Tuesday 31 December 2013

နှစ်သစ်

ကူးတော့ကူးသွားပြီး
ငါတို့ကော တကယ်ကူးသွားပြီးလား
ထူးတော့ ထူးသွားပြီ
ငါတို့ကော တကယ်ထူးခြားပြီးလား

အရွေ့ထဲမှာ မျောပါ
တို့တစ်တွေဟာ
ကျန်နေလို့ မဖြစ်
အာလုံးနဲ့ သဟဇာတဖြစ်ဖို့
ကိုယ်ကိုယ်ကို ထုဆစ်ကြစို့

အားလုံးနဲ့
တန်းတူရည်တူ ဆက်ချစ်ကြဖို့
သယ်လာတဲ့
အတ္တတွေကို လွှင့်ပစ်ကြစို့
ဗြဟ္မစိုရ် များများပွား
တစ်ဦးအပေါ် တစ်ဦး သစ္စာထားရင်း
တို့တစ်တွေ နှစ်သစ်မှာ
မင်္ဂလာယူလိုက်ကြပါစို့။ ။

ရွှေမန်းသား အရှင်အကုင်္ရ

နှစ်သစ်မှာ ကဗျာရေးပါဦးလို့ တိုက်တွန်းတဲ့ မယ်တော်အတွက် အမှတ်တရ

Tuesday 24 December 2013

ဥယျာဉ်မှူး

မချစ်တတ်လို့ မဟုတ်ပါဘူး
ချစ်တတ်ပါတယ်ကွယ်
မလွမ်းတတ်လို့ မဟုတ်ရပါဘူး
လွမ်းတတ်ပါတယ်ကွယ်
မနမ်းတတ်လို့ မဟုတ်ရပါဘူး
နမ်းတတ်ပါတယ်ကွယ်

ချစ်တတ်၊ လွမ်းတတ်၊ နမ်းတတ်
မြတ်နိုးတတ်သူ အပူအပြည့်
ဓလေ့တူညီ
ဝါသနာဘာဂီ ဆက်တိုင်း မှီခဲ့
အတိုင်းအဆ
မပြတတ်အောင်
ယစ်မူးတွယ်တာ ချစ်နေပါလဲ
ကိုယ်ဟာ ဟိုးဝေးဝေးက လူ ။ ။

အောင်မိုးသစ်

ဝန်ထုပ် ၀န်ပိုး( သို့ ) ၀ဋ်ထုပ် ၀ဋ်ပိုး

သူ့ကို ငါက မပစ်ရက်လို့ သယ်လာခဲ့တယ်
တဖြေးဖြေးနဲ့ ပိုပို လေးလာပေါ့
လေးလွန်းလို့ ပစ်ခဲ့မယ်ကြံပြန်ရော့

အကြာကြီးသယ်လာပြီးမှ
ပစ်ခဲ့ရမှာ နှမြောစရာ
နှမြောနေရင်းနဲ့ ဆက်သယ် ဆက်သယ်
ဆက်သယ်လာ

ဆက်သယ်ရင်းနဲ့ ပိုပိုလေးလံလာ
အခုလို သယ်လာတာဟာ သံသရာတွေ
ဘယ်လောက်လည်လို့ လည်မှန်းမသိ
ကြာလေ ကြာလေ လေးလံလှတော့၏ ။ ။

ရွှေမန်းသား အရှင်အကုင်္ရ

Monday 2 December 2013

ဘ၀ မှတ်တိုင်

ကြာတော့လဲ မေ့သွားကြမှာ
မင်းဘယ်က လာတယ်
မင်း ဘယ်ကိုသွားမယ်
လူတွေ စိတ်မ၀င်စားဘူး

သူ့အကြောင်းနဲ့သူ သူ
သူ့ခေါင်းနဲ့ သူ
သူ့ အဟောင်းနဲ့ သူ
မတူညီတဲ့ ဘ၀တွေ
သယ်ပိုးရင်း
ကိုယ့်ယုံကြည်ရာနဲ့ ကိုယ် စီးမျောရင်း

သီချင်းဆိုရင်း
အချင်းအချင်း မျိုရင်း
မလင်းတလင်း ငိုရင်း

သူငယ်ချင်း
တစ်ခါတစ်လေတော့
မင်းအကြောင်းပြောချင် ပြောမှာပေါ့

ဒါပေမယ့်
မင်း နာမည်နောက်က
အမြီးဆွဲ တွဲလဲခိုထားတဲ့ ဘွဲ့လက်မှတ်တွေနဲ့
အကြောင်းအရာတွေက ခပ်များများ
မင်းလက်ရှိအကြောင်းက ခပ်ပါးပါး

စိတ်မရှိပါနဲ့ကွာ
တစ်နေ့နေ့ မင်းမှတ်တိုင်ပေါ်မှာ
လာနားမယ့် ငှက်တစ်ကောင်တော့
သေချာရှိနေမှာ ။ ။

အောင်မိုးသစ်