Monday, 30 July 2012

ဥပုသ်စောင့်တယ်ဆိုတာ ဘယ်လိုစောင့်ရတာလဲ



 ဒီတစ်ခါ စာဖတ်သူတွေကို ဥပုသ်စောင့်သုံးတာနဲ့ ပတ်သက်ပြီး ရေးပြချင်ပါသေးတယ်၊ ဥပုသ်အကြောင်းကို ပိုပြီး နားလည်သဘောပေါက်သွားရအောင် ပုံပြင်လေးတစ်ပုဒ်နဲ့ စပြောကြည့်ရအောင်ပါ၊

ပုံပြင်လေးက ဒီလိုပါ တစ်ခါက လင်မယားနှစ်ယောက်ရှိကြသည်၊ မယားဖြစ်တဲ့သူက ဘာသာရေးကိုင်းရှိုင်းပြီး ကျောင်းကို ဥပုသ်နေ့တိုင်းသွားရောက်ကာ ဥပုသ်စောင့်လေ့ရှိသည်၊ သူမ၏လင်ယောင်္ကျားကား စီးပွါးရှာခြင်း၊ လူမှုရေးကိစ္စများဖြင့် ကျောင်းသို့အရောက်အပေါက်နည်းရှာသည်၊ 

ဥပုသ်နေ့တစ်နေ့တွင် မယားဖြစ်သူက “အစ်ကိုရယ် တစ်ရက်တစ်လေ ဥပုသ်လေးဘာလေး စောင့်စမ်းပါဦးတော်“ဟု စွယ်စကားပြောရှာလေသည်၊“ အေးစောင့်ပါမယ်ကွာ“ ဒီလိုနဲ့ မယားကစွယ်လိုက် လင်တော်မောင်က ပယ်လိုက်နဲ့ ရက်တွေသာကြာလာသည် ဥပုသ်တစ်ခါမျှမစောင့်ဖူးသေး၊

 တစ်နေ့ဥပုသ်နေ့တွင် မယားဖြစ်သူက ရှေးယခင်တိုင်းထပ်လောင်းကာ ပြောရှာလေသည်၊ လင်ဖြစ်သူလည်း နာငြီးလာပြီ ထင်သည်၊ ပြီးပြီးရော ဥပုသ်စောင့်ရန်ဆုံးဖြတ်လိုက်သည်၊ “ဒါနဲ့ နေပါဦးမိန်းမရယ် မင်းဥပုသ်က ဘယ်လိုစောင့်ရ တာတုန်း၊” “လွယ်လွယ်လေးပါတော် ရှေ့ကဘုန်းကြီးဆိုတဲ့တိုင်း လိုက်ဆိုလိုက်ရုံပဲ။” မယားပြော စကားမှတ်သားပြီး ကျောင်းသို့မယားအရင် အ၀တ်အစားလဲကာ ထွက်လာလိုက်သည်၊ ကျောင်းအပေါ်အရောက် ကျောင်းထိုင်ဆရာတော်နှင့် ပက်ပင်းတိုးကြသည်၊

 ကျောင်းထိုင်ဆရာတော် ကစ၍ “ဒကာစောလှချည်းလား” ဒါကိုပင်ဒကာဖြစ်သူလည်း၊ “အော် ဥပုသ်စောင့်ရင် ဘုန်းကြီးဆိုတဲ့ အတိုင်း လိုက်ဆိုရတယ်ပြောတယ်၊ လိုက်ဆိုလိုက်မှဟု သဘောပိုက်ကာ“ ဒကာစောလှချည်းလား” ဟု ရှေ့မှ ဘုန်းကြီးတိုင်သည့်အတိုင်း တသွေမတိမ်းလိုက်ဆိုသည်၊
 
“ဒကာအကောင်းပြောနေတာလေ“
“ဒကာအကောင်းပြောနေတာလေ”
“ဒကာစနေတာ မဟုတ်ဘူးနော်”
“ဒကာစနေတာ မဟုတ်ဘူးနော်”
“ဒကာ ပြောလေဆိုးလေပါလား”
“ဒကာ ပြောလေဆိုးလေပါလား”
“ဒကာ ဘုန်းကြီးစိတ်တိုလာပြီနော်“
“ဒကာ ဘုန်းကြီးစိတ်တိုလာပြီနော်“
 
နောက်ဆုံးတွင် ဘုန်းကြီးက ခါးတောင်းကိုမြှောင်နေအောင်ကြိုက်လိုက်သည်၊ ဒကာလည်း ဘုန်းကြီးပြုလုပ်သည့်အတိုင်းလိုက်ကာပြုလုပ်သည်၊ ဒကာနဲ့ဘုန်းကြီး ကျောင်းကြီးပေါ်တွင် နပန်းထ သတ်ကြသည်၊ ဗလခြင်းကတူနေ၍ တစ်ယောက်တပြန် အထက်ကကျလိုက် အောက်ကကျလိုက် ဖြစ်နေကြသည်၊ အဆုံးတွင် နှစ်ယောက်လုံးမောပန်းကာ ဘုန်းကြီးက ကျောင်းတိုင်လေးမှီ၊ ဒကာက ကျနေသော ခေါင်းပေါင်းတဘက်လေးကောက်ခါ ပြန်လာသည်၊ အိမ်ပြန်ရောက်သော် မိန်းမကို ”မိန်းမရေ ဥပုသ်စောင့်တယ်ဆိုတာ နပန်းသတ်တတ်မှပါကွာ“ ဟုပြောကာငြီးရှာသည်။ ။
 
စာဖတ်သူရေ ပုံပြင်လေးက ဒါပဲဖြစ်သည်၊ ဤပုံပြင်ထဲမှ ယောင်္ကျားကဲ့သို့ ဥပုသ်စောင့်တယ်ဆိုတာ နပန်းသတ်တတ်မှဟု ထင်မြင်သူတွေရှိနေသည်၊ ဥပုသ်စောင့်မှုနှင့် သတ်သက်ပြီး မျှဝေမှုလေးတွေ ပြုခြင်သည်၊ 

တစ်ခါက သာဝတ္တိမြို့မှ အနာထပိန်သူဌေးကြီး၏ အိမ်တွင်စာရင်းငှါးတစ်ယောက်ရှိလေ သည်၊ တစ်နေ့ဥပုဥသ်နေ့တွင် သူဌေးကြီးမှအစကလေးငယ်တွေအဆုံး တစ်အိမ်လုံးဥပုသ်စောင့်ကြ သည်၊ လယ်ယာလုပ်ငန်းသို့အစောကြီးအလုပ်သွားသော စာရင်းငှါးအလုပ်သမားသည် နေ့လည် မွန်းလွဲချိန်မှ အိမ်ကိုပြန်ရောက်သည်၊ အိမ်သားအားလုံး ဥပုသ်စောင့်ထားသဖြင့် မွန်လွဲချိန်တွင် မည်သည့် အစာမျှမစားကြတော့ 

ဒါကိုမြင်သောစာရင်းငှါးက ဘာကြောင့်ဤကဲ့သို့ပြုမူ သလဲဟုမေး သည်၊ ဥပုသ်နေ့ဖြစ်၍ ဤကဲ့သို့ပြုလုပ်ကာ စတုမဓူပဲသုံးဆောင်ကြောင်းပြောကြသည်၊ စာရင်းငှါး လည်း၊ သူလည်းဥပုသ်စောင့်ချင်ကြောင်း၊ ဥပုသ်စောင့်လို့ ရမရမေးရှာသည်၊ စောင့်လို့ရကြောင်းပြော သောအခါ စာရင်းငှါးလည်းစတုမဓူသာစားကာ ဥပုသ်စောင့်ရှာသည်၊ 

မနက်ခင်းကလည်းဘာမျှမစား နေ့ခင်းတွင်လည်းစတုမဓူသာစားကာ ဥပုသ်စောင့်ခဲ့သဖြင့် ညနေတွင် အစာအိမ်ရောဂါဖြင့်ဆုံးပါးရှာ သည်၊ သို့သော် ဥပုသ်နေ့တစ်ဝက်စောင့်ခဲ့ခြင်းကြာင့် နောင်ဘ၀တွင်ရုက္ခစိုးနတ်ဖြစ်ခဲ့ရသည်၊ ဤသည် မှာ ဥပုသ်စောင့်ခြင်းကြောင့် ရသော အကျိုးတရားပင်၊
 

ဥပုသ်စောင့်သည်ဆိုသည်မှာ (၈)ပါးသီလ၊ (၉)ပါးသီလ (၁) မိမိနိုင်ရာ စောင့်သုံးခြင်းဖြစ်သည်၊ များသောအားဖြင့် ဥပုသ်စောင့်လျှင် ညနေစာ မစားသုံးရဟုပြောကြသည်၊ ညနေစာသာမဟုတ် အမွှေးနံ့သာ၊ မြင့်သောနေရာအရပ်၊ သနပ်ခါး၊ စသည်လည်း မလိမ်းရပါ၊ အကောင်းဆုံးကတော့ မိမိစောင့်သုံးသောသီလပေးကို မြန်မာလိုအဓိပ္ပါယ်နားလည်လျှင် ပိုကောင်းသည်၊ဒါမှ ဆောက်တည် ထားသော သီလသက္ခာပုဒ်များကိုရှောင်ရှားနိုင်မည်၊ နားမလည်လျှင် ပုံပြင်ထဲကယောင်္ကျား ဥပုသ် စောင့်သွားသကဲ့သို့ဖြစ်ချေမည်၊

  ရှေးမင်းများမိဖုရားများ ဥပုသ်စောင့်ရာတွင် ရေမိုးချိုး၊ အ၀တ်စား သန့်စင်အောင်ဝတ်၊ တစ်ယောက်တည်း ဆိငြိမ်သောအခန်းထဲတွင် သီလစောင့်တည်ကာ၊ ဥပုသ် စောင့်သုံးကြခြင်းဖြစ်သည်၊ ထိုနည်းလေးကိုအတုယူကာ ဥပုသ်စောင့်သုံးလျှင် အားလုံးအဆင်ပြေနိုင် သည်၊ 

 တစ်ချို့ကား ဥပုသ်စောင့်ရန်ကျောင်းကိုလာကြသည်၊ ကျောင်းရောက်သော် သောမနဿ သဟဂုတ် လ္ဘက်ကသုံးလေးလုပ်စားကာ မိုးချုပ်တာနှင့် အိမ်ပြန်ကြသည်၊ တစ်ချို့က သားကဘယ်လို သမီးကတက္ကသိုလ်မှာဟု ကြွားလုံထုတ်လေလုံးထွားကာ စာကားများပြီး ဇရပ်ဥပုသ်ဖြစ်ကာ မိုးချုပ်ပြန် သည်၊ 

တစ်ချို့က ပါလာသည့်ထမင်းဟင်း အတင်းစားပြီး ဗိုက်ကားကအိပ်ပျော်သွားသည်၊ ဒါနဲ့ နဂါး ဥပုသ်ဖြစ်ကာ အိမ်ပြန်ခဲ့ရပြန်သည်၊ တချို့က ပုတီးလေးစိပ်သယောင် တရားလေးနာသယောင် လူအ ထင်ကြီးအောင်ဟန်ဆောင်ကာစောင့်ကြသည၊် 

ဘာပဲဖြစ်ဖြစ်စာဖတ်သူရေ ဥပုသ်စောင့်သုံးမည်ဆိုလျှင် ပုံပြင်ထဲကယောင်္ကျားလိုတော့မဖြစ်ပါစေနဲ့ဟု ဆုတောင်းလိုက်ပါသည်။ ။ 

ရွှေမန်းသား ( အရွင္အကုၤရ)
  Ph.D ( research) Annamalain university .India.
 

No comments:

Post a Comment