Sunday, 12 August 2012

ဆူးလေလမ်းမကြီးနားက ခိုတွေကို အစာကျွေးရင်း




လူအုပ်ကြီးကား နေ့စဉ့်နဲ့အမျှသက်ဝင်လှုပ်ရှားနေသည်၊ ဘတ်စကားတွေက ၀င်လိုက်ထွက် လိုက်၊ ဗဟန်း(၃)လမ်း၊ ရေခဲဆိုင်၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အင်းစိန် စသည့်လိုရာခရီးသို့သွားနိုင်သည့်နေ
ရာလေး၊

ဆူးလေစေတီတော်ကြီးက ကြည်ညိုဖွယ်ရာဆည်းလဲသံ တွေကြားနေရသည်၊ မြို့တော်ခန်းမကြီးနဲ့ လွတ်လပ်ရေးကျောက်တိုင်တို့ကား အရပ်ရှည်ပြိုင်နေသည်၊ တရားရုံးကြီးက ဒိုင်လူကြီးသဖွယ် မားမားမတ်ရပ်ကြည့်နေသည်၊

ဧမာနွေလဘုရားကျောင်းနားဝယ် အစိမ်းကိုယ်စီကိုင်ထားသော ပွဲစားတို့က ရောက်လာသူတိုင်းကို အစ်ကို၊အစ်မခဏခဏခေါ်လျှက် အစိမ်းယူမလားမေးနေသည်၊ ဆူးလေစေတီတော်ခြေရင်းတွင် ခိုတွေအစာစားနေကြသည်၊

မီးသတ် ရှေ့တွင် အမဲအူပြုတ်သည်က ဖောက်သည်တွေကိုမျှော်နေသည်၊ အရာရာတိုင်းသက်ဝင်လို့၊ လှုပ်ရှားလို့၊ မြောက်ဥက္ကာလာသွားမည့်

(၄၃)အထူးကားတစ်စီးထိုးဆိုက်လာသည်၊ ခရီးတွေအ လုအယက် သူထက်ငါနေရာရှာနေကြသည်၊ အော် နေရာလေးတစ်နေရာအတွက် တွန်းသူတွန်း၊ ခွေ့သူကခွေ့၊ တိုက်သူကတိုက်နှင့် မသိမသာ ကြင်နာမှုတွေအစားနာကြင်မှုတွေကို ဖော်ပြနေကြ သည်၊

ရခဲ့ဘူးသောကဗျာလေးတစ်ပုဒ်ရင်ထဲပေါ်လာသည်၊ နှစ်ရှည်လများရထားဘူးသော ကဗျာလေး

“ လာတုန်းကလည်း၊ တစ်ယောက်တည်းနော်၊

လက်တွဲခေါ်လာ၊ ဖော်မပါဘူး၊

ပြန်သွားတော့လည်း၊ တစ်ယောက်တည်းနော်၊

လက်တွဲခေါ်လာ၊ဖော်မပါဘူး၊

ဥစ္စာချည်းနှီး၊ကိုယ်ထီးတည်၊

လာပြီးတော့နား၊ မသွားသေးခင်၊

ချိန်လေးတွင်မှ၊၀န်းကျင်ယှက်နွယ်၊

နှောင်ကြိုးတွယ်ကြ၊ ပြုံးရယ်မဲ့ငို၊

ချစ်မုန်းပိုကြ၊ မလိုဒေါသ၊

လိုလောဘနှင့်၊ ဘ၀ရိပ်မြုံ၊

ကကြိုးစုံကြ၊ ကံကုန်မိုးချုပ်

လက်တွဲဖြုတ်ကာ၊ သုတ်သုတ်စောလျှင်

ခရီးနှင်သည်၊ တို့လျှင်ဧည့်သည်တွေပါတကား၊”

တွေးကြည့်တော့ အားလုံးကခရီးသည်တွေဖြစ်ကြသည်၊ ကိုယ်လိုရာအရပ်သို့ ကိုယ်ဖြတ်ထားသော ကံလက်မှတ်ကလေးတွေဖြင့် သွားလာနေကြခြင်းဖြစ်သည်၊ တစ်ယောက်ကို တစ်ယောက်လိုအပ်လျှင် လောဘတွေဖြစ်ကြသည်၊ မလိုအပ်လျှင်ဒေါသတွေဖြစ်ကြသည်၊ ခဏတာ

ကိုရီးယားကားဇာတ်လမ်း ပိုင်းလေးထဲမှာလာဆုံသလို လာရောက်ဆုံကြခြင်းဖြစ်သည်၊ ငိုတဲ့အခါ ရုပ်ရှင်ထဲ၊ဗီယိုထဲမှ သရုပ် ဆောင်များကဲ့သို့ အဟုတ်ထင်ရောင်ကာ ငိုခဲ့ကြရသည်၊ ရီသောအခါတွင်လည်း ထိုနည်းအလား မခြား နားစွာ သရုပ်ဆောင်ကြရပြန်သည်၊

ချစ်လို့မှဝ၊ မုန်းလို့မှမကုန်၊ရီလို့မှမပြီး သံသရာခရီးကား ဆက်ကြရ ပြန်သည်၊ ချစ်သူနှင့်ခွဲရ၊ မုန်းသူနှင့်တွဲရ၊ ခွဲရေးတွဲရေး မမြဲသေးသော ကံတရားတို့သည် ရဟတ်ခြား ပမာ စုန်တစ်ခါဆန်တစ်လှည့်၊ နေချင်ပါသော်လည်း နေလို့မလို့၊ သေချင် ပါသော်လည်းသေလို့မရ

ဘ၀တွင် ခွကျမှုများဖြင့်ဖြတ်သန်းရင် မည်သူဖြစ်ဖြစ် ကိုယ်စိုက်ခဲ့တဲ့ အခင်းမှသစ်သီးကို ကိုယ်တိုင်စားသုံး ရခြင်းပင်ဖြစ်သည်၊မည်သူမျှမဖန်းဆင်း ကိုယ်ကိုယ်တိုင်ဖန်းဆင်းသော ဘ၀၏ အရင်းအမြစ်များပင်၊

“အရှင်ဘုရား ခိုစာဖိုးရှင်းရအောင်လေ”

ဘယ်ထိအောင် အတွေးလွန်နေမိသည်မသိ၊ ခိုစာရောင်းသောကောင်လေးကသတိပေးမှ အတွေးကိုဖြတ် လိုက်ရသည်၊

ဘတ်စကားဂိတ်ဆီထွက်လာလိုက်သည်၊ မြောက်ဥက္ကာကို သွားဖို့ဘတ်စကားကိုစောင့်ရ ဦးမည်၊ စဉ်းစားကြည့်မိတော့ ကိုယ်လည်းခရီးသည် တစ်ဦးပါလားဆိုတာ တွေ့လာသည်၊ အော် သံသရာလမ်းမဆုံးသရွေ့ခရီးဆက်ရဦးမှာပါလား။ ။

ရွှေမန်းသား ( အရှင်အကုင်္ရ)

p:s= အရှင်ဘုရား ရန်ကုန်အကြောင်းလေးတွေလည်း ရေးပါဦးဆိုတဲ့ ဒကာမတစ်ယောက်သို့

No comments:

Post a Comment