်လို့ကလေးက ခြေလက်အင်္ဂါအစုံမပါဘူး ဥာဏ်ရည်မမှီဘူးဆိုရင် ဆရာဝန်တွေက တခါတည်းဖျက်ဖို့ အကြံပေးပါတယ်။ ဒီလိုမျိုးကြုံလာရင် ဘယ်လိုဆုံးဖြတ်သင့်လဲဆိုတာ တော်တော်ခက်ပါတယ်ဘုရား။ များသောအားဖြင့် လက်ခံလိုက်တာများပါတယ် ဘုရား။ အကုသိုလ်အတိမ်အနက်ကိုသိရင် အမှားမလုပ်မိတာပေါ့ဘုရား။
                                                                                    
                                                                                                 Thet Sone Tie ( စင်္ကာပူ)

ကိုယ်ဝန်ဖျက်ချတာဟာ အပြစ်ရှိပါသလားဆိုတော့ အပြစ်ရှိပါတယ် လို့ ဖြေရပါမယ်၊ ဘာကြောင့်လဲ ဆိုရင် သာမာန်အမြင်နဲ့ ကြည့်ရင် အသက်မရှိသေးဘူး၊ လူဖြစ်လာသေးတာ မဟုတ်တဲ့ အတွက် အပြစ်မဖြစ်ဘူးလို့ ထင်မြင်စရာရှိပါတယ်၊
ပိုပြီးတော့ နားလည်လွယ်အောင် ဆေးပညာသဘောတရားလေးနဲ့ အရင်ဖြေကြည့်ချင်ပါတယ် ( နားနဲ့ မနာ ဖ၀ါးနဲ့ နာခံပါ) အရွယ်ရောက်ပြီး အရွယ်မလွန်သေးတဲ့ မိန်းကလေးတယောက်မှာ လစဉ်လတိုင်း ရာသီလအလည်ရက်လောက်မှာ Ovary မျိုးဥအိမ် တဖက်ဖက်ကနေ မ-မျိုးဥတခု ထွက်နေမယ်။ ဒါကို Ovulation မျိုးဥထွက်ခြင်းလို့ ခေါ်တယ်။ ခန့်မှန်းခြေပြောရရင် ရာသီစလာတဲ့ နေ့ရဲ့ နောက် (၂ ) ပတ်အကြာမှာဖြစ်မယ်။
Ovary မျိုးဥအိမ်ကနေ ရင့်မှည့်နေတဲ့ မျိုးဥထွက်လာတာနဲ့ Fallopian tube သားအိမ်ပြွန်ထဲ ကို အဖျားမှာ လက်ဝါးလိုနေတဲ့ အပေါက်ဝကနေ ဝင်လာမယ်။ အဲဒီခရီးအတွင်းမှာ (ဗဂျိုင်းနား-သားအိမ်) ကနေဝင်လာမဲ့ Sperm ကျားသုက်ပိုးနဲ့ တွေ့လိမ့်မယ်။
ယောက်ျားတစ်ယောက်ကနေ လိင်ဆက်ဆံမှုဖြစ်စဉ် အဆုံးတိုင်းမှာ သုက်ရည်တွေ ထွက်တယ်။ တခါထွက်တဲ့ အထဲမှာ Sperm သုက် အကောင်ရေ သန်း ၄ဝ ကနေ ၁၅ဝ ပါနေမယ်။
အမျိုးသမီး Vagina ဗဂျိုင်းနာထဲမှာ အဲလို စွန့်ထုတ်-ပန်းထွက်မှု ဖြစ်တာနဲ့ သုက်ကောင်တွေဟာ သားအိမ်ဝကနေ Uterus သားအိမ်ထဲကို ရေကူးသလို တက်လာကြမယ်။ မ-မျိုးဥကို အငန်းမရ လိုက်ရှာနေကြတာ ဖြစ်တယ်။ အမြန်ဆုံး သုက်ပိုးဟာ နာရီဝက်သာ ကြာတယ်။ နှေးတဲ့ကောင်တွေက တစ်ရက်နဲ့ မရောက်နိုင်ဘူး။

အမျိုးသမီးကိုယ်ထဲမှာ သုက်ပိုးဟာ ၄၈ နာရီကနေ ၇၂ နာရီအထိ ရှင်နေနိုင်တယ်။ ပန်းတိုင်အထိ အရောက် ကူးလာနိုင်တဲ့ သုက်ကောင်ရေ ရာဂဏန်းလောက်သာ ရှိတယ်။
တခုတည်းသော သုက်ပိုးကနေ ရင့်သန်မှုရှိနေတဲ့ Egg မျိုးဥထဲကို ထိုးဖေါက် ဝင်ရောက်တာနဲ့ Conception သန္ဓေတည်ခြင်း ဒါမှမဟုတ် Fertilization မျိုးစပ်ခြင်းဖြစ်စဉ် စတင်ပါတော့မယ်။

ဒီဖြစ်စဉ်က ၂၄ နာရီသာကြာတယ်။ ဒီအချိန်မှာ Genetic makeup မျိုးဗီဇအသစ်ပုံဖေါ်မှု ပြီးဆုံးသွားပြီ ဖြစ်တယ်။ မွေးလာမဲ့ကလေးဟာ မိန်းကလေးလား၊ ယောက်ျားလေးလား သတ်မှတ်လိုက်ပြီ ဖြစ်တယ်။

ဒါက ဆေးပညာအရင် ပြောပြထားတဲ့ ပဋိသန္ဒေ တည်တာနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက် တွေ ဖြစ်ပါတယ်၊ မြတ်စွာဘုရား အဘိဓမ္မာမှာလဲ ဒါကို ထောက်ခံထားပါတယ်၊

ပုဂ္ဂိုလ်သတ္တ၀ါတစ်ယောက်ဖစ်လာတော့မယ်ဆိုတော့မယ်ဆိုရင်
(၁) အတိတ်ကံက ကာယဒသကကလာပ်=ကိုယ်ဖြစ်မဲ့ရုပ်၊
(၂) ဘာဝဒသကကလာပ်=ယောင်္ကျားမိန်းမဖြစ်မဲ့ရုပ်၊
(၃) ၀တ္ထုဒသကကလာပ်=စိတ်နှလုံးဖြစ်မဲ့ရုပ်အဲဒီကလာပ်(၃)စီး၊ရုပ်ပေါင်း(၃၀)ကိုပစ်ချပေးပါတယ်။
သတ္တ၀ါရဲ့အစလို့ဘဲဆိုရမှာပေါ့၊ ပဋိသန္ဒေ စိတ်ကလေးပါ၊ ဒီပဋိသန္ဒေစိတ်ဖြစ်တာနဲ့ ကံကြောင့်ဖြစ်
သောရုပ်၊စိတ်ကြောင့်ဖြစ်သော ရုပ်တို့လဲ အဆင့်ဆင့်ဖြစ်ကြပါတယ်။
ကံတရားကသူ့မှတ်တမ်း ကမ္မပစ္စယသတ္တိကိုကိုကြည့်ပြီး ပုံကြမ်းချပေး၊စိတ်ဥတုအာဟာရတို့နဲ့ ပြင်ဆင်လိုက်တာနဲ့ ပုဂ္ဂိုလ်သတ္တ၀ါတစ်ယောက်ရဲ့ ပုံပေါ်လာပါတယ်။ တဖြည်းဖြည်းကြီး ထွားပြီးလာပါတယ်။

ဒီအချိန်မှာ သူ့သန္တာန်မှာဖြစ်နေတဲ့ စိတ်ကဘ၀င်စိတ်တွေပဲ ဖြစ်နေပါတယ်၊
အခုပြောပြခဲ့တဲ့ ဆေးပညာဖြစ်စဉ်တွေ အဘိဓမ္မဖြစ်စဉ်တွေကို ကြည့်ခြင်းအားဖြင့် ကိုယ်ဝန်တည်နေ တာဟာ အသက်မရှိသေးဘူးလို့ ပြောဆိုလို့ မရတော့ပါဘူး၊ အသက်ရှိနေပါတယ်၊ ဒါဆို အဲဒိကိုယ်ဝန်ကို ဖျက်ချလိုက်ရင် ဘယ်လိုအပြစ်တွေ ဖြစ်မလဲ စဉ်စားကြည့်ကြရအောင်ပါ၊ ကိုယ်ဝန်ဆိုပေမေ့ အဲဒိကိုယ်ဝန်သားလေးမှာ အသက်ပါနေပါပြီ ဒါဆို သတ္တ၀ါ တစ်ဦးတစ်ယောက်ကို သေစေလိုတဲ့ စေတနာနဲ့ သတ်ရင် အောက်မှာပြောပြမယ့် အင်္ဂါတွေနဲ့ ငြိနေရင် အပြစ်ဖြစ်ပါတယ်၊ အဲဒီ အင်္ဂါတွေကတော့ -

(၁)သတ္တ၀ါဖြစ်ခြင်း၊
(၂)သတ္တ၀ါဟုသိမှတ်ခြင်း၊
(၃)သတ်လိုသော၊သေစေလိုသောစိတ်စေတနာရှိခြင်း၊
(၄)သေစေရန်ပြုလုပ်အားထုတ်ခြင်း၊
(၅)ထိုပြုလုပ်အားထုတ်မူကြောင့်သေခြင်း။

အခုပြောပြခဲ့တဲ့ အချက်ငါးချက်နဲ့ ပြည့်စုံမယ်ဆိုရင် ကိုယ်ဝန်ဖျက်ချတာဟာ သူတစ်ပါး အသက်ကို သတ်ခြင်းပါပဲ၊ အဲဒါကြောင့် သူ့အသက်သတ်ခြင်းကြောင့် ရမယ့် ဆိုးကြိုးတွေကို ရင်ဆိုင် ကြုံတွေ့ ရမှာပါ၊ အဲဒါကို လင်္ကာလေးနဲ့ မှတ်ရလွယ်အောင် တောင်မြို့မဟာဂန္ဒာရုံ ဆရာတော်ကြီးက အခုလို

“ပါဏာတိပါတ်၊ သူ့သက်သတ်က
ချို့တတ်အင်္ဂါ၊ မွဲပြာရုပ်သွင်
အားအင်ချို့ယွင်း၊ လျှင်ခြင်းလည်းဝေး
ဘေးကိုကြောက်တတ်၊ အသတ်ခံရာ
အနာများလျက်၊ ခြွေရံပျက်၍
အသက်တိုလျ၊ ပြစ်များစွသည်
ရှောင်ကအပြန်၊ အကျိုးတည်း။” လို့ ဖွဲ့ဆိုထားပါတယ်

အဲဒီလင်္ကာအရ သူ့အသက်ကိုသတ်သူများဟာ ဖြစ်ရာဘဝမှာ မိခင်ဝမ်းတွင်းကတည်းက ကိုယ်လက်အင်္ဂါအပြည့်မစုံ ဖြစ်လာတတ်ပါတယ်။
ရုပ်ရည်မှာ ကြည့်မရလောက်အောင် မွဲပြာနေတတ်ပါတယ်၊ ။ အားအင်ခြောက်ခန်းပြီး ချိနဲ့နေတတ်ပါတယ်။
လျှင်မြန်ဖျတ်လတ်မှုမရှိဘဲ လေးလံထိုင်းမှိုင်းနေတတ်ပါတယ်။ အမြဲတန်း ကြောက်ကြောက်ရွံ့ရွံ့ တုန်တုန်ခိုက်ခိုက်နေရတတ်ပါတယ် ။ သူတစ်ပါးအသတ်ကိုခံရပါတယ်။ သူတစ်ပါးက လာမသတ်လျှင် မိမိကိုယ်မိမိ ပြန်သတ်တာမျိုး လုပ်ပြီး သေကြောင်းကြံတတ်ရပါတယ် ။

အဆိပ်သောက်သေသူများ၊ ရေထဲခုန်ချသေသူများ၊ ရထားအကြိတ်ခံသေသူများဟာ ပါဏာတိပါတကံ ပါလာသူများဖြစ်ကြပါတယ်။ နောက်ထအ် ဆိုးကျိုးများမှာ အနာရောဂါများခြင်း၊
အခြွေအရံပျက်ခြင်း၊ အသက်တိုခြင်းတို့ဖြစ်တတ်ပါတယ်၊ ။ အကယ်၍ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြည်မည်ဆိုလျှင် ယခုဆိုးကျိုးများရဲ့ ဆန့်ကျင်ဘက် -

- ဖြစ်ရာဘဝကိုယ်လက်အင်္ဂါပြည့်စုံစွာဖြစ်ရခြင်း။
- ရုပ်ရည်ချောမောလှပ ကျက်သရေရှိခြင်း။
- ခွန်အားဗလကြီးခြင်း။
- လျှင်မြန်ဖျတ်လတ်ခြင်း။
- ရဲရဲရင့်ရင့် တုန်လှုပ်မှုကင်းစွာ နေနိုင်ခြင်း။
- အနာရောဂါကင်းဝေးခြင်း။
- အခြွေအရံများခြင်း။
- အသက်ရှည်ခြင်း။

စတဲ့ ကောင်းကျိုးများကို ပြန်လည်ရရှိမည်ဖြစ်ပါတယ်၊ ။ လူသားတွေမှာ သက်တမ်းဆုတ်သောကပ်၊ တက်သောကပ်ဟူ၍ နှစ်မျိုးရှိပါတယ်။ သီလမရှိမှုကြောင့် ဆုတ်ကပ်ဖြစ်ရပြီး သီလရှိမှု သီလနဲ့ ပြည့်စုံမှုကြောင့် တက်ကပ်ဖြစ်ရပါတယ် ။ ယခုအချိန်ကို ဆုတ်ကပ်အချိန်ဟုဆိုရပါမယ် ။ မရေမတွက်နိုင်အောင် အသက်ရှည်သော အသေင်္ချေယတန်းမှစ၍ ဆုတ်လာခဲ့ရာ (၇၅) နှစ်တန်းအချိန်သို့ပင် ရောက်လာပါပြီ။

ဒါကြောင့် နောက်ဆုံး နိဂုံးချုပ်နေနဲ့ ပြောပြချင်တာကတော့ ကိုယ်ဝန်ဖျက်ချတာဟာလဲ သူတစ်ပါး အသက်ကို သတ်ခြင်းဖြစ်တဲ့ အတွက် အပြစ်ကြီးပါတယ်၊ အသက်ရှည်၊ ကျန်းမာ ချမ်းသာပြီး အနာရောဂါ ကင်းချင်ပါရင် ကိုယ်ဝန်ဖျက်ချတာက အစ သူတစ်ပါး သတ်ခြင်းအမှုကိစ္စများကို ဝေး စွာရှောင် ရှားကြပါလို့ တိုက်တွန်းစကား ဆိုလိုက်ပါရစေ ------------------၊

ရွှေမန်းသား အရှင်အကုင်္ရ
http://mingalargarden.blogspot.in/
3.8.2014 , moment India. Annamalai university.
ကျမ်းကိုး-
ခုဒ္ဒက အဋ္ဌကထာ( ၂၂)
ဒေါက်တာတင့်ဆွေရဲ့ ဆေးပညာဆိုင်ရာ အမေးအဖြေများ

Monday, 28 July 2014

သူငယ်ချင်းဟောင်း ခေတ်သစ်တေမိ



အိန္ဒိယကနေ ကျောင်းခနပိတ်တော့ မနှစ်က (၁၃၇၅) ခုနှစ် သင်္ကြန်တွင်းမှာ မြန်မာပြည်ကို အလည်ခနပြန်ဖြစ်တယ်၊ ခွင့်က နှစ်လရတော့ ကွဲကွာနေတဲ့ သူငယ်ချင်းတွေနဲ့ အတတ်နိုင်ဆုံး တွေ့ဖြစ်အောင်ကြိုးစားမိတယ်၊ တစ်ချို့က ကျောင်းထိုင်ဘုန်းကြီးတွေဖြစ်နေကြပြီ၊ တစ်ချို့က စာချဘုန်းကြီးတွေဖြစ်လို့၊ တစ်ချို့ ရိပ်သာမှာ တရားပြဆရာတော်တွေ အသီးသီး တာဝန်ကိုယ်စီနဲ့ သာသနာတော်ကြီးကို ကိုယ်နိုင်ရာက ထမ်းရွက်အကြိုးပြုနေကြတယ်၊

သူငယ်ချင်းတွေအများကြီးထဲက သူငယ်ချင်းတစ်ယောက်ကတော့ တောင်ဥက္ကလာက မိသားစု စာသင်တိုက်လေး တစ်တိုက်မှာ စာချဘုန်းကြီးလုပ်နေတာ အချိန်တွေတော်တော်ကြာပြီဆိုပဲ၊ တစ် ရက်မှာ သူ့ကို သွားတွေ့ဖြစ်တယ်၊ သူနဲ့ ကိုယ်က အသက်ကော၊ ၀ါပါ အတူတူနီးပါး၊ လပိုင်းလေးပဲခြား ကြတာ၊ မုံရွာမှာလဲ အတူတူ၊ မန္တလေးမှာလဲ မကွဲမကွာ၊ စာသင်တိုက်တွေမှာနေဖြစ်ကြတာ၊ သေအတူရှင်မကွာလို့ ပြောလို့ရတာပေါ့၊ ကိုယ်က မန်း( န.ပ.သ) တက္ကသိုလ်ပြောင်းတက်တော့မှ သူနဲ့ ကိုယ်က ဝေးကွာသွားကြတာ၊

ဒါတောင် ကိုယ်နေတဲ့ တက္ကသိုလ်နားကို သူမစိုးရိမ်တိုက်သစ်က နေပြောင်းပြီး နန်းရှေ့က အရှေ့တိုက်တော်မှာ ပြောင်းနေဖြစ်တော့ တစ်ပါးနဲ့ တစ်ပါး တွေ့ဖြစ်ဆုံဖြစ် နေသေးတာ၊

အဲဒီငယ်ပေါင်းကြီးဖော်သူငယ်ချင်းက ငယ်ငယ်ကဆို အရမ်းသွက်လက်ချက်ချာနေတာ၊ စကားပြောရင်လဲ ဟာသတွေနဲ့ အရွှန်းအဖောက်တွေနဲ့ဝေေ၀စီစီ ရီစရာတွေက တစ်ပုံတပင် သူ့ကို ခုံမင်တဲ့ သူတွေကလဲ ဒုနဲ့ဒေးပေါ့၊ သူနဲ့အတူ သူ့ဇာတိရွာလေးကို အလည်လိုက်သွားတုန်းကဆိုရင် ရွာထဲကို စ,၀င်လိုက်တာနဲ့ သူနာမည်ခေါ်ပြီးနှုတ်ဆက်ကြတာ

တစ်လမ်းပြီး တစ်လမ်း၊ မနားတမ်းပြန်ဖြေနေရတာ မမောနိုင်မပမ်းနိုင်ပါပဲ၊ ကလေးကသိ ခွေးကသိလို့ သူ့ကို ချစ်စနိုးနဲ့ စကြပြောင်ကြရတဲ့ အထိပါပဲ၊

အခုရန်ကုန်မှာ စာချဘုန်းကြီးလုပ်နေတဲ့ အဲဒီသူငယ်ချင်းက ငယ်ငယ်ကလို စကားတွေ အရမ်း မသွက်တော့ဘူး၊ လူတွေနဲ့လဲ သိပ်ကျယ်ကျယ်ပြန့်ပြန့် ဆက်ဆံရေးမလုပ်တော့ဘူး၊ ရန်ကုန်မှာသာ နေတာ မြို့ထဲကိုလဲ အသွားအလာနည်းပြီး ဘယ်နေရာဘာရှိတယ် သူမသိဘူး၊ သူသွားရင် တက္ကစီနဲ့ပဲ အသွားများတော့တာ၊

သူအတွက်က တစ်နေ့တစ်နေ့ စာသင်သားတွေကို စာဝါချပေးမယ်၊ လ္ဘက်ရည်ချိုဆိမ့်တစ်ခွက် ရယ်ဆို ပြည့်စုံနေတာ၊ အပူအပင်နည်းလို့၊ အခုသူက ဖေ့စဘုတ်တွေဘာတွေ သုံးလာတော့ ခေတ်မီ လာပြီးဆို သူ့အတွက် ၀မ်းသာနေရတယ်။ ဒါပေမယ့် တစ်ရက်မှာ သူက ပြောလာတယ်၊

“သူငယ်ချင်း ဖေစဘုတ်မသုံးချင်တော့ဘူး”တဲ့ ဘာလို့လဲ သူငယ်ချင်းဆိုတော့
လူတွေနဲ့ သိတာတွေများလာလို့၊ စကားမပြောချင်တော့လို့ဆိုပဲ

“ဟာကွာ ဖေစဘုတ်ဆိုတာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံဖို့ လုပ်ပေးထားတဲ့ ဆိုရှယ်နက်ဝပ်လေ ကွာ”လို့ ကိုယ်က ပြောမိတော့

“မဟုတ်ဘူးကွာ၊ လူတွေနဲ့ သိပြီး စကားပြောတာများလာရင် သူတို့ဆီက အပူတွေကူးတယ်ကွ
ဒါကြောင့် ငါ လူတွေနဲ့ သိပ်စကားမပြောတော့တာ”၊

အခုဆို အဲဒိသူငယ်ချင်းကို ဖေ့စဘုတ်မှာ မတွေ့တာအချိန်အတော်ကြာပေါ့၊ သူကတော့ အပူကြောက် ပြီး၊ ဖေစဘုတ်ကနေထွက်ပြီး အပြင်မှာစာဝါလေးချလိုက် ချို့ဆိမ့်လေးသောက်လိုက်နဲ့ ဘ၀ကို အေး အေးဆေးဆေး ကျော်ဖြတ်နေမယ်ထင်ပါတယ်၊

ကိုယ်ကတော့ ဒီအရာတွေကို အခုထက်တိုင် မစွန့်နိုင်သေးပဲ အပူတွေကြားမှာ အပူတွေလိုက်ရှာ နေမိတာ၊ တစ်နေ့နေ့ တစ်ချိန်ချိန်တော့ သူငယ်ချင်းလို စာဝါလေးချလိုက် ချို့ဆိပ်လေးသောက်လိုက်နဲ့ အေးအေးဆေးဆေးဘ၀ကို လျှောက်နိုင်ကောင်းပါရဲ့------------။ ။

( သူငယ်ချင်းဟောင်း မောင်ဂုဏ်နွယ်အတွက် မှတ်မှတ်ရရ)

သစ္စာမိုးဝေ။ ။

အန္ဒတစ်ယောက်ရဲ့ အခန်း

ဘုရား မရှိ တရားမရှိ
အမှားအပြည့်
တံခါးမရှိ ဓါးမရှိ
ဝင်းသူ ထွက်သူ များပြား၏
သွားလဲ မသိ လာလဲ မသိ
သတိမရှိ အသိမငြိ
အမြဲတမ်းသာေ၀၀ါး၏

သူလဲ မသိ ငါလဲ မသိ
ချစ်ခင်၏ စွဲလမ်း၏
အသည်း ကျွမ်း၏
မခွဲတမ်းလို့ ထင်မိ
တနွယ်ငင် တစင်မိ
အစဉ်သာ တွယ်ငြိ
တဏှာသမုဒယတွေမှာမြှုံမိ
အရိယာတို့က ပြုံးကြည့်လေသောအခါ

အော်--------ကာမေသု ကာမသုခလ္လိကာ
နုယောဂေါ ဟီနော ဂါမ္မော ပေါထုဇ္ဖနိကော
အန ရိယော အနတ္ထ သံဟိတော ။ ။

သစ္စာမိုးဝေ

Thursday, 24 July 2014

လူမထွက်ချင် တော့ပါ



(၁)

မြစ်ဧရာ ဘက်ကမ်းဆီက တိုက်ခတ်လာသောလေသည်၊ ရွှေစည်းခုံဘုရားရှိ ဆဲလဲလေးတွေကို လှုပ်ရမ်းလျှက် ၊ တချွင်ချွင် တလွင်လွင် သာယာနာပျော်ဖွယ်ဖြစ်နေသည်၊ သူနေထိုင် သီတင်းသုံးတဲ့ ဇေတ၀န် တိုင်ခြေကျောင်းကနေ ရွှေစည်းခုံစေတီကြီးကို လှမ်းဖူးရတာ ရင်ထဲအေးမြလှသည်၊ ညနေခင်းတိုင်း မြောက်ဘက်စောင်းတန်းကနေ စေတီတော်ကြီးဆီ လှမ်းလျှောက် တက်သွားပြီး ဘုရားရင်ပြင် သန့်ရှင်းရေးလုပ်၊ တောပန်း တောင်ပန်းလေးတွေခူးတင်ရင်း ၀တ်ပြုရတာ၊ ဆုတောင်းရတာက သူ့အတွက် အေးမြလျှက်၊ နေ့စဉ်နေ့တိုင်း ဒီလိုပုံစံနဲ့ အေးငြိမ်းရာကို ခိုလှုံဖြစ်နေ သည်၊

(၂)

စိတ်တို့သည် အခက်သားကလား အေးငြိမ်းရာမှာ အနေကြာလာတော့ အပူကို ရှာချင်လာသည် ထင်သည်၊လူဆိုတာကလဲ တစ်ခါတစ်ခါ အ၀ိဇ္ဖာပိတ်ကာဖုံးတော့ မိစ္ဆာလုံးလုံး ဖြစ်တာ ဓမ္မတာပဲလေ၊ အဲဒိလို ဖြစ်ပြီဆိုရင် အအေးကို အပူထင်၊ အပူကို အအေးထင်မိတော့တာပါပဲ၊ အခုလဲ သူ့ရင်ထဲတွင် အ၀ိဇ္ဖာတို့ ပိတ်ကာဖုံးလေပြီ အေး ငြိမ်းရာနေရာကနေ ပူတဲ့နေရာဆီ ရွေ့လျှားချင်နေသည်၊
“ငါ- လူထွက်တော့မယ် ကွာ”
တစ်သက်လုံး အေးဆေးစွာ စာကြိုးစားနေလာသော သူ့ကို မယုံသင်္ကာစွာ သူငယ်ချင်းတွေက ၀ိုင်းကြည့်ကြသည်၊ နောက်ပြီး မေးခွန်းကိုယ်စီနဲ့
“ဘာလို့ ထွက်မှာလဲကွ၊ မပျော်လို့လား၊ မင်းကောင်းမလေးက လူထွက်ခိုင်းလို့လား၊ ပါရာဇိကကျလို့ လား၊ မိဘတွေက ပြန်ခေါ်လို့လား”
“ဘာမှ မဟုတ်ပါဘူး ကွာ၊ သာသနာဘောင်မှာ မပျော်တော့လို့ပါ”
အရာအားလုံးကို လုံးစေ့ ပတ်စေ့ အဖြေမပေးချင်တာနဲ့ မုသားကို သဲ့သဲ့ သူသုံးလိုက်သည်၊
နားထဲမှာတော့ “မောင်တော် ဒီတစ်ဝါပြီးရင် လူထွက်ခဲ့တော့နော်” ဆိုသော ချစ်သူနှမတော် စကားက နားဝတွင် အထပ်ထပ် ကြားယောင်နေသည်၊

(3)

“ဟေ့ သူငယ်ချင်း မင်း ဆရာတော်ကို လူထွက်မယ့် အကြောင်းလျှောက်ပြီးပြီးလား” သူငယ်ချင်းများ အမေးကို သူက ခပ်လေးလေးပင်
“ဆရာတော် လျှောက်ရင် ထွက်ခွင့်ပေးမယ် မထင်ဘူးကွ”
“အေး ဒါဆို ဒီလို လုပ်ကွာ တို့ ဧရာဝတီကမ်းက ယင်းရဲဆိပ်ဆက် ညနေမှာ သွားမယ်၊ အဲဒီမှာ ထွက်ပြီး မင်းက ရွာဘက်သွားလိုက်တော့၊ တို့ကတော့ ခပ်တည်တည်နဲ့ ကျောင်းကို ပြန်လာမယ်၊”
“အေးကွ အဲဒီ အစီအစဉ်ကောင်းတယ်၊”
အားလုံး အစီအစဉ်ကို သဘောတူလိုက်သည်၊
မနက်ကတည်းက ရွာဘက်ကို ဆွမ်းခံသွားရင်း အသာဝှက်ယူလာသော အကျီင်္နဲ့ ပုဆိုးကို ထုတ်ထုတ် ကြည့်နေမိသည်၊

(၄)

သူတို့ တိုင်ပင်အစီစဉ်ဆွဲထားသော ညနေခင်းသည်။ ပျင်းပျင်းနဲ့ စောင့်လိုက်ရာ ရောက်လာပြီ ဆရာတော် အခန်းဘက်ကို မသိမသာ အကဲခတ်ကြည့်တော့ စာကြည့်နေတာ တွေ့ရသည်။ ဆရာ တော်ကို အခန်းအပြင်ဘက်ကပဲ မသိမသာ ဦးတိုက် ကန်တော့လိုက်သည်၊
သူငယ်ချင်းတွေနဲ့ ယင်းရဲဆိပ်ဘက် ထွက်လာလိုက်သည်၊
လူမထွက်ခင် ရဟန်းဘ၀နဲ့ အားရပါးရ ရွှေစည်းခုံဘုရားကို ၀င်ဖူးချင်လာသည် ၊ ဘုရားလှိုင် အတွင်းတွင် တိတ်ဆိတ်လျှက် ငြိမ်သက်နေသည်၊ သူဘုရားကို အာရုံပြု ဆုတောင်းနေစဉ်၊
“ အရှင်ဘုရား တပည့်တော်မသည်၊ ဤကောင်းမှုကြောင့် ဆင်းရဲခပ်သိမ်း ပပျောက်ငြိမ်း၍ ငရဲမှ ဝေးကွာရပါလို၏ အရှင်ဘုရား၊ ထိုပြင် တ၀ တပည့်တော်မ ဖြစ်လေရာ ဖြစ်လေရာ ဘ၀တိုင်းမှာ ဘုန်း ကြီးလူထွက်ရဲ့ အိမ်သူသက်ထား ဇနီးမယား လုံးဝမဖြစ်ပါရစေနဲ့ ဘုရား” လို့ ဆုတောင်းချွေနေသော ဒကာမ တစ်ယောက် အသံက သူနားထဲတွင် ၀င်ပျံလာသည်၊ သူဘာလုပ်ရမည်လဲ လူထွက်မလို့ လာခဲ့တာကို အခု ဘုန်းကြီးလူထွက် ဇနီးမယား ဘ၀ဘ၀တိုင်း မဖြစ်ပါရစေနဲ့ ဆိုပါလား၊ မဖြစ်သေးပါဘူး သွားမေး ဦးမှ ၊ ဘုရားရှေ့ ဦးချပြီး ဆုတောင်းသံချွေနေတဲ့ ဒကာမဆီ သူအပြေးသွားလိုက်သည်၊

“ ဒကာမလေး အခုန ဘုန်းကြီး လူထွက်မယား ဘ၀ဘ၀တိုင်း မဖြစ်ပါရေ စေနဲ့ ဆိုပြီး ဆုတောင်း လိုက်သလား”
“ မှန်ပါ တောင်းလိုက်ပါတယ် ဘုရား၊ အရှင်ဘုရား ဘာများ ဖြစ်လို့လဲ ဘုရား”
“ ဘာဖြစ်လို့ အဲဒီလိုကြီး တောင်းရတာလဲဗျ၊ ဘုန်းကြီးလူထွက်လဲ လူပဲ မဟုတ်ဘူးလား”
“ မှန်ပါ ဘုရား၊ ဘုန်းကြီး လူထွက်လဲ လူပါပဲဘုရား၊ ဘုန်းကြီးလူထွက် ဇနီးမယား ဖြစ်ရင် လူမိုက် မယား ဖြစ်တာနဲ့ အတူတူပါပဲ ဘုရား”
“ ဗျာ------------ ဘယ်လို ဘယ်လို’

“ ဒီလိုပါ ဘုရား၊ ဘုန်းကြီး ရဟန်းဆိုတာ သူများ လှူဒါန်းတဲ့ ကျောင်းသင်္ခန်းမှာ နေရတယ်၊ သူများ လှူဒါန်းတဲ့ အ၀တ်သင်္ကန်းကို ၀တ်ရတယ်၊ ဆွမ်းကို စားရတယ်ဘုရား၊ အေးအေး ဆေးဆေး နေရပါ တယ် ဘုရား၊ အဲဒီလို အေးအေးဆေးဆေး နေပြီး စာပေ ပဋိယတ်ကို သင်လိုက သင်လို့ရပါတယ်၊ မသင်ပဲနဲ့ သင်္ကန်းကို ခြေကန်ပြီး အိပ်နေလဲ ရပါတယ် ဘုရား၊ အဲဒီလို အခြေနေလှ ဇိမ်ကျတဲ့ ဘ၀က ခုန်ချပြီး သူများကျွန်ခံဦးမယ်၊ မိန်းမကျွန် လုပ်ဦးမယ်ဆိုရင် အဲဒီ ရဟန်းလူထွက်ထက် မိုက်တဲ့ လူမိုက် ရှိပါဦးမလား ဘုရား၊”

“ အင်း ဟုတ်တာပဲဗျာ”
သူ ဘာဆက်လုပ်လို့ ဘာကို စီစဉ်ရမှန်းမသိတော့ ယင်းရဲတံခါး အပြင်ကိုထွက်ပြီး ဧရာဝတီမြစ်ကြီးကို ငေးနေလိုက်သည်၊ မြစ်ပြင်သည် တသိမ့်သိမ့် တလိမ့်လိမ့် စီးခွေလျှက် ၊
သူငယ်ချင်းတွေက အပြေးရောက်လာကြပြီး၊ “ ဟေ့ သူငယ်ချင်း လာလေကွာ၊ ဒီမှာ စောင့်နေတာကြာ ပြီး မိုးချုပ်သွားရင် ကျောင်းအပြန်နောက်ကျလို့ တို့ကို ဆရာတော်က ဆူနေပါဦးမယ်၊ မင်းအ၀တ် အစားတွေ အမြန်လဲပြီး ရွာဘက်ကိုသွားတော့ လမ်းခွဲကြရအောင်”

“ ငါ လူမထွက်တော့ဘူး သူငယ်ချင်းတို့”
“ ဟေ- ဘာလို့လဲ ကွ”
“ ငါ လူမိုက် မလုပ်ချင်တော့လို့ပါ ကွာ” အားလုံးကို အကြောင်းစုံပြောရင်း
“ နောက်ပြီး ကျောင်းကို ပြန်မလိုက်တော့ဘူးကွာ၊ ငါ ဒီကနေ စစ်ကိုင်းဘက် ကူးတက်ပြီး စာဆက်သင် တော့မယ်၊ အားလုံးးကို နှုတ်ဆက်ခဲ့တယ်ကွာ၊ ဆရာတော်ကိုလဲ အကြိုးအကြောင်း လျှောက်လိုက်ကြ ပါကွာ၊”
“ အေးပါ ကွာ၊ မင်း အလားလုံး အဆင်ပြေ အောင်မြင်ပါစေ”

(၅)

ဧရာဝတီ မြစ်ရေသည် ကြည်လင်နေသည်၊ စစ်ကိုင်းတောင်အထက်နားဆီက ဆွမ်းဦးပုညရှင်ဘုရားဆီ ကခေါင်းလောင်းသံတို့က ဝေေ၀စီစီ၊ တရုပ်စကားပွင့် ဖြူဖြူလေးတွေက မွှေးလို့ ဖွှေးလို့၊ အေးငြိမ်းရာ သည် အရာရာလှလှပပ တည်ရှိနေလေပြီ ။ ။

ရွှေမန်းသား အရှင်အကုင်္ရ

(စာကြွင်း= သက္ကရာဇ် (၁၀၃၄)ခု မဟာသီဟ သုဓမ္မရာဇာမင်းလက်ထက် တိလောကဂရု ဆရာတော် အကြောင်းကို ရေးဖွဲ့ပူဇော်ပါသည်၊)
ကျမ်းကိုး-
သာသနာ လင်္ကာရစာတမ်း၊

Tuesday, 22 July 2014

စာသင်သား ရဟန်းတစ်ပါး လောကဓံနှင့် စာချစာသင် ရဟန်းခံ

စာသင်သားဘ၀ဆိုတာကို ထင်လွယ်မြင်လွယ် ဥပမာပေးရရင် ဘော်ဒါဆောင်မှာ ကျောင်းအိပ်ကျောင်းစား သွားနေတဲ့ ကျောင်းသားတွေလိုပါပဲ၊ ဘော်ဒါဆောင်က ကျောင်းသားတွေကတော့ ချမ်းသာတဲ့ မိဘကလာတဲ့ ကလေးတွေများပါတယ်၊ စာသင် သားတွေကတော့ တောဘက်နယ်ဘက်က တက်လာတဲ့ ရဟန်းသံဃာက အများစုပါ၊

ဘော်ဒါမှာနေတဲ့ ကျောင်းသားတွေက ဘော်ဒါက ချက်ကျွေးတာ ၊ မိဘဆွေမျိုး တွေက ပို့တဲ့ အခြောက်အခြမ်းတွေနဲ့ စိုစိုပြေပြေလျှောက်လှမ်းကြရပေမယ့် စာသင်သား ရဟန်းသံဃာများကတော့ အဲဒီလိုမဟုတ်ပါဘူး ကျောင်းပိတ်လို့ ပြန်သွားတဲ့ ဇာတိနယ် ရွာက ပြန်ရောက်စအခါမှာပဲ အခြောက်အခြမ်းနဲ့ ၀တ္ထုငွေကြေးလေးတွေကြောင့်သာ စိုစို ပြေပြေ နေရတဲ့ အခိုက်အတန့်လေး တစ်ခနတာ ရှိတတ်တကြာပါ၊

စာသင်တိုက်က စာဝါတွေဖွင့်ခါစရက်တွေမှာ ရွာပြန်၊ နယ်ပြန်သွားကြတဲ့ သံဃာ အသီးသီးဟာ ခရီးအနီးအဝေးကပြန်ရောက်လို့ စာအံသံတွေလဲ ဆူဆူညံ့၊ လက်ထဲက ငွေယားလေးများကလဲ ချလွံ ချလွံပေါ့၊ ကျောင်းနားအနီးတစ်ဝိုက်က လ္ဘက်ရည်ဆိုင်တွေ မှာလဲ မနက်တိုင်း ပုဂံသံ၊ ခွက်သံတွေ ဝေဆီညံနေတာပါပဲ၊

အဲဒီလို ရွာကပြေန်ရောက်စမို့ မနက်တိုင်း မနက်တိုင်း လ္ဘက်ရည်ဆိုင်မှာ ဟေ့ ဒီဝိုင်းက ချိုကျ၊ ဟေ့ ဒီဝိုင်းကပေါ့ဆိမ့်၊ ဟေ့ ဒီဝိုင်းက ပဲအီကြာ၊ ပလာတာ၊ ထပ်တစ် ယာ၊ နန်းကြီးသုတ် စသည် စသည်မှာတဲ့ အသံတွေနဲ့ လ္ဘက်ရည်ဆိုင်မှာရှိကြတဲ့ စားပွဲထိုးလေးတွေ အလုပ်ရှုတ်ကြရတဲ့ အခါကာလ သမယ ဆိုရင်လဲ မမှားပါဘူး၊

တစ်လ၊ နှစ်လ သုံးလလောက်လဲကြာကော စာသင်းသားတွေမှာ ပါလာတဲ့ ဖွတ်ကလိဒင်းဂါးကလဲ လုံးရာကနေပြား၊ ပြားရကနေ မဖောင်း၊ ရွာမှာစိုက်ထားတဲ့ အမေနဲ့အဖေရဲ့ လယ်ကွက် တွေကလဲ ကောင်းသား ဆိုးသလား အတိအကျ မသိရတော့၊ ကျောင်းနားက လ္ဘက်ရည် ဆိုင်လေးတွေမှာ ချိုကျမှာသံ၊ ပေါ့ဆိမ့် မှာသောက်သံ၊ ပလာတာ၊ ထပ်တယာ၊ ပဲအီကြာ၊ နန်းကြီးသုတ်မှာသံတွေဟာ အမှာကြဲ ပြီး အရောင်းကျ ခပ်ဟဟပဲ ကျန်ပါတော့တယ်၊

အဲဒီတော့ ဆွမ်းခံမသွားခင် အချိန်တွေမှာ အာရုဏ်ဆွမ်းဟာဘယ်ဝယ်ဆီ ဘယ်ဝယ်ဆီ မှန်းဆကာ တမ်းရမည် ဆိုသလိုပါပဲ ၊ အာရုဏ်ဆွမ်းကပ်တဲ့ စာသင်တိုက်ဆိုတာ မန္တလေးမှာ ခပ်ရှားရှားပါ၊ အာရုဏ်ကို အာရုဏ် မခံနိုင်ပဲ စာကိုသာ အာဂုံရဖို့ ၀မ်းလျားမှောက် တောက် လျှောက်ကျက်မှတ်ရတာပါပဲ ၊

စာချဆရာတော်ဆီ စာတက်တဲ့ အခါမှာလဲ အတန်းကျောင်းတွေ တက္ကသိုလ်တွေ လို စာသင်ခုံတွေနဲ့ စာတက်ရတာမဟုတ်ပါဘူး ဆရာရှေ့မှာ ဒူးလေးတုပ် ခါးလေးကုန်း ရိုရိုကြိုးကြိုး စာကို မြတ်နိုးစွာရေးမှတ်ပြီး သတိမလပ် တလစပ် တစ်နာရီစာဝါချချိန်ကို ကုန်ဆုံးအောင် လိုက်ရမှတ်ရ ဆိုရတာပါ၊ တစ်ခါတစ်ခါ ကိုယ်ကျောင်းတိုက်မှာ မချတဲ့ စာဝါများဆို တခြားကျောင်းတိုက်ကို ပြေးလိုက်ရပါသေးတယ်။ စောစောရောက်မှ နေရာ ရပြီး အဆင်ပြေပြေ စာဝါလိုက်ရတာပါ၊ နောက်ကျလို့ကတော့ လှေကားခုံမှာ ကြုံသလို ထိုင်ပြီး စာဝါပြီးအောင် ရေးမှတ် တေးမှတ်နဲ့ တစ်နာရီ ကုန်ရတာပါ၊

ဒီလို စာဝါတွေလိုက်၊ စာအံကျောင်းတွေတက် သတိမပြတ် ကျက်မှတ်ခဲ့တာ တောင် တစ်ခါတရံ စာမေးတွေက အကျအရှုံးနဲ့ နပမ်းလုံးရသေးတာပါ၊ ဘုန်းတော်ကြီး များစာမေးပွဲဟာ ကျောင်းသူကျောင်းသားတွေလို စာမေးပွဲလို တစ်နှစ်တစ်တန်း ပုံမှန် အောင်ဖို့ မလွယ်ပါဘူး၊ ဥာဏ်လဲကောင်းမှ ၊ ကံလဲကောင်းမှ ၊
စာလုပ်အားလဲ ကောင်းမှ အောင်ချက်မှန်တာပါ၊ နို့မို့ဆိုရင် တစ်နှစ်လာတစ်ခါကျ တစ်နှစ်လာ တစ်ခါကျနဲ့ စိတ် ဓာတ်တွေ ချွတ်ချုံကျပြီး ရဟန်း၊သာမဏေဘ၀ကနေ လူပျံတော် ဖြစ်သွားကြတဲ့ သာဓ ကတွေကလဲ ဒုနဲ့ဒေးပါ၊

တစ်ခါက စာသင်းသားကိုယ်တော်လေး နှစ်ပါးကတော့ တစ်ရွာထဲ တစ်ရပ်ထဲ အပြိုင်ကြဲတာလဲဖြစ်တော့ တစ်ပါးက စာမေးပွဲအောင်၊ တစ်ပါးက စာမေးပွဲကျတော့ စိတ်ညစ်ညစ်နဲ့ လေးထပ်တိုက်ကျောင်းဆောင်ပေါ်ကနေ ဘ၀တစ်ပါးကို ကူးသွား အောင် ခုန်ချဘူးပါတယ်၊

စာသင်သား အများစုကတော့ စာမေးပွဲတွေကို ဖြေတိုင်းအောင်ချင်တာ၊ စာတွေ တတ်ချင်ကြတာ ဆန္ဒတူညီရှိကြပါတယ်၊ ဒါပေမယ့် ကံမတူတော့ တစ်ခါတစ်ရံ အလံမ ထူနိုင်တာ အပြစ်မဆိုသာပါဘူး၊ လူတွေမှာ ကံကို ပြိုင်လို့မရတာရှိတယ်။ ဆံကို ပြိုင်လို့ မရတာရှိတယ်၊ ဥာဏ်ကို ပြိုင်လို့မရတာရှိတယ်၊ စာသင်သားရဟန်းသံဃာတွေဟာ လူထဲက လူဖြစ်နေလေတော့ တစ်ပါးနဲ့ တစ်ပါး ကံမတူတာ၊ ဥာဏ်မတူတာရှိကြ တာပေါ့၊

ရှေးရှေးဆရာတော်ကြီးများ ကတော့ ကံဆန်းမန်းတက်၊ ဥာဏ်စမ်း ဆန်းတက်လို့ ဆိုရိုးစကားထားခဲ့ကြပါတယ်၊ တစ်ချို့ဒကာ၊ ဒကာမများကလဲ စာသင်းသား ရဟန်းသံ ဃာများကို ဖြစ်စေချင် ရစေချင်တဲ့ ဆန္ဒတွေနဲ့ “အရှင်ဘုရား တိပိဋကကြီးဖြစ်အောင် လုပ်နော် ၊ အရှင်ဘုရား ဒေါက်တာကြီးဖြစ်အောင် ကြိုးစားနော် ကြိုးစားနော်”နဲ့ အားပေး ဖေါ်ရကြပါတယ်၊ ကိုယ့်ကိုယ်တော်ရဲ့ ဥာဏ်နဲ့ ကံကိုယ်တော့ မသိတာများကြတာက အများသား ကလား၊

စာသင်သားဘ၀နဲ့ စာချဘုန်းကြီးတွေရဲ့ဘ၀ကို ထပ်ဟပ်ပြတဲ့ ကဗျာလေး တစ်ပုဒ်က-
“ဗေဒင်လက္ခဏာ၊ ဆေးဆရာ၊
ရိပ်သာတရားဟော၊
ဤသည့် ဘုန်းကြီး တန်ခိုးကြီး
စားပြီးလာဘ်လာပေါ၊
စာသင် စာချဒုက္ခိတ လာဘ၊ နတ္ထိနော”၊ ဆိုပြီး စပ်ဆိုထားတာ တွေ့ဖူး ဖတ်ဖူးပါတယ်၊ စာသင်သားတွေ စာချဘုန်းကြီးတွေရဲ့ ဘ၀တွေဟာလဲ ထိုကဗျာထဲကလို လာဘ်လာဘ နည်းပါးကျတာ များပါတယ်။

စာသင်တိုက်မှာနေကြတဲ့ ရှင်သာမဏေလေးတွေ ရဟန်းခံချိန်အရွယ် ရောက် ပေမယ့် တစ်ချို့ ရဟန်းဒကာ၊ ဒကာမပေါ်တာတွေလဲ ကြုံရကြားရမြင်ရပြန်ပါတယ်၊ တစ်ချို့ ရဟန်းဒကာဒကာမတွေကတော့ စာသင်တိုက်က ကိုယ်တော်လေးတွေ စာသင်သားလေးတွေ ကို အရေးထား ပစ္စည်းပါး ထောက်ပံ့မှုပါ အားသာတာတွေရတော့ သာသနာအရှည် ဖြစ်မယ့် အရေးမို့ အေးဆေးရပြန်ပါတယ်၊

တစ်ခါက ဒကာမကြီးတစ်ယောက်ကတော့ စာသင်တိုက်က ဆရာတော်ကြီး ရောက်လာပြီး-
“အရှင်ဘုရား တပည့်တော် ရဟန်းလောင်းတစ်ပါးလောက် ရချင်ပါတယ် ဘုရား၊”
“အေး ရဟန်းလောင်း ရပါတယ် ရဟန်းခံဖို့လား၊”
“တင်ပါး ၊ ဒါပေမယ့် တပည့်တော် ရဟန်းခံမယ့် ရဟန်းလောင်း ကိုရင်က ရုပ်လဲချောရ မယ်ဘုရား၊ စာလဲတော်ရမယ် ဘုရား၊ ၀ိနည်းလဲလေးစားရမယ် ဘုရား၊ ကျန်းမာရေးလဲ ကောင်းရမယ် ဘုရား၊”
အဲဒီလို လျှောက်ထားတဲ့ ဒကာမကြီးစကားကို ဆရာတော်ကြီးက
“ဟေ---------- ဒီလိုဆို ငါ့ခေါင်းရင်း ဟော ပလ္လင်ပေါ်က ငါကိုးကွယ်ထားတဲ့ ကျောက်ဆင်းတုကြီးသာ ပင့်သွားပေတာ့”
ဆရာတော်ကြီးရဲ့ အဲဒီလို ပြတ်ပြတ်သားသား မိန့်ကြားချက်လဲ ကြားရော ဒကာမကြီး ဟာ ကျောင်းပေါ်က တချိုးတည်း ဆင်းပြေပါတော့တယ်၊

ရဟန်းခံတယ်ဆိုတာ တစ်ချို့ဒကာ၊ ဒကာမများကြတော့ သိမ်ဝင်တုန်းအခိုက် အတန့်မှာသာ လောင်းလှူပြီး ကျန်တဲ့ စာသင်နေတဲ့ အချိန်တွေမှာ ကိုယ့်ရဟန်းစာသင် သားကို မေ့ထားလိုက်တဲ့ ဒကာ၊ ဒကာမမျိုးကြတော့ ရဟန်းတစ်ခါလို့ ဆိုစမှတ်ပြုကြ တာ မှတ်ဘူးပါတယ်၊

ဆရာတော်ကြီးတစ်ပါးကတော့ အေး ရဟန်းခံပြီးဆိုရင် ဘဲရဟန်းဒကာမဖြစ်စေနဲ့ ကြက်ရဟန်းဒကာမျိုးဖြစ်ကြစေလို့ သြ၀ါဒချွေဖူးတာ မှတ်ရဖူးပါတယ်၊

ဘဲရဟန်းဒကာဆိုတာ ၀မ်းဘဲတွေဟာ သူ့တို့ဥတွေကို ဥချင်တဲ့နေရာဥခဲ့ပြီး ပြန်မ ၀တ်တတ်ကြပါဘူး၊ နွေးနွေးထွေးထွေးလဲ မထားတတ်ကြပါဘူး၊
အဲ ကြက်မတွေများကြာတော့ သူတို့ဥတုအဥတွေကို နွေးနွေးထွေးထွေးကြင်ကြင်နာနာ ဥပေးတယ် ၀ပ်ပေးတယ်၊ အကောင်လေးတွေအရွယ်မှာလဲ ကိုယ်နဲ့ မကွာစောင့်ရှောက် ကြပါတယ်၊ ဒါကြောင့် အဲဒါကို မြင်တော်မူလို့ ဆရာတော်ကြီးက ဘဲရဟန်းဒကာ မဖြစ် စေနဲ့ ကြက်ရဟန်းဒကာဖြစ်ကြစေလို့ သြ၀ါဒ ပေးဟန်တူပါတယ်၊

စာသင်သားအများစုရဲ့ လိုအပ်ချက်ဟာ စာသင်နေတုန်းမှာ၊ စာသင်တိုက်မှာ ချို့ ချို့တဲ့တဲ့ ဆင်းဆင်းရဲရဲနဲ့ စာဝါလိုက်နေတုန်း၊ မိဝေးဖဝေးနဲ့ စာတွေကြိုးစားနေတုန်းမှာ ကြင်ကြင်နာနာ ဖေးဖေးမမနဲ့ ထောက်ပံ့ကြမယ့် ဒကာ၊ ဒကာမတွေကိုပါ၊

ဆရာတော်ကြီးဖြစ်သွားမှ၊ ကျောင်းထိုင်ကြီးဖြစ်သွားမှ လာလှူတာမျိုးထက် အဲဒီ အချိန်၊ အဲဒီလို နေရာမှာ လှူတန်းလိုက်တာဟာ ကန္တာရထဲမှာ စမ်းရေတစ်ပေါက် ရှာ တွေ့တာပါလို့ ပြောရရင် လွန်မယ်မထင်ပါဘူး၊

သာသနာတော်မြတ်ကြီး သုံးရပ်ရှိရာမှာ၊ စာသင်၊စာချလုပ်နေတဲ့ ပရိယတ်သာသ နာကသာ
အဓိကရေသောက်မြစ်ကြီးပါ၊ စာသင်၊ စာချလုပ်နေတဲ့ စာသင်သား ရဟန်း သံဃာတွေကို လျှစ်လျူရှုလိုက်တာဟာ ရေသောက်မြစ်ကြီးကို ရေမလောင်းပဲ ပြစ်ထား လိုက်သလို ဖြစ်မှာပါ၊

ရေသောက်မြစ်ကြီသေသွားရင် ကျန်တဲ့ ပဋိပတ်သာသနာ၊ ပဋဝေဓသာသနာဆို တဲ့ အကိုင်းအခက်တွေဟာ ဝေစီမှာ မဟုတ်တော့ပါဘူး၊ ပဋိပတ်သာသနာ= တရားအား ထုတ်တာ၊ ရိပ်သာမှာ တရားပြတာ၊ ပဋိဝေဓ -ထိုးထွင်းသိခြင်းစတဲ့ သာသနာတွေကို ဝေစီချင် ရင် အဓိကရေသောက်မြစ် ဖြစ်တဲ့ ပဋိယတ်သာသနာမှာ စာသင်၊စာချဘ၀နဲ့ ကြိုးစားနေ ကြတဲ့ စာသင်သား ရဟန်းသံဃာများကို ပစ္စည်းပါးဖြင့် တတ်နိုင်သလောက် ရေလောင်း ပေးကြပါစို့ -------------------

ရွှေမန်းသား အရှင်အကုင်္ရ

Monday, 21 July 2014

စာသင်သား ရဟန်းတစ်ပါး လောကဓံနှင့် ၀က်သားဟင်း တစ်ပုဂံ



လူတော်တော်များများက ရဟန်းတော်တွေရဲ့ စင်အောက်က ဘ၀တွေကို သိရတာ ကြားရတာ မြင်တာနည်းပါတယ်၊ စင်ပေါ်ရောက်မှ ထင်ပေါ်လောက်မှ သိကြများပါ တယ်၊
စင်အောက်က ဘ၀တွေဆိုတာ ဆင်းဆင်းရဲရဲ စာသင်သားတွေရဲ့ ဘ၀ကို ပြောလိုတာ ပါ၊ စင်ပေါ်က ဘ၀တွေဆိုတာကတော့ အများသိကြတဲ့ အတိုင်း တရားဟောဓမ္မကထိ က ကြီးဖြစ်သွားတာတို့၊ နာမည်ကြီး စာရေးဆရာကြီးဖြစ်သွားတာတို့၊ နာမည်ကြီး လူများ တဲ့ ကျောင်းထိုင်ဆရာတော်ကြီး ဖြစ်သွားတို့ စသည်စသည်တို့ပေါ့ဗျာ၊

စာသင်သားရဟန်းတစ်ပါး လောကဓံ နှင့် လွှာဖိနပ် တစ်ရံပို့စ်လေးတင်လိုက် တော့ ဖတ်ဖြစ်မိတဲ့ မန္တလေးက အသိဒကာမတစ်ယောက်က မစိုးရိမ်တိုက်သစ်က စာသင်သား ကိုရင်တစ်ပါးဆီ အရောက်သွားပြီး ၀ါဆိုသင်္ကန်းကပ်တယ်ဆိုတာ သိရ တော့ မိမိရေးလိုက်တဲ့ စာကြောင့် ဒကာ၊ ဒကာမတွေလဲ တကယ်လိုတဲ့ စာသင်သား တွေဆီ အရောက်သွားကာ ကုသိုလ်ပွားတာမြင်ရ ကြားရတော့ ရေးရကြိုးနပ်တာပေါ့ဗျာ၊
အခုတစ်ခါ စာသင်သားတွေရဲ့ ဆွမ်းကိစ္စတွေကို ဖောက်သည်ချချင်သဗျ၊ စာသင်သားတွေ ဆွမ်းကိစ္စက တခြားမြို့တွေတော့ မသိဘူး မန်းရွှေမြို့ကြီးမှာတော့ တော်တော် ခက်ခဲပါတယ်၊ မြို့လူဦးရေနဲ့ သံဃာဦးရေက သူမသာ ကိုယ်မသာဆိုတော့
စာသင်သားတစ်ပါးကို ဂရုတစိုက်နဲ့ နေ့စဉ်ရက်ဆက် ဆွမ်းလောင်းလှူမယ့် အိမ်လေး တစ်အိမ် ဆွမ်းရပ်ဖို့က တော်တော်ခက်ခဲတာကလား၊
ကိုယ်စရောက်လာတဲ့ စာသင်တိုက်မှာ လူခံကိုယ်တော်ကလဲ မရှိ၊ ရောက်စ စာသင်သားအသစ်ကလဲ ဖြစ်၊ နယ်မြေကလဲစိမ်း ရှိုးတိုးတိုး ရှိန်းတိမ်းတိမ်းနဲ့ ဆွမ်းခံအိမ် ဖိတ်ဖို့ကလဲ မ၀ံ့ရဲဆိုတော့ မနက်လေးနာရီလောက် စောစောထပြီး ဘုံလောင်းပြေးရတာ ပဲ၊

ဘုံလောင်းဆိုတာက အားလုံးနားလည်အောင် ပြောရရင် လာသမျှကိုယ်တော်တိုင်း ကို အဖြူအမဲ မခွဲခြားပဲ လောင်းလှူတဲ့ ဒကာ၊ ဒကာမတွေအိမ်တွေရှေ့ကို သွားတန်းစီ အိမ်ထဲက ဆွမ်းလောင်းလှူမယ့် ဒကာ၊ ဒကာမထွက်လာရင် တန်းစီပြီး ဆွမ်းခံတဲ့ နေရာ ကို ဘုံလောင်း လောင်းလှူတယ်လို့ ခေါ်တာပါ၊
တစ်ခါတစ်ခါ ကံဆိုးတာက ရှေ့ကတန်းစီနေတဲ့ ကိုယ်တော်တွေကများတော့ တန်းစီရင်း တန်းစီရင်းနဲ့ ကိုယ့်အလှည့်လဲရောက်ရော ဆွမ်းလဲကုန် ၊ ဆွမ်းလဲမကျန် ပန်လန်လက် ပက်လက်လန် ဖြစ်တာပါပဲ၊ အခုခေတ်တော့ ဘုံလောင်း အသင်းတွေ ပေါ်လာလို့ ဘုံလောင်းတိုးတဲ့ ကိုယ်တော်လေးတွေ အဆင်ပြေနေပါတယ်၊

ဒီလိုဖြစ်တာကလဲ အခုမှ အထူးအဆန်းဖြစ်တာ မဟုတ်ပါဘူး၊မင်းတုန်းမင်းခေတ် ဗန်းမော်ဆရာတော်ကြီးတို့ လက်ထက်ကတည်းက ဒီလိုပဲ ကြုံရကြားရ စာသင်သား တွေကြုံရနေတာကလား၊
အဲဒီဗန်းမော်ဆရာတော်လောင်းပေါ့ စာပြန်ပွဲသွားဖို့ သင်္ကန်းအသစ်မရှိလို့ မန္တ လေးတောင်နားက ကျောက်တော်ကြီး ဘုရားမှာသွားပြီး ကျောက်တော်ကြီး ဘုရား မှာကပ်လှူထားတဲ့ သင်္ကန်းကြီးကို စွန့်ဖို့လျှောက်ထားပြီး ခွါယူလာကာ စာပြန်ပွဲဝင်ခဲ့ရ တာ သမိုင်းကို တွင်ပါလေရော မဟုတ်လား၊

အခုတော့ ဗန်းမော်ဆရာတော်အကြောင်းမပြောပဲ ဆွမ်းခံတဲ့ အကြောင်းလေး ဆက်လိုက်ရအောင်ပါ၊ ဆွမ်းခံအိမ်ရှိတဲ့ စာသင် သားများကြတော့ ဆွမ်းခံအိမ်ကို အေးအေးဆေးဆေး မနက် (၇) နာရီလောက်မှ ကြွကြရပါတယ်။ ဆွမ်းခံအိမ်ရှိတာတောင် ဆွမ်းခံအိမ်တချို့က အခုလို ထိုင်ကိုယ်တော်၊ ရပ်ကိုယ်တော်၊ တို့ကိုယ်တော်ဆိုပြီး အသီးသီး ကွဲပြားသေးတာကလား ၊

ထိုင်ကိုယ်တော်ဆိုတာကတော့ ဆွမ်းခံအိမ်မှာ ခင်းထားတဲ့ နေရာမှာ အေးအေး ဆေးဆေးထိုင် ဆွမ်းလောင်းတာ ခံယူပြီး အေးအေးဆေးဆေး ပြန်ကြွရတဲ့ ကိုယ်တော် ပေါ့၊ ရပ်ကိုယ်တော်ဆိုတာကတော့ အိမ်ပေါက်ဝမှာ ရပ်ရုံရပ်ပြီး ဆွမ်းလောင်းတာ ခံယူ ပြီး ပြန်ကြွရတဲ့ ကိုယ်တော်ပေါ့၊ တို့ကိုယ်တော်ကတော့ ဆွမ်းခံအိမ်က ခင်းပေးတဲ့ နေရာ မှာလဲ ထိုင်ရတယ်၊ အေးအေးဆေးဆေး စကားပြော ဖွယ်ဖွယ်ရာရာလေးတွေလဲ ကပ် လှူခံရတဲ့ ကိုယ်တော်ပေါ့၊

မန်းမြို့က အိမ်တွေကလဲ အိမ်တစ်အိမ်မှာ ဆွမ်းခံကိုယ်တော်က မရှိဘူးဆို အ နည်းဆုံ့း ဆယ်ပါးလောက်ရှိနေ ကြွနေတာဆိုတော့ အဲဒီလိုကွဲပြားတာ အဆန်းတော့ မဟုတ် တော့ဘူးပေါ့၊ တစ်ချို့ဆွမ်းခံအိမ်တွေဆို ဆွမ်းခံကြွတဲ့ ကိုယ်တော်တွေများ လွန်းလို့ ဘွဲ့နာမည်တွေ မမှတ်မိကြတော့ဘူး၊ အဲဒီတော့ သူနည်းသူဟန်နဲ့ ပုသိမ်ဘက်က ကိုယ်တော်ကို ပုသိမ်သူ၊ လှုပ်လှုပ်နဲ့ ကြွတဲ့ ကိုယ်တော်ကို ဦးဇင်းလှုပ်တုပ်၊ အမြဲတမ်းပြုံးဖြီးဖြီး ကြွတဲ့ ကိုယ်တော်ကို ဦးဇင်း စမိုင်း ဆိုပြီး အဲဒီလို နာမည်ပြောင်တွေနဲ့ အသီးသိး တွဲမှတ်ထားတော့တာပဲ၊
စာသင်သားအများစုဟာ ဆွမ်းခံမထွက်ခင် သပိတ်နဲ့ ဆွမ်းဟင်း ခွက်လေးတွေကို လက်သုတ်ပုဝါနဲ့ သုတ်လေ့ရှိကြပါတယ်၊ အဲဒိလို သုတ်ရင်း တစ်ပါးနဲ့တစ်ပါး တစ်ခါတစ် လေနောက်ကြသဗျ၊
တစ်ပါးရဲ့ သပိတ်ထဲက ဆွမ်းဟင်းခွက်ထဲမှာ တစ်ပါး မသိအောင် စာရွက်လေး ပေါ်မှာ “၀က်သားဟင်းလောင်းပါ ဒကာမကြီး” ဆိုပြီး စာလုံးအကြီးကြီးနဲ့ ရေးလွှတ် လိုက်ရော ၊ အရေးခံလိုက်ရတဲ့ ကိုယ်တော်က မသိပဲ ခပ်တည်တည်နဲ့ ပုံမှန်ပဲ သင်္ကန်း လေးရုံ သပိတ်လေး ပိုက်ပြီး ဆွမ်းခံထွက်သွားလိုက်တာ၊
ဟော ဟော တစ်အိမ်ပြီး တစ်အိမ် ဆက်ကြွ ဆွမ်းခံ၊ တစ်အိမ်အရောက်မှာ အဲဒီ ရေးပေးလိုက်တဲ့ စာရွက်က ဆွမ်းဟင်းလောင်းမလို့ အုတ်ခွက်လေးကို ဖွင့်လိုက်တဲ့ ဒကာမ ကြီး လက်ထဲမှာ ထီးထီးမားမားပေါ်လို့၊
အဲဒီလို အစခံလိုက်ရတဲ့ ကိုယ်တော်ခမျာ၊ ဆွမ်းခံအိမ်မှာ မျက်နှာတွေရဲ၊ စိတ် တွေပူ အပြန်လမ်းတလျှောက်လုံး ခြေလှမ်းတွေ မမှန်တော့ဘူး ဖြစ်တာပါပဲ၊
နောက်ရက်ဆွမ်းခံတောင် ဘယ်လိုပြန်ကြွရမှန်း မသိဘူးဖြစ်ကော၊ နောက်ရက် ကြတော့လဲ ဆွမ်းခံမကြွလို့မှမဖြစ်တာ ရှေ့မျက်နှာ နောက်ထားပြီး ကြွရပြန်တာပါပဲ၊

မနေ့က ဆွမ်းဟင်းခွက်အုပ်လေးထဲက “၀က်သားဟင်းလောင်းပါ ဒကာမကြီး” ဆိုတဲ့ စာတွေ့သွားတဲ့ ဒကာမကြီးအိမ်က ၀က်သားဟင်းကို သေချာချက်လောင်းပါကောလား၊
ပြောရရင်တော့ စာသင်သားဘ၀ လောကဓံတွေဟာ မကုန်နိုင်ပါဘူး၊ ရဟန်းတစ် ပါးအတွက် ပစ္စည်းလေးပါး ဖြစ်တဲ့ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ရှိတယ်ဆိုပေမယ့် စာသင်တိုက်မှာ နေပြီးစာသင်နေတဲ့ စာသင်သားတစ်ပါး အတွက်တော့ သင်္ကန်းနဲ့ ဆွမ်းအဆင်ပြေနေရင် လောကနိဗ္ဗာန်ပါပဲ၊ ဆွမ်းခံသွားတဲ့ အခါ ဆွမ်းဟင်းကောင်းတစ် ခွက်နှစ်ခွက်ရရင် ပျော်နေပြီး

စာမေးပွဲတွေဖြေတိုင်း အောင်နေရင် လောကဓံကို ကျော စင်းခံရတာ နေပျော်တဲ့ ဘ၀ အနေတော်တဲ့ ဘ၀လို့ မှတ်ယူကြတာ များပါတယ်၊
လောဘလဲနည်း သောကလဲနည်းတဲ့ ပထမပြန် စာသင်သားဘ၀ဟာ လွမ်းစရာ ပါ။ ။

ရွှေမန်းသား အရွင္အကုၤရ