Sunday 6 September 2015

ကိုယ့်ရဲ့ အားနည်းချက်

ကိုယ့်ရဲ့ အားနည်းချက်
*******************************************************
ကိုယ့်ရဲ့အးနည်းချက်တွေထဲက တစ်ခုကတော့ မေ့တတ်ခြင်းဖြစ်သည်၊ အထူးသဖြင့် လူတွေရဲ့ မွေးနေ့တွေကို မေ့နေတတ်ခြင်းက သူတို့နဲ့ဆက်ဆံရေးမှာ အဖုအထစ်ဖြစ်စရာ ဖြစ်နေသည်၊ ဒကာတွေထက် ဒကာမတွေရဲ့ မွေးနေ့ကို မေ့နေခြင်းက ပိုပြီးတော့ ဆရာဒကာ ဆက်ဆံရေးမှာ သွေးအေးစရာဖြစ်သည်၊
ကိုယ်သီရိလင်္ကာနေစဉ်တုန်းက အဖြစ်အပျက်တစ်ခုကို သတိရနေမိသည်၊ အဲဒီတုန်းက ညီတော်မောင်ခေမာက သူ့မယ်တော်တစ်ယောက်မွေးနေ့ကို မေ့နေသည်၊ ကိုယ်က မနက် လင်းလင်းချင်း မွေးနေ့ဆုတောင်းပေးဖို့ တိုက်တွန်းစကားဆိုတော့ သူက ဆွမ်းကပ်တွေနဲ့ အလုပ်ရှုတ်နေသူမို့၊ အေးအေးဆေးဆေး ညနေမှ ဆုတောင်းပေးမည်ဟု စကားပြန်ဆိုသည်၊
သူလဲ သူစကားအတိုင်း ညနေမှ မွေးနေ့ဆုတောင်းပေးလေတော့ သူမယ်တော်နဲ့ ဆက်ဆံရေး မပြေမလည်ဖြစ်ကာ အခုအချိန်ထိ အဆက်အသွယ်တွေပြတ်တောက်ခဲ့ရသည်၊
အခုချိန်မှာတော့ ညီမောင်ခေမာက အဲဒီအချိန်ကနဲ့ ပြောင်းပြန်ဖြစ်နေပြီး သူက ကိုယ်ထက်တော်နေပြန်သည်၊
အမေရိကန်က သူ့နဲ့ ကိုယ့်ရဲ့ ရဟန်းမယ်တော်ရဲ့ မွေးနေ့ကို မရောက်ခင်ကတည်းက နာဂဇုနမှာရှိတဲ့ Ph.D ကျောင်းတက်နေတဲ့ မြန်မာရဟန်းတော်တွေဆွမ်းကပ်မယ်၊ ရဟန်းမယ်တော် အတွက် ကုသိုလ်လုပ်မယ်လို့ ဖုန်းထဲက နေ ကိုယ့်ကို စကားဆိုဖူးသည်၊ ကိုယ်လဲ မယ်တော်မွေးနေ့က ဘယ်နေ့လဲ မမေးဖြစ်လိုက်၊ ဘာသိဘာသာပင် ၊ အင်း အင်းကောင်းပါ
တယ်လုပ်လေဟု ပြောဖြစ်လိုက်သည်၊ သူက အင်တိုက်အားတိုက် မရောက်ခင်ကတည်းက စိုင်းပြင်းနေသူမို့ ကိုယ့်ထက် အများကြီးတော်သည်လို့ ပြောလို့ရသည်၊ သူထက်စာရင် ကိုယ်က သွေးအေးသမားတစ်ယောက်သာဖြစ်နေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ရဟန်းမယ်တော်မွေးနေ့က ဒီနေ့ (6.9.2015) တနင်္ဂနွေနေ့ဖြစ်လို့နေသည်၊ ကိုယ်က စနေနေ့ကတည်းက ချနိုင်းကအလည်လာသော သူငယ်ချင်း ကိုကောနဲ့ အတူတူ ကိုယ်တို့တက်နေတဲ့ အန္နမလိုင်း တက္ကသိုလ်မှာ ကျောင်းလာတက်နေတဲ့ သံဃာတွေကော Ph.D တက်ဖို့ ကျောင်းလာဂျွိုင်းနေတဲ့ သံဃာတွေကော လက်ရှိသံဃာ(၁၆) ပါး၊ များများရှိနေတုန်း ဆွမ်းကပ်ဖို့ စိတ်ကူးဖြစ်မိသည်၊ ဒါနဲ့ စနေနေ့ကတည်းက လိုအပ်တဲ့ ဟင်းချက်စရာတွေကြိုဝယ်ဖြစ်သည်၊
မနက်ခင်းအလင်းရောက်တော့ မြို့ပြင်က ငါးဈေးကို ပုဇွန်နဲ့ ငါးဝယ်ဖို့ ပြေးရသည်၊ သူငယ်ချင်း ကိုတက်တိုးကမြို့ပြင်ဘက် ၀ယ်သားအ၀ယ်ထွက်တာ ၀က်သားက မရခဲ့၊ ဒါနဲ့ နီးရာ ကြက်သားကို ပြေးဝယ်ဖြစ်ပြန်သည်၊
ဒီနေ့မှ မနက်ကတည်းက မီးကပျက်နေတော့ ဆွမ်းချက်ဖို့ပေါင်းအိုးတွေက အခက်အခဲထဲမှာ ဖြစ်သလို ဂတ်(စ်)နဲ့ ချက်ယူရသည်၊ ချဉ်ရည်ချက်ဖို့က ချဉ်ပေါင်ရွက်က မရတော့ ဖြစ်သလို မကျည်းသီးနဲ့ ချဉ်အောင်လုပ်ယူရသည်၊ ဈေးသုံးခုကို ပြေးကြည့်တာတောင် ချဉ်ပေါင်ရွက်က အခါးပဲတွေ့သည်၊ အချဉ်ရှာမရ၊ ဒါပေမယ့် သူငယ်ချင်းတွေ တက်ညီလက်ညီ ၀ိုင်းဝန်း လုပ်ကြလို့သာ အချိန်မီ ဆွမ်းဘုန်းပေးဖို့ အဆင့်သင့်ဖြစ်ရသည်၊ အဲဒီအတွက်
သူငယ်ချင်းတွေကို ကျေးဇူးတင်မိသည်၊ မြန်မာရဟန်းတော်တွေမို့ထင်သည် ငပိချက်က လက်ရာကောင်းသည်ဟု စကားဆိုကြသည်၊ ကိုယ့်လက်ရာတော့ မဟုတ် သူငယ်ချင်းတွေ ၀ိုင်းကူတဲ့ လက်ရာသာဖြစ်သည်၊
အတူနေသူငယ်ချင်း ရဟန်းတော်တွေက ဘာအတွက်ဆွမ်းကပ်တာလဲ မေးကြသည်၊ ကြည်ညို သဒ္ဒါဆွမ်းပါလို့ ရိုးရိုးသာ ဖြေဖြစ်သည်၊
ဆွမ်းချက်ပြီး ခနနားနေတုန်း facebook ဖွင့်ကြည့်မှ ဒီနေ့ဟာ တိုက်တိုက်ဆိုင်ဆိုင် ရဟန်းမယ်တော်ရဲ့ မွေးနေ့ဖြစ်နေမှန်းသိရသည်၊ ဒါနဲ့ ဒီနေ့ကပ်မယ့် ဆွမ်းကို ရဟန်းမယ်တော် မွေးနေ့အတွက် ရည်ရွယ်ကပ်တာပါလို့ သူငယ်ချင်းတွေကို လျှောက်ထားလိုက်ရသည်၊
တကယ့်တော့ မယ်တော်မွေ့နေ့ကို ကြိုကြိုတင်တင်သိဖို့ကောင်းသည်၊ ကြိုကြိုတင်တင် မသိမိတာ ကိုယ့်ရဲ့ အားနည်းချက်တစ်ခုဖြစ်ရပြီ၊
မေ့တတ်တဲ့ ကိုယ့်ရဲ့ ဦးနှောက်က ကျောက်ကပ်မှာ ကျောက်တည်လို့ ခွဲပြီးကတည်းက ပိုပိုပြီး မေ့လာသည်၊ အခုအချိန် ကိုယ့် Ph.D ကျမ်းအတွက် ကျမ်းတင်ဖို့ နီးနေချိန်မှာ ဆရာကစစ်လိုက်၊ သူပြင်ခိုင်းတာတွေ ပြန်ပြင်လိုက်၊ အချိန်မှီပြီးစီးအောင် အားစိုက်လိုက်လုပ်နေတဲ့ ဦးနှောက်က ပိုပြီး မေ့မေ့လာသည်၊ ဒီကြားထဲ စာဘက်စိတ်ရောက်ပြီး ကွန်ပျူတာ စခရင်နဲ့ မျက်နှာတပ်မိပါက ဘေးက အချိန်တွေကို မေ့နေတတ်ပြန်သည်၊ အထိုင်ကြာလာမှ ခါးက နာကြင်တာ အချက်ပြမှ အနားယူမိတာက များသည်၊ ခါးက ခနခနအချက်ပြလေ၊ ကျောက်ကပ်ခွဲထားတဲ့ ဒဏ်ကပေါ်လေဖြစ်နေတော့ မျက်နှာက
တစ်ခါတစ်ခါ ဖောဖောလာတတ်ပြန်သည်။ ဒီလိုနဲ့ ကိုယ်မျက်နှာဟာ မသောက်ပဲ အသောက်သမား တစ်ယောက်ပမာ ဖောဖောယောင်ယောင်ဖြစ်နေပြန်သည်၊
ကျောက်ကပ်ရောဂါရှိသူဟာ ဦးနှောက်ကို သွေးပို့မှုနည်းတာကြောင့် အာရုံကျောတွေ အားနည်းပြီး မေ့တတ်တာ၊ သတိမရရှိတာ ဖြစ်တတ်တယ်လို့ ဆေးစာဆောင်းပါးမှာ ပါသလို ကိုယ့်ဟာ ကျောက်ကပ်ဒဏ်ရာကြောင့် ပိုပြီးမေ့တတ်လာသည်၊
ဟိုတစ်လောက မုံရွာနယ်က သူငယ်ချင်းက သူ့ဖွင့်မယ့် ဓမ္မစကူးမှာ အာဟာရနဲ့ ကလေးတွေအတွက် စာရေးကြိယာလှူဖို့ အလှူခံဖူးသေးသည်၊ ကိုယ်လဲ လှူပါမယ် ကတိပေးပြီး မေ့နေမိသည်၊ ဒီနေ့ သူ့ဆီက ကလေးတွေ ပုံလေးတွေ လှမ်းပို့မှ လှူဖို့ သတိကရပြန်နေသည်၊
ကိုယ့်အသက်ရှင်နေစဉ်မှာ တတ်နိုင်သမျှ ကိုယ့်အားနည်းချက်လေးတွေကို ပြင်ပြီး ကုသိုလ်တွေကို တတ်နိုင်သမျှ သတိရအောင် ကြိုးစားချင်သည်၊ သူကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ကြောင့်ပဲဆိုဆို တစ်ခုခု တစ်နေရာရာမှာ လိုအပ်တာလေးတွေဖြည့်ပေးခွင့်ရချင်သည်၊
ဘ၀တွေက တိုလွန်းတော့ ပေးသောလက်နဲ့ နွေးထွေးသောလက်လေးတွေကို ပိုင်ဆိုင်သွားချင် သည်၊
မြတ်စွာဘုရားကတော့ “အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ ပစ္စုနော ပဒံ= မမေ့ခြင်းဟာ မသေရာ ပြည်ခေမာပါ၊ မေ့နေတာဟာ သေတာပါပဲလို့”၊ ဟောကြားထားခဲ့ဖူးသည်၊ ကိုယ်ဟာ ကိုယ့်အားနည်းချက် မေ့လျှော့ခြင်းနဲ့သာ အခုချိန်မှာ သေသွားခဲ့ရင် လို့ တွေးမိပြီး အားလုံးသာ သူငယ်ချင်း များ၊ ချစ်သူ ချင်သူများကို မှာခဲ့ချင်တာက
ဘာပဲဖြစ်ဖြစ် ဘယ်နေရာပဲရောက်ရောက် ကုသိုလ်အရေးတွေကို မမေ့ကြပါနဲ့လို့ ………………။ ။
ရွှေမန်းသား အရှင်အင်္ကုရ