Monday 30 July 2012

ဥပုသ်စောင့်တယ်ဆိုတာ ဘယ်လိုစောင့်ရတာလဲ



 ဒီတစ်ခါ စာဖတ်သူတွေကို ဥပုသ်စောင့်သုံးတာနဲ့ ပတ်သက်ပြီး ရေးပြချင်ပါသေးတယ်၊ ဥပုသ်အကြောင်းကို ပိုပြီး နားလည်သဘောပေါက်သွားရအောင် ပုံပြင်လေးတစ်ပုဒ်နဲ့ စပြောကြည့်ရအောင်ပါ၊

ပုံပြင်လေးက ဒီလိုပါ တစ်ခါက လင်မယားနှစ်ယောက်ရှိကြသည်၊ မယားဖြစ်တဲ့သူက ဘာသာရေးကိုင်းရှိုင်းပြီး ကျောင်းကို ဥပုသ်နေ့တိုင်းသွားရောက်ကာ ဥပုသ်စောင့်လေ့ရှိသည်၊ သူမ၏လင်ယောင်္ကျားကား စီးပွါးရှာခြင်း၊ လူမှုရေးကိစ္စများဖြင့် ကျောင်းသို့အရောက်အပေါက်နည်းရှာသည်၊ 

ဥပုသ်နေ့တစ်နေ့တွင် မယားဖြစ်သူက “အစ်ကိုရယ် တစ်ရက်တစ်လေ ဥပုသ်လေးဘာလေး စောင့်စမ်းပါဦးတော်“ဟု စွယ်စကားပြောရှာလေသည်၊“ အေးစောင့်ပါမယ်ကွာ“ ဒီလိုနဲ့ မယားကစွယ်လိုက် လင်တော်မောင်က ပယ်လိုက်နဲ့ ရက်တွေသာကြာလာသည် ဥပုသ်တစ်ခါမျှမစောင့်ဖူးသေး၊

 တစ်နေ့ဥပုသ်နေ့တွင် မယားဖြစ်သူက ရှေးယခင်တိုင်းထပ်လောင်းကာ ပြောရှာလေသည်၊ လင်ဖြစ်သူလည်း နာငြီးလာပြီ ထင်သည်၊ ပြီးပြီးရော ဥပုသ်စောင့်ရန်ဆုံးဖြတ်လိုက်သည်၊ “ဒါနဲ့ နေပါဦးမိန်းမရယ် မင်းဥပုသ်က ဘယ်လိုစောင့်ရ တာတုန်း၊” “လွယ်လွယ်လေးပါတော် ရှေ့ကဘုန်းကြီးဆိုတဲ့တိုင်း လိုက်ဆိုလိုက်ရုံပဲ။” မယားပြော စကားမှတ်သားပြီး ကျောင်းသို့မယားအရင် အ၀တ်အစားလဲကာ ထွက်လာလိုက်သည်၊ ကျောင်းအပေါ်အရောက် ကျောင်းထိုင်ဆရာတော်နှင့် ပက်ပင်းတိုးကြသည်၊

 ကျောင်းထိုင်ဆရာတော် ကစ၍ “ဒကာစောလှချည်းလား” ဒါကိုပင်ဒကာဖြစ်သူလည်း၊ “အော် ဥပုသ်စောင့်ရင် ဘုန်းကြီးဆိုတဲ့ အတိုင်း လိုက်ဆိုရတယ်ပြောတယ်၊ လိုက်ဆိုလိုက်မှဟု သဘောပိုက်ကာ“ ဒကာစောလှချည်းလား” ဟု ရှေ့မှ ဘုန်းကြီးတိုင်သည့်အတိုင်း တသွေမတိမ်းလိုက်ဆိုသည်၊
 
“ဒကာအကောင်းပြောနေတာလေ“
“ဒကာအကောင်းပြောနေတာလေ”
“ဒကာစနေတာ မဟုတ်ဘူးနော်”
“ဒကာစနေတာ မဟုတ်ဘူးနော်”
“ဒကာ ပြောလေဆိုးလေပါလား”
“ဒကာ ပြောလေဆိုးလေပါလား”
“ဒကာ ဘုန်းကြီးစိတ်တိုလာပြီနော်“
“ဒကာ ဘုန်းကြီးစိတ်တိုလာပြီနော်“
 
နောက်ဆုံးတွင် ဘုန်းကြီးက ခါးတောင်းကိုမြှောင်နေအောင်ကြိုက်လိုက်သည်၊ ဒကာလည်း ဘုန်းကြီးပြုလုပ်သည့်အတိုင်းလိုက်ကာပြုလုပ်သည်၊ ဒကာနဲ့ဘုန်းကြီး ကျောင်းကြီးပေါ်တွင် နပန်းထ သတ်ကြသည်၊ ဗလခြင်းကတူနေ၍ တစ်ယောက်တပြန် အထက်ကကျလိုက် အောက်ကကျလိုက် ဖြစ်နေကြသည်၊ အဆုံးတွင် နှစ်ယောက်လုံးမောပန်းကာ ဘုန်းကြီးက ကျောင်းတိုင်လေးမှီ၊ ဒကာက ကျနေသော ခေါင်းပေါင်းတဘက်လေးကောက်ခါ ပြန်လာသည်၊ အိမ်ပြန်ရောက်သော် မိန်းမကို ”မိန်းမရေ ဥပုသ်စောင့်တယ်ဆိုတာ နပန်းသတ်တတ်မှပါကွာ“ ဟုပြောကာငြီးရှာသည်။ ။
 
စာဖတ်သူရေ ပုံပြင်လေးက ဒါပဲဖြစ်သည်၊ ဤပုံပြင်ထဲမှ ယောင်္ကျားကဲ့သို့ ဥပုသ်စောင့်တယ်ဆိုတာ နပန်းသတ်တတ်မှဟု ထင်မြင်သူတွေရှိနေသည်၊ ဥပုသ်စောင့်မှုနှင့် သတ်သက်ပြီး မျှဝေမှုလေးတွေ ပြုခြင်သည်၊ 

တစ်ခါက သာဝတ္တိမြို့မှ အနာထပိန်သူဌေးကြီး၏ အိမ်တွင်စာရင်းငှါးတစ်ယောက်ရှိလေ သည်၊ တစ်နေ့ဥပုဥသ်နေ့တွင် သူဌေးကြီးမှအစကလေးငယ်တွေအဆုံး တစ်အိမ်လုံးဥပုသ်စောင့်ကြ သည်၊ လယ်ယာလုပ်ငန်းသို့အစောကြီးအလုပ်သွားသော စာရင်းငှါးအလုပ်သမားသည် နေ့လည် မွန်းလွဲချိန်မှ အိမ်ကိုပြန်ရောက်သည်၊ အိမ်သားအားလုံး ဥပုသ်စောင့်ထားသဖြင့် မွန်လွဲချိန်တွင် မည်သည့် အစာမျှမစားကြတော့ 

ဒါကိုမြင်သောစာရင်းငှါးက ဘာကြောင့်ဤကဲ့သို့ပြုမူ သလဲဟုမေး သည်၊ ဥပုသ်နေ့ဖြစ်၍ ဤကဲ့သို့ပြုလုပ်ကာ စတုမဓူပဲသုံးဆောင်ကြောင်းပြောကြသည်၊ စာရင်းငှါး လည်း၊ သူလည်းဥပုသ်စောင့်ချင်ကြောင်း၊ ဥပုသ်စောင့်လို့ ရမရမေးရှာသည်၊ စောင့်လို့ရကြောင်းပြော သောအခါ စာရင်းငှါးလည်းစတုမဓူသာစားကာ ဥပုသ်စောင့်ရှာသည်၊ 

မနက်ခင်းကလည်းဘာမျှမစား နေ့ခင်းတွင်လည်းစတုမဓူသာစားကာ ဥပုသ်စောင့်ခဲ့သဖြင့် ညနေတွင် အစာအိမ်ရောဂါဖြင့်ဆုံးပါးရှာ သည်၊ သို့သော် ဥပုသ်နေ့တစ်ဝက်စောင့်ခဲ့ခြင်းကြာင့် နောင်ဘ၀တွင်ရုက္ခစိုးနတ်ဖြစ်ခဲ့ရသည်၊ ဤသည် မှာ ဥပုသ်စောင့်ခြင်းကြောင့် ရသော အကျိုးတရားပင်၊
 

ဥပုသ်စောင့်သည်ဆိုသည်မှာ (၈)ပါးသီလ၊ (၉)ပါးသီလ (၁) မိမိနိုင်ရာ စောင့်သုံးခြင်းဖြစ်သည်၊ များသောအားဖြင့် ဥပုသ်စောင့်လျှင် ညနေစာ မစားသုံးရဟုပြောကြသည်၊ ညနေစာသာမဟုတ် အမွှေးနံ့သာ၊ မြင့်သောနေရာအရပ်၊ သနပ်ခါး၊ စသည်လည်း မလိမ်းရပါ၊ အကောင်းဆုံးကတော့ မိမိစောင့်သုံးသောသီလပေးကို မြန်မာလိုအဓိပ္ပါယ်နားလည်လျှင် ပိုကောင်းသည်၊ဒါမှ ဆောက်တည် ထားသော သီလသက္ခာပုဒ်များကိုရှောင်ရှားနိုင်မည်၊ နားမလည်လျှင် ပုံပြင်ထဲကယောင်္ကျား ဥပုသ် စောင့်သွားသကဲ့သို့ဖြစ်ချေမည်၊

  ရှေးမင်းများမိဖုရားများ ဥပုသ်စောင့်ရာတွင် ရေမိုးချိုး၊ အ၀တ်စား သန့်စင်အောင်ဝတ်၊ တစ်ယောက်တည်း ဆိငြိမ်သောအခန်းထဲတွင် သီလစောင့်တည်ကာ၊ ဥပုသ် စောင့်သုံးကြခြင်းဖြစ်သည်၊ ထိုနည်းလေးကိုအတုယူကာ ဥပုသ်စောင့်သုံးလျှင် အားလုံးအဆင်ပြေနိုင် သည်၊ 

 တစ်ချို့ကား ဥပုသ်စောင့်ရန်ကျောင်းကိုလာကြသည်၊ ကျောင်းရောက်သော် သောမနဿ သဟဂုတ် လ္ဘက်ကသုံးလေးလုပ်စားကာ မိုးချုပ်တာနှင့် အိမ်ပြန်ကြသည်၊ တစ်ချို့က သားကဘယ်လို သမီးကတက္ကသိုလ်မှာဟု ကြွားလုံထုတ်လေလုံးထွားကာ စာကားများပြီး ဇရပ်ဥပုသ်ဖြစ်ကာ မိုးချုပ်ပြန် သည်၊ 

တစ်ချို့က ပါလာသည့်ထမင်းဟင်း အတင်းစားပြီး ဗိုက်ကားကအိပ်ပျော်သွားသည်၊ ဒါနဲ့ နဂါး ဥပုသ်ဖြစ်ကာ အိမ်ပြန်ခဲ့ရပြန်သည်၊ တချို့က ပုတီးလေးစိပ်သယောင် တရားလေးနာသယောင် လူအ ထင်ကြီးအောင်ဟန်ဆောင်ကာစောင့်ကြသည၊် 

ဘာပဲဖြစ်ဖြစ်စာဖတ်သူရေ ဥပုသ်စောင့်သုံးမည်ဆိုလျှင် ပုံပြင်ထဲကယောင်္ကျားလိုတော့မဖြစ်ပါစေနဲ့ဟု ဆုတောင်းလိုက်ပါသည်။ ။ 

ရွှေမန်းသား ( အရှင်အကုင်္ရ)
  Ph.D ( research) Annamalain university .India.
 

မမေ့နဲ့ နော်--




စာရေးသူရောစာဖတ်သူပါ တစ်ခါတစ်ခါ မေ့တတ်ပါတယ်၊ ဒါကြောင့် မေ့တတ်တာ လေးတွေပြောကြည့်ချင်ပါတယ်၊  လုံးဝမေ့တတ်တာမျိုးကို ဆေးပညာအခေါ်ကတော့ အယ်လ်ဇိုင်းမားခေါ်တယ်လို့မှတ်သားဖူးပါတယ်၊ 

စာရေးသူရော စာဖတ်သူရော ဘ၀များစွာ မေ့လာကြတာပါ၊ မေ့တယ်ဆိုတာ ကုသိုလ်ကောင်းမှုတွေလုပ်ရတာကိုမေ့လာတာပါ၊ အကုသိုလ်မကောင်းမှုတွေပဲ လုပ်ခဲ့တာများလာတာပါ၊ ဒါကြောင့်လည်း သံသာရေယာဉ်ကြောမှာစုန်လိုက်ဆန်လိုက် မျောနေတာပါ။


          “ကုသိုလ်ဥစ္စာ ခန့်ကျန်းမာ၍ ပညာ တန်းခိုး တမျိုးမျိုးမှ ကိုယ်ကျိုးမထွက် ထိုနေ့ရက်သည် သက်သက် ၀မ်းနည်းဖွယ်” တောင်မြို့ဆရာဘုရားကြီးရေးသားခဲ့တဲ့ စာသားလေးပါ၊ တစ်နေ့တစ်နေ့ ကိုယ်ကိုကိုယ် မမေ့အောင် တန်ဖိုးရှိအောင်နေတတ်ဖို့ သတိပေးနေတဲ့ စာသားလေးပါ၊


 နေ့တစ်နေ့ ရောက်လာရင် မိုးလင်းကမိုးချုပ် ကိုယ့်အတွက်ဘာများကျန်သလဲ၊ ကုသိုလ်လား၊ ဥစ္စာလား၊ပညာလား၊ကျန်းမာရေးလား ဘာကျန်ခဲ့လဲ ဆိုတာ တွေးဆသင့်ပါတယ်၊တစ်ခုမှ မကျန်ခဲ့ရင် အဲဒီနေ့ဟာ ၀မ်းနည်းစရာကောင်းတဲ့နေ့တစ်နေ့ပါ၊ အားမနာတမ်းပြေရရင်ကိုယ့်ကိုကိုယ် မေ့နေတဲ့နေ့ပေါ့၊


သိဖူးတဲ့ဒကာတစ်ယောက်ရှိပါတယ်၊သူက စာရေးသူကိုလျှောက်ထားဖူးပါတယ် “တပည့် တော်ဘုရား၊ တပ်ကထွက်တုန်းက ငါအတွက် သံသရာပါမယ့်အလုပ်တွေလုပ်တော့မယ်၊ကျန်တဲ့လောကီအလုပ်တွေမလုပ်တော့ဘူး လို့ပြောခဲ့ဘူး တယ်ဘုရား၊       နောက် ၀ိပဿနာတရားတွေလည်းအားသွန်ခွန်စိုက် ကြိုးစားအား ထုတ်မယ်လို့ အားခဲထား တယ်ဘုရား၊ 


ဒါပေမဲ့ ခု တပည့်တော်ဘုရားတပ်ကထွက်တာ (၁၅)နှစ်ရှိသွားပြီ ဘာမှ ဟုတ်တိပတ်တိမလုပ်ဖြစ်သေးဘူးဘရား၊”       သူအသံကြားရတာ နောင်တရနေသလိုပါပဲ၊ တကယ်ပြောပြရရင်          သူကသူကိုယ်သူမေ့နေတာပါ၊  ပြောမဲ့သာပြောရတာပါ၊ စာရေးသူကိုယ် တိုင်လည်း မေ့နေတာတွေအများကြီးပါ၊ တစ်နေ့တာသင်တဲ့ သင်ခန်းစာတွေကို တစ်နေ့တည်းနဲ့ ပြတ်အောင်မလုပ်မိလို့ စာမေးပွဲနီးတော့          အခက်တွေ့ခဲ့ရပါတယ်၊ဒါဟာ   မေ့နေတာကရတဲ့ အ ကောင်းဆုံး သင်္ခန်းစာယူစရာ တွေပေါ့၊ဒါက သာမညမေ့တတ်တာလေးတွေပါ၊


မြတ်စွာဘုရားစကားတော်နဲ့ ပြောကြည့်ရရင်“မေ့နေသူဟာ သေနေတဲ့သူပါတဲ့၊သတိနဲ့ နေတဲ့ သူဟာ၊မမေ့တဲ့သူဟာ မသေတဲ့သူပါတဲ့”၊ဆိုချင်တာက ကုသိုလ်ကောင်းမှုတရား တွေကို သတိလေးနဲ့ လုပ်ဆောင်နေတဲ့ သူ၊ ငါ ဘာလုပ်နေသလဲလို့လှုပ်ရှားမှုတိုင်းကို အသိလေးကပ်ပြီး သတိလေးနဲ့ မှတ်မိနေသူဟာ အမြဲတမ်းကိုယ်ကိုကိုယ်နှိုးစက်ချ ထားလို့ ရှင်သန်နေသူလို့ ပြောရမှာပါ၊ 

မြတ်စွားဘုရားကိုယ်တော်မြတ်  ကြီးက နောက်ဆုံးအနေနဲ့တောင် “မမေ့ကြနဲ့”လို့ မှားကြားခဲ့တယ်မို့လား၊ဒါကြောင့် ခုချိန်က စပြီး မမေ့အောင်ကြိုးစားကြည့်ကြစို့လား မိတ်ဆွေရယ်။ ။


ရွှေမန်းသား ( အရှင်အကုင်္ရ)
 

Sunday 29 July 2012

စေတီလေးမျိုးဆိုတာ ဘာတွေလဲ



ဒီတစ်ခါ စာဖတ်သူတွေကို စေတီအကြောင်းလေးပြောပြချင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ စေတီဆိုတာ ကိုယ်နဲ့နေ့စဉ်ထိတွေ့နေရတဲ့လူမှုဘ၀ထဲမှာ ပါဝင်နေလို့ပါ၊ သူများဘာသာခြားက လာမေးရင်ပြန်ပြောပြနိုင်အောင်သိထားသင့် တယ်လည်းထင်ပါတယ်၊
 
စေတီဆိုတာ ပါဠိစကားလုံးပါစေတိယဆိုတဲ့ပါဠိကနေဆင့်သက်လာတယ်လို့ ပြောရပါမယ်၊ မြန်မာလိုအဓိပ္ပါယ်က အမြတ်တနိုးကိုကွယ်ရာလို့အဓိပ္ပါယ်ထွက်ပါတယ်၊ ရှေးကလူတွေဟာ သစ်ပင်၊ တောတောင်၊စတာတွေကိုလည်း ကိုးကွယ်ကြတော့ အဲဒီသစ်ပင်၊ တောတောင်တွေကိုလည်း စေတီ လို့ခေါ်နိုင်ပါတယ်၊

 နောက်ပြီးတော့ ကိုယ့်ရဲ့ဘာသာအလိုက်အထွတ်အမြတ်ထားကြတဲ့ အဆောက်အဦးတွေ၊ အုတ်ပုံတွေ၊ သဲပုံစတာတွေလည်း စေတီစာရင်းမှာပါဝင်ပါတယ်၊ ဘာကြောင့်လည်းဆိုတော့ အမြတ်တ နိုးနဲ့ ကိုးကွယ်တဲ့အရာတွေဖြစ်နေလို့ပါပဲ၊
 
ထပ်ရှင်းပြရရင် စေတီနဲ့တွဲပြီး စေတီပုထိုးလို့အခေါ်အဝေါ်လေးရှိနေပါသေးတယ်၊ ပုထိုးဆိုတာ ယိုးဒ ယားကနေမြန်မာကို ကူးလာတယ်လို့ဆိုပါတယ်၊ ယိုးဒယားလူမျိုးတွေက ဘုရားဆင်းတုတော်တွေကို စာရေးတဲ့အခါ ၀ရား=ဗုဒ္ဓေါလို့ရေးပြီး ဖတ်တဲ့အခါ ဖရား=ဗုတ်ထိုးလို့ အသံထွက်ဖတ်တယ် လို့ဆိုပါတယ်၊ ၀ရားဆိုတာ ၀ရဆိုတဲ့ပါဠိကနေ ဆင်းသက်လာတာမို့ မြတ်သောဆိုတဲ့ အဓိပ္ပါယ်ထွက် ပါတယ်၊ 

ဒါကြောင့်မြန်မာတွေက ဘုရားပုထိုးလို့ခေါ်ဆိုနေကြတာပါ၊ ဒါက ဘုရားပုထိုးစေတီနဲ့ပတ် သက်ပြီးသိသင့်တာလေးတွေပါ၊ နောက်စေတီကလေးမျိုးရှိပါတယ်၊
 
(၁)ဓာတုစေတီ= ဘုရားရှင်ရဲ့ဓာတ်တော်မွေတော်တွေကို ဓာတုစေတီ၊ နောက်ဓာတ် တော်မွေတော် တွေ ဌာပနာထားပြီးတည်ထားတဲ့စေတီတော်များကိုလည်း ဓာတုစေတီလို့ခေါ် နိုင်ပါတယ်။
 
(၂)ဓမ္မစေတီ=ဘုရာရှင်ဟောကြားတော်မူထားခဲ့တဲ့ တရားတော်များကို ဓမ္မစေတီလို့ ခေါ်ပါတယ်။
 
(၃)ဥဒ္ဒိဿစေတီ= ဘုရားရှင်ကိုရည်ရွယ်မှန်ထားပြီးတည်ထားတဲ့စေတီတော်၊ ရုပ်ပွားတော်စတာတွေ ကို ဥဒ္ဒိဿစေတီလို့ခေါ်ပါတယ်၊
 
(၄)ပရိဘောဂစေတီ= ပရိဘောဂစေတီဆိုတာ မြတ်စွာဘုရားရှင်ရဲ့ အသုံးအဆောင်ဖြစ်တဲ့ ရေစစ်၊ သင်္ကန်း၊ တောင်ဝှေးအစရှိတာတွေကို ပရိဘောဂစေတီလို့ခေါ်ပါတယ်၊
ဒါက စေတီလေးမျိုးအဓိပ္ပါယ်လေးတွေပါ၊ 

 စေတီတော်ကိုးကွယ်မှုနဲ့ပတ်သက်ပြီးကြားဖူးတာ လေးကို ပြန်ပြောပြချင်ပါသေးတယ်၊ တစ်ခါက နိုင်ငံခြားသားတစ်ယောက်က ဆူးလေ စေတီတော်ကိုကြည့်ပြီး မေးပါသတဲ့ ဘာလို့အုတ်ပုံကြီးကိုရှိခိုးနေသလဲပေါ့၊ ဒါကြီးကိုရှိခိုးနေရင် တခြားတိုက်တွေ အိမ်တွေကို လည်းရှိမခိုးသင့်ဘူးလားလို့မေးပါတယ်၊ ဒီအခါမှာ ဂေါပကအဖွဲ့ထဲပါတဲ့လူတစ်ယောက်က ပြန်ပြီး တော့ ခင်များမှာ ညီမရယ်၊အမေရယ်၊ မိန်းမရယ်ရှိတယ်မို့လားလို့ပြန်မေးပါတယ်၊ ရှိတယ်လို့ နိုင်ငံခြား သားကပြန်ဖြေပါတယ်၊ ဒါဆိုရင် ညရောက်တဲ့အခါ ခင်များဘယ်သနဲ့အိပ်သလဲမေးတော့ ငါ ငါမိန်းမ နဲ့အိပ်တာပေါ့ ပြန်ဖြေပါတယ်၊ ဒါနဲ့ဂေါပကလူကြီးကဆက်ပြီး ကျန်တဲ့ခင်များရဲ့ အမေတို့ ညီမတို့က လည်း အမျိုးသမီးပဲမဟုတ်ဘူးလား၊ ဘာကြောင့် အမေတို့ညီမတို့နဲ့ မအိပ်ပဲ မိန်းမနဲ့အိပ်ရသလဲလို့ ပြန်မေးခွန်းထုတ်ပါတယ်၊ အဲဒီအခါကြမှ ငါသဘောပေါက်ပြီလို့ပြန်ပြောပါသတဲ့၊ 

စာဖတ်သူလည်း ဒီသာဓကလေးကို အတုယူပြီးတော့ ငါကိုးကွယ်နေတာ ရှိခိုးဦးချနေတာဟာ အုတ်ပုံကြီးမဟုတ်ဘူး၊ မြတ်စွာဘုရားကို ရည်ရွယ်မှန်းဆပြီးတည်ထားတဲ့ ဥဒ္ဒိဿစေတီတော်တွေဖြစ်တယ်လို့ ပုံပေါ်မှာ ဂုဏ်တော်တင်နိုင်ကြပါစေလို့။
 
ရွှေမန်းသား  ( အရှင်အကုင်္ရ )
သာသနာတက္ကသီလဓမ္မာစရိယ
B.A(Hons),M.A(thesis),M.A (sri lanka)
Ph.D ( research ) Annamalai university .India.

Saturday 28 July 2012

သူဌေးဖြစ်အောင် ဘယ်လို လုပ်ရမလဲ




ရင်းနှီးတဲ့ ဒကာလေးတစ်ယောက်ကမေးဖူးပါတယ်၊ သူအရမ်းချမ်းသာချင်တာပဲတဲ့ ဘာကြောင့်လည်း ဆိုတော့ သူနဲ့ချစ်သူဖြစ်နေတဲ့ကောင်မလေးကလည်းအရမ်းချမ်းသာ နေလို့ပါတဲ့၊ ဒါနဲ့ စာရေးသူလည်း ဖတ်ဖူးထားတဲ့ အကြောင်းအရာလေး  တစ်ခုကိုပြန်ပြောပြဖြစ်ပါတယ်၊ ခု စာဖတ်သူတွေကိုလည်းအဲဒီ အကြောင်းအရာလေး ပြန်ပြောပြချင်ပါတယ်၊ သူဌေးဖြစ်နိုင်မဖြစ်နိုင်ဆိုတာကတော့ စာဖတ်သူပဲလက်တွေ့လုပ်ဆောင် လိုက်နာပြီး ဆုံးဖြတ်ချက်ပေးပါနော်၊


          စာရေးသူ ဖတ်ဖူးတဲ့အကြောင်းအရာလေးက ဒီလိုပါ၊ တစ်ခါကမန္တလေးမြို့ကမစိုးရိမ်တိုက် ကြီးမှာ မစိုးရိမ်ဆရာတော်ရဲ့မွေးနေ့လုပ်ပါတယ်၊ မွေးနေ့ပွဲမှာ ဆရာတော်နဲ့ငယ်သူချင်းလူပျံတော် တစ်ယောက်လည်း လာပါတယ်၊ သူကမတ္တရာမှာနေတာပါ၊ ဒါပေမဲ့ အရမ်းဆင်းရဲ့ပါတယ်၊အဲဒီခေတ်က အင်္ဂလိပ်ခေတ်ဖြစ်လေတော့ ချစ်တီးကုလားရဲ့ဆန်စက်မှာ အလုပ်လုပ်ရပါတယ်၊ ဒါနဲ့ဆရာတော်က သူဆင်းရဲတာကို မကြည့်ရက်ဖြစ်ပြီး သူငယ်ချင်းရာ မင်းဆင်းရဲလှချေလား ၊ မှန်ပါတပည့်တော်လည်း ချမ်းသာချင်ပါတယ်၊ ဒါပေမဲ့ တပည့်တော် အရင်းအနှီးမရှိဘူးဘုရား၊ ဒါများလွယ်ပါတယ်ကွာ၊ ဘယ်လိုလွယ်တာလဲ ဘုရား၊ မင်း ဘုရားဂုဏ်တော်ကိုးပါးရတယ်မို့လား၊ ရပါတယ်ဘုရား၊ရရင် အဲဒါရွတ်လေကွာ၊ တင်ပါး၊ ဒါဆို ရွတ်မယ်ဘုရား၊ ဒီလိုနဲ့ နောက်တစ်နှစ် ဆရာတော်ရဲ့မွေးနေ့ကတစ်ခါပြန်ရောက်လာပါတယ်၊ 


ဆရာတော်ရဲ့သူငယ်ချင်းလည်း မွေးနေ့ကိုလာတာပါပဲ၊ ဒါပေမဲ့ ခုထက်ထိ မချမ်းသာသေးဘူး၊ ဒုံရင်းကဒုံရင်းပဲလေ၊ ဒါနဲ့ သူက ဆရာတော်ကို ပြန်လျှောက်ထားတယ်၊ဆရာတော် တပည့်တော် ခုထက်ထိ သူဌေးမဖြစ်သေးဘူးဘုရား၊ “အေးအေး ” ဆရာတော်လည်း ဒါပဲ မိန့်ပြီး  အသာအေးအေးဆေးဆေး နေတော်မူပါတယ်၊ တစ်နေရာမှာ သူ့သူငယ်ချင်းရှေ့ငေးပြီး ဝေယျားဝစ္စလုပ်နေတုန်း နောက်ကနေကျောကို တအားလွဲ ရိုက်လိုက်ပါတယ်၊ သူ့သူငယ်ချင်းလဲအရောရောင် အမှားမှားနဲ့ အရုတ္တ အနတ္တတွေ ပါးစပ်ကပလုံစီထွက်လာပါတယ်၊ အဲဒီမှာ ဆရာတော်ကပြန်ပြောပါတယ်၊“ မင်းဒီလောက်နဲ့ သူဌေးမဖြစ်နိုင်သေး ဘူး”လို့၊ စာဖတ်သူရေ 


တိုတိုပဲ ပြောပြရရင်နောက်တစ်နှစ် ဆရာတော်မွေးနေ့မှာလည်း ဆရာတော်က သူ့ရဲ့သူငယ်ချင်းကို မနှစ်ကလိုပဲ ကျောကိုရိုက်ပါသတဲ့၊ဒါပေမဲ့ ဒီနှစ်မှာတော့ အယုတ္တ အနတ္တတွေ မထွက်တော့ပဲ၊ အရဟံ အစဖြာတဲ့ ဂုဏ်တော်တွေ တန်းစီးပြီးပါးစက်ထွက်ကာရောင်ပါသတဲ့၊အဲဒီမှာ ဆရာတော်က မှတ်ချက်ပေးပါတယ်၊ မင်းသူဌေးဖြစ်ဖို့နီးပြီ” လို့၊ ဒီလိုနဲ့ သိပ်မကြာခင်မြန်မာပြည်ကို ဂျပန်အ၀င် အင်္ဂလိပ်အပြေးမှာ ကုလား ဌေးလညည်း အိန္ဒိယကိုပြေးရတော့ ဆန်စက်ကိုလူယုံဖြစ်တဲ့ ဆရာတော်သူငယ်ချင်းကို အပ်ထားခဲ့ ပါတယ်၊ ပြန်လာရင် ပြန်ယူမယ်ဆိုတဲ့ သဘောနဲ့အပ်ထားခဲ့တာပါ၊ 

ဒါပေမဲ့ နှစ်တွေသာ ကြာလာပါရော ကုလားသူဌေးလည်း ပြန်မလာတော့ပါဘူး၊ ဒီလိုနဲ့ဆရာတော်သူငယ်ချင်းလည်း မတ္တရာမှာ ဆန်စက် ပိုင်ရှင်သူဌေးကြီးဖြစ်သွားပါတော့တယ်၊


          ဒီနေရာမှာ စာဖတ်သူကမေးချင်မှာပါ၊ ဂုဏ်တော်ရွတ်ယုံနဲ့ ချမ်းသာနိုင်သလားဆိုတာကိုပါ၊ ဘာမှမလုပ်ပဲ ဂုဏ်တော်တစ်ခုတည်ထိုင်ရွတ်နေရုံနဲ့ ဘယ်ချမ်းနိုင်မလဲ၊ မြတ်စွားဘုရားညွှန်ကြားထား တဲ့ စီးပွါးရှာနည်းတွေအများကြီးထဲက တစ်ခုဖြစ်တဲ့ အလုပ်ကို ထထကြွကြွ ၀ီရိယနဲ့လည်းလုပ်ရပါမယ်၊နောက် သုံးတဲ့အခါမှာလည်း မျှမျှတတသုံးစွဲရပါမယ်၊ သာရေး၊နာရေး၊ကျန်းမာရေး အတွက်လိုအပ်ရင်အသုံးပြုဖို့လည်း သိမ်းထားသင့်တဲ့ငွေကြေးကို သိမ်းထားသင့်ပါတယ်၊ မိတ်ဆွေသူငယ်ချင်းကောင်းလည်းရှိထားရပါဦးမယ်၊ ဒါမှ စီးပွါးရေးကြီးပွါးရေးတွေတိုင်ပင်ပြီး စီးပွါဘက်ကုန်သွယ်ဘက်လုပ်လို့ရ မှာပါ၊ 


ဒီလောက်ဆိုရင် ဂုဏ်တော်တွေနေ့စဉ်ရွတ် ပြောပြခဲ့တဲ့မြတ်စွာဘုရားရဲ့သူဌေးဖြစ်နည်းတွေကို လိုက်နာလိုက်ရင် မကြာခင်သူဌေးဖြစ်မယ်ထင်ပါတယ်၊ မယုံရင်တော့ စာဖတ်သူကိုယ်တိုင်စမ်းသပ် ကြည့်ပါနော်၊ အကယ်၍များ သူဌေးဖြစ်သွားရင်တော့ မမေ့နဲ့နော်။ ။


ရွှေမန်းသား ( အရှင်အကုင်္ရ)
 

ကံကောင်း ဘယ်လိုလုပ်မလဲ ( ၃)



စာဖတ်သူတွေကို ဒီတစ်ခါလဲ ကံကောင်း အကြောင်းလှဖို့ လုပ်ရပ်လေးတွေ လုပ်ဖြစ်ဖို့ ပုံပြင်လေး တစ်ပုဒ်နဲ့ ပြောပြ  ချင်ပါသေးတယ်။ ပုံပြင်လေးက ဒီလိုပါ ၊

တစ်ခါတုန်းက စပါးကုန်သည်နဲ့ သားရေကုန်သည်နှစ်ယောက်ရှိသတဲ့၊ တစ်နေ့တော့ ကုန်သည်နှစ်ယောက်ဟာ အတူတိုင်ပင်ပြီး မြို့လေးတစ်မြိှုှ့ဆီကို ကုန်အဝယ်ထွက်ကြပါသတဲ့ ၊ ဒီလိုနဲ့ ခရီးသွားကြရင် လမ်းတစ်ဝက်ရောက်တော့ မိုးချုပ်သွားတာနဲ့ တည်းခိုစရာလိုက်ရှာကြပါတယ်၊ ကံကောင်းစွာနဲ့ လမ်းဘေးတစ်နေရာမှာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွေ့ရလို့ အဲဒီဘုန်းတော်ကြီးကျောင်းမှာ ဘုန်းတော်ကြီးကိုခွင့်တောင်းပြီး တစ်ညတာတည်းခိုးကြပါတယ်၊


ညရောက်လို့ မအိပ်ခင်မှာ ဘုန်းတော်ကြီးနဲ့ စကားပြောဖြစ်ကြတော့ တစ် ယောက်က သားရေကုန်သည်ဖြစ်ကြောင်း ကျန်တစ်ယောက်ကတော့ စပါးကုန်သည် ဖြစ်ကြောင်း လျှောက်ထားကြပါသတဲ့၊ ဒီလိုနဲ့ ညအိပ်ခါနီးမှာ ဘုန်းတော်ကြီးဟာ စပါးကုန်သည်ကိုကြတော့ ကုဋင်အကောင်းစားနဲ့ မွေ့ယာနဲ့သိပ်ပြီး၊ သားရေကုန်သည်ကိုတော့ ကြမ်းပြင်မှာပဲ ဖြစ်သလိုသိပ်ပါသတဲ့၊ မနက်လင်းတော့ ကုန်သည်နှစ်ယောက်လည်း လိုရာခရီးကိုဆက်သွားကြပါတယ်၊



သူတို့ရောက်လိုတဲ့မြို့ကို ရောက်ပြီးလို့ လိုအပ်တဲ့ကုန်တွေကို ဝယ်ယူပြီးပြန်ခဲ့ကြ ပါတယ်၊ ပြန်လာတဲ့အခါမှာလည်း အသွားတုန်းက သူတို့တည်းခိုခဲ့တဲ့ ဘုန်းတော် ကြီး ကျောင်းနားရောက်တဲ့အခါ မှောင်လာလို့ ကျောင်းမှာပဲ ဘုန်းတော်ကြီးဆီ ခွင့်တောင်းပြီး တစ်ညတာ ထပ်အိပ်ကြပါသတဲ့၊ ဒီအခါမှာတော့ ဘုန်းတော်ကြီးက သားရေကုန်သည်ကို ကုဋင်ကောင်းကောင်းမွေ့ယာနဲ့သိပ်ပြီး၊ စပါးကုန်သည်ကို တော့ ကြမ်းပြင်မှာပဲ ဖြစ်သလိုသိပ်ပါသတဲ့၊ 



ကုန်သည်နှစ်ယောက်လဲ အသွားနဲ့အပြန် သူ့တို့အပေါ်ဘုန်းတော်ကြီးရဲ့ ဆက်ဆံရေးကိုတွေးပြီး အိပ်မရဖြစ်ကာ မိုးလင်းလာပါတယ်၊



မနက်လင်းတော့ အဲဒီအကြောင်းကို ဘုန်းတော်ကြီးကိုလျှောက်ထားပါတယ်၊ ဘာကြောင့် သူတို့နှစ်ယောက်ကိုယခုလို အသွားတစ်မျိုးအပြန်တစ်ဖုံ သိပ်ရတာလဲပေါ့၊ အဲဒီတော့မှ ဘုန်းတော်ကြီးက” ဒကာသားရေကုန်သည်ဟာ အသွားမှာ သားရေဝယ်သွားတာဖြစ်တဲ့အတွက် နွားတွေများများသေကြေကြပါစေ လို့ ဆုတောင်းနေမှာလေ၊ နွားတွေများများသေကြေကြမှ သားရေကဈေးချိုမယ် မို့လား၊



ဒါပေမဲ့ ဒကာစပါးကုန်သည်ကတော့ စပါးတွေများများထွက်ရှိကြပါစေလို့ ဆုတောင်းနေမှာလေ၊ စပါးတွေများများထွက်ရှိကြမှ စပါးဈေးချိုမယ်လေ၊ အဲဒီတော့ အသွားမှာ ဒကာတို့နှစ်ယောက်နဲ့စိတ်ဟာဘယ်သူကကောင်းတဲ့စိတ် မွေးနေမလဲ စဉ်းစားကြည့်ကြပေါ့၊ ဒါကြောင့် အသွားမှာ စိတ်ကောင်းထားတဲ့ ဒကာကိုကောင်းတဲ့ကုဋင်နဲ့မွေ့ယာနဲ့ သိပ်လိုက်တာပါ၊

   
အပြန်ကြတော့ တစ်မျိုးဖြစ်သွားတယ်ဆိုတာလဲ ဒကာတို့စိတ်ကပြောင်းသွားပြီ လေ၊ အသွားနဲ့အပြန်ပြောင်းပြန်စိတ်ထားတွေ ထားကြတော့မှာလေ၊ ဒါကြောင့် အပြန်မှာ စိတ်ထားကောင်းထားတဲ့သူကို ကောင်းကောင်းသိပ်လိုက်တာပါ”လို့ ဘုန်းတော်ကြီးကရှင်းပြမှ ဒကာနှစ်ယောက်လည်းသဘောပေါက်ကာ ဘုန်းတော်

ဦးတိုက်ပြီး သူတို့ရဲ့ အရပ်ဒေသကို ပြန်ခဲ့ကြပါတော့တယ်၊

   
  စာဖတ်သူတို့ရေ ပုံပြင်လေးကတော့ ဒါပါပဲ၊ လောကကြီးမှာ လူတွေဟာလည်း ခရီး သွားတွေလေ၊တစ်ယောက်ရဲ့စိတ်နဲ့တစ်ယောက်ရဲ့စိတ်ကပုံပြင်ထဲကကုန်သည်နှစ်
ယောက်လို ပါပဲ မတူညီနိုင်ကြဘူးလေ၊ အမြဲတမ်းပြောင်းလဲနေတာပဲမို့လား၊ အဲဒီလို စိတ် တွေ အမြဲတမ်းပြောင်းလဲနေလို့ ကံတွေကလည်းအမြဲတမ်းပြောင်းနေတာလေ  ခု ကောင်းလိုက် ခုဆိုးလိုက်နဲ့ပေါ့၊



ဒါဆိုရင် ကံကောင်းအောင်ဘာလုပ်ကြမလဲ၊ စိတ်ထားအောင်ကြိုးစားရမှာပေါ့ စာဖတ်သူတို့ရယ်၊ ဒါကိုစာလိုပေလိုပြောပြရရင်တော့ ယောနိသောမနသိကာရ-သင့်တင့် လျှောက်ပတ်စွာ အရာရာကို မျှမျှတတနှလုံးသွင်းရမယ်ပေါ့၊ ဒါမှ စာဖတ်သူတို့လုပ်တဲ့ အလုပ်တိုင်းဟာ အောင်မြင်လာပြီး အမြဲ ကံကောင်းနေမှာ မို့လား၊ ။၊



ဒါကြောင့် စာဖတ်သူတို့ရေ ဒီနေ့ကစပြီး  အမြဲတမ်း ကံကောင်းနေစေဖို့  စိတ်ထားကောင်းအောင် အရင်ကြိုးစား

ကြည့်လိုက်ကြရအောင်နော်။ ။




ကြောင်လေး မမွေးပါနဲ့



ခေါင်းစဉ်ဖတ်ပြီး တွေးနေမယ်ထင်ပါတယ်၊ အများကြီးမတွေးပါနဲ့ စာဖတ်သူရယ်၊ အောက်မှ ရေးပြမဲ့ ပုံပြင်လေးကို ဖတ်ပြီးသွားရင် စာဖတ်သူ သဘောပေါက်သွားမှာပါ၊


ပုံပြင်လေးက ဒီလိုပါ၊ တစ်ခါက တောထဲကကျောင်းသင်္ခန်းလေး တစ်ခုမှာ ရသေ့ တစ်ပါး တရားအားထုတ်နေပါတယ်၊ တစ်ယောက်တည်းပေမဲ့ နေရာမသန့်လို့လား ပစ္စည်းတွေပေါလို့လားလို့ မဆိုနိုင်ပါဘူး၊ ကြွက်တွေက အရမ်းပေါပါတယ်၊ ဒီအကြောင်းကို အရပ်ထဲဆွမ်းဆန် အလှူခံ ရောက်တော့ ဒကာဒကာမတွေကို ပြန်လည်ပြောပြဖြစ်ပါတယ်၊ ဒါနဲ့ ဒကာဒကာမတွေက ရှင်ရသေ့ရယ် ကျောင်းမှာ ကြွက်ပေါနေရင် ကြောင်မွေးပေါ့လို့ပြောပြီး မွေးခါစနို့မပြတ်သေးတဲ့ ကြောင်လေးတစ် ကောင်းပေးလိုက်ပါတယ်၊ 

ဒီလိုနဲ့ ကြောင်လေးကို ကျောင်းခေါ်လာပါတယ်၊ ကျောင်းရောက်တော့ ကြောင်လေးက ငယ်တော့ ကြွက်မခုတ်တတ်သေးပါဘူး၊ နောက် ထမင်းလည်း မစားတတ်သေးပါဘူး၊ ဒီအကြောင်းကို ဒကာဒကာမတွေပြောတော့ ကြောင်ကငယ်သေးရင် နို့တိုက်ရတယ်ဘုရား ဆိုတာနဲ့ နွားနို့ဝယ်ပြီးနေ့တိုင်းတိုက်ပါတယ်၊ နေ့တိုင်နွားနို့ဝယ်တိုက်နေရတော့ အလုပ်များတာပေါ့၊ 

ဒီအကြောင်း ဒကာဒကာမတွေကိုပြောပြတော့ ဒါဆိုရင် နွားမလေး တစ်ကောင်ဝယ်မွေးပါဘုရားဆိုတာနဲ့ နွားမလေး တစ်ကောင်ဝယ်မွေးပါတယ်၊ ဒါပေမဲ့ နွားကျောင်းမဲ့သူက မရှိသေးတော့ နွားကျောင်းဖို့ အမျိုးသမီးလေး တစ်ယောက်ကိုငှါး လိုက်ပါတယ်၊ ဒီလိုနဲ့ အချိန်တွေကြာလာတော့ နွားကျောင်းတဲ့ အမျိုးသမီးလေးနဲ့ မြင်ပါများတော့ အကြင်နာပွါးကြပြီး ညားကြလေသတည်းဖြစ်သွားပါတယ်၊


ပုံပြင်လေးကတော့ ဒါပါပဲ စာဖတ်သူရေ၊ ပုံပြင်ထဲက ရှင်ရသေ့လေးဟာ အစကတော့ တစ်ယောက်တည်း တောထဲမှာ တရားအားထုတ်နေတာပါ၊ ကြွက်ပေါလို့ ကြောင်မွေးရာကနေ နောက်ဆက်တွဲပြဿနာတွေ တစ်သီကြီးလိုက်လာတာပါ၊ စာရေးသူရောစာဖတ်သူပါ အလားတူ နောက်ဆက်တွဲပြဿနာတွေ ရှိခဲ့ဘူးကြမှာပါ၊ 

ဒါနဲ့ပတ်သတ်ပြီး ဥပမာလေး တစ်ခုလောက်ပြော ကြည့်ရအောင်ပါ၊ ဆိုပါတော့ စာဖတ်သူရယ် စာရိုက်တာ အင်တာနက်သုံးရာမှာ အဆင်ပြေအောင်လို့ လက်တော့ကွန့်ပျူတာလေး တစ်လုံးဝယ်လိုက်တယ်ထားပါ၊ ဒါပေမဲ့ ၀ယ်ထားတဲ့နေ့ကစပြီး များလိုက် တဲ့ ကယိကထတွေလေ အပ်ဒိတ်လုပ်ရတာ၊ မြန်မာစာဖောင့်မရလို့ မြန်မာစာဖောင့်ထည့်ရတာ၊ ဒီကြားထဲ စက်ကလေးနေတော့ သုံးရင်းစိတ်တိုလာစိတ်ညစ်လာတာ၊ 

ဒရိုက်ဗာပျက်သွားလို့ ပြင် လိုက်ရတာ၊ ကီးဘုတ်က ကြာကြာသုံးရင် အဆင်မပြေဖြစ်မှာစိုးလို့ အပိုကီးဘုတ်ဝယ်သုံးရတာ၊ နောက်ထပ်ကွန်ပျူတာ အသစ်လေးတွေပေါ်လာတော့ ကိုယ့်လက်ရှိကွန်ပျူ တာအပေါ်စိတ်ကုန်လာ တာ စတာစတာတွေ အများကြီးပါ၊ အစတော့ကွန်ပျူတာ နောက်တော့ ကုန်ပျူတာဖြစ်လာပါရော။

ဒါက ပေါ်လွင်တဲ့ဥပမာလေးပြောပြလိုက်တာပါ၊ တခြားနေရာတွေမှာလည်း ထိုနည်းလည်း ကောင်းပါပဲ၊ ပထမတော့ ရည်ရွယ်ချက်ကအကောင်းပါ နောက်ကြောင်လေး မွေးမိသလိုဖြစ်ရာကနေ များလာလိုက်တဲ့ပြဿနာတွေ၊ မဖြေရှင်းနိုင်တော့ထပ်ဖြစ် ထပ်ဖြစ်တော့မဖြေရှင်းနိုင်နဲ့ လုံးလည်လိုက် နေရတာလေ၊ 

ဒါကြောင့်ပြောတာပါ စာဖတ်သူရယ် ကြောင်လေးမမွေးပါနဲ့လို့ ကြောင်လေးမွေးရင် ကြွက်ခုတ်တာလေးတင်မကပဲ နောက်ဆက်တွဲပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့တွေ့မှာ စိုးလို့ပါ။
ဒါကို နားလည်သွားအောင် တဆင့်တိုးပြောရရင် သန္တုဋ္ဌီ=မိမိလိုအပ်တဲ့ အရာဝတ္ထုပစ္စည်း လေးနဲ့ ရောင့်ရဲစွာနေတတ်မယ်ဆိုရင် ပြဿနာကင်းနိုင်ပါတယ်၊ များသောအားဖြင့် 

စာရေးသူရော စာဖတ်သူရော ပုထုဇဉ်တွေမို့လား၊ ပုရင်းထုရင်းစင်ရင်းဆိုတော့ ရတာလေးနဲ့ မရောင်ရဲနိုင်ကြဘူးလေ၊ မိုးလင်းထဲက စဉ်းစားမိတာဆိုသလို နိုးလာတဲ့အချိန်ကစ လိုအပ်ချက်တွေကို တွက်စစ်နေတာပဲ မဟုတ်လား တွက်စစ်လိုက်တော့လည်း များလိုက်တဲ့ လိုအပ်ချက်တွေလေ ကျောင်းသားဘ၀တုန်းက ကြ သူများဘော့ပင်၊စာအုပ်လွယ်အိပ် ကျောပိုးအိပ် အသစ်လေးကိုင်လာတာမြင်ရင် ကိုယ်လည်း လိုက်ကိုင်ချင်တော့ ဖေဖေမေမေကို ပူဆာခဲ့ရတာလေ၊ 

အိမ်မှာက အဆင်ပြေလားမပြေလား မသိဘူး လေ၊ ပူဆာလို့ ၀ယ်ပေးနိုင်ရင်ကောင်းတာပေါ့၊ ၀ယ်မပေးနိုင်ရင် မိဘတွေရော ကိုယ်ရော စိတ်ဆင်းရဲ ရတယ်လေ၊ နောက် အ၀တ်အစာ ဒီဇိုင်းဆန်လေးတွေပေါ်တိုင်းဝတ်ချင် ၀ယ်ချင်တယ်လေ၊ ၀ယ်နိုင် ရင်ပျော်ရွှင်ရပြီး၊ မ၀ယ်နိုင်တော့ စိတ်သောကဖြစ်ရတယ်လေ၊ ဒါကြောင့်ပြောတာပေါ့ စာရေးသူရယ် 

ဘ၀ဆိုတာနေတတ်ရင် ကြေနပ်စရာပါလို့ ခုတော့ စာရေးသူရော စာဖတ်သူပါ မနေတတ်လို့ မကြေ နပ်စရာတွေနဲ့ ဆုံဆည်းခဲ့ရတဲ့ ချိန်တွေများခဲ့ပြီမို့လား၊ ဒါကြောင့် ကြေနပ်စရာလေးတွေဖြစ်အောင် သန္တုဋ္ဌီမင်္ဂလာနဲ့ ပြည့်စုံအောင်နေလိုက်ကြစို့လား စာဖတ်သူရေ။ ။

ရွှေမန်းသား ( အရှင်အကုင်္ရ)

 


Friday 27 July 2012

စိတ်ဓာတ်ကျနေရင် ဒါလေး ဖတ်ပါ (၂)



လူတိုင်းလူးတိုင်းမှာ တစ်ခါတစ်ခါ စိတ်အားငယ်စရာလေးတွေကြုံတွေတတ်ပါတယ်၊ ကိုယ်မ ရောက်မရောက်ဖူးသေးတဲ့အရပ် သွားမယ့်အခါမျိုးတို့၊ ကိုယ်လက်ရှိရထားတဲ့ ရာထူး နေရာ ပါဝါတွေကျသွားတဲ့ အခါမျိုးတို့၊  ကိုယ်မလုပ်ဖူးသေးတဲ့ အလုပ်စလုပ်ရတော့မယ်ဆိုရင် စိတ်ကအလို လိုနေရင်းကို သိမ်ငယ်သွားတတ်တာပါ၊


          ဒါဆိုရင် စိတ်အားမငယ်အောင်ဘယ်လိုအားတင်းကြမလဲ အဲဒါလေးအကြံပေးချင်ပါတယ်၊ တကယ်လို့ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်တွေဝင်နေပြီး စိတ်အားတွေငယ်နေရင် ကိုယ့်အထက်ကလူ တွေကို သွားမော့ကြည့်မနေပါနဲ့၊ ကိုယ်အောက်ကလူတွေကို သတိရပြီး ငုံ့ကြည့်လိုက်ပါ၊ ကိုယ် လောက်မသိသေးတဲ့သူ၊ မတတ်သေးတဲ့သူတွေ ရှိနေပါသေးလားလို့တွေးပြီး အားတင်းထားလိုက်ပါ၊


အဲဒီလိုအားတင်းမိရာကနေ တလောကလုံးမှာ ငါတစ်ယောက်တည်းသား အတတ်ဆုံးအတော်ဆုံးလို့ အတ္တမာန်မာနတွေများ ကိုယ့်ရင်ထဲမှာ ၀င်လာတော့မယ်ကြံရင် ကိုယ့်အထက်ကလူတွေကို မော့ ကြည့်ဖြစ်အောင် မော့ကြည့်လိုက်ပါဦးနော်၊ ငါထက် သိတဲ့တတ်တဲ့သူတွေ ရှိနေပါသေးလားလို့တွေးပြီး ရင်ဝကိုဝင်လာကြဖို့တာစူနေတဲ့ အတ္တနဲ့မာန်မာနတွေ ဆွဲထုတ်ပစ်လိုက်ပါ၊ ဒီလိုနေနိုင်သွားမယ်ဆိုရင် ရရှိလာတဲ့လူ့ဘ၀လေးဟာ နေရကြိုးနပ်နေမှာပါ၊

          တကယ်စဉ်းစားကြဉ့်ကြမယ်ဆိုရင် ဘ၀ဆိုတာT,Vကလာတဲ့ ကိုရီးယားဇာတ်လမ်းတွဲလေး တွေ ကြည့်ရသလိုပါပဲ၊ ဇာတ်ကားကောင်းနေပြန်ရင် ကြောငြာက၀င်လာရင် ၀င်လာတတ်တာလေ၊ အဲဒီလိုမှမဟုတ်ပြန်ရင်လည်း မီးကပျက်ချင်ပျက်သွားတတ် တာလေ၊ ဒီလိုမှမဟုတ်ပြန်ရင်လည်း ကြည့်ကောင်းနေတုန်း (၈) နာရီးထိုးလို့ သတင်းရောက်ချင် ရောက်သွားတာလေ၊

ဘ၀ဆိုတာကလည်း ထိုနည်းလည်းကောင်းပါပဲ ပျော်မယ်လို့ကြံကာရှိသေး ဒုက္ခတွေနဲ့ တိုးချင်တိုးနေတတ်တာပါ၊ တစ်ခါ ဒုက္ခတွေကလွတ်မြောက်လို့ ကဲလိုက်မယ်ကြံနေတုန်း ဗြုန်းဆို ဘ၀ကတစ်ဆစ်ကျိုးလို့ ဇရာပိုင်းကို ရောက်လာကြတာပဲ မဟုတ်လား၊ တကယ်စဉ်းစားကြည့်လိုက်တော့ ဘ၀ဆိုတာ ရေပွက်ကလေးပါပဲ ပလုံနဲ့ပွက်ပြီး ပလုံနဲ့ပြန်ပျက်သွားတာပဲလေ၊

          ဒါကြောင့်ဘယ်တော့မှလည်း အားငယ်စရာတွေတွေးပြီး စိတ်အားငယ်မနေပါနဲ့၊ ဘယ်တော့မှ လည်း အတ္တမာနတွေကြီးပြီး ကိုယ့်ကိုယ်ကိုအထင်ကြီးမနေပါနဲ့နော်၊ ဘာဖြစ်လို့လည်းဆိုတော့ ရှင်းအောင်ထပ်ပြောပြရရင် ဘ၀ဆိုတာ တိုတိုလေးမို့လို့ပါ၊

          စာရေးသူတို့ စာဖတ်သူတို့နေတဲ့ ဟောဒီလူဘ၀ကြီးဘယ်လောက်တောင်များ တို တောင်းသ လဲဆိုရင် အဖြစ်အပျက်လေးတစ်ခုနဲ့ပြောပြပါမယ်၊ တစ်ခါက တာဝတိ’သာနတ်ပြည်မှာ နတ်သားတစ် ပါးနဲ့ သူရဲ့နတ်သမီးငါးရာတို့ဟာ ပန်းတွေခူးနေကြပါတယ်၊ အဲဒီအချိန်လေးမှာ နတ်သမီးလေးတစ်ပါး က နတ်သတ်ကြွေကျပြီး လူ့ပြည်မှာလူလာဖြစ်ပါတယ်၊ လူ့ပြည့်မှာလည်း အမျိုးသမီးလေးဘ၀နဲ့ လူလာဖြစ်တာပါ၊ ဒါပေမဲ့ သူကနတ်ဘ၀ကအကြောင်းတွေကို မှတ်မိနေတဲ့ ဇာတိဿရဥာဏ်ရနေပါ တယ်၊

ဒါကြောင့် နတ်ပြည်ကသူမောင်တော်နတ်သားဆီပြန်ရောက်ပါစေကြောင်း ဆုတောင်းပြီး ကောင်းမှုတွေ ပြုလုပ်ပါတယ်၊ အဲဒီလိုနဲ့ အိမ်ထောင်တွေကျ သားသမီးတွေရပြီး ကွယ်လွန်သွားပါ တယ်၊ ကွယ်လွန်သွားတော့ သူဆုတောင်းတဲ့အတိုင်း တာဝတိ’သာနတ်ပြည်မှာ နတ်သ မီးလေးပြန် ဖြစ်ပြီး သူမောင်တော်နတ်သားဆီပြန်ရောက်သွားရပါတယ်၊ ဒါပေမဲ့ သူနတ်ပြည့်ကိုပြန်ရောက် သွားတဲ့အချိန်မှာ သူနတ်သက်ကျွေခဲ့တဲ့ အချိန်တုန်းကလိုပဲ သူမောင်တော်နဲ့ နတ်သမီးလေးတွေဟာ ပန်းခူးနေတုန်းပဲရှိပါသေးတယ်၊ ဘာကြောင့်လဲဆိုရင် လူ့ပြည်ကနှစ်တစ်ရာဟာ တာဝတိ’သာနတ်ပြည် မှာ တစ်ရက်မို့လို့ပါ၊

          ဒါကြောင့်ပြောတာပေါ့ စာဖတ်သူရယ် လူဘ၀ဆိုတာတိုတိုလေးပါလို့၊ ဒီလိုလေးသိထားရင် အားငယ်စရာလည်းမလိုသလို အတ္တမာနတွေလည်းကြီးနေစရာမလိုတော့ ဘူးလို့ထင်ပါတယ်နော်။ ။

ရွှေမန်းသား (အရှင်အကုင်္ရ)


Thursday 26 July 2012

စိတ်ဓာတ်ကျနေရင် ဒါလေးဖတ်ပါ



သူငယ်ချင်းတစ်ယောက်တစ်ယောက်က လုပ်သမျှတွေအဆင်မပြေလို့ စိတ်ညစ် တဲ့အကြောင်း စာရေးသူကိုလာပြောပြပါတယ်၊ ဒါနဲ့သူကိုစိတ်ဓာတ်ခွန်အား တိုးပွားစေဖို့ စကားတစ်ချို့ပြောဖြစ် ပါ တယ်၊ ခုသူငယ်ချင်းကိုပြောပြဖြစ်တဲ့ စကားလေးတစ်ချို့ကို စာ ဖတ်သူတွေကိုမျှဝေချင်တာပါ၊


          လူတိုင်းစိတ်ညစ်ကြပါတယ်၊ စိတ်ဓာတ်ကျကြပါတယ်၊ လူငယ်တွေမှာအများဆုံး စိတ်ဓာတ်ကျ ရတဲ့အကြောင်းကတော့ အချစ်ရေးမပြေလည်လို့ဖြစ်တာများပါတယ်၊ လူလတ်ပိုင်းတွေကြပြန်တော့ အိမ်ထောင်ရေး၊ စီးပွားရေးအဆင်မပြေကြလို့ စိဓာတ်ကျ ရတာများပါတယ်၊ လူကြီးပိုင်းတွေကြပြန် တော့ သားသမီးကံမကောင်းလို့ ကျန်းမာရေးမ ကောင်းလို့ စတဲ့အကြောင်းတွေကြောင့် ဓိတ်ဓာတ် ကျရပါတယ်၊ တရားဝင်သုတေသန လုပ်ထားတာပေါ့မဟုတ်ပါဘူး၊ ဖြစ်လေ့ဖြစ်ထရှိတတ် တာလေး တွေကို ခန့်မှန်းခြေနဲ့ ပြောပြကြည့်တာပါ၊ မှားသွားရင်လည်း ဆောရီးပါလို့ ကြိုတင်တောင်းပန် ထားပါရစေ၊ ဘာပဲဖြစ်ဖြစ် လူတိုင်းဟာ တစ်နေ့နေ့တစ်ချိန်မှာတော့ စိတ်ဓာတ်ကျ၊ စိတ်ညစ်ကြရတာပဲ မဟုတ်လား၊

          စိတ်ညစ်တဲ့အခါ ဘယ်လိုဖြေဖြောက်ကြမလဲ များသောအားဖြင့်အရက်သောက် လိုက်ကွာလို့ ပြောကြမယ်ထင်ပါတယ်၊ အရက်သောက်လို့ တကယ်စိတ်ညစ်တာတွေက ပြေပျောက်သွားပါသလား စိတ်ညစ်လို့ အရက်သောက်ဖူးသူတိုင်းသိပါတယ်၊တကယ်မ ပြေပျောက်ပါဘူး၊ အရက်သောက်တဲ့အ တွက် အမှားတွေထပ်ဆင့်ပြုလုပ်မိပြီး စိတ်ညစ်စရာတွေထပ်ဆင့်တိုးဖို့သာများပါတယ်၊ ဒါဆိုစိတ်ညစ် ရင်ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လို ရင်ဆိုင်ကျော်လွှားကြမလဲ၊

လွယ်ပါတယ်စာဖတ်သူရယ် လွယ်တယ် ပြောလို့ဆက်မဖတ် ချင်တော့ဘူးလား၊ လွယ်ပေမဲ့ခက်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအရာက မိမိကိုယ်တိုင် လိုက်နာကျင့်သုံးရတာမို့ပါ၊ ဒါပေမဲ့အချိန်တော့ယူရမယ်နော်၊ ခုရေတွင်းတူး ခုရေကြည် သောက်ဆိုသလိုတော့မဖြစ်နိုင်ဘူးလေ၊ မြစ်ကမ်းဘေးကိုရောက်ဖူးကြတယ်မို့လား၊ 

ကမ်းဘေးမှာ ရေမ တက်အောင်၊ ရေမတိုက်စားအောင် မြေတွေအုတ်တွေဖို့ထားတယ်မို့လား၊ အဲဒီလိုဖို့ထားတာ ကာထား တာတွေဟာ ရေတွေမတက်ခင် ကြိုတင်လုပ်ထားရတာလေ ရေတွေတက်လာမှလုပ်နေရင် ဘယ်မှာ နိုင်တော့မှာလဲ အားလုံးစုန်းစုန်မြုပ်တော့မယ်ပေါ့၊ ဒါကြောင့် ကြိုတင်ပြင်ဆင်ထားခြင်းက တိုက်ပွဲရဲ့တစ်ဝက်ကိုနိုင်ထားခြင်းပါ စာရေးသူရယ်၊ ကောင်းပြီးလေ ဘယ်လိုပြင်ဆင်ကြမလဲ၊ ဘာနဲ့ပြင် ဆင်ကြမလဲ၊

          ဥပမာလေးတွေနဲ့ပြေကြည့်ချင်ပါတယ်၊ မြတ်စွာဘုရားရှင် ဘုရားမဖြစ်ခင်ကာလ လေးတစ်ခုမှာ ပါ၊ မဟာဗောဓိပင်အောက်မှာ ဘုရာဖြစ်တော်မူရန်ကျင့်ကြံနေတဲ့ အချိန်မှာ  အားလုံးသိကြမယ် ထင်ပါ တယ်၊ မာန်နတ်မင်းကြီးလာရောက်နှောက်ယှက်တယ်လေ၊ စဉ်းစားကြည့်ပါ စာဖတ်သူရယ် အဲဒီအချိန် မှာ ဘုရားအလောင်းတော်နား ဘယ်သူမှ မရှိခဲ့ဘူးလေ၊ ဘုရာအလောင်းတော်တစ်ပါးတည်းပေါ့၊ မာန်နတ်မင်းကြီးဘက်ကြတော့ သူကိုယ်တိုင်ကလက်ရုန်း ပေါင်းတစ်ထောင်းနဲ့လေ၊ ပြီးတော့ နောက်လိုက်တပည့်စစ်သည်တွေကလည်းအများကြီးလေ၊ မာန်နတ်မင်းကြီးက ဂီရိမေခလာဆင်ကြီး ကိုစီးလို့လေ၊ ဘုရားအလောင်းတော်က မဟာဗောဓိပင်အောင်မှာ ကတစ်ပါးတည်းလေ၊ 

ဒီကြားထဲ မာန်နတ်မင်းက “ သိဒ္ဓတ္ထ ပလ္လင်ပေါ်ကအမြန်ဆင်းလော့”စတဲ့ ရန်စကားတွေနဲ့ အမနာပစတာတွေ ပြောကြားသေးတာလေ၊ တွေးကြည့်ရင် ကြက်သီးသီးဖြန်းဖြန်းထချင်စရာကြီးပါ စာဖတ်သူရယ်၊ ဘာကြောင့်လဲဆိုတော့ ဘုရားအလောင်းတော်ဘက်မှာ သက်သေပြစရာ ဘာရယ်မှ မရှိဘူးလေ၊ တကယ့်တကယ်ပိုင်ဆိုင်တာမှန်ပေမဲ့ ဘယ်မှာလဲသက်သေ၊ ဘယ်မှာစာချုပ်စာတမ်း၊ ဘယ်မှာလဲဂရမ်၊ မှန်ကန်ပေမဲ့ ကြံကြံဖန်ဖန်တွေနဲ့တွေ့တော့ တစ်ခါတစ်ခါ အမှန်အကန်တွေလည်း ခံသွားရဖူးတဲ့ သာဓ ကတွေ ရှိခဲ့ဖူးတယ်မို့လား စာဖတ်သူရယ်၊ 

ဒါပေမဲ့ ဘုရားလောင်းမှာ တစ်ခုတည်းသောသက်သေက ဟောဒီမဟာပထ၀ီမြေကြီးပဲရှိခဲ့တယ်လေ၊ ဘုရားအလောင်းတော်ဟာ တစ်လောကလုံးကိုပို့သနေတဲ့ မေတ္တာတွေကိုလည်း မာန်နတ်မင်းဆီကိုပဲ ပို့သထားပါတယ်၊ နောက် မဟာပထ၀ီမြေကြီးကို လက်ညှိုးညွှန်ပြပြီး “ဤမဟာပထ၀ီမြေကြီးသည် ငါပြုသမျှ ကောင်းမှုအစုစုအား သက်သေအရာ၌ တည်ပါစေသား”လို့ သစ္စာဆိုလိုက်ပါတယ်၊ 

သစ္စာဆိုလိုက်တာနဲ့တပြိုင်နက် မဟာပထီမြေကြီးက သက်သေအရာမှာတည်တဲ့အလား သွက်သွက်ခါအောင်လှုပ်ရှားသွားပါတယ်၊ အဲဒီအချိန်ကြမှ မာန်နတ်နဲ့သူ့စစ်သည်အပေါင်းအပါတွေလည်း ထွက်ပြေးသွားကြပါတယ်၊အဲဒီလိုသစ္စာဆိုနိုင်တာက လည်း ကောင်းမှုပြုတိုင်း ဟောဒီမဟာပထ၀ီမြေကြီးကို သက်သေအရာထားပြီး ရေစက်သွန်ချခဲ့လို့ပါ၊ ပြောချင်တာကတော့ စာဖတ်သူရယ် တကယ်အရေး တကယ့်ဘေးကြတော့ ကိုယ်ပြုခဲ့တဲ့ကောင်းမှု တွေက ကိုယ်ရဲ့အားကိုးရာနဲ့ ကိုယ်ပို့တဲ့မေတ္တာတွေက ကိုယ်ရဲ့ထာဝရမိတ်ဆွေကောင်းတွေပါ၊ 

စာဖတ် သူကပြောမှာပေါ့ ဘုရားလောင်းမို့လို့ပါကွာလို့၊ အဲဒီလိုထင်နေရင် စာဖတ်သူကျေနပ်သွား အောင်နောက်ထပ်ဥပမာလေးတစ်ခု ထပ်ပြောပြပါဦးမယ်၊ ခုပြောပြမဲ့ ဥပမာလေးက လူတောင်မဟုတ် ပါဘူး တိရစ္ဆာန်လေးတစ်ကောင်ရဲ့ တကယ့်အဖြစ်အပျက်ပါ၊ ကမ္ဘာဦးကဖြစ်ပျက်ခဲ့တာပါ၊ ဒီလိုပါ စာဖတ်သူ။ တစ်ခါက တောကြီးမျက်မည်းထဲမှာ အဖေအဖေတွေနဲ့ အတူနေတဲ့ ငုံးပေါက်စလေးတစ် ကောင်ရှိခဲ့ပါတယ်၊ ငုံပေါက်လေးက ငယ်သေးတော့ ဘယ်ကိုမှကောင်းကောင်းမပျံနိုင်ပါဘူး၊ အစာလည်းမရှာနိုင်ပါဘူး၊ 

တစ်နေ့ကံဆိုးချင်တော့ တောမီးကြီးထလောင်ပါတယ်၊ ဒီအချိန်မှာ တော ကောင်တွေအားလုံး မီးလွတ်ရာကိုပြေးကြပါတယ်၊ ငုံးပေါက်စလေးရဲ့အဖေနဲ့အမေလည်း မီးလွတ်ရာ ကိုပြေးသွားပါတယ်၊ လောင်နေတဲ့မီးလျှံတွေကြားမှာ အတောင်မရှိလို့ မပျံနိုင်တဲ့ ငုံးပေါက်စလေးတစ် ကောင် ထဲ ကျန်နေခဲ့ပါတယ်၊

တွေးကြည့်ပါစာဖတ်သူရယ် အဲဒီလိုအချိန်မျိုးမှာဆိုရင် စာရေးသူရောစာဖတ်သူပါ တကယ်ရင် ဆိုင်နေ ရရင် ခိုက်ခိုက်တုန်းအောင်ကြောက်ပြီး အီးအီးတွေ၊ ရှူးရှူးတွေပါနေမှာပါ၊ မီးကတွေက ဒီလောက် အားကောင်းနေတာလေ၊ ပူလည်းတော်တော်ပူနေမှာပါ၊ ဒါပေမဲ့ ငုံးပေါက်စလေး ဘာလုပ်တယ်ထင်ပါ သလဲ စာဖတ်သူရေ၊ ဆက်မဖတ်သေးပဲနဲ့ နဖူးပေါ်လက်တင်ထားပြီး ခဏလေးတွေးကြည့်လိုက်ပါနော်၊


         ကဲစာဖတ်သူ ဦးနှောက်ခြောက်နေပါဦးမယ်၊ ဒီလိုပါစာဖတ်သူရယ်၊ ငုံးပေါက်စ လေးက ကြောက်နေတဲ့  စိတ်တွေ၊ ကျနေတဲ့စိတ်ဓာတ်တွေကို တခဏခြင်းစုစည်းလိုက်ပြီး၊ ခုလိုသစ္စာဆို ပါတယ်“ ငါ့မှာ အမိအဖရှိပါ၏၊ ဒီမီးမှလွတ်အောင် သူတို့မကယ်နိုင်ပါ အတောင်ရှိပါ၏ သို့သော် မပျံနိုင်ပါ၊ ဤသစ္စာစကားမှန်ကန်ပါက ဤတောမီးသည် ငြိမ်းပါစေသား” အံသြစရာကောင်းပါတယ် စာဖတ်သူရေ၊ 

အဲဒီလိုသစ္စာဆိုလိုက်တာနဲ့ တပြိုင်နက်တောမီးက ရေနဲ့ပက်ဖြန်းငြှိမ်းသတ်လိုက်သလို ငြိမ်းသွားပါတယ်၊ ငြိမ်းရုံတင်မက အဲဒီနေရာကို ကမ္ဘာတည်သရွေ့ မီးဘယ်တော့မှ မလောင်နိုင်ပါဘူး တဲ့၊ တခြားတန်ခိုး မဟုတ်ပါဘူးစာဖတ်သူ၊ သစ္စာတန်းခိုးပါ၊ ဒါကြောင့် မာန်လည်ဆရာတော်ကြီးက လည်း“ကတိသစ္စာ၊ တည်သောခါဝယ်၊ သြဇာလေးနက်၊ပေါ်ဆီတက်၍ ၊နွယ်မြက်သစ်ပင်၊ဆေး ဖက်ဝင်၏၊ သစ္စာနှုတ်သီးမာန္တာန်ကြီးကား သေပြီးသော်မှ ရှင်ပြန်ရ၏”လို့ ရေးဖွဲ့ထားတာပါ၊

          ဒါကြောင့်ပြောချင်ပါတယ် စာဖတ်သူရယ် ကိုယ်မှန်ရဲ့နဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ တစ်ယောက်တည်း ကူကယ်သူမဲ့ပြီး စိတ်ဓာတ်တွေ အတုံးလိုက်အတစ်လိုက်ကျနေတယ်ဆိုရင် ကျန်တာတွေသွားအားမကိုးပါနဲ့ ကိုယ်လုပ်ထားတဲ့ ကိုယ်ပိုင်ကုသိုလ်ကောင်းမှုတွေကို သစ္စာဆိုပြီး မေတ္တာသာများများပို့လိုက်ပါလို့။ ။

          အော်မေ့တော့မလို့ စာဖတ်သူရေ သစ္စာဆိုလို့ ပါဠိစကားလုံးကြီး၊ တရားစကားကြီး ဆိုပြီး ကြောက်မသွားပါနဲ့ သစ္စာဆိုတာ=မှန်တာကို မှန်တဲ့အတိုင်းပြောဆိုတာပါလို့ မြန်မာလိုရိုးရိုးလေး တွေးပါနော်၊ မေတ္တာဆိုတာကတော့ ကိုယ်အတွက်အကျိုးမမျှော်ပဲ သူအကျိုးကို မျှော်ကိုးပြီး ကျန်းမာပါ စေ၊ ချမ်းသာပါစေ ပို့ဝေနေတာကို ဆိုတာပါ။ ။

စာဖတ်သူအားလုံး စိတ်ဓာတ်ကျခြင်းမှ ကင်းဝေးကြပါစေ၊
ရွှေမန်းသား
အရှင်အကုင်္ရ(ကျောက်ဆည်)
သာသနာတက္ကသီလဓမ္မာစရိယ၊ B.A(hons), M.A(thesis)
M.A,(sri lanka) Ph,D ( research) Annamalai university .India. 

Wednesday 25 July 2012

ဆုတောင်းမမှားအောင် ဘယ်လိုဆုတောင်းရမလဲ



တစ်ခါကသူဌေးကြီးတစ်ဦးအိမ်မှာ အိမ်ဖော်မလေးလုပ်ပြီး ၀တ်ကောင်းစားလှတွ ရလာတဲ့ကောင်မ လေးတစ်ယောက်ရှိခဲ့ဖူးပါတယ်၊အဲဒီကောင်မလေးက အဲဒီအ၀တ်အစားလေးတွေကို ဒီအတိုင်းသူမ ကိုယ်ပေါ်မှာ ၀တ်လိုက်ရင် ချေးတွေနဲ့ပေသွားမှာစိုး
တဲ့အတွက် ရေကန်တစ်ခုမှာရေချိုးနေပါတယ်၊ 


အဲဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ဆွမ်းခံကြွလာတဲ့ပစ္စေကဗုဒ္ဓါတစ်ပါးကိုတွေ့ပါတယ်၊ကြည်ညို လွန်းလို့ သူမသုံးနှစ်သုံးမိုး ကျွန်ခံလို့ရတဲ့ အ၀တ်အစားလေးတွေကို ပစ္စေကဗုဒ္ဓါကို အာလုံးလှူလိုက်ပါတယ်၊ လှူပြီးတော့ သူမက“ တပည့်တော်မသည် ဤကောင်းမှုကြောင့် နောင်ဖြစ်ရာဘ၀တိုင်းမှာ မြင်သူတကာငေးမောကြည့်ရတဲ့အလှဘုရင်မတစ်ပါးဖြစ်ပါရစေဘုရား၊ တပည့်တော်မ အလှကိုမြင် တဲ့သူတိုင်း အရူတစ်ပိုင်းဖြစ်ပါစေ၊”လို့ဆုတောင်းပါတယ်၊ ပစ္စေဗုဒ္ဓါအရှင်မြတ်ကလည်းတောင်းတဲ့အ တိုင်းပြည့်ဝပါစေလို့ဆုပေးလိုက်ပါတယ်၊ 

ဒီဆုတောင်းကောင်းမှုကြောင့် နောင်ဘ၀ဥမ္မာဒန္တီမင်းသမီး လေးဖြစ်တဲ့ ဘ၀မှာ သိဝိမင်းတရား ရူးသွားခဲ့ပါတယ်၊


ထပ်ပြီး ပုံပြင်လေးတစ်ခု ပြောပြချင်ပါသေးတယ်၊တစ်ခါက ဆဒ္ဒန်ဆင်မင်းလို့ခေါ်တဲ့ ဆင်ကြီး မှာ ဆင်မမိဖုရား ( ၂ )ပါးရှိခဲ့ဖူးပါတယ်၊ အကြီးကမဟာသုဘဒ္ဒါပါ၊ အငယ်က စူဠသုဘဒ္ဒါပေါ့၊ တစ်နေ့ ဆဒ္ဒန်အိုင်အတွင်း ရေချိုးဆင်းကြရင်း ချစ်လို့ကြီစယ်ကြတဲ့အခါပုန်းညက်ပန်းတွေကို ချိုးယူပြီး ဆဒ္ဒန် ဆင်မင်းက သူချစ်မိဖုရားတွေရဲ့ ကိုယ် ပေါ်ပစ်ချပြီးကြီစယ်ပါတယ်၊ ကံမကောင်းအကြောင်းမလှတော့ အငယ်ဖြစ်တဲ့ စူဠသုဘဒ္ဒါရဲ့ကိုယ်ပေါ်ကြဲချတဲ့ ပုန်းညက်ပန်းထဲမှာခါကြင်ကောင်တွေပါသွားပါတယ်၊ 

ခါချင်တွေက စူဠသုဘဒ္ဒါကို ပယ်ပယ်နယ်နယ်ကိုက်ပါတော့တယ်၊ခါကြင်ကိုက်လေစူဠသုဘဒ္ဒါမှာ ဒေါသထွက်လေပါပဲ၊ ငါ့ကိုမချစ်လို့ ခါကြင်ပါတဲ့ အကိုင်းကိုပေးတယ်၊ ဆိုပြီးအာဃာတတရားနဲ့ ဒေါသ တွေထားပါတယ်၊ သူဖြစ်တဲ့ဒေါသကို အသာမထားပဲ ပစ္စေကဗုဒ္ဓါတွေကို သစ်သီးဆွမ်းတွေလှူပြီး“တပည့်တော်မသည် 

ဤကောင်းမှုကြောင့် နောင် ဘ၀၀ယ် ဤဆဒ္ဒန်ဆင်မင်းရဲ့ အစွယ်ကိုဖြတ်ယူ၍ နားဍောင်းအဖြစ်ပန်ဆင်နိုင်ရပါစေသား”ရယ်လို့ ဆုတောင်းပါတယ်၊ တိုတိုပြောရရင် သူတောင်းတဲ့ဆု ပြည့်ခဲ့ပါတယ်၊ ဒါပေမဲ့ စိတ်ချမ်းသာသလားဆိုတော့ စိတ်မချမ်းသာခဲ့ပါဘူး၊ ဘ၀ဟောင်းက သူ့မရဲ့ အကြင်နာဟောင်းရဲ့အသေခံအနစ်နာခံပေးလိုက်တဲ့ဆင်စွယ်နှစ်ချောင်းပိုက်ကာ သေပွဲဝင်ခဲ့ရပါတယ်၊
 

          ပြောပြချင်တာကတော့ စာဖတ်သူရယ်၊ ဆုတောင်းမမှားဖို့ဆိုတာပါပဲ။ စာရေးသူရောစာဖတ် သူပါ ဆုတွေအများကြီး တောင်းခဲ့ဖူးပါတယ်၊ တစ်ခါတစ်ခါ ဘုရာရှေ့ပူဇော်ထားတဲ့ ဖရောင်းတိုင်သာကုန်သွားမယ်၊ ဆုတောင်းက မပြီးသေးဘူးလေ၊ စာဖတ်သူရော အဲဒီလို ဖြစ်ဖူးမယ်ထင်ပါတယ်၊ မြတ်စွာဘုရားကတော့အဲဒီလိုတွေဆုတောင်းမ မှားစေဖို့ သံသရာလမ်းဆုံးဖြစ်တဲ့ နိဗ္ဗာန်ကိုပဲ ဆု တောင်းပါတဲ့ ၊ သံသရာလမ်းဆုံးကို ဆုတောင်းမယ်ဆိုရင်ကျန်တာတွေ အားလုံးကျွဲကူးရေပါဆိုသလို ပါလာမှာပါတဲ့၊ ဥပမာလေးပေးရမယ်ဆိုရင် 


မန္တလေးသွားတဲ့ခရီးသည်ဟာမန္တလေးဘူတာထိလက်မှတ် ဖြတ်ထားရင် ကျန်တဲ့ ကြားကဘူတာတွေကို  အလိုလိုရောက်သွားမှာလေ၊ ဒါကြောင့် စာရေးသူရော စာဖတ်သူရောဆုတောင်းမမှားအောင် နောက်နောင်ဘယ်ကောင်းမှုပဲပြုပြု နိဗ္ဗာန်ကိုပဲဆုတောင်းကြည့်ရအောင်လား၊ အဲဒီလိုဆို ဆုတောင်းမှားနိုင်မယ် မထင်တော့ဘူးလေ၊ ဒါဆို ခုရော နောင်ရောစာဖတ်သူရော စာရေးသူဘ၀တွေ ကောင်းစားသွားမှာပေါ့ နော်။ ။


ရွှေမန်းသား( အရှင်င်္ကုရ)

၁၅ မိနစ်လောက် အချိန်လေးပေးပါ (၂)


 
ဟိုတစ်နေ့က (၁၅)မိနစ်လောက် အချိန်လေးပေးပါဆိုတဲ့ ပို့စ်လေးတင်အပြီးမှာ စာဖတ်သူတစ် ယောက်က လျှောက်ထားလာပါတယ်၊ သူက အမြဲတမ်းသွားလာလှုပ်ရှားနေရတာ များပါတယ်တဲ့ ဒါကြောင့် သွားရင်လာရင်းနဲ့ မှတ်လို့ရမဲနည်းလေးများရှိရင်ပြောပြပေးပါ လို့ တောင်းဆိုလာပါတယ်၊
 
 
          ဒါကြောင့် ခုအဲဒီလိုအမြဲတမ်းသွားလာလှုပ်ရှားနေတဲ့ စာဖတ်သူများ အဆင်ပြေဖို့ သွားရင်းလာ ရင်းနဲ့မှတ်လို့ရမဲ့နည်းလေးကိုပြောပြချင်ပါသေးတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ၀င်လေထွက်လေရှု မှတ်တာက သွားလာလှုပ်ရှားနေတဲ့အချိန်မှာ ရှုမှတ်ရတာ အဆင်ပြေနိုင်ဘူးမို့လား၊ ဒါဆိုရင် သွားရင်းနဲ့ ဘယ်လိုရှုမှတ်ကြမလဲ ပထမဆုံးတော့ ဘယ်ဘက်ခြေလှမ်း စလှမ်းတာကနေ ဘယ်လှမ်းတယ်၊နောက် ညာခြေလေးလှမ်းတာကို ညာလှမ်းတယ်လို့ မှတ်တတ်ရင်ပဲ အဆင်ပြေပါပြီ၊ အောင်မလေး ဒါများလွယ် 
 
လွယ်လေးလို့တော့ မထင်လိုက်ပါနဲ့နော်၊ မှတ်စမှာ ခြေလှမ်းတွေက ဘယ်ညာမှန်နေပမဲ့ နည်းနည်းကြာလာ တဲ့အခါ ဘယ်နဲ့ညာနဲ့ ကမှားသွားတာပါ၊ ဒါကြောင့် သွားရင်းနဲ့သွားနေတဲ့အခိုက်မှာ ခြေထောက်လေးတွေပေါ်မှာ စိတ်ကပို့ထားပြီး ဘယ်လှမ်းတယ် ညာလှမ်းတယ်လို့ စမ်းမှတ်ကြည့် ပါနော်၊ မှတ်တဲ့အခါ ကိုယ်ကရိပ်သာထဲမှာလိုအေးအေးဆေးဆေးမှ မဟုတ်တာ ပုံမှန်လမ်းလျှောက် သလိုမှတ်သွားမယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်၊
 
 
          အဲဒီကနေတဆင့်တက်ချင်ရင်တော့ ခြေထောက်လေးကြွတဲ့အခါကို ကြွတယ်၊ ချ တဲ့အခါကို ချတယ်လို့မှတ်ကြည့်ပါ ဒါပေမဲ့ ဒီလိုမှတ်တာကလည်း ဘယ်လှမ်းတယ် ညာလှမ်းတယ်ဆိုတဲ့ သင်္ခန်း စာကို မကျေညက်ခဲ့ရင် လှမ်းရတာသွားရတာတွေက အမှားမှား အယွင်းယွင်းနဲ့ အနေခက်စေပါတယ်၊ 
 
ဒါကြောင့်အစကတည်းက ကြေညက်အောင် လေ့ကျင့်စေချင်ပါတယ်၊ နောက်တစ်ခါ ကြွတယ် ချတယ် ဆိုတာလေး ကြေညက်သွားရင် ခြေ ထောက်လေးတွေကြွနေတဲ့အခါ လှမ်းနေတဲ့အခါ ချနေတဲ့အခါ အဲဒီသုံးချက်ကို ကြွတယ်၊ လှမ်းတယ်၊ ချတယ်လို့ မှတ်ရပါမယ်၊ ဒီနောက်ဆုံးနည်းကတော့ ခက်လည်းတော်တော်ခက်ပြီး မှတ်ရတာလည်းလက်ဝင်ပါတယ်၊ ဒါပေမဲ့ ကျင့်ပါများရင် တော့ကျွမ်း ကျင်သွားမယ်ထင်ပါတယ်၊
 
 
          စာဖတ်သူကမေးပါလိမ့်မယ် အဲဒီလိုမှတ်တာဟာ ဘာအကျိုးရှိပါသလဲလို့၊ အကျိုးရှိပါသော် ကောစာဖတ်သူရယ် အဲဒီလိုစင်္ကြံလမ်းလျှောက်ပြီးရထားတဲ့ စိတ်တည်ငြိမ်မှုဟာ ထိုင်ပြီးရထားတဲ့ စိတ်တည်ငြိမ်းမှုထက် ပိုပြီးတော့စိတ်ချရ ပိုပြီးတော့ခိုင်မြဲပါသတဲ့၊ 
 
စိတ်တွေတည်ငြိမ်းလာရင် “စိတ်သာရှင်စော ဘုရားဟော”ဆိုတဲ့အတိုင်း စိတ်စေရာ ဖြစ်လာနိုင်မှာပါ၊ ဒါကြောင့်အိမ်ကနေ ဘတ်(စ်)ကားမှတ်တိုင်ကို လှမ်းလျှောက်သွားရတဲ့အခါ၊ ဘတ်(စ်)ကားမှတ်တိုင်ကနေ အိမ်ကိုလမ်း လျှောက်ပြန်လာရတဲ့အခါတွေမှာ ဒီနည်းလေးတွေကို စမ်းကြည့်စမ်းကြည့်စေချင်ပါတယ်၊ စမ်းကြည့်ပါ လို့ပြောတာက အဲဒီလိုစမ်းကြည့်လို့ ပိုက်ဆံလည်းမကုန် လူလည်းမပင်ပန်းပဲနဲ့ အလကားနေရင်း ကုသိုလ်တွေ တစ်လှေကြီးရနေမှာမို့ပါ၊
 
 
          တစ်ချို့ကထင်ကြပါတယ်၊ ပိုက်ဆံတွေသိန်းချီသောင်းချီးလှူဒါန်းမှ ကုသိုလ်တွေအများကြီးရ တယ်လို့လေ၊ အဲဒါ မှားပါတယ်စာဖတ်သူရယ်၊ ပိုက်ဆံမကုန်ရပဲ ကုသိုလ်တွေ အများကြီးရနိုင် စရာနည်းလမ်းတွေအများကြီးရှိနေပါတယ်၊
 
 တကယ့်တကယ်က ပေးလှူဒါနပြုတာထက် သီလ ဆောက်တည်တာက ပိုပြီးတန်ဖိုးကြီးတဲ့ ကုသိုလ်တွေရပါတယ်၊ နောက် သီလဆောက်တည်တာထက် ဘာဝနာပွားများ ၀ိပဿနာတရားအားထုတ်တာက ပိုပြီးတော့ကုသိုလ်တွေအများကြီးရတာပါ၊ 
 
ဒီလို ပြောလို့ ပေးလှူတာတွေမလုပ်ရတော့ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးနော်၊ ပေးလှူမှ ပစ္စည်းဥစ္စာပေါမယ် အခြံအရံတွေများမယ်၊ အဲဒီလိုပေါများပါမှ သီလတွေကို ကောင်းကောင်းစောက်တည်နိုင်မယ်လေ၊ အဲဒီလိုသီလတွေ စောင့်စည်းနိုင်မှ ၀ိပဿနာဘာဝနာတရားကို ကောင်းကောင်းပွားများနိုင်မယ်မို့လား၊
 
 
          ဒါကြောင့်တစ်ဆင့်ခြင်းလေးသွားပြီး အဆင့်ဆင့်မြင့်သွားနိုင်အောင် ကြိုးစားကြည့်ပါနော်၊ အဲဒီလိုကြိုးစားမယ်ဆိုရင် စာဖတ်သူလှမ်းနေတဲ့ခြေလှမ်းတိုင်းဟာ ခြေတစ်လှမ်းကုဋေတစ်သန်းမက တန်ဖိုးရှိနေမှာပါ။ ။
 
ရွှေမန်းသား ( အရှင်အကုင်္ရ)

Tuesday 24 July 2012

(၁၅) မိနစ်လောက် အချိန်လေး ပေးပါ



စာရေးသူနဲ့သိတဲ့ ဒကာတစ်ယောက်ရှိပါတယ်၊ သူကကုမ္မဏီတစ်ခုမှာ မန်နေဂျာ လုပ်ပါတယ်၊ မန်နေဂျာဖြစ်တဲ့အတွက် အလုပ်တွေကလည်းအရမ်းကိုများပါတယ်၊ သူခမျာ သင်္ကြန်လိုအခါကြီးရက် ကြီးတွေတောင်မနားရပါဘူး၊ သူက စာရေးသူကိုပြောဖူးပါတယ်၊ တရားအားထုတ်ချင်တယ်၊ တရားရိပ် သာကောင်းကောင်းလေးညွှန်ပေးစမ်းပါတဲ့ နောက်ဆက်ပြီး ဒါပေမဲ့ တပည့်တော် အချိန်မရဘူးဘုရား တဲ့၊ 


စာရေးသူထင်ပါတယ်၊ သူက တရားလည်းအားထုတ်ချင်တယ် အချိန်ကလည်းမပေးနိုင်ဆိုတော့ တော်တော်လေးကို အခက်အခဲတွေ့နေပုံပါ၊ ဒါနဲ့စာရေးသူလည်းသူအတွက် အကောင်းဆုံး ဖြစ်မဲ့နည်း လေးတစ်ခုကို ပေးလိုက်ပါတယ်၊ 

စာရေးသူရဲ့သူငယ်ချင်းလိုအချိန်မရကြတဲ့ စာဖတ်သူများလည်း ဖတ်ရအောင် ဒီစာလေးကိုရေးလိုက်တာပါ၊
လူတိုင်းလူတိုင်းမနက်မိုးလင်းတာနဲ့ စားဝတ်နေရေးအတွက် ပြေးလွှားရုန်းကန်နေရတော့ တခြားကိုယ်လုပ်ချင်တာလေးတွေအပေါ် မှာအချိန်မရကြ၊ အချိန်မပေးနိုင်ကြပါဘူး၊ ရုံးသူရုံးသားဆိုရင် ပိုပြီးဒုက္ခဖြစ်ရပါတယ်၊ နိုင်ငံခြားမှာနေကြတဲ့သူတွေဆိုရင် ပိုဆိုးတာပေါ့ အချိန်မီရောက်မလာရင် ဆဲတာငေါက်တာခံရ၊ လစာထဲကအဖြတ်ခံရနဲ့ အချိန်ကိုလုနေ ကြရတာလေ

၊နိုင်ငံခြားမှာဆိုတော့ time is money.time is gold လို့တောင်ဖြစ်နေပါတယ်၊ တခြားအလုပ်တွေကို မနည်းအချိန်လုနေရတဲ့ ကြားက တရားအလုပ်ဆိုရင်တော့ ရောင်လို့တောင်မသွား အနားကိုမသီချင်ကြတော့ဘူးလေ၊ ဒါပေမဲ့စာဖတ်သူရေ အချိန်တွေအများကြီးအဟုတ်ပါဘူး (၁၅) မိနစ်လောက်ပဲအချိန်လေးပေးပါ၊ တရားအလုပ် လုပ်ဖြစ်လာပါလိမ့်မယ်၊ နောက် တစ်နေ့တာပင်ပန်းသမျှတွေလည်း အပန်တော်ပြေပါ လိမ့်မယ်လို့ရဲရဲကြီးအာမခံပါတယ်၊
ဘယ်လိုစလုပ်ကြမလဲ 

တရားထိုင်တယ်ဆိုတယ်ဆိုတာက ယေဘုယျတော့ ခေါ်လွယ် အောင်မှတ်ရလွယ်အောင် တရားထိုင်တယ်လို့ပြောရတာ၊ တရားမှတ်တယ်လို့ပြောရင် ပိုအဆင်ပြေ မယ်ထင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တရားဆိုတာက ထိုင်ရုံတင်မက ထတဲ့အခါမှာရော သွားတဲ့ အခါမှာရော လျောင်းနေတဲ့အခါမှာရော မှတ်နိုင်လို့ပါ၊ ဘယ်လိုမှတ်မလဲ တရားမှတ်နည်းတွေက အများကြီးရှိပါတယ်၊ ဒါပေမဲ့တရားမမှတ်ခင် သမာဓိဖြစ် အောင်အရင်လုပ်ရတာပါ၊ ဘယ်လိုလုပ်သလဲ ဆိုတော့ လူတိုင်းလူတိုင်း မွေးဖွားတဲ့အချိန်ကတည်းကပါလာတဲ့ ၀င်လေထွက်လေလေးကို မှတ်ရမှာ ပါ၊ 

ဘယ်လိုမှတ်မှာလဲ လွယ်ပါတယ်စာဖတ်သူရယ် ထွက်သွားတဲ့လေလေးနဲ့ ၀င်သွားတဲ့လေလေး တစ်စုံကို တစ်၊ နောက်ထပ်အဲဒိလိုတစ်စုံကို နှစ်၊ နောက် အဲဒီလိုတစ်စုံကို သုံး-လို့ ကိုယ်မှတ်နိုင် သလောက် (၁၀) ရောက်တဲ့အထိ၊ ဒါမှမဟုတ် (၅) လောက်ရောက်တဲ့ထိ မှတ်ကြည့်ပါ၊ 

ကိုယ်တတ်နိုင်သလောက်မှတ်မိနိုင်သလောက် မှတ်ပြီးရင် အစကနေ တစ် ဆိုပြီးပြန်စပါ၊ အစတော့ မှတ်ရတာ တော်တော်ပင်ပန်းနေတာတွေ့ရမှာပါ၊ မှတ်နေတာကတခြား စိတ်ကတခြားဖြစ်နေမှာပေါ့၊ ပုထုဇဉ်တွေရဲ့စိတ်ဆိုတာသိ တယ်မို့ လား“ပါပသ္မိ’ ရမတိ မနော= များသောအားဖြင့် မကောင်းမှုတွေ မှာပျော်မွေ့တာပါ”တဲ့၊ ဒါကြောင့် အားထုတ်စမှာတော့ စိတ်တွေကအဝေးကိုထွက်သွားလိုက် အရင်က ကိုယ် ကျက်စားခဲ့ဖူးတဲ့ ပျော်ခဲ့ဖူးတဲ့အာရုံတွေပေါ်မှာ ပျော်ဝင်ပြီး လွန်းထိုးသွားလာနေမှာပါ၊

ဒါပေမဲ့ မပူပါနဲ့စာဖတ်သူရယ် “ရခဲမှ ရတနာ သိခဲမှပညာ”မို့လား၊ လွယ်လွယ်နဲ့စပါယ်ပွင့် နေရင် လူတိုင်းသတ္တ၀ါတိုင်းအကျွတ်တရားတွေရကုန်မှာပေါ့၊ (၁၅) မိနစ်တော့ပြည့်အောင် အဲဒီလိုလေး ကြိုးစားမှတ်ကြည့်ပါနော်၊ အော်စာဖတ်သူရေ မှတ်ရမယ်ဆိုလို့ ဘုရားစင်ရှေ့မှာတင်မလ္လင်ကြီးခွေ ပုဆစ်ဒူးကြီးတုပ်ပြီးမှတ်နေရမယ်လို့ လှေနံဓားထစ်မမှတ်လိုက်ပါနဲ့နော်၊ အဲဒီလိုကြိုးစား အားထုတ်ဖို့ 

အချိန်မရရင် ဘတ်စ်ကားပေါ်မှာပဲဖြစ်၊ အိမ်ရှင်မတွေဖြစ်နေရင် ထမင်းဟင်းချက်ရင်းပဲ ဖြစ်ဖြစ်၊ ကိုယ်နေတဲ့နေရာကနေ ဘတ်စ် ကားမှတ်တိုင်ကို လမ်းလျှောက်သွားရတဲ့အခါမျိုးမှာဖြစ်ဖြစ် မှတ်လို့ ရပါတယ်၊ တရားထိုင်တယ်ပြောရင် တချို့များက တင်ပလ္လင်ကြီးခွေထိုင်နေတာကိုပြေးသတိရတတ်ကြ လို့ပါ၊ 

ဒါမှမဟုတ်ရုံးမှာ လူတိုင်း(၁၅)မိနစ်လောက်တော့အားချိန်ရကြမှာပါ၊ အဲဒီရတဲ့ အချိန်လေးမှာ ကိုယ့်ရဲ့ဝင်လေထွက်လေလေးကို သတိလေးနဲ့ကပ်ထားကြည့်ပေးပါလား၊

          အချိန်တော့မရဘူးမပြောနဲ့နော် လူတိုင်း (၁၅) မိနစ်လောက်တော့ရကြမှာပါ၊အချိန် မရဘူးဆို တဲ့အကြောင်းနဲ့စပ်မိလို့ စာရေးသူနဲ့သိခဲ့ဘူးတဲ့ ဒကာမကြီးတစ်ယောက်အ ကြောင်းပြောပြချင်ပါတယ်၊ ဒကာမကြီးအရမ်းအလုပ်များပါတယ်၊ မိုးလင်းလာတာနဲ့ချက်ရပြုတ်ရ ရုံးသွားဖို့ပြင်ရ၊ ယောင်္ကျား အတွက်ထမင်းထုတ်လုပ်ပေးရ၊ သားကျောင်းသွားဖို့အတွက် ပြင်ဆင်ပေးရနဲ့ တစ်နေ့တစ်နေ့ ဒီအလုပ် တွေနဲ့ အချိန်ကုန်လည်ပတ်နေရပါတယ်၊ တရားမှတ်ဖို့နေနေသာသာ မနက်လင်းလာလို့ ဆွမ်းတော်ကို တောင်အပြေးအလွှား တင်ရတာပါ၊ တစ်အိမ်လုံးမှ မိသားစုကသုံးယောက်တည်းရှိတာဆိုတော့ အရာရာဒကာမကြီးက တာဝန်ယူဒိုင်ခံလုပ်နေရပါတယ်၊ သားလေးကလည်း တစ်ယောက်တည်း တစ်ဦးတည်းရှိ တာဆိုတော့ အလိုလိုက်ထားရပါတယ်၊ 

ဖြစ်ချင်တော့ တစ်နေ့မှာ အဲဒီဒကာမကြီးရုံးကို မသွားခင်ရေအချိုးရာမှာ လေဖြစ်သွားပါတယ်၊ လေဖြတ်တော့ လမ်းလည်းကောင်းကောင်း မလျှောက် နိုင်တော့ပါဘူး၊ ဘယ်ဘတ်လက်တစ်ဖတ်လည်း ကောင်းကောင်းမလှုပ်နိုင်တော့ပါဘူး၊ 

သူချစ်တဲ့လင် ယောင်္ကျား သူအလိုလိုက်ထားတဲ့တစ်ဦးတည်းသောသားလည်း ဘာမှမတတ်နိုင် မကယ်နိုင်ခဲ့ပါဘူး၊ အဲဒီအချိန်မှ ဒကာမကြီးကပြောရှာပါတယ်၊ “တပည့်တော် အရင်ကအချိန်တွေကို အလကားဖြုန်းခဲ့တာ ခုတော့လိုဖြစ်တော့ နောင်တရမိတယ်”တဲ့၊

စာဖတ်သူတွေလည်း အဲဒီလိုအချိန်တွေကုန်သွားမှာစိုးရိမ်မိပါတယ်၊ စီးပွားတွေလည်းရှာ ပါ၊တရားဘာ ၀နာကိုလည်းနိုင်သလောက်အားထုတ်ထားစေချင်ပါတယ်၊ အဲဒီလိုအားထုတ်ားမယ်ဆိုရင် ကိုယ့်အ တွက်သံသရာတစ်ဘက်ကမ်းကူးသန်းတဲ့အခါ အာမခံချက်ရထားမှာမို့ပါ၊ မြတ်စွာဘုရားကိုယ် တော် မြတ်ကတော့ တရားအားထုတ်မှုနဲ့ပတ်သတ်ပြီး ဘယ်ထိအောင်တိုကိုတွန်းအား  ပေးသလဲဆိုရင် 

ရင်ဝမှာလှံစူး ကိုယ်ရဲ့ထိပ်ဦးမှာ မီးတက်ကူးနေစေဦးတော့ အရေးကြီးတာက အဲဒီလှံတွေမနှုတ်နဲ့ မီးကိုမငြှိမ်းနဲ့ တရားကိုသာအလေးထားအားထုတ်ပါ”လို့ ဟောကြားခဲ့ပါတယ်၊ ဒါပေမဲ့အဲဒီလောက် ကြီးထိကအရိယာသူတော်ကောင်းကြီးတွေမှလုပ်နိုင်ကြမှာပါ၊ သာမာန်ပုထဇဉ်တွေကတော့ (၁၅)မိနစ် ကစရမှာပါ၊

          တရားအားထုတ်ရင်ကောဘယ်လိုအကျိုးတရားတွေရမှာလဲ အဖြေကတော့ရှင်းရှင်းလေးလေး ပါ နိဗ္ဗာန်ရပါမယ်လို့၊ ဒါပေမဲ့အဲဒီလိုဖြေလိုက်ရင် စာဖတ်သူတွေအတွက် လက်ရှိနဲ့ အလှမ်းဝေးနေတဲ့ အတွက် ကျေနပ်မယ်မထင်ပါဘူး၊ စာဖတ်သူကျေနပ်အောင် ဖြေပေးရရင် အဲဒီလိုအားထုတ်မယ်ဆိုရင် စိတ်တွေငြိမ်သက်လာပါမယ်၊ စိတ်တွေငြိမ်သက် တည်ငြိမ်လာတဲ့အတွက် ကိုယ်လုပ်တဲ့လုပ်ငန်းတိုင်း မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ပြီးအောင်မြင်မှုတွေကို လွယ်လွယ်ကူကူရနိုင်ပါတယ်၊ နောက် ၀င်လေနဲ့ ထွက်လေကို ပုံမှန်စည်းချက်ကြနေအောင်လုပ်ပေးနေတဲ့အတွက် နှလုံးအားတွေကောင်းလာပါမယ်၊ တကယ်လို့ကိုယ့်မှာ နှလုံးရောဂါရှိနေရင်တောင် ကိုယ်ရဲ့အားထုတ်မှုစွမ်းအားပေါ်မူတည်ပြီး ပျောက် ကင်းတဲ့ထိအကျိုးခံစားရနိုင်ပါတယ်၊

          ဒီလိုအကျိုးတွေကို ဗုဒ္ဓဘာသာဝင်တွေပဲရမှာလား မဟုတ်ပါဘူးဗျာ တရားအားထုတ်တဲ့ လူမျိုး မရွေးဘာသာရွေးရရှိနိုင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားရဲ့ တရားတော်တွေက ဘောင် ခတ်ထားတာမဟုတ်ပါဘူး၊ “ဧဟိပဿိကော =လာပြီးတော့ အားထုတ်ကြည့်ပါ၊ အ ကာလိကော=မိမိရဲ့ ပါရမီအလျှောက်တောက်လျောက် အချိန်မဆိုင်းပဲ အကျိုးပေးပါလိမ့်မယ်” လို့မြတ်စွာဘုရားကိုယ်တိုင် က အာမခံထားလို့ပါ၊

          ကဲစာဖတ်သူရေ အချိန်မရဘူးလို့မပြောနဲ့နော် (၁၅) မိနစ်လောက်ပဲအချိန်လေးပေးပါ နော်။ ။

ရွှေမန်းသား ( အရှင်အကုင်္ရ)

ကိုလံဘို



နှင်းပျောက်တဲ့ဆောင်းထဲမှာ

ဒီမြို့ဟာ အလူးအလဲနဲ့

မုတ်သုန်မလာလို့မိုးမရွာရင်

အာရတ်က ဆာဟာရလိုပါပဲ

အလွယ်ကူဆုံးနဲ့ သံတမန်ဆန်ဆန်ဝေဖန်ရရင်

ကျုပ်တို့မြန်မာက အညာမန္တလေးလို

ပူချက်ကတော့ ကမ်းကုန်လို့ ငြီးယူရမယ်ထင်တာပါပဲ

ဒီမြို့မှာ နှင်းဆိုတာနာမည်ကလွဲပြီး

အကောင်အထည်ဒြပ်အနေနဲ့ တွေ့ရခဲတယ်

သူက စင်္ကာပူကိုအားကျပြီး

ဥရောပဆန်ဆန်အိပ်တွေမက်နေတတ်သေးတယ်

ဒါပေမဲ့ လိုက်စားတဲ့အာကစားက ခရစ်ကတ်တဲ့

အမေရိကကိုလည်း သူ့စာရင်းမှာ နေရာသွင်းချင်နေသေးတယ်၊

သူကိုယ်သူ ၂၀၁၃မှာ စင်္ကာပူလို လူလုံးသူလုံးပြမယ်လို့ကေကြွးကြော်ထားသေးတယ်၊

ဒါပေမဲ့ သူ့ဘယ်ဘက်လက်ကောက်ဝတ်လေးတွေမှာ

ယခုထက်ထိ မက်မက်စက်စက်

ပရိတ်ကြိုးလေးတွေရောင်စုံကို ယုံယုံကြည်ပတ်ထားနေဆဲ

မနက်နဲ့ညနေတိုင်း

ဗောဓိပူဇာလုပ်မယ်၊

အဆစ်ကလေးအနေနဲ့ မဟာပန္နဲနတ်ကိုလဲ

ပူဇော်လိုက်ဦးမယ်၊

လူငယ်တိုင်းက သိုးဆောင်းစကားတွေ အများအားဖြင့် ပြောနိုင်ကြပြီး

ကြီးလာရင် ဥရောပနဲ့ သြစတေးလီးယားမှာ

စီးပွားရေးသမားကြီးဆိုပြီး

ပလန်အသီးသီးနဲ့ ပညာတွေသင်တဲ့မြို့လေ၊

နောက် ဒီမြို့က

ပညာသင်စရာကောလိပ်တက္ကသိုလ် အထိုထိုက

လက်ညှိုးထိုးမလွဲဘူးလေ၊

လမ်းတွေကျဉ်းတယ်၊ကားတွေများတယ်

လူဦးရေကလည်း ထူသလားမမေးနဲ့ဆိုတာပဲ

မြေဈေးကခေါင်ခိုက်တယ်လို့ သူမြို့ကို သူမြို့သားက

ငြီးရှာတဲ့မြို့လေ၊

လမ်းပေါ်မှာလဲ သရီးဝှီးနဲ့ အိန္ဒိယမိတ်မော်တော်ဘိုက်နဲ့

တစ်ချို့ကဘိုဘိုဆန်ဆန်တိုက်နဲ့

တစ်ချို့က စင်္ဟာလီဆန်ဆန်အိမ်ဟန်ပန်နဲ့

ဘာပဲပြောပြော ဒီမြို့ဟာ သူ့စတိုင် သူ့အနေအထိုင်နဲ့

လူတိုင်းလာရောက်နေထိုင်တာကို

လက်ကမ်းနေဆဲပါ။ ။

ရွှေမန်းသား ( အရှင်အကုင်္ရ)
 


အံ့ဖွယ်ရှစ်ဖြာ သာသနာ



သီရိလင်္ကာက ကိုလံဘိုမြို့မှာကျောင်းတက်နေတော့ တစ်ခါတစ်ခါ မန်ဂျစတစ်စီးတီ ဘက်ဈေးဝယ်ရောက်ဖြစ်ရင် အိန္ဒိယသမုဒ္ဒရာကြီးရဲ့ ကမ်းစပ်ကိုသွားထိုင်ဖြစ်ပါတယ်၊
အဲဒီကိုသွားထိုင်ရင် လေကောင်းလေသန့်လည်းရတာရယ်၊ ဆုံးစမရှိတဲ့သမုဒ္ဒရာကြီးကို ကြည့်ပြီးကြည့်နူးမိတာရယ်ကြောင့် မန်ဂျစတစ်ကိုရောက်တိုင်းလိုလို ကမ်းစပ်ဘက်ကို ရောက်ဖြစ်နေပါတယ်၊
     

   တစ်ခါတစ်ခါအဝေးက ပယ်လယ်ကူးသင်္ဘောကြီးတွေဟာ ဝေးသွားလိုက်နီးလာ လိုက်နဲ့ ကြည့်ရတာပန်ချီကားတစ်ချပ်လိုပါပဲ၊ လှိုင်းလုံးကြီးတွေကလည်း တစ်ဝုန်းဝုန်း နဲ့ဆိုတော့ ရေမျက်နှာမြင်ကိုငေးကြည့်ရင်း ရင်ထဲမှာ အေးသွားလိုက် နွေးသွားလိုက်နဲ့ ခံစားမှုတစ်မျိုးကိုရနေတတ်ပါတယ်၊

        သမုဒ္ဒရာကြီးကဘာနဲ့တူသလဲလို့စဉ်းစားကြည့်တော့ ဖတ်ဖူးထားတဲ့စာတစ်ပုဒ်ကို သွားသတိရမိတယ်၊ မြတ်စွာဘုရားဟောတော်မူထားတဲ့ အဂုင်္တ္ထိုရ် ပဟာရာဒသုတ်မှာ သမုဒ္ဒရာကြီးက အံ့သြဖို့ကောင်းတာရှစ်မျိုးတောင်ရှိတယ်ဆိုပဲ၊ အဲဒါဘာတွေလဲဆိုရင်-

        (၁) သမုဒ္ဒရာကြီးက ကမ်းစပ်ကနေ အလယ်ကိုတစတစနက်သွားတယ်ဆိုပဲ၊
မြတ်စွာဘုရားရဲ့ သာသနာတော်မြတ်ကြီးကလည်း အဲဒီသမုဒ္ဒရာကြီးနည်းတူ တစတစ ကျင့်သွားရတဲ့ ကျင့်စဉ်တွေရှိပါတယ်တဲ့၊ ဟုတ်ပါတယ် မြတ်စွာဘုရားသာသာနာတော် မှာ အထက်ရောက်ချင်လို့ဆိုပြီး ကျော်ကျင့်လို့မရပါဘူး၊ တဆင့်ခြင်းတက်သွားရတာပါ၊

        (၂) သမုဒ္ဒရာကြီးရဲ့ ရေတွေကဘယ်လောက်ပဲများများ ကမ်းကိုမကျော်လွန်ပါဘူး တဲ့ ၊ အဲဒီလိုပါပဲ မြတ်စွာဘုရားသာနာတော်မှာ နေကြတဲ့ လိမ္မာတဲ့တပည့်တွေဟာ မြတ်စွာဘုရားရဲ့ ၀ိနည်းစည်းကမ်းတွေကို လွန်ကျူးပြီးမကျင့်ပါဘူးတဲ့၊

        (၃) သမုဒ္ဒရာကြီးက သူထဲကိုချလိုက်တဲ့အကောင်ပုတ်တွေကို လက်မခံပဲ  ကမ်း ပေါ်ကိုလှိုင်းတွေနဲ့ အလိုလိုအော်တိုမစ်တစ် ပြန်ပစ်တင်ပါတယ်တဲ့၊ မြတ်စွာဘုရားသာ သနာတော်ကြီးကလည်း ယုတ်မာတဲ့သူတွေကို လက်မခံပါဘူးတဲ့၊ သူအလိုလိုအဝေးကို ရောက်သွားစေပါတယ်တဲ့၊ 

ဒါကြောင့်ဖြစ်မယ်ထင်ပါတယ်၊ အရှင်ဒေ၀ဒတ်တို့ စိဉ္စမာနတို့ မြတ်စွာဘုရားနဲ့တွေ့ပေမဲ့ သာသနာတော်ကြီးကနေ ဟိုးအဝေးကြီးကိုရောက်သွားခဲ့ တာလေ၊ တစ်ချို့လည်း သာသာနာတော် တွင်းနေပြီး သူတော်ကောင်းအယောင် ဆောင်ပြီးနေကြပေမဲ့ သူတို့ရဲ့စိတ်တွေကတော့ 
သာသနာတော်ကြီးနဲ့ဝေးရာကို အချိန် တိုင်းနာရီတိုင်း ပြေးခွါနေတာပါ၊
 
        (၄) မြစ်တွေ ချောင်းတွေက အရင်အစမှာ ဘယ်လိုအမည်သညာတွေပဲ ရလာရ လာ သမုဒ္ဒရာကြီးထဲကိုစီးဝင်လိုက်တာနဲ့ တစ်ပြိုင်နက် သူတို့အမည်တွေ ပြောက်သွားပါ တယ်တဲ့၊ ပြောရရင်တော့ ဧရာဝတီ၊ ချင်းတွင်း ၊ သံလွင် အစရှိတဲ့ နာမည်တွေ ဘယ်လို ပဲရှိခဲ့ရှိခဲ့ သမုဒ္ဒရာကြီးထဲရောက်ပြီးသွားရင် အဲဒီအမည်တွေပြောက်ပျက်သွားတာလေ၊ 

မြတ်စွာဘုရားသာသနာတော်မြတ်ကြီးကလည်း အဲဒီသမုဒ္ဒရာကြီးလိုပါပဲ သူဋ္ဌေးသားပဲ ဖြစ်ဖြစ်၊ သူတောင်းစားပဲဖြစ်ဖြစ်၊ ဘုရင်သားပဲဖြစ်ဖြစ် သာသာတော်ထဲကိုရောက်လာရင် အားလုံးဟာ တန်းတူဖြစ်ပြီး ဘုရားသားတော် အခေါ်ခံကြရတော့တာလေ၊

        (၅) မိုးဘယ်လောက်ပဲ ရွာရွာ၊ နေဘယ်လောက်ပဲပူပူ သမုဒ္ဒရာကြီးက ရေတွေ ဟာ အတိုးအလျှော့မရှိဘူဆိုပဲ၊ အဒီလိုပါပဲ မြတ်စွာဘုရားသာသနာတော်ကြီးမှာလည်း နိဗ္ဗာန်ဆိုတဲ့ အေးငြိမ်းရာဓာတ်ကတော့ ဘယ်တော့မှ အတိုးအလျှော့မရှိပါဘူးတဲ့


   (၆) သမုဒ္ဒရာကြီးရဲ့ရေတွေက ငန်တဲ့အရသာ တစ်မျိုးတည်းပဲရှိပါသတဲ့၊ ဒါ ကြောင့်လည်းဖောင်စီးရင်း ရေငတ်ဆိုတဲ့ စကားပုံပေါ်လာတာထင်ပါတယ်၊ ရေကငန် တော့ သောက်လေသောက်လေငတ်မပြေ ဖြစ်မယ်ထင်ပါတယ်၊ အဲဒီသမုဒ္ဒရာရေတွေ ဟာ ငန်တဲ့အရာသာတစ်မျိုးတည်းရှိသလို မြတ်စွာဘုရားသာသနာတော်ကြီးမှာလည်း လွတ်မြောက်မှုဝိမုတ္တိရသ တစ်မျိုးတည်းရှိပါသတဲ့၊
      

  (၇) သမုဒ္ဒရာကြီထဲမှာ ရတနာအမျိုးမျိုးရှိပါသတဲ့၊ အဲဒီသမုဒ္ဒရာကြီးလို မြတ်စွာ ဘုရားသာသနာတော်မြတ်ကြီးထဲမှာလည်း သတိပဋ္ဌာန် သမ္မပ္ပဓာန်စတဲ့ ဗောဓိပက္ခိယ တရား (၃၇) ပါးတည်ရှိပါသတဲ့၊


(၈) သမုဒ္ဒရာကြီးဟာ ကြီးမားတဲ့ ဝေလငါးလိုသတ္တ၀ါကြီးတွေရဲ့နေရာဖြစ်ပါသတဲ့၊ အဲဒီ လိုပါပဲ မြတ်စွာဘုရား သာသနာတော်မြတ်ကြီးမှာလည်း သောတာပန်အစရှိတဲ့ အရိယာ တို့ရဲ့ ကျင့်သုံးရာနေရာဖြစ်ပါသတဲ့၊ အသေးအမွှား ကလေးကစားစရာလေးမဟုတ်ပါဘူး တဲ့၊
 
 
        ကဲစာဖတ်သူရေ သီရိလင်္ကာက အိန္ဒိယသမုဒ္ဒရာကြီးကို ငေးရင်းနဲ့ ၀င်လာတဲ့အ တွေးလေးတွေ မျှဝေလိုက်တာပါ၊ ငါတို့ ယုံကြည်ထားတဲ့ သာသနာတော်မြတ်ကြီးဟာ ဒီ လိုအံ့သြစရာတွေ ရှိနေပါလားဆိုတာ ဖတ်ပြီးတော့ သဒ္ဓါတရားတိုးပွားကြည့်ပါနော်။ ။

ရွှေမန်းသား( အရှင်အကုင်္ရ)


ဝနေတာကို ဘုရားနည်းနဲ့ ပိန်အောင် လုပ်လို့ရသလား



တစ်နေ့တွင်မလေးရှားမှ သူငယ်ချင်းတစ်ယောက်ဆီ ဖုန်းဆက်ဖြစ်သည်၊ သူက အရမ်းဝနေလို့ စိတ်ညစ်နေကြောင်းငြီးပြရှာသည်၊၀လို့ဝိတ်တက်တော့ ခန္ဓာကိုယ်လေး လာပြီဖြစ်ကြောင်း၊ ပိန်ဆေးစားရင်ကောင်းမလား ဘာလုပ်ရမလဲဆိုပြီးအကြံတောင်းရှာသည်၊ စာရေးသူလည်း သိထားသော ပိန်ခြင်းနည်းနာအဖြာဖြာကို ပြောပြလိုက်သည်၊ခု စာဖတ်သူတွေ၊ အထူးသဖြင့် ၀လို့စိတ်ညစ်ပြီး မအိပ်ဖြစ်သော စာဖတ်သူများကို ပိန်ပါစေကြောင်းနည်းကောင်းလေးတွေကို ဖောက်သည်ချကြည့်ချင်သည်၊
      

    ပိန်နည်းကတော့ ဒီလိုပါစာဖတ်သူရေ၊အစာမစားခင် ရေသောက်လျှင်ပိန်ပါသည်တဲ့၊ဒါကိုပင် စိန္တကျော်သူဦးသြကလည်းသူရဲ့ရတုထဲမှာ“သြဇာကြိုင်သင်းထမင်းဟင်းကို မစားမီတွင် ရှေးဦးတွင်မှ လျှင်ဦးစွာရေသောက်ရာ၏”ဟုထောက်ခံထားသည်၊ရေသောက်မှုနဲ့ပတ်သက်ပြီး နောက်ထပ်မှတ်သား စရာလေးတွေရှိသေးသည်၊ အစာစားနေစဉ်ရေကိုသောက်လျှင်အစာမကြေဖြစ်တတ်သည်၊ အစာ စားပြီးရေကိုသောက်လျှင် လူကိုဝစေသည်၊ မနက်အိပ်ယာထရေကို၀၀သောက်လျှင်မျက်နှာကြည် လင်စေသည်၊ အိပ်ယာဝင်ရေသောက်လျှင် ၀မ်းချုပ်မှုကိုကာကွယ်နိုင်သည်၊ စသည့်ရေသောက်ခြင်းအကျိုးအဖြာဖြာဖတ်ဖူးခဲ့သည်၊ ဒါကတော့ ငွေမကုန်လူမပန်း ရွှင်လန်းနိုင်သော မဆန်းပေမဲ့လန်းနေ သောနည်းလေးတွေ ဖြစ်ပါသည်၊
     

     နောက်တစ်ခု မြတ်စွာဘုရားက ဆန်တစ်အိပ်နှင့် ဆိတ်ဆစ်ကောင်ကုန်အောင်စားသည်ဟု ပါးစပ်ရာဇ၀င်တွင်နေသော ဘုရင်ပသေနဒီကောသလမင်းကိုပေးခဲ့သော ပိန်နည်းကလည်း မှတ်သားစရာကောင်းသည်၊ ဘုရင်ကောလသက အရမ်းဝတော့ တရားနာတဲ့အခါ အိပ်ငိုက်တတ်သည်၊ နောက် အိပ်မက်ပေါင်း(၁၆) ခုကိုတစ်ညတည်းနဲ့ မက်နိုင်သည်၊ ဒါကြောင့် ဘုရားရှင်ကမဟာဂရုဏာဖြင့် ပိန်ပါ စေကြောင်းနည်းကောင်းပေးရှာသည်၊ ဘုရားရှင်ပေးသောနည်းမှာ အခြားမဟုတ်၊ ထမင်းစားတဲ့ အခါတိုင်း နောက်ဆုံးပြီးခါနီးတိုင်းတွင်တစ်လုပ်၊ တစ်လုပ်မစားပဲ နေရန်ဆိုသော နည်းပင်ဖြစ်သည်၊ 


ဤကဲ့သို့ နေ့စဉ်ကျင့်ကြံသွားလျှင်ဝရာမှပိန်၊ပိန်ရာမှချော၊လူတိုင်းငေး မောရသောဖစ်ဆိုဒ်ဖြစ်လာမှာ အမှန်ပါ၊ ဒါပေမဲ့ စာရေးသူရောစာဖတ်သူပါလျှော့စားဖို့ဆိုတာက ကိုယ်မကြိုက်တဲ့ ဟင်းနဲ့ဆိုရင် တော့ဖြစ်နိုင်သည်၊ ကိုယ်အကြိုက်တွေ့တဲ့ဝက်သား၊ ကြက်သား၊ အုန်းနို့ခေါက်ဆွဲ၊ မုန့်ဟင်းခါး စတာလေးများနဲ့ မျက်နှာချင်းဆိုင်မိရင်တော့အနားရှိတဲ့လူတောင်မေ့သွားတာပဲမို့လား၊ 


ကဲဘာပဲပြော ပြောစာဖတ်သူရေ ၀ရာကကျ ကျရာကပိန် လူလယ်ကောင်မှာမော်ဒယ်မမလေးလို၊ မော်ဒယ်ကိုကို လေးကို လူရှိန်အောင်နေချင်သေးတယ်ဆိုရင် အချိန်မှီသေးတယ်နော်၊ဒီနည်းလေးတွေ လက်တွေ့စမ်း ကြည့်ပါလားစာဖတ်သူ၊ ငွေလည်းမကုန်၊အချိန်လည်းမပေးရ အစားလျှော့စားလို့မုန့်ဖိုးတောင်အပို ထွက်လာမည့်အရေးကို တွေးမနေနဲ့နော်၊ ဒီစာလေးဖတ်ပြီးတာနဲ့ စမ်းကြည့်လိုက်ပါနော်။။


ရွှေမန်းသား ( အရှင်အကုင်္ရ)

 

Monday 23 July 2012

အပေးနဲ့ အယူ (၂)



အပေးနဲ့ အယူကို ဆက်ပြီးပြောပြချင်ပါသေးတယ်၊ပထမရေးပြထားတာလိုနေမယ် ထင်လို့ပါ၊ ကဲစလိုက်ကြရအောင် တစ်ခါက မြို့ပြင်က ဇရပ်လေးပေါ်မှာတောင်းစားနေတဲ့ ဆင်းရဲသားလင်မယား ရှိခဲ့ဖူးပါတယ်၊ တစ်နေ့ မယားဖြစ်တဲ့သူက ရှင်ဘုရင်ရဲ့ပွဲတော်အုပ်ကို စားချင်တယ်ဆိုတဲ့ ချဉ်ခြင်းတပ်ပါတယ်၊ လင်ဖြစ်တဲ့ ယောင်္ကျားခမျာ မနေသာဘူးပေါ့၊ဘုရင်ပွဲတော်အုပ်ကို ယူပေးဖို့ရာ နည်းလမ်းရှာရတော့တာပါပဲ။ လိုလျှင်ကြံဆ နည်းလမ်းရဆိုသလိုဘုရင်နန်းတော်ကို သင်္ကန်းဝတ်ပြီး 

ရဟန်းတု အယောင်ဆောင်သွားဖို့ ကြံလိုက်ပါတယ်၊ ဒီလိုနဲ့ဘုရင်ကြီးရဲ့ နန်းတော်ဆီကို သင်္ကန်ရုံပြီး ၀င်ခဲ့ပါတယ်၊ ရှင်ဘုရင်ကြီးလည်း သူ့နန်းတော်ကိုကြည်ညိုစရာကောင်းတဲ့ ရဟန်းတစ်ပါးကြွလာလို့ ၀မ်းသာပီတိတွေဖြစ်ပြီး သူစားမဲ့ပွဲတော်အုပ်ကိုလှူလိုက်ပါတယ်၊ နောက် အမတ်တစ်ယောက် ကိုလည်း ရဟန်းပြန်ကြွတဲ့ နေရာကို လိုက်ကြည့်ခိုင်းပါတယ်၊မင်းကြီးစိတ်ထဲမှာ ဒီကိုယ်တော်ဟာ သာမန်ရဟန်းမဟုတ်တန်ဘူး ရဟန္တာဖြစ်ရမယ်လို့ တွက်ဆထားလို့ပါ၊လိုက်ကြည့်ခိုင်းတဲ့ အမတ်လည်း 

ရဟန်းရဲနောက်ကနေထပ် ကြပ်မကွာ နောက်ယောင်ခံလိုက်သွားပါတယ်၊ဖြစ်ချင်တော့ စာရေးသူရေ မြို့ပြင်က သူတို့လင်မယားနေတဲ့ ဇရပ်ပေါ်လည်းရောက်ရော ရုံလာတဲ့သင်္ကန်းကိုချွတ်ပြီး လူဝတ်လဲလိုက်ပါတယ်၊ နောက်ယောင်ခံလိုက်လာတဲ့ အမတ်မင်းခမျာ အံ့သြလွန်းလို့နန်း တော်ပြန်ရောက်ရင် မင်းကြီးကို ဘယ်လိုသံတော်ဦးတင်ရမလဲဆိုတာ အုန်းစားသွားပါတယ်၊


ဒီလိုနဲ့ နန်းတော်ပြန်ရောက် “ဘယ်လိုလဲမောင်မင်း ရဟန်းဘယ်ကို ထွက်သွားလဲ” လို့ ရှင်ဘုရင်ကြီးကမေးမြန်းတော့ အမတ်မင်းလည်း ပညာသားပါပါနဲ့ “မှန်လှပါ မင်းတရား ရဟန်းဟာ မြို့ပြင်လည်းရောက်ရဟန်းအသွင်ကွယ်ပြောက်သွားပါတယ်ဘုရား” ဒီလိုလျှောက်စကားကြားတော့ 


မင်းကြီးက “အင်း ဆွမ်းလှူလိုက်တဲ့ရဟန်းဟာသာမာန်ရဟန်းမဟုတ်တန်ရာ ဧကန်ရဟန္တာဖြစ်ရမယ်ဆိုပြီး ပီတိတွေတစ် ဖွားဖွားဖြစ်ပွါးနေပါတော့တယ်၊ပြောရရင် အမတ်လိမ္မာနဲ့ တွေလို့ပါ၊ ဒီလိုသာမတွေ့ပဲ အမှန်ကို ဘွင်းဘွင်းလင်းလင်း လျှောက်ထားတဲ့အမတ်မျိုးနဲ့သာတွေ့ခဲ့ရင် ဘုရင်ကြီးကြည့်ညိုမှုတွေပျက်ဆီးကာ သေစေလို့ပြောပြီး လူသတ်မှုမကောင်းမှုကြီးကိုလွန်ကျူးမိမှာ 
 အမှန်ပါ၊

  
       နောက် ဘုရင်ကြီးတစ်ပါးအကြောင်းကို ထပ်ပြေပြချင်ပါသေးတယ်၊ ခပ်တိုတိုပဲပြောပြပါမယ်၊တစ်ခါတော့ ဘုရင်ကြီးတစ်ပါးက နေ့ဆွမ်းစားချိန်မှာ နန်းတော်နဲ့နီးတဲ့ ကျောင်းတစ် ကျောင်းကခင်ကြီးတစ်ပါးဆီကို ဆွမ်းအုပ်ပို့ခိုင်းလိုက်ပါတယ်၊ ကျောင်းကို မင်းချင်းတွေ ဆွမ်းအုပ်သွားအပို့မှာခင်ကြီးက ကန်ထဲမှာ ငါးမျှားနေပါတယ်၊ ဒါနဲ့ မင်းချင်းတွေလဲ ဒီရဟန်းကြီး သီလမှရှိဘူးမလှူဘူးဆိုပြီး ဆွမ်းအုပ်ကို နန်းတော်ပြန်ယူလာပါတယ်၊ ဘုရင်မင်းတရားကို 

အကြောင်းစုံလျှောက်ကြားတော့မင်းတရားက“ မောင်မင်းတို့ကို မြင်တော့ ခင်ကြီးက ငါးဆက်မျှားနေသလား၊ မှန်လှပါဘုရား ကျွန်တ်ာမျိုးကိုမြင်တော့ ငါးမျှားတန်ကို ခြေထောက်နဲ့ ရေထဲကိုနင်းဖိထားပြီး ၀ှက်ထားတယ် ဘုရား၊ ဟေ ဒါဆိုပြန်သွားပြီး ဆွမ်းအုပ်ကို လှူချေပါကွယ်၊ ဘာကြောင့်လဲဘုရား၊ သူ့မှာ ရှက်တတ်တဲ့ အသိဥာဏ်လေးရှိသေးတော့ ကြည်ညိုစရာကောင်းပါတယ်ကွယ်၊ ပုံပြင်လေးကတော့ ဒါပါပဲ စာဖတ်သူရေ၊
          

ဘုရင်ကြီးနှစ်ပါးအကြောင်းကို ပြောပြလိုက်တာပါ၊ မထမဘုရင်ကြီးက အမတ်လိမ္မာနဲ့တွေ့လို့ ကုသိုလ်တရားတွေပွါးများရတယ်၊       ဒုတိယဘုရင်ကြီးကြပြန်တော့သူကိုယ်တိုင်ကြည်ညိုပြီး ပေးလှူတတ်လို့ ကုသိုလ်တွေရတယ်လေ၊ 

စာဖတ်သူရော ကိုယ်ကသူများကိုပေးတဲ့အခါဘယ်လိုစိတ်ထားမျိုးနဲ့ ပေးမလဲ၊ အပေးမတတ်ပြန်ရင်လည်း ကိုယ်ပစ္စည်းနဲ့ကို အကုသိုလ်တွေတစ်လှေကြီးရမှာနော်၊ စာရေးသူတော့ ဒီပုံပြင်လေးတွေဖတ်မှတ်သားပြီး ပေးတတ်အောင် ကြိုးစားကြည့်နေပါတယ်၊စာဖတ်သူလည်း ဒီပုံပြင်လေးတွေ ဖတ်ပြီးချိန်ကစပြီး ပေးတတ်အောင် ကြိုးစားကြည့်ပါနော်။။


ရွှေမန်းသား ( အရှင်အကုင်္ရ)

 

ကံကောင်းအောင် ဘယ်လိုလုပ်မလဲ (၂)



လူတိုင်းကကံဆိုးမိုးမှောင်ကျမှာကို အရမ်းကြောက်ကြပါတယ်၊ ဒါပေမဲ့လည်း လူဘ၀ဆိုတာက အမြဲတမ်းကံတွေကောင်းနေတာမှမဟုတ်တာလေ၊ တစ်နေ့နေ့တစ်ချိန်ချိန်တော့ ကံဆိုးမှုတွေနဲ့ ကြုံရတာပဲမဟုတ်လား၊ အဲဒီလိုကံဆိုးမှုတွေနဲ့ကြုံလာရင် လူတိုင်းပထမဆုံးသတိရတာက ဗေဒင်နဲ့ ယတြာကိုပါ၊ ဒီလိုနဲ့ဗေဒင်တွေသွားမေးကြတယ်၊ ယတြာတွေချေကြတယ်မို့လား၊ ဒါပေမယ့် သေချာ စဉ်းစားကြည့်မယ်ဆိုရင် အဲဒီလိုယတြာတွေချေတာကလည်း များသောအားဖြင့်ဘုရားကိုသွားပြီး ကောင်းမှုကုသိုလ်တွေလုပ်ခိုင်းတာများပါတယ်၊


          ဒါကြောင့်ပြောချင်တာကတော့ တကယ်လို့ဒီကရှေ့ကံဆိုးမိုးမှောင်တွေကြုံလာရင် ဗေဒင်တွေ ယတြာတွေ၊ နတ်ကတော်တွေကိုသတိမရလိုက်ပါနဲ့၊ ဘုရားကိုပဲသတိရလိုက်ပါ၊ ဘုရားကိုသတိရလိုက်ပါလို့ပြောတာဟာ ဘုရားကဖြစ်နေတဲ့ကံဆိုးမှုတွေ အပူသောကတွေကို ပျောက်စေသတည်း အပ်ချလောင်းလို့်ပြောယုံနဲ့ ပြောက်သွားမှာမို့ဒီလိုပြောတာမဟုတ်ပါဘူး၊ ရှင်းအောင်ပြောရရင် 

မြတ်စွာဘုရားကိုသတိရတဲ့အခါ မြတ်စွာလဘုရားဟောတော်မူခဲ့ တဲ့တရားတော် တွေကိုသတိရပြီး အဲဒီတရားတော်တွေအတိုင်းကျင့်ကြံရင် ဖြစ်နေတဲ့ကံဆိုးမှုတွေဟာ သက်သာသွားမှာမို့ပါ၊ တကယ်တော့ မြတ်စွာဘုရားကိုဥပမာပေးရရင် မြတ်စွာဘုရားဟာသမားတော် ကြီးနဲ့တူတာပါ၊ 

မြတ်စွာဘုရားညွှန်းတော်မူတဲ့ဆေးညွှန်းအတိုင်းသာ ဆေးသောက်ကြရင် ရောဂါတွေ က သေချာပေါက်ပျောက်ကင်းမှာပါ၊ မပျောက်ကင်းဘူးဆိုတာက မြတ်စွာဘုရားညွှန်းတော်မူတဲ့ အတိုင်း မသောက်ဖြစ်လို့ပါ၊

          ထင်ရှားတဲ့ဥပမာလေးတစ်ခုပြောပြပါဦးမယ်၊ အားလုံးသိဖူးတဲ့အဇာတသတ်မင်းအကြာင်းပါ၊ အဇာတသတ်မင်းဟာ ဖခင်ဘုရင်ဗိမ္ဗိသာရမင်းကြီးကိုနတ်ရွာစံ ကံတော် ကုန်အောင်လုပ်ထားတဲ့ မကောင်းမှုကြီးကြောင့် နေမထိထိုင်မသာဖြစ်ပြီး စက်လို့လဲမပျော်၊ စားလို့လဲမ၀င်ဖြစ်နေပါတယ်၊ ဒီလိုအချိန်မှာ ဘာလုပ်သင့်သလဲဘယ်သူဆီကိုသွားသင့်သလဲလို့ အနီးပါးမှာခစားနေတဲ့ အကြံပေးဝန် ကြီးတွေကိုမေးပါတယ်၊ ၀န်အသီးသီး ကသူတို့ကိုးကွယ်တဲ့ဆရာတွေတိတ္ထိတွေဆီကိုသွားဖို့ညွှန်းဆိုကြ ပါတယ်၊ ဒါပေမဲ့ ဒီလိုညွှန်းဆိုနေတာကို ဘုရင်အဇာတသတ်ဟာသဘောမကျတဲ့အတွက် ဘာမှအကြံ မှမပေး ဆိတ်ဆိတ်လေးနေနေတဲ့ဆရာ ကြီးဇီဝကမေးပါတယ်၊ အဲဒီတော့မှာ ဆရာကြီးဇီဝကက မြတ်စွာဘုရားဆီသွားသင့်ကြောင်းလျှောက်ထားပါတယ်၊ တိုတိုပြောပြရရင် ဆရာဇီဝကအစီအစဉ်နဲ့ 


ဘုရင်အဇာတသတ်ဟာ မြတ်စွာဘုရားထံရောက်သွားပါတယ်၊ မြတ်စွာဘုရားထံရောက်လို့ မြတ်စွာဘု ရား ဟောကြားတော်မူတဲ့ သာမညဖလသုတ်=ရဟန်းတော်တွေရရှိနိုင်တဲ့အကျိုးတရားတွေနာကြားရ ပါတယ်၊ အဲဒီကုသိုလ်ကောင်းမှုကြောင့် စောစောကပြောခဲ့တဲ့ စားလို့မ၀င် အိပ်လို့မပျော်တဲ့သောက တွေပျောက်ကင်းသွားပါတယ်၊ နောက်ဒါတင်မက ဖခင်ကိုသတ်ထားတဲ့အတွက် ပိတု ဃာတကကံကြီး ထိုက်ပြီး မဟာအ၀ီစိငရဲကြီးကိုရောက်ရမယ့်အကုသိုလ်ကနေ တရားတော်နာကြားရတဲ့ ကုသိုလ် ကြောင့် မဟာအ၀ီစိငရဲကြီးကိုကမကျရောက်တော့ပဲ အပြစ်ပေါ့သွားပြိး လောဟကုမ္ဘီငရဲကိုသာပဲကျ ရောက် ရပါတတော့တယ်၊


          ပြောရရင်ဒါဟာတရားတော်ရဲ့တန်ခိုးပါ၊ နောက်မြတ်စွာဘုရားရဲ့ ကြည့်ညိုဖွယ်ရာအဆင်း တော်ကို ဖူးတွေ့ရလို့လဲပါတယ်၊ ကြားဖူးထားတာလေးတစ်ခု ပြောပြချင်ပါတယ်၊ တစ်ခါမှာ အိန္ဒိယ နိုင်ငံက၀န်ကြီးချုပ်နေရူးဟာ သူအလုပ်တွေများပြီး စိတ်ညစ် ညူးတဲ့အခါတိုင်း ဗုဒ္ဓရုပ်ပွားတော်လေးကို စိုက်စိုက်ပြီးကြည့်ပါသတဲ့၊ ဘာကြောင့်အဲဒီလိုကြည့်သလဲဆိုရင် စိတ်ညစ်ညူးတာတွေပြောပြောက်လို့ ပါတဲ့၊ ဒီသာဓကလေးကိုကြည့်မယ်ဆိုရင် 

သာမာန်အသက်မဲ့တဲ့မြတ်စွာဘုရားရဲ့ ရုပ်တုတော်လေးက တောင် ဒီလောက်အစွမ်းထက်နေရင် သက်တော်ထင်ရှားမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကို ကိုယ် တိုင်ကိုယ်ကြဖူးတွေ့ရတဲ့ အဇာတသတ်မင်းဟာ သောကတွေပြေပြောက်တယ်ဆိုတာ စာမဖွဲ့ပြစရာ မလိုလောက်တော့ဘူးလို့ထင်ပါတယ်၊

ပြောရရင် လောကမှာလူတိုင်းဟာအမှားနဲ့မကင်းကြပါဘူး၊ ဒါပေမဲ့မှားနေတဲ့အမှားတွေကို ဘယ်လို သင်ပုန်းခြေကြမလဲဆိုတာကတော့ ဆရာဇီဝကတို့လိုမိတ်ဆွေကောင်းတွေနဲ့ တွေဖို့လိုအပ်ပါတယ်၊ ဒီလိုတွေ့မှသာ နည်းမှန်းလမ်းမှန်ကိုညွှန်ပြမဲ့ ဆရာကောင်းဆီရောက်မှာပါ၊ ဒီလိုမတွေဖြစ်ခဲ့ရင် ကိုယ်ကိုယ်တိုင် နေ့စဉ်နေ့တိုင်း ငါဘာလုပ်နေသလဲလို့ ကိုယ်လုပ်တဲ့အလုပ်လေးတွေကို အမြဲတမ်း up date လုပ်ပေးနေမယ်ဆိုရင် အဆင်ပြေမယ်ထင်ပါတယ်၊ ဒါဆိုရင်မေးစရာရှိပါတယ် ဘယ်လိုupdate လုပ်ပေးရမလဲလို့လေ၊ လုပ်နည်းကလွယ်လွယ်လေးပါ မသိသေးလို့ခက်နေတာပါစာဖတ်သူရယ်၊ 

စာရေးသူရော စာဖတ်သူရောရဖူးတဲ့ သြကာသလေးကိုပြန်အာရုံပြုရွတ်ဆိုကြည့်ရအောင်ပါ၊ အဲဒီထဲမှာ ကာယကံ၊၀စီကံ၊မနောကံဆိုပြီးပါလာတယ်မို့လား၊ အဲဒါလေးတွေကို နားလည်သွားအောင် ပထမစဉ်း စားကြည့်ရအောင်ပါ၊ ကာယကံဆိုတာ ကိုယ်နဲ့ပတ်သတ်ပြီးလုပ်တဲ့အလုပ်တွေပါ၊ ဥပမာပြောရရင် သွားတာစားတာ နေတာထိုင်တာစတာလေးတွေပါ၊ အဲဒီလိုလုပ်နေတာလေးတွေကို မလုပ်ခင်မှာ ငါလုပ်မဲ့အလုပ်လေးတွေဟာ ငါသူတစ်ပါးအတွက် ကောင်းကျိုးလား၊ ဆိုးကျိုးလားဆိုတာကြိုတင်စဉ်း စားကြည့်ပါမယ်၊ ကောင်းကျိုးဆိုရင်လုပ်မယ်ပေါ့၊ ဆိုးကျိုးဖြစ်နေမယ်ဆိုရင် ရှောင်ကြဉ်လိုက်မယ်ပေါ့၊ 

ဒါကမလုပ်ခင်အရင် စဉ်းစားခန်းဝင်တဲ့အပိုင်းပါ၊ နောက်လုပ်နေဆဲကာလလေးမှာလဲ ငါလုပ်နေတာ တွေဟာ ငါသူတစ်ပါးအတွက် အကျိုးရှိလား၊ အကျိုးမဲ့လားလို့ စဉ်းစားလိုက်ပါဦး၊ တကယ်လို့ ငါသူ တစ်ပါးအတွက် အကျိုးမဲ့ဖြစ်နေရင် လက်ရှိလုပ်နေတာတွေကို မလုပ်ပဲရပ်ပြစ်လိုက်ပါ၊ အကျိုးရှိနေ တယ်ဆိုရင်ဆက်လုပ်လိုက်ပါ၊ ဒါက လုပ်နေတဲ့အချိန်အတောအတွင်းလေး စဉ်းစားတဲ့အပိုင်းပါ၊

 နောက်လုပ်ပြီးသွားတဲ့ အပိုင်းကိုလည်းစဉ်းစားကြည့်စေချင်ပါတယ်၊ ငါလုပ်ခဲ့တဲ့အလုပ်ဟာ ငါသူတစ် ပါးအတွက် အကျိုးရှိလားအကျိုးမဲ့လားလို့လေ၊ တကယ်လို့ ကိုယ်လုပ်ပြီးသွားတဲ့အလုပ်တွေဟာ ငါသူတစ်ပါးအတွက် အကျိုးမရှိဘူးဆိုရင် နောက်တစ်ခါဒါမျိုးဘယ်တော့မှ မလုပ်တော့ဘူး၊ မဖြစ်စေရ ဘူးဆိုပြီး ကိုယ့်စိတ်ကိုပြင်လိုက်ပါ၊ ကိုယ်လုပ်ခဲ့တဲ့အလုပ်တွေဟာ ငါသူတစ်ပါးအတွက် အကျိုးရှိတယ် ဆိုရင် နောက်လည်းထပ်ခါထပ်ခါ ဒါမျိုးအလုပ်လေး တွေဆက်လုပ်မယ်လို့ တွေးပြီးဝမ်းသာနေလိုက်ပါ၊ ဒါက ကာယကံနဲ့ပတ်သတ်ပြီး ကိုယ့်ကိုယ်ကို update မြှင့် ပုံလေးပါ၊

          နောက်ဝစီကံနဲ့ ပတ်သက်ပြီးပြောကြည့်ရအောင်ပါ၊ ၀စီကံဆိုတ=ပါးစပ်ကနေပြောဆိုတဲ့ အလုပ်ပါ၊ တစ်ခါတစ်ခါ ချစ်စေလိုခံတွင်းလက်လေးသစ်၊ မုန်းစေလိုခံတွင်းလက်လေးသစ်ဆိုတဲ့အ တိုင်းပါပဲ တစ်ယောက်နဲ့တစ်ယောက် စကားပြောမှားရာကနေ ရန်သူကြီးတွေဖြစ်သွားကြရတယ် မို့လား၊ ဒါကြောင့်အဲဒီလိုမဖြစ်ရအောင် စကားမပြောခင် ကိုယ်ပြောမဲ့စကားလေးကို အရင်စဉ်းစားလိုက် ပါ၊ 

ငါပြောမဲ့စကားက ငါရောသူရောနှစ်ယောက်သားအတွက် အကျိုးလားအဆိုးလားဆိုတာလေ၊ အကျိုးဖြစ်နေရင်ပြောလိုက်ပါ၊ အဆိုးဖြစ်နေရင်တော့ မပြောပဲနဲ့ မနောထဲတွင်မျိုသိပ်လိုက်ပါ၊ ဒါက မပြောခင် စဉ်းစားတာလေးပါ၊ နောက်စကားပြောနေတုန်းမှာလဲ ငါပြောနေတာတွေဟာ 

ငါရောသူရော နှစ်ဦးသားအတွက် အကျိုးရှိတဲ့စကားတွေလား အဆိုးထိမဲ့စကားတွေလားလို့ခဏစဉ်းစားလိုက်ပါဦး၊ အကျိုးရှိနေရင် ဆက်ပြောလိုက်ပြီး၊ အဆိုးထိနေရင် ပြောလက်စလေးတွေကို ရပ်တန်းကရပ်ပြစ်လိုက် ဖို့ပါ၊ ဒါကပြောနေတုန်းမှာ ဆင်ခြင်စရာလေးပါ၊ နောက် ပြောပြီးသွားပြန်ရင်လည်း ငါပြောခဲ့တဲ့စကား တွေဟာ 

ငါနဲ့သူရဲ့အကြားမှာ ကောင်းတာလားဆိုးတာလားလို့ ပြန်လည်စဉ်းစားကြည့်ပါ၊ ဆိုးတာတွေ ပါသွားရင် ပြန်တောင်းပန်လိုက်ပါ၊ ကောင်းတာတွေပါသွားခဲ့ရင်တော့ ၀မ်းသာကြည့်နူးမှုတွေနဲ့ နောက် လည်း ငါဒီလိုစကားလေးတွေ ရွေးပြောတော့မယ်လို့ပျော်နေလိုက်ပါ၊


          ဒါက၀စိကံနဲ့ပတ်သက်ပြီးပြောပြခဲ့တာပါ၊ ဒီတစ်ခါမနောကံနဲ့ ပတ်သတ်တဲ့အပိုင်းလေးကိုပြော ကြည့်ရအောင်ပါ၊ မနောကံဆိုတာ ဘယ်သူမှမသိဘဲ ကိုယ်စိတ်ထဲကြိတ်ပြီးကြံနေတာကိုပြောတာပါ၊ ဒီ လိုကြံတော့မယ်လို့စိတ်ကူးလာရင် ဒီလိုလေးအရင်စဉ်းစားစေချင်ပါတယ်၊ ငါကြံမဲ့အကြံ အစည်တွေ ဟာ ငါရောသူရော နှစ်ဦးသားအပေါ် ကောင်းတာလားဆိုးတာလားလို့လေ၊ ကောင်းတာဆိုရင် ဆက် ကြံလိုက်ပါ၊ မကောင်းတာဆိုရင် ဒီအကြံအစည်ကိုဖျက်လိုက်ပါ၊ နောက် စိတ်ထဲကနေကြံစည်နေတုန်း မှာလဲ 

ငါကြံစည်နေတာတွေဟာ ငါနဲ့သူနဲ့နှစ်ယောက်သားအတွက် ဘယ်လောက်များအကျိုးရှိမလဲ အဆိုးထိမလဲလို့တွေးလိုက်ပါ၊ တကယ်လို့အကျိုးရှိမယ်ဆိုရင် ဆက်ကြံလိုက်ပါ၊ အဆိုးထိမယ်ဆို ကြံစည်နေတာတွေရပ်လိုက်ပါ၊ ဒါကကြံစည်နေတုန်းသတိလေးကပ်မိဖို့ပါ၊ နောက် ကြံပြီးသွားရင် လည်း ငါကြံစည်ခဲ့တာတွေဟာ ငါရောသူပါနှစ်ယောက်သားမှာ ကောင်းကွက်လား ဆိုးချက်လားဆိုတာစဉ်းစားပါ၊ ကောင်းကွက်ဆိုရင် နောက်လည်း ငါဒါမျိုးစိတ်ကူးလေးတွေကြံစည်နေ မယ်လို့တွေးပြီးပျော်နေလိုက်ပါ၊ 

ဆိုးချက်တွေဆိုရင်တော့ နောက်များဆိုရင် ဒါမျိုးစိတ်ကူးကို ထိပ်ဖူးတက်လာတာနဲ့ ကန်ချပစ်မယ်လို့ရဲရဲတွေးပြီး မကြံဖြစ်အောင်ဆုံးဖြတ်လိုက်ပါ၊


          ကဲဒါဆိုရင် ခုပြောပြခဲ့ ကံသုံးပါ=အလုပ်သုံးမျိုးကို မလုပ်ခင်ရော၊ မပြောခင်ပါစတဲ့နေရာလေး တွေမှာ သတိလေးထားပြီး ကိုယ့်ကိုယ်ကို update လေးတွေဘယ်လိုမြှင့် ရမယ်ဆိုတာပြောပြပြီးပါပြီ၊ အဲဒီလိုသာ update လေးတွေနေ့စဉ်မြှင့်ပေးမယ်ဆိုရင် ကံဆိုးစရာကံမကောင်းစရာ အကြောင်းမရှိ တော့ဘူးလို့ထင်ပါတယ်၊ ဒါကြောင့်ပြောပြခဲ့သလိုလေးတွေ update မြှင့်နိုင်ပြီး ခုလက်ရှိအချိန်ကစပြီး စာဖတ်သူအားလုံး ကံကောင်းနိုင်ကြပါစေလို့ ဆုချွေလိုက်ပါတယ်။ ။

ရွှေမန်းသား ( အရွင္အကုၤရ)