Friday, 28 December 2012

အမေ့ကို လွမ်းလို့ ရေးတဲ့ စာ





“ ဟဲ့ မိမိုး နင်သားကို မန္တလေးမြို့ကို စာသင်ဖို့ ထည့်လိုက်မလို့
အဲဒါ ထည့်နိုင်ပါ့မလား”
ရွာဦးကျောင်းမေးလိုက်တဲ့ စကားကို အဖြေချက်ချင်း မပေးပဲ အမေ တွေးနေမယ် ထင်ထားတာ အမေသည် ထိုသို့မဟုတ် ချက်ချင်းပင်
မှန်ပါ ဆရာတော် ပညာရေးပဲဘုရား ခွဲနိုင်ပါတယ် ဘုရား၊
အမေအဖြေကြားတော့ အံသြ မင်သက်မိနေသည်၊ အမေသည် တစ်ဦးတည်းသားဖြစ်သော မိမိအား တစ်ခါမှ အဝေးကြီးကို ညအိပ်ညနေ ခွဲမထားဘူးခဲ့ ၊ အခုတော့ အမေသည် ပညာရေးအတွက် ခွဲနိုင်သည်တဲ့၊ ဟုတ်မှာပေါ့လေ အမေသည် အ,သုံးလုံး ပညာသာသင်ခဲ့ရသော
သူလိုဘ၀မျိုး သူသားသမီးတွေကို အဖြစ်မခံစေချင်တဲ့ စိတ်နဲ့ တုပ်နှောင်ထားတဲ့ မိသားစု သံယောဇဉ်ကို လွတ်ချလိုက်တာဖြစ်မည်၊

ကဲ ဒါဆို မနက်ဖြန် ကျောက်ဆည်မြို့ကို လှည်းနဲ့ လိုက်ပို့ဖို့ ပြင်ထားပေတော့၊ အိမ်ရောက်ရင် ကိုရင် ဒကာကြီးကိုလဲ ပြောထားလိုက်ပေတော့၊
မှန်ပါ ဘုရား၊

ထိုအချိန်က မိမိမှာ ရွာဦးကျောင်းဆရာတော်ဘုရားနဲ့ အမေတို့ရဲ့ အပြန်အလှန် ပြောစကားတွေကို ကြားလိုက် မကြားလိုက်နဲ့ ကိုယ်မရောက်ဖူးတဲ့ မြို့ကြီးပြကြီးရောက်ရမှာမို့ ပျော်နေခဲ့သည်၊

ဒီလိုနဲ့ မြို့တွေလှည့်လည်နေထိုင်ကာ စာပေသင်ကြားရင်း အသက် ( ၁၉) နှစ် စွန်းစွန်းရောက် ပြန်တော့
ရွာဦးကျောင်း ဆရာတော်က အမေကို ခေါ်ပြိး
ဟဲ့ မိမိုး နင်သား ရဟန်းခံရတော့မယ် အဲဒါ မြို့ က ရဟန်းဒကာပေါ်နေတယ် ပေးလိုက်ရမလား၊
ဆရာတော် တပည့်တော်မသားကို သူများရဟန်းခံဖို့ မပေးပါရစေနဲ့ဘုရား၊ တပည့် တော်ပဲ ရဟန်းခံပါရစေဘုရား
အမေသည် ဆရာတော်စကားကို ခါးခါးသီးသီး ဒီတစ်ခါငြင်းလေပြီ၊ သူကိုယ်တိုင် ရဟန်းအစ်မကြီးလုပ်မယ်တဲ့ ၊
အမေသည် ရဟန်းအစ်မကြီး ကိုယ်တိုင်သာလုပ်မည်ပြောသည်၊ လက်ထဲတွင် ၀တ္ထုငွေမှာ လုံလုံလောက်လောက်မရှိ၊ ဒါကိုပင်အမေသည် ရှိစုမဲ့စု အတွင်းပစ္စည်း  လေးတွေ ထုခွဲရောင်းချကာ ရဟန်းအစ်မကြီး လုပ်ဖြစ်အောင် လုပ်လိုက်လေသည်၊
အော် အာဂအမေ၊
မိမိမှာ ရဟန်းဖြစ်ပြီး ပရိယတ္တိစာပေတွေလှည့်လည်သင်ကြားရ င်း၊ ခေတ်အလှည့်အပြောင်းကို လိုက်ကာ၊ မန္တလေးနိုင်ငံတော် ပရိယတ္တိသာသနာတက္က သိုလ်သို့ ပြောင်းရွှေ့ ပညာဆက်သင်လိုက်သည်၊ ထိုအချိန်တွင် အမေမရှိတော့ ၊
အမေသည် ကံဆိုးစွာ စောစောစီးစီး ဘ၀တစ်ပါးခြားသွားခဲ့သည်၊
မန္တလေးနိုင်ငံတော်ပရိယတ္တိသာ သာနာ့တက္ကသိုလ်မှာ လေးနှစ်တာ သင်တန်းတွေပြီးလို့ ၊ မဟာတန်းတက် ၊မဟာတန်းနှစ်နှစ်အပြီးမှာ မိမိတို့ အသုတ်စာသင်သားများ ( ၂၀၀၈) မှာ ဘွဲ့ယူကြရသည်၊

ထိုအချိန်မှာ အမေကို မြင်စေချင်သည်၊ ဘွဲ့ယူရက်မတိုင်ခင် နတ္တော်လ္ဆန်း ( ၁၄) ရက်ညအကြိုကတည်းက တက္ကသိုလ်ဝင်းတစ်ခုလုံး ထိန်ထိန်လင်းနေသည်၊ အကြိုညကတည်းက ဘွဲ့ခံဖို့လာကြတဲ့ ဘွဲ့ရ စာသင်သားတွေနဲ့ ဆွေတော်မျိုးတော် တွေကို တွေ့ရတာမြင်ရတာ စိတ်ကြည်နူးဖို့ကောင်းသည်။

ဘွဲ့နှင်းနေ့ရောက်ပြန်တော့လဲ ဘွဲ့မယူမီ အခန်းအနားမစမီ အချိန်တွင် မြန်မာဆိုင်းဝိုင်းနဲ့ လာသမျှမင်းပရိတ်သက်၊ ဆွေတော်မျိုးတော်တို့အား ရေခင်းသံ၊ ဓမ္မသံစဉ်တို့ဖြင့် မရိုးရအောင် ဧည့်ခံဖျော်ဖြေပေးနေသည်။ ဘွဲ့နှင်းခန်းမတစ်ခုလုံး ၀င်းဝင်းခန့်ခန့် ပျိုးပျိုးပျက်ပျက်နဲ့ စည်းကားသာယာနေသည်၊ ဘယ်လောက်ပဲ ပြည့်စုံ ခမ်းနားပေမဲ့ ထိုအခမ်းအနားတွင်
သားရဟန်းကို ပညာတတ်ကြီး ဖြစ်စေချင်သော အမေမပါ၊ အဖေကိုလဲ မမြင်သာမို့ အရာရာတိုင်းသည် ခြောက်သွေ့နေသလို ခံစားရသည်၊
အော်ကြာတော့ ကြာခဲ့ပါပြီ၊ ပြီးခဲ့တဲ့ အချိန်တွေသည် ၂၀၀၈ တွင် ကျန်ခဲ့ပြီ၊ သို့ပေမယ့်
ယနေ့တိုင်အမှတ်ရနေဆဲ ၊ ယခုလဲ မိမိတို့ ဘွဲ့ယူခဲ့ရာ မန်းနပသတွင် ( ၁၈) ကြိမ်မြောက် ဘွဲ့နှင်သဘင် ပွဲဆင်နွဲနေသည်၊

မိမိလို့ ခမ်းနားတဲ့ ဘွဲ့နှင်းသဘင်ကြိးထဲမှာ မိမပါဘလျှော့ ပြီး အားငယ်စိတ်တွေနဲ့ ဘွဲ့ခဲ့ယူမည့် ကိုယ်တော် ဘယ်နှစ်ပါးများ ပါနေမလဲ လို့-------------------

မန်းနပသ ( ၁၈ ) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အားဂုဏ်ပြုလျှာက်ရေးဖွဲ့ပါသည်။
ရွှေမန်းသား အရှင်အင်္ကု

Sunday, 23 December 2012

ဘုရားကဇွန်းခရင်း နဲ့ ဘုန်းပေးတတ်လို့လား တစ်ရူးထုတ်ကော သုံးတတ်လို့လား ဘုရားက သိမှာတဲ့လား


အရှင်ဘုရား...

တပည့်တော်မ ရိုသေလေးမြတ်စွာ ရှိခိုးကန်တော့ရင်းမေးခွန်းတစ်ခု မေးခွင့်ပြုတော်မူပါဘုရား...
ဟိုးးအတော်ကြာပါပြီ..ဘုန်းဘုန်းတစ်ပါး ရဲ့ တရားခွေ မှာ နာခဲ့ဖူးပါတယ်.. မြတ်စွာဘုရား ဆွမ်းကပ်ရင် လူ အတော်များများ ဆွမ်းတော်ပန်းကန်လေးတွေ ရေကြည်တော်ခွက်လေးတွေပါ.. ကလေးကစားစရာလောက်လေး သေးသေးလေးတွေနဲ့ ကပ်ကြတယ်တဲ့..

လူပုဂ္ဂိုလ် တိုင်း ထမင်းစားရင် ကော အဲလိုပန်းကန် သေးသေးလေးတွေနဲ့ စားကြည့်စမ်းပါ..တဲ့ ...ဘာနဲ့တူနေမလဲ..အေး..ကလေးကစားစရာ ခွက်လေးတွေရှေ့ချ ကစားနေတာနဲ့ မတူနေပေဘူးလား လို့ ဘုန်းဘုန်းကမေးတော့ တရားနာပုဂ္ဂိုလ်တွေက တူပါတယ် ဘုရား တဲ့

ဒါဆို ဦးဇင်းတို့ ကိုးကွယ်နေတဲ့ ဗုဒ္ဓမြတ်စွာ ဘုရားကိုကော ဆွမ်းရေချမ်း ကပ်ရာမှာ လူတွေထက် သင့်မြတ်လျှောက်ပတ်မဲ့ အရာတွေနဲ့ မကပ်သင့်ပေဘူးလား...လို့ မေးတော့ အကုန်လုံးကပ်သင့်ပါတယ် ဘုရား လို့ ပြန်ဖြေခဲ့တာ ကို... နာကြားခဲ့ရပါတယ်ဘုရား

တပည့်တော်မလည်း နာကြားရချိန်ခါက စလို့ ယနေ့ထိ တိုင်..
အိမ်မှာ နေ့တိုင်း ဆွမ်းတော်ကပ်ရင်... သက်ရှိထင်ရှားရှိတော်မူတဲ့ အရှင်ဗုဒ္ဓမြတ်စွာ ဘုရား ကိုရည်စူး၍ ဘုရားစင်ရှေ့မှာ နိသီဒိုင် ကို ခင်းကျင်း ပင့်ဖိတ် ပြီး တပည့်တော်မ သဒ္ဒါအားရှိသမျှ ချက်ပြုတ် ကပ်လှူ ခဲ့တာအတော်ကြာ ပါပြီဘုရား..

အဲဒီလို ကပ်လှူပူဇော် ချိန်မျိုး ဆို တပည့်တော်မှ ရင်ထဲမှာ အလွန်ပင် အမည်မဖေါ်ပြနိုင်သော ပီတိ မျိုးတွေ ရရပါတယ်.. ဘုရားခန်း တစ်ခုလုံး.. လည်း ကျက်သရေ ရှိပြီး နွေးထွေးမူ့မျိုးတွေ ရှိလာတယ်လို့ ခံစားမိပါတယ်..

ခု တပည့်တော်မ သိချင်တာက လူတစ်ယောက်က မေးတာအမေးခံဖူးပါတယ်..
ဘုရားကဇွန်းခရင်း နဲ့ ဘုန်းပေးတတ်လို့လား တစ်ရူးထုတ်ကော သုံးတတ်လို့လား ဘုရားက သိမှာတဲ့လားတဲ့ တပည့်တော် ဒီလို ကပ်တော့ အပြင်ပန်းအမြင်.. သူတို့ စိတ်အာရုံတွေမှာ ကဲ့ရဲ့တာလား... ဘယ်လိုစိတ်မျိုးဝင်သွားတယ်ဆိုတာ သိချင်တာပါဘုရား..

တပည့်တော်က အဲလူကြီးကို စာများများဖတ် တရားများများနာ လို့ပဲ ပြန်ပြောခဲ့မိပါတယ်..

ခု တပည့်တော်မ ဒီလိုလှူတာ နဲ့ပါတ်သက်လို့ တချိန်က ဘုန်းဘုန်းတရားကို နာကြားရလို့ အသိတစ်ခုတိုးရင်း ခုလို ကပ်လှူတာ တစ်ခုတည်းရှိပါတယ်ဘုရား..သက်ရှိထင်ရှားရှိတော်မူတဲ့ မြတ်စွာဘုရားကဲ့သို့ ကပ်တယ် မကတ်တယ်ဆိုတာ နာကြားရတဲ့ တခြားသူတွေတော့မသိပါ..

ဒီလို ကပ်လှူပူဇော် ရတဲ့ ကုသိုလ် အဖို့ ပါက ဘယ်အထိ ပြီးဖြစ်မြောက် နိုင်ပါသလဲ ဘုရား...ခုလို တပည့်တော်မ ဆွမ်းကပ်တာနဲ့ ပါတ်သက်လို့ သင့်တော်မသင့်တော် သိချင်ပါတယ်ဘုရား။

မယ်လေး


မေးထားတဲ့ မေးခွန်းတွေကို ဖြေရမယ်ဆိုရင် ဘုရားက ဇွန်းခရင်းနဲ့ ဘုန်းပေးတတ်လို့လား တစ်ရှူးသုံးတတ်လို့လားလို့ မေးတာတွေဟာ ဆွမ်းတော်တင်တာကို ရေးကြီး ခွင်ကျယ်
လုပ်နေတယ်လို့ ထင်လို့မေးကြတဲ့ မေးခွန်းဖြစ်နိုင်ပါတယ် ဒကာမလေး၊

ဒါနဲ့ ပတ်သက်လို့ တစ်ဆက်တည်းပြောပြရရင် မြတ်စွာဘုရားက သူမရှိတော့တဲ့ နောက်ပိုင်း သူကိုယ်စား ကိုးကွယ်ပူဇော်ဖို့ စေတီတော်လေးမျိုးဆိုတာကို သတ်မှတ်ပေးခဲ့ပါတယ်၊
အဲဒါတွေက ဘာတွေလဲ ဆိုရင်-

(၁) ဓာတုစေတီ= မြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော်မွေတော်တွေ၊

(၂) ဓမ္မစေတီ= မြတ်စွာဘုရား ဟောကြားပြသဆုံးမခဲ့တဲ့ တရားတော်တွေ၊

(၃) ဥဒ္ဒိဿစေတီ= မြတ်စွာဘုရားရှင်ကို ရည်မှန်ပြီး ထုလုပ်ထားတဲ့ ကြေးဆင်းတု၊ စေတီပုထိုးတော်၊ အဆောက်အဦး စတာတွေ၊

(၄) ပရိဘောဂ စေတီ= မြတ်စွာဘုရားရှင်ရဲ့ အသုံးအဆောင်ဖြစ်တော်မူတဲ့ ရေစစ်တော်၊သင်္ကန်းတော် ၊တောင်ဝှေးတော် စတာတွေ

ဖြစ်ပါတယ်၊

အခုမယ်လေး ဆွမ်းကပ်လှူနေတာဟာ ဥဒ္ဒိဿစေတီလို့ခေါ်တဲ့ မြတ်စွာဘုရားကို ရည်းမှန်းထုလုပ်ထားတဲ့ ဆင်းတုတော်မြတ်ရှေ့မှာ သက်တော်ထင်ရှား ဘုရားရှင်အလား စိတ်ထားနဲ့
ကြည်ညိုပူဇော်နေတာပါ၊ အဲဒီလို ပူဇော်တဲ့အခါမှာလည်း ပြီးပြီးရောဆိုပြီး စိတ်ထဲက မသတ်မှတ်ပဲ တကယ်ကို စေတနာနဲ့ သဒ္ဒ္စါတရားနဲ့ ယုံကြည့်မှုနဲ့ ကပ်လှူပူဇော်နေတာပါ၊

မြတ်စွာဘုရားရှင်ကလဲ အဲဒီလိုပူဇော်တဲ့နေရာမှာ သူတော်ကောင်းကြီးတွေရဲ့ နည်းစနစ်တွေကို လိုက်နာရင် အကြိုများလို့ သူတော်ကောင်းကြီးလုပ်ကြတဲ့ လုပ်ခဲ့တဲ့ နည်းငါးမျိုးကို ဟောကြားခဲ့ပါတယ်၊ အဲဒါတွေက ဘာတွေလဲဆိုရင် -

( ၁) သဒ္ဒ္စါဒါန= ကံကံရဲ့အကျိုးကို ယုံကြည်ပြီး လှူဒါန်းတာ၊

(၂) သက္ကစ္စဒါန= အလှူဝတ္ထုနဲ့ အလှူခံပုဂိုလ်တို့ကို ရိုရိုသေသေလုပ်ပြီး လှူဒါန်းတာ၊

(၃) ကာလဒါန= သင်တင့်လျှောက်ပတ်တဲ့အခါမှာ ပေးလှူတာ၊

(၄) အနုဂ်ဂဟိတ စိတ္တဒါန= မလှူခင် ၊လှူဆဲ၊ လှူပြီး ကာလသုံးပါးလုံးမှာ မိမိလှူလို်က်တဲ့ ပစ္စည်းကို နှမြောစုံမက် နှစ်သက်ခြင်းမရှိပဲ လွတ်လွတ်လပ်လပ် ပေးလှူလိုက်တာ။

(၅) အနုပ  ဟစ္စဒါန= မိမိကိုယ်ကိုယ်လဲ မချီးမြှောက် သူတစ်ပါးကိုလဲ မကဲ့ရဲ့မရှုတ်ချတဲ့ စိတ်နဲ့ လှူဒါန်းလိုက်တာ။

ဆိုတဲ့ သပ္ပုရိသဒါန ( ၅) မျိုးပဲဖြစ်ပါတယ်၊

အဲဒိတော့ မိမိလှူဒါန်းတာ ၊ ဘုရားရှင်ကို အထက်က ဖော်ပြထားတဲ့ သူကောင်းကြီးတွေစိတ်ထားကြတဲ့ စိတ်ထားနည်းငါးမျိုးနဲ့ လှူမယ်ဆိုရင်၊

အကျိုးပေးဟာ အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားလို့ ဆိုရမှာပါ၊

မြတ်စွာဘုရားကတော့ ဆွမ်းလှူရတဲ့အကျိုးကို ငါးမျိုးဟောထားခဲ့ပါတယ်၊ အဲဒါတွေက ဘာတွေလဲဆိုရင်-

(၁) အသက်ရှည်မယ်၊

(၂) ရုပ်ရည်အဆင်းလှပမယ်၊

(၃) စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်မယ်၊

(၄) ခွန်အားဗလတောင်တင့်သန်မာမယ်၊ ငါးဖောင်ရိုးလေးမဖြစ်ဘူးပေါ့၊

(၅) ဥာဏ်ပညာကြီးမားမယ်၊ ဥာဏ်ကောင်းမယ်ဆိုတဲ့ အကျိုးတွေရပါမယ်၊

နောက်ဆုံးအနေနဲ့ အားလုံးကို ချုံပြောရရင် ဥဒ္ဒိဿစေတီဖြစ်တဲ့ မြတ်စွာရားကို ရည်စူးရမှန်းထားတဲ့ စေတီပဲဖြစ်ဖြစ် ၊ ရုပ်တုတော်ပဲဖြစ်ဖြစ်၊ မြတ်စွာဘုရားရှင်အလား ရိုရိုသေသေ လေးလေးစားစား သက်ရှိထင်ရှားဘုရားရှင်အလား ပုံတော်မှာ ဂုဏ်ဖော်ကာ လှူဒါန်းမယ်ဆိုရင် မြတ်စွာရားဟောကြားချမှတ်ထားတဲ့ ဆွမ်းအကျိုးငါးပါးကို အပြည့်အ၀ 10 percent အပြည့်အ၀ရမှာပါ၊

အဲဒိလိုမှမဟုတ်ပဲ ဖြစ်ကတတ်ဆန်း ခွက်သေးသေးလေးနဲ့ စိတ်မပါ လက်မပါ ပုံတော်မှာလဲ ဂုဏ်တော်မရောက်ပဲ လှူဒါန်းမယ်ဆိုရင် ဆွမ်းအကျိုးကလဲ percent အပြည့်အ၀ရမှာ မဟုတ်ဘူးဆိုတာ ဖြေကြားလိုက်ပါမယ်၊

ရွှင်လန်းချမ်းမြေ့ပါစေ
ရွှေမန်းသား အရှင်အကုင်္ရ

p;s ဇော်ဂျီဖောင်အခက်အခဲကြောင့် ပါဌိပါဒ်ဆင့်များ မှားယွင်းနေလျှင် သည်းခံပေးကြပါရန်။

Monday, 10 December 2012

ပိဋကသုံးပုံ ကို တပည့်တော်တို့လို သာသနာ့ဘောင်မှမဟုတ်တဲ့ လူဝတ်ကြောင် တွေကောသိထားတတ်ထားသင့်ပါသလားဘုရား.


အရှင်သူတော်မြတ်ဘုရား..

ရိုသေလေးစားရှိခိုး လျှောက်ထားအပ်ပါသည်ဘုရား ..တပည့်တော် သိချင်တာလေးတစ်ခုမေးခွင့်ပြုပါဘုရား ဗုဒ္ဓဘာသာ၏ ဓမ္မကျမ်းဂန် ဖြစ်တဲ့ “သုတ်၊ ဝိနည်း၊ အဘိဓမ္မာ” ဟုဆိုအပ်သော ပိဋကသုံးပုံ ကို တပည့်တော်တို့လို သာသနာ့ဘောင်မှမဟုတ်တဲ့ လူဝတ်ကြောင် တွေကောသိထားတတ်ထားသင့်ပါသလားဘုရား..

ထိုပိဋကသုံးပုံ၌ပါရှိသော ဗုဒ္ဓနှင့် ဗုဒ္ဓ၏တပည့်သာဝကများ ညွှန်ကြား ဟောပြထားခဲ့သော အဆုံးအမ တရားဒေသနာများကို
“ဗုဒ္ဓစကား” ဟူ၍ အစဉ်အလာအရ သာ သိရှိထားတဲ့ တပည့်တော် အနေနဲ့ ဘယ်ကစလေ့လာရမှာပါလဲ ဘုရား.. ဖြေကြားပေးကြပါလို့ ဘုန်းဘုန်းအရှင် တို့ကို လေးစားစွာတောင်းပန်အပ်ပါသည်ဘုရား..

မယ်လေး

မယ်လေး မေးထားတဲ့ မေးခွန်းတွေကိုကြည့်ရင် အချက်နှစ်ခုကို မေးထား တာ တွေ့ရပါတယ်၊ ပထမ တစ်ချက်က မြတ်စွာဘုရား  ဟောကြားတော်မူ ထားခဲ့တဲ့ သုတ်၊ ၀ိနည်း၊ အဘိမ္မာတွေကို သာသနာဘောင်မှာ မဟုတ်တဲ့ သာမာန်လူဘောင်က လူတွေသိထားသင့်သလားဆိုတဲ့ အချက်ရယ်၊
နောက်တစ်ခါ ဒုတိယ အချက်က အဲဒီမြတ်စွာဘုရား ဟောကြားထားတဲ့ တရားတော်တွေကို လေ့လာမယ်ဆိုရင် ဘယ်က လေ့လာရမလဲ ဆိုတဲ့ မေးခွန်းတွေပဲဖြစ်ပါတယ်၊

ပြောခဲ့တဲ့ အချက်နှစ်ချက်ထဲက ပထမဆုံးဖြစ်တဲ့ မြတ်စွာဘုရား ဟော ကြားတော်မူထားခဲ့တဲ့ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာတွေကို သာသနာဘောင် မှာ မဟုတ်တဲ့ သာမာန်လူဘောင်က လူတွေသိထားသင့်သလားဆိုတာကို အရင် ဖြေပေးပါမယ်၊
အဲဒီမေးခွန်းကို အတိုဆုံးအနေနဲ့ ဖြေရရင်တော့ ၊ သိထားသင့်တယ်လို့ ဖြေပေးရပါမယ်၊
ဘာကြောင့်လဲဆိုရင် မြတ်စွာဘုရားက သူရဲ့တရားတော်တွေကို ဘယ်သူတွေတော့ သင်ကြားရမယ်၊ ဘယ်သူတွေတော့ မသင်ကြားရဘူး၊ သိမထားရဘူးလို့ ခွဲခြားပိုင်းခြားပြီး ဟောကြားထားတာ မဟုတ်ပါဘူး၊
လေ့လာချင်ရင် ၊ သိထားချင်ရင်တယ်ဆိုရင် အားလုံးအတွက် လေ့လာဖို့ သင်ကြားဖို့ ဟောကြားထားခဲ့ပါတယ်၊
တခြားဘာသာတွေမှာတော့ ဒီလိုမဟုတ်ပဲ အဆင့်မြင့်တဲ့ ကျမ်းဂန်တွေကို အမျိုးသမီးတွေမသင်ရ၊ မလေ့လာရ၊ ဇာတ်နိမ့်တဲ့သူတွေ မသင်ကြားရ၊ မလေ့လာရဆိုတဲ့ စည်းကမ်းကန့်သတ်ချက်တွေရှိပါတယ်၊ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားတော်တွေကတော့ အဲဒီလိုမဟုတ်ပါဘူး၊ အခြေနေ မရွေး အဆင့်တန်းမခွဲခြားဘဲ ဘယ်လိုလူပဲဖြစ်ဖြစ် လေ့လာလို့ရပါတယ်၊

ဒါကို ထင်ရှားအောင် ဥပမာလေး တစ်ခုပေးရမယ်ဆိုရင် မြတ်စွာဘုရားရှင် လက်ထက်က သာမာဝတီမိဖုရားကြီးဆီမှာ ပန်းတော်ဆက်သရတဲ့ ခါးကုန်းနေတဲ့ အပျိုတော်တစ်ယောက်ရှိပါတယ်။ အဲဒီအပျိုတော်ဟာ မြတ်စွာဘုရားကျောင်းတော်ကို နန်းတော်က ဥတေနမင်းကြီးမသိအောင် ခိုးခိုးသွားပြီး တရားတော်နာပါတယ်၊ သင်ကြားပါတယ်၊ အဲဒီလို နာကြား လာတာ၊ သူသင်ကြားလာတာကို နန်းတော်ပြန်ရောက်တဲ့ အခါ သာမာဝတီ မိဖုရားနဲ့ ကျန်ခဲ့တဲ့ သူတို့နန်းဆောင်က အပျိုတော်ငါးရာကို ပြန်လည်ဟောပြ သင်ကြားပြသပေးပါတယ်။

အဲဒီလိုနဲ့ အဲဒီခါးကုန်နေတဲ့ အပျိုတော်လေးဟာ နေ့စဉ်အဲဒီလို ကျောင်းတော်သွားပြီး မြတ်စွာဘုရားရဲ့ တရားတော်တွေကို သင်ကြားလိုက်၊ နာကြားလိုက်၊ နန်းတော်ပြန်ရောက်တော့ တစ်ခါ သာမာ ၀တီမိဖုရားနဲ့ နန်းတွင်းအပျိုတော်ငါးရာကို ပြန်လည်သင်ကြားပြသပေး လိုက်လုပ်လာလို့ နောက်ဆုံးမှာ သူမဟာ ပိဋကတ်သုံးပုံတောင် ဆောင်နိုင်တဲ့ သူတစ်ယောက်အဖြစ် ကျော်ကြားလာပါတယ်၊

ဒီဥပမာလေးကို ကြည့်မယ်ဆိုရင်လဲ မြတ်စွာဘုရားရဲ့ တရားတော်တွေကို လူသာမာန်တွေလဲ တတ်ထားသင့်ပါတယ်၊ တတ်လဲတတ်သင့်ပါတယ်လို့ ဖြေကြားရပါတယ်။

နောက်တစ်ခု ဥပမာကတော့ ပါးစပ်ရာဇ၀င်အရ ကြားဖူးတဲ့ ပုဂံခေတ်က အမျိုးသမီးတွေဟာ မြတ်စွာဘုရားရဲ့ တရားတော်တွေကို သင်ကြားကြ ပါတယ်၊ သူတို့အချင်းချင်း စကားပြောရင်တောင် ဟေ့ ယောင်းမရေ ဒီနေ့ သင်္ဂြိုဟ်ဘယ်လောက်ရလဲ၊ သဒ္ဒါသုတ်စဉ် ဘယ်နှစ်ပုဒ်ရလဲ စတာတွေနဲ့ ပြောကြားမေးမြန်း နှုတ်ခွန်းဆက်ကြပါသတဲ့၊ ပြန်ဖြေကြပြန်တော့လဲ ဒီနေ့ ကလေးထိန်းနေရလို့ သဂြီင်္ုဟ်က စိတ်ပိုင်းပဲရပါတယ်အေ၊ လို့ စတာတွေနဲ့ ပြောဆိုကြတယ်လို့ မှတ်သားဖူးပါတယ်၊

ဒါကြောင့် မြတ်စွာဘုရားတရားတော်တွေကို သာမာန်လူတွေ သင်ကြား သင့်ပါတယ်။ သင်ကြားလဲ သင်ကြားဖို့ တာဝန်ရှိပါတယ်၊

ဘာလို့လဲ ဆိုရင် မူလတန်းကျောင်း၊ အထက်တန်းကျောင်း၊ တက္ကသိုလ် ကျောင်းတွေမှာ သင်ကြားပေးတဲ့ အသက်မွေးမှုပညာတွေဟာ လက်ရှိပစ္စုပ္ပန်ဘ၀အတွက်ပဲ အထောက်အကူပြုမှာပါ၊ နောက်နောင်ဘ၀ အတွက် အထောက်အကူပြုဖို့က မသေချာသလောက်ပါ၊

ဒီထက်ပိုသေချာတာပြောရရင် မြန်မာ့ယဉ်ကျေးမှု ၇၅%ဟာ ဘာသာရေး အပေါ်မှာ အခြေခံထားပါတယ်။ ဘာသာရေးကို တိတိကျကျ ဂဂဏဏ သိထားမှ ကိုယ်ရဲ့ ယဉ်ကျေးမှုကို မြတ်နိုးတတ်မှာပါ၊

ဒါကြောင့် မြတ်စွာဘုရား တရားတော်တွေကို သာမာန်လူတွေဟာ လက်ရှိဘ၀ကော စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာဖြစ်ဖို့နဲ့ နောင်ဘ၀တွေမှာ လဲ စိတ်ချမ်းသာ၊ကိုယ်ချမ်းသာနဲ့ လျှောက်လှမ်းနိုင်ဖို့ သင်ကိုသင်ကြား သင့်ပါတယ်လို့ ဖြေကြားလိုက်ပါရစေ၊

အခုတစ်ခါ ဒုတိယမေးခွန်းဖြစ်တဲ့ မြတ်စွာဘုရားရဲ့တရားတောတွေကို လေ့လာသင်ယူမယ်ဆိုရင် ဘယ်က စလေ့လာရမလဲ ဆိုရင် ၊
မိမိ ရဲ့ဥာဏ်နဲ့ အဆင်ပြေမယ့် တရားတော်က စလေ့လာပါလို့ ဖြေပါရစေ၊
ဘာလို့လဲ ဆိုရင် မြတ်စွာဘုရားလက်ထက်က စူဠပန်လို့ ခေါ်တဲ့  ရဟန်း တစ်ပါးရှိခဲ့ဖူးပါတယ်၊

အဲဒီစူဠပန်ကို သူအစ်ကိုကြီးက သာသနာဘောင်ကို သွင်းပေးပြီး ပိဋကတ် သုံးပုံတတ်အောင် စာသင်ပေးပါတယ်။ ဒါပေမဲ့ စူဠပန်ဟာ ဥာဏ်ထိုင်း လွန်းလို့ ရှစ်ကြောင်းရှိတဲ့ စာပိုဒ်ဂါထာလေး တစ်ဂါတောင် ၀ါတွင်း သုံးလ ကျက်တာ မရရှာဘူးတဲ့၊

အဲဒီလိုဖြစ်နေတော့ သူအစ်ကိုကြီးက စိတ်ဆိုးပြီး၊ မင်းကွာ ဒီဂါထာလေး တစ်ဂါထာတောင် သုံးလကျက်တာမရရင် မင်းနဲ့ သာသနာနဲ့ မထိုက်တန် ပါဘူး၊ လူထွက်တော့ကွာလို့ ပြောဆို ကျိန်းမောင်းပါတယ်၊ ဆူပါတယ်။
 အဆူခံရတဲ့ စူဠပန်လဲ စိတ်ဓာတ်ကျကျနဲ့ လူထွက်တော့မယ်ဆိုပြီး  အစောကြီး အိပ်ယာကထပြီး ကျောင်းအပေါက်ဝကို ထွက်လာပါတယ်။ အဲဒီမှာ မြတ်စွာဘုရားနဲ့တွေ့လို့ ချစ်သာ ဘယ်သွားမလို့လဲ မေးတော့ ၊ စူဠပန်က ဖြစ်ကြောင်းကုန်စင် လျှောက်တင်တော့ ၊ မြတ်စွာဘုရား ချစ်သား ဘာဖြစ်လို့ ငါဘုရားဆီမလာသလဲလို့ ဂရုဏာနဲ့ပြောဆိုပြီး၊ လာခဲ့ ချစ်သား လူမထွက်နဲ့၊ ချစ်သားကို ငါဘုရား တရားပေးမယ်ဆိုပြီး၊
စူဠပန်နဲ့ သင်တော်တဲ့ တရားဖြစ်တဲ့ စွတ်စွတ်ဖြူနေတဲ့ လက်ကိုင် ပုဝါလေး တစ်ထည်ပေးပြီး၊ ချစ်သား အဲဒီလက်ကိုင်ပုဝါအဖြူလေးကို လက်ကလေးနဲ့ ခြေခြေပေးပြီး တရားမှတ်ခိုင်းပါတယ်၊ အဲဒီလို တရားမှတ် နေရင်းနဲ့ ခြေနေတဲ့ အ၀တ်ကလေးက တဖြေးဖြေး ညစ်ထေးလာတာတွေ့ လာပါတယ်၊ အဲဒီမှာ အော် ဒီဖြူနေတဲ့ အ၀တ်ကလေး ညစ်ထေးသလို လူတွေဟာလဲ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ညစ်ထေးနေပါလားလို့ တရား သဘောပေါက်ပြီး ၊ ပဋိသမ္ဘိဒါလေးနဲ့ အတူ ရဟန္တာဖြစ်သွားပါသတဲ့ ၊ ရဟန္တာဖြစ်သွားတော့ စူဠပန်မထေရ်ဟာ ပိဋကတ်သုံးပုံကိုလဲ သင်စရာ၊ ကြည့်စရာမလိုပဲ  တတ်မြောက်သွားပါသတဲ့၊

 ဒီသာဓကလေးကို ကြည့်ရင် ရှစ်ကြောင်းရှိတဲ့ ဂါထာလေးတစ်ခုကိုတောင် သုံးလကျက်တာမရတဲ့ စူဠပန်ဟာ၊ ဆရာကောင်းဖြစ်တဲ့ မြတ်စွာဘုရားရဲ့ လမ်းညွှန်မှုခံရတော့ ခဏလေးနဲ့ ရဟန္တာလဲ ဖြစ်တယ်။ ပိဋကတ်သုံးပုံကို လဲ  တတ်မြောက်တယ်ဆိုတဲ့ အကျိုးကိုရတာတွေ့ရပါတယ်။

ဒါကြောင့် မြတ်စွာဘုရားရဲ့ တရားတော်တွေကို လေ့လာသင်ယူမယ်ဆို ရင်၊ ဆရာကောင်းနဲ့သင်ယူဖို့လဲ လိုအပ်ပါတယ်လို့ ဖြေကြားပါရစေ၊
 ဘယ်ကစသင်ယူရမလဲဆိုတာကို အကြံပြုရရင်တော့ သာမာန်လူတွေ အတွက်ကတော့ သုတ္တန်တရားတွေကို စသင်တာအကောင်းဆုံးဖြစ်မယ် ထင်ပါတယ်၊
ဘာကြောင့်ဒီလိုပြောရသလဲ ဆိုရင် သုတ္တန်တွေက များသောအားဖြင့်  ဇာတ်ကြောင်းလေးတွေနဲ့ဟောထားတာများလို့ပါ၊ အဲဒီတော့ သင်ရတာ မပျင်းတော့ဘူးပေါ့၊
ဝိနည်းတွေကျတော့ ရဟန်းတွေနဲ့ ၊ ဘက္ခုနီ၊သာမဏေတွေအတွက် ဟောထားလေတော့ သင်ကြားရတာ ခက်ခဲနေမှာပါ၊ အဘိဓမ္မာဆိုတာက လဲ သဘာဝတရားတွေကို ခွဲခြမ်းစိတ်ဖြာကြေားထားလေဟော အစဆုံး သွားသင်ကြားလိုက်မယ်ဆိုရင် ပျင်းရိငြီးငွေ့သွားနိုင်ပါတယ်၊
ဒါကြောင့် အစဆုံးမှာ သုတ္တန်ထဲက ဇာတ်တော်လေးတွေ၊ ဓမ္မပဒ၀တ္ထု လေးတွေကို စသင်ကြားတာ အကောင်းဆုံး ဖြစ်မယ်ဆိုတာ မေတ္တာရှေ့ထား ဖြေကြားလိုက်ပါတယ်၊

ချမ်းမြေ့ပျော်ရွှင် ပါစေ၊

ရွှေမန်းသာ အရှင်အကုင်္ရ

 

Tuesday, 4 December 2012

ညီမလေး ဖတ်ဖို့ ( ၇)


လောဘကြီးတဲ့ ရွဲကုန်သည်


ညီမလေးရေ ဒီတစ်ခါ ညီမလေးကို လောဘကြီးတဲ့ ရွဲကုန်သည် တစ်ယောက် အ ကြောင်းပြောပြချင်တယ်၊

ဟိုးလွန်ခဲ့တဲ့ ငါးကမ္ဘာလောက်ကတဲ့  ညီမလေးရေ၊  သေရိဝလို့ခေါ်တဲ့ တိုင်းပြည်ကြီး မှာ ရွဲကုန်သည် နှစ်ယောက်ရှိသတဲ့၊ အဲဒီရွဲကုန်သည် နှစ်ယောက်မှာ တစ်ယောက်က ရိုးသားပြီး၊ တစ်ယောက်ကကြတော့ လောဘကြီးသတဲ့ ညီမလေးရေ၊
အဲဒီလိုနဲ့ တစ်နေ့မှာ ရွဲကုန်သည်နှစ်ယောက်ဟာ သူတို့နေတဲ့မြို့ကနေ မြစ်တစ်ဘက် ကိုကူးပြီး အန္ဒပူရဆိုတဲ့ မြို့ဘက်ကို ရွဲရောင်းသွားကြသတဲ့၊
အန္ဒပူရမြို့ကိုရောက်တယ်ဆိုရင်ပဲ ပါလာတဲ့ ရွဲတွေကို ရောင်းဖို့ နှစ်ယောက်သား။ သူရောင်းမယ့် နေရာနဲ့ ကိုယ်ရောင်းရယ့် နေရာကို သတ်မှတ်ပြီး ရပ်ကွက်တွေ အတွင်း လှည့်လည်ပြီးရောင်းကြသတဲ့

အဲဒီလိုရောင်းနေချိန်မှာ လောဘကြီးတဲ့ ရွဲကုန်သည်ဟာ ရပ်ကွက်တစ်ခုအရောက် မှာ အထည်ကြီးပျက်မိသားစု တစ်ခုက ကျန်ရစ်ကြတဲ့ မြေးအဖွားနှစ်ယောက်နေ တဲ့ အိမ်ကြီးတစ်အိမ်ရှေ့ကို ရောက်သွားရော၊ ပါးစပ်ကလည်း ရွဲသည်မြို့ဗျို့ ၀ယ်ကြဦး မလား၊ ရွဲသည်ဗျို့ ၀ယ်ကြဦးမလားနဲ့ တကြော်ကြော်အော်လာတာပေါ့၊
ရွဲသည်အော်သံကြားရတဲ့ မြေးမလေးလည်း သူ့အဖွားကို ရွဲဝယ်ပေးဖို့ ပြောရှာတယ်၊

ဒါပေမဲ့ သူတို့မှာ ဆင်းရဲကြတော့ ၀ယ်စရာပိုက်ဆံ တစ်ပြားတစ်ချပ်မှ မရှိရှာဘူးတဲ့ ညီမလေးရေ၊
ဒါနဲ့ အိမ်ထဲလျှောက်ကြည့်လိုက်တော့ ကြေးတွေအထပ်ထပ် တက်နေတဲ့ ရွှေခွက် အဟောင်းကြီးကို တွေ့ပါရော၊
အဖွားဖြစ်တဲ့သူကလဲ သူ့မြေးမလေး ရွဲရအောင် တို့ကိုကွယ် ဒီခွက်နဲ့ တန်တဲ့ရွဲကို ပေးပါလို့ ရွဲသည်ကို ပြောရှာတယ်၊
ရွဲကုန်သည်ကလဲ ကြေးတွေတက်နေတဲ့ခွက်ကြီးကို သံနဲ့ခြစ်ကြည့်လိုက်တယ် ဆိုရင်ပဲ ရွှေခွက်ဆိုတာ သိတယ်လေ၊ ဒါပေမဲ့ သူက လောဘကြီးတဲ့ အတွက်ကြောင့်
ဟန်ဆောင်ပြီး ခင်များတို့ ခွက်စုတ်ကြီးက ဘာတန်မှာလဲ၊ ကျုပ်အတွက် ဘာလုပ်လို့ ရမှာလဲ လို့ပြောပြီး ခွက်ကြီးကို အဝေးအိမ်အပြင်ဘက် လွှတ်ပစ်လိုက်တယ်တဲ့ ညီမလေးရေ၊
လောဘကြီးတဲ့ရွဲကုန်သည်ဟာ သူအကြံနဲ့သူ နောက်တစ်ခေါက်ပြန်လာပြီး ဈေးပေါပေါနဲ့ လာယူမယ်ဆိုပြီး စိတ်ဆိုးဟန်ပြပြီး အဲဒီအိမ်က ထွက်သွားသတဲ့ ညီမလေးရေ၊

လောဘကြီးတဲ့ ရွဲကုန်သည် ထွက်သွားပြီးလို့ မကြာခင်မှာပဲ ညီမလေးရေ၊ အဲဒီအိမ် ရှေ့ကို ရိုးသားတဲ့ ရွဲကုန်သည်ကရောက်လာပါလေရော၊
သူကလဲ ရွဲသည်ဗျို့ ၀ယ်ကြဦးမလား၊ ရွဲသည်ဗျို့ဝယ်ကြဦးမလား နဲ့ အော်လာတာ ပေါ့၊ မြေးမလေးကလဲ ရှေးကသွားတဲ့ ရွဲသည်ကို ပူဆာသလိုပဲ သူအဖွားကို ရွဲဝယ် ပေးဖို့ ပူဆာပြန်ရော၊
အဖွားကလဲ မြေးရယ် တို့မှာဘာနဲ့ဝယ်မလဲကွယ်လို့ ပြောရှာပြန်တယ်၊ မြေးမလေးက လည်း အဖွားရယ် ခုနကခွက်နဲ့ လဲပေးပါလားလို့ပြောပြန်တယ်၊
မြေးရယ် အဲဒီခွက်က ဘာမှတန်ဖိုးမရှိဘူးလို့ ခုနရွဲသည်က ပြောသွားတယ်မဟုတ် လားကွယ်
အဖွားရယ် အခုလာတဲ့ ရွဲသည်က သဘောကောင်းလောက်ပါတယ်၊ အဖွားရယ်လို့ ပြောတာကြောင့်

ရိုးသားတဲ့ ရွဲသည်ကို သူတို့အိမ်ကြီးထဲခေါ်လိုက်တယ်၊ နောက်ပြီး စောစောက ပြော ခဲ့တဲ့ ကြေးအထပ်ထပ် တက်နေတဲ့ ရွှေခွက်အဟောင်းကြီးကို ပြလိုက်တယ် တဲ့ ညီမလေးရေ၊
ရိုးသားတဲ့ ရွဲကုန်သည်ဟာ ခွက်ကြီးကို ကိုင်လိုက်တာနဲ့ ရွှေခွက်ကြီးဆိုတာ သိပါသ တဲ့၊ ညီမလေးရေ၊ ပြီးတော့ သူကနေ အဖွားရယ် ဒီရွှေခွက်က အသပြာ ငါးရာတန်တယ်၊ ကျွန်တော်မှာ ဒီလောက်တန်ကြေးရှိတဲ့ ပစ္စည်းမပါ ပါဘူးဗျာလို့ ရိုးရိုးသားသား ပြောပြရှာတယ်၊

အဲဒါနဲ့ အဖွားဖြစ်တဲ့သူက ကွယ် မင်းကုသိုလ်နဲ့ မင်းဖြစ်လာတာပဲ၊ ယူသွားပါ တို့ကို သာ ရွဲတွေပေးခဲ့ပါလို့ပြောတာနဲ့ ၊
ရိုးသားတဲ့ ရွဲကုန်သည်ဟာ အပြန်ခရီးလှေဖိုး ငါးအသပြာနဲ့ ချိန်ခွင်လေးပဲ ယူပြီး၊ ကျန်သမျှရွဲတွေ အကုန်ပေးခဲ့ပြီး၊ မြစ်ဆိပ်ကို ဒုန်းစိုင်းပြေးခဲ့သတဲ့ ညီမလေးရေ
မြစ်ဆိပ်ရောက်တယ်ဆိုရင်ပဲ လှေသမားကို ငါးအသပြာပေးပြီး၊ မြန်မြန်လှော်ဖို့ ပြောလိုက်တယ်တယ်

အဲဒိအချိန်မှာ လောဘကြီးတဲ့ ရွဲကုန်သည်ဟာ အခုနက မြေးအဖွားအိမ်ကို အကြံဆိုး ကြီးနဲ့ တစ်ခေါက်ထပ်ရောက်လာပြီး၊
စောစောကပြခဲ့တဲ့ ခွက်ကို ပေးပါလို့တောင်းသတဲ့၊ အဖွားဖြစ်တဲ့သူက မင်းက လူယုတ်မာပဲ ရွှေခွက်ကို ဘာတန်ဖိုးမှမရှိဘူးပြောတယ်၊ မင်းနဲ့ မထိုက်လို့ နောက် တစ်ယောက်ဝယ်သွားပြီးလို့ ပြောလိုက်တယ် ညီမလေးရေ။
အဲဒိလိုလဲ ပြောလိုက်ရော၊ လောဘကြီးတဲ့ ရွဲကုန်သည်ဟာ လောဘစိတ်တွေတက် လာပြီး တခြားတစ်ယောက်ဆိုတာ သူနဲ့ အတူလာခဲ့တဲ့ ရိုးသားတဲ့ ရွဲကုန်သည် ဖြစ်ရမယ် ဆိုပြီး၊
မြစ်ဆိပ်ကိုပြေးလိုက်ပါလေရော၊ သူမြစ်ဆိပ်ရောက်ချိန်မှာ ရိုးသားတဲ့ရွဲကုန်သည် ဟာ လှေနဲ့မြစ်လည်ခေါင်မှာ ရောက်နေပြီလေ၊
ဟေး လှေကိုပြန်လှည့်ခဲ့၊ ဟေး လှေကိုပြန်ခဲ့လို့ အော်ခေါ်ပေမဲ့ လှေသမားက ပြန်လှည့် မလာတော့ဘူးလေ၊

အဲဒီအချိန်မှာ လောဘကြီးတဲ့ ရွဲကုန်သည်ဟာ သူရသင့်ရဲ့သားနဲ့ မရလိုက်တဲ့ ရွှေခွက်ကြီးကို မျက်စိထဲ မြင်ရောင်ပြီး ပေး ပေး ငါ့ရွှေခွက်ပေး၊ ပေး ပေး ငါရွှေခွက် ပေး လို့ တစ်ကြော်ကြော်နဲ့ မြစ်ကမ်းပေါ်မှာ အော်ရင်း နှစ်လုံးသွေးတွေ ဆူပွက်လာပြီး  သေရှာသတဲ့ ကွယ်၊ နောက်ပိုင်း မောပြီး သေသွားရှာသတဲ့ ညီမလေးရေ

 ပုံပြင်လေးကတော့ ဒါပါပဲ ညီမလေးရေ၊
လောဘကြီးလာရင် လူဟာ ဘယ်လောက်များကြောက်စရာကောင်းလိုက်ပါ သလဲ၊ လူစိတ်ပျောက်သွားပြီး လောဘစိတ်တွေနဲ့ မရိုးမသားစိတ်တွေပေါ်လာတယ်နော်၊

နောက်ပြီး ကိုယ်ရသင့်တဲ့ ရွှေခွက်ကြီးကိုလဲ ကိုယ့်ရဲ့ မကောင်းတဲ့လေလာဘစိတ်ကြောင့်ပဲ လက်လွတ်ခဲ့ ရတယ်နော်၊

ဒါကြောင့် မြတ်စွာဘုရားက ဟောထားတာပေါ့ ညီမလေးရယ်၊ လောဘအပို လိုမလိုက်နဲ့ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ ဆိုတာလေ၊ ညီမလေးလဲ ကိုယ်ရသင့် တာထက် လိုချင်တာတွေဖြစ်လာရင် ၊  လောဘတွေနဲ့ စိတ်တွေ ရှုတ်ထွေးလာရင် ဒီပုံပြင်လေးကို သတိရလိုက်ပါနော်၊

ဒီနေရာမှာ ကြုံလို့ပြောလိုက်ဦးမယ်ညီမလေးရေ၊ သန္တုဋ္ဌီ- ရောင့်ရဲလွယ်တယ်ဆိုတာ ဘာမှ မလုပ်ပဲ ပျင်းကြောဆွဲပြီး ထိုင်နေတာ မဟုတ်ဘူးနော်၊
ကိုယ်ရသင့်တဲ့ အခွင့်အရေးထက် ပိုမယူတာ၊ ကိုယ်ရသင့်တဲ့ ပစ္စည်းထက် ပိုမသုံးတာ၊ ကိုယ်ရတဲ့ လစာနဲ့ လောက်ငအောင်သုံးတာ၊ လစာထက်ပိုပြီး  ပစ္စည်း တွေကို ၀ယ်ပြီး မသုံးတာကို ဆိုလိုတာနော်၊
သန္တုဋ္ဌီ- ရောင့်ရဲလွယ်ခြင်းဟာ မင်္ဂလာဆိုပြီး ဘာမှ မလုပ်ပဲ ထိုင်နေရမယ် ပြောတာ မဟုတ်ဘူးနော်၊

ကဲ ညီမလေးရေ နောက်ဆုံး ပြောပြရင် ခုနကပြောခဲ့တဲ့ ပုံပြင်လေးထဲက လောဘကြီးတဲ့ ရွဲကုန်သည်ဟာ အရှင် ဒေ၀ဒတ်လောင်လျှာဖြစ်သတဲ့၊ ရိုးသားတဲ့ ရွဲကုန်သည်ကတော့ အခု ဘဒ္ဒကမ္ဘာမှာပွင့်တော်မူသွားတဲ့ ဂေါတမဘုရားလောင်းဖြစ် ပါသတဲ့ ညီမလေးရေ၊

အရှင်ဒေ၀ဒတ်လောင်းက အဲဒီဘ၀ကနေ အစပြုပြီး ဘ၀ဆက်တိုင်း ဘ၀ဆက်တိုင်း ဘုရားအလာင်းတော်ကို ရန်ညှိုးဖွဲ့ပြီး ရန်သူလို တိုက်ခိုက်ဆက်ဆံတော့တာပဲတဲ့ ညီမလေးရေ၊
ကဲ ညီမလေးရေ ဒီလောက်ဆိုရင် လောဘကြီးတာဟာ ဘယ်လောက်ကြောက်စရာ ကောင်းတယ်ဆိုတာ သိလောက်ပြီးနော်၊

ညီမလေး လောဘကြီးမယ်လို့ စိတ်ထဲကြံမိရင် လောဘော အတ္ထံ န ဇာနာတိ= လောဘကြီးတဲ့ သူဟာ အကျိုးအကြေင်း အဆိုးအကောင်း မသိတော့ဘူးဆိုတဲ့ ဒေသနာ စကားလေးကို ကြားယောင်လိုက်ပါနော်၊





Thursday, 15 November 2012

ကျွန်ုပ်နှင့်  မန္တလာဆောင်း





ခန်းဆောင်ရွှေ ရဝေတွင်းမှာလ၊
ချမ်းပေါင်လေ တဖေတင်းသော်လည်း၊
ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန်။

မျက်တစ်ခတ်၊
ပြက်လျှပ်ကယ် တစ်ဗီဇနာမျှ၊
ထည်အလွှာ အကုန်ထွေးသော်လည်း၊
ကြည်အသာ မလုံသေးပါဘု၊
မှိတ်ပါလျှင် လိပ်ပြာက အေးတာမို့၊
သွေးလန့်လို့ခုန်။

ယမ်းယောင်ကာ တလျက်ညည်းမိတော့၊
သန်းခေါင်မှာ မြကြက်သီးတွေက၊
တဖီးဖီး ပျံ့လို့ငယ်အုံ၊
ဗျာဆုံတဲ့ ရာသီပဲ။

ငွေနှင်းငယ်မှုန်၊
လေညင်းရယ် တသုန်သုန်နှင့်၊
ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့၊
မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့၊
သည်ခေတ်မှာ သည်လိုဟာဖြင့်၊
သည်ကိုယ်မှာ သေသေလုပါပေါ့၊
ကမ္ဘာကို ဗြဟ္မာတို့ပြုခဲ့တယ်၊
ဆောင်းရတုပွဲ။ ။

( အချုပ်တန်းဆရာဖေ)


ကျွန်ုပ်သည် မန္တာဆောင်းကို သတိရတိုင်း အထက်ပါ အချုပ်တန်း ဆရာဖေ၏ ဆောင်းရတုတေးထပ်ကလေးကို ခဏခဏရွတ်မိလေသည်၊
ကျွန်ုပ်နဲ့ မန္တာဆောင်းမှာ စိမ်းလှသည်မဟုတ် ကျွန်ုပ်စာသင်သား ဘ၀တစ်လျှောက်လုံးတွင် အနေအများဆုံးမြို့ကို ညွှန်းဆိုပါဆိုလျှင် မန္တလေး ရွှေမြို့တော်ကြီးကို ညွှန်းဆိုရပေမည်၊
ကျွန်ုပ်သည် မန္တလေးရွှေမြို့တော်ကြီးတွင် စာပေသင်ကြားရင်း နေထိုင်ခဲ့ သည်မှာ ဆယ်စုနှစ်မကကြာလေသည်၊ ထို့ကြောင့်ပင် မန္တလာဆောင်း သည်လည်း ကျွန်ုပ်၏ရင်ထဲအသည်းထဲတွင်း စွမြဲထင်ကျန်ရစ်နေလေ သည်။

အနှီ မန္တာဆောင်းသည် ချစ်ဖို့ကောင်း၏၊ လွမ်းမောဖွယ်ရာဖြစ်၏၊ ခိုက် ခိုက်တုန်နေအောင် အေးလှ၏၊ ပူပြင်းလှသော အညာဒေသတွင် မန္တလာ ဆောင်းအရိပ်အောက်တွင် သွားလာလှုပ်ရှားရသည်မှာ ကြည်နူးဖွယ်ဖြစ်၏
ဆောင်းနှင်းအေးအေး လကွေးကွေးအောက်တွင် မန္တလေးရွှေတော်ကြီးက ဇာတ်တွေ၊အငြိမ်သဘင်တွေမှာ အရပ်တစ်ကာ ၊ ဘုရားပွဲများစွာတွင် ကလို့ကောင်း၊ ဆိုလိုကောင်းအောင်ရှိကြ၏၊ မန္တာရွှေမြို့သူ ရွှေမြို့တို့မှာ လည်း သူ့အရပ်နှင့် သူ့ဇာတ် အားပေးကြ၊ ကြည့်ရှုကြ ၊ မိုးစင်စင်လင်းမှ ပြန်ကြ၏၊ မန္တလာဆောင်းရဲ့ နှင်းဖွေးဖွေး ရာသီဥတုအေးအေးတွင် မန္တလာပွဲကြည့် ပရိတ်သတ်များမှာလဲ နွေးထွေးထွေး ရှိလှ၏။

ကျွန်ုပ် မစိုးရိမ်တိုက်သစ်ကြီးမှာ နေထိုင်စဉ်တွင် ဆောင်းမနက်ခင်း တိုင်း လမ်းလျှောက်ပြီးသားလဲဖြစ်ရ ဆွမ်းကိစ္စလဲအဆင်ပြေစေရန် ဘုံလောင်းတိုးခဲ့ဖူး၏၊ မန္တလာဆောင်းအေးအေး အောက်တွင် ကိုရင်ပေါက်စ ကလေးတွေနှင့် ပြေးရင်းလွှားရင်း ဘုံလောင်းလောင်းမည့် ဆွမ်းဒကာ၊ ဒါယိကာမအိမ်ရှာရင်း စ ၊ဒ ၊ဘ ၊၀ ၊ လုပ်ခဲ့ရသည်မှာ အခုအချိန်မှာ လွမ်းချင်စရာ၊ နှစ်ခါပြန်မရ နိုင်သော ငယ်မူငယ်သွေး လွမ်းစရာလေး တစ်ခုပင်။ စ၊ ဒ၊ ဘ၊ ၀၊ ဆိုသည်မှာ စောစောထ၊ ဒုန်းပြေး၊ ဘုံလောင်းတိုး၊ ၀ အောင်စားဆိုသော မန်းစာသင်သားတို့ အကြား ဆိုရိုးစကား တစ်ခုပင်ဖြစ်လေသည်၊

နိုင်ငံတော် ပရိယတ္တိသာသနတက္ကသိုလ်( န.ပ.သ) မန္တလေးသို့ တက်ရောက် ရသောအချိန်တွင်လည်း မန္တလာဆောင်းနှင့်ကား ငယ်ပေါင်း ကြီးဖော်ပမာ အဆက်အသွယ်မပြတ်ခဲ့ပါ၊
ဆောင်းမနက်တိုင်း ကျုံးဘေးသို့သွားကာ ဆောင်းနှင်းဖွေးဖွေး ကျုံးလေ အေးအေးကို အရသာခံရှူရှိုက်ရင်း လမ်းလျှောက်ဖြစ်လေသည်၊
တက္ကသိုလ်အလယ်က မျက်ခင်းပြင်ကြီးပေါ်တွင်လဲ ဆောင်းနှင်းဖွေးဖွေး တွေတွေ စုံစီပလုံညီ ကျနေသည်ကိုလည်း မျက်စိအရသာခံကြည့်ခဲ့ဖူး သည်၊ ထိုဆောင်းနှင်းဖွေးဖွေးကွင်းပြင်ကြီးကိုငေးကာ ကွင်းကြီးပတ် လျှောက်လျှက် စာအံ၊စာပြန်လုပ်ရသည်မှာလည်း အရာသာတစ်မျိုးပင်၊

မန္တလာဆောင်းသည် အချုပ်တန်းဆရာဖေပြောသလိုပင် ငွေနှင်းရယ် တမှုံမှုံ လေညှင်းရယ် တသုန်သုန်နှင့် ကမ်းကုန်အောင် အေးလေသည်၊
သို့ကလောက်အေးချမ်းသော်လည်း မန္တလာဆောင်းသည် မုန်းဖို့မကောင်း တစ်မျိုးလေး ချစ်ဖို့ပင် ကောင်းနေသေးသည်၊ ဆောင်းရာသီစာဖြစ်သော ငချိတ်ပေါင်း၊ ကောက်ညှင်းပေါင်း၊ မုန့်ပေါင်း၊ ပဲမြှစ်၊ ခေါပုတ်၊ ခဲတန်းချောင်းစသော ရာသီစာ အစားအသောက် ကောင်းများမှာလည်း ထိုအချိန်အခါမှပင် စားရ၊ သောက်ရတာ ခံတွင်းတွေ့လှလေသည်။

ထိုဆောင်းအချိန်အခါတွင် မန္တလာက အရပ်တကာမှာ  ဘုရားပွဲတွေ အပြိုင်အဆိုင် ကျင်းပကြ၏၊ ညဖက်တွင် ဇာတ်ပွဲတွေ၊ အငြိမ့်ပွဲတွေနှင့် စည်းကားသလို မနက်လင်းအာရုဏ်ကျင်းတာနှင့် ဆောင်းအေးအေး နှင်းနှင်းဖွေးဖွေးအောက်တွင် သံဃာတော်တွေကို စာရေးတန်ဆွမ်း လောင်းလှူကြတော့၏၊ ဆောင်းမနက်ခင်းတိုင်း ဆောင်းနှင်းဖွေးဖွေး ဆောင်းလေအေးအေးထဲတွင် တစ်ကနေ တစ်ဆယ်အထိ သံဃာတော် များကြွတော်မူပါ ဘုရား၊ စသည်အားဖြင့် စာရေးတန်မဲကြွရန် သံဃာတော် တွေပင့်လျှောက်သော အသံများသည် ဘ၀ဂ်ညံနေတတ်၏၊

ထို့ကြောင့် မန္တလာဆောင်းသည် ချစ်ဖို့ကောင်း၏၊ လွမ်းမောဖွယ်ဖြစ်၏၊ ဘယ်အရပ်ရောက်ရောက်၊ ဘယ်ဒေသနေနေ မန္တလာဆောင်းရင်ခွင်ထဲ ခိုဝင်ဖူးသူတိုင်း မန္တလာဆောင်းကို သတိရနေမှာ အသေအချာပင်၊

ယခု ကျွန်ုပ်သည်ပင်လျှင် မန္တလာရွှေမြို့တော်ကြီးနှင့် ဝေးရာ မဇ္ဈိမဒေသ သို့ Ph.D ဒေါက်တာဘွဲ့သင်ယူရန်ရောက်ရှိနေပါလျှက် မန္တလာဆောင်းကို လွမ်းလျှက်နေပါကြောင်း ။ ။


ရွှေမန်းသား ( အရှင်အကုင်္ရ)

Wednesday, 14 November 2012

ကျွနုပ်နှင့် ချက်ပြုတ်ခြင်း အနုပညာ


ကျွန်ုပ်နှင့် ချက်ပြုတ်ခြင်း အနုပညာ


ကျွန်ုပ်သည် ချက်ပြုတ်ခြင်းကို တဖက်ကမ်းခတ်တတ်မြောက်သော စားဖိုမှူး တစ်ယောက်မဟုတ်ပေ၊ မှတ်မှတ်ရရ ဆိုရသော် ချက်ပြုတ်ခြင်း အနုပညာနှင့် ကျွန်ုပ် စတင်သိကျွမ်း တရင်းတနှီး စပြီးရှိခဲ့သည့် ( 67,89) တစ်ဆင့်တိုး စစ်အစိုးရပြုတ်ရမည် ဆိုသောနံရံကပ်စာစောင်တို့ ကြီးစိုးနေသော ၈၈ အရေးအခင်းကြီးဖြစ်ပြီး သောကာလ စစ်အစိုးရလက်ထက် မန်းရွှေမြို့တော်ရောက်စ မစိုးရိမ်တိုက်သစ်ကြီး မှာပင် ဖြစ်လေသည်၊

မစိုးရိမ်တိုက်သစ်ကြီးသို့ ရောက်စဖြစ်သော ကျွန်ုပ်တို့ကိုရင်ပေါက်စလေး များမှာ ဆရာဦးပဉ္ဖင်းများ လက်အောက်တွင် အုပ်ထိန်းခံကာ သီတင်းသုံး ကြရလေ၏၊ မိုးရွာ၍ ဆရာသမား ဦးပဉ္ဖင်းများ ဆွမ်းခံမထွက်ဖြစ်သောအ ခါ မိမိနိုင်ရာဘက်မှ တာဝန်ယူကာ ဆွမ်းများဝိုင်းဝန်းချက်ပြုတ်ပေးရ၏၊
ထိုအချိန်က ကျွန်ုပ်မှာ ဟင်းမချက်တတ်သေး၊ ထမင်းသာလျှင် ချက်တတ်၏၊ ကျွန်ုပ် ဟင်း စချက်တတ်သော ကာလမှာ မန္တလေး နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (န.ပ.သ (မန်း)) သို့ ရောက်ရှိသော အချိန်မှသာ ဖြစ်လေသည်၊

ထိုသို့ချက်တတ်သည်ဆိုသည်မှာလည်း ဖြစ်ဖြစ်မြောက်မြောက် လောက်လောက်လားလား ဟုတ်ဟုတ်ငြားငြား အဖြစ်ရှိသည်မဟုတ်၊ လိုတာလို များတာများ ချိုတာချို ခါးတာခါးပင်၊
ဤသို့ဖြင့် နပသ တက္ကသိုလ်ကြီးမှာ ရိုးရိုးတန်း၊ မာစတာတန်းများ တက်ရောက်ပြီးဆုံးပြီး သကာလ ကျောင်းတော်ကြီးမှ ထွက်ခဲ့ရလေသည်၊
ကျွန်ုပ်၏ ချက်ပြုတ်ချက်ခြင်း တစ်စခန်းသည်လည်း ဤနေရာမှာပင် တစ်ခန်းရပ်သွားလေ၏၊ အဘယ်ကြောင့်ဆိုသော် မန်းရွှေမြို့တော်ကြီးမှ ရန်ကုန်ရွှေမြို့တော်ကြီးသို့ ရောက်ပြီး သကာလ ဒကာ ၊ ဒါယိကာမတို့ လောင်းလှူဒါန်းသော ဆွမ်း၊ ဆွမ်းဟင်းများကို သပိတ်ပိုက်၍ ဆွမ်းအလှူခံ၍ ရနေသောကြောင့် ဖြစ်ချေသည်၊

ဤသို့ဤပုံဖြင့် ကျွန်ုပ်မှာ မထင်မှတ်ပဲ 15.10.2010 နေ့တွင် သီဟိုဠ်ကျွန်းခေါ် သီရိလင်္ကာနိုင်ငံသို့ ပညာသင်ထွက်ခွင့်ကြုံပြန်၏၊
အနှီသီရိလင်္ကာတွင် ဆွမ်းခံခြင်းဓလေ့ကား ပျောက်ပျက်နေချေ၏၊ ဌာနေ ကိုယ်တော်လေး တစ်ပါးတစ်လေသာ ဆွမ်းခံကြချေ၏၊ ကျွန်ုပ်တို့ မြန်မာ စာသင်သား တက္ကသိုလ်ကျောင်းသားများမှာ ဆွမ်းခံထွက်လို့မရ၊ အဆင်မ ပြေပါ၊ သို့အတွက်ကြောင့် ကိုယ်တိုင်အလှည့်ကျ ချက်ပြုတ်ချင်းအမှုကို ပြုကြရလေ၏၊
တစ်နှစ်ခွဲမျှ ခေါင်းမပြူခဲ့သော ကျွန်ုပ်၏ ချက်ပြုခြင်း အနုပညာများမှာလဲ ထိုအခါမှပင် ပြန်လည်ခေါင်းထောင်ခွင့်ရကြလေ၏၊ ရှေးရှေးက ရောက်နှင့် နေသော ဂျူနီယာနောင်တော်ကြီးများဆီမှ လိုအပ်သော အချက်အပြုတ် များကို ထပ်ဖြည့်သင်ရလေ၏၊

ဤနေရာတွင် စကားစပ်မိလို့ ကြားဖြတ်ပြောရပါဦးမည်၊ တစ်ခါသား ကိုယ်တော်လေးတစ်ပါးသည် သီရိလင်္ကာနိုင်ငံသို့ ပညာသင်လာရန် စီစဉ်နေ၏၊ သူ၏ရဟန်းဒကာမကလည်း သူတို့နှင့် ရင်းနှီးသော သီရိလင်္ကာ ပြန်ဆရာတော်ကြီးတစ်ပါးအား အရှင်ဘုရား တပည့်
တော်ဦးဇင်းလေး သီရိလင်္ကာ သွားပညာသင်မလို့ဘုရား အဲဒါ ဘာလို အပ်တာများ ထည့်ပေးလိုက်ရမလဲ ဘုရားဟု လျှောက်ထားသောအခါ၊ အနှီဆရာတော်ကြီးမှ အိမ်း ဟင်းချက်နည်း စာအုပ်ကောင်းကောင်း တစ်အုပ်သာ ထည့်ပေးလိုက်ဟု မိန်းကြားကြောင်း ပါးစပ်ရာဇ၀င်အရ မှတ်သားရဖူးလေ၏၊

တိုင်းတစ်ပါးတွင် ကိုယ်တော်လေးများ ပညာသင်ရသည်မှာ မိမိတို့ရွှေပြည် ကြီးမှာလို ချက်ရေးပြုတ်ရေး စိတ်အေးကာ သင်ကြားရသည်မဟုတ်၊ ကိုယ်တိုင်ဈေးသွားရ၊ ကိုယ်တိုင်ချက်ပြုတ်ရပြီး ချက်ရေးပြုတ်ရေးကို ကိုယ်ပိုင် အလုပ်တစ်ခုအဖြစ် သတ်မှတ်ကာ လုပ်ကြရလေသည်၊
ကျွန်ုပ်မှာ ထိုသို့ ဂျူနီယာနောင်တော်ကြီးများဆီမှလည်း ထမင်းဟင်း ချက်နည်း အသီးသီးကိုသင်၊ အွန်လိုင်းပေါ်မှတဆင့်လည်း တွေ့သမျှ သူကို ဟင်းချက်နည်းမေးမြန်း စမ်းသပ်ချက်ပြုတ်လာခဲ့ရာ ယခုဆိုလျှင် ချက်ရေးပြုတ်ရေး အတွက် စိတ်သောက နဲနဲအေးရလေပြီ၊

ကျွန်ုပ်သည် သီရိလင်္ကာနိုင်ငံမှ တဖန် Ph,D ဒေါက်တာဘွဲ့ကြီးကို ဆက်လက် တက်ရောက်ပညာသင်ယူရင် အိန္ဒိယတောင်ပိုင်း အနမလိုင်း တက္ကသိုလ်ကြီးသို့ရောက်သော အခါတွင်လဲ အနှီချက်ပြုတ်ချင်း လုပ်ငန်း စဉ်ကား ပို၍ပင် လက်ဝင်လာလေ၏၊

အိန္ဒိယသား မဇ္ဈိမလူမျိုးများကား ကျွန်ုပ်တို့ မြန်မာလူမျိုးများကဲ့သို့ ငပိကိုမစား အသားငါးလည်း အနည်းငယ်သာ စားကြလေ၏၊ ထိုအခါ ကျွန်ုပ်ကဲ့သို့ ငပိစားသော ကျွန်ုပ်တို့ ရွှေပြည်ကြီးသားတို့မှာ ငပိကို တစ်ခုတစ်ရ မြန်မာပြည်မှ သယ်ယူလာရကြလေ၏၊
ရွှေမြန်မာများအတွက် ဆားမပါသော ဟင်းသည် အရသာမရှိသလို ငပိမပါသော ဟင်းတစ်ခွက်သည်လည်း မမြိန်ရှက်ပါ၊

သို့ပေမယ့် သယ်လာသော ငပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်များမှာ ခြောက်လသာသာသာ သက်တမ်းရှည်ရှာလေသည်။ ခြောက်လကျော် လျှင် အားလုံးပြတ်လတ်ကာ မဇ္ဈိမသားတို့အလား မခြားနားစွာ ဖွယ်ဖွယ် တယ်တယ် ဟင်းခွက်တွေနှင့်သာ လွေးရရှာလေ၏၊
အနှီအချိန်ကား အမိရွှေပြည်ကြီးကို အမှတ်အရဆုံးနဲ့ အလွမ်းဆုံးဖြစ်ချေ သည်ဟု ပြောလျှင် လွန်အံ့မထင်၊

နောက်တစ်ခါ ရွှေပြည်ကြီးမှ လှူဒါန်းကြသော ဆွမ်းဒကာ၊ ဆွမ်းအမ များ၏ ကျေးဇူးဂုဏ်အစုံစုံ ရှိပုံကို သိရှိရသော အချိန်ဆိုလျှင်လည်း လွဲအံ့မထင်၊
ယခုပင်လျှင် ကျွန်ုပ်သည် ငှားနေသော အိမ်၏ မီးဖိုဆောင်တွင် ခရမ်းသီးနှပ် တစ်ခွက်နှင့် ချဉ်ရည်ဟင်းတစ်ခွက်ချက်ကာ ရွှေပြည်ကြီးမှ ဒကာ၊ ဒကာမတို့၏ အချိုအချဉ်အမယ်စုံလင် ဆွမ်းပွဲကြီးကို မျက်စိတွင် မြင်လျှက်  လွမ်းဆွတ်သတိရကာ ဤဆောင်းပါးကို ဖေ့စဘုတ်ပေါ်တွင် တို့ထိလိုက် ရပါကြောင်း သပ္ပုရိသနွယ်ဝင် သူတော်ကောင်းတို့ရေ----။ ။

ရွှေမန်းသား (အရှင်အကုင်္ရ)

Thursday, 8 November 2012

ကျွန်ုပ်နဲ့ စက်ဘီး

ကျွန်ုပ်နဲ့ စက်ဘီး

ကျွန်ုပ်ကား မဇ္ဈိမဒေသ တောင်ပိုင်း ချန်ရန်ဘရန်မြို့ အနမလိုင်းတက္ကသီလာကြီးသို့ Ph.D တည်းဟူသော ဒေါက်တာဘွဲ့ကြီးအား ဆည်ပူးရန် ရောက်ရှိနေသည်မှာ တစ်ပတ်ခန့်ကျော်လေပြီ၊
ကျွန်ုပ်ရောက်ရှိနေသော ချီရန်ဘရန်မြို့ကား၊ မြို့ပေါက်စကလေးမျှသာ ဖြစ်ချေ သည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံက တောနယ်မြို့လေးမျှသာရှိ၏၊ ဤမြို့လေးမှာ ဘုန်းကြီးကျောင်းမရှိလေရာ ကျွန်ုပ်တို့ မြန်မာရဟန်းတော်များမှာ အိမ်ကိုငှားကာ ကျောင်းအဖြစ် သီတင်းသုံးရချေ၏၊ စားရေးသောက်တာမှာလည်း ညာဘက်က စာရေးခြင်းငှာ ဘောလ်ပင်ကိုင်ရပြီး ဘယ်ဘက်မှ ချက်ရေးပြုတ်ရေး ဖြေရှင်းပေးပြီး ကပ္ပိယလဲကိုယ် ဘုန်းတော်ကြီးလဲကိုယ် နှစ်ယောက်တစ်အိမ်မက်လုပ်ကာ ခေတ္တခဏမျှ မြန်မာပြည်က ဘုန်းတော်ကြီးဘ၀ကို မေ့ထားရလေ၏။

 သို့သော်ကား တစ်ခုပြောစရာရှိသည်မှာ ကျွန်ုပ်တို့ တက်ရောက်နေသော တက္ကသိုလ်ကြီးကား အနှီ ချီရန်ဘရန်မြို့ထက် ကြီးလေ၏၊ ကျွန်ုပ်ခန့်မှန်းချေ ဧကတစ်ရာမကကျယ်လေ၏၊
ကျွန်ုပ်တို့ ရွှေမြန်မာပြည်ကြီးမှာကဲ့သို့ တက္ကသိုလ်တစ်ခုချင်းစီ ခွဲလျှက်မနေ၊ ဆေးတက္ကသိုလ်၊ အင်ဂျင်နီယာတ္ကသိုလ်၊ ၀ိဇ္ဖာသိပ္ပံတက္ကသိုလ် အထိုထိုတို့သည် လည်း အနှီဧကတစ်ရာကျော်သော တက္ကသိုလ်ဝင်းထဲမှာပင် ပါဝင်ပေါင်းဆည်း ကြလေသည်၊

ဤကဲ့သို့ ကျယ်ဝန်းသောတက္ကသိုလ်ဝင်းကြီးကို ဖြတ်ခါ ကျွန်ုပ်တို့ philosophy ဌာန ရှိရာသို့ သွားရောက်ရသည်မှာ၊ ကုန်းကြောင်းနှင့် အဆင်မပြေ အော်တိုခေါ်သော သုံးဘီးနှင့်မှ အဆင်ပြေလေ၏၊ စနေတနင်္ဂနွေမှလွဲကာ နေ့စဉ်အော်တိုနှင့်သွားရ သော လမ်းကြောင်းကား မဖြောင့်တန်းချေ၊
ဘဇာကြောင့် ဆိုသော် တစ်ချို့သော အော်တိုသမားကား ပုံမှန်းဈေးကိုတောင်းချေ
၏ ၊ တစ်ချို့အော်တိုသမားကား အဆမတန် မတန်မရာဈေးကိုတောင်းလေ၏၊ ပုံမှန်ဈေးကိုပင် ငှားနေသော အိမ်နှင့်ကျောင်း ၊ကျောင်းနှင့်အိမ် လွန်းပျံထိုးရသည်မှာ ရူးပီးရှစ်ဆယ်ကုန်ချေ၏၊
သို့ကလိုကြောင့် တွက်ရေးနှင့် စက်သူဌေး၊ ချွေတာရေးနှင့် ငွေရှာရေးလုပ်ကာ
ကျောင်းသွားကျောင်းပြန် အဆင်ပြေစေပြီး စီးတော်ယဉ်အလို့ငှာ စက်ဘီး အသစ်ကျပ်ချွတ်တစ်စီးအား ရူပီး လေးထောင်တစ်ရာပေးကာ ၀ယ်လိုက်လေ၏။

အနှီစက်ဘီး အသစ်ကြီးကို ၀ယ်လာသည့်နေ့မှ စတင်ကား အမျိုးမျိုးခွကြည့်၏၊ စီးကြည့်၏၊ ဂျောက်ဂျက် ဂျောက်ဂျက်လုပ်ကြည့်၏၊ စီးရတာ အဆင်မပြေ အနေအထားမတည့် လက်ကိုင်က ဘယ်ညာရမ်းနေ၏၊ ခါးက အငြိမ်မနေ တစ်ယောက်ယောက်က ကလိထိုးသလို ဘယ်ညာလှုပ်ခါနေ၏၊
ဤသို့ဖြင့် ကျွန်ုပ်က စက်ဘီးကို မစီးရပဲ စက်ဘီးကသာ ယ္ခုအချိန်အထိ ကျွန်ုပ်ကို သာစီးလျှက်နေ၏၊

သို့သော် တောင်ကြီး ဖ၀ါးအောက် လှိုင်းကြီး လှေအောက်ဆိုသကဲ့သို့  အနှီ ဘီးနှစ်ဘက်ပါသော စက်ဘီးကိုကား တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကျွန်ုပ်၏ ခြေနှစ်ဘက်အောက်တွင် ရောက်ရမည်ဟု အားတင်းကာ ထားလိုက်လေသတည်း ။ ။

ရွှေမန်းသား ( အရှင်အကုင်္ရ)
http://shwemantha.blogspot.in



Wednesday, 15 August 2012

အခြေမပေးလို့ အနေဝေးသွားခဲ့ရင်



ဒီတစ်ခါစာဖတ်သူတွေကို တစ်ယောက်နဲ့တစ်ယောက်အခြေနေမပေးလို့ အဆင်မပြေ ကြလို့ ဝေးကွာသွားတဲ့အခါ၊ အားတင်းနိုင်အောင် အားပေးစာလေးတစ်ပုဒ်ရေးပါဦးမယ်၊
 ရေးမယ်ဆိုတော့ ထုံးစံအတိုင်ပုံပြင်လေးတစ်ပုဒ်နဲ့ စကြရအောင်ပါ၊ ဒီပုံပြင်လေးက ဆရာနန္ဒာသိန်းဇံရဲ့ စာအုပ်ထဲကပါ၊ သိဖူးဖတ်ဖူးသူများလည်း ထပ်သိရအောင်ပြောပြပါ ဦးမယ်၊ ပုံပြင်လေးကဒီလိုပါ၊

ရှေးရှေးကလူတွေဟာ ခြေကလဲလေးချောင်း၊ လက်ကလည်းလေးချောင်းနဲ့ ခေါင်းကနှစ် လုံးပါတာပါတဲ့ အဲဒီလိုဖြစ်နေတော့ စာဖတ်သူပဲစဉ်းစားကြည့်လိုက်ပါ၊ကို့ယို့ကားယားကြီး ဖြစ်နေ မယ်ထင်ပါတယ်၊ နောက်အဲဒီလူတွေက အငြိမ်မနေပါဘူးလှည့်ပတ်သွားလာနေ တာပါတဲ့၊ ဒါကိုကြည့်မရတဲ့ ဇုနတ်မင်းကြီးက တစ်ခြမ်းဆီခွဲပစ်လိုက်ပါတယ်၊ ခွဲလိုက်တော့ လက်နှစ်ဖက်၊ခြေနှစ်ချောင်း ခေါင်းတစ်လုံးစီဖြစ်သွားပါတယ်၊

အခွဲခံရတဲ့အခြမ်းလေးတွေဟာ တဖြေးဖြေးနဲ့ဝေးကွာသွားကြပါတယ်၊ ဝေးကွာသွားတဲ့အချိန် မှာသတိတွေရ၊ တမ်းတမှုတွေနဲ့ မျက်ရည်နဲ့မျက်ခွက်ပေါ့၊ ဒါကြောင့်အခြမ်းလေးတွေဟာ နေ့တိုင်း လတိုင်း နှစ်တိုင်း ကိုယ့်ဆီကဖဲ့ထုတ်ခံ လိုက်ရတဲ့ တခြားအခြမ်းလေးကိုလိုက်ရှာကြပါတယ်၊ တစ်ခါတစ်ခါ ကိုယ်အခြမ်းမှတ်လို့ သူများအခြမ်းလေးကို ငါ့အခြမ်းပဲလို့သွားကပ်တာ အဆင်မပြေဖြစ်လို့ တစ်ခါခွဲထားခဲ့ရပြီး၊ အခြမ်းရှာပုံတော်စရပြန်ပါတယ်၊ တစ်ခါတစ်ခါ ငါ့အခြမ်းပဲရယ်လို့ထင်မှတ်ပြီး နှစ်ရှည်လများတွဲလာကြတာတောင် နောက်ဆုံးကိုယ့်ရဲ့အခြမ်းလေး မဟုတ်မှန်းသိတော့ အဲဒီအချိန်မှာ ကြင်နာပေမဲ့ ရင်နာနာခွဲကြရပြန်တယ်၊ ပုံပြင်လေကတော့ ဒါပါပဲ၊
  
ပုံပြင်လေးပေမဲ့ တကယ့်လူတွေရဲ့ဘ၀တွေကိုကြည့်ပြန်ရင်လည်း၊ လူတိုင်းလူတိုင်းဖြစ်နေ တာခံစားနေရတာဟာလည်း ထိုနည်းလည်းကောင်းပဲလေ၊ ခုချစ်ခင်ကြခုယုယကြင်နာ လိုက်ကြ၊ ခုခွဲခွါကြပြန်ရနဲ့၊ တစ်ချို့ကြတော့ တစ်ဖက်သတ်နဲ့ အသက်ထက်မကချစ်ကြရ၊ တစ်ချို့ကြတော့ နှစ် ဦးနှစ်ဖက်အပေး အယူမျှပါရက်နဲ့ ဘေးလူကနှောက်လို့ မှောက်သွားတဲ့ အချစ်လှေတွေနဲ့ ဘ၀တွေဟာမျိုးစုံမျိုးစုံ အများကြီးပါပဲလေ၊
  
တရားသဘောနဲ့ပြောပြရရင်တော့“ ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းကားကွေကွင်းနောက် ဆုံးရှိခြေသည်”လို့ပြောရမှာပါပဲ၊ ဒါပေမဲ့အများက ပုရင်းထုရင်းစင်စင်နေတဲ့ ပုထုဇဉ်လူးသားတွေလေ၊ မချစ်ပဲကိုမနေနိုင်ကြပါဘူး၊ မနေနိုင်လို့ချစ်ကြ၊ ချစ်ကြပြီးအ ဆင်မပြေတော့ ကွဲကြနဲ့ ဖြစ်ကြရပြန်ရော၊ ကွဲသွားတဲ့အခါမှ ပေါက်ကွဲကြပြန်ရော မင်းငါ့အ သည်းကိုခွဲတဲ့ အသည်းစားဘုရင်ကြီး ၊အသည်းစားဘုရင်မကြီးဆိုပြီးတော့လေ၊
  
ပြောရရင်တော့ မကွဲခင်အချိန်လေးမှာ အဆင်ပြေအောင်နေကြတာဟာအကောင်းဆုံးပါ၊ ကွဲသွားမှပြန်စေ့ရတာ တော်တော်မလွယ်တဲ့အလုပ်ပါ၊ ဒါကြောင့်ပထမဆုံး အကြံပေး ချင်တာကတော့ ကိုယ့်အခြမ်းလေးကို ကိုယ်တိုင်ဂရုစိုက်ပြီး မကွဲမကွာမခွဲမခွါနေရအောင် စောင့်ရှောက်ကြင်နာလိုက်ပါ၊ တကယ်လို့ ဂရုစိုက်တဲ့ကြားကကွဲသွားရင်ဘယ်လိုလုပ်ကြ မလဲ?
  
စာရေးသူရဲ့ တပည့်မလေးတစ်ယောက်လိုတော့မလုပ်ပါနဲ့ စာရေးသူရဲ့တပည့် မလေးတစ်ယောက်က သူချစ်သူကို သူနဲ့လည်းအဆင်မပြေဖြစ်ရော အဆင်ပြေတုန်းက ၀ယ်ပေးထားတဲ့ ဆေးလိပ်ဖိုး၊ မုန့်ဖိုးတွေကို ပြန်ပေးဆိုပြီးတောင်းပါတယ်၊ အဲဒီလိုပြန် တောင်းပြန်ရင်လည်း  ကိုယ်စိတ်သဘောထားသေးသိမ်တယ်ဆိုတာ ဖော်ပြရာရောက်ပါ တယ်၊ အကောင်းဆုံးကတော့ သူရဲ့ကောင်းကွက်လေးတွေကိုကြည့်ပြီးမေတ္တာပို့ပေးနေ လိုက်ပါ၊ ဒါကလည်းအပြောလွယ်သလောက် အလုပ်ခက်တဲ့အလုပ်ပါ၊ ကိုယ်နဲ့အဆင် မပြေသူတစ်ယောက်ကို မေတ္တာထားဖို့ရာဆိုတာ တော်တော်ကိုမလွယ်တာပါ၊ သူအကြောင်း တွေးမိရင်တောင် ရင်ထဲတမြည့်တမြည့်နဲ့ နာကြင်နေတာ ဘယ်လိုလုပ် မေတ္တာပွားနိုင်မလဲလို့ စောဒကတက်ကြမယ်ထင်ပါတယ်၊

မှန်ပါတယ် စာဖတ်သူရယ် သူ့အကြောင်းကိုစ,မတွေးပဲ ကိုယ့်အကြောင်းကနေစ,တွေးရ အောင်ပါ ဘာကြောင့် လည်းဆိုတော့လူတိုင်းနီးပါးက ကိုယ့်ကိုယ်ကိုအရမ်းချစ်ကြလို့ပါ၊ ကိုယ့်ကိုယ်ကိုစ,ပြီး “ငါကျန်းမာပါစေ၊ ငါချမ်းသာပါစေ၊ငါဘေးရန်ကင်းပါစေ”လို့မေတ္တာ လေးပွားကြည့်ပါ၊နောက်ကိုယ့်ကိုယ်ကိုပွားပြီးသွားရင်ကိုယ်ချစ်လဲမချစ်မုန်းလည်းမမုန်း တဲ့သူတွေကို ကိုယ့်ကိုယ်ကိုမေတ္တာပွားသလိုဆက်ပွားကြည့်ပါ၊ အဲဒီလိုပွားပြီးသွားရင် ဆက်ပြီးတော့  ကိုယ်အရမ်းချစ်တဲ့သူကိုလည်း ကိုယ့်ကိုယ်ကိုပွားသလိုပဲ မေတ္တာလေးပွားကြည့်ပါ၊ နောက်ဆုံးအနေနဲ့ကတော့ ကိုယ်လုံးလုံးဝကြည့်မရတဲ့ ကိုယ်ရဲ့ရန်သူတော်ကြီးကို “ငါကျန်းမာသလို သူလည်းကျန်းမာပါစေ၊ ငါချမ်းသာသလိုသူလည်း ချမ်းသာပါစေ၊ ငါ ဘေးရန်ကင်းသလိုသူလည်း ဘေးရန်ကင်းပါစေ”လို့ ကြိုးစားပြီးပွားများကြည့်ပါ၊ ဒါဆိုရင်တော့ ခွဲခွာရတဲ့ဒဏ်၊ ကွဲကွာရတဲ့ဒဏ်ကို အနည်းနဲ့အများတော့ခံသာ မယ်ထင်ပါတယ်၊
  
ဒီလိုမှမဟုတ်ရင်လည်း ကိုယ်ခံစားနေရတာတွေကို ကိုယ်ယုံကြည်ရတဲ့သူငယ် ချင်းတွေကိုရင်ဖွင့်လိုက်ပါ၊ နဲနဲတော့ ရင်ထဲပေါ့သွားပါလိမ့်မယ်၊ ဒါမှမဟုတ် စာရွက်ထဲမှာကိုယ်ခံနေရတာတွေ ချရေးလိုက်ပါ၊ ခံစားနေရတာတွေပြေလျှော့သွား လိမ့်မယ်၊ ဒါက ဘုရားပေးတဲ့တရားဆေးမဟုတ်ပါဘူး၊ လောကထဲကမှာ ဖြေရှင်းလို့ပြေ လည်မဲ့နည်းလေးတချို့ပါ၊
  
    နောက်ဆုံးအနေနဲ့ကတော့ စောစောစီးစီးလမ်းခွဲသွားတာဟာ ငါအတွက်ကံ ကောင်းတာပါလားလို့တွေးပြီးပျော်လိုက်ပါ၊ ဒါမှမဟုတ်ရင်လည်း လူတိုင်းသတ္တ၀ါတိုင်း  ဟာတစ်နေ့ကြရင် သေကွဲကွဲရင်ကွဲ ဒီလိုမှမဟုတ်ရင် ရှင်ကွဲကွဲရင်ကွဲရမှာပါလားလို့တွေး လိုက်ပါ၊ ခုသူနဲ့ငါနဲ့ကွဲကွာသွားတာဟာ သေကွဲကွဲသွားတာမှမဟုတ်တာ ရှင်ကွဲကွဲသွား တာလေ၊ ဒါကြောင့် တစ်ချိန်ချိန်မှာပြန်တွေ့နိုင်သေးတယ်လေလို့ဖြေသိမ့်နေလိုက်ပါ၊
 
ကဲစာဖတ်သူရေဖြေဆေးလေးတွေတော့ ရေးပေးလိုက်ပါပြီး တကယ်လို့ဝေကွာသွားကြ ရင်ဖြေတတ်ကြပါစေနော်၊ ဒါပေမဲ့ စာဖတ်သူအားလုံးကို ခွဲခွာခြင်း ကွဲကွာခြင်းမှ ဝေးကြပါ စေကြောင်း ဆုတောင်းလိုက်ပါတယ်၊

ရွှေမန်းသား ( အရှင်အကုင်္ရ)

အမေ သို့

အမေ---

အခုလိုလိုက်လိုက်လှဲလှဲ မခေါ်ရတာကြာပြီ

အမေ

ခန့်ကျန်းသာလို့ မာပါစ

အမေ

ဖုန်းဆက်လိုက်တိုင်း လိုင်းထဲကအမေ့စကားတွေ

မသဲမကွဲနဲ့

ကြားရတာ အရင်လို နီးနီးနားနားမဟုတ်တော့

အဆင်မပြောဘူးအမေ

အမေ

ခုဆို ကျွန်တော်ရောက်နေတဲ့ အရပ်က

ရန်ကုန်နဲ့ အနေဝေး

မိုင်ပေါင်း (၁၂၃၅) နေရာလေးမှာ

အများပြောသလိုပြောရရင်

နိုင်ငံခြားပါအမေ

ဟုတ်ပါတယ်အမေရယ်

အမေနဲ့သား နိုင်ငံတွေခြားနေတဲ့ နိုင်ငံခြားပါ

ဘာသာမကွဲပြားပေမဲ့

အယူအဆ မတူကြတဲ့

လူမျိုးခြားတွေကြားမှာ

နေ့စဉ်နေ့တိုင်း

အမေသင်ပေးလိုက်တဲ့ ဝေါဟာရနဲ့ အသုံးအနှုံးကို

ထည်လဲသုံးလို့မရတော့တဲ့ နေရာလေ

တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ရာမှာ

သိုးဆောင်းတွေသုံးတဲ့ စကားကို ကြားခံအဖြစ်ထား

တစ်ယောက်ရဲ့နားနဲ့ တစ်ယောက်ရဲ့နားမှာ

ယုံကြည့်မှုနဲ့နားလည်မှုကို မိတ္တူကူးနေရတယ်

အမေ

ပြန်လာချင်လှပြီ အမေ့ဆီကို

အမေ

ပြန်နေချင်လှပြီအမေ့အိမ်မှာ

ဟော ဒီနိုင်ငံခြားကြီးဟာ

ဘယ်လောက်သာယာယာ၊

ဘယ်လောက်လောက်တိုးတက်တိုးတက်

အမေလက်နဲ့ ပွေ့ဖက်ထားတာလောက်

နွေးထွေးမှုမရှိပါဘူး

အမေ

ဟောဒီသူတို့တိုင်းပြည်ကြီးမှာ

ကျည်ဆန်ရထား၊ မိုးမျှော်တိုက်၊ ဟန်ဘာဂါ

သူတို့ဓလေ့ ရိုးရာအထွေထွေ

ဘယ်လို့ကောင်းတဲ့ နတ်သုဒ္ဓါတွေနဲ့ ဖြားယောင်းပါစေ

ကျွန်တော်ခံတွင်းမတွေ့ဘူးအမေ

အမေအိမ်က ၀ါးအခင်းမှာ

အေးအေးဆေးဆေး တေးငြီးရင်

ငါးပိရည် အတို့အမြှုပ်နဲ့

ထမင်းလုတ်တွေ လွေးချင်လှပြီ

အမေ
                               

                                                                     (8.5.2011-အမေများနေ့ အမှတ်တရ)
                                                                         သားရွှေမန်းသား (ခေတ္တ  သီရိလင်္ကာ)

Tuesday, 14 August 2012

ညီမလေး ဖတ်ဖို့ ( ၆ )



ညီမလေး ဖတ်ဖို့ ( ၆ ) တူညီလေးဖြာ သတိရပါ
*********************************************
ညီမလေးဖတ်ဖို့ (၁။၂။၅)ပဲဖတ်ရတယ် (၃၊ ၄) ကိုမဖတ်လိုက်ရပါဘူး။ ကျေးဇူးပြုပြီး (၃။၎)ကိုပို့ပေးပါလား။ ညီမအခုရောက်ရှိနေတဲ့နေရာမှာ(ပတ်ဝန်းကျင်)ပေါ၊့ ဗမာလူမျိုး တွေဖြစ်ပြီး တစ်ဦးနဲ့တစ်ဦးစည်းကမ်းမရှိကြဘူး။ ညီမလေး တို့ရဲ့အလုပ်မှာလေ အမကြီး ကအသက်(၄၀)ကျော်နေပြီ
ဒါပေမယ့်နိုင်ငံခြားဆိုတော့လဲ ဝတ်တာစားက ဟော့တော့ လဲနုနေသလိုပေါ့ သူကခရစ်ယာန်။ အစ်ကိုကြီးကတော့ (၂၅) ကျော်ကျော်ပဲရှိသေးတယ် သူတို့ကအတွဲတွေပေါ့၊ သူကတော့ဗုဒ္ဓဘာသာ အဲ့ဒီ အစ်ကိုကြီးက ဘုန်းကြီးကျောင်းကို သွားတာမတွေ့ဘူး၊ အမကြီးရဲ့ဘုရားကျောင်းပဲ လိုက်သွားတာတွေ့တွေ့နေတယ်၊
အခုကြားရသလောက်တော့ ခရစ်ယာန်ဘာသာထဲဝင်သွားပြီလို့တောင် ကြားနေရတယ်၊ ကောင်လေးရဲ့ မိဘတွေသာသိရင် သူ့ရဲ့သားကိုတော်တော်ရင်ကျိုးမရဖြစ်လောက်မယ်လို့ထင်တယ်၊ အဲဒီလိုမျိုးယောင်္ကျားလေးတွေအတွက် ပညာပေးစာလေးတွေလဲရေးပေးဖို့ ညီမလေးမှ တောင်းဆိုပါတယ်။
ဒီမှာက ရည်းစားရှိတယ်ဆိုရင် လူ(၁)ယောက်ကိုအထင်သေးချင်ကြတာ၊ ဒါ့ကြောင့် ညီမလေးတွေးထားတာက ရည်းစားမထားတော့ဘူး ယူဖိုအချိန်တန်မှပဲ စဉ်းစားပြီး ယူတော့မယ်လို့တွေးထားတာ၊ လူတွေရဲ့အထင်သေးတာကိုမခံချင်တာလေ။ ညီမလေး ဖတ်ဖို့(၅)ကို ဖတိကြည့်ပြီးမှ ဘယ်လိုပြောရမလဲတောင်မသိတော့ဘူး။ ဒီထက်မက ပညာပေးစာသားတွေ ရေးပို့ပေးနိုင်ပါစေ။ စာဖတ်ပရိတ်သတ် အားလုံးရဲ့ ကိုယ်စား ကျေးဇူးပါပဲ။ ။
ဆောင်းချစ်သူ(စင်္ကာပူ)
ကျောင်းကပြန်ရောက်လို့ မေးကိုစစ်လိုက်တော့ အခုလို စာဖတ်ပရိတ်သတ်ထဲက ညီမလေးတစ်ယောက်ဆီက မေးတစ်ခုကို လက်ခံရရှိပါတယ်၊ စာရေးသူကလဲ ညီမ လေးတွေလိမ္မာကြရင် ညီမလေးတွေလိမ္မာကြမှာပဲထင်ပြီး ညီမလေးတွေအတွက်ပဲ တစိုက်မတ်မတ်ရေးဖြစ်နေပါတယ်၊
ခုတော့ ဒီလိုရောက်လာတဲ့ မေးတစ်စောင်ကြောင့် ညီလေး တွေကော ညီမလေးတွေ အတွက်ပါ ရည်ရွယ်ပြီး စာတစ်စောင်ရေးလိုက်ပါတယ်၊ ဆက်ဖတ်ကြည့်စေချင်ပါတယ်၊
ညီမလေးရေ ဆက်ဖတ်ပါဆိုတော့ သာကီမျိုးဖြစ်ပေါ်လာတာလေးက စပြောကြည့်ချင်ပါတယ်၊
မြန်မာလူမျိုးတွေ တော်တော်များများက တစ်ခါတစ်ခါ သာကီမျိုးဟေ့ တို့ဗမာဆိုပြီးပြောတတ်ကြတယ်လေ၊ သာကီမျိုးဆိုတာ ဘာကြောင့်ခေါ်တာလဲ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာ သိသင့်တယ်လဲထင်တယ်လေ ၊ ညီမလေးကော သိထားပြီးပြီလား၊ မသိသေရင် ဆက်ဖတ်လိုက်နော် ၊ သိပြီးသားဆိုရင်တော့ နှစ်ထပ်ရှိတော့ ပိုပြီး မှတ်မိသွားတာပေါ့ ညီမလေးရယ်
ဇာတ်လမ်းလေးက ဒီလို ညီမလေးရဲ့၊ ဟိုးကမ္ဘာဦးအစကပေါ့ ၊ တိတိကျပြောရရင်တော့ သြက္ကာက မင်းကြီးလက်ထက်လို့ပြောလို့ရမယ်ထင်ပါတယ်၊ အဲဒီမင်းကြီလက်ထက်မှာ သာကီဝင် လူမျိုးရယ်လို့ဖြစ်လာမဲ့ မင်းသားတွေ မင်းသမီးတွေကို တိုင်းပြည်ကနေနှင်ထုတ်ခံကြရတယ်၊
နှင်ထုတ်လိုက်တော့ ကျွန်းတောကြီးတစ်ခုထဲမှာ ရသေ့တစ်ပါးရဲ့ညွှန်ပြမှုနဲ့ မြို့တော်ကြီးတည်ကြတယ်လေ၊ မြို့တော်တည်ပြီးတော့ လူဦးရေတိုးပွားဖို့ရာကြတော့ အခက်အခဲရှိနေပြန်တယ်တဲ့ ၊ ဒါပေမဲ့ သာကီဝင်မင်းသားမင်းသမီးတွေဟာ သူများတစ်ခြားလူမျိုးများကို အိမ်ထောင်ပြုရင် ဇာတ်ပျက်မှာ စိုးတဲ့အတွက် အချင်းချင်းပဲ အိမ်ထောင်ပြုလိုက်ကြတယ်တဲ့ ညီမလေးရေ၊
ဒီသတင်းကို သြက္ကာကမင်းကြီးကကြားတော့ သကျ=စွမ်းနိုင်တဲ့မင်းသား မင်းသ မီးတွေပါလားလို့ အံ့သြပြီးပြောဆိုတယ်ဆိုပဲ ၊ အဲဒီအချိန်ကစပြီ သကျ=သာကီ=သူတစ်ပါး လူမျိုးနဲ့ လက်မထက်ပဲ မိမိအမျိုးကိုသာလက်ထပ်ဖို့ စွမ်းနိုင်တဲ့လူမျိုးရယ်လို့ ကမ္ဘာမှာ စာတင်လာတာပေါ့ ညီမလေးရယ်၊
ဒီနေ့ခေတ်မှာ ကိုယ့်အမျိုးကိုမစောင့် ကိုယ့်ဘာသာကိုအရေးမထားပဲ သူတစ်ပါးလူမျိုး သူများဘာ သာများနဲ့ လက်ထက်နေရင်တော့ သာကီမျိုးဟေ့ ဒို့ဗမာလို့ခေါ်လို့ရပါဦးမလားဆိုတာ စဉ်းစားစရာပေါ့ ညီမလေးရယ်၊
ဒီအဖြစ်အပျက်လေးတွေကို နမူနာယူပြီး ညီမလေးတို့လဲ တတ်နိုင်သမျှ ကိုယ်လူမျိုးကိုယ်ဘာသာတူ သူနဲ့သာ လက်ထပ်စေချင်ပါတယ်၊ ကိုယ်နဲ့ အဆင့်အတန်းမတူ ဘာသာမတူ လူမျိုးမတူသူနဲ့ ဘ၀တစ်ခုလုံး ပုံအပ်ပြီး လက်တွဲသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ညီမလေးရယ်၊
ညီမလေးရေ တစ်ယောက်ကို တစ်ယောက် ချစ်နေတုန်းအခါမှာ အပြစ်ဆိုတာ မမြင်သာပေမယ့် အချစ်တွေပြယ်သွားတဲ့ အချိန်မှာ အပြစ်တွေက ပေါ်လာတတ်တာ မဟုတ်လား၊ ဒါကြောင့် အကောင်းဆုံးကတော့ ကိုယ်နဲ့ လက်တွဲ့မယ့်သူဟာ-----
(၁) သမ သဒ္ဓါ = ကိုယ်နဲ့ ယုံကြည်ချက်တူညီတဲ့ သူ ဖြစ်နေရမယ်
(၂) သမ စာဂါ=ကိုယ်နဲ့ ပေးကမ်းရက်ရောတာ တူညီတဲ့ သူဖြစ်နေရမယ်
(၃) သမ သီလ= ကိုယ်နဲ့ ကိုယ်ကျင့် သီလခြင်း တူညီတဲ့ သူဖြစ်နေရမယ်
(၄) သမ ပညာ= ကိုယ်နဲ့ ပညာရေး အတွေးအခေါ်တူညီနေတဲ့သူ ဖြစ်နေရမယ်
ဒီလို အချက်လေးချက်နဲ့ ပြည့်စုံကြတဲ့ သူတွေဟာ ဘ၀မှာ စိုပြေသာယာ ချစ်ခင်ကြင်နာနိုင်ကြ မှာပေါ့ ညီမလေးရယ်၊
ညီမလေးရေ အထက်ကပြောခဲ့တဲ့ အကြောင်းအရာတွေဟာ ကမ္ဘာဦးက အကြောင်းအရာကြီးတွေ ဖြစ်နေတော့ လာပြီးရွှီးနေတယ် ထင်ရင် ထင်နေမလားပဲ ၊ ဒါဆို လက်တလောဖြစ်သွားခဲ့တဲ့ အကြောင်းအရာလေးကိုပြောချင်မယ်နော် ၊ တစ်ခါက စလုံးမှာနေတဲ့ ညီမလေးတစ်ယောက်ရှိပါတယ်၊ သူကဗုဒ္ဓဘာသာမဟုတ်ပါ ဘူး၊ခရစ်ယာန်ဘာသာပါ၊ ဒါပေမဲ့ သူနဲ့တွဲနေတဲ့ကောင်လေးက ဗုဒ္ဓဘာသာပါ၊
တစ်နေ့ ချစ်သူတို့ရဲ့ထုံးစံအတိုင်းလျှောက်လည်ကြပါတယ်၊ လည်ရင်းနဲ့ ညဉ့်နက်သွားတော့ ကောင်လေးက ကောင်မလေးကို သူ့တိုက်ခန်းမှာ အိပ်ဖို့ခေါ်ပါတယ်၊ ဒါပေမဲ့ ကောင်မလေးက“ဟင့်အင်း”လို့ ငြင်းပါတယ်၊ ဒါနဲ့ ကောင်လေးက ထပ်ပြီးနင်က လဲဟာ ဒို့ကနောက်ဆိုလက်ထပ်တော့မှာ တစ်ညလေးနဲ့ဘာမှမဖြစ်ပါဘူးလို့ ဈေးဆစ်တော့ ကောင်မလေးက “လက်ထပ်မှာမှန်ပေမဲ့ ငါကမြန်မာအမျိုးသမီးလေ၊ လက်မထပ်ပဲ အတူတူနေလို့ ဘယ်ဖြစ်မလဲ”လို့ထပ်ငြင်းကာ သူ့တိုက်ခန်းသူပြန်သွားပါတယ်လေ ၊
ညီမလေးရေ ဒီအဖြစ်အပျက်လေးမှာ သတိထားစရာကောင်းတာက ကောင်မလေးဟာ ဘာသာအနေနဲ့ ခရစ် ယာန်ဖြစ်ပေမဲ့ မြန်မာမြေမှာကြီးပျင်းလာရတဲ့အတွက် မြန်မာဆိုတဲ့စိတ်၊မြန်မာဆိုတဲ့ အသိဝင်နေပါတယ်၊ လက်မထပ်ပဲအတူနေတဲ့ အနောက်တိုင်းအယူအဆကိုလဲ လက်မ ခံခဲ့ပါဘူးလေ၊
ညီမလေးသာ အဲဒီလို အဖြစ်အပျက်မျိုးနဲ့ ကြုံလာရင် ဘယ်လိုဆုံးဖြတ်မလဲ၊ ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတာ ဒီစာလေးတွေ ဖတ်ပြီးရင် ညီမလေး ဆုံးဖြတ်နိုင်မှာပါ၊
ဒါအပြင် ညီမလေးကို သတိပေးချင်တာ သာကီမျိုးဟေ့ ဒို့ဗမာလို့ သီချင်းထဲ၊ စာထဲမှာသာမက အပြင်တကယ့်လက်တွေ့ဘဝမှာလည်း ကြွေးကျော်နိုင်အောင် ကျိုးစားကြစေချင်တယ် ညီမလေးရယ်၊
ဒီလိုပြောပြတာဟာ လူမျိုးကြီးဝါဒကို လက်ကိုင်ထားလို့ ပြောပြတာ မဟုတ်ပါဘူး ညီမလေးရေ၊ တစ်ယောက်နဲ့ တစ်ယောက် အဆင့်အတန်းချင်း ပညာအရေအချင်းချင်း မတူညီကြရင် ထာဝရ လက်တွဲသွားတဲ့အခါ အဆင်မပြေတာတွေနဲ့ တွေ့ကြုံနိုင်လို့ သတိပေးစကား ဆိုထားရတာပါ၊
ညီမလေးချစ်နေတဲ့ သူဟာ ကိုယ်နဲ့ ဘာသာမတူ လူမျိုးမတူခဲ့ရင် အခုရေးပြတာလေးတွေကို ပြန်သတိရလိုက်နော် ညီမလေး။ ။
*************************
ရွှေမန်းသား ( အရှင်အင်္ကုရ)

လောဘ သားကောင်များ


မနေ့ကနဲ့ ဒီနေ့
အရောင်မတူတဲ့စိတ်တွေနဲ့
လမ်းသလား
အရှေ့နဲ့အနောက် တောင်နဲ့မြောက်
ဒိုးယိုပေါက်
မနေ့ကတစ်ယောက်

ဟာ’ ဒီနေ့ကျတော့နောက်တစ်ယောက်
စိတ်နှယ်ကသိကအောက်ဖြစ်လိုက်တာများ
မနေ့ကအနီ ဒီကနေ့အပြာ
နောက်တစ်ရက်အ၀ါ
နောက်တစ်ရက်အစိမ်း
လိမ်းခြယ်မိတာတွေလဲမျိုးစုံ
ဟိုတစ်ယောက်ညွှန်လို့ ၀ယ်မိထားတဲ့ပစ္စည်းက
ဟောင်းမသွားသေးဘူး
နောက်တစ်ခုကပေါ်ပြန်ပြီ
ဟော လာပြန်ပြီနောက်ဆုံးပေါ်
ဘယ်ပစ္စည်းကဈေးကောင်းပြီး
ဘယ်စ္စည်းက ရှေးဟောင်းမှန်းမသိတော့
ဖိနပ်စင်မှာလဲ ရောင်စုံတွေထပ်ထပ်ကြဲ
ဆံပင်ပုံဆံကလည်း
ခုကောက်၊ ခုဖြောင့်၊ ခုခွေ၊ ခုပုလဲသွင်း
ခု ဆွဲရင်းနဲ့ဖြီးချ၊ ဟောခုကျတော့ ကိုရီးယား
ခုကျတော့အီမို ဘယ်ဟာကိုမှပုံသေတပ်မရ
လိုချင်တာနဲ့လိုအပ်တာ
ဆွဲခွါလို့မပြနိုင်သေးသရွေ့
အမြဲငါတို့ လောဘပိုက်နေတဲ့နေ့
ဟောရဟတ်ခြားကြီးပေါ်မှာ
(ငါတို့) ပျော်ရွှင်စွာ လည်ပတ်နေကြဦးမှာ။ ။

ရွှေမန်းသား ( အရှင်အကုင်္ရ)

ညီမလေး ဖတ်ဖို့ ( ၅) မခံချင်စိတ်နဲ့ ဒေါသ




ညီမလေး ဖတ်ဖို့ ( ၅)
ညီမလေးရေ ဒီတစ်ခါ ဒေါသနဲ့ ပတ်သက်တဲ့ အကြောင်းလေးပြောပြမယ်နော်၊ ဒေါသဆိုတာ မကောင်းတဲ့ စိတ်ပါ ညီမလေးရယ်၊ ဒေါသထွက်တယ်ဆိုတာ ဘယ်အချိန် ဘယ်နေရာမှာမ ကောင်းကျိုးမပေးပါဘူး၊ ဒါဆို တစ်ချို့ကပြောကြသေးတယ်။ ငါကတော့ မဟုတ်ခံပဲတဲ့လေ။

“မဟုတ်မမှန် ခွန်းတုန်ပြန်က မှန်သော်လဲ ရှုံး ကြီးသူမုန်း၏”တဲ့ ညီမလေးရေ၊
နောက်တစ်ခါ ဆက်ပြောပြရရင် ဒေါသထွက်တဲ့သူဟာ မီးကြီးခဲ ရဲရဲကြီးကို ကိုင်ပြီး ကိုယ်ဒေါသထွက်နေတဲ့ သူကို ပြစ်လိုက်တာနဲ့ တူတယ်တဲ့၊ ရဲရဲနီးနေတဲ့ မီးကြီးခဲကြီး ကိုင်တဲ့သူကော အပြစ်ခံရတဲ့ သူပါ ပူလောင်ရတာပဲ မဟုတ်လား၊ နောက်ထပ်ဥပမာလေးတစ်ခုကတော့ နံစော်နေတဲ့ အီးအီးတုံးကြီးကို ကိုင်ပြီး ပစ်လိုက်ရတာနဲ့ တူတယ်တဲ့ ညီမလေးရယ်။ ကိုင်ပစ်တဲ့သူရော အပစ်ခံလိုက်ရတဲ့သူပါ နံစော်သွားမှာပဲ မဟုတ်လား၊

မဖြစ်မနေ ဒေါသထွက်ရမယ်ဆိုရင်လဲ လောကနီတိက ပေးထားတဲ့ နည်းလေးအတိုင်း ထွက်ပေါ့ ညီမလေးရယ်၊ လောကနီတီက ပေးထားတဲ့ နည်းလေးက ဒီလို ညီမလေးရဲ့၊

“တောင်တက်ရင် ဖြေးဖြေးတက်ပါ၊ ဒေါသထွက်ရင်လဲ ဖြေးဖြေးထွက်ပါတဲ့” ဆိုလိုတာကတော့ ညီမလေးရယ်၊ တောင်ပေါ်ကို တက်တဲ့အခါ ပြေးတက်ရင် မြန်မြန်မောပြီး ခရီးမတွင်တော့ဘူးလေ၊ ဒေါသထွက်ရင် မြန်မြန်ထွက်ရင်တော့ မြန်မြန် အသက်တိုရတာပေါ့ ညီမလေးရယ်၊ လူတိုင်း လူတိုင်းက အသက်ရှည်ချင်တာပဲ မဟုတ်လား ဒါကြောင့် အ
သက်ရှည်ချင်ရင် ဒေါသကို တတ်နိုင် သမျှထိန်းသိမ်းထားနော် ညီမလေး၊ မျက်နှာလေး ၀င်းပပြီး လှလှပပလေး ဖြစ်ရင်လဲ ဒေါသစိတ်ကလေးကို တတ်နိုင်သမျှထိန်းသိမ်းထားရမှာပေါ့ ညီမလေးရယ်၊

ညီမလေးရေ ဒေါသကြီးတာနဲ့ ပတ်သက်ပြီး ပုံပြင်တစ်ပုဒ်ပြောပြဦးမယ်၊ သေချာနားထောင်နော်၊
တစ်ခါက အိုင်ကြီးတစ်ခုထဲမှာ ဖားသားအမိ ရှိသတဲ့ကွယ်၊ မေမေဖြစ်တဲ့ဖားမကြီးဟာ ဒေါသတော်တော်ကြီးဆိုပဲ၊

တစ်နေ့တော့ သားဖြစ်သူဖားကလေးဟာ ခုန်ဆွခုန်ဆွနဲ့ ရေအိုင်ကြီး ဘေနားက မြက်ခင်းပေါ်မှာ လမ်းသလားနေတယ်တဲ့၊ အဲဒီအချိန်မှာ သူတစ် ခါမှ မမြင်ဘူးတဲ့ နွားမကြီးတစ်ကောင်ကို မြင်လိုက်ရတယ်လေ၊ နွားမကြီးကို သူ့အနေနဲ့ မြင်တွေ့ရတာ ပထမဆုံးလည်းဖြစ် တစ်ခါမှလည်း မတွေ့ဖူးတာကြောင့် အံ့သြကြောက် ရွံ့ပြီး ဖားဖားမေမေကြီးဆီ ပြန်ပြေးလာပါသတဲ့၊ ဒါနဲ့ ဖားမေမေကြီးက -သားဘာဖြစ်လာတာလဲ၊ မေမေ အရမ်းကြီးတဲ့ နွားကြီးကိုတွေ့ခဲ့လို့ အဲဒါ သားကြောက်လို့ ပြန်ပြေးလာတာ မေမေ၊ ဒီတော့ ဖားမေမေကြီးက သားရယ် ဒါဟာ ကြောက်စရာလား သားကကြောက်ရအောင် အဲဒီ နွားကြီးက မေမေထက်ကြီးလို့လား၊ ကြီးတာပေါ့မေမေရ အဲဒီမှာ ဖားမကြီးက မခံချင်တာနဲ့ သူခန္ဓာကိုယ်ထဲကိုလေတွေရှူသွင်းပြီး ဗိုက်ကြီးကားပြပြီး ဒီထက်ကြီးသေးလားသား၊

ဟာ ဒီလောက်တော့ အေးဆေးပေါ့အမေရာ ဒါနဲ့ ဖားမကြီးလည်း မခံချင်လွန်းတာကြောင့် လေတွေထပ်ရှူလိုက်တယ်၊ ဝမ်းဗိုက်ကြိးကိုလဲ လည်းဖောင်းသထက်ဖောင်းအောင် ကားလိုက်တယ်၊ ဒီထက်ကော ကြီးသေးလားငါ့သား ဟာ ဒီလောက်တော့ အသာလေးပေါ့ မေမေရ၊

 နောက်ဆုံး သားကိုမေးရင်း ၊ဖားသားလေးကလည်း ဒီထက်မကသေးဘူးမေမေလို့ပြော ရင်းနဲ့ ဖားမေမေကြီးဟာ မခံချင်စိတ်နဲ့ လုပ်လိုက်တာ လေတွေကြောင့် ဝမ်းကွဲကာ သေပွဲဝင်သွားရပါတော့တယ်၊
ညီမလေးရေ ဒီပုံပြင်လေးကတော့ မခံချင်စိတ်ဟာ မကောင်းဘူးဆိုတဲ့ သင်္ခန်းစာ ယူစရာလေးပေါ့၊ ပြောရရင်တော့ ညီမလေးရယ် မခံချင်ကို အရင်းစစ်လိုက်မယ်ဆိုရင် အမြစ်မြေကပေါ်ဆိုသလို တကယ်တမ်းတော့ မခံချင်စိတ်ဆိုတာ မကောင်းတဲ့ ဒေါသစိတ်ပါ၊ ဒေါသဖြစ်တာ ကောင်းတာမှမဟုတ်တာ၊ ဘယ်လောက်ထိမကောင်းသလဲဆိုရင်

 ဒေါသစိတ်ဟာ သာမာန်လူတွေမပြောနဲ့ တန်ခိုးကြီးတဲ့ နတ်တစ်ချို့တောင် ဒေါသဖြစ်ခဲ့ ရင် အဲဒီဒေါသက သူတို့ခန္ဓာကိုယ်ကိုလောင်မြိုက်ပြီး သေပွဲဆိုက်ရတယ်လေ၊ ဒါကြောင့် ကိုယ်နဲ့ပြိုင်ဆိုင်လာတဲ့သူ၊ ကိုယ့်ကိုယ်မနာလိုတဲ့သူတွေကို မခံချင်စိတ်နဲ့ သွားမပြိုင်လိုက်ပါနဲ့နော်၊ ပြိုင်လာလျှင်အရှုံးပေး နှလုံးအေးတဲ့ဆေးပါ၊

တကယ်တော့ သည်းခံတယ်ဆိုတာ ကြောက်လို့အရှုံးပေးတာ မဟုတ်ပါဘူးညီမလေးရယ်၊ နားလည်မှုနဲ့ သူ့ကို မသိမသာ တရားသောနည်းနဲ့ အနိုင်ယူလိုက်တာပါ၊ ဒါပေမဲ့ အပြင်ပန်းကြည့်ရင် တော့ ကြောက်လို့အရှုံးပေးတယ်လို့ထင်စရာပေါ့၊ ပြောရရင်တော့ ညီမလေးရယ် ပတ်ဝန်းကျင်ဆိုတာ ကိုယ်ထက်သာမနာလိုတွေ များတယ်လေ၊ အမနာပကဲ့ရဲ့စကားတွေကလည်း နေ့စဉ်နဲ့အမျှကြားနေရမှာပါ၊ ဒီလိုစ ကားတွေ

ဒီလိုအပြုမူတွေတွေ့ကြုံလာရရင် မသိချင်ယောင်၊မကြားချင်ယောင်ဆောင်နေ လိုက်ပါနော်၊
မခံချင်စိတ်နဲ့ ခွန်းတုန့်ပြန်ကာ ရန်မတွေ့လိုက်ပါနဲ့နော်၊ တကယ်လို့ ရန် တွေ့ချင်စိတ်တွေ မခံချင်စိတ်တွေဖြစ်လာရင် ဖားသားအမိပုံပြင်လေးကို သတိရလိုက်ပါ နော်။ ။

 ရွှေမန်းသား ( အရှင်အကုင်္ရ)

Monday, 13 August 2012

ညီမလေး ဖတ်ဖို့ ( ၄)

အချိန်ဆိုတာ ဘဝပါ

ညီမလေးရေ

မြန်မာပြည်မှာ ဆယ်တန်းအောင်စာရင်းတွေထွက်တော့ အွန်လိုင်းမှာ ချက်တင်အမြဲ တမ်းထိုင်ဖြစ်နေတဲ့ တပည်လေးတစ်ယောက်က ဖုန်းဆက်လာတယ်၊ ဒီနှစ်လည်း ဆယ်တန်းကျပြန်တယ်တဲ့၊သူကိုလေ့လာလိုက် တော့ ကျူရှင်တော့သွားပါရဲ့ ဒါပေမဲ့ သူသွား တဲ့ကျူရှင် တကယ်ကျူရှင်မဟုတ်ပဲ၊ အင်တာနက်ဆိုင်က ကြူရှင်ဖြစ်နေတယ်လေ၊  တစ်ရက်ကိုစာကျက်ဖြစ်တာထက် အွန်လိုင်းမှာချက်တင်ထိုင်နေတဲ့ အချိန်က သူအတွက်ပိုများနေတယ်၊
  
ကိုကြီးအမြင်ကိုပြောရရင် ချက်တင်ထိုင်တယ်ဆိုတာ တရုပ်သိုင်းဝတ္ထုဖတ်နေရ သလိုပဲလေ၊ ပြီးလည်းပြီးသွားရောဟာကနဲ့ဖြစ်ပြီး မှတ်သားစရာသိပ်မကျန်ခဲ့ ဘူးလေ၊ အွန်လိုင်းမှာလဲ ဒီလိုပါပဲညီမလေးရယ်၊ ချက်နေတုန်းတော့ ဟုတ်သလိုရှိပေမဲ့ တကယ့် တကယ်အနှစ်ချုပ်လိုက်ရင် နောက်ဆုံးကြတော့ အနှစ်သာရက နဲနဲပဲကျန်တာလေ၊
  
အွန်လိုင်းထိုင်ပြီး အင်တာနက်သုံးတတ်တာကောင်းပါတယ် ညီမလေးရယ်၊ ဒါပေ မဲ့ ချက်တင်တစ်ခုတင်မကပဲ၊တခြားအသိပညာဗဟုသုတရမယ့် ဆိုဒ်တွေကိုလေ့ လာမယ်ဆိုရင် ချက်တင်ထိုင်တာထက် အကျိုးရှိမယ်ထင်ပါတယ်၊
  
ကမ္ဘာလောကကြီးက လူတိုင်းလူတိုင်းအတွက် တစ်ရက်ကို (၂၄) နာရီအတိအ ကျ ပေးထားတာလေ၊ ဘယ်သူကိုမှ မျက်နှာလိုက်ပြီး ပိုမပေးထားပါဘူး၊ ပေးထားတဲ့ အချိန်တွေကို တန်းဖိုးရှိရှိ သုံးတတ်မယ်ဆိုရင်တော့ သုံးတတ်တဲ့သူတွေအတွက် တန်ဖိုးရှိတဲ့ လက်ဆောင်တွေရမှာပေါ့၊ မသုံးတတ်ရင်တော့ တစ်နှစ်လာလဲ ဒီဘဝ၊ ဒီအခြေ နေ၊ ဒီစတိုင်ပဲဆိုရင် အသက်သာကြီးပြီး အချိန်မစီးတဲ့သူ ဖြစ်နေမှာပေါ့၊
  
ချက်တင်ဆိုတာ ညီမလေးသိတဲ့အတိုင်းပါပဲ၊ ချက်ပြီးရင် ထချင်တာမဟုတ်ဘူး လေ၊ တစ်ယောက်နဲ့တစ်ယောက် ရေးထားတဲ့စာလေးတွေ၊ ကဗျာလေးတွေဖတ်ပြီး ကိုယ်ကိုယ့်အချိန်တွေကုန်မှန်းမသိ ကုန်နေတာလေ၊ နောက်ဆုံး မင်ဘာကုန်လို့ နာရီ ပြည့်လို့ ဆိုင်ထဲကထွက်လိုက်တော့မှ ကုန်သွားတဲ့အချိန်တွေ၊ ကုန်သွားတဲ့ပိုက်ဆံတွေဟာ ဘယ်လောက်နှမြောစရာ ကောင်းလဲ၊ ကိုကြီးပြောတာ ဟုတ်မဟုတ် ညီမလေးကိုယ်တိုင် စဉ်းစားကြည့် စေချင် ပါတယ်။
  
အချိန်တွေကို တန်ဖိုးမထားမိလို့ ရာဇဝင်ထဲမှာ မြင်းခံတော်ငပြည့်ဟာ အသက် ဆုံးရှုံးခဲ့ရဘူးတယ်လေ၊ ပြောရရင်တော့ ညီမလေးရယ် အချိန်ဆိုတာ ဘဝပါ၊ အချိန်ကို တန်ဖိုးထားပါမှ ကိုယ့်ဘဝကို တန်ဖိုးထားရာရောက်မယ်လေ၊ ဘာကြောင့် ဒီလိုပြောရ လဲဆိုရင် မိနစ်တွေလေးကို စက္ကန့်လေးတွေနဲ့ ဖွဲ့ထားပြီး၊ နာရီတွေကြပြန်တော့ မိနစ်လေးတွေနဲ့ ဖွဲ့ထားပြန်တာလေ၊ နောက်တစ်ခါ အဲဒီနာရီတွေကို စုပေါင်းလိုက်ရင် ရက်တွေ၊လတွေ၊နှစ်တွေဖြစ်လာတာလေ၊ အဲဒီနှစ်တွေကမှ အသက်တွေ၊ဘဝတွေ ဖြစ်လာတာမဟုတ်လား၊ ခုလို ချက်တင်ထိုင်ရင်း ညီမလေးအချိန်တွေဖြုန်း၊ပိုက်ဆံတွေ ဖြုန်းနေရင် ညီမလေးဘဝကို ညီမလေးကိုယ်တိုင် တစ်စချင်း၊တစ်ခဏချင်း ရိုက်ချိုးနေ တယ်ဆိုတာ တွေးကြည့်ပြီး သိစေချင်တယ်။
  
ညီမလေးရေ မိုးရေမိုးပေါက်လေးတွေဟာ ကောင်းကင်ကနေ တစ်ပေါက်ချင်းစီ သက်ဆင်းလာတာလေ၊ မြေကြီးပေါ်ရောက်မှ၊ ကန်တွေချောင်းတွေထဲရောက်မှ အစုအဝေးနဲ့၊ ရေပြင်ကြီးအဖြစ်နဲ့မြင်တွေ့ရတာလေ၊ ဒီလိုပါပဲ ညီမလေးရယ် ခုညီမလေး အင်တာနက် ဆိုင်လာသုံးနေတာဟာ ခဏလေးခဏလေးတွေဖြစ်ပေ မဲ့ အဲဒီခဏလေးတွေစုပေါင်းလိုက်ရင် အချိန်တွေအများကြီးဖြစ်လာမှာနော်၊
  
ခုလိုအကျိုးရှိတဲ့အချိန်လေးတွေကို တန်းဖိုးရှိလာအောင် ညီမလေးပြောင်းလဲ အသုံးချကြည့်ပါလား၊ ညီမလေးဘဝ သုံးနှစ်အတွင်း ပြောင်းလဲလာမှာလေ၊ ဥပမာ စာဖတ်တာ၊ အလုပ်တစ်ခုခုကို အချိန်လေးပေးလုပ်တာစတာလေးတွေပေါ့၊ ကိုယ်က မိန်းကလေးဆိုတော့ ခုလိုချက်တင်ထိုင်တဲ့ အချိန်တွေကိုလျှော့ပြီး၊ ဒီလိုအချိန်မှာ  ပန်းထိုးတာ၊ စက်ချုပ်တာ၊ ကိုယ်အတွက် ဗဟုသုတရမဲ့ စာပေတွေဖတ်မယ်ဆိုရင် ညီမလေး ဘဝတိုးတက်မလား၊ ဆုတ်ယုတ်မလား ဆိုတာ ညီမလေးကိုယ်တိုင်တွေးကြည့်ရင် သိမှာပါ၊
  
ညီမလေးရေ ပြန်အစားထိုးလို့ မရတဲ့အထဲမှာ အချိန်တွေပါတယ်ဆိုတာ မမေ့စေ ချင်ဘူးလေ၊ အချိန်တွေလွန်သွားမှ နောင်တတွေတသီးကြီးနဲ့ငိုနေလို့ မဖြစ်ဘူးနော်၊ နောင်တဆိုလို့ ညီမလေးကို နောင်တရစရာအကြောင်းလေးတွေ ဆက်ပြောလိုက်ဦး မယ်နော်၊

 နောင်တရစရာ အကြောင်းက (၁၀)ပါးတောင်ရှိတယ် ညီမလေးရဲ့၊ အဲဒါတွေက--------

(၁) ငယ်စဉ်မှာ ပညာမသင်ခဲ့မိလို့လဲနောင်တ ရတတ်တယ်၊

(၂) ဒုတိယအရွယ်ရောက်လို့ ပစ္စည်းဥစ္စာမစုဆောင်းထားရင်လဲ နောင်တရတတ်တယ်၊

(၃) သူတစ်ပါးရဲ့ ချစ်ခြင်းကိုခွဲမိခဲ့ရင်လည်းနောင်တ ရတတ်တယ်။

(၄) သူတစ်ပါး အသက်ကိုသတ်ခဲ့ရင်လည်း နောင်တရတတ်တယ်၊

(၅) သူများသားမယားကို ပြစ်မှာစော်ကားခဲ့ရင်လည်းနောင်တ ရတတ်တယ်။

(၆) ပစ္စည်းတွေရှိပြီး သူတစ်ပါးကို မပေးမကမ်းမလှူဒါန်းရင်လည်း နောင်တရတတ် တယ်၊

(၇) မိဘတွေကို မသေဆုံးခင်မှာ မပြုစုလိုက်ရရင်လည်း နောင်တရတတ်တယ်၊

(ဂ) သူတော်ကောင်းတွေရဲ့ ဆုံးမစကားကို မနာယူခဲ့ရင်လည်းနောင်တရ တတ်တယ်၊

(၉) ပညာရှိတွေဆီမှာ ပညာမသင်ခဲ့မိရင်လည်း နောင်တရတတ်တယ်၊

(၁၀) ငယ်ငယ်က အကျင့်စာရိတ္တမကောင်းခဲ့ရင်လည်း ကြီးလာတဲ့အခါမှာ နောင်တရ တတ်တယ်၊
ကဲ ညီမလေးရေ ဒါတွေကတော့ နောင်တရစရာအကြောင်းတွေပေါ့၊ ညီမလေးလဲ အဲဒီ လိုနောင်တရစရာအကြောင်းတွေနဲ့ မကြုံမဆုံအောင် ကြိုးစားထားနော်၊

ဒီစာလေးကို ဖတ်ပြီးချိန်ကစပြီး ချက်တင်ထိုင်တာတွေကို ရပ်ပြီး၊ တန်ဖိုးရှိတဲ့ အချိန်တွေကို တန်ဖိုးရှိတဲ့အလုပ်တွေနဲ့ အစားထိုးကာ ညီမလေးဘဝ တန်ဖိုးရှိအောင် ကြိုးစားလိုက်ပါနော်။

ရွှေမန်းသား ( အရှင်အကုင်္ရ)

Sunday, 12 August 2012

ညီမလေး ဖတ်ဖို့ ( ၃)

 
 
ခေါင်းစဉ်က ညီမလေးဖတ်ဖို့လို့ ပေးထားတော့ ညီလေးတွေက မေးကြပါတယ်၊ ညီလေးဖတ်ဖို့ မရေးဘူးလားပေါ့၊ ခုဒီစာရဲ့ခေါင်းစဉ်ကလဲ ညီမလေးဖတ်ဖို့လို့ ပေးထား ပြန်တော့ ညီလေးတွေက စောကြောကြဦးမှာပါ၊ အဲဒီလိုစောကြောကြမဲ့ ညီလေးတွေကို အဖြစ်အပျက်တစ်ခုလေးနဲ့ ဖြေရှင်းပြလိုက်ပါမယ်၊ ဖတ်ကြည့်ပါဦး၊ ရေးပြတာလေး ဖတ်ပြီးသွားရင်တော့ ညီလေးတွေလည်း သဘောပေါက်သွားမယ် ထင်ပါတယ်။

  
အဖြစ်အပျက်လေးက ဒီလိုပါ တစ်ခါမန္တလေးမြို့က စာသင်တိုက်ကြီး တစ်တိုက်မှာ စာသင်နေတဲ့ ဦးဇင်းလေးဦးသုတဆိုတာ ရှိပါတယ်၊ ဦးသုတက မန္တလေးမြို့ရဲ့ထုံးစံ အတိုင်း ဆွမ်းခံအိမ်တွေနဲ့ အရမ်းကိုရင်းနှီးပြီး မိသားစုတွေလိုခင်နေပါတယ်၊
  
ဦးသုတတစ်နှစ်ကုန်လို့ စာမေးပွဲတွေဖြေပြီးရင် သူ့ဇာတိရပ်ရွာကိုပြန်ပါတယ်၊ အဲဒီလိုပြန်တဲ့အခါ သူ့ရဲ့ဆွမ်းဒကာဒကာမတွေက ခရီးစရိတ်နဲ့ လိုအပ်တဲ့လက်ဆောင် တွေ ဝိုင်းဝန်းလှူဒါန်းကြပါတယ်၊ ဦးသုတကလည်း စာဝါတွေပြန်ဖွင့်လို့ သူ့ဇာတိရွာ ကနေ ပြန်လာရင်လည်း သူ့ဆွမ်းဒကာဒကာမတွေအတွက် လက်ဆောင်တွေတစ်ပွေ့ တစ် ပိုက်နဲ့ ပြန်လာတတ်ပါတယ်၊ဒါဟာရွှေမန္တလေးက စားသင်သားကိုယ်တော်လေး တွေနဲ့ ဆွမ်းဒကာဒကာမတွေရဲ့ မေတ္တာသင်္ကေတလေးတွေဆိုရင်လည်းမမှားပါဘူး၊
  
ဒီလိုနဲ့ တစ်နှစ်တော့ ဦးသုတက သူ့ရွာမှာထွက်တဲ့ သနပ်ခါးတွေကို သယ်လာပါ  တယ်၊ မန္တလေးရောက်တာနဲ့ သူ့ရဲ့ဆွမ်းခံအိမ်တွေကို လိုက်ဝေပါတယ်၊ လိုက်ဝေရင်း ဒေါ်နုတို့အိမ်ရောက်တော့ ဒေါ်နုရယ် ဒေါ်နုအမျိုးသားဒကာကြီးရယ် အိမ်မှာရှိနေကြပါ တယ်၊ ဒကာကြီးက သနပ်ခါးတွေလက်ဆောင်ပေးတာမြင်တော့၊
  
“ကိုယ်တော်က မျက်နှာလိုက်တယ်နော်၊ ဒကာမကြီးအတွက်ပဲ သနပ်ခါးလက် ဆောင်ပါတယ်၊ ဒကာကြီအတွက်ကြတော့ ဘာမှမပါပါလား ”လို့ လျှောက်လိုက်တော့
  
ဦးသုတကလည်း ရင်းနှီးနေတော့ ဒကာကြီးကို ဗွင်းဗွင်းနဲ့ ရှင်းရှင်းပဲ
“ဒကာကြီးကလည်း ဒကာမကြီးကို သနပ်ခါးပေးတယ်ဆိုတာ ဒကာကြီးအတွက်ပေါ့ဗျ ”လို့ပြောလိုက်တော့မှ၊ ဒကာကြီးလည်း “တင်းပါးတင်းပါး”ဆိုပြီးငြိမ်သွားပါတော့တယ်၊
  
ခုလည်း ဒီလိုပါပဲ ညီမလေးတွေအတွက်ရေးတယ်ဆိုတာ ညီမလေးတွေလိမ်မာ ယဉ်ကျေးအောင်လို့ပါ၊ ညီမလေးတွေလိမ်မာယဉ်ကျေးရင် ညီလေးတွေလဲ လိမ်မာယဉ်ကျေးမှာပေါ့၊ စကားပုံလေးတောင်ရှိတယ်မို့လား၊ ”အမေပြောတော့ တစ်လ၊ မယားပြောတော့ တစ်ည”ဆိုတာလေ၊ ညီမလေးတွေလိမ်မာခဲ့ရင် ညီမလေးတွေက ညီလေးတွေကို ပြန်လည်းလမ်းညွှန်ကြမှာပါ၊
  
ဒီလိုလမ်းညွှန်တာနဲ့ ပတ်သက်လို့ ဝိသာခါဆိုတဲ့ ကျောင်းအမကြီးအကြောင်းကို နည်းနည်းပြောချင်ပါတယ်၊ ဝိသာခါဆိုတာ သာသနာနယ်ပယ်မှာတော့ မသိသူမရှိ လောက်အောင်နာမည်ကြီးတာပါ၊ အနာထပိန်သူဌေးတို့ နာမည်ကြီးသလို ဝိသာခါ ကျောင်းအမကြီးကလည်း နာမည်ကြီးတာပေါ့၊ ကျောင်းအမကြီးဆိုတဲ့ ဂုဏ်ရယ်၊ အရမ်းလှ အရမ်းချောတယ်ဆိုတဲ့ ဂုဏ်ရယ်က ဟိုးလေးကျော်နေတာ၊ အသက်ကြီး တာတောင် မြေးတွေနဲ့ အလှကယှဉ်လို့ရနေသေးတာလေ၊
  
ဒါတင်မက ဝိသာခါကျောင်းအမကြီးဟာ (၇)နှစ်အရွယ် ငယ်ငယ်လေးနဲ့ သောတာပန် ဖြစ်ခဲ့သေးဆိုတော့ သူမရဲ့ဥာဏ်ပညာအနေအထားကလည်း အများတကာ အားကျစရာပါ၊၊ ဒါပေမဲ့ သူရတဲ့ယောက်ျားက ဘာသာခြားဖြစ်နေတယ်၊ ရခါစမှာ ဝိသာခါဟာ အလှူဒါနတွေ လုပ်ချင်တာလုပ်ခွင့်မရရှာဘူး၊ ဆွမ်းလောင်းချင်တာလဲ လောင်းခွင့်မရရှာဘူး၊
  
နောက်ဆုံးမှာ ယောက္ခမနဲ့ အတိုက်အခံအမျိုးမျိုးလုပ်ပြီးမှ ဆွမ်းလောင်းရ၊ မြတ် စွာဘုရားတရားကို နာယူရတာပါ၊ ယောက်ျားနဲ့ ယောက္ခမကိုလည်း ဗုဒ္ဓဘာသာဝင် တွေ ဖြစ်အောင် စည်းရုံးနိုင်ခဲ့ပါတယ်၊
  
ဒါဟာပြောရရင် ဝိသာခါလိမ်မာလို့ပါ၊ ခုခေတ်ညီမလေးတွေရော ဝိသာခါလို လိမ်မာနိုင်ပါ့မလား၊ “ပတ်ဝန်းကျင်ဆိုတာ ကိုယ်ကသူ့ကိုလွှမ်းမိုးနိုင်အောင်ကြိုးစားရင် ကြိုးစား၊ ဒါမှမဟုတ်ရင် သူလွှမ်းမိုးတာကို ကိုယ်ကခံရတတ်တာပါ”၊
  
ကိုယ်မသိတဲ့ ကိုယ်မကျွမ်းကျင်တဲ့ သူစိမ်းတစ်ယောက်၊ ပတ်ဝန်းကျင်အသစ်မှာ နေထိုင်ဖို့၊ ရှင်သန်ဖို့ဆိုတာ အရမ်းခက်ခဲတာပါ၊ တကယ်တမ်းပြောရရင် မိန်းမသားတွေဟာ အများအားဖြင့် စိတ်ထားနုပါတယ်၊ အိမ်ထောင်ပြုတယ်ဆိုတာလဲ ကိုယ့်ရဲ့အားကိုးရာတစ်ခုအနေနဲ့ ပြုကြတာများပါတယ်၊ အိမ်ထောင်ပြုလိုက်တယ်ဆို တာ ဘဝကို အလောင်းအစားတစ်ခုလုပ်ရတာနဲ့တူပါတယ်၊ ရှုံးမလား မြတ်မလားဆိုတာ ရင်တမမနဲ့ ရင်ဆိုင်ကျော်လွှားနေရတာပါ၊ နောက်တစ်ခါ လျှောက်ရတဲ့လမ်းကလည်း တစ်ယောက် တည်းတစ်စိတ်တည်း မဟုတ်တော့ပါဘူး၊ နှစ်ကိုယ်တစ်စိတ် နှစ်ယောက်တစ်အိပ်မက် ဘဝကို အတူတူကျော်ဖြတ်ကြရတာပါ၊
  
မြန်မာစကားပုံမှာတော့“အိမ်ထောင်ဦး ဘုရားတည်၊ ဆေးမင်ရေစုတ်ထိုး ဤသုံး မျိုးချက်မပိုင် နောင်ပြင်နိုင် ခက်လိမ့်အမျိုး”လို့ ဆိုရိုးပြုထားပါတယ်၊ ဘုရားတည်တာ၊ ဆေးမင်ကြောင်စုတ်ထိုးတာ၊ အိမ်ထောင်ပြုတာတွေဟာ နောင်အခါလက်ထဲရောက် လာပြီးမှ ဟင့်အင်း မကြိုက်တော့ဘူး ပြင်ချင်တယ်ဆိုရင် အရမ်းခက်ခဲတဲ့အလုပ်ပါ၊ ကွဲချင်လို့လဲ အဆင်မပြေ ကွာချင်လို့လည်းမြန်မာလူမှုပတ်ဝန်ကျင်အရ အများနှာ ခေါင်းရှုတ်ကြမဲ့ အလုပ်ကြီးပါ၊
  
ဒါကြောင့် ညီမလေးများကိုပြောချင်ပါတယ်၊ အိမ်ထောင်ပြုမယ်ဆိုရင် သူကကိုယ်နဲ့ အကြိုက်စရိုက် ဝါသနာ ဘာသာ လူမျိုးတူရဲ့လားဆိုတာ သေချားရွေးချယ်ပါ၊
“ရွှေအကြောင်း ဖယောင်းမှသိ လူအကြောင်း ပေါင်းကြည့်မှသိ”ဆိုပေမဲ့ ကိုယ်ချစ်သူ အကြောင်းကို အတူမပေါင်းခင် အိမ်ထောင်မကြခင်ကတည်းက သိအောင်လုပ်ထားရ မှာပါ၊ တကယ်တော့ ချစ်သူရီးစားထားတယ်ဆိုတာကလဲ အဲဒီလိုလေ့လာချိန် အကဲခတ် ချိန်ရအောင်လို့ ထားရတာပါ၊ သမီးရီးစားဘဝမှာ ရုပ်ရှင်ကြည့်တာ၊ ပန်းခြံသွားတာစတဲ့ အရာတွေနဲ့သာ အချိန်မကုန်သင့်ဘူးလို့ထင်ပါတယ်၊ သူ့အကြောင်းကိုယ့်အကြောင်းကို ကောင်းကောင်းသိ အောင်လေ့လာသင့်ပါတယ်၊
  
ဒီနေရာမှာ စကားစပ်မိလို့ သူ့အကြောင်းကိုယ့်အကြောင်း ကောင်းကောင်းမသိပဲ အိမ်ထောင်ပြုခဲ့တဲ့ ညီမလေးတစ်ယောက်ရဲ့ အဖြစ်ကိုပြောပြချင်ပါတယ်၊ အဖြစ်အပျက် က တောင်ဒဂုံက အထည်ချုပ်စက်ရုံတစ်ရုံမှာ ဖြစ်ပျက်ခဲ့တာပါ၊ အဲဒီစက်ရုံက သီရိလင်္ကာက ကုလားတွေပိုင်တာပါ၊ မန်နေဂျာကလည်းကုလား အရေးပါတဲ့အလုပ်သမားတွေကလည်း ကုလားတွေပါ၊ သူတို့က ကုလားတွေဆိုပေမဲ့ သီရိလင်္ကာကဖြစ်တဲ့ အတွက် ဗုဒ္ဓဘာသာကုလားလူမျိုးတွေပါ၊
  
အဲဒီသူတို့အဖွဲ့ထဲမှာ ဘာသာခြားaကုလား ကောင်လေးတစ်ယောက်ပါလာပါတယ်၊ ပါလာပေမဲ့ သူဟာ ဘာသာခြားဆိုတာကို သူတို့အချင်းချင်းတောင်မသိပါဘူး၊ ဒီလိုနဲ့ အလုပ်လုပ်ရင် စက်ရုံကညီမလေးတစ်ယောက်နဲ့ အိမ်ထောင်ကျပါတယ်၊ အိမ်ထောင်ကျတော့ အဲဒီညီမလေးက သူ့အမျိုးသားကို ဘာသာခြားမှန်းမသိပါဘူး၊
  
နောက်ကလေးတွေရမှ ကလေးတွေကို ဘာသာခြားထဲသွင်းဖို့ စည်းရုံးမှ သူမ ယောက်ျားဟာ ဘာသာခြားဆိုတာသိပါသတဲ့၊ ကဲညီမလေးရေ အဲဒီအချိန်ရောက်မှ ဘယ်လိုလုပ်ကြမလဲ၊
  
ဝိသာခါလို ကိုယ့်ကကိုယ်ဘာသာဘက်ပါအောင် စွမ်းဆောင်နိုင်ရင်တော်သေးတယ်၊ အစွမ်းဆောင်နိုင်ရင် ဘယ်လိုလုပ်မလဲ၊ သူ့ဘက်လိုက်ရအောင်ကလဲ သူဘာသာ နဲ့ကိုယ်ဘာသာက မိုးနဲ့မြေ ဆီနဲ့ရေလေ၊
  
အကောင်းဆုံးကတော့ ညီမလေးရယ် အစကောင်းမှ အနှောင်းသေချာတာဆိုတာလို အစကတည်း ကောင်းအောင်ကြိုးစားပါလို့ အကြံပေးချင်တာပါပဲကွယ်။ ။
  
( ညီမလေးတွေအတွက် ဘာသာခြားနဲ့ ပတ်သက်ပြီးရေးပေးပါဦးဆိုတဲ့ ညီလေး တစ်ယောက်ရဲ့ တောင်းဆိုချက်အရ၊)
 
 ရွှေမန်းသား ( အရှင်အကုင်္ရ)

ဆူးလေလမ်းမကြီးနားက ခိုတွေကို အစာကျွေးရင်း




လူအုပ်ကြီးကား နေ့စဉ့်နဲ့အမျှသက်ဝင်လှုပ်ရှားနေသည်၊ ဘတ်စကားတွေက ၀င်လိုက်ထွက် လိုက်၊ ဗဟန်း(၃)လမ်း၊ ရေခဲဆိုင်၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အင်းစိန် စသည့်လိုရာခရီးသို့သွားနိုင်သည့်နေ
ရာလေး၊

ဆူးလေစေတီတော်ကြီးက ကြည်ညိုဖွယ်ရာဆည်းလဲသံ တွေကြားနေရသည်၊ မြို့တော်ခန်းမကြီးနဲ့ လွတ်လပ်ရေးကျောက်တိုင်တို့ကား အရပ်ရှည်ပြိုင်နေသည်၊ တရားရုံးကြီးက ဒိုင်လူကြီးသဖွယ် မားမားမတ်ရပ်ကြည့်နေသည်၊

ဧမာနွေလဘုရားကျောင်းနားဝယ် အစိမ်းကိုယ်စီကိုင်ထားသော ပွဲစားတို့က ရောက်လာသူတိုင်းကို အစ်ကို၊အစ်မခဏခဏခေါ်လျှက် အစိမ်းယူမလားမေးနေသည်၊ ဆူးလေစေတီတော်ခြေရင်းတွင် ခိုတွေအစာစားနေကြသည်၊

မီးသတ် ရှေ့တွင် အမဲအူပြုတ်သည်က ဖောက်သည်တွေကိုမျှော်နေသည်၊ အရာရာတိုင်းသက်ဝင်လို့၊ လှုပ်ရှားလို့၊ မြောက်ဥက္ကာလာသွားမည့်

(၄၃)အထူးကားတစ်စီးထိုးဆိုက်လာသည်၊ ခရီးတွေအ လုအယက် သူထက်ငါနေရာရှာနေကြသည်၊ အော် နေရာလေးတစ်နေရာအတွက် တွန်းသူတွန်း၊ ခွေ့သူကခွေ့၊ တိုက်သူကတိုက်နှင့် မသိမသာ ကြင်နာမှုတွေအစားနာကြင်မှုတွေကို ဖော်ပြနေကြ သည်၊

ရခဲ့ဘူးသောကဗျာလေးတစ်ပုဒ်ရင်ထဲပေါ်လာသည်၊ နှစ်ရှည်လများရထားဘူးသော ကဗျာလေး

“ လာတုန်းကလည်း၊ တစ်ယောက်တည်းနော်၊

လက်တွဲခေါ်လာ၊ ဖော်မပါဘူး၊

ပြန်သွားတော့လည်း၊ တစ်ယောက်တည်းနော်၊

လက်တွဲခေါ်လာ၊ဖော်မပါဘူး၊

ဥစ္စာချည်းနှီး၊ကိုယ်ထီးတည်၊

လာပြီးတော့နား၊ မသွားသေးခင်၊

ချိန်လေးတွင်မှ၊၀န်းကျင်ယှက်နွယ်၊

နှောင်ကြိုးတွယ်ကြ၊ ပြုံးရယ်မဲ့ငို၊

ချစ်မုန်းပိုကြ၊ မလိုဒေါသ၊

လိုလောဘနှင့်၊ ဘ၀ရိပ်မြုံ၊

ကကြိုးစုံကြ၊ ကံကုန်မိုးချုပ်

လက်တွဲဖြုတ်ကာ၊ သုတ်သုတ်စောလျှင်

ခရီးနှင်သည်၊ တို့လျှင်ဧည့်သည်တွေပါတကား၊”

တွေးကြည့်တော့ အားလုံးကခရီးသည်တွေဖြစ်ကြသည်၊ ကိုယ်လိုရာအရပ်သို့ ကိုယ်ဖြတ်ထားသော ကံလက်မှတ်ကလေးတွေဖြင့် သွားလာနေကြခြင်းဖြစ်သည်၊ တစ်ယောက်ကို တစ်ယောက်လိုအပ်လျှင် လောဘတွေဖြစ်ကြသည်၊ မလိုအပ်လျှင်ဒေါသတွေဖြစ်ကြသည်၊ ခဏတာ

ကိုရီးယားကားဇာတ်လမ်း ပိုင်းလေးထဲမှာလာဆုံသလို လာရောက်ဆုံကြခြင်းဖြစ်သည်၊ ငိုတဲ့အခါ ရုပ်ရှင်ထဲ၊ဗီယိုထဲမှ သရုပ် ဆောင်များကဲ့သို့ အဟုတ်ထင်ရောင်ကာ ငိုခဲ့ကြရသည်၊ ရီသောအခါတွင်လည်း ထိုနည်းအလား မခြား နားစွာ သရုပ်ဆောင်ကြရပြန်သည်၊

ချစ်လို့မှဝ၊ မုန်းလို့မှမကုန်၊ရီလို့မှမပြီး သံသရာခရီးကား ဆက်ကြရ ပြန်သည်၊ ချစ်သူနှင့်ခွဲရ၊ မုန်းသူနှင့်တွဲရ၊ ခွဲရေးတွဲရေး မမြဲသေးသော ကံတရားတို့သည် ရဟတ်ခြား ပမာ စုန်တစ်ခါဆန်တစ်လှည့်၊ နေချင်ပါသော်လည်း နေလို့မလို့၊ သေချင် ပါသော်လည်းသေလို့မရ

ဘ၀တွင် ခွကျမှုများဖြင့်ဖြတ်သန်းရင် မည်သူဖြစ်ဖြစ် ကိုယ်စိုက်ခဲ့တဲ့ အခင်းမှသစ်သီးကို ကိုယ်တိုင်စားသုံး ရခြင်းပင်ဖြစ်သည်၊မည်သူမျှမဖန်းဆင်း ကိုယ်ကိုယ်တိုင်ဖန်းဆင်းသော ဘ၀၏ အရင်းအမြစ်များပင်၊

“အရှင်ဘုရား ခိုစာဖိုးရှင်းရအောင်လေ”

ဘယ်ထိအောင် အတွေးလွန်နေမိသည်မသိ၊ ခိုစာရောင်းသောကောင်လေးကသတိပေးမှ အတွေးကိုဖြတ် လိုက်ရသည်၊

ဘတ်စကားဂိတ်ဆီထွက်လာလိုက်သည်၊ မြောက်ဥက္ကာကို သွားဖို့ဘတ်စကားကိုစောင့်ရ ဦးမည်၊ စဉ်းစားကြည့်မိတော့ ကိုယ်လည်းခရီးသည် တစ်ဦးပါလားဆိုတာ တွေ့လာသည်၊ အော် သံသရာလမ်းမဆုံးသရွေ့ခရီးဆက်ရဦးမှာပါလား။ ။

ရွှေမန်းသား ( အရှင်အကုင်္ရ)

p:s= အရှင်ဘုရား ရန်ကုန်အကြောင်းလေးတွေလည်း ရေးပါဦးဆိုတဲ့ ဒကာမတစ်ယောက်သို့

ညီမလေး ဖတ်ဖို့ ( ၂)




 ကြင်သူ သက်ထား အရွေး မမှားဖို့

 ညီမလေးရေ

ဒီတစ်ခါ ညီမလေးကို လူ့ဘ၀မှာ လိုချင်တာနဲ့ လိုအပ်တာကိုခွဲခြားတတ်အောင် ပြောပြ ချင်သေးတယ်၊ တစ်ခါတစ်ခါဘ၀မှာ လိုချင်တာနဲ့လိုအပ်တာက မခွဲခြားတတ်အောင် ဖြစ်ရတယ်လေ၊

အဲဒီအခါ စိတ်တွေညစ်ရတာပေါ့၊ နောက်ပြီး ဒီနေ့ခေတ်ဆိုတာကလည်း နောက်ဆုံးပေါ် တွေက အများသား၊ ကိုယ်က၀ယ်လို့မှ မပြီးသေးဘူး၊ ၀တ်လို့မှ မကုန်သေးဘူး၊ ဟော နောက်တစ်ရက်ကြတော့ ဒီဇိုင်းအဆန်းလေးကပေါ်လာတယ်လေ၊ ဒါက အ၀တ်အစားနဲ့ ပတ်သက်လို့ပြောပြတာပါ ညီမလေးရယ်၊

    နောက်တစ်ခု ဘ၀မှာအရေးကြီးဆုံးက ကိုယ်နဲ့တစ်သက်လုံးလက်တွဲမယ့် လက် တွဲဖော်ကို ရှာဖွေတဲ့နေရာပါ၊ အဲဒါကလည်းအရေးကြီးပါတယ် ညီမလေးရယ်၊ ဘာ ကြောင့်လဲဆိုရင် အဲဒီလူက ကိုယ်နဲ့ သေတစ်ပန်သက်တဆုံး တစ်သက်လုံးနေရမယ့်သူ လေ လက်တွဲပြီး အိမ်ထောင်တစ်ခု တည်ဆောက်ပြီးမှ“ဟင့်အင်း မလိုချင်တော့ဘူး”လို့ ငြင်းဖို့က အဆင်မပြေတော့ဘူးလေ၊

များသောအားဖြင့်တော့ လူတိုင်းဟာ ကိုယ့်ထက်သာတာကို လိုချင်ကြတာပေါ့ ညီမလေးရယ်၊ ဒါကြောင့် တစ်ယောက်ယောက်တွေ့ပြန်ရင် ကိုယ့်ထက်ပညာအရည်အ ချင်းသာလား၊ အလုပ်အကိုင် ၀င်ငွေသာလား၊ ရုပ်ရည်ချောသလားနဲ့ စုံစမ်းရတာ၊ လေ့ လာရတာအမောလေ၊ တစ်ချို့ကြတော့လည်း သွားမပါရင်နေ ကားပါရင်ပြီးရောလို့ တောင်သဘောထား ကြသေးတယ်၊ ပြောရရင်တော့ညီမလေးရယ် ကိုယ်နဲ့တန်းတူ အရွယ်တူ ဘာသာတူ၊ လူမျိုးတူ ပညာအရည်အချင်းတူတဲ့သူသာ လက်တွဲပြီး အိမ်ထာင်တစ်ခုတည်ဆောက် တာဟာအကောင်းဆုံးလို့ ထင်ပါတယ်၊

ဒါနဲ့ပတ်သက်ပြီး ညီမလေးကို ပုံပြင်လေးတစ်ပုဒ်ပြောပြပါဦးမယ်၊ တစ်ခါက ကြွက်မကြီးတစ်ကောင်ရှိသတဲ့၊ အဲဒီကြွက်မကြီးမှာ အရမ်းချောတဲ့ ကြွက်မီးမီးလေးရှိ တယ်ဆိုပဲ၊ ဒီလိုနဲ့ သူ့မီးမီလေးအရွယ်ရောက်လာတော့ ဘယ်သူနဲ့မှ တူတယ်တန်တယ် မထင်ပါဘူးတဲ့၊ အနီးအနားရှိတဲ့ ကြွက်ကိုကိုကာလသားလေးတွေများ အနားကိုအကပ် မခံဘူးတဲ့၊ ဒါနဲ့ မေမေကြွက်မကြီးက စဉ်းစားတယ်တဲ့ ဒီကမ္ဘာတန်းခိုးအကြီးဆုံးက မိုးနတ်မင်းကြီးဖြစ်ရမယ်ပေါ့၊ ဒါကြောင့် မိုးနတ်မင်းကြီးဆီသွားပြီး သူကြွက်မီးမီးကို မိဖုရားအရာ မြှောက်ဖို့တောင်းပန်ရှာတယ်၊ အဲဒီတော့ မိုးနတ်မင်းကြီးက“ဟာ ငါ့ကို ဘာ လို့ ဒီလိုလာပြောရတာလဲ“လို့မေးတော့၊“မှန်လှပါ အရှင်နတ်မင်းကြီးက ဒီကမ္ဘာမှာ တန် ခိုး အကြီးဆုံးထင်လို့ပါ” လို့ပြန်လျှောက်သတဲ့၊ ဒီတော့ မိုးနတ်မင်းကြီး“ဟာ အဲဒီလိုဆို ရင်တော့မှားပြီ ငါ့ထက်တန်ခိုးကြီးတာ နေနတ်မင်းကြီးဗျာ”လို့ ပြန်ပြောလိုက်သတဲ့၊

ဒီလိုနဲ့တစ်ခါ ကြွက်မေမေကြီးဟာ နေနတ်မင်းကြီးထံ ပြေးပြန်တယ်၊ သူ့ရဲ့ချစ်မငြီးတဲ့ ကြွက်မီးမီးလေးကို သိမ်းပိုက်ဖို့လျှောက်ထားတော့ ၊ နေနတ်မင်းကြီးကလည်း ပြန်ပြော ပြန်တယ်၊“ငါကတန်ခိုးကြီးတာ မှန်တယ်၊ ဒါပေမဲ့ ငါဘယ်လောက်တန်ခိုးကြီးကြီး တိမ် နတ်သားကိုတော့ ယှဉ်လို့မရဘူး၊ ငါက တန်ခိုးနဲ့ ပူချင်သလောက်ပူပေမဲ့ သူက ကွယ် လိုက်ရင် ငါပူခွင့်နေသာခွင့် မရတော့ဘူး”လို့ ပြောပြန်တယ်၊ ဒါနဲ့ ကြွက်မေမေကြီးလည်း တစ်ခါ တိမ်နတ်သားဆီပြေးရပြန်တယ်၊ တိမ်နတ်သားကိုလည်း အရင်နတ်မင်းများလို သူ့ရဲ့ကြွက်မီးမီးလေးသိမ်းပိုက်ဖို့ လျှောက်ထားတော့၊ တိမ်နတ်သားကလည်း ပြန်ပြော ရှာတယ်၊ ကျုပ်ကတန်ခိုးနဲ့ ဘယ်လောက်ပဲနေမင်းကြီးကို ကွယ်နိုင်ပေမဲ့ ကျုပ်ကိုလွင့် သွားအောင် လုပ်နိုင်တဲ့ လေနတ်သားရှိသေးတယ်လို့ ပြောလိုက်တော့၊ ကြွက်မေမေ ကြီးလည်း  သမီးကြွက်မလေးအတွက် မမောနိုင်မပန်းနိုင် လေနတ်သားဆီပြေးရပြန် တယ်၊

လေနတ်သားဆီရောက်ပြန်တော့လည်း အကျိုးအကြောင်းပြောပြတော့ လေနတ် သားက တစ်ခါပြန်ပြီး။ “ကျုပ်က တိမ်တွေကိုလွင့်အောင် သစ်ပင်ကြီးတွေကိုကြိုးအောင် တိုက်နိုင်ပေမဲ့၊ ဟောဟိုက တောင်ပို့ကြီးကို တော့လွင့်သွားအောင်မတိုက်နိုင်ဘူး၊ ဒါ ကြောင့် ကျုပ်ထက်တန်ခိုးကြီးတာ အဲဒီတောင်ဘို့စောင့်တဲ့ နတ်မင်းကြီးပဲ”လို့ ပြန်ပြော တော့ ကြွက်မကြီးခမျာ၊ တောင်ပို့စောင့်နတ်ကြီး ဆီပြန်ပြေးရပြန်တယ်။ ဒီလိုနဲ့ တောင်ပို့ စောင့် နတ်မင်းကြီးကို အကျိုးအကြာင်းပြောပြပြန်တော့ တောင်ဘို့စောင့်နတ်မင်းကြီး ကလည်း၊
“ငါကတန်ခိုးကြီးတာမှန်ပေမဲ့ ငါထက်တန်ခိုးကြီးသူရှိနေသေးတယ်”၊ “ဘယ် သူများလဲ အရှင်နတ်မင်း” လို့ ကြွက်မေမကြီးကပြန်မေးတော့“အေး ဒေါ်ကြွက်ရေ ကျုပ် ဘယ်လောက်ပဲတန်ခိုးနဲ့ တောင်ဘို့တွေကိုကောင်းအောင် လုပ်ထားလုပ်ထား၊ အဲဒီ တောင်ဘို့တွေကို ဟိုကနေဒီ၊ ဒီကနေဟို ဒိုးယိုပေါက်တွေဖြစ်သွားအောင် လှိုင်ခေါင်း တွေဖောက်နိုင်တာ ဘယ်သူရှိမှာတုန်း၊ ကျုပ်ထက်တန်ခိုးသာတဲ့ ခင်များတို့ ကြွက်တွေပဲ ဗျာ”လို့ ပြောလိုက်မှ၊

သမီးကညာအတွက် လင်တောင်မောင်အရှာထွက်တဲ့ ဒေါ်ဒေါ် ကြွက်လည်း နီးရက်နဲ့ဝေးဖြစ်တာလေးနဲ့ ကြုံရတာပေါ့။ နောက်ဆုံးတော့လည်း ဘယ်လို ပဲလင်တော်မောင် အရှာထွက်ထွက် ကိုကိုကြွက်နဲ့ပဲ လက်ဆက်ပေးစားလိုက်ရတော့ တယ်လေ။ ။
  
ဒါကြောင့် ညီမလေးကို ပြောချင်ပါတယ်၊ တစ်ခါတစ်ခါ ကိုယ့်မျက်စိအောက်မှာ ရှိ တဲ့အရာကို သတိမထားမိပဲ အဝေးကြီးကိုမျှော်ကြည့်တတ်ပါတယ်၊ အဲဒီလို အခြေနေမျိုး နဲ့ကြုံလာရင် ဒီပုံပြင်လေးကိုသတိရပါနော်၊

   နောက်ပြီး ညီမလေးငယ်ငယ်ကဆိုခဲ့တဲ့ မင်္ဂလာကဗျာလေးထဲကစာ ပိုဒ်လေး တစ်ပိုဒ်ကိုလည်း ပြန်ရွတ်ကြည့်စေချင်တယ်၊ အဲဒီစာပိုဒ်လေးက“လောဘအပို လိုမ လိုက်နဲ့ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ“ဆိုတာလေ၊ ပါဠိစာသားလေးပါမှတ်ထားချင် ရင်တော့ “သန္တုဋ္ဌီ စ” တဲ့ ညီမလေးရေ။ ။
  
ဒီကနေ့ကနေစပြီး ညီမလေးမင်္ဂလာရှိသောနေ့များကို ပိုင်ဆိုင်နိုင်ပါစေ။ ။


ရွှေမန်းသား ( အရှင်အကုင်္ရ)

ညီမလေး ဖတ်ဖို့ ( ၁)

 
ငွေနဲ့လူ

ညီမလေးရေ ငွေနဲ့လူဆိုတာ မပတ်ချင်လည်း ပတ်သက်နေရတဲ့အရာလေ၊ ငွေရှိရင်
အရာရာဖြစ်နိုင်တယ်လို့တောင် ဆိုထားကြသေးတယ်မဟုတ်လား၊ နောက်ပြီး ငွေကို “Money is second god” လို့လဲပြောကြသေးတယ်လေ၊
အဓိပ္ပါယ်ကတော့ Money make everything ဆိုတဲ့အဓိပ္ပါယ်ပေါ့ ညီမလေးရယ်၊

ဒါပေမဲ့ ညီမလေးသိစေချင်တယ် နေရာတကာမှာငွေနဲ့ဖန်တီးတည်ဆောက်ယူလို့ မရတာတွေရှိနေသေးတယ်လေ၊ အဲဒါဘာတွေလဲဆိုရင် စေတနာတရားတို့ မေတ္တာတ ရားတို့ အကြင်တရားစတာတွေပေါ့၊
အဲဒီအရာတွေကို ငွေနဲ့ဝယ်လို့မရ ဖန်တီးလို့မရဘူး လေ၊ ဘာနဲ့ဖန်တီးယူရသလဲဆိုရင်
ရင်ထဲက စေတနာတွေ နားလည်မှုတွေနဲ့ ဖန်တီးယူ မှရတဲ့အရာတွေလေ၊

နောက် ငွေဆိုတာမီးနဲ့တူတယ်လို့ပြောပြန်ရင် မှားမယ်မထင်ဘူး၊ ဘယ်လိုတူတာ လဲဆိုရင်
 မီးဆိုတာ သုံးတတ်ရင် ကိုယ့်အတွက်အသုံးဝင်ပြီးဆေးဖြစ်နိုင်သလို မသုံး တတ်ပြန်ရင်
ကိုယ့်ကိုယ်လောင်ကျွမ်းမယ့် ဘေးဖြစ်နိုင်တာလေ၊
ဒါကြောင့်ငွေတွေကို အကျိုးရှိသုံးစေချင်တယ် ညီမလေးရယ်၊
ဖြုန်းပစ်တာမျိုးမဖြစ်စေချင်ဘူးလေ၊

    ညီမလေးရေ ငွေဆိုတာလူကိုသာမက ဘာမှမသိနားမလည်တဲ့တိရစ္ဆာန်ရဲ့ စိတ်ကိုတောင်ပြောင်းလဲသွားနိုင်တယ်လေ၊
တစ်ခါက မြို့တံခါးအထွက်နားမှာ ပုတ်သင် ညိုလေးတစ်ကောင်နေတယ်လေ၊ အဲဒီပုတ်သင်ညိုလေးက ဘုရင်ကြီးမြို့ပြင်ထွက်လို့ မြို့တံခါးနားရောက်လာတဲ့ အခါ တိုင်းမှာ မြို့တံခါးပေါ်ကနေ ဆင်းလာပြီး ဦးခိုက်သတဲ့ ၊ ဒါနဲ့ ဘုရင်ကြီးက သဘောကျလို့  ငွေဒင်္ဂါးလေးဖောက်ပြီး သူ့လည်ပင်းကိုဆွဲပေးစေခဲ့တယ်၊
ဒီလိုနဲ့ ဘုရင်ကြီးနောက်တစ်ခါ မြို့အပြင်ထွက်ဖို့တံခါးနား ရောက်လာတော့ ပုတ်သင် ညိုလေးဟာ ငွေရှိလို့မာန်တက်ပြီး မြို့တံခါးတိုင်ပေါ်ကဆင်းပြီး ဦးမချတော့ဘူးတဲ့၊ ငွေကြောင့် ပုတ်သင်ညိုလေး စိတ်ထားပြောင်းသွားတာလေ၊


ကဲညီမလေးရေ ငွေကြောင့်လူမပြောနဲ့ တိရစ္ဆာန်တွေတောင်စိတ်ထားပြောင်းလဲ သွားတယ်ဆိုတဲ့ သာဓကလေးနော်၊
တစ်ချို့အရမ်းချစ်ကြတဲ့ ညီအစ်ကိုမောင်နှမတွေလဲ ငွေနဲ့ပတ်သက်လာရင် စကားများကြ တရားရင်ဆိုင်ကြရတာတွေ ရှိကြတယ်မဟုတ်လား၊ ငွေဆိုတာမလိုအပ်ဘူးလို့ မပြောလိုပါဘူး ဒါပေမဲ့ ညီမလေးလိုအပ်တာနဲ့ လိုချင်တာခွဲခြားသတ် မှတ်ပြီး သုံးနိုင်ရင်ကောင်းမယ်ထင်ပါတယ်၊

အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေလဲ တစ်ခါတစ်ခါမှာ ဒီငွေကြောင့် တစ်ယောက်နဲ့ တစ်ယောက်အထင်မှားအမြင်မှားကြတာတွေရှိတယ်လေ၊ နောက်တစ်ခု ရပ်ကွက်ထဲမှာ ဘယ်လောက်ပဲမကောင်းမှုတွေ မတရားတာတွေလုပ်ထားတဲ့သူဖြစ်နေပါစေ၊ ငွေမျက် နှာနဲ့ဆို အားလုံးကမသိချင်ယောင်ဆောင်ပြီး သူတော်ကောင်း လူကြီးလူကောင်းဆိုပြီး စာရင်းသွင်းထားတတ်ကြတယ်လေ၊ ငွေမျက်နှာကြောင့်သူကို လူတိုင်းက သူအပြစ်တွေ မသိကျိုးကျွံပြုပေမဲ့ သူသေရင် သူသွားရမဲ့နေရာက သူကိုမသိကျိုးကျွံပြုမှာမဟုတ်ပါဘူး ညီမလေးရယ်၊

ဒါကြောင့် ငွေနောက်လိုက်ပြီးလဲ ဘ၀မပျက်သင့်သလို့ ငွေတွေရှိလို့လည်း ကိုယ့် ဘ၀ကိုကိုယ်ပြန်ဖျက်ဆီး တဲ့သူမဖြစ်စေချင်ဘူးလေ၊ တကယ်လို့ ညီမလေးမှာ ငွေနဲ့ပတ်သက်ပြီး ပူပန်စရာတွေစိတ်ညစ်စရာတွေဝင်လာရင် ပုတ်သင်ညိုလေး အကြောင်းကို ကောင်းကောင်း သတိရလိုက်ပါနော်၊
ဒီလိုသတိရမိရင် ညီမလေးရင်ထဲ အဖြေတစ်ခုခု အလင်းတစ်စုံတစ်ရာ ပေါ်လာပါလိမ့်မယ်ကွယ် ။ ။

ရွှေမန်းသား ( အရှင်အကုင်္ရ)

Saturday, 11 August 2012

ရဟန်းသံဃာတော်တွေကို ဘယ်လို ကြည်ညိုလှူဒါန်းမလဲ


ဒီတစ်ခါ စာဖတ်သူတွေကို ရဟန်းသံဃာတော်တွေကို ကြည်ညိုတတ်စေဖို့ အကြောင်းလေး တွေကို ပြောပြချင်ပါတယ်၊ ဘာဖြစ်လို့ ပြောပြရသလဲ ဆိုရင် ကိုယ်ကြည်ညိုတဲ့ ရဟန်းသံဃာတော် တွေအကြောင်းကို သိထားမှ ပိုပြီး သဒ္ဓါတရား တိုးပွားရမယ်မို့လား၊ မကြည်ညိုတတ်ရင် ကိုယ်ပဲ အပြစ်တွေများနေမယ်ပေါ့၊

ရဟန်းသံဃာနဲ့ ဒကာဒကာမတွေဟာ တစ်ယောက်နဲ့ တစ်ယောက်ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီနေကြ ရတာပါ၊ အဲဒီလိုနေကြတဲ့ သူတွေများ တစ်ယောက်နဲ့ တစ်ယောက် တစ်ဦးနဲ့တစ်ဦး ပိုင်ဆိုင်ကြတဲ့ လိုက်နာရမဲ့ ကျင့်ဝတ်လေးတွေကလဲ ရှိပါသေးတယ်၊ အဲဒါတွေက ဘာတွေလဲ ဆိုရင်

အစဆုံး အနေနဲ့ ရဟန်းသံဃာတွေရဲ့ ကျင့်ဝတ်လေးတွေကို အရင်ပြောပြချင်ပါတယ်၊

(၁) ဒကာ ဒကာမတွေကို မကောင်းတာတွေကို မပြုမိ မပြောမိ မကျင့်မိအောင် တားမြစ်ရမယ်၊

(၂) ဒကာ ဒကာမတွေကို ကောင်းတာတွေကို ပြုမိ ပြောမိ ကျင့်မိအောင် ညွှန်ကြားပြသရမယ်၊

(၃) တရား ဓမ္မအသစ်တွေကို ဟောပြောပြသရမယ်၊

(၄) ဒကာ ဒကာမတွေ နာဖူးပြီးသား တရားအဟောင်းတွေကိုလဲ ထပ်မံဟောပြောပြသရမယ်၊

(၅) ဒကာ ဒကာမတွေကို အမြဲတမ်းမေတ္တာ ပို့ပေးရမယ်၊ ။
ပြောပြခဲ့တာတွေကတော့ ရဟန်းသံဃာတွေဘက်က လိုက်နာကျင့်သုံးရမဲ့ ကျင့်ဝတ်လေးတွေပေါ့။

ရဟန်းသံဃာတွေမှာ ကျင့်ဝတ်ရှိသလို ဒကာ ဒကာမတွေဘက်ကလဲ ကျင့်ဝတ်ရှိပါသေးတယ်၊ အဲဒါလေးတွေကတော့-

(၁) ရဟန်းသံဃာတွေအပေါ်မှာ မေတ္တာတရားထားရမယ်၊

(၂) ရဟန်းသံဃာတော်တွေရဲ့ ၀တ်ကြီးဝတ်ငယ်ကို ပြုစုဖြည့်ကျင့်ရမယ်၊

(၃) ရဟန်းသံဃာတော်တွေအပေါ်မှာ ခင်ခင်မင်မင် နှုတ်ချိုသာယာစွာနဲ့ပြောဆို လျှောက်ကြား ဆက်ဆံရမယ်၊

(၄) ရဟန်းသံဃာတော်တွေကို လိုအပ်တာရှိလျှင် ၀ိနည်းတော်နဲ့အညီ အလှူခံဖို့ ဖိတ်ကြားထားရမယ်၊

(၅) မိမိ တတ်နိုင်သလောက် ရဟန်းသံဃာတော်တွေကို လှူဒါန်းရပါမယ်၊


           နောက်တစ်ထပ်တစ်ခါ ရဟန်းဆိုတဲ့ အဓိပ္ပါယ်လေးကို ရှင်းပြပါဦးမယ် ၊ရဟန်းဆိုတာ အရဟန္တဆိုတဲ့ ပါဠိစကားကနေ ဆင်းသက်လာခဲ့တာပါ၊ အစပထမတော့ အရဟန်းလို့ ခေါ်ဆိုနေကြတယ်လို့ယူဆမိပါတယ်၊ နောက်မှ ကာလကြာမြင့်လာပြီး ရဟန်းလို့ ဖြစ်လာတာပါ၊

 ဥပမာပြောပြရရင် ဒီကနေ့မန္တလေးကို မန်းလေးလို့ ခေါ်ဆိုလာသလိုဖြစ် မယ်လို့ ယူဆနိုင်ပါတယ်၊ မြန်မာလို ပြောရရင်တော့ပူဇော်တာကို ခံယူထိုက်သူဆိုတဲ့ သဘောပါပဲ။

 နောက်ပြီး  သံဃာဆိုတာကတော့ ကိုယ်ရော စိတ်ရော ညီညွတ်တဲ့အဖွဲ့အစည်းကို ခေါ်ဆိုပါတယ်၊ တစ်ပါးတည်းတစ်ယောက်တည်းကို သံဃာလို့ မခေါ်ဆိုပါဘူး၊ စာဖတ်သူတို့ ကြားသိဘူးမှာပါ ရဟန်းခံတဲ့ အခါ၊ကမ္မ၀ါ ရွတ်ဖတ်ကြတဲ့ အခါတွေမှာ အနည်းဆုံး ရဟန်းလေးပါး ရှိမှ ကံဆောင်ဖို့ အဆင်ပြေပါတယ်၊လေးပါး မပြည့်ရင် အဆင်မပြေပါဘူး၊ ဘာကြောင့်လည်းဆိုတော့ ရဟန်းလေးပါးရှိပါမှ သံဃာဖြစ်လို့ပါ၊

 ပြောချင်တာက တစ်ပါးတည်း တစ်ယောက်တည်းဆိုရင် သံဃာမဟုတ် ပါဘူး၊ ရဟန်းပါ၊ ဒါကြောင့် မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကလည်းလှူဒါန်းမှုပြုကြ တဲ့အခါမှာ သံဃာကို  အာရုံပြုလှူဒါန်းဖို့တိုက်တွန်းဟောကြားခဲ့တာပါ၊ ကိုယ်တော်မြတ်ရဲ့ မိထွေးတော် ဂေါတမီကိုတောင် သံဃာကို အာရုံပြုလှူဒါန်းဖို့ဟောကြားခဲ့တာပါ၊ သံဃာကို အာရုံပြုလှူဒါန်းဖို့ တိုက်တွန်းရတာကလည်း  သံဃာကို အာရုံပြုလှူဒါန်းရင် အကျိုးပေးများလို့ပါ။

သံဃာကို ကြည်ညိုမှုနဲ့ပတ်သက်လို့ ကြားဖူးတာလေး တစ်ခုပြန်လည်ဖောက်သည်ချချင်ပါတယ်၊ တစ်ခါက ဒကာတစ်ယောက်က မစိုးရိမ်ဆဆရတော်ကြီးကို“ ဆရာတော် တပည့်တော်ကတော့ လှူတဲ့အခါ ရဟန်းသံဃာကိုရွေးလှူတယ်ဘုရား”လို့လျှောက်ထားတယ်ဆိုပဲ၊

ဒီအခါ ဆရာတော်ကြီး “ဒကာ ရဟန်းသံဃာဆိုတာ သီးပင် စားပင်စိုက်ပျိုးတဲ့ လယ်ယာမြေနဲ့တူတယ်၊ ဒကာတွေဒကာမတွေက ဥယျာဉ်မှူးတွေနဲ့ တူတယ်၊ အဲဒီတော့ ကျွမ်းကျင်တဲ့ ဥယျာဉ်မှူးဟာ မြေမရွေးပါဘူး၊ ဘယ်နေရာ စိုက်စိုက်ဖြစ်ထွန်းတာပါပဲ“ လို့ပြန်လည် မိန့်သတဲ့၊ ဆိုလိုတာက လှူဒါန်းတဲ့နေရာမှာ အလှူပေး အလှူခံ နှစ်ဦးနှစ်ဖက် စင်ကြယ်နေရင် အကျိုးတရားက အပေးသန်မှာပါ၊ 

ဒါပေမဲ့ကိုယ်ကိုတိုင် လိမ္မာပါးနပ်တဲ့ ဥယျာဉ်မှူးဖြစ်နေရင် ဘယ်မြေမှာ စိုက်ပျိုးပျိုး အကျိုးပေးကတော့အတိုင်းထက်လွန် တံခွန်နဲ့ဘုရားဖြစ်မှာပါ၊

ဒါကြောင့်မို့ စာဖတ်သူရယ် ဥယျာဉ်မှူးကောင်းတွေဖြစ်အောင် ကြိုးစား ကြည့်ကြရအောင်လား၊ ၊၊

ရွှေမန်းသား ( အရှင်အကုင်္ရ)

Thursday, 9 August 2012

ဥပသကာ ဆိုတာ ဘယ်လိုလူကို ခေါ်တာလဲ



ယနေ့ခေတ်တွင် ဘာသာရေးကို အလေးပေးကာ လုပ်ဆောင်လာသော ၀တ်အသင်းဖွဲ့ များ၊ ဆွမ်းလောင်းအသင်းများ၊ တရာပွဲများကို ကမကထလုပ်ကာ စေတနာဝန်ထမ်း ဒကာများ ဒကာမများ လွန်စွာပေါများလေနေပြီ၊ ၀မ်းသစရာပင်၊ ကြိုဆိုဂုဏ်ပြုစရာပင်၊ မန္တလေးရွှေမြို့တော်ကြီးမှာပင် ဆွမ်းလောင်းအသင်းလေးတွေ အစီအရီတစ်နေ့တခြား တိုးပွါးလာနေသည်၊ သာသနာတော်ကြီးအ တွက် အားတက်စရာပင်၊

 ရှေးယခင်က သံဃာတော်များ ဆွမ်းကွမ်းအတွက် ပင်ပန်းကြရှာသည်၊ ယခု ပူပန်ကြောင့်ကြစရာမလိုတော့ မှိုလိုပေါက်လာနေသော ဆွမ်းလောင်းအသင်းများသို့ သပိတ်ပိတ်ကာ ကြွရုံပင်၊ ရန်ကုန်ရွှေမြို့တော်ကြီးတွင်လည်း ထိုနည်းနှင်နှင်ပင်၊ သံဃာတော်အရှင်မြတ်တွေ မပူပင်မ ကြောင့်ကြရ၊ အပတ်စဉ်ဆွမ်းလောင်းသင်းများသို့ ကြွလျှင်အဆင်ပြေချောမွေ့ကြသည်၊ 

ထို့ပြင် ပြည်ပ နိုင်ငံများတွင်ရောက်ရှိနေသော မြန်မာလူငယ်များကလည်း အားကျမခံ အဖွဲ့အစည်း အသီးသီးဖွဲ့ကာ တရားပွဲများကျင်းပကြ၊ ကထိန်ခင်းကြနှင့် သူထက်ငါ သာသနာတာဝန် ဒကာဒကာမတို့၏ တာဝန် တွေကို ကျေပွန်စွာထမ်းရွက်ပြန် သည်၊

          ထိုထိုကဲ့သို့သော အဖွဲ့အသီးသီးတွင် တာဝန်ထမ်းရွက်မှုပြုနေသော ဒကာဒကာမများအား ဥပါသကာ၏ ဂုဏ်အရည်အချင်းများပြောပြချင်ပါသည်၊ သိပြီးသူများလည်း ရှိပါလိမ့်မည်၊ သိပြီးလျှင် နာဖူးထပ်မံဟု သဘောထားစေချင်ပါသည်၊ မသိသေးလျှင်မှတ်သားကာ မပြတ်ပွားများကာ လိုက်နာ ဆောင်ရွက်ပါဟု တိုက်တွန်းစကား ဆိုလိုက်ချင်ပါ သည်၊ ဥပါသကာ၏ဂုဏ်အင်္ဂါများမှာ-


(၁) ရဟန်းသံဃာနှင့် အေးအတူပူအမျှဖြစ်ရပါမည်၊
ဆိုလိုသည်မှာ ရဟန်းသံဃာများနှင့်အတူအကွ သာသနာ့တာဝန်များကို အတူလက်တွဲကာဆောင် ရွက်ရမည်ကို ဆိုလိုပါသည်၊

(၂)တရားတော်ကိုသာလျှင် အလေးထားရပါမည်၊
ဆိုလိုသည်မှာ သာသနာတော်အလုပ်ကိုလုပ်လျှင် မည်သူ့မျက်နှာမှမကြည့်ပဲ တရားသောနည်းလမ်း အတိုင်း မှန်မှန်ကန်ကန် ထမ်းရွက်ရန်ဖြစ်ပါသည်၊ “ဘုရားလူကြီးများ မနက်လင်းဘုရားမှ အိမ်ပြန်လျှင် အထုတ်ကြီးတွေနဲ့”ဆိုတာမျိုးမဖြစ်စေရပါ၊

(၃)မိမိမှာရှိသော ပစ္စည်းအင်အားပေါ်မူတည်၍ လှူဒါန်းမှုပြုရပါမည်၊
ဆိုလိုသည်မှာ ကိုယ်နိုင်သော ပစ္စည်းဝတ္ထုကိုလှူရပါမည်၊ နာမည်ကြီးချင်၊ ဂုဏ်တက်ချင်မှုမျိုးကို ရှေ့ရှု ကာပိုက်ဆံအရမ်းကုန်အောင် ၊လူအထင်ကြီးအောင် မလှူရပါ၊

(၄)သာသနာတော်မြတ်ကြီး တိုးတက်စည်ပင်ရန်ကြိုးစားအားထုတ်ရပါမည်၊
ဆိုလိုသည်မှာ သာသနာတော်အတွက် မမြဲတမ်းနိုးကြားနေရပါမည်၊ ဘုရားလူကြီးအမည်ခံပြီး၊ “မလုပ်မပြုတ်” သဘောမျိုးမလုပ်ရပါ၊ တကယ်သာသနာတော်အတွက် အလုပ်လုပ်ရပါမည်၊

(၅) သာသနာတော်မှ ပြင်ပပုဂ္ဂိုလ်များကို မဆည်းကပ် မကိုးကွယ်ရပါ၊
ဆိုလိုသည်မှာ သာသာတော်၏ အလုပ်များကို ဦးစီးဦးရွက်ပြုလုပ်နေပြီး၊ နတ်၊ဘိုးတော် မယ်တော်၊ အကြားအမြင်များကို မကိုးကွယ်ရပါ၊

(၆)ကိုယ်နှုတ်အမူအရာ စောင့်စည်းရပါမည်၊
ဆိုလိုသည်မှာ ကိုယ်ရောနှုတ်ရောယဉ်ကျေးစွာ ပြောဆိုလုပ်ကိုင်ရပါမည်၊ ဘုရားလူကြီး၊ ဂေါပက၊ ဆွမ်းလောင်းအသင်း၊ ဗုဒ္ဓဘာသာလူငယ် အသင်းဝင်တစ်ယောက်ဖြစ်နေပြီး ဆဲဆိုနေလျှင် ပတ်ဝန်း ကျင်အမြင်တွင် မတင့်တယ်နိုင်ပါ၊

(၇)သင့်တင့်ညီညွတ်ရေးကို ဆောင်ရွက်ရပါမည်၊
ဆိုလိုသည်မှာ တစ်ခါတစ်ခါ အသင်းထဲတွင် မညီညွတ်မှုများဖြစ်တတ်ပါသည်၊ ထိုကဲ့သို့မဖြစ်အောင် ညီညွတ်ရေးကို အစဉ်မြဲအလေးပေး ဆောင်ရွက်ရပါမည်၊ “အစုရှိက မှုရှိမြဲမှာ ဓမ္မတာတည်း“ ဆိုသည် ကိုလည်း သဘောပေါက်ထားရပါမည်၊

(၈)၀န်တိုစိတ်မရှိရပါ၊
ဆိုလိုသည်မှာ သာသာတော်အလုပ်ကြီးကို လုပ်ကိုင်နေပြီး အခြားသူများ သ၀န်မတို ရပါ၊ မေတ္တာစိတ်၊ ကရုဏာစိတ်ထားကာ လုပ်ကိုင်ပြောဆိုရပါမည်၊

(၉)ကောက်ကျစ်စင်းလဲမှု မရှိရပါ၊
ဆိုလိုသည် ဘုရားပိုင်ငွေ၊ အသင်းအဖွဲ့ပိုင်ဘဏ္ဍာငွေများကို မှန်မှန်ကန်ကန် စာရင်းထားရပါမည်၊

(၁၀)ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ရပါမည်၊
ဤနောက်ဆုံးအချက်သည် အရေးကြီးပါသည်၊ သာသနာတော်အလုပ်ကို လုပ်ကိုင်နေသူသည် ရတ နာသုံးပါးကို ယုံကြည်စွာကိုးကွယ်သူဖြစ်လျှင် မမှန်မကန်လုပ်စရာ အကြောင်းမရှိတော့ပါ၊ ထို့ကြောင့် ရတနာသုံးပါးကို ယုံယုံကြည်ကြည် ကိုးကွယ်ဆည်းကပ်ရပါမည်၊ ရတနာသုံးပါး၏ဂုဏ်ကို အမြဲ တမ်းအာရုံပြုနေသဖြင့် မှန်ကန်သော စိတ်ထားဖြင့် လုပ်ကိုင်နိုင်လိမ့်မည်၊
 
စာဖတ်သူများလည်း ယခုအချိန်မှစကာ ဥပါသကာအင်္ဂါ(၁၀)ပါးနှင့် ပြည့်စုံနိုင်ပါစေကြောင်း ဆုမွန် ကောင်းတောင်းလိုက်ရပါသတည်း
 
ရွှေမန်းသား ( အရွင္အကုၤရ)