ကြင်သူ သက်ထား အရွေး မမှားဖို့
ညီမလေးရေ
ဒီတစ်ခါ ညီမလေးကို လူ့ဘ၀မှာ လိုချင်တာနဲ့ လိုအပ်တာကိုခွဲခြားတတ်အောင် ပြောပြ ချင်သေးတယ်၊ တစ်ခါတစ်ခါဘ၀မှာ လိုချင်တာနဲ့လိုအပ်တာက မခွဲခြားတတ်အောင် ဖြစ်ရတယ်လေ၊
အဲဒီအခါ စိတ်တွေညစ်ရတာပေါ့၊ နောက်ပြီး ဒီနေ့ခေတ်ဆိုတာကလည်း နောက်ဆုံးပေါ် တွေက အများသား၊ ကိုယ်က၀ယ်လို့မှ မပြီးသေးဘူး၊ ၀တ်လို့မှ မကုန်သေးဘူး၊ ဟော နောက်တစ်ရက်ကြတော့ ဒီဇိုင်းအဆန်းလေးကပေါ်လာတယ်လေ၊ ဒါက အ၀တ်အစားနဲ့ ပတ်သက်လို့ပြောပြတာပါ ညီမလေးရယ်၊
နောက်တစ်ခု ဘ၀မှာအရေးကြီးဆုံးက ကိုယ်နဲ့တစ်သက်လုံးလက်တွဲမယ့် လက် တွဲဖော်ကို ရှာဖွေတဲ့နေရာပါ၊ အဲဒါကလည်းအရေးကြီးပါတယ် ညီမလေးရယ်၊ ဘာ ကြောင့်လဲဆိုရင် အဲဒီလူက ကိုယ်နဲ့ သေတစ်ပန်သက်တဆုံး တစ်သက်လုံးနေရမယ့်သူ လေ လက်တွဲပြီး အိမ်ထောင်တစ်ခု တည်ဆောက်ပြီးမှ“ဟင့်အင်း မလိုချင်တော့ဘူး”လို့ ငြင်းဖို့က အဆင်မပြေတော့ဘူးလေ၊
များသောအားဖြင့်တော့ လူတိုင်းဟာ ကိုယ့်ထက်သာတာကို လိုချင်ကြတာပေါ့ ညီမလေးရယ်၊ ဒါကြောင့် တစ်ယောက်ယောက်တွေ့ပြန်ရင် ကိုယ့်ထက်ပညာအရည်အ ချင်းသာလား၊ အလုပ်အကိုင် ၀င်ငွေသာလား၊ ရုပ်ရည်ချောသလားနဲ့ စုံစမ်းရတာ၊ လေ့ လာရတာအမောလေ၊ တစ်ချို့ကြတော့လည်း သွားမပါရင်နေ ကားပါရင်ပြီးရောလို့ တောင်သဘောထား ကြသေးတယ်၊ ပြောရရင်တော့ညီမလေးရယ် ကိုယ်နဲ့တန်းတူ အရွယ်တူ ဘာသာတူ၊ လူမျိုးတူ ပညာအရည်အချင်းတူတဲ့သူသာ လက်တွဲပြီး အိမ်ထာင်တစ်ခုတည်ဆောက် တာဟာအကောင်းဆုံးလို့ ထင်ပါတယ်၊
ဒါနဲ့ပတ်သက်ပြီး ညီမလေးကို ပုံပြင်လေးတစ်ပုဒ်ပြောပြပါဦးမယ်၊ တစ်ခါက ကြွက်မကြီးတစ်ကောင်ရှိသတဲ့၊ အဲဒီကြွက်မကြီးမှာ အရမ်းချောတဲ့ ကြွက်မီးမီးလေးရှိ တယ်ဆိုပဲ၊ ဒီလိုနဲ့ သူ့မီးမီလေးအရွယ်ရောက်လာတော့ ဘယ်သူနဲ့မှ တူတယ်တန်တယ် မထင်ပါဘူးတဲ့၊ အနီးအနားရှိတဲ့ ကြွက်ကိုကိုကာလသားလေးတွေများ အနားကိုအကပ် မခံဘူးတဲ့၊ ဒါနဲ့ မေမေကြွက်မကြီးက စဉ်းစားတယ်တဲ့ ဒီကမ္ဘာတန်းခိုးအကြီးဆုံးက မိုးနတ်မင်းကြီးဖြစ်ရမယ်ပေါ့၊ ဒါကြောင့် မိုးနတ်မင်းကြီးဆီသွားပြီး သူကြွက်မီးမီးကို မိဖုရားအရာ မြှောက်ဖို့တောင်းပန်ရှာတယ်၊ အဲဒီတော့ မိုးနတ်မင်းကြီးက“ဟာ ငါ့ကို ဘာ လို့ ဒီလိုလာပြောရတာလဲ“လို့မေးတော့၊“မှန်လှပါ အရှင်နတ်မင်းကြီးက ဒီကမ္ဘာမှာ တန် ခိုး အကြီးဆုံးထင်လို့ပါ” လို့ပြန်လျှောက်သတဲ့၊ ဒီတော့ မိုးနတ်မင်းကြီး“ဟာ အဲဒီလိုဆို ရင်တော့မှားပြီ ငါ့ထက်တန်ခိုးကြီးတာ နေနတ်မင်းကြီးဗျာ”လို့ ပြန်ပြောလိုက်သတဲ့၊
ဒီလိုနဲ့တစ်ခါ ကြွက်မေမေကြီးဟာ နေနတ်မင်းကြီးထံ ပြေးပြန်တယ်၊ သူ့ရဲ့ချစ်မငြီးတဲ့ ကြွက်မီးမီးလေးကို သိမ်းပိုက်ဖို့လျှောက်ထားတော့ ၊ နေနတ်မင်းကြီးကလည်း ပြန်ပြော ပြန်တယ်၊“ငါကတန်ခိုးကြီးတာ မှန်တယ်၊ ဒါပေမဲ့ ငါဘယ်လောက်တန်ခိုးကြီးကြီး တိမ် နတ်သားကိုတော့ ယှဉ်လို့မရဘူး၊ ငါက တန်ခိုးနဲ့ ပူချင်သလောက်ပူပေမဲ့ သူက ကွယ် လိုက်ရင် ငါပူခွင့်နေသာခွင့် မရတော့ဘူး”လို့ ပြောပြန်တယ်၊ ဒါနဲ့ ကြွက်မေမေကြီးလည်း တစ်ခါ တိမ်နတ်သားဆီပြေးရပြန်တယ်၊ တိမ်နတ်သားကိုလည်း အရင်နတ်မင်းများလို သူ့ရဲ့ကြွက်မီးမီးလေးသိမ်းပိုက်ဖို့ လျှောက်ထားတော့၊ တိမ်နတ်သားကလည်း ပြန်ပြော ရှာတယ်၊ ကျုပ်ကတန်ခိုးနဲ့ ဘယ်လောက်ပဲနေမင်းကြီးကို ကွယ်နိုင်ပေမဲ့ ကျုပ်ကိုလွင့် သွားအောင် လုပ်နိုင်တဲ့ လေနတ်သားရှိသေးတယ်လို့ ပြောလိုက်တော့၊ ကြွက်မေမေ ကြီးလည်း သမီးကြွက်မလေးအတွက် မမောနိုင်မပန်းနိုင် လေနတ်သားဆီပြေးရပြန် တယ်၊
လေနတ်သားဆီရောက်ပြန်တော့လည်း အကျိုးအကြောင်းပြောပြတော့ လေနတ် သားက တစ်ခါပြန်ပြီး။ “ကျုပ်က တိမ်တွေကိုလွင့်အောင် သစ်ပင်ကြီးတွေကိုကြိုးအောင် တိုက်နိုင်ပေမဲ့၊ ဟောဟိုက တောင်ပို့ကြီးကို တော့လွင့်သွားအောင်မတိုက်နိုင်ဘူး၊ ဒါ ကြောင့် ကျုပ်ထက်တန်ခိုးကြီးတာ အဲဒီတောင်ဘို့စောင့်တဲ့ နတ်မင်းကြီးပဲ”လို့ ပြန်ပြော တော့ ကြွက်မကြီးခမျာ၊ တောင်ပို့စောင့်နတ်ကြီး ဆီပြန်ပြေးရပြန်တယ်။ ဒီလိုနဲ့ တောင်ပို့ စောင့် နတ်မင်းကြီးကို အကျိုးအကြာင်းပြောပြပြန်တော့ တောင်ဘို့စောင့်နတ်မင်းကြီး ကလည်း၊
“ငါကတန်ခိုးကြီးတာမှန်ပေမဲ့ ငါထက်တန်ခိုးကြီးသူရှိနေသေးတယ်”၊ “ဘယ် သူများလဲ အရှင်နတ်မင်း” လို့ ကြွက်မေမကြီးကပြန်မေးတော့“အေး ဒေါ်ကြွက်ရေ ကျုပ် ဘယ်လောက်ပဲတန်ခိုးနဲ့ တောင်ဘို့တွေကိုကောင်းအောင် လုပ်ထားလုပ်ထား၊ အဲဒီ တောင်ဘို့တွေကို ဟိုကနေဒီ၊ ဒီကနေဟို ဒိုးယိုပေါက်တွေဖြစ်သွားအောင် လှိုင်ခေါင်း တွေဖောက်နိုင်တာ ဘယ်သူရှိမှာတုန်း၊ ကျုပ်ထက်တန်ခိုးသာတဲ့ ခင်များတို့ ကြွက်တွေပဲ ဗျာ”လို့ ပြောလိုက်မှ၊
သမီးကညာအတွက် လင်တောင်မောင်အရှာထွက်တဲ့ ဒေါ်ဒေါ် ကြွက်လည်း နီးရက်နဲ့ဝေးဖြစ်တာလေးနဲ့ ကြုံရတာပေါ့။ နောက်ဆုံးတော့လည်း ဘယ်လို ပဲလင်တော်မောင် အရှာထွက်ထွက် ကိုကိုကြွက်နဲ့ပဲ လက်ဆက်ပေးစားလိုက်ရတော့ တယ်လေ။ ။
ဒါကြောင့် ညီမလေးကို ပြောချင်ပါတယ်၊ တစ်ခါတစ်ခါ ကိုယ့်မျက်စိအောက်မှာ ရှိ တဲ့အရာကို သတိမထားမိပဲ အဝေးကြီးကိုမျှော်ကြည့်တတ်ပါတယ်၊ အဲဒီလို အခြေနေမျိုး နဲ့ကြုံလာရင် ဒီပုံပြင်လေးကိုသတိရပါနော်၊
နောက်ပြီး ညီမလေးငယ်ငယ်ကဆိုခဲ့တဲ့ မင်္ဂလာကဗျာလေးထဲကစာ ပိုဒ်လေး တစ်ပိုဒ်ကိုလည်း ပြန်ရွတ်ကြည့်စေချင်တယ်၊ အဲဒီစာပိုဒ်လေးက“လောဘအပို လိုမ လိုက်နဲ့ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ“ဆိုတာလေ၊ ပါဠိစာသားလေးပါမှတ်ထားချင် ရင်တော့ “သန္တုဋ္ဌီ စ” တဲ့ ညီမလေးရေ။ ။
ဒီကနေ့ကနေစပြီး ညီမလေးမင်္ဂလာရှိသောနေ့များကို ပိုင်ဆိုင်နိုင်ပါစေ။ ။

ရွှေမန်းသား ( အရွင္အကုၤရ)
No comments:
Post a Comment