Friday 26 April 2013

မြတ်စွာဘုရားရုပ်ပွားတော်အား အနေကဇာ တင်သင့် မတင်သင့်

ဘုန်းဘုန်းကိုတပည့်တော်မေးချင်တာ တစ်ခုရှိလို့ပါ။ ယခု တပည့်တော်တို့ ဇနီးမောင်နှံရဲ့အိမ်မှာမိဘများမှ ကိုးကွယ်ခွင့်ပေး လိုက်သော ဘုရားဆင်းတုတော်တစ်ဆူကို ကိုးကွယ်ပူဇော်နေပါ တယ်။  ယခင်ကတော့ပုံတော်ကိုပဲ ပူဇော်နေ တာပါ။ တပည်တော်တို့အနေနဲ့ဘုရားအနေကဇာတင်သင့်ပါသလား။

ဘုရားကတပည့်တော်မိဘအိမ်ကဘုရားပါ။ဘုရားကိုအနေကဇာတင်သင့်မတင်သင့်သိချင်တာပါဘုရား။ ဘုရားအနေကဇာတင်ခြင်းရဲ့ အကျိုးကိုတပည့်တော်ကိုကျေးဇူးပြုပြီးမိန့်ကြားပေး ပါဘုရား။ပြီးတော့ တပည့်တော် တရားဂုဏ်တော် နှင့်သံဃာဂုဏ်တော်အကျယ်ကိုလည်းသိချင်ပါတယ် ဘုရား။ ဘုန်းဘုန်းအဆင်ပြေသလို fb ကနေကျေးဇူးပြုပါဘုရား။ တပည့်တော်မေးတာအမှားပါရင်ခွင့်လွှတ်ပါဘုရား။

အိအိလှိုင်

အနေကဇာတင်တာနဲ့ ပတ်သက်ပြီးပြောပြရင်အတိုဆုံးအဖြေကတော့ မြတ်စွာဘုရှင် ကိုယ်တော်မြတ် ဘုရားဖြစ်ပြီးလို့ ကိုယ်တော်မြတ်ကျင့်ခဲ့တဲ့ တရားတွေအတိုင်း သဗညုတဥာဏ်တော်ကြီးကို သိတော်တာရယ်၊ တကယ့် သံသရာကြီးကိုကျယ်အောင်ချဲ့တတ်တဲ့ တဏှာအစဖြာတဲ့ ကိလေသာတွေကို တွေ့လိုက်တဲ့အခါ စိတ်တော်ထဲ မှာတင်မကနှုတ်တော်ကပါ ဖွင့်ဟရွတ်ဆိုတဲ့ အနေကဇာတိ သံသာရံ အစဖြာတဲ့ ဂါထာတွေကို ရွတ်ဖတ်ပူဇော်တာပါ၊
တစ်ချို့က ပြောတတ်ကြပါတယ်၊ အနေကဇာတင်တယ်ဆိုတာဘုရားကို အသက်သွင်းတာတဲ့၊ ဒါဟာမှားယွင်းတဲ့ အပြောအဆိုတွေသာ ဖြစ်မှာပါ၊

ဘုရားကို အသက်သွင်းစရာမလိုပါဘူး၊  သုံးလောကထွဋ်ထား တန်ခိုးရှင်ဖြစ်သော ဘုရားကို မည်သူမှအသက်သွင်းစရာမလိုပါ။ အသက်သွင်းခြင်း လုပ်ငန်းဆိုတာ ဗုဒ္ဓဘာသာတို့ရဲ့ လုပ်ငန်းမဟုတ်ပါ။အနေကဇာတင်ခြင်းကို ဘုရားရှင်အား အသက်သွင်းတယ်လို့ မသုံးနှုံးသင့်ပါ။ သို့ဖြစ်၍  ဘုရားရှင်အား

အနေကဇာတင်ဖို့မလိုဟူ၍ကား မဆိုပါ၊ ရုပ်ပွားတော်များကို အသက်ဝင်အောင် အနေကဇာတင်မှု မတင်မှုသည်ပဓာနကျသည်တော့ မဟုတ်ပါ။ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ရုပ်ပွါးတော်ကို မဟာပုရိသလက္ခဏာ ၃၂ပါးနဲ့ ညီညွတ်စွာ ပီပီပြင်ပြင် ဖြစ်နေပြီးတော့ စိတ်ထဲမှာ ကြည်ညိုဖွယ်ဖြစ်ပြီဆိုရင်ပူဇော်ကြရုံသာ။ ပူဇော်တိုင်း အကျိုးများနေမည်မှာ အမှန်ပင် ဖြစ်ပါတယ်။

အနေကဇာတင်ခြင်းဆိုတာကို အကျယ်ချဲ့ပြောရမယ်ဆိုရင်---
အနေကဇာတင်ခြင်း ဆိုသည်မှာရှေးရှေးဆရာတော် သံဃာတော်များက ဘုရားရှင်ကိုယ်တော်မြတ် ဘုရားဖြစ်စရဲ့ နေ့တွေ၊ ညတွေမှာအနေကဇာတိသံသာရံ၊ ပဋိစ္စသမုပ္ပါဒ်၊ ယထာဟဝေဂါထာများဖြင့် ဘုရားရှင်ကိုယ်တော်မြတ် တနေ့လုံးတညလုံး သီတင်းသုံးသွားသော အခြင်းအရာကို ပြန်လည်အောက်မေ့၍ ဗောဓိသတ္တာဟ၊ ပလ္လင်္က သတ္တာဟကိုကြည်ညိုသောအနေဖြင့် ပူဇော်ကြခြင်း ဖြစ်ပါတယ်။

အနေကဇာတင် ရွတ်ဖတ်မှုနှင့်ရည်ရွယ်ချက်

 (က) အနေကဇာတိ သံသာရံ၊ သန္ဓာ ၀ိဿံ အနိဗ္ဗိသံ။ ဂဟကာရံဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။
 (ခ) ဂဟကာရက ဒိဋ္ဌော သိ၊ ပုန ဂေဟံ န ကာဟသိ။ သဗ္ဗာ တေဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။ ၀ိသင်္ခါရ ဂတံ စိတ္တံ၊ တဏှာနံ ခယ မဇ္ဈဂါ။ ဤဂါထာတို့ဖြင့်အစချည်၍ သံဃာတော်များမှ ရွတ်ဖတ်ပူဇော်ပြီးသောအခါ “အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ” ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်အနုလောမကို ရွတ်ဆိုတော်မူကြပါတယ်။ အဲဒီနောက်မှာတော့ “အ၀ိဇ္ဇာယတွေဝ အသေသ ၀ိရာဂ နိရောဓာ”အစရှိသော ပဋိစ္စသမုပ္ပါဒ် ပဋိလောမကို ရွတ်တော်မူကြပါတယ်။ ထို့နောက် “ယဒါ ဟဝေ ပါတု ဘ၀န္တိဓမ္မာ” အစရှိသော သုံးဂါထာကို ရွတ်ဆိုတော်မူကြရပါတယ်။ အဲဒီလို အစဉ်အစဉ်ဖြင့် ။

၁။ အနေကဇာတိ သံသာရံ၊ ၂။ ပဋိစ္စသမုပ္ပါဒ်အနုလောမ နှင့် ပဋိလောမ ၃။ ယဒါ ဟဝေ အစရှိတဲ့ ဥဒါန်း သုံးဂါထာ ဒီအစီအစဉ်သုံးခုကို ဘုရားရှေ့တော်မှောက်မှာသံဃာတော်များ လက်အုပ်ချီပြီး ရွတ်ဆိုမှု့များဟာ ဘယ်လို အဓိပ္ပါယ်ရှိလဲ မေးရင်

.......ဘုရားရှင်ကိုယ်တော်မြတ်မဟာသက္ကရာဇ် (၁၀၃) ခုနှစ် ကဆုန် လပြည့်နေရဲ့ ညနေခင်း၊ ဗောဓိပင်ရင်းမှာ နေမ၀င်မှီ ဒေ၀ပုတ္တမာန်ကိုအောင်မြင်တော်မူခဲ့ပါတယ်။ ညဦးယံကာလ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်နှင့် သန်းခေါင်ယံကာလဒိဗ္ဗစက္ခု အဘိညာဉ် တို့ကို ရတော်မူခဲ့ပါတယ်၊  လင်းအားကြီးကာလ ကဆုန်လပြည့်နေ့ည မကုန်သေးမှီ အချိန်မှာ“အာသ၀က္ခယဥာဏ်”ကို ရ၍ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါယတယ်၊
 ဘုရားအဖြစ်သို့ရောက်ပြီး လပြည့်ကျော်တရက်နေ့ ကူးသောအချိန်ဗောဓိပင်ရင်းမှာ သီတင်းသုံး ထိုင်နေတော်မူတဲ့ ဘုရားရှင်ဟာ ကမ္ဘာအသင်္ချေအနန္တက နှိပ်စက်လာတဲ့ကိလေသာတွေကို အောင်မြင်ခဲ့ပြီဖြစ်တဲ့ ဘုရားရှင်သည် ၀မ်းသာတော်မူလွန်းလို့ ဥဒါန်းကျူးရင့်တော်မူပါတယ်။

ဗုဒ္ဓကျူးရင့်ခဲ့တဲ့ ဥဒါန်း(၂) မျိုး

 ဘုရားရှင် ကျူးရင့်တော်မူသော ဥဒါန်းမှာ နှစ်မျိုးရှိပါတယ်။

၁။ မနသာ“၀၀တ္ထပိတ”ဥဒါန်း(စိတ်ထဲမှာသာလျှင် ကျူးရင့်သော ဥဒါန်း)

၂။ ၀စသာ ဥဒါန်း (စိတ်ထဲတွင်မကပဲ နှုတ်ကပါ ထုတ်ဖော်၍ ကျူးရင့်သော ဥဒါန်း) ဟူ၍ နှစ်မျိုးဆိုပြိး နှစ်မျိုးရှိပါတယ်။ဥဒါန်းဆိုတာ

အိုးတလုံးထဲ ဆီထည့်(သို့မဟုတ်) ရေထည့်၊ ထည့်ရင်းထည့်ရင်းနဲ့ ပြည့်ပြီးတော့ နှုတ်ခမ်းရောက်လို့ အိုးထဲမှာ မဆန့်ပဲ နှုတ်ခမ်းကနေ စီးပြီးတော့ လျှံကျသွားတဲ့အခါ အိုးတအိုးလုံး အတွင်းရော အပြင်ပါ ဆီတွေ ရေတွေ စိမ့်ပြီးတော့ စိုနေသလို ဘုရားရှင်ရဲ့နှလုံးအိမ်မှာ စိမ့်ပြီးတော့ထားတဲ့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်နဲ့ယှဉ်တဲ့ ပီတိများ သည် ကိုယ်တော်ရဲ့နှလုံးတော်မှာ မဆန့်တော့တဲ့ အတွက်ကြောင့် နှုတ်တော်က လျှံထွက်လာသော ၀စသာဥဒါန်း၊ နှုတ်တော်ကမထွက်သေးခင် စိတ်ထဲမှာပဲ ရွတ်ဆိုနေတဲ့ မနသာဥဒါန်း ဥဒါန်းနှစ်မျိုး ဖြစ်ပေါလာတာပါ။

လပြည့်ကျော်တရက်နေ့ အာရုဏ်တက်တဲ့အခါမှာဘုရားရှင်ကိုယ်တော်မြတ် စိတ်ထဲမှာ ကျူးရင့်သော ဥဒါန်းဟာ “အနေကဇာတိ သံသာရံ” ဂါထာနှစ်ဂါထာဖြစ်ပါတယ်။ဘုရားရှင် ရင်ထဲ နှလုံးထဲ ကနေပြီးတော့ ရွတ်ဆိုနေခဲ့တာ လပြည့်ကျော်တရက်နေ့ မနက်ခင်းအာရုံဦး “အနေကဇာတိ သံသာရံ” နဲ့ နေပါတယ်။ တနေ့လုံးလည်းပဲ “အနေကဇာတိသံသာရံ” နဲ့ နေတယ်။လပြည့်ကျော်

တစ်ရက်နေ့ တနေ့လုံး“အနေကဇာတိသံသာရံ” ကို နုတ်ကနေမဆိုပဲနဲ့ စိတ်ထဲမှာ ကျူးရင့်၍နေတော်မူပါတယ်။ လပြည့်ကျော် တစ်ရက်နေ့ ညဉ့်ဦးယံအရောက်မှာ နုတ်မှ ထုတ်ဖော်၍ အ၀ိဇ္ဇာပစ္စယာသင်္ခါရာ၊ သင်္ခါရပစ္စယာ ၀ိညာဏံ၊ ၀ိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘ၀ပစ္စယာဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿု ပါယာသာ သမ္ဘ၀န္တိ ဧ၀ မေတဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿသမုဒယော ဟောတီတိ.. ဟူသော ပဋိစ္စသမုပ္ပါဒ် “အနုလောမ” ကို ကျူးရင့်တော်မူပါတယ်။

အဲဒီနောက် အ၀ိဇ္ဇာယတွေဝ အသေသ၀ိရာဂ နိရောဓာ သင်္ခါရ နိရောဓော၊ သင်္ခါရနိရောဓာ ၀ိညာဏနိရောဓော၊ ၀ိညာဏနိရောဓာ နာမရူပ နိရောဓော၊နာမရူပနိရောဓာ သဠာယတန နိရောဓော၊ သဠာယတန နိရောဓာ ဖဿနိရောဓော၊ ဖဿနိရောဓာ ဝေဒနာနိရောဓော၊ဝေဒနာ နိရောဓာ တဏှာနိရောဓော၊ တဏှာ နိရောဓာ ဥပါဒါန နိရောဓော၊ ဥပါဒါန နိရောဓာ ဘ၀နိရောဓော၊ဘ၀နိရောဓာ ဇာတိနိရောဓော၊ ဇာတနိရောဓာ ဇရာ မရဏံ၊ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿု ပါယာသာ နိရုဇ္ဈန္တိ၊ဧ၀ မေ တဿ ကေ၀လဿ၊ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတီတိ ဟူသော ပဋိစ္စသမုပ္ပါဒ် “ပဋိလောမ” ကို ဆက်လက်၍ကျူးရင့်တော်မူခဲ့ပေသည်။ ပဋိစ္စသမုပ္ပါဒ် အနုလောမ နှင့် ပဋိလောမ ကို အပြန်ပြန်အလှန်လှန်ဆင်ခြင်သုံးသပ်တော်မူပြီးသောအခါ

(က) ယဒါ ဟဝေ ပါတု ဘ၀န္တိ ဓမ္မာ၊ အာတာပိနော ဈာယတော ဗြဟ္မဏဿ။အထဿ ကင်္ခါ ၀ပယန္တိ သဗ္ဗာ၊ ယတော ပဇာနာတိ သဟေတု ဓမ္မာ။

(ခ) ယဒါ ဟဝေ ပါတု ဘ၀န္တိ ဓမ္မာ၊ အာတာပိနောဈာယတော ဗြဟ္မဏဿ။ အထဿ ကင်္ခါ ၀ပယန္တိ သဗ္ဗာ၊ ယတော ခယံ ပစ္စယာနံ အဝေဒိ။ (ဂ) ယဒါ ဟဝေ ပါတု ဘ၀န္တိဓမ္မာ၊ အာတာပိနော ဈာယတော ဗြဟ္မဏဿ။ ၀ိဓူပယံ တိဋ္ဌတိ မာရသေနံ၊ သူရိယောဝ သြဘာသယ မန္တလိက္ခံ။………………..ဟူသောသုံးဂါထာကို ကျူးရင့်တော်မူခဲ့ပါတယ်။

 ပဋိစ္စသမုပ္ပါဒ် နှင့် ယထာဟဝေ အစရှိသော ဂါထာတို့ကိုဥာဉ့်ဦးယံမှာ နုတ်မြွက်ပြီးတော့ ရွတ်ဆိုကျူးရင့် တော်မူပါတယ်။ ဥာဉ့်အလယ်ပိုင်း မဇ္ဈိမယံမှာလဲဒီအတိုင်းပါပဲ။ ဥာဉ့်ရဲ့ နောက်ပိုင်း မိုးသောက်ယံ ကျပြန်တော့လည်း ဒီအတိုင်းပင်

လပြည့်ကျော်တရက်နေ့တညလုံး ဘုရားရှင်ဤကဲ့သို့ နေတော်မူပါ တယ်။ လပြည့်ကျော်တစ်ရက်နေ့ နေ့နဲ့ည အကုန်၊ လပြည့်ကျော်၂ ရက်၊ ၃ ရက်၊ ၄ ရက်၊ ၅ ရက်၊ ၆ ရက် ၇ ရက်နေ့ ဤ (၇) ရက်နေ့ ညနေခင်းအထိ ဘုရားရှင်ကိုယ်တော်မြတ်ဖလသမာပတ်နဲ့ချည်း ချမ်းသာ စွာ နေတော်မူပါတယ်။ လပြည့်ကျော် ၇ ရက်နေ့ ညပိုင်းအရောက်မှာမြတ်စွာဘုရားဆင်ခြင်ပုံ တစ်မျိုး ပြောင်းသွားပြီးတော့ “အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ” ဆိုတဲ့ပဋိစ္စသမုပ္ပါဒ် “အနုလောမ” ကို ဆင်ခြင်တော် မူပါတယ်။ အဲဒီနောက်မှ ယထာဟဝေ အစရှိတဲ့

ပထမဂါထာကိုဆင်ခြင်တော်မူတယ်။ လပြည့်ကျော် (၁) ရက်နေ့ရဲ့ ဥာဉ့်အလယ်ပိုင်း မဇ္ဈိမယံမှာ အ၀ိဇ္ဇာယတွေဝအသေသ ၀ိရာဂ နိရောဓာ ဟူသော ပဋိစ္စသမုပ္ပါဒ် “ပဋိလောမ” ကို ဆင်ခြင်တော်မူတယ်။ ထို့နောက်ယထာဟဝေ ဒုတိယ ဂါထာ ကို ဆင်ခြင်တော်မူတယ်။ မိုးသောက်ယံမှာ ပဋိစ္စသမုပ္ပါဒ် “အနုလုံ” နှင့်“ပဋိလုံ” ကို အပြန်ပြန်အလှန် လှန် နှစ်ခုစလုံး ဆင်ခြင်တော်မူပြီးတော့ “ယထာဟဝေ” တတိယဂါထာကိုဘုရားရှင် ကျူးရင့်တော် မူပါတယ်။ ဒါကိုပဲ “ပလ္လင်္ကသတ္တာဟ”

လို့ခေါ်ပါတယ်။ ဗောဓိပင်ရင်းမှာတင်ပျဉ်ခွေပြီးတော့နေခဲ့တဲ့ အတွက်ကြောင့် “ဗောဓိသတ္တာဟ” လို့လဲ ခေါ်ပါတယ်။ ဗုဒ္ဓါဘိသေက=အနေကဇာတင်ခြင်းလို့ဆို သော်လည်း ဘုရားအား ဘိတ်သိတ်သွင်းခြင်း မဟုတ်ကြောင်း စာဖတ်သူ အများ သိထားသင့်ပါတယ်၊ဘုရားရှင်ကိုယ်တော်မြတ် ဘုရားဖြစ်စရဲ့ နေ့တွေ၊ ညတွေမှာ အနေကဇာတိသံသာရံ၊ ပဋိစ္စသမုပ္ပါဒ်၊

ယထာဟဝေ ဂါထာတွေနဲ့ ဘုရားရှင်ကိုယ်တော်မြတ် တနေ့လုံး တညလုံး သီတင်သုံးသွားသော အခြင်းအရာကိုအောက်မေ့ပြီး ဗောဓိသတ္တာဟ၊ ပလ္လင်္ကသတ္တာဟကို ကြည်ညိုတဲ့ အနေနဲ့ သံဃာတော်များမှ “အနေကဇာတိသံသာရံ”ရွတ်ဖတ်ပူဇော်ခြင်းကို အနေကဇာတင်ခြင်း ဟု ခေါ်ကြပါတယ်၊
 သံဃာတော်များ မပါဘဲ ကိုယ့်ဘာသာကိုယ် ဤအနေကဇာတင်စာများအလွတ်ကျက်၍ ကိုယ်တိုင် နေ့တိုင်းနေ့တိုင်း ရွတ်နေရင်လည်း အနေကဇာတင်မှု့ ပြီးမြောက်ပါတယ်။သံဃာတော် အရှင်မြတ်များ ပင့်ပြီး ရွတ်ဆိုသောအခါ ပိုပြီးတော့ ဌာန်ကရိုဏ်းပယတ် ပီပီပြင်ပြင်ကြည်နူးရန်အလို့ငှါ ဘုရားရှင်ကိုယ်တော်မြတ်၏ ရုပ်ဆင်းတုအသစ် ဖြစ်သစ်စကို ဘုရားရှင်ကိုယ်တော်တိုင်ကျူးရင့် ခဲ့တဲ့ ဥဒါန်းများနှင့် ပြန်လည်ပူဇော်ရန် သံဃာတော်များ ပင့်ဖိတ်၍ အနေကဇာတင်ကြခြင်းဖြစ်ပါတယ်၊

အဲဒီတော့ အနေကဇာတင်ခြင်းနဲ့ပတ်သက်မပြိး ကောက်ချက်ချရမယ်ဆိုရင် မြတ်စွာဘုရားရှင်အား ကြည်ညိုသဒါစိတ်နဲ့ တင်မယ်ဆိုရင်တင်နိုင်ပါတယ်၊ ဘုရားရုပ်ပွားတော်အား အသက်သွင်းတယ်ဆိုတဲ့ အယူအဆနဲ့တော့ အနေကဇာ မတင်သင့်ပါ၊အနေကဇာတင်ခြင်းအမှုပြုရင် ရရှိမယ့် အကျိုးကတော့ ဘုရားရှင်ဘုရား ပို၍ကြည်ညို သဒါပွားလာခြင်းနဲ့သံဃာတော်တွေအား ဆွမ်းအစရှိတဲ့ ဒါနပ္ပည်းများ ပေးလှူရသမို့ ဒါနအကျိုးကျေးဇူးများ ရရှိမှာမလွယ်မသွေ ခံစားရပါမည်အကြောင်း ဖြေကြားလိုက်ပါတယ်၊


တရားဂုဏ်အကျယ်နဲ့ သံဃာဂုဏ်တော်များအကြာမီဖြေကြားပေးပါမယ်၊

ရွှေမန်းသား အရှင်အကုင်္ရ
ခေတ္တ အနမလိုင်း တက္ကသိုလ်
အိန္ဒိယ

Saturday 13 April 2013

ဧပရယ် သံဝေဂ



ဧပရယ်ရောက်တိုင်း
သံဝေဂတွေ တစ်ထပ်ကြီးနဲ့
နိုးနိုး ထနေမိ၊

ဖြတ်လျှောက်ခဲ့တဲ့
လှေခါးထစ်တွေက
မညီမညာ
ဖြတ်တက်ရမဲ့
လှေခါးထစ်တွေကလဲ
ညီညီညာညာ
ဖြစ်ဖို့ မထင် မမြင်

လူသားချင်း စာနာတဲ့
စိတ်ဓာတ်နဲ့
ဘယ်သူ့ ဘယ်သူကို မှ
တက်မနင်းမိဖို့ အရေးကြီးလှ

အော်
လူ့ဘ၀ လူ့ဘဝ
စစချင်းကတည်းက
ငိုခဲ့ရ
ခရီးဆုံးကျလဲ ငိုမဲ့ကျ
ဒီလိုနဲ့ ဧပရေတွေ
တစ်ထပ်ပြီး တစ်ထပ် ကြွေကျ

Friday 5 April 2013

သင်္ကြန်တစ္ဆေ

(၁)

အတာ သင်္ကြန်ဒီပွဲ-- မြူးမြူးကြွကြွ --စီတိုသံ ညံမစဲ --နှစ်ကူးတန်ခူးလ၊ လောကကြီးမှာ-- ပျော်တယ်ဗျ၊- အတာပွဲမှာ ဆုံတွေကြ-- မေ့မရနိုင်ဘူး ဗျ၊ -ထူးထူးခြားခြား မြူးမြူးကြွ ကြွတေးသံ လှလှ------

အခုလိုသင်္ကြန်သီချင်းတွေ ကြားမိတိုင်း သူလက်က အလိုလိုဦးခေါင်းစီကဖုထွက်နေ သော ဘုတစ်ခု ဆီကို ရောက်ရောက်သွားတတ်သည်၊ ကေ၀ဋ်ပုဏားက သူ့နဖူးက အမာရွတ်ကိုမြင်လေတိုင်း အမတ်ပညာရှိ မဟော်သဓာကို သတိရသလို သူလဲ သူနဖူးက အမာရွတ်ဘုလေးကို လက်ရောက်မိတိုင်းကျေးဇူးရှင်ကြီး ဂျမ်းပုံကို သတိရ နေတတ်သည်၊

စိတ်ဆိုသည်မှာလဲ အခက်သား တားထားရက်ကြားက ပြေးသွားတတ်တာမျိုး၊တိုးတိုး လေးဝှက်ထားပါမှ ပိုလို့ ရုန်းထွက်တတ်သည်၊ အော်  ဒါကြောင့် ဘုရားရှင်က “စိတ္တေန နိယတေ လောကော= စိတ်ကလောကကြီးကို ဖန်းဆင်းတာ” လို့ ဟောကြား ခဲ့တာ ဖြစ်မည်၊
ဒါကြောင့် အခု သူ့စိတ်တွေသည် သင်္ကြန်သီချင်း၊ တီးလုံး ပိတောက်အငွေ့အသက်တွေရလာတာနဲ့ ကုန်လွန်ခဲ့တဲ့ အတိတ်တစ်ခုစီကို ပြေးသွားနေသည်၊ တားဆီး ဖမ်းထားခြင်းငှာမစွမ်းသာ-----------၊

(၂)

ခွပ်
အား
အသံနှစ်သံသည် ရှေ့ဆင့် နောက်ဆင့်ပေါ်လာသည်၊
ပြီးတော့ ကိုရင် အောင်ဘုခေါင်းမှာ သွေးတွေရဲထလာသည်၊
ဟာ ကိုရင်အောင်ဘု ခေါင်းမှာသွေးတွေနဲ့ ဆေးခန်းသွား၊ ဆေးခန်းသွား
တစ်ယောက်တစ်ပေါက်အသံတွေကြားထဲ ချင်းချင်းနီရဲနေတဲ့ သွေးတွေကိုလက်နဲ့ ကာအုပ်ရင်း ရွာလည်က ဆေးပေးခန်းကို ဥပုသ်သည်တွေ လိုက်ပို့လို့ ရောက်ခဲ့သည်၊
ဆေးခန်းတွင် ဆရာမနဲ့ အဆင်သင့်တွေ့ရသည်
ကိုရင် ဘာဖြစ်တာလဲ
ခေါင်းပေါက်သွားလို့ ဆရာမ
ဘယ်သူကြောင့်လဲ
ဂျမ်းပုံက ရေအိုးနဲ့ ပေါက်လို့ ဆရာမ
ဘာလို့ ပေါက်တာလဲ ကိုရင်
ရေပက်လိုက်လို့ ဆရာမ
ကိုရင်က ဘာလို့ ရေပက်ရတာလဲ
သင်္ကြန်မို့ပါ ဆရာမ
ဆရာမက မေးရင်းနဲ့ အာရုံလွဲကာ အနာကို ဆေးထည့်ပေးလိုက်သည်၊

(၃)

သူသည် သင်္ကြန်အကြိုနေ့က ခေါင်းပေါက်ထားပေမယ့် အမှတ်မရှိစွာ၊ ဂျမ်းပုံရှိတဲ့ ဓမ္မာရုံနား ရစ်ဝဲနေမိပြန်သည်၊
ဂျမ်းပုံအဒေါ်နဲ့ ဥပုသ်သည်တွေအားလုံး သီလယူနေစဉ် ဓမ္မာရုံအပြင်ဘက်တွင်ဂျမ်းပုံနဲ့ သူ့သူငယ်ချင်းတစ်ခု ကြိုးခုန်တမ်းကစားနေရာကို အရဲ စွန့်သွားကာ

ဂျမ်းပုံ
ဘာတုန်း
ရော့

ပေးဖို့ရန် အခွင့်မသာသမို့ ခဏခဏ သိမ်းထားသော အရောင်မှိုင်းနေသောစာရွက်ခေါက်လေးကို ထုတ်ပေးလိုက်သည်၊
ဂျမ်းပုံက မူတူတူနဲ့ မယူချင် ယူချင်လုပ်နေသည်၊ သူ့အဒေါ် အပျိုကြီးသီလယူနေတဲ့ ဘက်ကြည့်လိုက် သူ့ဘက် ကြည့်လိုက်နဲ့ စိတ်တွေဗျာများနေပုံရသည်၊
သူကလဲ ထိုအခွင့်အရေးကို လက်လွတ်မခံပဲ ဂျမ်းပုံကိုင်ထားတဲ့သင်္ကြန်ရေပုံးလေး ထဲ သူ့စာရွက်ခေါက်လေးကို ပစ်ပေးကာ ထွက်ပြေးလာခဲ့သည်၊

ဟူး----------------
သူ့ရင်ထဲ အလုံးကြီးတစ်ခု ကျသွားပြီ၊ ထိုနေ့က ပျော်လိုက်တာမပြောနဲ့တော့၊ သူပြောချင်တာတွေကို ဂျမ်းပုံသိတော့မှာကို တွေးပြီး ပျော်နေသည်၊ သင်္ကြန်တွင်းမှာနေ့ဆွမ်းက ဟင်းကောင်းပေမယ့် သူရင်ထဲအပျော်တွေပြည့်ပြီး ဆွမ်းဘုန်းရတာ ၀သလိုကြီးဖြစ်နေသည်၊
နေ့လည်လဲ ရွာထဲအမေဆီခိုးသွားနေကြအခွင့်အရေးကို ထိုနေ့က ပျက်ကွက်ပြစ်လိုက်သည်၊

ကိုရင်အောင်ဘု ဆရာတော် ခေါ်နေတယ်
သူငယ်ချင်း သာဂိက လာပြောချင်းဖြစ်သည်၊
ဟိုက်- ဘာပါလိမ့်
သူတွေးမရ၊ အတွေးစတွေနဲ့ ဆရာတော်ရှေ့မှောက် ရောက်လာသည်
ဆရာတော်ရှေ့ဝယ် ပုဆစ်တုပ်ထိုင်နေသော ဂျမ်းပုံအဒေါ်အပျိုကြီးနဲ့ဂျမ်းပုံကို မြင်လိုက်တာနဲ့ သူသဘောပေါက်သွားသည်၊

ကိုရင် ဒီကို လာ
ဆရာတော်က လေသံမာမာနဲ့ သူ့ကိုခေါ်လေသည်
အခြေနေမကောင်းဘူးဆိုတာ စကားအသွားအလာက သက်သေခံနေပြီ၊
မင်း ဂျမ်းပုံကို စာပေးတယ်ဆို
သူ့သည် မတုန်မလှုပ် ကျောက်ရုပ်တစ်ရုပ်လို ငုတ်တုတ်

ဟဲ့ကိုရင် မင်းဂျမ်းပုံကို စာပေးတယ်ဆို
မှန်မှန်ပြောနော် မပြောရင် မင်းကို ရိုက်ရလိမ့်မယ်
ဟုတ်တယ် ဘုရား ဒီမှာ ၊ ဒီမှာ

ဂျမ်းပုံအဒေါ်ကြီးသည်၊ လျှာသွက်၊ အာသွက်နဲ့ သူ့ မနက်က ဂျမ်းပုံကိုပေးထားခဲ့ သော စာရွက် ၀ါကျင့်ကျင့် အခေါက်လေးကို ဆရာတော်အား ကပ်နေသည်၊
ကဲ ကိုရင် ဒီမှာ သက်သေလဲ တွေ့နေပြီ ဘာညင်းချင်သေးလဲ
ပြောတော့ မင်းဂျမ်းပုံကို စာပေးသလား
တင်းပါး
မတတ်သာသည့် အဆုံး မုသားစကားလုံးတွေကို သူမသုံးချင်တော့
စိတ်ကို ဖြေလျှော့လိုက်ပြီး အမှန်ကို ၀န်ခံလိုက်သည်၊

အေး ကောင်းပြီး ဒါဆို မင်းဒဏ်ထမ်းရမယ် ၊ ကျောင်းအလယ် ကွက်လပ်ကမျက်တွေ ပြောင် အောင်ထိုးပေတော့ ၊ ကိုင်း သွားထိုးချေ၊ ရပြီ
ဆရာတော်က ဂရုဏာသက်စွာ၊ မျက်ထိုးဖို့ ဒဏ်ပေးတာကို ကျေးဇူးတင်ရမည်၊နို့မို့ ဆို ဆရာတော်ရိုက်လျှင် အစင်းထင်ပြီး တော်တော်နဲ့ မပျောက်တော့
ဘာပဲ ဖြစ်ဖြစ် သူဖြေလိုက်သည်၊

( ၄)

ကျောင်းဝိုင်း အလည်က မျက်တွေသည်၊ ရှည်လျှားပြီး အုပ်စုလေးတွေဖြစ်နေပြီ၊ သင်္ကြန်မိုးလေးကျထားသမို့ အုံနဲ့ကျင်းနဲ့ မျက်ထိုးရတာမသက်သာချင်၊ တစ်ခါ တစ်ခါ  လက်နဲ့ နှုတ်လိုက်၊ တစ်ခါတစ်ခါ တူရွင်းနဲ့  ထိုးလိုက်၊ နေမညိုခင် ပြီးအောင် တက်သုတ်ရိုက် လုပ်နေရသည်၊သူချင်းတွေက ဘေးက ရပ်ပြီး သူ့ကို အားပေးနေ ကြသည်၊
တစ်ချို့က အချစ်လူစွမ်းကောင်းကြီးဟု မကြားတကြားလှမ်းစကြသေးသည်၊
သူမျက်ထိုးနေတဲ့ ရှေ့မှ ဂျမ်းပုံနဲ့ သူ့အဒေါ်ကြီး ဆရာတော်ဆီမှအပြန်ဖြတ်လျှောက် သွားတာကို ငေးကြည့်ဖြစ်ပြန်သည်၊

“ ဟင်း လူက မျက်ပေတုန်း၊ ဘာစာမှ မတတ်ပဲနဲ့ ငါ့တူမ ရှစ်တန်းကျောင်းသူချောချော လှလှလေးကို လာမှန်းသေးတယ်၊ ဆယ်နှစ်ကြိုးစားလိုက်ဦး ရနေဦးမယ်”
ဒေါနဲ့ မောနဲ့ ပြောချသွားသော ဂျမ်းပုံအဒေါ်နဲ့ စကားလုံးတွေကသူ့ရင်ကို အစင်းလိုက် ၀င်လာသော မျှားတွေပမာ နာကြင်ခံခက်လှသည်၊

“ အော် ရုပ်မလှ၊ ပညာမတတ်ရင် လူ့ဘ၀၊ လူ့လောကမှာ အနှိမ်ခံပါလား”တွေးမိရင် သူပညာတတ်ကြီးဖြစ်ရန် ရည်သန်စိတ်ကူးလိုက်သည်၊

 စိတ်ကူးထဲကအတိုင်းကောင်အထည်ဖော်ရန် မန်းရွှေမြို့ကို စာသင်ထွက်ခဲ့လိုက်သည်၊ ဒီလိုနဲ့ နှစ်တွေကြာရာသီတွေကူးတန်ခူးတွေခဏခဏ ပြောင်းပေမယ့် သူ့ရွာကို မရောက်ဖြစ်တာ ကြာခဲ့ပြီ၊ သူလဲ အထိုက်အလျှောက်စာမေးပွဲတွေအောင် စာဝါတွေပြန်လည်ပို့ချ၊ တရားတွေပြနိုင်ခဲ့ပြီး

ဒါတွေသည် ဂျမ်းပုံကြေးဇူးကြောင့် ဟုဆိုချင်နေသည်၊

(၅)

အတာ သင်္ကြန်ဒီပွဲ-- မြူးမြူးကြွကြွ --စီတိုသံ ညံမစဲ --နှစ်ကူးတန်ခူးလ၊ လောကကြီးမှာ-- ပျော်တယ်ဗျ၊- အတာပွဲမှာ ဆုံတွေကြ-- မေ့မရနိုင်ဘူး ဗျ၊ -ထူးထူးခြားခြား မြူးမြူးကြွ ကြွတေးသံ လှလှ------

အခုလိုသင်္ကြန်သီချင်းတွေ ကြားမိတိုင်း သူလက်က အလိုလိုဦးခေါင်းစီကဖုထွက်နေ သော ဘုတစ်ခု ဆီကို ရောက်ရောက်သွားတတ်သည်၊ ကေ၀ဋ်ပုဏားက သူ့နဖူးက အမာရွတ်ကိုမြင်လေတိုင်း အမတ်ပညာရှိ မဟော်သဓာကို သတိရသလို သူလဲ သူနဖူးက အမာရွတ်ဘုလေးကို လက်ရောက်မိတိုင်းကျေးဇူးရှင်ကြီး ဂျမ်းပုံကို သတိရ နေတတ်သည်၊

စိတ်ဆိုသည်မှာလဲ အခက်သား တားထားရက်ကြားက ပြေးသွားတတ်တာမျိုး၊တိုးတိုး လေးဝှက်ထားပါမှ ပိုလို့ ရုန်းထွက်တတ်သည်၊ အော်  ဒါကြောင့် ဘုရားရှင်က “စိတ္တေန နိယတေ လောကော= စိတ်ကလောကကြီးကို ဖန်းဆင်းတာ” လို့ ဟောကြား ခဲ့တာ ဖြစ်မည်၊
ဒါကြောင့် အခု သူ့စိတ်တွေသည် သင်္ကြန်သီချင်း၊ တီးလုံး အငွေ့အသက်တွေရလာတာနဲ့ ကုန်လွန်ခဲ့တဲ့ အတိတ်တစ်ခုစီကို ပြေးသွားနေသည်၊ တားဆီး ဖမ်းထားခြင်းငှာ မစွမ်းသာ-----------၊

ဆရာတော် ဥပုသ်သည်တွေစုံပြီး ဘုရား၊ တရားချီးမြှင့်ဖို့ ကြွတော်မူပါဘုရား
အနားဘယ်အချိန်က ရောက်နေမှန်းမသိသော ကပ္ပိယဒကာက လျှောက်ထားမှအသိဝင်လာကာ-
အော်---- အေးအေး
သူ့သည် တစ္ဆေအခြောက်ခံနေရသော စိတ်ကိုစုစည်းပြီး ပလ္လင်ပေါ်တက်ဖို့သင်္ကန်ကို သပ္ပါယ်လိုက်သည်။ ။



ရွှေမန်းသား
၅.၄.၂၀၁၃

Thursday 4 April 2013

လွမ်းစေတီ


ကန်သာယာဟုခေါ်သော ရွာလေးတစ်ရွာရှိ၏၊ ရွာထိပ်တွင် အိုဟောင်း နေသော ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းလဲ ရှိလေ၏၊ ကျောင်းနှင့်ကပ်မြောက်ဘက်ခြမ်း တွင် မိုးအခါ ရေစီးသန်သော သဲချောင်းလေးတစ်ချောင်းကလဲ ကဗျာမပီ စာညီ တည်ရှိနေပြန်၏၊

ထိုသဲချောင်းလေးကို ဖြတ်ပြီး ဘုန်းတော်ကြီးကျောင်းအရှေ့တည့်တည့် ဆက်သွားလျှင် မြို့ဘက်မှလာတတ်သောဧည့်သည်၊ ရွာမှ မြို့ဆီကို ဈေးဝယ်သွား၍ ပြန်လာတတ်သော ခရီးသည်များကို ကြည်ကြည်လင်လင် မြင်တွေ့နိုင်သော ကုန်းကမူလေး တစ်ခု ရှိလေ၏၊ ကုန်းကမူလေးဘေးတွေင် အရိပ်ကောင်းသော ပင်ညောင်ပင်ကြီး တစ်ပင်က ထီးထီးမားမား အရိပ်မိုးပေးထားလေ၏၊

ထိုပင်ညောင်ပင်ကြီး အရိပ်မိုးပေးထားသော ကုန်းကမူလေးပေါ်သို့ သူ့ချစ်သူ မြို့ တက်သွားကတည်းက ညနေနေ၀င်ရီတယော ရောက်တိုင်း တစ်ရက်မပျက် ရက်ဆက် သွားနေတတ်သော မိမုန်းဆိုသော မိန်းကလေးတစ်ယောက်ရှိခဲ့ဘူး၏၊

တစ်နေ့ ကျောင်းမြောက်ဘက်တွင် ဖြတ်အသွား မိမုန်းနဲ့ ကျောင်းထိုင်ဆရာတော် ဘုရား ပက်ပင်းတိုးသွား၏၊
ဆရာတော်ဘုရားမှ “ ဟဲ့ မိမုန်း နင့်မလဲ မဖြစ်နိုင်တာကြီးကို မျှောင်လင့်ချက် မထားနဲ့လေကွယ်၊ လက်လျှော့လိုက်ပါ ကွဲ့” ဟု ကရုဏာဖြင့် မိန့်လေသည်၊

မိမုန်းမှလည်း “တင်းပါး ဘုရား” ဟု တစ်ခွန်းသာ လျှောက်ထားပြီး သူလမ်း၊ သူဦးတည်ရာသို့ ဆက်လက်ထွက်သွားသည်၊

ထိုနေ့ညနေက ရွာမှာ မိုးကြီးလေကြီးကျပြီး အိမ်တွေတော်တော်များများ ပြိုကြ၏၊ သစ်ပင်တွေကြိုးကျ၏၊ မိုးတွေ တဒီးဒီးရွာချတာကြောင့် ဘုန်းတော်ကြီးကျောင်း ဘေးက သဲချောင်းလေးလဲ ရေအပြည့်နဲ့ တဟီးဟီး စီးမျောခဲ့သည်၊
မိမုန်းတစ်ယောက်ကား ထိုညကရွာဆီကို ပြန်ရောက်မလာခဲ့၊ နောက်တစ်နေ့မနက် မိုးစင်စင်အလင်းတွင် မိမုန်းတစ်ယောက်သူသွားနေကြ၊ ထိုင်မျှော်နေကြ ရွာထိပ်က ကုန်းကမူလေးပေါ်တွင် ရှိလိုရှိငြား သွားရောက်ရှာကြသော်လည်း မိမုန်းကား ဘယ်ဆီရောက် မှန်းမသိ ပျောက်ခြင်းမလှ ပျောက်နေသည်၊

ထိုအချိန်မှစ ထိုကုန်းကမူလေးပေါ်ကို ရွာသူ၊ရွာသား တော်တော်များများ မသွားရဲကြတော့၊
ရွာသူ၊ရွာသားများနှင့် ရွာဦးကျောင်းဆရာတော်ဘုရားမှ မိမုန်းဘ၀နိဂုံးချုပ်ဆုံးသွား သော် လည်း၊ အလွမ်းနိဂုံးပါ ထပ်ဆင့်ချုပ်ဆုံးစေရန် ရည်သန်၍ ထိုနေရာလေးတွင် စေတီလေးတစ်ဆူ တည်ထားပေးလိုက်သည်၊

ယခုအခါ ထိုစေတီလေးသည်၊ လွမ်းစေတီ။
ယနေ့တိုင် ရွာကလူတိုင်း ပါးစပ်ဖျားတွင် လွမ်းစေတီအကြောင်းကို စကားစပ်မိတိုင်း သိုင်းသိုင်းဝိုင်းဝိုင်း ပြောမိတတ်ကြသည်၊
အော် လွမ်းစေတီ။ ။

ရွှေမန်းသား အရှင်အကုင်္ရ
၁၀.၃.၂၀၁၃
ခေတ္တ အိန္ဒိယ၊ အနမလိုင်းတက္ကသိုလ်၊

ဗြဟ္မစိုရ် ပျောက်တဲ့ နွေ


မြစ်တဲ့ စီးချင်ရဲ့နဲ့
စီးခွင့်မရတော့ဘူး
မြစ်တဲ့ ကြည်လင်ချင်ရဲ့နဲ့
ကြည်လင်ခွင့်မရတော့ဘူး
မြစ်တဲ့ ပင်လယ်ဆီ အရောက်သွားချင်ရဲ့နဲ့
ပိတ်ပင်တားစီးမှုကို ခံလိုက်ရပြီ၊

ဗြာဟ္မစို စစ်စစ်တွေ
ချွတ်ခြုံကြခဲ့
မေတ္တာတရားတွေ
မိုးလိုခေါင်ခဲ့

ဒါဟာ ဒီတစ်နွေမကတော့ဘူး
နွေပေါင်း နှစ်ဆယ်၊ လေးငါးခြောက်ဆယ်

ကူညီပါရစေဆိုတဲ့ စကားလုံးက
ဟောဒီနွေကို လောင်ကျွမ်းစေတယ်

စုထားတဲ့ စုဘူးလေးက
တစ်နေ့တခြား မမြဲခြင်းတရားမှာ
ပြားပြား လာဝတ်နေတယ်၊

မေမေရယ်
မေတ္တသုတ်ဆိုဆိုတာ
ပါးစပ်က ရွတ်ဆိုရမှာ မဟုတ်မှန်းသိပေမယ့်

အခုတော့
အဲဒီမေတ္တာသုတ်ကိုပဲ
အထပ်ထပ် ရွတ်ဆိုနေမိတယ်။ ။

ရွှေမန်းသား
၁၃.၃.၂၀၁၃
ခေတ္တ အိန္ဒိယ၊ အနမလိုင်း တက္ကသိုလ်

ရဟန်းတစ်ပါးနဲ့ ဟာမိုနီ မဖြစ်သော ဗိုင်းယပ်များ


(၁)

၂၀၁၁ ၊ တရုပ်နှစ်သစ်ကူးကာလက မလေးရှာနိုင်ငံကိုရောက်သည်၊ တစ်နေ့ မလေးရှား Kl မြို့က နာမည်ကြီး gentin highlands တောင်ပေါ်ကို တက်ဖြစ်သည်၊
နိုင်ငံတစ်ကာက ဧည်သည်မျိုးစုံ၊ လူမျိုးစုံနဲ့တွေ့ရသည်၊
တစ်နေရာအရောက်၊

မလေးနိုင်ငံသား=“ ခင်များ ရှောင်လင်လား”
မိမိ= “အိုး”အံ့အောတဲ့ မျက်နှာနှင့် “နိုးနိုး မဟုတ်ပါဘူးဗျာ ဗုဒ္ဓဘာသာပါ၊”
“ခင္မ်ား ဗုဒ္ဓဘာသာကို သိလား”
မေလး = “မသိပါဘူး”
မလေး = “ခင်များက ဘယ်နိုင်ငံကလဲ”
မိမိ=” မြန်မာနိုင်ငံက ပါ၊
ခင်များ မြန်မာနိုင်ငံကို သိလား၊ အရင်ကတော့ ဗာမားလို့ခေါ်ပါတယ်၊ သိလား”
မလေး=” မသိဘူးဗျ၊ ခင်များ ဒရိုင်းလားမားရဲ့ တပည့်လား
မိမိ=” အာ ၊ မဟုတ်ပါဘူးဗျာ၊”
ဒရိုင်းလာမားက မဟာယာန၊ ကျုပ်တို့က ထေရ၀ါရဗျ၊ အယူအဆခြင်းနဲနဲကွဲတယ်၊
မလေး =” ဆောရီးဗျာ၊ ၀မ်းနည်းပါတယ်၊ ကျွန်တော် မြန်မာကိုလဲ မသိဘူး၊ ထေရ၀ါရဆိုတာကိုလဲ သိပ်မသိဘူး၊ မဟာယာနနဲ့ ရှောင်လင်ကိုတော့ သိတယ်ဗျာ၊

မိမိ= ဟူး------------- သက်ပြင်းရှည် တစ်ချက်မှုတ်ထုတ်ကာ
ထိုဧည့်သည်နှင့် ခရီးဆုံးရောက်ပြီမို့ လမ်းခွဲလိုက်သည် ။ ။

(၂)

မလေးရှားဘက်တွင် လည်ပတ်ပြီးလို့ သီဟပူရမြို့တော်ခေါ် စင်္ကာပူဘက်သို့ ခရီး ဆက်ဖြစ်သည်၊
တစ်နေ့ MRT ခေါ်မြေအောက်ရထားပေါ်တွင် စင်္ကာပူနိုင်ငံသား တရုပ်တစ်ယောက်နဲ့ စကားလက်ဆုံ ကြဖြစ်ပြန်သည်၊

တရုပ်= “ခင်များတို့က လားမားတွေလား”
မိမိ= “မဟုတ်ပါဘူးဗျာ၊ ထေရ၀ါရရဟန်းတော်တွေပါ၊”
တရုပ်= “ထေရ၀ါရကို သိပ်မသိဘူး၊ မင်းတို့က ဘယ်နိုင်ငံကလဲ”
မိမိ= “မြန်မာနိုင်ငံကပါ၊”
တရုပ်= “အင်း အဲဒီနိုင်ငံကိုလဲ သိပ်မသိဘူး၊ ဘယ်နားကလဲ”
မိမိ= “တောက်”( ရင်ထဲမှာ ခပ်ပြင်းပြင်း ခပ်ဆပ်ဆပ် တစ်ချက်ခေါက်လိုက်မိ သည်)
တရုပ်= “ခင်များဟာ စီးပွားတိုးတက်အောင်၊ ကံကောင်းအောင်လုပ်ပေးတတ်လား၊ အဆောင်လက်ဖွဲ့ပါ လား ၊ ပါရင်ပေးခဲ့စေချင်ပါတယ်၊”
မိမိ= “၀မ်းနည်းပါတယ် ငါ့မှာ အဲဒီလို လုပ်ပေးနိုင်တဲ့ ပါဝါမရှိပါဘူး၊ ငါတို့ထေရ၀ါရ ဘာသာက ကိုယ်ရချင်ရင် ကိုယ်တိုင်လုပ်ရတဲ့ ဘာသာအယူဝါဒပါ၊”
တရုပ်= “ အေးဗျာ၊ ခင်များသာမပါတယ်၊ တစ်ချို့ ခင်များလို ၀တ်ထားတဲ့ ပုဂိုလ်တွေက အဆောင်တွေ၊ လက်ဖွဲ့တွေပေးတယ်ဗျ၊

မိမိ= အေးဗျာ---------------
ဘာဆက်ပြော ရမှန်းမသိခင် ရထားသည်၊ တိုးပါးယိုး ရောက်ပြီဆိုတာ အချက်ပြ၍ ရထားပေါ်က ခြေလှမ်းလေးလေး ဖြင့် ဆင်းလာခဲ့လိုက်သည် ။

(၃)

၂၀၁၂- ခု ပညာသင်နှစ် အိန္ဒိယတောင်ပိုင်း၊ ချီဒန်ဘရန်မြို့က၊ အနမလိုင်း တက္ကသိုလ်မှာ Ph.D အတန်းကို ဆက်လက်ဆည်းပူးဖြစ်နေသည်၊
တစ်နေ့ ကျောင်းကအပြန် မိန်းလမ်းကြီးပေါ်တွင် စက်ဘီးနင်းနေရင်း
အိန္ဒိယနိုင်ငံသား= “ဟလို ဘယ်နိုင်ငံကလဲ”
မိမိ= “မြန်မာနိုင်ငံက ပါ၊ အရင်က ဗာမာလို့ခေါ်တယ်၊”
အိန္ဒိယနိုင်ငံသား= “ဟုတ်တယ် သိတယ်၊ သိတယ်၊ နောက် ကျနော် အောင်ဆုကီ ကိုလဲ သိတယ်၊”
မိမိ= “အောင်ဆုကီ ဘာပြောတာပါလိမ့်၊ အောင် ခင်များ အောင်ဆန်းစုကြည်ကို သိတယ်လား၊”
အိန္ဒိယ နိုင်ငံသား= “ဟုတ်တယ်သိတယ်၊ မြန်မာနိုင်ငံကိုလဲ သိတယ်၊ သူမကိုလဲ သိတယ်၊”
မိမိ= “ခင်များ သူမကို ဘယ်လို သိလဲဗျ၊”
အိန္ဒိယနိုင်ငံသား=” “သူ့မပုံ ကျနော်ဆီမှာရှိတယ်ဗျ၊”
မိမိ= “ခင်များ ဘယ်ဌာနမှာ အလုပ်လုပ်လဲ”
အိန္ဒိယနိုင်ငံသား= “ကျနော် ဒီတက္ကသိုလ်ထဲက အာခီတီချာ ဌာနမှာ အလုပ်လုပ်ပါ တယ်”
အိန္ဒိယနိုင်ငံသား= “ခင်များတို့က ဗုဒ်ဓဘာသာတွေမို့လား၊ လာမားတွေ ၀တ်တာနဲ့ဘာလို့ မတူတာလဲ ၊”
မိမိ= “ဟုတ်ပါတယ် ၊ ဟုတ်ပါတယ်၊ လားမားတွေက မဟာယာနပါ၊ တို့က ထေရ၀ါရ ရဟန်းတော်တွေပါ၊ နောက်တစ်ခါ အချိန်ရရင် ခင်များကို ရှင်းပြပေးပါမယ်၊”

စက်ဘီးသည် ဖြေးဖြေးခြင်း နင်းလာရင်း တက္ကသိုလ်မုခ်ဝကိုရောက်လာသည်၊ သူပြန်မည့် နေရာနှင့် မိမိ ပြန်မည့်နေရာမှာ လားရာ မတူကြမို့ “see you” လို့ ပြောကာ ၊ လမ်းခွဲလိုက်ကြသည်၊

မိမိနိုင်ငံနဲ့ ဘာသာကို ဒီလိုသိတဲ့သူနဲ့တွေ့ပြန်တော့ စိတ်ထဲမှာ ပျော်ရွှင်ကြည်နူးရပြန် သည်၊
“အော်---- သာသနာပြုဖို့ ဆိုတာ”လို့ တွေးတောရင်း ငှားနေတဲ့ အဆောင်ဘက်ကို ဦးတည်ပြန်လာခဲ့တော့တယ်။ ။

ရွှေမန်းသား အရှင်အကုင်္ရ
shwemantha@gmail.com
http://www.facebook.com/shwemantha
http://www.facebook.com/
http://shwemantha.blogspot.in

ဘီလူး အစားမခံရအောင် ဘယ်လိုနေမလဲ


(၁)

တနင်္လာနေ့ ရောက်သည့်တိုင် တနင်္ဂနွေနေ့က စကားဝိုင်းတွင် ပြောဖြစ်ခဲ့သော စကားတစ်ချို့တ၀က်ကို သူပြန်အမှတ်ရနေသည်။ ယခုရေးပြမည့် အကြောင်းအရာ များသည်  တနင်္ဂနွေနေ့က သူကြားခဲ့ရသော အကြောင်းအရာ တစ်ချို့ဖြစ်လေသည်၊

(၂)

တစ်ခါက ရွာတစ်ရွာမှ အဖိုးအို တစ်ယောက်ရှိတည်တဲ့ဗျ၊ နောက်ပြီးတော့ အဲဒီအဖိုး အိုမှာလဲ မြေးမလေး တစ်ယောက်ရှိဆိုပဲဗျ၊ မြေးမလေးဟာ အရမ်းလှသတဲ့ဗျ၊

အဖိုးအိုဟာ အိုနေပေမယ့် သူ့မြေးမလေးကို သူတတ်ထားတဲ့ မျက်လှည့်ပညာနဲ့ ရှာဖွေကျွေးမွေးပြုစုစောက်ရှောက်ထားသတဲ့ ဗျ၊
အဘိုးအိုကလဲ ထူးဆန်းတဲ့ပြကွက်တွေပြ၊ အဘိုးအိုရဲ့ မြေးမလေးကလဲ အရမ်းချောဆိုတော့ မျက်လှည့်ပြတဲ့ နေရာကို လာကြည့်ကြတဲ့ ပရိတ်သတ်ကလည် ပြတိုင်းစီနေတာပဲဗျ၊ လာတဲ့သူတိုင်းကလဲ မျက်လှည့်ကြည့်ခ အဖြစ် ငွေကြေးစလေး တွေနဲနဲစီ ပေးသွားကြတယ်ဗျ၊

ဒီလိုနဲ့ တစ်နေ့ကြတော့ အဘိုးအိုက လာကြည့်ကြတဲ့ ပရိသတ်ကို “ မျက်လှည့် ပညာဆိုတာ မှော်ပညာမဟုတ်လို့ တန်ခိုးစွမ်းအားတွေ မဟုတ်ပါဘူး၊ လိမ်တာလဲ မဟုတ်ပါဘူး၊ မျက်လှည့်ပညာမှာ လျှို့ဝှက်ချက်တွေရှိပါတယ်၊ အဲဒီလျှို့ဝှက်ချက်တွေ ကို မသိလို့သာ ခင်များတို့ လာကြည့်နေကြတာပါ၊

ဒီကနေ့တော့ အဲဒီလျှို့ဝှက်ချက်တွေကို ခင်များတို့ကို ပြောပြပြီး လက်တွေလုပ်ပြပါ တော့မယ်” လို့ပြောပြီး၊ ကြိုးကနေ မြွေဖြစ်သွားတဲ့ ပြကွက်တွေ၊ စက္ကူလေးတွေက နေ ဖဲချပ်လေးတွေ ပြောင်းသွားတဲ့ ပြကွက်တွေကို လက်တွေ့လဲပြ ရှင်းလဲ ပြလိုက်တော့ လာကြည့်တဲ့ ပရိသတ်တွေလဲ လျှို့ဝှက်ချက်တွေ သိသွားပြီး၊ အဘိုးအို ပြတဲ့ ပြကွက်တွေကို စိတ်ဝင်စားမှုနည်းပြီး
တဖြေးဖြေးပြန်သွားကုန်ကြတယ်ဗျ၊

အဖိုးအိုနဲ့ သူမြေးမလေးဟာ နောက်တစ်နေ့ မျက်လှည့်ပြသချိန်ရောက်တော့ မျက်လှည့်ပြတယ်ဗျ၊ ဒါပေမယ့် သူတို့ ပြသတဲ့ မျက်လှည့်ဝိုင်းဆီကို လူတစ်ယောက် မှ လာမကြည့်တော့ဘူးဗျ၊
အဲဒီတော့ မြေးမလေးက အဖိုးရယ် မျက်လှည့်ပြတဲ့ဆီလဲ လူတစ်ယောက်မှ လာမ ကြည့်ကြတော့ဘူး ဘာကြောင့်လဲ အဖိုးရယ်လို့ မေးတော့

အဘိုးက သမီးရယ် မနေ့က အဖိုးက အဖိုးတို့ပညာရဲ့လျှို့ဝှက်ချက်တွေကို ပြလိုက် တာကိုး သမီးရဲ့ ဒါကြောင့် ပရိတ်သတ်တွေက အဘိုးတို့ မျက်လှည့်ဝိုင်းကို မလာတော့တာလို့ ရှင်းပြသဗျ၊

ပြောချင်တာကတော့ဗျာ လောကမှာ မပြသင့်တာကို မပြရဘူးဗျ၊ လျှို့ဝှက်ထားရ မယ်၊ လျှို့ဝှက်ထားတာကို သွားပြလိုက်ရင် တန်ဖိုးမဲ့ပြီး ကိုယ်စားအိုးကို ကိုယ်ရိုက်ခွဲ သလို ဖြစ်တတ်တယ်ဗျ၊
အေးဗျ ခင်များက လျှို့ဝှက်ချက်တွေကို မပြရဘူးဆိုလို့ တစ်ခု သတိရမိတယ်ဗျာ၊
ဘာများလဲ ဗျ၊

ခုခေတ်လူငယ်တော်တော်များများက အထူးအားဖြင့် မိန်းကလေးတွေပေါ့ဗျာ၊ သူတို့ရဲ့ မပြသင့်တဲ့လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ပြသနေတော့ တန်ဖိုးမဲ့နေသ လိုပဲဗျာ၊
အင်း ဒါကလဲဗျာ၊ ကိုရီးယားယဉ်ကျေးမှု၊ အနောက်တိုင်းယဉ်ကျေးမှုတွေရဲ့ ထိုးနှက်ချက် တွေလဲပါမယ်၊ နောက် ဘာသာရေး အသိအားနည်းတာလဲ ပါမယ်ဗျ၊

ဘယ်လိုပဲ ဖြစ်ဖြစ်ဗျာ၊ သူတို့အဲဒီလိုအားနည်းလာရင် ဘီးလူးအစားခံရမယ်ဗျ၊
ဟာ ခင်များစကားက အထူးအဆန်းပါလားဗျာ ဘယ်နှယ်ကြောင့် ဘီလူးအစား ခံရမလဲ ဗျာ၊ ဒီခေတ်ကြီးမှာ ဘယ်က ဘီလူးက လာစားမလဲ

အော် ခင်များကလဲ ဘီလူးအစားခံရတဲ့ အကြောင်းကို ပြောပြဦးမယ်ဗျာ

သူငယ်ချင်းဖြစ်သူသည် ထိုသို့ စကားဦးသန်းပြီး အောက်ပါ ပုံပြင် တစ်ပုဒ်ကို ဆက်လက် ပြောပါသည်၊


(၃)

ဟိုးဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း အုပ်စိုးနေတုန်းကပေါ့ဗျာ၊
ဘုရားအလောင်းတော်ဟာ ဘုရင်မင်းတြားကြီးရဲ့ သားတော်တစ်ယောက်အနေနဲ့ မွေးဖွားခဲ့တယ်ဗျာ၊ သူနာမည်က မဟိံသလို့ ခေါ်တယ်ဗျ၊ နောက်သူညီတစ်ယောက် လည်းရှိတယ်ဗျ ညီတော်နာမည်ကတော့ စန္ဒလို့ ခေါ်တယ်ဗျ၊
သူတို့ရဲ့မယ်တော် မိဖုရားခေါင်ကြီးကတော့ဗျာ ကံဆိုးစွာပဲ သူတို့မွေးဖွားပြီး မကြာခင် နတ်ရွာစံတော် မူသွားတယ်ဗျ၊

အဲဒီတော့ မင်းတြားကြီးတို့ ထုံးစံအတိုင်း နောက်မိဖုရားချောချောလှလှ တစ်ပါးကို ကို မိဖုရားခေါင်း ရာထူးပေးတာပေါ့ဗျာ၊ အဲဒီမိဖုရားကို မင်းတြားကြီးက အလွန်အမင်း ချစ်မြတ်နိုးတော် မူသတဲ့ဗျ၊ အဲဒိမိဖုရား ကိုယ်ဝန်ရလာတော့ မင်းတြား ကြီးက ချစ်နှမ ချစ်နှမကြိုက်တဲ့ ဆုကို တောင်းပါဆိုပြီး စကားလွန်မိတယ်ဗျ၊

မိဖုရားကြီးကလဲ လည်တယ်ဗျာ၊ သူသားတော်လေးမွေးဖွားလာရင် ထီးမွေနန်းမွေ ပေး ဖို့  ဆုတောင်းသဗျာ၊
မင်းတြားကြီးခင်မျာ အဲဒီကြမှ နောင်တရရှာတယ်ဗျ၊ သူမှာလဲ အရင်နတ်ရွာစံသွားတဲ့ မိဖုရားခေါင်ကြီးနဲ့ ရထားတဲ့ သားတော်နှစ်ပါးကလဲရှိနေပြန်သေးတယ်၊ ခု ဒီမိဖုရားရဲ့ သားတော်အငယ်ကို ထီးမွေး နန်းမွေပေးဖို့ဆိုတာ ဖြစ်မှ မဖြစ်တာဗျာ၊

ဟုတ်တယ်ဗျ၊ အဲဒါ သင်္ခန်းစာပဲဗျနော်၊ ကတိဆိုတာ စဉ်းစဉ်းစားစား ပေးသင့်တယ် အလွယ်တကူပေးမိရင် ပြန်ရခက်တတ်ရောဗျ
ဒါပေါ့ဗျာ။ မင်းမှာ သစ္စာ၊ လူမှာကတိကလည်း ရှိလေတော့ မင်းတြားကြီးခင်များ ကတိတည်ရတာပေါ့ “ အေးကွယ် ပေးပါ့မယ်” လို့ အချို သပ်လိုက်ရ ရှာတယ်၊
မကြာပါဘူးဗျာ အဲဒီမင်းတြားကြီး ချစ်တော်မူတဲ့ မိဖုရားခေါင်းအသစ်က သားတော် လေးမွေးဖွားလာသဗျ၊ အဲဒီသားတော်လေး နာမည်ကိုလဲ သူရိယလို့ မှည့်လိုက်တယ် ဗျ၊

သားတော်လေး ဖွားတာသေချာတော့ မိဖုရားခေါင်းက မင်းတြားကြီးပေးထားတဲ့ ကတိစကားကို ထပ်တောင်းတယ်ဗျာ၊
အရှင်မင်းကြီး တပည့်တော်မလဲ သားတော်လေး မွေးဖွားပါပြီး ထီးမွေးနန်းမွေးပေးပါ ဆိုပြီးတော့ ပေါ့ဗျာ၊
မင်းတြားကြီးက ငြင်း ၊ မိဖုရားခေါင်ကြီးက ထပ်ကာ ထပ်ကာတောင်းဆိုတော့ မင်းတို့ သစ္စာတည်စေချင်တာရယ်၊ ထွက်ပြီးဆင်စွယ် ၀င်တယ်မရှိဆိုတာ ဖြစ်စေချင်တာနဲ့  ပေးပါမယ်လို့ ကတိပြုလိုက်ရတယ်ဗျာ၊

မင်းတြားကြီးလဲ စိတ်မကောင်းဖြစ်ပြီး သားတော်အကြီးဖြစ်တဲ့ မဟိံသနဲ့ စန္ဒကို ခေါ်ပြီး “ သားတော်တို့ရေ ခမည်းတော်ကတော့ စကားတွေလွန်မိထားပြီ အဲဒီတော့ သားတော်တို့ရဲ့ အသက်အန္တရာယ် စိုးရိမ်ရတယ်၊ သားတော်တို့ ဘေးကင်းရာဖြစ်တယ်တဲ့ တောထဲကို သွားနေကြပါ၊ ခမည်းနတ်ရွာစံလွန်မှ တိုင်းပြည် ကိုပြန်လာပြီး သိမ်းပိုက်ကြပါ” လို့ အမှာပါးပြီး တောထဲကို ထွက်သွားခိုင်း လိုက်တယ်ဗျာ၊

ညီနောင်နှစ်ပါးလဲ ဖခမည်းတော်မင်းတြားကြီးရဲ့စကားကိုနားထောင်ပြီး တောထဲ ထွက်ဖို့ ခေါင်းငိုက်စိုက် ငိုက်စိုက်နဲ့ ထွက်လာကြတယ်ဗျ၊ ထွက်လာကြရင်း နန်းရင် ပြင်ရောက်တော့  နန်းရင်ပြင်မှာ ဆော့ကစားနေတဲ့ သူတို့နဲ့ အဖေတူ အမေကွဲ ညီတော်လေး သူရိယနဲ့ တွေ့သဗျ၊

သူရိယမင်းသားလေးကလဲ သူလဲ အစ်ကိုတော်တို့နဲ့ တောထဲလိုက်မယ်လို့ ပြောသဗျ၊
တိုတိုပြောရရင်ဗျာ၊ ညီနောင် သုံးပါးတောထဲ ရောက်သွားတယ်ဗျ၊ တောထဲရောက်တော့ ညီတော်သုံးပါးဟာ နန်းတော်ကနေထွက်လာရတာ ခရီးကလဲ ပန်းလာသဗျ။ ရေကလဲ ဆာလာတယ်ဗျ၊ ဒါနဲ့ ရေရှာကြတာပေါ့ဗျာ၊
ညီနောင်သုံးပါးထဲက အငယ်ဆုံးဖြစ်တဲ့ သူရိယမင်းသားကို ရေရှာဖို့ တာဝန်ပေးလိုက် တယ်ဗျ၊ ညီအငယ်ဆုံးဖြစ်တဲ့

သူရိယမင်းသားလေးကလဲ အစ်ကိုတော်တွေပေးတဲ့ တာဝန်ကို ကျေပွန်ဖို့ ရေရှာထွက်တယ်ဗျာ၊
မကြာပါဘူး ကြာပန်းတွေနဲ့ဝေဆာပြီး လှပတဲ့ ရေကန်ကြီးတစ်ကန်ကို တွေ့တယ်ဗျ၊ ဒါပေမယ့် အဲဒီရေကန်ကြီးက ဘီးလူးစောင့်တယ်ဗျ၊ အဲဒီဘီးလူးက ကန်ထဲဆင်းလာ တဲ့ လူတွေကို စားတယ်တဲ့ဗျ၊

အော် ဒါပေမယ့် လူတိုင်းကို စားတာတော့ မဟုတ်ဘူးဗျ၊ ဝေဒဓမ္မကို မသိတဲ့သူကို စားတာဗျ၊
“ဝေဒဓမ္မဆိုတာ ဘာလဲဗျ”
“ဒေ၀ဓမ္မဆိုတာ လောကပါလတစ်ရားနှစ်ပါးလေဗျာ”
“လောက ပါလတရားနှစ်ပါးဆိုတာကရော ဘာလဲဗျ”
“ခင်များကလဲဗျာ ရှင်းမှ ရှုတ်တော့မယ်၊ လောကပါလ တရားနှစ်ပါးဆိုတာ ဟိရီ=မကောင်းမှုလုပ်ရမှာ ရှက်တာ၊ သြတ္တပ္ပ= မကောင်းမှုလုပ်ရမှာ ကြောက်တာကို ပြောတာဗျ”
“အော် ခုမှ ရှင်းသွားတယ်ဗျာ၊ ဆက်ပါဦး ခင်များ ပုံပြင်ကို”
သူရိယမင်းသားလေးက ကြာပန်းတွေနဲ့ ဝေနေတဲ့ ရေကန်ကြီးတွေ့တော့ ၀မ်းသာ သွားတာပေါ့ဗျာ၊ ဒါနဲ့ကန်ထဲကို ရေခပ်ဖို့ ဆင်းလိုက်တယ်၊

အဲဒီအခါကြမှ ရေကန်စောင့်နေတဲ့ ဘီးလူးက ဘွားကနဲ့ ပေါ်လာတာဗျာ၊ ပေါ်လာပြီးတော့ “ ဟေ့ မင်းကန်ထဲက ရေတွေကို ဒီအတိုင်း ယူလို့မရဘူး၊”
“ဒါဆို ဘယ်လိုလုပ်မှ ယူလို့မရလဲ”
“မင်းဒေ၀ဓမ္မကို သိလား၊”
“အာဒါများလွယ်လွယ်လေး သိတာပေါ့၊ ဒေ၀ဓမ္မဆိုတာ နေနဲ့လကို ပြောတာပဲ” လို့ သူရိယ မင်းသားလေးက ပြန်ပြေတယ်ဗျ
အင်း မင်းဒေ၀ဓမ္မကို တကယ်မသိဘူး၊ လာခဲ့ဆိုပြီး ဘီးလူက ရေကန်ထဲစားဖို့ ဆွဲခေါ် သွားလေရောဗျ၊
ရေရှာ သွားတဲ့ ညီငယ်သူရိယ ပြန်မလာတော့၊ မဟိံသမင်းသားက အလတ်ဖြစ်တဲ့ ညီတော် စန္ဒကို လိုက်ရှာဖို့ ထပ်လွတ်လိုက်တယ်ဗျ၊
စန္ဒမင်းသားလဲ  ခုန ညီငယ်သူရိယတွေ့တဲ့ ရေကန်နားရောက်သွားပြီး၊ ရေကန်စောင့် ဘီးလူးက ဒေ၀ဓမ္မကို သိလားလို့မေးတယ်ဗျ၊

အဲဒီမှာ စန္ဒမင်းသားလဲ “ ဟာသိတာပေါ့ ဒေ၀ဓမ္မဆိုတာ အရပ်လေးမျက်နှာပေါ့” ဆိုပြီးဖြေတော့ မှားသွားတာနဲ့ သူလဲ ဘီးလူးက ဖမ်းခေါ်သွားတယ်ဗျာ၊

ဒီလိုနဲ့ ရေအရှာခိုင်းတဲ့ ညီတော်နှစ်ပါး ပြန်မလာလို့ နောင်တော်ကြီးဖြစ်တဲ့ မဟိံသမင်းသားက လိုက်ရှာမှ ဒီကန်ဟာ ဘီလူးစောင့်တဲ့ ကန်ဖြစ်ရမယ်ဆိုပြီး သတိနဲ့ ချဉ်းကပ်ပြီး ဘီးလူးမေးတဲ့ ဝေဒဓမ္မကို မှန်မှန်ကန်ကန်ဖြေနိုင်လို့ ညီငယ်နှစ်ယောက် ရဲ့အသက်ကိုလဲ ကယ်ခွင့်ရတယ်၊ ရေတွေလဲ ၀အောင်ချိုးရသောက်ရတယ်ဗျာ၊

(၄)

အဲဒါကြောင့် ခုခေတ်လူငယ်လေးတွေကို ဘီလူး အစားခံရမယ်ပြောတာဗျာ၊ ကိုယ်တိုင်လဲ ဒေ၀ဓမ္မလို့ ဆိုတဲ့ ဟိရီနဲ့ သြတပ္ပတရားတွေကို မသိကြတော့ဘူးဗျာ၊ အမှန်က အဲဒီတရားနှစ်ပါးက လောကကြီးကို သာယာအောင်၊ ၀ပြောအောင် ၊ လှပအောင် စောင့်ရှောက်ထားတဲ့ လောကပါလတရားနှစ်ပါးဗျာ၊

အဲဒီတရားနှစ်ပါး ပျက်ယွင်းနေကြတော့ လေကကြီးလဲ မလှပတော့ဘူးဗျာ၊ နောက် အ၀တ်အစားတွေပေါ်မှာ လော်လောလီလီ ၀တ်ကြစားကြတော့ ရှေးတုန်းက ဇာတ် တော်ထဲကလို သက်ရှိဘီဘူး စားတာမခံရပေမယ့် တဏှာဘီလူးကတော့ အမှောင်ပူးပြီး စားတာ ခံရဦးမယ်ဗျာ ၊ နောက် အ၀တ်အစားကို မလုံမခြုံဝတ်ဆင်တာဟာ ကိုယ်အန္တရယ်ကို ကိုယ်ဖိတ်ခေါ်နေသလိုပဲ လေဗျာ၊

(၅)

သူငယ်ချင်းနှစ်ယောက် ဆွေးနွေးပြောဆိုခဲ့သော တနင်္ဂနွေ စကားဝိုင်းက မှတ်မိ၊ကြားမိခဲ့သော စကားများကို ပြန်ရေးလိုက်ခြင်းပါ၊
မိမိကိုယ်ကို မိမိလည်း ဘီလူးအစားမခံရအောင် ကြိုးစားရမည်ဖြစ်ကြောင်းကို နားလည် လိုက်သည်၊ စာဖတ်သူများလဲ
ဘီလူးအစားမခံရအောင် ဘယ်လိုလုပ်ကြမ လဲ သိချင်နေမိသည် ။ ရေးပြခဲ့သော စာများကို ဖတ်ပြီးလည်း ဘီးလူးအစားမခံ အောင် နေထိုင်လိုက်နာနိုင်ကြပါစေလို့ ဆန္ဒပြုနေမိသည် ။ ။

P;s= စာတွေမရေးတာ ကြာပြီ ရေပါဦးလို့ တိုက်တွန်းစကားဆိုတဲ့ အမေ့ကို အထူးကျေးဇူးတင်စွာနဲ့ ဒီပို့စ်လေးကို ဒီနေ့ အပြီးရေးဖြစ်ပါသည်၊

ရွှေမန်းသား အရှင်အကုင်္ရ

ကျမ်းကိုး=
ဖတ်ဖူးသော ပုံပြင်များ
ဒေ၀ဓမ္မဇာတက= အဋ္ဌကတာ၊ ပါဠိ
( ၁-၂)
Seeking Righteousness= Devedhammaa Jataka
( Ken and Visakha Kawasaki)