အချိန်ဆိုတာ ဘဝပါ
ညီမလေးရေ
မြန်မာပြည်မှာ ဆယ်တန်းအောင်စာရင်းတွေထွက်တော့ အွန်လိုင်းမှာ ချက်တင်အမြဲ တမ်းထိုင်ဖြစ်နေတဲ့ တပည်လေးတစ်ယောက်က ဖုန်းဆက်လာတယ်၊ ဒီနှစ်လည်း ဆယ်တန်းကျပြန်တယ်တဲ့၊သူကိုလေ့လာလိုက် တော့ ကျူရှင်တော့သွားပါရဲ့ ဒါပေမဲ့ သူသွား တဲ့ကျူရှင် တကယ်ကျူရှင်မဟုတ်ပဲ၊ အင်တာနက်ဆိုင်က ကြူရှင်ဖြစ်နေတယ်လေ၊ တစ်ရက်ကိုစာကျက်ဖြစ်တာထက် အွန်လိုင်းမှာချက်တင်ထိုင်နေတဲ့ အချိန်က သူအတွက်ပိုများနေတယ်၊
ကိုကြီးအမြင်ကိုပြောရရင် ချက်တင်ထိုင်တယ်ဆိုတာ တရုပ်သိုင်းဝတ္ထုဖတ်နေရ သလိုပဲလေ၊ ပြီးလည်းပြီးသွားရောဟာကနဲ့ဖြစ်ပြီး မှတ်သားစရာသိပ်မကျန်ခဲ့ ဘူးလေ၊ အွန်လိုင်းမှာလဲ ဒီလိုပါပဲညီမလေးရယ်၊ ချက်နေတုန်းတော့ ဟုတ်သလိုရှိပေမဲ့ တကယ့် တကယ်အနှစ်ချုပ်လိုက်ရင် နောက်ဆုံးကြတော့ အနှစ်သာရက နဲနဲပဲကျန်တာလေ၊
အွန်လိုင်းထိုင်ပြီး အင်တာနက်သုံးတတ်တာကောင်းပါတယ် ညီမလေးရယ်၊ ဒါပေ မဲ့ ချက်တင်တစ်ခုတင်မကပဲ၊တခြားအသိပညာဗဟုသုတရမယ့် ဆိုဒ်တွေကိုလေ့ လာမယ်ဆိုရင် ချက်တင်ထိုင်တာထက် အကျိုးရှိမယ်ထင်ပါတယ်၊
ကမ္ဘာလောကကြီးက လူတိုင်းလူတိုင်းအတွက် တစ်ရက်ကို (၂၄) နာရီအတိအ ကျ ပေးထားတာလေ၊ ဘယ်သူကိုမှ မျက်နှာလိုက်ပြီး ပိုမပေးထားပါဘူး၊ ပေးထားတဲ့ အချိန်တွေကို တန်းဖိုးရှိရှိ သုံးတတ်မယ်ဆိုရင်တော့ သုံးတတ်တဲ့သူတွေအတွက် တန်ဖိုးရှိတဲ့ လက်ဆောင်တွေရမှာပေါ့၊ မသုံးတတ်ရင်တော့ တစ်နှစ်လာလဲ ဒီဘဝ၊ ဒီအခြေ နေ၊ ဒီစတိုင်ပဲဆိုရင် အသက်သာကြီးပြီး အချိန်မစီးတဲ့သူ ဖြစ်နေမှာပေါ့၊
ချက်တင်ဆိုတာ ညီမလေးသိတဲ့အတိုင်းပါပဲ၊ ချက်ပြီးရင် ထချင်တာမဟုတ်ဘူး လေ၊ တစ်ယောက်နဲ့တစ်ယောက် ရေးထားတဲ့စာလေးတွေ၊ ကဗျာလေးတွေဖတ်ပြီး ကိုယ်ကိုယ့်အချိန်တွေကုန်မှန်းမသိ ကုန်နေတာလေ၊ နောက်ဆုံး မင်ဘာကုန်လို့ နာရီ ပြည့်လို့ ဆိုင်ထဲကထွက်လိုက်တော့မှ ကုန်သွားတဲ့အချိန်တွေ၊ ကုန်သွားတဲ့ပိုက်ဆံတွေဟာ ဘယ်လောက်နှမြောစရာ ကောင်းလဲ၊ ကိုကြီးပြောတာ ဟုတ်မဟုတ် ညီမလေးကိုယ်တိုင် စဉ်းစားကြည့် စေချင် ပါတယ်။
အချိန်တွေကို တန်ဖိုးမထားမိလို့ ရာဇဝင်ထဲမှာ မြင်းခံတော်ငပြည့်ဟာ အသက် ဆုံးရှုံးခဲ့ရဘူးတယ်လေ၊ ပြောရရင်တော့ ညီမလေးရယ် အချိန်ဆိုတာ ဘဝပါ၊ အချိန်ကို တန်ဖိုးထားပါမှ ကိုယ့်ဘဝကို တန်ဖိုးထားရာရောက်မယ်လေ၊ ဘာကြောင့် ဒီလိုပြောရ လဲဆိုရင် မိနစ်တွေလေးကို စက္ကန့်လေးတွေနဲ့ ဖွဲ့ထားပြီး၊ နာရီတွေကြပြန်တော့ မိနစ်လေးတွေနဲ့ ဖွဲ့ထားပြန်တာလေ၊ နောက်တစ်ခါ အဲဒီနာရီတွေကို စုပေါင်းလိုက်ရင် ရက်တွေ၊လတွေ၊နှစ်တွေဖြစ်လာတာလေ၊ အဲဒီနှစ်တွေကမှ အသက်တွေ၊ဘဝတွေ ဖြစ်လာတာမဟုတ်လား၊ ခုလို ချက်တင်ထိုင်ရင်း ညီမလေးအချိန်တွေဖြုန်း၊ပိုက်ဆံတွေ ဖြုန်းနေရင် ညီမလေးဘဝကို ညီမလေးကိုယ်တိုင် တစ်စချင်း၊တစ်ခဏချင်း ရိုက်ချိုးနေ တယ်ဆိုတာ တွေးကြည့်ပြီး သိစေချင်တယ်။
ညီမလေးရေ မိုးရေမိုးပေါက်လေးတွေဟာ ကောင်းကင်ကနေ တစ်ပေါက်ချင်းစီ သက်ဆင်းလာတာလေ၊ မြေကြီးပေါ်ရောက်မှ၊ ကန်တွေချောင်းတွေထဲရောက်မှ အစုအဝေးနဲ့၊ ရေပြင်ကြီးအဖြစ်နဲ့မြင်တွေ့ရတာလေ၊ ဒီလိုပါပဲ ညီမလေးရယ် ခုညီမလေး အင်တာနက် ဆိုင်လာသုံးနေတာဟာ ခဏလေးခဏလေးတွေဖြစ်ပေ မဲ့ အဲဒီခဏလေးတွေစုပေါင်းလိုက်ရင် အချိန်တွေအများကြီးဖြစ်လာမှာနော်၊
ခုလိုအကျိုးရှိတဲ့အချိန်လေးတွေကို တန်းဖိုးရှိလာအောင် ညီမလေးပြောင်းလဲ အသုံးချကြည့်ပါလား၊ ညီမလေးဘဝ သုံးနှစ်အတွင်း ပြောင်းလဲလာမှာလေ၊ ဥပမာ စာဖတ်တာ၊ အလုပ်တစ်ခုခုကို အချိန်လေးပေးလုပ်တာစတာလေးတွေပေါ့၊ ကိုယ်က မိန်းကလေးဆိုတော့ ခုလိုချက်တင်ထိုင်တဲ့ အချိန်တွေကိုလျှော့ပြီး၊ ဒီလိုအချိန်မှာ ပန်းထိုးတာ၊ စက်ချုပ်တာ၊ ကိုယ်အတွက် ဗဟုသုတရမဲ့ စာပေတွေဖတ်မယ်ဆိုရင် ညီမလေး ဘဝတိုးတက်မလား၊ ဆုတ်ယုတ်မလား ဆိုတာ ညီမလေးကိုယ်တိုင်တွေးကြည့်ရင် သိမှာပါ၊
ညီမလေးရေ ပြန်အစားထိုးလို့ မရတဲ့အထဲမှာ အချိန်တွေပါတယ်ဆိုတာ မမေ့စေ ချင်ဘူးလေ၊ အချိန်တွေလွန်သွားမှ နောင်တတွေတသီးကြီးနဲ့ငိုနေလို့ မဖြစ်ဘူးနော်၊ နောင်တဆိုလို့ ညီမလေးကို နောင်တရစရာအကြောင်းလေးတွေ ဆက်ပြောလိုက်ဦး မယ်နော်၊
နောင်တရစရာ အကြောင်းက (၁၀)ပါးတောင်ရှိတယ် ညီမလေးရဲ့၊ အဲဒါတွေက--------
(၁) ငယ်စဉ်မှာ ပညာမသင်ခဲ့မိလို့လဲနောင်တ ရတတ်တယ်၊
(၂) ဒုတိယအရွယ်ရောက်လို့ ပစ္စည်းဥစ္စာမစုဆောင်းထားရင်လဲ နောင်တရတတ်တယ်၊
(၃) သူတစ်ပါးရဲ့ ချစ်ခြင်းကိုခွဲမိခဲ့ရင်လည်းနောင်တ ရတတ်တယ်။
(၄) သူတစ်ပါး အသက်ကိုသတ်ခဲ့ရင်လည်း နောင်တရတတ်တယ်၊
(၅) သူများသားမယားကို ပြစ်မှာစော်ကားခဲ့ရင်လည်းနောင်တ ရတတ်တယ်။
(၆) ပစ္စည်းတွေရှိပြီး သူတစ်ပါးကို မပေးမကမ်းမလှူဒါန်းရင်လည်း နောင်တရတတ် တယ်၊
(၇) မိဘတွေကို မသေဆုံးခင်မှာ မပြုစုလိုက်ရရင်လည်း နောင်တရတတ်တယ်၊
(ဂ) သူတော်ကောင်းတွေရဲ့ ဆုံးမစကားကို မနာယူခဲ့ရင်လည်းနောင်တရ တတ်တယ်၊
(၉) ပညာရှိတွေဆီမှာ ပညာမသင်ခဲ့မိရင်လည်း နောင်တရတတ်တယ်၊
(၁၀) ငယ်ငယ်က အကျင့်စာရိတ္တမကောင်းခဲ့ရင်လည်း ကြီးလာတဲ့အခါမှာ နောင်တရ တတ်တယ်၊
ကဲ ညီမလေးရေ ဒါတွေကတော့ နောင်တရစရာအကြောင်းတွေပေါ့၊ ညီမလေးလဲ အဲဒီ လိုနောင်တရစရာအကြောင်းတွေနဲ့ မကြုံမဆုံအောင် ကြိုးစားထားနော်၊
ဒီစာလေးကို ဖတ်ပြီးချိန်ကစပြီး ချက်တင်ထိုင်တာတွေကို ရပ်ပြီး၊ တန်ဖိုးရှိတဲ့ အချိန်တွေကို တန်ဖိုးရှိတဲ့အလုပ်တွေနဲ့ အစားထိုးကာ ညီမလေးဘဝ တန်ဖိုးရှိအောင် ကြိုးစားလိုက်ပါနော်။
ရွှေမန်းသား ( အရွင္အကုၤရ)

No comments:
Post a Comment