Wednesday, 1 August 2012
အကုသိုလ်အလုပ်ကို သိသိကြီးနဲ့ အပြစ်လုပ်တာနဲ့ မသိလို့ အပြစ် လုပ်တာကို ဘယ်သူက ပိုအပြစ်ကြီးလဲ
 ဦးဇင်းဘုရား ဓမ္မလမ်းပြကြယ်ထဲကို မေးခွန်းတစ်ခု ရောက်နေပါတယ် ဖြေပေးပါဦးဘုရား
  "အကုသိုလ်အလုပ်ကို သိသိကြီးနဲ့ အပြစ်လုပ်တာနဲ့ မသိလို့ အပြစ် လုပ်တာကို ဘယ်သူက ပိုအပြစ်ကြီးလဲ ဆိုတာကို" မသိလို့ အကုသိုလ်လုပ်တဲ့ သူက ပိုအပြစ်ကြီးတယ်လို့ သိထားတာ ဟုတ်ရဲ့လားဆိုတာ....မစန္ဒာမှ တစ်ဆင့်ဆရာတော် အား လျှောက်ထားပေးပါ....
အထက်က မေးထားတဲ့ မေးခွန်းလေးကို ဓမ္မပဒမှာလာတဲ့ စက္ခုပါလမထေရ်ဝတ္ထု လေးနဲ့ ဥပမာပေးဖြေပေးကြည့်ရအောင်ပါ၊
 ဒါကြောင့်လဲ အဲဒီမထေရ်ကို စက္ခုပါလလို့ အမည်တွင်ပါတယ်၊ ဒါပေမဲ့ အဲဒီစက္ခုပါလ မထေရ်ဟာ ရဟန္တာမထေရ်မြတ်ပါ၊ အဲဒီရဟန္တာမထေရ် အရှင်မြတ်ဟာ တစ်နေ့မှာ မနက်မိုးမလင်းခင် စင်္ကြန်လျှောက်ပြီး တရားမှတ်ပါတယ်၊ သူစင်္ကြန်လျှောက် တစ်ရားမှတ်တဲ့ စင်္ကြန်လမ်းမှာ ဖိုးဖလံလေး တွေကို မထေရ်မြတ်ဟာ မျက်နှစ်ကွင်း အလင်းမရရှာတော့ တက်နင်းမိပါတယ်၊
မနက်လင်းတော့ မြတ်စွာဘုရားကို ဖူးမျှော်ဖို့ရောက်နေတဲ့ ဧည့်သည်ရဟန်းတော် တွေဟာ ကျောင်းထဲကိုလှည့်လည် ကြည့်ရှုကြပါတယ်၊ အဲဒီလိုကြည့် ရှုတဲ့ အချိန် အခုနက စက္ခုပါလ မထေရ်စင်္ကြန်လျှောက်ထားတဲ့ နေရာကိုရောက်လာပါတယ်၊ ရောက်လာတော့ စောစောက မထေရ်မြတ် နင်းမိလို့ သေနေတဲ့ ဖိုးဖလံကောင်လေး တွေကို သွားတွေ့ပါတယ်၊
အဲဒီအကြောင်းကို ဧည့်သည်ရဟန်းတော်တွေက စက္ခုပါလမထေရ်ဟာ ဖိုးဖလံ ကောင်လေးတွေကို သတ်ပါတယ်ဘုရားလို့ လျှောက်ထားပါတယ်၊ အဲဒီအခါ မြတ်စွာ ဘုရားက ရဟန္တာတွေမှာ သေစေလိုတဲ့ စေတနာမရှိဘူး၊ အဲဒီလိုစေတနာ မရှိတဲ့ အတွက် အပြစ်မရှိဘူးလို့ မိန့်တော်မူပါတယ်၊
ဒါကြောင့် ဒီဝတ္ထုဇာတ်ကြောင်းလေးအရ မြတ်စွာဘုရားရှင်ရဲ့ ဆိုလိုချက်ကို ကောက်ချက်ချရမယ်ဆိုရင် ကိုသိုလ်အလုပ်ပဲ ဖြစ်ဖြစ် ၊ အကုသိုလ်အလုပ်ပဲ ဖြစ်ဖြစ်
လုပ်တဲ့သူက စေတနာမပါရင် အရာမရောက်ဘူးလို့ ဖြေပေးရမယ်ထင်ပါတယ်၊
တစ်ခါ ကုသိုလ်=ကောင်းတဲ့ အလုပ်ဆိုတာ ဘာကိုခေါ်သလဲနဲ့ အကုသိုလ်= မကောင်းတဲ့ အလုပ်ဆိုတာ ဘာကိုခေါ်သလဲ ဆိုတာလဲ သိထားသင့်တယ် ထင်ပါတယ်၊
ကုသိုလ်=ကောင်းတဲ့အလုပ်ဆိုတာ- အပြစ်မရှိတာ၊ ကောင်းကျိုးချမ်းသာဖြစ်မဲ့ အလုပ်မှန်သမျှဟာ ကုသိုလ်=ကောင်းတဲ့ အလုပ်တွေပါပဲ၊
အပြစ်မရှိဘူးဆိုတာ၊ ကိုယ်က အလုပ်တစ်ခုကိုလုပ်လိုက်တယ်၊ ကိုယ်လုပ်လိုက်တဲ့ အလုပ်ကြောင့် ကိုယ်လဲ အပြစ်မဖြစ်ဘူး၊ သူတစ်ပါးလဲ မထိခိုက်ဘူး၊ လုပ်ပြီးလို့ ပြန်တွေးကြည့်ရင်လဲ တွေးမိတိုင်း ၀မ်းသာပျော်ရွှင်နေရတဲ့ အလုပ်မျိုးကို ပြောတာပါ၊
အဲဒီလိုလုပ်ခဲ့တဲ့အတွက်ကြောင့် စိတ်လဲချမ်းသာနေမယ် ကိုယ်လဲလန်းဆန်းနေမယ် ဆိုရင် ဒါဟာ ကုသိုလ်=ကောင်းတဲ့ အလုပ်ဖြစ်ပြီပေါ့ ၊ နောက်နောင် ကိုယ်က ပြန်တွေးကြည့်လိုက်တိုင်းလဲ ပျော်ရွှင် ပီတိဖြစ်နေမဲ့ အလုပ်မျိုးပေါ့၊
အကုသိုလ်=မကောင်းတဲ့ အလုပ်ဆိုတာကတော့၊ အထက်က ပြောခဲ့တာတွေနဲ့ ပြောင်းပြန်ပါ၊  ကိုယ်လုပ်လိုက်တဲ့ အလုပ်ကြောင့် ကိုယ်လဲ အပြစ်ဖြစ်မယ်၊ သူတစ်ပါးလဲ ထိခိုက်မယ်၊ လုပ်ပြီး ပြန်တွေးကြည့်ရင်လဲ တွေးမိတိုင်း နောင်တတွေ ရပြီး ပူပန်နေမယ်၊
အဲဒီလိုပူပန်နေရတဲ့ အလုပ်မျိုးက ဘယ်လိုလုပ် ကောင်းကျိုးချမ်းသာကိုပေးနိုင်တော့ မလဲ ၊ ဒါဆို သေချာပါပြီ အဲဒီအလုပ်မျိုးတွေက အကုသိုလ်= မကောင်းတဲ့ အလုပ် တွေပါ၊
သတိလေးကပ်ပြီး ဝေးဝေးက ရှောင်လိုက်ပါလို့ သတိပေးပါရစေ၊
ဒါနဲ့ တဆက်တည်း သိဖူးတဲ့ ဒကာတစ်ယောက်အကြောင်းလေးကိုပါ ဖောက်သည် ချလိုက်ပါမယ်၊
အဲဒီဒကာလေးက ငယ်ငယ်က စစ်တပ်ထဲမှာအမှုထမ်းပါတယ်၊ စစ်တပ်ထဲမှာ အကြာကြီးကို အမှုတွေထမ်းခဲ့ပါတယ်၊ နှစ်အားဖြင်ဆိုရင် အစိတ်သုံးဆယ်လောက် ကြာမယ်ထင်ပါတယ်၊ 
ဒါပေမဲ့ သူအထက်က လူကြီးတွေက သူကို ဘယ်လိုစကားလုံး မျိုးတွေရိုက်သွင်းထားသလဲ ဆိုရင် လူသတ်ရင် ကုသိုလ်ရတယ်ဆိုပြီး ရိုက်သွင်း ထားပါတယ်၊ အဲဒါကြောင့် သူက တပ်ထဲမှာအမှုထမ်းစဉ်က ရှေ့တန်းထွက်ရရင်
ကုသိုလ်တွေများများရအောင် လူတွေများများသတ်ခဲ့တယ်လို့ ပြောပြပါတယ်၊
အဲဒီအချိန်က အသိအမှားကြီးဟာ ဘယ်အချိန်မှ မှားမှန်းသိရသလဲဆိုရင် သူတပ်က အငြိမ်းစားယူပြီး မုံရွာမြို့မှာ လျှပ်စစ်ဌာနကြီးမှာ ၀န်ထမ်းဘ၀ဖြစ်မှ စာသင်သား ဦးဇင်းတွေနဲ့ တွေ့မှ ၊ အဲဒီစာသင်သား ဦးဇင်းလေးတွေက လူသတ်တာဟာ အကု သိုလ်= မကောင်းတဲ့ အပြစ်ဖြစ်တဲ့ အကြောင်းပြောဟောပြတော့၊
အဲဒီစစ်မှုထန်းဟောင်း ဒကာကြီးဟာ နောင်တတွေတသီကြီးနဲ့ မျက်ရည်တွေကျခဲ့ ရှာပါတယ်၊
ဒီအဖြစ်အပျက်လေးကို သင်္ခန်းစာယူပြီး အကြံလေးတစ်ခုပေးချင်တာက ကိုယ်က ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်နေပြီး ဆိုရင် ဘယ်အရာက ကုသိုလ်=ကောင်းတာရတဲ့ အလုပ်ဖြစ်တယ်၊ ဘယ်အရာက အကုသိုလ်= မကောင်းတာရတဲ့ အလုပ်ဖြစ်တယ် ဆိုတာ သေချာလေ့လာ၊ ဖတ်မှတ်ထားရင် ကုသိုလ်နဲ့ အကုသိုလ်ကိုခွဲခြား ရှောင်ရှား နိုင်မယ်ထင်ပါတယ်၊
စာလဲ ရှည်သွားပြီဆိုတော့ နောက်ဆုံး ဆင်ခြင်ဝေဘန်ဖို့ စကားလေးတစ်ခု လက်ဆောင်ပေးလိုက်ချင်ပါတယ်၊ လူတစ်ယောက်ဟာ လျှပ်စစ်တွေ လွတ်ထားတဲ့ ၀ါယာကြိုးကို မသိလို့ပဲ  ဖြစ်ဖြစ်၊ သိရက်သားနဲ့ပဲဖြစ်ဖြစ် ကိုင်မယ်ဆိုရင် ဘယ်လိုနေ မလဲ၊ လျှပ်စစ်ရဲ့ပါဝါအားအနဲအများပေါ်ရော၊ ကိုင်တဲ့ သူရဲ့ ဘယ်လောက်ကြာကြာ ကိုင်တယ်၊ ဘယ်အခြေနေထိအောင် ကိုင်မိသွားတယ်ဆိုတဲ့ အခြေနေတွေပေါ် မူတည်ပြီး အဲဒီလူဟာ သေလောက်အောင်လဲဖြစ်ချင်ဖြစ်မယ်၊ လက်ကလေး ကျင်ရုံလောက်လဲ ဖြစ်ချင်ဖြစ်မယ်ပေါ့ ၊
ဒါကြောင့် အကုသိုလ်ကို မသိလို့ပဲ လုပ်လုပ် သိလို့ပဲလုပ်လုပ် အပြစ်ကတော့ လွတ်မယ် မထင်ပါဘူး၊ ဒါပေမဲ့ စေတနာ ပါလားမပါလား ဆိုတဲ့ ပေတန်နဲ့ တိုင်းရမှာ ပါ၊ စေတနာပါရင် ပါသလောက် တာသွားပြီး အကျိုးပေးမှာပါ ၊ စေတနာမပါရင် မပါသလောက် တာသွားပြီး အကျိုးက လျှော့ကျနေမှာပါ၊
အထက်က ပြောခဲ့တဲ့ လျှပ်စစ်ကြိုးကို ကိုင်တဲ့ လူတစ်ယောက်လိုပေါ့ နော်။ ။
ဓမ္မနှလုံး နေ့စဉ်သုံး  ရွှင်ပြုံးနိုင်ပါစေ။ ။
ကျမ်းကိုး= ဓမ္မပဒ ပါဠိတော်၊ အဋ္ဌကထာ၊
                သၿဂိၤဳဟ္ဘာသာဋီကာ
ရွှေမန်းသား ( အရွင္အကုၤရ)
သာသနတကၠသီလာဓမၼာ စရိယ၊ B.A ( Hons) M.A ( thesis)
M.A (sri lanka) Ph.D (research) Annamalai University. India.
No comments:
Post a Comment