Wednesday 15 August 2012

အခြေမပေးလို့ အနေဝေးသွားခဲ့ရင်



ဒီတစ်ခါစာဖတ်သူတွေကို တစ်ယောက်နဲ့တစ်ယောက်အခြေနေမပေးလို့ အဆင်မပြေ ကြလို့ ဝေးကွာသွားတဲ့အခါ၊ အားတင်းနိုင်အောင် အားပေးစာလေးတစ်ပုဒ်ရေးပါဦးမယ်၊
 ရေးမယ်ဆိုတော့ ထုံးစံအတိုင်ပုံပြင်လေးတစ်ပုဒ်နဲ့ စကြရအောင်ပါ၊ ဒီပုံပြင်လေးက ဆရာနန္ဒာသိန်းဇံရဲ့ စာအုပ်ထဲကပါ၊ သိဖူးဖတ်ဖူးသူများလည်း ထပ်သိရအောင်ပြောပြပါ ဦးမယ်၊ ပုံပြင်လေးကဒီလိုပါ၊

ရှေးရှေးကလူတွေဟာ ခြေကလဲလေးချောင်း၊ လက်ကလည်းလေးချောင်းနဲ့ ခေါင်းကနှစ် လုံးပါတာပါတဲ့ အဲဒီလိုဖြစ်နေတော့ စာဖတ်သူပဲစဉ်းစားကြည့်လိုက်ပါ၊ကို့ယို့ကားယားကြီး ဖြစ်နေ မယ်ထင်ပါတယ်၊ နောက်အဲဒီလူတွေက အငြိမ်မနေပါဘူးလှည့်ပတ်သွားလာနေ တာပါတဲ့၊ ဒါကိုကြည့်မရတဲ့ ဇုနတ်မင်းကြီးက တစ်ခြမ်းဆီခွဲပစ်လိုက်ပါတယ်၊ ခွဲလိုက်တော့ လက်နှစ်ဖက်၊ခြေနှစ်ချောင်း ခေါင်းတစ်လုံးစီဖြစ်သွားပါတယ်၊

အခွဲခံရတဲ့အခြမ်းလေးတွေဟာ တဖြေးဖြေးနဲ့ဝေးကွာသွားကြပါတယ်၊ ဝေးကွာသွားတဲ့အချိန် မှာသတိတွေရ၊ တမ်းတမှုတွေနဲ့ မျက်ရည်နဲ့မျက်ခွက်ပေါ့၊ ဒါကြောင့်အခြမ်းလေးတွေဟာ နေ့တိုင်း လတိုင်း နှစ်တိုင်း ကိုယ့်ဆီကဖဲ့ထုတ်ခံ လိုက်ရတဲ့ တခြားအခြမ်းလေးကိုလိုက်ရှာကြပါတယ်၊ တစ်ခါတစ်ခါ ကိုယ်အခြမ်းမှတ်လို့ သူများအခြမ်းလေးကို ငါ့အခြမ်းပဲလို့သွားကပ်တာ အဆင်မပြေဖြစ်လို့ တစ်ခါခွဲထားခဲ့ရပြီး၊ အခြမ်းရှာပုံတော်စရပြန်ပါတယ်၊ တစ်ခါတစ်ခါ ငါ့အခြမ်းပဲရယ်လို့ထင်မှတ်ပြီး နှစ်ရှည်လများတွဲလာကြတာတောင် နောက်ဆုံးကိုယ့်ရဲ့အခြမ်းလေး မဟုတ်မှန်းသိတော့ အဲဒီအချိန်မှာ ကြင်နာပေမဲ့ ရင်နာနာခွဲကြရပြန်တယ်၊ ပုံပြင်လေကတော့ ဒါပါပဲ၊
  
ပုံပြင်လေးပေမဲ့ တကယ့်လူတွေရဲ့ဘ၀တွေကိုကြည့်ပြန်ရင်လည်း၊ လူတိုင်းလူတိုင်းဖြစ်နေ တာခံစားနေရတာဟာလည်း ထိုနည်းလည်းကောင်းပဲလေ၊ ခုချစ်ခင်ကြခုယုယကြင်နာ လိုက်ကြ၊ ခုခွဲခွါကြပြန်ရနဲ့၊ တစ်ချို့ကြတော့ တစ်ဖက်သတ်နဲ့ အသက်ထက်မကချစ်ကြရ၊ တစ်ချို့ကြတော့ နှစ် ဦးနှစ်ဖက်အပေး အယူမျှပါရက်နဲ့ ဘေးလူကနှောက်လို့ မှောက်သွားတဲ့ အချစ်လှေတွေနဲ့ ဘ၀တွေဟာမျိုးစုံမျိုးစုံ အများကြီးပါပဲလေ၊
  
တရားသဘောနဲ့ပြောပြရရင်တော့“ ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းကားကွေကွင်းနောက် ဆုံးရှိခြေသည်”လို့ပြောရမှာပါပဲ၊ ဒါပေမဲ့အများက ပုရင်းထုရင်းစင်စင်နေတဲ့ ပုထုဇဉ်လူးသားတွေလေ၊ မချစ်ပဲကိုမနေနိုင်ကြပါဘူး၊ မနေနိုင်လို့ချစ်ကြ၊ ချစ်ကြပြီးအ ဆင်မပြေတော့ ကွဲကြနဲ့ ဖြစ်ကြရပြန်ရော၊ ကွဲသွားတဲ့အခါမှ ပေါက်ကွဲကြပြန်ရော မင်းငါ့အ သည်းကိုခွဲတဲ့ အသည်းစားဘုရင်ကြီး ၊အသည်းစားဘုရင်မကြီးဆိုပြီးတော့လေ၊
  
ပြောရရင်တော့ မကွဲခင်အချိန်လေးမှာ အဆင်ပြေအောင်နေကြတာဟာအကောင်းဆုံးပါ၊ ကွဲသွားမှပြန်စေ့ရတာ တော်တော်မလွယ်တဲ့အလုပ်ပါ၊ ဒါကြောင့်ပထမဆုံး အကြံပေး ချင်တာကတော့ ကိုယ့်အခြမ်းလေးကို ကိုယ်တိုင်ဂရုစိုက်ပြီး မကွဲမကွာမခွဲမခွါနေရအောင် စောင့်ရှောက်ကြင်နာလိုက်ပါ၊ တကယ်လို့ ဂရုစိုက်တဲ့ကြားကကွဲသွားရင်ဘယ်လိုလုပ်ကြ မလဲ?
  
စာရေးသူရဲ့ တပည့်မလေးတစ်ယောက်လိုတော့မလုပ်ပါနဲ့ စာရေးသူရဲ့တပည့် မလေးတစ်ယောက်က သူချစ်သူကို သူနဲ့လည်းအဆင်မပြေဖြစ်ရော အဆင်ပြေတုန်းက ၀ယ်ပေးထားတဲ့ ဆေးလိပ်ဖိုး၊ မုန့်ဖိုးတွေကို ပြန်ပေးဆိုပြီးတောင်းပါတယ်၊ အဲဒီလိုပြန် တောင်းပြန်ရင်လည်း  ကိုယ်စိတ်သဘောထားသေးသိမ်တယ်ဆိုတာ ဖော်ပြရာရောက်ပါ တယ်၊ အကောင်းဆုံးကတော့ သူရဲ့ကောင်းကွက်လေးတွေကိုကြည့်ပြီးမေတ္တာပို့ပေးနေ လိုက်ပါ၊ ဒါကလည်းအပြောလွယ်သလောက် အလုပ်ခက်တဲ့အလုပ်ပါ၊ ကိုယ်နဲ့အဆင် မပြေသူတစ်ယောက်ကို မေတ္တာထားဖို့ရာဆိုတာ တော်တော်ကိုမလွယ်တာပါ၊ သူအကြောင်း တွေးမိရင်တောင် ရင်ထဲတမြည့်တမြည့်နဲ့ နာကြင်နေတာ ဘယ်လိုလုပ် မေတ္တာပွားနိုင်မလဲလို့ စောဒကတက်ကြမယ်ထင်ပါတယ်၊

မှန်ပါတယ် စာဖတ်သူရယ် သူ့အကြောင်းကိုစ,မတွေးပဲ ကိုယ့်အကြောင်းကနေစ,တွေးရ အောင်ပါ ဘာကြောင့် လည်းဆိုတော့လူတိုင်းနီးပါးက ကိုယ့်ကိုယ်ကိုအရမ်းချစ်ကြလို့ပါ၊ ကိုယ့်ကိုယ်ကိုစ,ပြီး “ငါကျန်းမာပါစေ၊ ငါချမ်းသာပါစေ၊ငါဘေးရန်ကင်းပါစေ”လို့မေတ္တာ လေးပွားကြည့်ပါ၊နောက်ကိုယ့်ကိုယ်ကိုပွားပြီးသွားရင်ကိုယ်ချစ်လဲမချစ်မုန်းလည်းမမုန်း တဲ့သူတွေကို ကိုယ့်ကိုယ်ကိုမေတ္တာပွားသလိုဆက်ပွားကြည့်ပါ၊ အဲဒီလိုပွားပြီးသွားရင် ဆက်ပြီးတော့  ကိုယ်အရမ်းချစ်တဲ့သူကိုလည်း ကိုယ့်ကိုယ်ကိုပွားသလိုပဲ မေတ္တာလေးပွားကြည့်ပါ၊ နောက်ဆုံးအနေနဲ့ကတော့ ကိုယ်လုံးလုံးဝကြည့်မရတဲ့ ကိုယ်ရဲ့ရန်သူတော်ကြီးကို “ငါကျန်းမာသလို သူလည်းကျန်းမာပါစေ၊ ငါချမ်းသာသလိုသူလည်း ချမ်းသာပါစေ၊ ငါ ဘေးရန်ကင်းသလိုသူလည်း ဘေးရန်ကင်းပါစေ”လို့ ကြိုးစားပြီးပွားများကြည့်ပါ၊ ဒါဆိုရင်တော့ ခွဲခွာရတဲ့ဒဏ်၊ ကွဲကွာရတဲ့ဒဏ်ကို အနည်းနဲ့အများတော့ခံသာ မယ်ထင်ပါတယ်၊
  
ဒီလိုမှမဟုတ်ရင်လည်း ကိုယ်ခံစားနေရတာတွေကို ကိုယ်ယုံကြည်ရတဲ့သူငယ် ချင်းတွေကိုရင်ဖွင့်လိုက်ပါ၊ နဲနဲတော့ ရင်ထဲပေါ့သွားပါလိမ့်မယ်၊ ဒါမှမဟုတ် စာရွက်ထဲမှာကိုယ်ခံနေရတာတွေ ချရေးလိုက်ပါ၊ ခံစားနေရတာတွေပြေလျှော့သွား လိမ့်မယ်၊ ဒါက ဘုရားပေးတဲ့တရားဆေးမဟုတ်ပါဘူး၊ လောကထဲကမှာ ဖြေရှင်းလို့ပြေ လည်မဲ့နည်းလေးတချို့ပါ၊
  
    နောက်ဆုံးအနေနဲ့ကတော့ စောစောစီးစီးလမ်းခွဲသွားတာဟာ ငါအတွက်ကံ ကောင်းတာပါလားလို့တွေးပြီးပျော်လိုက်ပါ၊ ဒါမှမဟုတ်ရင်လည်း လူတိုင်းသတ္တ၀ါတိုင်း  ဟာတစ်နေ့ကြရင် သေကွဲကွဲရင်ကွဲ ဒီလိုမှမဟုတ်ရင် ရှင်ကွဲကွဲရင်ကွဲရမှာပါလားလို့တွေး လိုက်ပါ၊ ခုသူနဲ့ငါနဲ့ကွဲကွာသွားတာဟာ သေကွဲကွဲသွားတာမှမဟုတ်တာ ရှင်ကွဲကွဲသွား တာလေ၊ ဒါကြောင့် တစ်ချိန်ချိန်မှာပြန်တွေ့နိုင်သေးတယ်လေလို့ဖြေသိမ့်နေလိုက်ပါ၊
 
ကဲစာဖတ်သူရေဖြေဆေးလေးတွေတော့ ရေးပေးလိုက်ပါပြီး တကယ်လို့ဝေကွာသွားကြ ရင်ဖြေတတ်ကြပါစေနော်၊ ဒါပေမဲ့ စာဖတ်သူအားလုံးကို ခွဲခွာခြင်း ကွဲကွာခြင်းမှ ဝေးကြပါ စေကြောင်း ဆုတောင်းလိုက်ပါတယ်၊

ရွှေမန်းသား ( အရှင်အကုင်္ရ)

အမေ သို့

အမေ---

အခုလိုလိုက်လိုက်လှဲလှဲ မခေါ်ရတာကြာပြီ

အမေ

ခန့်ကျန်းသာလို့ မာပါစ

အမေ

ဖုန်းဆက်လိုက်တိုင်း လိုင်းထဲကအမေ့စကားတွေ

မသဲမကွဲနဲ့

ကြားရတာ အရင်လို နီးနီးနားနားမဟုတ်တော့

အဆင်မပြောဘူးအမေ

အမေ

ခုဆို ကျွန်တော်ရောက်နေတဲ့ အရပ်က

ရန်ကုန်နဲ့ အနေဝေး

မိုင်ပေါင်း (၁၂၃၅) နေရာလေးမှာ

အများပြောသလိုပြောရရင်

နိုင်ငံခြားပါအမေ

ဟုတ်ပါတယ်အမေရယ်

အမေနဲ့သား နိုင်ငံတွေခြားနေတဲ့ နိုင်ငံခြားပါ

ဘာသာမကွဲပြားပေမဲ့

အယူအဆ မတူကြတဲ့

လူမျိုးခြားတွေကြားမှာ

နေ့စဉ်နေ့တိုင်း

အမေသင်ပေးလိုက်တဲ့ ဝေါဟာရနဲ့ အသုံးအနှုံးကို

ထည်လဲသုံးလို့မရတော့တဲ့ နေရာလေ

တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ရာမှာ

သိုးဆောင်းတွေသုံးတဲ့ စကားကို ကြားခံအဖြစ်ထား

တစ်ယောက်ရဲ့နားနဲ့ တစ်ယောက်ရဲ့နားမှာ

ယုံကြည့်မှုနဲ့နားလည်မှုကို မိတ္တူကူးနေရတယ်

အမေ

ပြန်လာချင်လှပြီ အမေ့ဆီကို

အမေ

ပြန်နေချင်လှပြီအမေ့အိမ်မှာ

ဟော ဒီနိုင်ငံခြားကြီးဟာ

ဘယ်လောက်သာယာယာ၊

ဘယ်လောက်လောက်တိုးတက်တိုးတက်

အမေလက်နဲ့ ပွေ့ဖက်ထားတာလောက်

နွေးထွေးမှုမရှိပါဘူး

အမေ

ဟောဒီသူတို့တိုင်းပြည်ကြီးမှာ

ကျည်ဆန်ရထား၊ မိုးမျှော်တိုက်၊ ဟန်ဘာဂါ

သူတို့ဓလေ့ ရိုးရာအထွေထွေ

ဘယ်လို့ကောင်းတဲ့ နတ်သုဒ္ဓါတွေနဲ့ ဖြားယောင်းပါစေ

ကျွန်တော်ခံတွင်းမတွေ့ဘူးအမေ

အမေအိမ်က ၀ါးအခင်းမှာ

အေးအေးဆေးဆေး တေးငြီးရင်

ငါးပိရည် အတို့အမြှုပ်နဲ့

ထမင်းလုတ်တွေ လွေးချင်လှပြီ

အမေ
                               

                                                                     (8.5.2011-အမေများနေ့ အမှတ်တရ)
                                                                         သားရွှေမန်းသား (ခေတ္တ  သီရိလင်္ကာ)

Tuesday 14 August 2012

ညီမလေး ဖတ်ဖို့ ( ၆ )



ညီမလေး ဖတ်ဖို့ ( ၆ ) တူညီလေးဖြာ သတိရပါ
*********************************************
ညီမလေးဖတ်ဖို့ (၁။၂။၅)ပဲဖတ်ရတယ် (၃၊ ၄) ကိုမဖတ်လိုက်ရပါဘူး။ ကျေးဇူးပြုပြီး (၃။၎)ကိုပို့ပေးပါလား။ ညီမအခုရောက်ရှိနေတဲ့နေရာမှာ(ပတ်ဝန်းကျင်)ပေါ၊့ ဗမာလူမျိုး တွေဖြစ်ပြီး တစ်ဦးနဲ့တစ်ဦးစည်းကမ်းမရှိကြဘူး။ ညီမလေး တို့ရဲ့အလုပ်မှာလေ အမကြီး ကအသက်(၄၀)ကျော်နေပြီ
ဒါပေမယ့်နိုင်ငံခြားဆိုတော့လဲ ဝတ်တာစားက ဟော့တော့ လဲနုနေသလိုပေါ့ သူကခရစ်ယာန်။ အစ်ကိုကြီးကတော့ (၂၅) ကျော်ကျော်ပဲရှိသေးတယ် သူတို့ကအတွဲတွေပေါ့၊ သူကတော့ဗုဒ္ဓဘာသာ အဲ့ဒီ အစ်ကိုကြီးက ဘုန်းကြီးကျောင်းကို သွားတာမတွေ့ဘူး၊ အမကြီးရဲ့ဘုရားကျောင်းပဲ လိုက်သွားတာတွေ့တွေ့နေတယ်၊
အခုကြားရသလောက်တော့ ခရစ်ယာန်ဘာသာထဲဝင်သွားပြီလို့တောင် ကြားနေရတယ်၊ ကောင်လေးရဲ့ မိဘတွေသာသိရင် သူ့ရဲ့သားကိုတော်တော်ရင်ကျိုးမရဖြစ်လောက်မယ်လို့ထင်တယ်၊ အဲဒီလိုမျိုးယောင်္ကျားလေးတွေအတွက် ပညာပေးစာလေးတွေလဲရေးပေးဖို့ ညီမလေးမှ တောင်းဆိုပါတယ်။
ဒီမှာက ရည်းစားရှိတယ်ဆိုရင် လူ(၁)ယောက်ကိုအထင်သေးချင်ကြတာ၊ ဒါ့ကြောင့် ညီမလေးတွေးထားတာက ရည်းစားမထားတော့ဘူး ယူဖိုအချိန်တန်မှပဲ စဉ်းစားပြီး ယူတော့မယ်လို့တွေးထားတာ၊ လူတွေရဲ့အထင်သေးတာကိုမခံချင်တာလေ။ ညီမလေး ဖတ်ဖို့(၅)ကို ဖတိကြည့်ပြီးမှ ဘယ်လိုပြောရမလဲတောင်မသိတော့ဘူး။ ဒီထက်မက ပညာပေးစာသားတွေ ရေးပို့ပေးနိုင်ပါစေ။ စာဖတ်ပရိတ်သတ် အားလုံးရဲ့ ကိုယ်စား ကျေးဇူးပါပဲ။ ။
ဆောင်းချစ်သူ(စင်္ကာပူ)
ကျောင်းကပြန်ရောက်လို့ မေးကိုစစ်လိုက်တော့ အခုလို စာဖတ်ပရိတ်သတ်ထဲက ညီမလေးတစ်ယောက်ဆီက မေးတစ်ခုကို လက်ခံရရှိပါတယ်၊ စာရေးသူကလဲ ညီမ လေးတွေလိမ္မာကြရင် ညီမလေးတွေလိမ္မာကြမှာပဲထင်ပြီး ညီမလေးတွေအတွက်ပဲ တစိုက်မတ်မတ်ရေးဖြစ်နေပါတယ်၊
ခုတော့ ဒီလိုရောက်လာတဲ့ မေးတစ်စောင်ကြောင့် ညီလေး တွေကော ညီမလေးတွေ အတွက်ပါ ရည်ရွယ်ပြီး စာတစ်စောင်ရေးလိုက်ပါတယ်၊ ဆက်ဖတ်ကြည့်စေချင်ပါတယ်၊
ညီမလေးရေ ဆက်ဖတ်ပါဆိုတော့ သာကီမျိုးဖြစ်ပေါ်လာတာလေးက စပြောကြည့်ချင်ပါတယ်၊
မြန်မာလူမျိုးတွေ တော်တော်များများက တစ်ခါတစ်ခါ သာကီမျိုးဟေ့ တို့ဗမာဆိုပြီးပြောတတ်ကြတယ်လေ၊ သာကီမျိုးဆိုတာ ဘာကြောင့်ခေါ်တာလဲ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာ သိသင့်တယ်လဲထင်တယ်လေ ၊ ညီမလေးကော သိထားပြီးပြီလား၊ မသိသေရင် ဆက်ဖတ်လိုက်နော် ၊ သိပြီးသားဆိုရင်တော့ နှစ်ထပ်ရှိတော့ ပိုပြီး မှတ်မိသွားတာပေါ့ ညီမလေးရယ်
ဇာတ်လမ်းလေးက ဒီလို ညီမလေးရဲ့၊ ဟိုးကမ္ဘာဦးအစကပေါ့ ၊ တိတိကျပြောရရင်တော့ သြက္ကာက မင်းကြီးလက်ထက်လို့ပြောလို့ရမယ်ထင်ပါတယ်၊ အဲဒီမင်းကြီလက်ထက်မှာ သာကီဝင် လူမျိုးရယ်လို့ဖြစ်လာမဲ့ မင်းသားတွေ မင်းသမီးတွေကို တိုင်းပြည်ကနေနှင်ထုတ်ခံကြရတယ်၊
နှင်ထုတ်လိုက်တော့ ကျွန်းတောကြီးတစ်ခုထဲမှာ ရသေ့တစ်ပါးရဲ့ညွှန်ပြမှုနဲ့ မြို့တော်ကြီးတည်ကြတယ်လေ၊ မြို့တော်တည်ပြီးတော့ လူဦးရေတိုးပွားဖို့ရာကြတော့ အခက်အခဲရှိနေပြန်တယ်တဲ့ ၊ ဒါပေမဲ့ သာကီဝင်မင်းသားမင်းသမီးတွေဟာ သူများတစ်ခြားလူမျိုးများကို အိမ်ထောင်ပြုရင် ဇာတ်ပျက်မှာ စိုးတဲ့အတွက် အချင်းချင်းပဲ အိမ်ထောင်ပြုလိုက်ကြတယ်တဲ့ ညီမလေးရေ၊
ဒီသတင်းကို သြက္ကာကမင်းကြီးကကြားတော့ သကျ=စွမ်းနိုင်တဲ့မင်းသား မင်းသ မီးတွေပါလားလို့ အံ့သြပြီးပြောဆိုတယ်ဆိုပဲ ၊ အဲဒီအချိန်ကစပြီ သကျ=သာကီ=သူတစ်ပါး လူမျိုးနဲ့ လက်မထက်ပဲ မိမိအမျိုးကိုသာလက်ထပ်ဖို့ စွမ်းနိုင်တဲ့လူမျိုးရယ်လို့ ကမ္ဘာမှာ စာတင်လာတာပေါ့ ညီမလေးရယ်၊
ဒီနေ့ခေတ်မှာ ကိုယ့်အမျိုးကိုမစောင့် ကိုယ့်ဘာသာကိုအရေးမထားပဲ သူတစ်ပါးလူမျိုး သူများဘာ သာများနဲ့ လက်ထက်နေရင်တော့ သာကီမျိုးဟေ့ ဒို့ဗမာလို့ခေါ်လို့ရပါဦးမလားဆိုတာ စဉ်းစားစရာပေါ့ ညီမလေးရယ်၊
ဒီအဖြစ်အပျက်လေးတွေကို နမူနာယူပြီး ညီမလေးတို့လဲ တတ်နိုင်သမျှ ကိုယ်လူမျိုးကိုယ်ဘာသာတူ သူနဲ့သာ လက်ထပ်စေချင်ပါတယ်၊ ကိုယ်နဲ့ အဆင့်အတန်းမတူ ဘာသာမတူ လူမျိုးမတူသူနဲ့ ဘ၀တစ်ခုလုံး ပုံအပ်ပြီး လက်တွဲသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ညီမလေးရယ်၊
ညီမလေးရေ တစ်ယောက်ကို တစ်ယောက် ချစ်နေတုန်းအခါမှာ အပြစ်ဆိုတာ မမြင်သာပေမယ့် အချစ်တွေပြယ်သွားတဲ့ အချိန်မှာ အပြစ်တွေက ပေါ်လာတတ်တာ မဟုတ်လား၊ ဒါကြောင့် အကောင်းဆုံးကတော့ ကိုယ်နဲ့ လက်တွဲ့မယ့်သူဟာ-----
(၁) သမ သဒ္ဓါ = ကိုယ်နဲ့ ယုံကြည်ချက်တူညီတဲ့ သူ ဖြစ်နေရမယ်
(၂) သမ စာဂါ=ကိုယ်နဲ့ ပေးကမ်းရက်ရောတာ တူညီတဲ့ သူဖြစ်နေရမယ်
(၃) သမ သီလ= ကိုယ်နဲ့ ကိုယ်ကျင့် သီလခြင်း တူညီတဲ့ သူဖြစ်နေရမယ်
(၄) သမ ပညာ= ကိုယ်နဲ့ ပညာရေး အတွေးအခေါ်တူညီနေတဲ့သူ ဖြစ်နေရမယ်
ဒီလို အချက်လေးချက်နဲ့ ပြည့်စုံကြတဲ့ သူတွေဟာ ဘ၀မှာ စိုပြေသာယာ ချစ်ခင်ကြင်နာနိုင်ကြ မှာပေါ့ ညီမလေးရယ်၊
ညီမလေးရေ အထက်ကပြောခဲ့တဲ့ အကြောင်းအရာတွေဟာ ကမ္ဘာဦးက အကြောင်းအရာကြီးတွေ ဖြစ်နေတော့ လာပြီးရွှီးနေတယ် ထင်ရင် ထင်နေမလားပဲ ၊ ဒါဆို လက်တလောဖြစ်သွားခဲ့တဲ့ အကြောင်းအရာလေးကိုပြောချင်မယ်နော် ၊ တစ်ခါက စလုံးမှာနေတဲ့ ညီမလေးတစ်ယောက်ရှိပါတယ်၊ သူကဗုဒ္ဓဘာသာမဟုတ်ပါ ဘူး၊ခရစ်ယာန်ဘာသာပါ၊ ဒါပေမဲ့ သူနဲ့တွဲနေတဲ့ကောင်လေးက ဗုဒ္ဓဘာသာပါ၊
တစ်နေ့ ချစ်သူတို့ရဲ့ထုံးစံအတိုင်းလျှောက်လည်ကြပါတယ်၊ လည်ရင်းနဲ့ ညဉ့်နက်သွားတော့ ကောင်လေးက ကောင်မလေးကို သူ့တိုက်ခန်းမှာ အိပ်ဖို့ခေါ်ပါတယ်၊ ဒါပေမဲ့ ကောင်မလေးက“ဟင့်အင်း”လို့ ငြင်းပါတယ်၊ ဒါနဲ့ ကောင်လေးက ထပ်ပြီးနင်က လဲဟာ ဒို့ကနောက်ဆိုလက်ထပ်တော့မှာ တစ်ညလေးနဲ့ဘာမှမဖြစ်ပါဘူးလို့ ဈေးဆစ်တော့ ကောင်မလေးက “လက်ထပ်မှာမှန်ပေမဲ့ ငါကမြန်မာအမျိုးသမီးလေ၊ လက်မထပ်ပဲ အတူတူနေလို့ ဘယ်ဖြစ်မလဲ”လို့ထပ်ငြင်းကာ သူ့တိုက်ခန်းသူပြန်သွားပါတယ်လေ ၊
ညီမလေးရေ ဒီအဖြစ်အပျက်လေးမှာ သတိထားစရာကောင်းတာက ကောင်မလေးဟာ ဘာသာအနေနဲ့ ခရစ် ယာန်ဖြစ်ပေမဲ့ မြန်မာမြေမှာကြီးပျင်းလာရတဲ့အတွက် မြန်မာဆိုတဲ့စိတ်၊မြန်မာဆိုတဲ့ အသိဝင်နေပါတယ်၊ လက်မထပ်ပဲအတူနေတဲ့ အနောက်တိုင်းအယူအဆကိုလဲ လက်မ ခံခဲ့ပါဘူးလေ၊
ညီမလေးသာ အဲဒီလို အဖြစ်အပျက်မျိုးနဲ့ ကြုံလာရင် ဘယ်လိုဆုံးဖြတ်မလဲ၊ ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတာ ဒီစာလေးတွေ ဖတ်ပြီးရင် ညီမလေး ဆုံးဖြတ်နိုင်မှာပါ၊
ဒါအပြင် ညီမလေးကို သတိပေးချင်တာ သာကီမျိုးဟေ့ ဒို့ဗမာလို့ သီချင်းထဲ၊ စာထဲမှာသာမက အပြင်တကယ့်လက်တွေ့ဘဝမှာလည်း ကြွေးကျော်နိုင်အောင် ကျိုးစားကြစေချင်တယ် ညီမလေးရယ်၊
ဒီလိုပြောပြတာဟာ လူမျိုးကြီးဝါဒကို လက်ကိုင်ထားလို့ ပြောပြတာ မဟုတ်ပါဘူး ညီမလေးရေ၊ တစ်ယောက်နဲ့ တစ်ယောက် အဆင့်အတန်းချင်း ပညာအရေအချင်းချင်း မတူညီကြရင် ထာဝရ လက်တွဲသွားတဲ့အခါ အဆင်မပြေတာတွေနဲ့ တွေ့ကြုံနိုင်လို့ သတိပေးစကား ဆိုထားရတာပါ၊
ညီမလေးချစ်နေတဲ့ သူဟာ ကိုယ်နဲ့ ဘာသာမတူ လူမျိုးမတူခဲ့ရင် အခုရေးပြတာလေးတွေကို ပြန်သတိရလိုက်နော် ညီမလေး။ ။
*************************
ရွှေမန်းသား ( အရှင်အင်္ကုရ)

လောဘ သားကောင်များ


မနေ့ကနဲ့ ဒီနေ့
အရောင်မတူတဲ့စိတ်တွေနဲ့
လမ်းသလား
အရှေ့နဲ့အနောက် တောင်နဲ့မြောက်
ဒိုးယိုပေါက်
မနေ့ကတစ်ယောက်

ဟာ’ ဒီနေ့ကျတော့နောက်တစ်ယောက်
စိတ်နှယ်ကသိကအောက်ဖြစ်လိုက်တာများ
မနေ့ကအနီ ဒီကနေ့အပြာ
နောက်တစ်ရက်အ၀ါ
နောက်တစ်ရက်အစိမ်း
လိမ်းခြယ်မိတာတွေလဲမျိုးစုံ
ဟိုတစ်ယောက်ညွှန်လို့ ၀ယ်မိထားတဲ့ပစ္စည်းက
ဟောင်းမသွားသေးဘူး
နောက်တစ်ခုကပေါ်ပြန်ပြီ
ဟော လာပြန်ပြီနောက်ဆုံးပေါ်
ဘယ်ပစ္စည်းကဈေးကောင်းပြီး
ဘယ်စ္စည်းက ရှေးဟောင်းမှန်းမသိတော့
ဖိနပ်စင်မှာလဲ ရောင်စုံတွေထပ်ထပ်ကြဲ
ဆံပင်ပုံဆံကလည်း
ခုကောက်၊ ခုဖြောင့်၊ ခုခွေ၊ ခုပုလဲသွင်း
ခု ဆွဲရင်းနဲ့ဖြီးချ၊ ဟောခုကျတော့ ကိုရီးယား
ခုကျတော့အီမို ဘယ်ဟာကိုမှပုံသေတပ်မရ
လိုချင်တာနဲ့လိုအပ်တာ
ဆွဲခွါလို့မပြနိုင်သေးသရွေ့
အမြဲငါတို့ လောဘပိုက်နေတဲ့နေ့
ဟောရဟတ်ခြားကြီးပေါ်မှာ
(ငါတို့) ပျော်ရွှင်စွာ လည်ပတ်နေကြဦးမှာ။ ။

ရွှေမန်းသား ( အရှင်အကုင်္ရ)

ညီမလေး ဖတ်ဖို့ ( ၅) မခံချင်စိတ်နဲ့ ဒေါသ




ညီမလေး ဖတ်ဖို့ ( ၅)
ညီမလေးရေ ဒီတစ်ခါ ဒေါသနဲ့ ပတ်သက်တဲ့ အကြောင်းလေးပြောပြမယ်နော်၊ ဒေါသဆိုတာ မကောင်းတဲ့ စိတ်ပါ ညီမလေးရယ်၊ ဒေါသထွက်တယ်ဆိုတာ ဘယ်အချိန် ဘယ်နေရာမှာမ ကောင်းကျိုးမပေးပါဘူး၊ ဒါဆို တစ်ချို့ကပြောကြသေးတယ်။ ငါကတော့ မဟုတ်ခံပဲတဲ့လေ။

“မဟုတ်မမှန် ခွန်းတုန်ပြန်က မှန်သော်လဲ ရှုံး ကြီးသူမုန်း၏”တဲ့ ညီမလေးရေ၊
နောက်တစ်ခါ ဆက်ပြောပြရရင် ဒေါသထွက်တဲ့သူဟာ မီးကြီးခဲ ရဲရဲကြီးကို ကိုင်ပြီး ကိုယ်ဒေါသထွက်နေတဲ့ သူကို ပြစ်လိုက်တာနဲ့ တူတယ်တဲ့၊ ရဲရဲနီးနေတဲ့ မီးကြီးခဲကြီး ကိုင်တဲ့သူကော အပြစ်ခံရတဲ့ သူပါ ပူလောင်ရတာပဲ မဟုတ်လား၊ နောက်ထပ်ဥပမာလေးတစ်ခုကတော့ နံစော်နေတဲ့ အီးအီးတုံးကြီးကို ကိုင်ပြီး ပစ်လိုက်ရတာနဲ့ တူတယ်တဲ့ ညီမလေးရယ်။ ကိုင်ပစ်တဲ့သူရော အပစ်ခံလိုက်ရတဲ့သူပါ နံစော်သွားမှာပဲ မဟုတ်လား၊

မဖြစ်မနေ ဒေါသထွက်ရမယ်ဆိုရင်လဲ လောကနီတိက ပေးထားတဲ့ နည်းလေးအတိုင်း ထွက်ပေါ့ ညီမလေးရယ်၊ လောကနီတီက ပေးထားတဲ့ နည်းလေးက ဒီလို ညီမလေးရဲ့၊

“တောင်တက်ရင် ဖြေးဖြေးတက်ပါ၊ ဒေါသထွက်ရင်လဲ ဖြေးဖြေးထွက်ပါတဲ့” ဆိုလိုတာကတော့ ညီမလေးရယ်၊ တောင်ပေါ်ကို တက်တဲ့အခါ ပြေးတက်ရင် မြန်မြန်မောပြီး ခရီးမတွင်တော့ဘူးလေ၊ ဒေါသထွက်ရင် မြန်မြန်ထွက်ရင်တော့ မြန်မြန် အသက်တိုရတာပေါ့ ညီမလေးရယ်၊ လူတိုင်း လူတိုင်းက အသက်ရှည်ချင်တာပဲ မဟုတ်လား ဒါကြောင့် အ
သက်ရှည်ချင်ရင် ဒေါသကို တတ်နိုင် သမျှထိန်းသိမ်းထားနော် ညီမလေး၊ မျက်နှာလေး ၀င်းပပြီး လှလှပပလေး ဖြစ်ရင်လဲ ဒေါသစိတ်ကလေးကို တတ်နိုင်သမျှထိန်းသိမ်းထားရမှာပေါ့ ညီမလေးရယ်၊

ညီမလေးရေ ဒေါသကြီးတာနဲ့ ပတ်သက်ပြီး ပုံပြင်တစ်ပုဒ်ပြောပြဦးမယ်၊ သေချာနားထောင်နော်၊
တစ်ခါက အိုင်ကြီးတစ်ခုထဲမှာ ဖားသားအမိ ရှိသတဲ့ကွယ်၊ မေမေဖြစ်တဲ့ဖားမကြီးဟာ ဒေါသတော်တော်ကြီးဆိုပဲ၊

တစ်နေ့တော့ သားဖြစ်သူဖားကလေးဟာ ခုန်ဆွခုန်ဆွနဲ့ ရေအိုင်ကြီး ဘေနားက မြက်ခင်းပေါ်မှာ လမ်းသလားနေတယ်တဲ့၊ အဲဒီအချိန်မှာ သူတစ် ခါမှ မမြင်ဘူးတဲ့ နွားမကြီးတစ်ကောင်ကို မြင်လိုက်ရတယ်လေ၊ နွားမကြီးကို သူ့အနေနဲ့ မြင်တွေ့ရတာ ပထမဆုံးလည်းဖြစ် တစ်ခါမှလည်း မတွေ့ဖူးတာကြောင့် အံ့သြကြောက် ရွံ့ပြီး ဖားဖားမေမေကြီးဆီ ပြန်ပြေးလာပါသတဲ့၊ ဒါနဲ့ ဖားမေမေကြီးက -သားဘာဖြစ်လာတာလဲ၊ မေမေ အရမ်းကြီးတဲ့ နွားကြီးကိုတွေ့ခဲ့လို့ အဲဒါ သားကြောက်လို့ ပြန်ပြေးလာတာ မေမေ၊ ဒီတော့ ဖားမေမေကြီးက သားရယ် ဒါဟာ ကြောက်စရာလား သားကကြောက်ရအောင် အဲဒီ နွားကြီးက မေမေထက်ကြီးလို့လား၊ ကြီးတာပေါ့မေမေရ အဲဒီမှာ ဖားမကြီးက မခံချင်တာနဲ့ သူခန္ဓာကိုယ်ထဲကိုလေတွေရှူသွင်းပြီး ဗိုက်ကြီးကားပြပြီး ဒီထက်ကြီးသေးလားသား၊

ဟာ ဒီလောက်တော့ အေးဆေးပေါ့အမေရာ ဒါနဲ့ ဖားမကြီးလည်း မခံချင်လွန်းတာကြောင့် လေတွေထပ်ရှူလိုက်တယ်၊ ဝမ်းဗိုက်ကြိးကိုလဲ လည်းဖောင်းသထက်ဖောင်းအောင် ကားလိုက်တယ်၊ ဒီထက်ကော ကြီးသေးလားငါ့သား ဟာ ဒီလောက်တော့ အသာလေးပေါ့ မေမေရ၊

 နောက်ဆုံး သားကိုမေးရင်း ၊ဖားသားလေးကလည်း ဒီထက်မကသေးဘူးမေမေလို့ပြော ရင်းနဲ့ ဖားမေမေကြီးဟာ မခံချင်စိတ်နဲ့ လုပ်လိုက်တာ လေတွေကြောင့် ဝမ်းကွဲကာ သေပွဲဝင်သွားရပါတော့တယ်၊
ညီမလေးရေ ဒီပုံပြင်လေးကတော့ မခံချင်စိတ်ဟာ မကောင်းဘူးဆိုတဲ့ သင်္ခန်းစာ ယူစရာလေးပေါ့၊ ပြောရရင်တော့ ညီမလေးရယ် မခံချင်ကို အရင်းစစ်လိုက်မယ်ဆိုရင် အမြစ်မြေကပေါ်ဆိုသလို တကယ်တမ်းတော့ မခံချင်စိတ်ဆိုတာ မကောင်းတဲ့ ဒေါသစိတ်ပါ၊ ဒေါသဖြစ်တာ ကောင်းတာမှမဟုတ်တာ၊ ဘယ်လောက်ထိမကောင်းသလဲဆိုရင်

 ဒေါသစိတ်ဟာ သာမာန်လူတွေမပြောနဲ့ တန်ခိုးကြီးတဲ့ နတ်တစ်ချို့တောင် ဒေါသဖြစ်ခဲ့ ရင် အဲဒီဒေါသက သူတို့ခန္ဓာကိုယ်ကိုလောင်မြိုက်ပြီး သေပွဲဆိုက်ရတယ်လေ၊ ဒါကြောင့် ကိုယ်နဲ့ပြိုင်ဆိုင်လာတဲ့သူ၊ ကိုယ့်ကိုယ်မနာလိုတဲ့သူတွေကို မခံချင်စိတ်နဲ့ သွားမပြိုင်လိုက်ပါနဲ့နော်၊ ပြိုင်လာလျှင်အရှုံးပေး နှလုံးအေးတဲ့ဆေးပါ၊

တကယ်တော့ သည်းခံတယ်ဆိုတာ ကြောက်လို့အရှုံးပေးတာ မဟုတ်ပါဘူးညီမလေးရယ်၊ နားလည်မှုနဲ့ သူ့ကို မသိမသာ တရားသောနည်းနဲ့ အနိုင်ယူလိုက်တာပါ၊ ဒါပေမဲ့ အပြင်ပန်းကြည့်ရင် တော့ ကြောက်လို့အရှုံးပေးတယ်လို့ထင်စရာပေါ့၊ ပြောရရင်တော့ ညီမလေးရယ် ပတ်ဝန်းကျင်ဆိုတာ ကိုယ်ထက်သာမနာလိုတွေ များတယ်လေ၊ အမနာပကဲ့ရဲ့စကားတွေကလည်း နေ့စဉ်နဲ့အမျှကြားနေရမှာပါ၊ ဒီလိုစ ကားတွေ

ဒီလိုအပြုမူတွေတွေ့ကြုံလာရရင် မသိချင်ယောင်၊မကြားချင်ယောင်ဆောင်နေ လိုက်ပါနော်၊
မခံချင်စိတ်နဲ့ ခွန်းတုန့်ပြန်ကာ ရန်မတွေ့လိုက်ပါနဲ့နော်၊ တကယ်လို့ ရန် တွေ့ချင်စိတ်တွေ မခံချင်စိတ်တွေဖြစ်လာရင် ဖားသားအမိပုံပြင်လေးကို သတိရလိုက်ပါ နော်။ ။

 ရွှေမန်းသား ( အရှင်အကုင်္ရ)

Monday 13 August 2012

ညီမလေး ဖတ်ဖို့ ( ၄)

အချိန်ဆိုတာ ဘဝပါ

ညီမလေးရေ

မြန်မာပြည်မှာ ဆယ်တန်းအောင်စာရင်းတွေထွက်တော့ အွန်လိုင်းမှာ ချက်တင်အမြဲ တမ်းထိုင်ဖြစ်နေတဲ့ တပည်လေးတစ်ယောက်က ဖုန်းဆက်လာတယ်၊ ဒီနှစ်လည်း ဆယ်တန်းကျပြန်တယ်တဲ့၊သူကိုလေ့လာလိုက် တော့ ကျူရှင်တော့သွားပါရဲ့ ဒါပေမဲ့ သူသွား တဲ့ကျူရှင် တကယ်ကျူရှင်မဟုတ်ပဲ၊ အင်တာနက်ဆိုင်က ကြူရှင်ဖြစ်နေတယ်လေ၊  တစ်ရက်ကိုစာကျက်ဖြစ်တာထက် အွန်လိုင်းမှာချက်တင်ထိုင်နေတဲ့ အချိန်က သူအတွက်ပိုများနေတယ်၊
  
ကိုကြီးအမြင်ကိုပြောရရင် ချက်တင်ထိုင်တယ်ဆိုတာ တရုပ်သိုင်းဝတ္ထုဖတ်နေရ သလိုပဲလေ၊ ပြီးလည်းပြီးသွားရောဟာကနဲ့ဖြစ်ပြီး မှတ်သားစရာသိပ်မကျန်ခဲ့ ဘူးလေ၊ အွန်လိုင်းမှာလဲ ဒီလိုပါပဲညီမလေးရယ်၊ ချက်နေတုန်းတော့ ဟုတ်သလိုရှိပေမဲ့ တကယ့် တကယ်အနှစ်ချုပ်လိုက်ရင် နောက်ဆုံးကြတော့ အနှစ်သာရက နဲနဲပဲကျန်တာလေ၊
  
အွန်လိုင်းထိုင်ပြီး အင်တာနက်သုံးတတ်တာကောင်းပါတယ် ညီမလေးရယ်၊ ဒါပေ မဲ့ ချက်တင်တစ်ခုတင်မကပဲ၊တခြားအသိပညာဗဟုသုတရမယ့် ဆိုဒ်တွေကိုလေ့ လာမယ်ဆိုရင် ချက်တင်ထိုင်တာထက် အကျိုးရှိမယ်ထင်ပါတယ်၊
  
ကမ္ဘာလောကကြီးက လူတိုင်းလူတိုင်းအတွက် တစ်ရက်ကို (၂၄) နာရီအတိအ ကျ ပေးထားတာလေ၊ ဘယ်သူကိုမှ မျက်နှာလိုက်ပြီး ပိုမပေးထားပါဘူး၊ ပေးထားတဲ့ အချိန်တွေကို တန်းဖိုးရှိရှိ သုံးတတ်မယ်ဆိုရင်တော့ သုံးတတ်တဲ့သူတွေအတွက် တန်ဖိုးရှိတဲ့ လက်ဆောင်တွေရမှာပေါ့၊ မသုံးတတ်ရင်တော့ တစ်နှစ်လာလဲ ဒီဘဝ၊ ဒီအခြေ နေ၊ ဒီစတိုင်ပဲဆိုရင် အသက်သာကြီးပြီး အချိန်မစီးတဲ့သူ ဖြစ်နေမှာပေါ့၊
  
ချက်တင်ဆိုတာ ညီမလေးသိတဲ့အတိုင်းပါပဲ၊ ချက်ပြီးရင် ထချင်တာမဟုတ်ဘူး လေ၊ တစ်ယောက်နဲ့တစ်ယောက် ရေးထားတဲ့စာလေးတွေ၊ ကဗျာလေးတွေဖတ်ပြီး ကိုယ်ကိုယ့်အချိန်တွေကုန်မှန်းမသိ ကုန်နေတာလေ၊ နောက်ဆုံး မင်ဘာကုန်လို့ နာရီ ပြည့်လို့ ဆိုင်ထဲကထွက်လိုက်တော့မှ ကုန်သွားတဲ့အချိန်တွေ၊ ကုန်သွားတဲ့ပိုက်ဆံတွေဟာ ဘယ်လောက်နှမြောစရာ ကောင်းလဲ၊ ကိုကြီးပြောတာ ဟုတ်မဟုတ် ညီမလေးကိုယ်တိုင် စဉ်းစားကြည့် စေချင် ပါတယ်။
  
အချိန်တွေကို တန်ဖိုးမထားမိလို့ ရာဇဝင်ထဲမှာ မြင်းခံတော်ငပြည့်ဟာ အသက် ဆုံးရှုံးခဲ့ရဘူးတယ်လေ၊ ပြောရရင်တော့ ညီမလေးရယ် အချိန်ဆိုတာ ဘဝပါ၊ အချိန်ကို တန်ဖိုးထားပါမှ ကိုယ့်ဘဝကို တန်ဖိုးထားရာရောက်မယ်လေ၊ ဘာကြောင့် ဒီလိုပြောရ လဲဆိုရင် မိနစ်တွေလေးကို စက္ကန့်လေးတွေနဲ့ ဖွဲ့ထားပြီး၊ နာရီတွေကြပြန်တော့ မိနစ်လေးတွေနဲ့ ဖွဲ့ထားပြန်တာလေ၊ နောက်တစ်ခါ အဲဒီနာရီတွေကို စုပေါင်းလိုက်ရင် ရက်တွေ၊လတွေ၊နှစ်တွေဖြစ်လာတာလေ၊ အဲဒီနှစ်တွေကမှ အသက်တွေ၊ဘဝတွေ ဖြစ်လာတာမဟုတ်လား၊ ခုလို ချက်တင်ထိုင်ရင်း ညီမလေးအချိန်တွေဖြုန်း၊ပိုက်ဆံတွေ ဖြုန်းနေရင် ညီမလေးဘဝကို ညီမလေးကိုယ်တိုင် တစ်စချင်း၊တစ်ခဏချင်း ရိုက်ချိုးနေ တယ်ဆိုတာ တွေးကြည့်ပြီး သိစေချင်တယ်။
  
ညီမလေးရေ မိုးရေမိုးပေါက်လေးတွေဟာ ကောင်းကင်ကနေ တစ်ပေါက်ချင်းစီ သက်ဆင်းလာတာလေ၊ မြေကြီးပေါ်ရောက်မှ၊ ကန်တွေချောင်းတွေထဲရောက်မှ အစုအဝေးနဲ့၊ ရေပြင်ကြီးအဖြစ်နဲ့မြင်တွေ့ရတာလေ၊ ဒီလိုပါပဲ ညီမလေးရယ် ခုညီမလေး အင်တာနက် ဆိုင်လာသုံးနေတာဟာ ခဏလေးခဏလေးတွေဖြစ်ပေ မဲ့ အဲဒီခဏလေးတွေစုပေါင်းလိုက်ရင် အချိန်တွေအများကြီးဖြစ်လာမှာနော်၊
  
ခုလိုအကျိုးရှိတဲ့အချိန်လေးတွေကို တန်းဖိုးရှိလာအောင် ညီမလေးပြောင်းလဲ အသုံးချကြည့်ပါလား၊ ညီမလေးဘဝ သုံးနှစ်အတွင်း ပြောင်းလဲလာမှာလေ၊ ဥပမာ စာဖတ်တာ၊ အလုပ်တစ်ခုခုကို အချိန်လေးပေးလုပ်တာစတာလေးတွေပေါ့၊ ကိုယ်က မိန်းကလေးဆိုတော့ ခုလိုချက်တင်ထိုင်တဲ့ အချိန်တွေကိုလျှော့ပြီး၊ ဒီလိုအချိန်မှာ  ပန်းထိုးတာ၊ စက်ချုပ်တာ၊ ကိုယ်အတွက် ဗဟုသုတရမဲ့ စာပေတွေဖတ်မယ်ဆိုရင် ညီမလေး ဘဝတိုးတက်မလား၊ ဆုတ်ယုတ်မလား ဆိုတာ ညီမလေးကိုယ်တိုင်တွေးကြည့်ရင် သိမှာပါ၊
  
ညီမလေးရေ ပြန်အစားထိုးလို့ မရတဲ့အထဲမှာ အချိန်တွေပါတယ်ဆိုတာ မမေ့စေ ချင်ဘူးလေ၊ အချိန်တွေလွန်သွားမှ နောင်တတွေတသီးကြီးနဲ့ငိုနေလို့ မဖြစ်ဘူးနော်၊ နောင်တဆိုလို့ ညီမလေးကို နောင်တရစရာအကြောင်းလေးတွေ ဆက်ပြောလိုက်ဦး မယ်နော်၊

 နောင်တရစရာ အကြောင်းက (၁၀)ပါးတောင်ရှိတယ် ညီမလေးရဲ့၊ အဲဒါတွေက--------

(၁) ငယ်စဉ်မှာ ပညာမသင်ခဲ့မိလို့လဲနောင်တ ရတတ်တယ်၊

(၂) ဒုတိယအရွယ်ရောက်လို့ ပစ္စည်းဥစ္စာမစုဆောင်းထားရင်လဲ နောင်တရတတ်တယ်၊

(၃) သူတစ်ပါးရဲ့ ချစ်ခြင်းကိုခွဲမိခဲ့ရင်လည်းနောင်တ ရတတ်တယ်။

(၄) သူတစ်ပါး အသက်ကိုသတ်ခဲ့ရင်လည်း နောင်တရတတ်တယ်၊

(၅) သူများသားမယားကို ပြစ်မှာစော်ကားခဲ့ရင်လည်းနောင်တ ရတတ်တယ်။

(၆) ပစ္စည်းတွေရှိပြီး သူတစ်ပါးကို မပေးမကမ်းမလှူဒါန်းရင်လည်း နောင်တရတတ် တယ်၊

(၇) မိဘတွေကို မသေဆုံးခင်မှာ မပြုစုလိုက်ရရင်လည်း နောင်တရတတ်တယ်၊

(ဂ) သူတော်ကောင်းတွေရဲ့ ဆုံးမစကားကို မနာယူခဲ့ရင်လည်းနောင်တရ တတ်တယ်၊

(၉) ပညာရှိတွေဆီမှာ ပညာမသင်ခဲ့မိရင်လည်း နောင်တရတတ်တယ်၊

(၁၀) ငယ်ငယ်က အကျင့်စာရိတ္တမကောင်းခဲ့ရင်လည်း ကြီးလာတဲ့အခါမှာ နောင်တရ တတ်တယ်၊
ကဲ ညီမလေးရေ ဒါတွေကတော့ နောင်တရစရာအကြောင်းတွေပေါ့၊ ညီမလေးလဲ အဲဒီ လိုနောင်တရစရာအကြောင်းတွေနဲ့ မကြုံမဆုံအောင် ကြိုးစားထားနော်၊

ဒီစာလေးကို ဖတ်ပြီးချိန်ကစပြီး ချက်တင်ထိုင်တာတွေကို ရပ်ပြီး၊ တန်ဖိုးရှိတဲ့ အချိန်တွေကို တန်ဖိုးရှိတဲ့အလုပ်တွေနဲ့ အစားထိုးကာ ညီမလေးဘဝ တန်ဖိုးရှိအောင် ကြိုးစားလိုက်ပါနော်။

ရွှေမန်းသား ( အရှင်အကုင်္ရ)

Sunday 12 August 2012

ညီမလေး ဖတ်ဖို့ ( ၃)

 
 
ခေါင်းစဉ်က ညီမလေးဖတ်ဖို့လို့ ပေးထားတော့ ညီလေးတွေက မေးကြပါတယ်၊ ညီလေးဖတ်ဖို့ မရေးဘူးလားပေါ့၊ ခုဒီစာရဲ့ခေါင်းစဉ်ကလဲ ညီမလေးဖတ်ဖို့လို့ ပေးထား ပြန်တော့ ညီလေးတွေက စောကြောကြဦးမှာပါ၊ အဲဒီလိုစောကြောကြမဲ့ ညီလေးတွေကို အဖြစ်အပျက်တစ်ခုလေးနဲ့ ဖြေရှင်းပြလိုက်ပါမယ်၊ ဖတ်ကြည့်ပါဦး၊ ရေးပြတာလေး ဖတ်ပြီးသွားရင်တော့ ညီလေးတွေလည်း သဘောပေါက်သွားမယ် ထင်ပါတယ်။

  
အဖြစ်အပျက်လေးက ဒီလိုပါ တစ်ခါမန္တလေးမြို့က စာသင်တိုက်ကြီး တစ်တိုက်မှာ စာသင်နေတဲ့ ဦးဇင်းလေးဦးသုတဆိုတာ ရှိပါတယ်၊ ဦးသုတက မန္တလေးမြို့ရဲ့ထုံးစံ အတိုင်း ဆွမ်းခံအိမ်တွေနဲ့ အရမ်းကိုရင်းနှီးပြီး မိသားစုတွေလိုခင်နေပါတယ်၊
  
ဦးသုတတစ်နှစ်ကုန်လို့ စာမေးပွဲတွေဖြေပြီးရင် သူ့ဇာတိရပ်ရွာကိုပြန်ပါတယ်၊ အဲဒီလိုပြန်တဲ့အခါ သူ့ရဲ့ဆွမ်းဒကာဒကာမတွေက ခရီးစရိတ်နဲ့ လိုအပ်တဲ့လက်ဆောင် တွေ ဝိုင်းဝန်းလှူဒါန်းကြပါတယ်၊ ဦးသုတကလည်း စာဝါတွေပြန်ဖွင့်လို့ သူ့ဇာတိရွာ ကနေ ပြန်လာရင်လည်း သူ့ဆွမ်းဒကာဒကာမတွေအတွက် လက်ဆောင်တွေတစ်ပွေ့ တစ် ပိုက်နဲ့ ပြန်လာတတ်ပါတယ်၊ဒါဟာရွှေမန္တလေးက စားသင်သားကိုယ်တော်လေး တွေနဲ့ ဆွမ်းဒကာဒကာမတွေရဲ့ မေတ္တာသင်္ကေတလေးတွေဆိုရင်လည်းမမှားပါဘူး၊
  
ဒီလိုနဲ့ တစ်နှစ်တော့ ဦးသုတက သူ့ရွာမှာထွက်တဲ့ သနပ်ခါးတွေကို သယ်လာပါ  တယ်၊ မန္တလေးရောက်တာနဲ့ သူ့ရဲ့ဆွမ်းခံအိမ်တွေကို လိုက်ဝေပါတယ်၊ လိုက်ဝေရင်း ဒေါ်နုတို့အိမ်ရောက်တော့ ဒေါ်နုရယ် ဒေါ်နုအမျိုးသားဒကာကြီးရယ် အိမ်မှာရှိနေကြပါ တယ်၊ ဒကာကြီးက သနပ်ခါးတွေလက်ဆောင်ပေးတာမြင်တော့၊
  
“ကိုယ်တော်က မျက်နှာလိုက်တယ်နော်၊ ဒကာမကြီးအတွက်ပဲ သနပ်ခါးလက် ဆောင်ပါတယ်၊ ဒကာကြီအတွက်ကြတော့ ဘာမှမပါပါလား ”လို့ လျှောက်လိုက်တော့
  
ဦးသုတကလည်း ရင်းနှီးနေတော့ ဒကာကြီးကို ဗွင်းဗွင်းနဲ့ ရှင်းရှင်းပဲ
“ဒကာကြီးကလည်း ဒကာမကြီးကို သနပ်ခါးပေးတယ်ဆိုတာ ဒကာကြီးအတွက်ပေါ့ဗျ ”လို့ပြောလိုက်တော့မှ၊ ဒကာကြီးလည်း “တင်းပါးတင်းပါး”ဆိုပြီးငြိမ်သွားပါတော့တယ်၊
  
ခုလည်း ဒီလိုပါပဲ ညီမလေးတွေအတွက်ရေးတယ်ဆိုတာ ညီမလေးတွေလိမ်မာ ယဉ်ကျေးအောင်လို့ပါ၊ ညီမလေးတွေလိမ်မာယဉ်ကျေးရင် ညီလေးတွေလဲ လိမ်မာယဉ်ကျေးမှာပေါ့၊ စကားပုံလေးတောင်ရှိတယ်မို့လား၊ ”အမေပြောတော့ တစ်လ၊ မယားပြောတော့ တစ်ည”ဆိုတာလေ၊ ညီမလေးတွေလိမ်မာခဲ့ရင် ညီမလေးတွေက ညီလေးတွေကို ပြန်လည်းလမ်းညွှန်ကြမှာပါ၊
  
ဒီလိုလမ်းညွှန်တာနဲ့ ပတ်သက်လို့ ဝိသာခါဆိုတဲ့ ကျောင်းအမကြီးအကြောင်းကို နည်းနည်းပြောချင်ပါတယ်၊ ဝိသာခါဆိုတာ သာသနာနယ်ပယ်မှာတော့ မသိသူမရှိ လောက်အောင်နာမည်ကြီးတာပါ၊ အနာထပိန်သူဌေးတို့ နာမည်ကြီးသလို ဝိသာခါ ကျောင်းအမကြီးကလည်း နာမည်ကြီးတာပေါ့၊ ကျောင်းအမကြီးဆိုတဲ့ ဂုဏ်ရယ်၊ အရမ်းလှ အရမ်းချောတယ်ဆိုတဲ့ ဂုဏ်ရယ်က ဟိုးလေးကျော်နေတာ၊ အသက်ကြီး တာတောင် မြေးတွေနဲ့ အလှကယှဉ်လို့ရနေသေးတာလေ၊
  
ဒါတင်မက ဝိသာခါကျောင်းအမကြီးဟာ (၇)နှစ်အရွယ် ငယ်ငယ်လေးနဲ့ သောတာပန် ဖြစ်ခဲ့သေးဆိုတော့ သူမရဲ့ဥာဏ်ပညာအနေအထားကလည်း အများတကာ အားကျစရာပါ၊၊ ဒါပေမဲ့ သူရတဲ့ယောက်ျားက ဘာသာခြားဖြစ်နေတယ်၊ ရခါစမှာ ဝိသာခါဟာ အလှူဒါနတွေ လုပ်ချင်တာလုပ်ခွင့်မရရှာဘူး၊ ဆွမ်းလောင်းချင်တာလဲ လောင်းခွင့်မရရှာဘူး၊
  
နောက်ဆုံးမှာ ယောက္ခမနဲ့ အတိုက်အခံအမျိုးမျိုးလုပ်ပြီးမှ ဆွမ်းလောင်းရ၊ မြတ် စွာဘုရားတရားကို နာယူရတာပါ၊ ယောက်ျားနဲ့ ယောက္ခမကိုလည်း ဗုဒ္ဓဘာသာဝင် တွေ ဖြစ်အောင် စည်းရုံးနိုင်ခဲ့ပါတယ်၊
  
ဒါဟာပြောရရင် ဝိသာခါလိမ်မာလို့ပါ၊ ခုခေတ်ညီမလေးတွေရော ဝိသာခါလို လိမ်မာနိုင်ပါ့မလား၊ “ပတ်ဝန်းကျင်ဆိုတာ ကိုယ်ကသူ့ကိုလွှမ်းမိုးနိုင်အောင်ကြိုးစားရင် ကြိုးစား၊ ဒါမှမဟုတ်ရင် သူလွှမ်းမိုးတာကို ကိုယ်ကခံရတတ်တာပါ”၊
  
ကိုယ်မသိတဲ့ ကိုယ်မကျွမ်းကျင်တဲ့ သူစိမ်းတစ်ယောက်၊ ပတ်ဝန်းကျင်အသစ်မှာ နေထိုင်ဖို့၊ ရှင်သန်ဖို့ဆိုတာ အရမ်းခက်ခဲတာပါ၊ တကယ်တမ်းပြောရရင် မိန်းမသားတွေဟာ အများအားဖြင့် စိတ်ထားနုပါတယ်၊ အိမ်ထောင်ပြုတယ်ဆိုတာလဲ ကိုယ့်ရဲ့အားကိုးရာတစ်ခုအနေနဲ့ ပြုကြတာများပါတယ်၊ အိမ်ထောင်ပြုလိုက်တယ်ဆို တာ ဘဝကို အလောင်းအစားတစ်ခုလုပ်ရတာနဲ့တူပါတယ်၊ ရှုံးမလား မြတ်မလားဆိုတာ ရင်တမမနဲ့ ရင်ဆိုင်ကျော်လွှားနေရတာပါ၊ နောက်တစ်ခါ လျှောက်ရတဲ့လမ်းကလည်း တစ်ယောက် တည်းတစ်စိတ်တည်း မဟုတ်တော့ပါဘူး၊ နှစ်ကိုယ်တစ်စိတ် နှစ်ယောက်တစ်အိပ်မက် ဘဝကို အတူတူကျော်ဖြတ်ကြရတာပါ၊
  
မြန်မာစကားပုံမှာတော့“အိမ်ထောင်ဦး ဘုရားတည်၊ ဆေးမင်ရေစုတ်ထိုး ဤသုံး မျိုးချက်မပိုင် နောင်ပြင်နိုင် ခက်လိမ့်အမျိုး”လို့ ဆိုရိုးပြုထားပါတယ်၊ ဘုရားတည်တာ၊ ဆေးမင်ကြောင်စုတ်ထိုးတာ၊ အိမ်ထောင်ပြုတာတွေဟာ နောင်အခါလက်ထဲရောက် လာပြီးမှ ဟင့်အင်း မကြိုက်တော့ဘူး ပြင်ချင်တယ်ဆိုရင် အရမ်းခက်ခဲတဲ့အလုပ်ပါ၊ ကွဲချင်လို့လဲ အဆင်မပြေ ကွာချင်လို့လည်းမြန်မာလူမှုပတ်ဝန်ကျင်အရ အများနှာ ခေါင်းရှုတ်ကြမဲ့ အလုပ်ကြီးပါ၊
  
ဒါကြောင့် ညီမလေးများကိုပြောချင်ပါတယ်၊ အိမ်ထောင်ပြုမယ်ဆိုရင် သူကကိုယ်နဲ့ အကြိုက်စရိုက် ဝါသနာ ဘာသာ လူမျိုးတူရဲ့လားဆိုတာ သေချားရွေးချယ်ပါ၊
“ရွှေအကြောင်း ဖယောင်းမှသိ လူအကြောင်း ပေါင်းကြည့်မှသိ”ဆိုပေမဲ့ ကိုယ်ချစ်သူ အကြောင်းကို အတူမပေါင်းခင် အိမ်ထောင်မကြခင်ကတည်းက သိအောင်လုပ်ထားရ မှာပါ၊ တကယ်တော့ ချစ်သူရီးစားထားတယ်ဆိုတာကလဲ အဲဒီလိုလေ့လာချိန် အကဲခတ် ချိန်ရအောင်လို့ ထားရတာပါ၊ သမီးရီးစားဘဝမှာ ရုပ်ရှင်ကြည့်တာ၊ ပန်းခြံသွားတာစတဲ့ အရာတွေနဲ့သာ အချိန်မကုန်သင့်ဘူးလို့ထင်ပါတယ်၊ သူ့အကြောင်းကိုယ့်အကြောင်းကို ကောင်းကောင်းသိ အောင်လေ့လာသင့်ပါတယ်၊
  
ဒီနေရာမှာ စကားစပ်မိလို့ သူ့အကြောင်းကိုယ့်အကြောင်း ကောင်းကောင်းမသိပဲ အိမ်ထောင်ပြုခဲ့တဲ့ ညီမလေးတစ်ယောက်ရဲ့ အဖြစ်ကိုပြောပြချင်ပါတယ်၊ အဖြစ်အပျက် က တောင်ဒဂုံက အထည်ချုပ်စက်ရုံတစ်ရုံမှာ ဖြစ်ပျက်ခဲ့တာပါ၊ အဲဒီစက်ရုံက သီရိလင်္ကာက ကုလားတွေပိုင်တာပါ၊ မန်နေဂျာကလည်းကုလား အရေးပါတဲ့အလုပ်သမားတွေကလည်း ကုလားတွေပါ၊ သူတို့က ကုလားတွေဆိုပေမဲ့ သီရိလင်္ကာကဖြစ်တဲ့ အတွက် ဗုဒ္ဓဘာသာကုလားလူမျိုးတွေပါ၊
  
အဲဒီသူတို့အဖွဲ့ထဲမှာ ဘာသာခြားaကုလား ကောင်လေးတစ်ယောက်ပါလာပါတယ်၊ ပါလာပေမဲ့ သူဟာ ဘာသာခြားဆိုတာကို သူတို့အချင်းချင်းတောင်မသိပါဘူး၊ ဒီလိုနဲ့ အလုပ်လုပ်ရင် စက်ရုံကညီမလေးတစ်ယောက်နဲ့ အိမ်ထောင်ကျပါတယ်၊ အိမ်ထောင်ကျတော့ အဲဒီညီမလေးက သူ့အမျိုးသားကို ဘာသာခြားမှန်းမသိပါဘူး၊
  
နောက်ကလေးတွေရမှ ကလေးတွေကို ဘာသာခြားထဲသွင်းဖို့ စည်းရုံးမှ သူမ ယောက်ျားဟာ ဘာသာခြားဆိုတာသိပါသတဲ့၊ ကဲညီမလေးရေ အဲဒီအချိန်ရောက်မှ ဘယ်လိုလုပ်ကြမလဲ၊
  
ဝိသာခါလို ကိုယ့်ကကိုယ်ဘာသာဘက်ပါအောင် စွမ်းဆောင်နိုင်ရင်တော်သေးတယ်၊ အစွမ်းဆောင်နိုင်ရင် ဘယ်လိုလုပ်မလဲ၊ သူ့ဘက်လိုက်ရအောင်ကလဲ သူဘာသာ နဲ့ကိုယ်ဘာသာက မိုးနဲ့မြေ ဆီနဲ့ရေလေ၊
  
အကောင်းဆုံးကတော့ ညီမလေးရယ် အစကောင်းမှ အနှောင်းသေချာတာဆိုတာလို အစကတည်း ကောင်းအောင်ကြိုးစားပါလို့ အကြံပေးချင်တာပါပဲကွယ်။ ။
  
( ညီမလေးတွေအတွက် ဘာသာခြားနဲ့ ပတ်သက်ပြီးရေးပေးပါဦးဆိုတဲ့ ညီလေး တစ်ယောက်ရဲ့ တောင်းဆိုချက်အရ၊)
 
 ရွှေမန်းသား ( အရှင်အကုင်္ရ)

ဆူးလေလမ်းမကြီးနားက ခိုတွေကို အစာကျွေးရင်း




လူအုပ်ကြီးကား နေ့စဉ့်နဲ့အမျှသက်ဝင်လှုပ်ရှားနေသည်၊ ဘတ်စကားတွေက ၀င်လိုက်ထွက် လိုက်၊ ဗဟန်း(၃)လမ်း၊ ရေခဲဆိုင်၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အင်းစိန် စသည့်လိုရာခရီးသို့သွားနိုင်သည့်နေ
ရာလေး၊

ဆူးလေစေတီတော်ကြီးက ကြည်ညိုဖွယ်ရာဆည်းလဲသံ တွေကြားနေရသည်၊ မြို့တော်ခန်းမကြီးနဲ့ လွတ်လပ်ရေးကျောက်တိုင်တို့ကား အရပ်ရှည်ပြိုင်နေသည်၊ တရားရုံးကြီးက ဒိုင်လူကြီးသဖွယ် မားမားမတ်ရပ်ကြည့်နေသည်၊

ဧမာနွေလဘုရားကျောင်းနားဝယ် အစိမ်းကိုယ်စီကိုင်ထားသော ပွဲစားတို့က ရောက်လာသူတိုင်းကို အစ်ကို၊အစ်မခဏခဏခေါ်လျှက် အစိမ်းယူမလားမေးနေသည်၊ ဆူးလေစေတီတော်ခြေရင်းတွင် ခိုတွေအစာစားနေကြသည်၊

မီးသတ် ရှေ့တွင် အမဲအူပြုတ်သည်က ဖောက်သည်တွေကိုမျှော်နေသည်၊ အရာရာတိုင်းသက်ဝင်လို့၊ လှုပ်ရှားလို့၊ မြောက်ဥက္ကာလာသွားမည့်

(၄၃)အထူးကားတစ်စီးထိုးဆိုက်လာသည်၊ ခရီးတွေအ လုအယက် သူထက်ငါနေရာရှာနေကြသည်၊ အော် နေရာလေးတစ်နေရာအတွက် တွန်းသူတွန်း၊ ခွေ့သူကခွေ့၊ တိုက်သူကတိုက်နှင့် မသိမသာ ကြင်နာမှုတွေအစားနာကြင်မှုတွေကို ဖော်ပြနေကြ သည်၊

ရခဲ့ဘူးသောကဗျာလေးတစ်ပုဒ်ရင်ထဲပေါ်လာသည်၊ နှစ်ရှည်လများရထားဘူးသော ကဗျာလေး

“ လာတုန်းကလည်း၊ တစ်ယောက်တည်းနော်၊

လက်တွဲခေါ်လာ၊ ဖော်မပါဘူး၊

ပြန်သွားတော့လည်း၊ တစ်ယောက်တည်းနော်၊

လက်တွဲခေါ်လာ၊ဖော်မပါဘူး၊

ဥစ္စာချည်းနှီး၊ကိုယ်ထီးတည်၊

လာပြီးတော့နား၊ မသွားသေးခင်၊

ချိန်လေးတွင်မှ၊၀န်းကျင်ယှက်နွယ်၊

နှောင်ကြိုးတွယ်ကြ၊ ပြုံးရယ်မဲ့ငို၊

ချစ်မုန်းပိုကြ၊ မလိုဒေါသ၊

လိုလောဘနှင့်၊ ဘ၀ရိပ်မြုံ၊

ကကြိုးစုံကြ၊ ကံကုန်မိုးချုပ်

လက်တွဲဖြုတ်ကာ၊ သုတ်သုတ်စောလျှင်

ခရီးနှင်သည်၊ တို့လျှင်ဧည့်သည်တွေပါတကား၊”

တွေးကြည့်တော့ အားလုံးကခရီးသည်တွေဖြစ်ကြသည်၊ ကိုယ်လိုရာအရပ်သို့ ကိုယ်ဖြတ်ထားသော ကံလက်မှတ်ကလေးတွေဖြင့် သွားလာနေကြခြင်းဖြစ်သည်၊ တစ်ယောက်ကို တစ်ယောက်လိုအပ်လျှင် လောဘတွေဖြစ်ကြသည်၊ မလိုအပ်လျှင်ဒေါသတွေဖြစ်ကြသည်၊ ခဏတာ

ကိုရီးယားကားဇာတ်လမ်း ပိုင်းလေးထဲမှာလာဆုံသလို လာရောက်ဆုံကြခြင်းဖြစ်သည်၊ ငိုတဲ့အခါ ရုပ်ရှင်ထဲ၊ဗီယိုထဲမှ သရုပ် ဆောင်များကဲ့သို့ အဟုတ်ထင်ရောင်ကာ ငိုခဲ့ကြရသည်၊ ရီသောအခါတွင်လည်း ထိုနည်းအလား မခြား နားစွာ သရုပ်ဆောင်ကြရပြန်သည်၊

ချစ်လို့မှဝ၊ မုန်းလို့မှမကုန်၊ရီလို့မှမပြီး သံသရာခရီးကား ဆက်ကြရ ပြန်သည်၊ ချစ်သူနှင့်ခွဲရ၊ မုန်းသူနှင့်တွဲရ၊ ခွဲရေးတွဲရေး မမြဲသေးသော ကံတရားတို့သည် ရဟတ်ခြား ပမာ စုန်တစ်ခါဆန်တစ်လှည့်၊ နေချင်ပါသော်လည်း နေလို့မလို့၊ သေချင် ပါသော်လည်းသေလို့မရ

ဘ၀တွင် ခွကျမှုများဖြင့်ဖြတ်သန်းရင် မည်သူဖြစ်ဖြစ် ကိုယ်စိုက်ခဲ့တဲ့ အခင်းမှသစ်သီးကို ကိုယ်တိုင်စားသုံး ရခြင်းပင်ဖြစ်သည်၊မည်သူမျှမဖန်းဆင်း ကိုယ်ကိုယ်တိုင်ဖန်းဆင်းသော ဘ၀၏ အရင်းအမြစ်များပင်၊

“အရှင်ဘုရား ခိုစာဖိုးရှင်းရအောင်လေ”

ဘယ်ထိအောင် အတွေးလွန်နေမိသည်မသိ၊ ခိုစာရောင်းသောကောင်လေးကသတိပေးမှ အတွေးကိုဖြတ် လိုက်ရသည်၊

ဘတ်စကားဂိတ်ဆီထွက်လာလိုက်သည်၊ မြောက်ဥက္ကာကို သွားဖို့ဘတ်စကားကိုစောင့်ရ ဦးမည်၊ စဉ်းစားကြည့်မိတော့ ကိုယ်လည်းခရီးသည် တစ်ဦးပါလားဆိုတာ တွေ့လာသည်၊ အော် သံသရာလမ်းမဆုံးသရွေ့ခရီးဆက်ရဦးမှာပါလား။ ။

ရွှေမန်းသား ( အရှင်အကုင်္ရ)

p:s= အရှင်ဘုရား ရန်ကုန်အကြောင်းလေးတွေလည်း ရေးပါဦးဆိုတဲ့ ဒကာမတစ်ယောက်သို့

ညီမလေး ဖတ်ဖို့ ( ၂)




 ကြင်သူ သက်ထား အရွေး မမှားဖို့

 ညီမလေးရေ

ဒီတစ်ခါ ညီမလေးကို လူ့ဘ၀မှာ လိုချင်တာနဲ့ လိုအပ်တာကိုခွဲခြားတတ်အောင် ပြောပြ ချင်သေးတယ်၊ တစ်ခါတစ်ခါဘ၀မှာ လိုချင်တာနဲ့လိုအပ်တာက မခွဲခြားတတ်အောင် ဖြစ်ရတယ်လေ၊

အဲဒီအခါ စိတ်တွေညစ်ရတာပေါ့၊ နောက်ပြီး ဒီနေ့ခေတ်ဆိုတာကလည်း နောက်ဆုံးပေါ် တွေက အများသား၊ ကိုယ်က၀ယ်လို့မှ မပြီးသေးဘူး၊ ၀တ်လို့မှ မကုန်သေးဘူး၊ ဟော နောက်တစ်ရက်ကြတော့ ဒီဇိုင်းအဆန်းလေးကပေါ်လာတယ်လေ၊ ဒါက အ၀တ်အစားနဲ့ ပတ်သက်လို့ပြောပြတာပါ ညီမလေးရယ်၊

    နောက်တစ်ခု ဘ၀မှာအရေးကြီးဆုံးက ကိုယ်နဲ့တစ်သက်လုံးလက်တွဲမယ့် လက် တွဲဖော်ကို ရှာဖွေတဲ့နေရာပါ၊ အဲဒါကလည်းအရေးကြီးပါတယ် ညီမလေးရယ်၊ ဘာ ကြောင့်လဲဆိုရင် အဲဒီလူက ကိုယ်နဲ့ သေတစ်ပန်သက်တဆုံး တစ်သက်လုံးနေရမယ့်သူ လေ လက်တွဲပြီး အိမ်ထောင်တစ်ခု တည်ဆောက်ပြီးမှ“ဟင့်အင်း မလိုချင်တော့ဘူး”လို့ ငြင်းဖို့က အဆင်မပြေတော့ဘူးလေ၊

များသောအားဖြင့်တော့ လူတိုင်းဟာ ကိုယ့်ထက်သာတာကို လိုချင်ကြတာပေါ့ ညီမလေးရယ်၊ ဒါကြောင့် တစ်ယောက်ယောက်တွေ့ပြန်ရင် ကိုယ့်ထက်ပညာအရည်အ ချင်းသာလား၊ အလုပ်အကိုင် ၀င်ငွေသာလား၊ ရုပ်ရည်ချောသလားနဲ့ စုံစမ်းရတာ၊ လေ့ လာရတာအမောလေ၊ တစ်ချို့ကြတော့လည်း သွားမပါရင်နေ ကားပါရင်ပြီးရောလို့ တောင်သဘောထား ကြသေးတယ်၊ ပြောရရင်တော့ညီမလေးရယ် ကိုယ်နဲ့တန်းတူ အရွယ်တူ ဘာသာတူ၊ လူမျိုးတူ ပညာအရည်အချင်းတူတဲ့သူသာ လက်တွဲပြီး အိမ်ထာင်တစ်ခုတည်ဆောက် တာဟာအကောင်းဆုံးလို့ ထင်ပါတယ်၊

ဒါနဲ့ပတ်သက်ပြီး ညီမလေးကို ပုံပြင်လေးတစ်ပုဒ်ပြောပြပါဦးမယ်၊ တစ်ခါက ကြွက်မကြီးတစ်ကောင်ရှိသတဲ့၊ အဲဒီကြွက်မကြီးမှာ အရမ်းချောတဲ့ ကြွက်မီးမီးလေးရှိ တယ်ဆိုပဲ၊ ဒီလိုနဲ့ သူ့မီးမီလေးအရွယ်ရောက်လာတော့ ဘယ်သူနဲ့မှ တူတယ်တန်တယ် မထင်ပါဘူးတဲ့၊ အနီးအနားရှိတဲ့ ကြွက်ကိုကိုကာလသားလေးတွေများ အနားကိုအကပ် မခံဘူးတဲ့၊ ဒါနဲ့ မေမေကြွက်မကြီးက စဉ်းစားတယ်တဲ့ ဒီကမ္ဘာတန်းခိုးအကြီးဆုံးက မိုးနတ်မင်းကြီးဖြစ်ရမယ်ပေါ့၊ ဒါကြောင့် မိုးနတ်မင်းကြီးဆီသွားပြီး သူကြွက်မီးမီးကို မိဖုရားအရာ မြှောက်ဖို့တောင်းပန်ရှာတယ်၊ အဲဒီတော့ မိုးနတ်မင်းကြီးက“ဟာ ငါ့ကို ဘာ လို့ ဒီလိုလာပြောရတာလဲ“လို့မေးတော့၊“မှန်လှပါ အရှင်နတ်မင်းကြီးက ဒီကမ္ဘာမှာ တန် ခိုး အကြီးဆုံးထင်လို့ပါ” လို့ပြန်လျှောက်သတဲ့၊ ဒီတော့ မိုးနတ်မင်းကြီး“ဟာ အဲဒီလိုဆို ရင်တော့မှားပြီ ငါ့ထက်တန်ခိုးကြီးတာ နေနတ်မင်းကြီးဗျာ”လို့ ပြန်ပြောလိုက်သတဲ့၊

ဒီလိုနဲ့တစ်ခါ ကြွက်မေမေကြီးဟာ နေနတ်မင်းကြီးထံ ပြေးပြန်တယ်၊ သူ့ရဲ့ချစ်မငြီးတဲ့ ကြွက်မီးမီးလေးကို သိမ်းပိုက်ဖို့လျှောက်ထားတော့ ၊ နေနတ်မင်းကြီးကလည်း ပြန်ပြော ပြန်တယ်၊“ငါကတန်ခိုးကြီးတာ မှန်တယ်၊ ဒါပေမဲ့ ငါဘယ်လောက်တန်ခိုးကြီးကြီး တိမ် နတ်သားကိုတော့ ယှဉ်လို့မရဘူး၊ ငါက တန်ခိုးနဲ့ ပူချင်သလောက်ပူပေမဲ့ သူက ကွယ် လိုက်ရင် ငါပူခွင့်နေသာခွင့် မရတော့ဘူး”လို့ ပြောပြန်တယ်၊ ဒါနဲ့ ကြွက်မေမေကြီးလည်း တစ်ခါ တိမ်နတ်သားဆီပြေးရပြန်တယ်၊ တိမ်နတ်သားကိုလည်း အရင်နတ်မင်းများလို သူ့ရဲ့ကြွက်မီးမီးလေးသိမ်းပိုက်ဖို့ လျှောက်ထားတော့၊ တိမ်နတ်သားကလည်း ပြန်ပြော ရှာတယ်၊ ကျုပ်ကတန်ခိုးနဲ့ ဘယ်လောက်ပဲနေမင်းကြီးကို ကွယ်နိုင်ပေမဲ့ ကျုပ်ကိုလွင့် သွားအောင် လုပ်နိုင်တဲ့ လေနတ်သားရှိသေးတယ်လို့ ပြောလိုက်တော့၊ ကြွက်မေမေ ကြီးလည်း  သမီးကြွက်မလေးအတွက် မမောနိုင်မပန်းနိုင် လေနတ်သားဆီပြေးရပြန် တယ်၊

လေနတ်သားဆီရောက်ပြန်တော့လည်း အကျိုးအကြောင်းပြောပြတော့ လေနတ် သားက တစ်ခါပြန်ပြီး။ “ကျုပ်က တိမ်တွေကိုလွင့်အောင် သစ်ပင်ကြီးတွေကိုကြိုးအောင် တိုက်နိုင်ပေမဲ့၊ ဟောဟိုက တောင်ပို့ကြီးကို တော့လွင့်သွားအောင်မတိုက်နိုင်ဘူး၊ ဒါ ကြောင့် ကျုပ်ထက်တန်ခိုးကြီးတာ အဲဒီတောင်ဘို့စောင့်တဲ့ နတ်မင်းကြီးပဲ”လို့ ပြန်ပြော တော့ ကြွက်မကြီးခမျာ၊ တောင်ပို့စောင့်နတ်ကြီး ဆီပြန်ပြေးရပြန်တယ်။ ဒီလိုနဲ့ တောင်ပို့ စောင့် နတ်မင်းကြီးကို အကျိုးအကြာင်းပြောပြပြန်တော့ တောင်ဘို့စောင့်နတ်မင်းကြီး ကလည်း၊
“ငါကတန်ခိုးကြီးတာမှန်ပေမဲ့ ငါထက်တန်ခိုးကြီးသူရှိနေသေးတယ်”၊ “ဘယ် သူများလဲ အရှင်နတ်မင်း” လို့ ကြွက်မေမကြီးကပြန်မေးတော့“အေး ဒေါ်ကြွက်ရေ ကျုပ် ဘယ်လောက်ပဲတန်ခိုးနဲ့ တောင်ဘို့တွေကိုကောင်းအောင် လုပ်ထားလုပ်ထား၊ အဲဒီ တောင်ဘို့တွေကို ဟိုကနေဒီ၊ ဒီကနေဟို ဒိုးယိုပေါက်တွေဖြစ်သွားအောင် လှိုင်ခေါင်း တွေဖောက်နိုင်တာ ဘယ်သူရှိမှာတုန်း၊ ကျုပ်ထက်တန်ခိုးသာတဲ့ ခင်များတို့ ကြွက်တွေပဲ ဗျာ”လို့ ပြောလိုက်မှ၊

သမီးကညာအတွက် လင်တောင်မောင်အရှာထွက်တဲ့ ဒေါ်ဒေါ် ကြွက်လည်း နီးရက်နဲ့ဝေးဖြစ်တာလေးနဲ့ ကြုံရတာပေါ့။ နောက်ဆုံးတော့လည်း ဘယ်လို ပဲလင်တော်မောင် အရှာထွက်ထွက် ကိုကိုကြွက်နဲ့ပဲ လက်ဆက်ပေးစားလိုက်ရတော့ တယ်လေ။ ။
  
ဒါကြောင့် ညီမလေးကို ပြောချင်ပါတယ်၊ တစ်ခါတစ်ခါ ကိုယ့်မျက်စိအောက်မှာ ရှိ တဲ့အရာကို သတိမထားမိပဲ အဝေးကြီးကိုမျှော်ကြည့်တတ်ပါတယ်၊ အဲဒီလို အခြေနေမျိုး နဲ့ကြုံလာရင် ဒီပုံပြင်လေးကိုသတိရပါနော်၊

   နောက်ပြီး ညီမလေးငယ်ငယ်ကဆိုခဲ့တဲ့ မင်္ဂလာကဗျာလေးထဲကစာ ပိုဒ်လေး တစ်ပိုဒ်ကိုလည်း ပြန်ရွတ်ကြည့်စေချင်တယ်၊ အဲဒီစာပိုဒ်လေးက“လောဘအပို လိုမ လိုက်နဲ့ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ“ဆိုတာလေ၊ ပါဠိစာသားလေးပါမှတ်ထားချင် ရင်တော့ “သန္တုဋ္ဌီ စ” တဲ့ ညီမလေးရေ။ ။
  
ဒီကနေ့ကနေစပြီး ညီမလေးမင်္ဂလာရှိသောနေ့များကို ပိုင်ဆိုင်နိုင်ပါစေ။ ။


ရွှေမန်းသား ( အရှင်အကုင်္ရ)

ညီမလေး ဖတ်ဖို့ ( ၁)

 
ငွေနဲ့လူ

ညီမလေးရေ ငွေနဲ့လူဆိုတာ မပတ်ချင်လည်း ပတ်သက်နေရတဲ့အရာလေ၊ ငွေရှိရင်
အရာရာဖြစ်နိုင်တယ်လို့တောင် ဆိုထားကြသေးတယ်မဟုတ်လား၊ နောက်ပြီး ငွေကို “Money is second god” လို့လဲပြောကြသေးတယ်လေ၊
အဓိပ္ပါယ်ကတော့ Money make everything ဆိုတဲ့အဓိပ္ပါယ်ပေါ့ ညီမလေးရယ်၊

ဒါပေမဲ့ ညီမလေးသိစေချင်တယ် နေရာတကာမှာငွေနဲ့ဖန်တီးတည်ဆောက်ယူလို့ မရတာတွေရှိနေသေးတယ်လေ၊ အဲဒါဘာတွေလဲဆိုရင် စေတနာတရားတို့ မေတ္တာတ ရားတို့ အကြင်တရားစတာတွေပေါ့၊
အဲဒီအရာတွေကို ငွေနဲ့ဝယ်လို့မရ ဖန်တီးလို့မရဘူး လေ၊ ဘာနဲ့ဖန်တီးယူရသလဲဆိုရင်
ရင်ထဲက စေတနာတွေ နားလည်မှုတွေနဲ့ ဖန်တီးယူ မှရတဲ့အရာတွေလေ၊

နောက် ငွေဆိုတာမီးနဲ့တူတယ်လို့ပြောပြန်ရင် မှားမယ်မထင်ဘူး၊ ဘယ်လိုတူတာ လဲဆိုရင်
 မီးဆိုတာ သုံးတတ်ရင် ကိုယ့်အတွက်အသုံးဝင်ပြီးဆေးဖြစ်နိုင်သလို မသုံး တတ်ပြန်ရင်
ကိုယ့်ကိုယ်လောင်ကျွမ်းမယ့် ဘေးဖြစ်နိုင်တာလေ၊
ဒါကြောင့်ငွေတွေကို အကျိုးရှိသုံးစေချင်တယ် ညီမလေးရယ်၊
ဖြုန်းပစ်တာမျိုးမဖြစ်စေချင်ဘူးလေ၊

    ညီမလေးရေ ငွေဆိုတာလူကိုသာမက ဘာမှမသိနားမလည်တဲ့တိရစ္ဆာန်ရဲ့ စိတ်ကိုတောင်ပြောင်းလဲသွားနိုင်တယ်လေ၊
တစ်ခါက မြို့တံခါးအထွက်နားမှာ ပုတ်သင် ညိုလေးတစ်ကောင်နေတယ်လေ၊ အဲဒီပုတ်သင်ညိုလေးက ဘုရင်ကြီးမြို့ပြင်ထွက်လို့ မြို့တံခါးနားရောက်လာတဲ့ အခါ တိုင်းမှာ မြို့တံခါးပေါ်ကနေ ဆင်းလာပြီး ဦးခိုက်သတဲ့ ၊ ဒါနဲ့ ဘုရင်ကြီးက သဘောကျလို့  ငွေဒင်္ဂါးလေးဖောက်ပြီး သူ့လည်ပင်းကိုဆွဲပေးစေခဲ့တယ်၊
ဒီလိုနဲ့ ဘုရင်ကြီးနောက်တစ်ခါ မြို့အပြင်ထွက်ဖို့တံခါးနား ရောက်လာတော့ ပုတ်သင် ညိုလေးဟာ ငွေရှိလို့မာန်တက်ပြီး မြို့တံခါးတိုင်ပေါ်ကဆင်းပြီး ဦးမချတော့ဘူးတဲ့၊ ငွေကြောင့် ပုတ်သင်ညိုလေး စိတ်ထားပြောင်းသွားတာလေ၊


ကဲညီမလေးရေ ငွေကြောင့်လူမပြောနဲ့ တိရစ္ဆာန်တွေတောင်စိတ်ထားပြောင်းလဲ သွားတယ်ဆိုတဲ့ သာဓကလေးနော်၊
တစ်ချို့အရမ်းချစ်ကြတဲ့ ညီအစ်ကိုမောင်နှမတွေလဲ ငွေနဲ့ပတ်သက်လာရင် စကားများကြ တရားရင်ဆိုင်ကြရတာတွေ ရှိကြတယ်မဟုတ်လား၊ ငွေဆိုတာမလိုအပ်ဘူးလို့ မပြောလိုပါဘူး ဒါပေမဲ့ ညီမလေးလိုအပ်တာနဲ့ လိုချင်တာခွဲခြားသတ် မှတ်ပြီး သုံးနိုင်ရင်ကောင်းမယ်ထင်ပါတယ်၊

အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေလဲ တစ်ခါတစ်ခါမှာ ဒီငွေကြောင့် တစ်ယောက်နဲ့ တစ်ယောက်အထင်မှားအမြင်မှားကြတာတွေရှိတယ်လေ၊ နောက်တစ်ခု ရပ်ကွက်ထဲမှာ ဘယ်လောက်ပဲမကောင်းမှုတွေ မတရားတာတွေလုပ်ထားတဲ့သူဖြစ်နေပါစေ၊ ငွေမျက် နှာနဲ့ဆို အားလုံးကမသိချင်ယောင်ဆောင်ပြီး သူတော်ကောင်း လူကြီးလူကောင်းဆိုပြီး စာရင်းသွင်းထားတတ်ကြတယ်လေ၊ ငွေမျက်နှာကြောင့်သူကို လူတိုင်းက သူအပြစ်တွေ မသိကျိုးကျွံပြုပေမဲ့ သူသေရင် သူသွားရမဲ့နေရာက သူကိုမသိကျိုးကျွံပြုမှာမဟုတ်ပါဘူး ညီမလေးရယ်၊

ဒါကြောင့် ငွေနောက်လိုက်ပြီးလဲ ဘ၀မပျက်သင့်သလို့ ငွေတွေရှိလို့လည်း ကိုယ့် ဘ၀ကိုကိုယ်ပြန်ဖျက်ဆီး တဲ့သူမဖြစ်စေချင်ဘူးလေ၊ တကယ်လို့ ညီမလေးမှာ ငွေနဲ့ပတ်သက်ပြီး ပူပန်စရာတွေစိတ်ညစ်စရာတွေဝင်လာရင် ပုတ်သင်ညိုလေး အကြောင်းကို ကောင်းကောင်း သတိရလိုက်ပါနော်၊
ဒီလိုသတိရမိရင် ညီမလေးရင်ထဲ အဖြေတစ်ခုခု အလင်းတစ်စုံတစ်ရာ ပေါ်လာပါလိမ့်မယ်ကွယ် ။ ။

ရွှေမန်းသား ( အရှင်အကုင်္ရ)

Saturday 11 August 2012

ရဟန်းသံဃာတော်တွေကို ဘယ်လို ကြည်ညိုလှူဒါန်းမလဲ


ဒီတစ်ခါ စာဖတ်သူတွေကို ရဟန်းသံဃာတော်တွေကို ကြည်ညိုတတ်စေဖို့ အကြောင်းလေး တွေကို ပြောပြချင်ပါတယ်၊ ဘာဖြစ်လို့ ပြောပြရသလဲ ဆိုရင် ကိုယ်ကြည်ညိုတဲ့ ရဟန်းသံဃာတော် တွေအကြောင်းကို သိထားမှ ပိုပြီး သဒ္ဓါတရား တိုးပွားရမယ်မို့လား၊ မကြည်ညိုတတ်ရင် ကိုယ်ပဲ အပြစ်တွေများနေမယ်ပေါ့၊

ရဟန်းသံဃာနဲ့ ဒကာဒကာမတွေဟာ တစ်ယောက်နဲ့ တစ်ယောက်ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီနေကြ ရတာပါ၊ အဲဒီလိုနေကြတဲ့ သူတွေများ တစ်ယောက်နဲ့ တစ်ယောက် တစ်ဦးနဲ့တစ်ဦး ပိုင်ဆိုင်ကြတဲ့ လိုက်နာရမဲ့ ကျင့်ဝတ်လေးတွေကလဲ ရှိပါသေးတယ်၊ အဲဒါတွေက ဘာတွေလဲ ဆိုရင်

အစဆုံး အနေနဲ့ ရဟန်းသံဃာတွေရဲ့ ကျင့်ဝတ်လေးတွေကို အရင်ပြောပြချင်ပါတယ်၊

(၁) ဒကာ ဒကာမတွေကို မကောင်းတာတွေကို မပြုမိ မပြောမိ မကျင့်မိအောင် တားမြစ်ရမယ်၊

(၂) ဒကာ ဒကာမတွေကို ကောင်းတာတွေကို ပြုမိ ပြောမိ ကျင့်မိအောင် ညွှန်ကြားပြသရမယ်၊

(၃) တရား ဓမ္မအသစ်တွေကို ဟောပြောပြသရမယ်၊

(၄) ဒကာ ဒကာမတွေ နာဖူးပြီးသား တရားအဟောင်းတွေကိုလဲ ထပ်မံဟောပြောပြသရမယ်၊

(၅) ဒကာ ဒကာမတွေကို အမြဲတမ်းမေတ္တာ ပို့ပေးရမယ်၊ ။
ပြောပြခဲ့တာတွေကတော့ ရဟန်းသံဃာတွေဘက်က လိုက်နာကျင့်သုံးရမဲ့ ကျင့်ဝတ်လေးတွေပေါ့။

ရဟန်းသံဃာတွေမှာ ကျင့်ဝတ်ရှိသလို ဒကာ ဒကာမတွေဘက်ကလဲ ကျင့်ဝတ်ရှိပါသေးတယ်၊ အဲဒါလေးတွေကတော့-

(၁) ရဟန်းသံဃာတွေအပေါ်မှာ မေတ္တာတရားထားရမယ်၊

(၂) ရဟန်းသံဃာတော်တွေရဲ့ ၀တ်ကြီးဝတ်ငယ်ကို ပြုစုဖြည့်ကျင့်ရမယ်၊

(၃) ရဟန်းသံဃာတော်တွေအပေါ်မှာ ခင်ခင်မင်မင် နှုတ်ချိုသာယာစွာနဲ့ပြောဆို လျှောက်ကြား ဆက်ဆံရမယ်၊

(၄) ရဟန်းသံဃာတော်တွေကို လိုအပ်တာရှိလျှင် ၀ိနည်းတော်နဲ့အညီ အလှူခံဖို့ ဖိတ်ကြားထားရမယ်၊

(၅) မိမိ တတ်နိုင်သလောက် ရဟန်းသံဃာတော်တွေကို လှူဒါန်းရပါမယ်၊


           နောက်တစ်ထပ်တစ်ခါ ရဟန်းဆိုတဲ့ အဓိပ္ပါယ်လေးကို ရှင်းပြပါဦးမယ် ၊ရဟန်းဆိုတာ အရဟန္တဆိုတဲ့ ပါဠိစကားကနေ ဆင်းသက်လာခဲ့တာပါ၊ အစပထမတော့ အရဟန်းလို့ ခေါ်ဆိုနေကြတယ်လို့ယူဆမိပါတယ်၊ နောက်မှ ကာလကြာမြင့်လာပြီး ရဟန်းလို့ ဖြစ်လာတာပါ၊

 ဥပမာပြောပြရရင် ဒီကနေ့မန္တလေးကို မန်းလေးလို့ ခေါ်ဆိုလာသလိုဖြစ် မယ်လို့ ယူဆနိုင်ပါတယ်၊ မြန်မာလို ပြောရရင်တော့ပူဇော်တာကို ခံယူထိုက်သူဆိုတဲ့ သဘောပါပဲ။

 နောက်ပြီး  သံဃာဆိုတာကတော့ ကိုယ်ရော စိတ်ရော ညီညွတ်တဲ့အဖွဲ့အစည်းကို ခေါ်ဆိုပါတယ်၊ တစ်ပါးတည်းတစ်ယောက်တည်းကို သံဃာလို့ မခေါ်ဆိုပါဘူး၊ စာဖတ်သူတို့ ကြားသိဘူးမှာပါ ရဟန်းခံတဲ့ အခါ၊ကမ္မ၀ါ ရွတ်ဖတ်ကြတဲ့ အခါတွေမှာ အနည်းဆုံး ရဟန်းလေးပါး ရှိမှ ကံဆောင်ဖို့ အဆင်ပြေပါတယ်၊လေးပါး မပြည့်ရင် အဆင်မပြေပါဘူး၊ ဘာကြောင့်လည်းဆိုတော့ ရဟန်းလေးပါးရှိပါမှ သံဃာဖြစ်လို့ပါ၊

 ပြောချင်တာက တစ်ပါးတည်း တစ်ယောက်တည်းဆိုရင် သံဃာမဟုတ် ပါဘူး၊ ရဟန်းပါ၊ ဒါကြောင့် မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကလည်းလှူဒါန်းမှုပြုကြ တဲ့အခါမှာ သံဃာကို  အာရုံပြုလှူဒါန်းဖို့တိုက်တွန်းဟောကြားခဲ့တာပါ၊ ကိုယ်တော်မြတ်ရဲ့ မိထွေးတော် ဂေါတမီကိုတောင် သံဃာကို အာရုံပြုလှူဒါန်းဖို့ဟောကြားခဲ့တာပါ၊ သံဃာကို အာရုံပြုလှူဒါန်းဖို့ တိုက်တွန်းရတာကလည်း  သံဃာကို အာရုံပြုလှူဒါန်းရင် အကျိုးပေးများလို့ပါ။

သံဃာကို ကြည်ညိုမှုနဲ့ပတ်သက်လို့ ကြားဖူးတာလေး တစ်ခုပြန်လည်ဖောက်သည်ချချင်ပါတယ်၊ တစ်ခါက ဒကာတစ်ယောက်က မစိုးရိမ်ဆဆရတော်ကြီးကို“ ဆရာတော် တပည့်တော်ကတော့ လှူတဲ့အခါ ရဟန်းသံဃာကိုရွေးလှူတယ်ဘုရား”လို့လျှောက်ထားတယ်ဆိုပဲ၊

ဒီအခါ ဆရာတော်ကြီး “ဒကာ ရဟန်းသံဃာဆိုတာ သီးပင် စားပင်စိုက်ပျိုးတဲ့ လယ်ယာမြေနဲ့တူတယ်၊ ဒကာတွေဒကာမတွေက ဥယျာဉ်မှူးတွေနဲ့ တူတယ်၊ အဲဒီတော့ ကျွမ်းကျင်တဲ့ ဥယျာဉ်မှူးဟာ မြေမရွေးပါဘူး၊ ဘယ်နေရာ စိုက်စိုက်ဖြစ်ထွန်းတာပါပဲ“ လို့ပြန်လည် မိန့်သတဲ့၊ ဆိုလိုတာက လှူဒါန်းတဲ့နေရာမှာ အလှူပေး အလှူခံ နှစ်ဦးနှစ်ဖက် စင်ကြယ်နေရင် အကျိုးတရားက အပေးသန်မှာပါ၊ 

ဒါပေမဲ့ကိုယ်ကိုတိုင် လိမ္မာပါးနပ်တဲ့ ဥယျာဉ်မှူးဖြစ်နေရင် ဘယ်မြေမှာ စိုက်ပျိုးပျိုး အကျိုးပေးကတော့အတိုင်းထက်လွန် တံခွန်နဲ့ဘုရားဖြစ်မှာပါ၊

ဒါကြောင့်မို့ စာဖတ်သူရယ် ဥယျာဉ်မှူးကောင်းတွေဖြစ်အောင် ကြိုးစား ကြည့်ကြရအောင်လား၊ ၊၊

ရွှေမန်းသား ( အရှင်အကုင်္ရ)

Thursday 9 August 2012

ဥပသကာ ဆိုတာ ဘယ်လိုလူကို ခေါ်တာလဲ



ယနေ့ခေတ်တွင် ဘာသာရေးကို အလေးပေးကာ လုပ်ဆောင်လာသော ၀တ်အသင်းဖွဲ့ များ၊ ဆွမ်းလောင်းအသင်းများ၊ တရာပွဲများကို ကမကထလုပ်ကာ စေတနာဝန်ထမ်း ဒကာများ ဒကာမများ လွန်စွာပေါများလေနေပြီ၊ ၀မ်းသစရာပင်၊ ကြိုဆိုဂုဏ်ပြုစရာပင်၊ မန္တလေးရွှေမြို့တော်ကြီးမှာပင် ဆွမ်းလောင်းအသင်းလေးတွေ အစီအရီတစ်နေ့တခြား တိုးပွါးလာနေသည်၊ သာသနာတော်ကြီးအ တွက် အားတက်စရာပင်၊

 ရှေးယခင်က သံဃာတော်များ ဆွမ်းကွမ်းအတွက် ပင်ပန်းကြရှာသည်၊ ယခု ပူပန်ကြောင့်ကြစရာမလိုတော့ မှိုလိုပေါက်လာနေသော ဆွမ်းလောင်းအသင်းများသို့ သပိတ်ပိတ်ကာ ကြွရုံပင်၊ ရန်ကုန်ရွှေမြို့တော်ကြီးတွင်လည်း ထိုနည်းနှင်နှင်ပင်၊ သံဃာတော်အရှင်မြတ်တွေ မပူပင်မ ကြောင့်ကြရ၊ အပတ်စဉ်ဆွမ်းလောင်းသင်းများသို့ ကြွလျှင်အဆင်ပြေချောမွေ့ကြသည်၊ 

ထို့ပြင် ပြည်ပ နိုင်ငံများတွင်ရောက်ရှိနေသော မြန်မာလူငယ်များကလည်း အားကျမခံ အဖွဲ့အစည်း အသီးသီးဖွဲ့ကာ တရားပွဲများကျင်းပကြ၊ ကထိန်ခင်းကြနှင့် သူထက်ငါ သာသနာတာဝန် ဒကာဒကာမတို့၏ တာဝန် တွေကို ကျေပွန်စွာထမ်းရွက်ပြန် သည်၊

          ထိုထိုကဲ့သို့သော အဖွဲ့အသီးသီးတွင် တာဝန်ထမ်းရွက်မှုပြုနေသော ဒကာဒကာမများအား ဥပါသကာ၏ ဂုဏ်အရည်အချင်းများပြောပြချင်ပါသည်၊ သိပြီးသူများလည်း ရှိပါလိမ့်မည်၊ သိပြီးလျှင် နာဖူးထပ်မံဟု သဘောထားစေချင်ပါသည်၊ မသိသေးလျှင်မှတ်သားကာ မပြတ်ပွားများကာ လိုက်နာ ဆောင်ရွက်ပါဟု တိုက်တွန်းစကား ဆိုလိုက်ချင်ပါ သည်၊ ဥပါသကာ၏ဂုဏ်အင်္ဂါများမှာ-


(၁) ရဟန်းသံဃာနှင့် အေးအတူပူအမျှဖြစ်ရပါမည်၊
ဆိုလိုသည်မှာ ရဟန်းသံဃာများနှင့်အတူအကွ သာသနာ့တာဝန်များကို အတူလက်တွဲကာဆောင် ရွက်ရမည်ကို ဆိုလိုပါသည်၊

(၂)တရားတော်ကိုသာလျှင် အလေးထားရပါမည်၊
ဆိုလိုသည်မှာ သာသနာတော်အလုပ်ကိုလုပ်လျှင် မည်သူ့မျက်နှာမှမကြည့်ပဲ တရားသောနည်းလမ်း အတိုင်း မှန်မှန်ကန်ကန် ထမ်းရွက်ရန်ဖြစ်ပါသည်၊ “ဘုရားလူကြီးများ မနက်လင်းဘုရားမှ အိမ်ပြန်လျှင် အထုတ်ကြီးတွေနဲ့”ဆိုတာမျိုးမဖြစ်စေရပါ၊

(၃)မိမိမှာရှိသော ပစ္စည်းအင်အားပေါ်မူတည်၍ လှူဒါန်းမှုပြုရပါမည်၊
ဆိုလိုသည်မှာ ကိုယ်နိုင်သော ပစ္စည်းဝတ္ထုကိုလှူရပါမည်၊ နာမည်ကြီးချင်၊ ဂုဏ်တက်ချင်မှုမျိုးကို ရှေ့ရှု ကာပိုက်ဆံအရမ်းကုန်အောင် ၊လူအထင်ကြီးအောင် မလှူရပါ၊

(၄)သာသနာတော်မြတ်ကြီး တိုးတက်စည်ပင်ရန်ကြိုးစားအားထုတ်ရပါမည်၊
ဆိုလိုသည်မှာ သာသနာတော်အတွက် မမြဲတမ်းနိုးကြားနေရပါမည်၊ ဘုရားလူကြီးအမည်ခံပြီး၊ “မလုပ်မပြုတ်” သဘောမျိုးမလုပ်ရပါ၊ တကယ်သာသနာတော်အတွက် အလုပ်လုပ်ရပါမည်၊

(၅) သာသနာတော်မှ ပြင်ပပုဂ္ဂိုလ်များကို မဆည်းကပ် မကိုးကွယ်ရပါ၊
ဆိုလိုသည်မှာ သာသာတော်၏ အလုပ်များကို ဦးစီးဦးရွက်ပြုလုပ်နေပြီး၊ နတ်၊ဘိုးတော် မယ်တော်၊ အကြားအမြင်များကို မကိုးကွယ်ရပါ၊

(၆)ကိုယ်နှုတ်အမူအရာ စောင့်စည်းရပါမည်၊
ဆိုလိုသည်မှာ ကိုယ်ရောနှုတ်ရောယဉ်ကျေးစွာ ပြောဆိုလုပ်ကိုင်ရပါမည်၊ ဘုရားလူကြီး၊ ဂေါပက၊ ဆွမ်းလောင်းအသင်း၊ ဗုဒ္ဓဘာသာလူငယ် အသင်းဝင်တစ်ယောက်ဖြစ်နေပြီး ဆဲဆိုနေလျှင် ပတ်ဝန်း ကျင်အမြင်တွင် မတင့်တယ်နိုင်ပါ၊

(၇)သင့်တင့်ညီညွတ်ရေးကို ဆောင်ရွက်ရပါမည်၊
ဆိုလိုသည်မှာ တစ်ခါတစ်ခါ အသင်းထဲတွင် မညီညွတ်မှုများဖြစ်တတ်ပါသည်၊ ထိုကဲ့သို့မဖြစ်အောင် ညီညွတ်ရေးကို အစဉ်မြဲအလေးပေး ဆောင်ရွက်ရပါမည်၊ “အစုရှိက မှုရှိမြဲမှာ ဓမ္မတာတည်း“ ဆိုသည် ကိုလည်း သဘောပေါက်ထားရပါမည်၊

(၈)၀န်တိုစိတ်မရှိရပါ၊
ဆိုလိုသည်မှာ သာသာတော်အလုပ်ကြီးကို လုပ်ကိုင်နေပြီး အခြားသူများ သ၀န်မတို ရပါ၊ မေတ္တာစိတ်၊ ကရုဏာစိတ်ထားကာ လုပ်ကိုင်ပြောဆိုရပါမည်၊

(၉)ကောက်ကျစ်စင်းလဲမှု မရှိရပါ၊
ဆိုလိုသည် ဘုရားပိုင်ငွေ၊ အသင်းအဖွဲ့ပိုင်ဘဏ္ဍာငွေများကို မှန်မှန်ကန်ကန် စာရင်းထားရပါမည်၊

(၁၀)ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ရပါမည်၊
ဤနောက်ဆုံးအချက်သည် အရေးကြီးပါသည်၊ သာသနာတော်အလုပ်ကို လုပ်ကိုင်နေသူသည် ရတ နာသုံးပါးကို ယုံကြည်စွာကိုးကွယ်သူဖြစ်လျှင် မမှန်မကန်လုပ်စရာ အကြောင်းမရှိတော့ပါ၊ ထို့ကြောင့် ရတနာသုံးပါးကို ယုံယုံကြည်ကြည် ကိုးကွယ်ဆည်းကပ်ရပါမည်၊ ရတနာသုံးပါး၏ဂုဏ်ကို အမြဲ တမ်းအာရုံပြုနေသဖြင့် မှန်ကန်သော စိတ်ထားဖြင့် လုပ်ကိုင်နိုင်လိမ့်မည်၊
 
စာဖတ်သူများလည်း ယခုအချိန်မှစကာ ဥပါသကာအင်္ဂါ(၁၀)ပါးနှင့် ပြည့်စုံနိုင်ပါစေကြောင်း ဆုမွန် ကောင်းတောင်းလိုက်ရပါသတည်း
 
ရွှေမန်းသား ( အရှင်အကုင်္ရ)

Monday 6 August 2012

ဘုရား ပုထိုးတွေက ဘာကြောင့် ရောင်ခြည်လွှတ်သလဲ


“ဟိုဘက်ရွာက ပေါ်တော်မူဘုရားက ရောင်ခြည်တော်တွေလွှတ်လို့”တဲ့ ဒီလိုသတင်းမျိုး ကောလာဟာလမျိုးကို မြန်မာပြည်မှာ မကြာခဏကြားရတတပ်ပါသည်၊ ဘုရားရောင်ခြည် တော်လွတ် တာနဲ့ပတ်သတ်၍ စဉ်းစားမိလာသည်၊ 

ဘာကြောင့်ဘုရားက ရောင်ခြည်တော်လွှတ်တာလဲ၊ တန်ခိုး ကြီးလို့လား၊ ဘယ်လိုဘုရားတွေကရောင်ခြည်တော် လွှတ်တာလဲ၊ ဒီလိုစဉ်းစားတွေးတောရင်း စာအုပ် တွေဖတ်မိရာကအဖြေတွေ့ခဲ့သည်၊ တွေ့ရှိထားသော အဖြေလေးများအား ကိုယ်လိုသူလို မသိသေး သော စာဖတ်ပရိတ်သတ်အားမျှဝေချင်သော ဆန္ဒလေးဖြစ်လာသည်၊ ထို့ကြောင့် ဤစာကို ရေးလိုက် မိပါ သည်၊


          ဘာကြောင့်ဘုရားရောင်ခြည်လွှတ်သလဲ၊
ဒီမေးခွန်းလေးကိုအရင်ဖြေကြည့်ချင်ပါသည်၊ ရောင်ခြည်တော်များဖူးမြင်ရခြင်းမှာ အချက်သုံးချက် ကြောင့်ဖူးတွေ့ရနိုင်ပါသည်၊

(၁)ရဟန္တာတစ်ပါးပါးသည် ပရိနိဗ္ဗာန်စံတော်မမူမီ လူနတ်အများကို သနားတော်မူသော အားဖြင့် သူမရှိသည့်နောက်ပိုင်းတွင် ကိုသိုလ်ပွား၍ သဒ္ဓါတရားတိုးပွားစေသောငှါ၊“ငါ၏ အရိုးဓာတ်ဌာပနာ ထားရာစေတီတော်မှ တန်ခိုးတမျိုးမျိုးထွက်ပေါ်ပြသပါစေသတည်း” ဟု အဓိဋ္ဌာန်တော်မူတတ်ပါ သည်၊ထိုအဓိဋ္ဌာန်တော်မူချက်ကြောင့်လည်း စေတီတော်မှ ရောင်ခြည်တော်စသော တန်းခိုးများထွက် ပေါ်တတ်ပါသည်၊


(၂) သာသနာတော်ကြီးပွားတိုးတက်ကြောင်းကို လိုလားသောနတ်တို့သည်“ စေတီ တော်ဝယ် တန်ခိုးပြရလျှင် လူအများသည် သာသနာတော်ကို ပို၍ကြည်ညိုကြလိမ့်မည်၊ ကြည်ညိုကြလျှင် ကြည်ညိုသူတို့မှာကုသိုလ်တရား ပွားများကြလိမ့်”ဟုကောင်းမြတ် သောဆန္ဒဖြင့် တန်ခိုးများပြတတ်ပါ သည်၊ ထိုသို့နတ်များ၏တန်ခိုးပြမှုကြောင့် စေတီ တော်မှ တန်ခိုးပြတတ်ပါသည်၊

(၃)သဒ္ဓါတရားကောင်းကြသော အမျိုးကောင်းသာ အမျိုးကောင်းသမီးတို့သည် ပန်း၊နံ့သာ၊ အ၀တ်စ သည်ကို စေတီတော်သို့တင်လှူ၍ ”တန်းခိုးတမျိုးမျိုးပြပါစေသား” ဟု အဓိဋ္ဌာတ်ကြ၏၊ ထိုသို့သဒ္ဓါ တရားထက်သန်သူတို့၏ အဓိဋ္ဌာန်ချက်ကြောင့်လည်း စေတီတော်မှ တန်ခိုးပြတ်တတ်ပါသည်၊

ဤအချက်များကိုထောက်လျှင် ဘုရာရဟန္တာများ အဓိဋ္ဌာန်ခဲ့သောစေတီသာလျှင် ရောင်ခြည်တော် လွှတ်ပါလိမ့်မည်၊ သို့မဟုတ် နတ်များကတန်ခိုးပြမှုနှင့် သဒ္ဓါအားကြီးသူတို့ အဓီဋ္ဌာန်ပြုမှသာ ရောင် ခြည်တော်ထွက်ခြင်းစသော တန်းခိုးတမျိုးမျိုးမြင်ရနိုင်ပါသည်၊
နို့မဟုတ်လျှင် လံကြုတ်ရောင်ခြည်တော်တွေပဲ ဖြစ်နိုင်ပါသည်၊၊

          ဖတ်ဖူးထားတာလေး ဖောက်သည်ချပါဦးမည်၊ တစ်ခါက ရွာတစ်ရွာတွင် ရဟန္တာဟု နာမည်ကြီး နေသော ဆရာတော်တစ်ပါးရှိ၏၊ ထိုနာမည်ကြီးရဟန္တာဘုန်းကြီးကား ရွာအထက်က တောင်ကုန်းပေါ် မှ ကျေင်းတွင်သီတင်းသုံးနေ၏။ ရွာမှလူအများကကြည်သဖြင့် ဆွမ်းစားလာပင့်လျှင် “ဒကာတို့ သွားနှင့်ကြ ဘုန်းကြီးနောက်က လိုက်ခဲ့ပါမယ်“ဟု ပြောဆိုကာ ရှေ့မှ သွားနှင့်ခိုင်း၏၊ ဆရာတော်က သင်္ကန်းရုံကာ အေးအေးဆေးဆေးနေခဲ့၏၊ သို့သော် ဒကာတွေမရောက်ခင် ဘုန်ကြီးက ရွာအ၀င်ပေါက်ကို အရင်ရောက်စမြဲဖြစ်နေ၏၊

 ထိုအကြောင်းကို ဒကာတစ်ယောက်က စုံစမ်းသောအခါ ဘုန်းတော်ကြီးသည် ဒကာတွေထက် အရင်ရောက်နေခြင်းမှာ ကျောင်းနှင့် ရွာအကြားပေါက်နေသော ညောင်မုတ်ဆိတ်ပင်ကြီးမှ ညောင်မြစ်ကြီးကိုခိုဆင်းကာ အရင်ရောက်နေခြင်းဖြစ်နေတာတွေ့ရ၏၊ ထို့ကြောင့် ထိုဘုန်းတော်ကြီးကို ညောင်မြစ်ရဟန္တာဟု သမုတ်ကြတော့၏၊ 

ယနေ့ခေတ်တွင် ထိုကဲ့သို့ ညောင်မြစ်ရဟန္တာမျိုးတွေ ဒုနဲ့ဒေးပေါများလှ၏၊ ကောလာဟာလများကလည်းပေါများနေ၏၊ ကြော် အောင်ညာပေးသော ကြော်ငြာများကလည်းရှိသေး၏၊ ထို့ကြောင့် ဘာကြောင့်၊ ဘာအတွက် ဘာပြုလို့ရောင်ခြည်တော် လွတ်သည်ဆိုသည်ကို အထက်ပါ ပြောပြခဲ့ သောအကြောင်းတရားများဖြင့် ချိန်ထိုးကာစဉ်းစားဖို့ကောင်းပါသည်။

ရောင်ခြည်တော် ဘယ်နှစ်ပါးလဲ၊
ရောင်ခြည်တော်ဆို၍ ရောင်ခြည်တော်အကြောင်းကိုဆက်ရေးပါဦးမည်၊ ရောင်ခြည်တော်သည် ခြောက်ပါးရှိပါသည်၊ယင်းတို့မှာ-

(၁)နီလရောင်ခြည်တော်=ညိုမောင်းသောနီလရောင်ခြည်တော်သည် ဘုရားရှင်၏ဆံ မုတ်ဆိတ်တော် နှင့် မျက်လုံးတော်အတွင်းက မျက်နက်ဝန်းတော်တို့မှ ညိုသောရောင်ခြည်တော်တို့ ကွန်းမြူးပေါ်ထွက် ပါသည်၊ ထို့အတူပင် အခြားဘုရားရှင်၏ ညိုသောကိုယ်အင်္ဂါအစိတ်အ ပိုင်းတို့မှလည်း ညိုသောရောင် ခြည်တော်တို့ထွက်ပေါ် ကွန့်မြူးပါသည်၊ 

ထိုရောင်ခြည်တော် ထွက်ပေါ်သောအခါ နီလာကျောက် ရတနာအဆင်း၊ ရွဲညိုအဆင်း၊တဖိတ်ဖိတ်တောက်သော ဖဲပုဝါညိုအဆင်း၊ ကြာညိုပွင့်ချပ်အဆင်း ၊မြရတနာဖြင်ပြုလုပ်ထားသော ယပ်တောင်အဆင်း စသည်နှင့်တူစွာ အလွန်ကြည်နူး ဖွယ်ကောင်း သော ညိုညိုမှောင် မှောင်အရောင်တို့သည် ဘုရားရှင်၏ ၀ဲယာဘက်နှင့် အထက်အောက်ဝန်းကျင် တခွင်၌ အိမ်လုံး၊ တောင်လုံးခန့်လောက်လည်ကောင်း ထိုထက်ကြီးမားစွာလည်းကောင်း အနှံ့အ ပြားကွန့်မြူးကာ အထူးကျက်သရေရှိပါသည်၊

(၂) ပီတရောင်ခြည်တော်=၀ါရွှေသောပီတရောင်ခြည်တော်သည် ဘုရားရှင်၏ ကိုယ်အ ရည်တော်နှင့် မျက်လုံးတော်အထက်က မျက်ခွံတော်တို့မှ ၀ါဝါ၀င်းဝင်းရွှေအဆင်းကဲ့သို့ ထွက် တော်မူပါသည်၊

ထိုပီတရောင်ခြည်ထွက်တော်မူသေအခါ သိင်္ဂိရွှေအဆင်း၊ ရွှေပြားရွှေထည်အဆင်း၊ တသွင်သွင်စီး သွားသော ရွှေရည်အဆင်း၊ရွှေပန်းအဆင်းစသည်နှင့်တူစွာ ဘုရားရှင်၏ ထက်အောက်ဝဲယာ အိမ်လုံး၊ တောင်လုံးခန့်လည်းကောင်း ထိုထက်ကြီးမားကာလည်ကောင်း အနှံ့အပြားလူးလာခေါက်တုန့် ကွန့်မြူးကြပါသည်၊

(၃)သြဒါတရောင်ခြည်တော်=ဖြူဖွေးသန့်စင်သော သြဒါတရောင်ခြည်တော်သည်  ဘုရားရှင်၏ အ သားတော် အတွင်၌ရှိသော အရိုးတော်၊ အသွားတော်၊ မျက်ဖြူတော်တို့မှ လွန်စွာဖြူဝင်းသန့်စင်သော ရောင်ခြည်တော်တို့သည် ငွေအရောင်၊ ငွေပြားအရောင် စသည်နှင့်တူစွာ အထက်ပါရောင်ခြည်တော် တို့ကဲ့သို့ပင် ဘုရားရှင်၏ ထက်အောက်ဝဲယာစုံဆန်က ကွန့်မြူးပေါ် ထွက်ကြပါသည်၊

(၄)လောဟိတရောင်ခြည်တော်= နီထွေးသောလောဟိတရောင်ခြည်တော်သည် ဘုရားရှင်၏ ကိုယ် ရေတော်အတွင်းက အသားတော်အသွေးတော်နှင့် နှုတ်ခမ်းတော်စသည့် နီထွေးသော အရပ်တို့မှ ကမ္ဗလာနီအဆင်း၊ သန္တာရတနာအဆင်း၊ ကြာနီပွင့်အဆင်း၊ ပတ္တမြားယပ်အဆင်းစသည်တို့နှင့်တူစွာ ဘုရားရှင်၏ ထက်အောက်ဝဲယာ အထက်ပါ ရောင်ခြည်တော် တို့ကဲ့သို့ ကွန့်မြူးပေါ်ထွက်ကြပါသည်၊  

(၅)မဉ္ဇိဋ္ဌရောင်ခြည်တော်= မောင်းသောအဆင်းရှိသောရောင်ခြည်တော်သည် ဘုရားရှင်၏ အ၀ါဖက် လည်းမကျ အနီရင့်ဖက်လည်းမကျ နီနီကျင်ကျင်ဝါကျင့်ကျင့်ရှိသော ကိုယ်အင်္ဂါအရပ်ရပ်မှ အ၀ါရင့် ပန်းရောင်ပုံစံ အနီနုပန်းရောင်ပုံစံ ကြည်နူးဖွယ်ကောင်းသော ရောင်ခြည်တော်တို့သည် ဘုရားရှင်၏ ထက်အောက်ဝဲယာ အထက်ပါ ရောင်ခြည်တော်တို့ နည်းတူစွာ ကွန့်မြူးကြပါသည်၊

(၆)ပဘဿရရောင်ခြည်တော်= ပြိုးပြိုးပြက်ပြက်ထွက်သော ရောင်ခြည်သည် ဘုရားရှင်၏ခန္ဓာကိုယ်မှ အထူးတလည်ထွက်ပေါ်သော ရောင်ခြည်တော်မဟုတ်ပါ၊ ယခင်ထွက်ပေါ်ပြီးသောရောင်ခြည်တော် တို့ ပေါင်းစပ်မိရာမှ ထွက်ပေါ်လာသောရောင်ခြည်တော်ဖြစ်ပါသည်၊ 

ထွက်တော်မူပုံထူးခြားသောကြောင့် ရောင်ခြည်တော်တစ်ပါးအဖြစ်ရေတွက်ထားခြင်းဖြစ်ပါသည်၊
ပြောပြခဲ့သလိုပင် ရောင်ခြည်တော်တို့သည် ဘုရာရှင်၏ခန္ဓာကိုယ်အစိတ်အပိုင်းတို့မှ အတွင်းစိတ် တော်၏သန့်ရှင်းမှုကြောင့် တန်ခိုးတော်အစွမ်းဖြင့်ထွက်ပေါ်လာခြင်းဖြစ်ပါသည်၊ 

ဘုရားဆင်းတု ၊ပုထိုး များကို လရောင် မီးရောင်ဟပ်သဖြင့်ပေါ်ထွက်လာသော အရောင်မျိုးများမဟုတ်ကြပါ၊ သို့ဖြစ်ပါ၍ စာဖတ်သူလည်း ရောင်ခြည်တော်လွှတ်မှုနှင့်စပ်လျှင်း၍ စဉ်းစာနိုင်လောက်ပြီးဟုယူဆမိပါသည်၊၊
နောက်များ ရောင်ခြည်တော်လွှတ်တယ်ကြော်ငြာတိုင်း သွားမ၀ိုင်းမိပါစေကြောင်း ဆုတောင်းလိုက်ရ ပါသတည်း။ ။

ရွှေမန်းသား ( အရှင်အကုင်္ရ)

 

ကန္ဒီမြို့လေးသို့ တစ်ခေါက်



ကန္ဒီမြို့ကိုရောက်တော့နေ၀င်စပြုနေပြီ၊ မနက်(၈း၃၀)လောက်ကတည်းက ကိုလံဘိုမ ကုဋရာမမြန်မာကျောင်းကထွက်ခဲ့တာစောပေမဲ့ လမ်းတစ်လျှောက်ကဘုရားတွေလည်း ၀င်ဖူးမျှော်ဖြစ်နေသေးတော့ ကန္ဒီအ၀င်ကနောက်ကျနေခြင်းဖြစ်သည်၊ ဒါပေမဲ့ တည်းရမဲ့ မြန်မာကျောင်းနဲ့ စွယ်တော်ကိန်းဝပ်တော်မူရာစွယ်တော်တိုက်ကအနီးလေးမို့ မြန်မာ ကျောင်းသို့ရောက်ပြီး နာရီဝက်လောက်နားကာ စွယ်တော်တိုက်ဆီးသွားရောက်ဖူးမျှော် ကြဖို့ပြင်ရသည်၊
   
    စွယ်တော်တိုက်ရောက်တော့ဘုရားဖူးလာသူတွေကြိတ်ကြိတ်တိုးနေသည်
ညပိုင်းစွယ်တော်တိုက်ဖွင့်ချိန်အကိုက်လာရောက်ဖူးမျှော်ကြလို့ထင်သည် နိုင်ငံခြားခရီး တွေပါ တိုးမပေါက်အောင်များနေတာတွေ့ရသည်၊ စွယ်တော်ကိန်းဝပ်ရာနေရာကိုရောက် ဖို့ တံတိုင်းအထပ်ထပ် အစောင့်အလီလီကိုကျော်ဖြတ်ရသည်၊ အစောင့်တွေများပြားနေ ခြင်းမှာ တခြားကြောင့်မဟုတ် တမီးကျားသူပုန်များက မကြာခဏလာရောက်ဘုန်း ဖောက်ခွဲသောကြောင့် ယခုလိုများပြားနေတယ်ဆိုတာသိရသည်၊ သီရိလင်္ကာနိုင်ငံမှာ တော့ စွယ်တော်သည်သူတို့အတွက် အသည်းအသက်ဖြစ်သည်၊ သီရိလင်္ကာလူမျိုးတိုင်း က သူတို့စွယ်တော်ကို သူတို့ရဲ့ဘဏ္ဍာတိုက်ကြိးဟုတင်စားပြောဆိုကြသည်၊ ထိုသို့ပြော ဆိုခြင်းမှာတော်တော်မှန်ကန်ပါသည်၊ စွယ်တော်ကိုလာရောက်ဖူးမျှော်သောဘုရားဖူး များထံမှ ဒေါ်လာများစွာနှင့် ရွှေအမြောက်အများပင် နှစ်စဉ်ဝင်ရောက်နေသည်၊
   
    စွယ်တော်သည် သီရိလင်္ကလာသို့အိန္ဒိယနိုင်ငံမှရောက်လာခြင်းဖြစ်သည်၊ စွယ် တော်ဆိုသည်မှာ တခြားမဟုတ်မြတ်စွာဘုရားရဲ့ ဓာတ်တော်တစ်ခုပင်ဖြစ်သည်၊မြတ်စွာ ဘုရားသည် မဟာသက္ကရာဇ်(၁၄၈)နှစ် ကဆုန်လပြည့် အင်္ဂါနေ့တွင် ပရိနိဗ္ဗာန်စံဝင် တော်မူခဲ့သည်၊ ကဆုန်လပြည့်ကျော်(၅)ရက် တနင်္ဂနွေနေ့တွင် ရုပ်ကလာပ်တော်ကို တော်ဇောဓာတ်လောင်စေခဲ့သည်၊ တေဇောဓာတ်လောင်သည်ဆိုသည်မှာ မီးသင်္ဂြိုဟ် ခြင်းဖြစ်ပါသည်၊ မြတ်စွာဘုရားရှင်မို့ တေဇောဓာတ်လောင်တော်မူသည်ဟု သုံးနှုန်းထား ခြင်းဖြစ်ပါသည်၊
   
ထိုသို့တေဇောဓာတ်လောင်နေတော်မူစဉ်မှာပင် အဂ္ဂသာဝက အရှင်သာရိပုတ္တရာ ၏တပည့် ရဟန္တာအရှင်ခေမာသည် စန္ဒကူးနံ့သာထင်းပုံထဲမှ လက်ဝဲအောက်စွယ် တော်ကို တန်ခိုးတော်ဖြင့်ယူဆောင်ကာ ကလိင်္ဂတိုင်းမှ ဗြဟ္မဒတ်ဘုရင်အားပို့ပေးခဲ့ဖူးပါ သည်၊ ထိုအချိန်မှစကာ  ကလိင်္ဂတိုင်းတွင် မြတ်စွာဘုရားစွယ်တော်မြတ်ကို သားစဉ်မြေး ဆက်ကိုးကွယ်ပူဇော်ခဲ့ကြသည်၊ သားစဉ်မြေးဆက် အသက်ထက်ပူဇော်ခဲ့သော်လည်း ဂုဟသိဝမင်းလက်ထက်မှာ ပြဿနာနဲ့ကြုံကြရသည်၊ ခီရဓာရမင်းရဲ့တူတော်များနဲ့ ဂုဟသိဝမင်းသည် အကြိမ်ကြိမ်စစ်တိုက်နေရသည်၊ စစ်တိုက်ပါများ၍ နောက်ဆုံးတွင်  တပ်အင်းအားလူအင်အာချိနဲ့လာသည်၊ သို့ဖြစ်၍ နောက်ဆုံးအကြိမ်စစ်ချီကာနီးတွင် သမီးတော်ဟေမမာလာနှင့်တူတော်ဒန္ဒကုမာရ ဇနီးမောင်နှံတို့အား အကယ်၍ ငါ စစ်ဆုံး ရှုံးသွားလျှင် စွယ်တော်ကို သီဟိုဠ်ကျွန်းသို့လျှို့ဝှက်ကာပင့်ဆောင်သွားကြဖို့မှာကြားခဲ့ သည်၊ စစ်တိုက်သောအခါ အမှန်ပင်ဂုဟသိဝမင်းစစ်ရှုံးလေသည်၊ သို့ဖြစ်၍ ဂုဟသိဝ မင်း၏သမီးတ်ာနှင့်သမက်တော်တို့သည် စွယ်တော်ကိုပင့်ဆောင်ကာ သီဟိုဠ်သို့ထွက် ပြေးတိမ်းရှောင်ခဲ့သည်၊
   
    ထိုအချိန်ကသီဟိုဠ်ကျွန်းတွင် မဟာသေနမင်းကြီးနတ်ရွာစံပြီးဖြစ်သဖြင့် သား တော်ကိတ္တိသိရီမေဃ၀ဏမင်းနန်းတက်အုပ်ချုပ်နေတဲ့အချိန်ဖြစ်လေသည်၊ မင်းကြီး သည် စွယ်တော်အား စွယ်တော်တိုက်ကြီးဆောက်လုပ်ကာ အထူးတလယ်ကိုးကွယ် လေသည်၊ ယခုအခါ ၄င်းစွယ်တော်တိုက်အဟောင်းသည် အနုရာဓမြို့ထူပါရုံစေတီ တော်၏အရှေ့ဘက်တွင် တည်ရှိနေသေးသည်၊ သီဟိုဠ်တွင် ကိတ္တိသီရိမေဃ၀ဏမင်း မှ ဓမ္မပါလမင်းတိုင်အောင် မင်းဆက်ပေါင်း(၁၀၀)ကျော်ရှိခဲ့လေသည်၊ မင်းများသည် တစ်နေရာတည်းတစ်မြို့ထဲတွင် နန်းစံကြသည်မဟုတ်ပါ၊ မြန်မာနိုင်ငံမှ မင်းများကဲ့သို့ ပုဂံ၊ မြင်းစိုင်း၊ ပင်းယ အင်းဝ၊ အမရပူရ၊ မန္တလေးစသည်ဖြင့် ပြောင်းရွေ့ကာ စံတော်မူကြသလိုပင် အလျှင်းသင့်ရာမြို့မှာ နန်းစိုက်ကြသည်၊ သီဟိုဠ်မင်းများလည်း ထိုကဲ့သို့လှည့်လည်နန်းစိုက်လေရာ နောက်ဆုံးမင်းဆက်သည် ကန္ဒိမြို့တွင်နန်းစိုက်ခဲ့ သည်၊ ဘုရင်မင်းများသည် မိမိတို့နန်းစိုက်ရာမြို့သို့ စွယ်တော်ကိုပါတပါတည်းပင့်သွား လေ့ရှိကြသည်၊ ထို့ကြောင့်ပင် ယခုအခါ စွယ်တော်မြတ် သည်ကန္ဒီမြို့တွင်ကိန်းဝပ်နေ ခြင်းဖြစ်သည်၊
   
ကန္ဒီမြို့သည် ကိုလံဘိုမြို့ထက် ရာသီဥတုမျှတသည်၊ မြို့တော်သည်သန့်ရှင်းသည်၊ မြန်မာနိုင်က ပြင်ဦးလွင်နှင့်အနည်းငယ်ဆင်သည်၊ လမ်းတွေကတော့ ကိုလံဘို လိုပင်ကျဉ်းနေသေးသည်၊ ကန္ဒီတွင်နိုင်ငံခြားသားများ တော်တော်တွေ့ရသည်၊ စွယ် တော်မြတ်ကိန်းဝပ်တဲ့မြို့ဖြစ်သောကြောင့် ဘုရားဖူးဧည့်တွေမပြတ်သွားလာနေတာတွေ့ နေရသည်၊

ညပိုင်းမှာစွယ်တော်ကို သွားရောက်ဖူးမျှော်ပြီးမြန်မာကျောင်းကိုပြန်လည်အနားယူ ကြသည်၊ မြန်မာကျောင်းတွင် ကျောင်းထိုင်ဆရာတော်တစ်ပါးတည်းသီးတင်းသုံးနေ သည်၊ ကျောင်းသားလည်းသူ၊ ကိုရင်လည်းသူ၊ ဦးဇင်းလည်းသူ၊ဘုန်းကြီးလည်းသူပဲ ဖြစ်နေသည်၊ မြန်မာကျောင်း၏ထူးခြားချက်မှာ စွယ်တော်တိုက်နဲ့နီးသဖြင့် ဘုရားဖူးလာ သူ အများအပြားများကျောင်းသို့လာရောက်တည်းခိုကြသည်၊ ကျောင်းတိုက်ကလည်း ကျယ်သဖြင့် နေထိုင်တည်းခိုရတာအဆင်ပြေသည်၊ နောက်တစ်ရက်မနက်တွင် စော စောအိပ်ယာမှထကာ စွယ်တော်ကိုတစ်ခေါက်ထပ်ဝင်ဖူးကြပြန်သည်၊

မနက်(၇း၃၀)ခွဲတွင် စွယ်တော်မြတ်ကိုဖူးမျှော်အပြီး ကန္ဒီမြို့လေးကိုအပေါ်စီးမှမြင်ရ သောနေရာဆီမှ တစ်မြို့လုံးရှုခင်းကိုသွားရောက်ကြည့်ကြသည်၊ ထိုနေရာမှကန္ဒီမြို့ လေးမြို့လေးကိုရဲ့ လှပတဲ့ရှုခင်းကို တစ်ဝကြီးငေးမောနိုင်သည် မြို့လေးရှုခင်းကိုခေတ္တ
ငေးမောပြီး  ထိုနေရာမှကန္ဒီကိုအပြီးပိုင်နှုတ်ဆက်ခဲ့ကာ လ္ဘက်စိုက်ခင်းတွေပေါများတဲ့ ရှမ်းကုန်းမြင့်နဲ့တူတဲ့လမ်းဘေးနေရာလေးတွေကိုဖြတ်ကျော်ကာစိတ္တလပဗ္ဗတောင်ရှိရာ ဆီသို့ ကားလေးကိုချီတက်စေခဲ့လေသည်။ ။

စွယ်တော်တိုက်ရှေ့ မြင်ကွင်း

စွယ်တော်လာဖူးကြသူများ

သီရိလင်္ကာ ဘုန်းကြီးတစ်ပါး သီလပေးနေပုံ

မြို့ဟောင်းတစ်နေရာ

စွယ်တော်တိုက်အတွင်း စည်တော်တီးများ

စွယ်တော်ဖူးရန်စောင့်နေသူများ

တစ်နေရာတွင်  စွယ်တော်ကို အာရုံပြု ရှိခိုးနေသူများ

ဆီမီး ပူဇော်နေသူများ

စွယ်တော်တိုက်သို့ အသွား

Saturday 4 August 2012

ကန္နီကမ္မဋ္ဌာန်းနည်း အစ စိတ္တလ ပဗ္ဗတ တောင်သို့ တစ်ခေါက်

ကန္ဒီမြိုံ့ရဲ့ အဝေးက ရှုခင်းလေး

လမ်းခရီး တစ်နေရာမှာ

လ္ဘက်ခင်းတွေနဲ့ နုဝရအေလိယာ

စိတ္တလတောင် တစ်နေရာ

ရဟန္တာတွေ သီတင်းသုံးသွားတဲ့ ကျောင်းတော်ရာ

တောင်တက်လမ်းလေး တစ်နေရာ

တောင်ပေါ်တစ်နေရာမှာ တရားရှာ

ခရိးတစ်ထောက်က မြို့ကလေးရဲ့ အလှ

ရေတံခွန်မှာ

တောင်ပေါ်မှာ ညနေ၀င်တရောရီအလှအပ



ကန်ရေပြင် နဲ့ ဘုရားစေတီ

နံနက်ခင်း ဝေလီဝေလင်း အလှ


ကန္ဒီမြို့မြန်မာကျောင်းမှာ အာရုံဆွမ်းဘုန်းပြီး တစ်ထောက်နားခဲ့သော ဘုရားဖူး ရီးစဉ်ကို စတင်ကြပါတယ်၊ ညကဖူးမျှော်လို့မဝခဲ့တဲ့ ဓာတ်တော်တိုက်ဆီကို ဝင်ရောက် ဦးတိုက်ကြတော့၊ မနက်ခင်းမှာလည်း စွယ်တော်တိုက်မှာ ဘုရားဖူးလာသူတွေစည် ကားနေပါတယ်၊ အဖွဲ့လိုက်တွေ၊ တစ်ယောက်တည်းသမားတွေ အစုံစုံတွေ့နေရပါ တယ်၊ တစ်ချို့ဆီမီးပူဇော်လာကြပါတယ်၊ ဆီမီးဆိုတဲ့အတိုင်း တကယ်ဆီနဲ့ပူဇော်တာပါ သီရိလင်္ကာက ဘုရားတိုင်းမှာ အဲဒီလိုဆီမီးပူဇော်ဖို့ နေရာတွေ စနစ်တကျလုပ်ပေးထား ပါတယ်၊ ဘုရားကတစ်နေရာ၊ ဆီမီးပူးဇော်တဲ့နေရာက တစ်နေရာပါ၊ စွယ်တော်တိုက်ကို တစ်ပတ်လှည့်လည်ပူဇော်ပြီး ပြန်ထွက်ခဲ့ပါတယ်၊

   
ကားဆရာမစ္စတာဆုတတ်က စာရေးသူတို့ကို ကန္ဒီမြို့ရဲ့ အလှဆုံးရှုခင်းကိုကြည့် ဖို့ မြို့ရဲ့အမြင့်ဆုံးတစ်နေရာကို ကားနဲ့မောင်းခေါ်ဆောင်သွားပါတယ်၊ သူခေါ်သွားတဲ့ နေရာကနေ ကန္ဒီမြို့ကြီးကို ဆီးကြည့်လိုက်တာ၊ ပန်ချီရေးထားတဲ့အလား ကန္ဒီဟာလှပ နေပါတယ်။ စွယ်တော်တိုက်နဲ့ အနီးကရေကန်၊ မြို့ရဲ့ရောင်စုံတိုက်လေးတွေက ပန်းချီ ရှုံးလောက်ပါတယ်၊ တစ်ခါ ရှုခင်းကြည့်တဲ့နေရာကနေ ကားလေးကိုဆက်လက်မောင်းခဲ့ ပါတယ်၊ တဖြေးဖြေးတောင်ကုန်းတွေပေါ်ကိုပတ်ပြီး မောင်းတက်လာတာကို သတိထား မိပါတယ်၊ ကားလမ်းဘေးပတ်လည်မှာ ထင်းရှုးပင်တွေ အစီအရီပေါက်နေတာတွေ့ရပါ တယ်၊ တဖြေးဖြေးကားလေးဟာ တိမ်ဆိုင်တွေနဲ့ ထိလိုနီးပါးတောင်ကုန်းတွေဆီရောက် လာပါတယ်၊ ပတ်ဝန်းကျင်အနေအထားကလည်း အေးစပြုလာပါတယ်၊ နေရာလေးက ရာရေးသူတို့မြန်မာနိုင်ငံက ပြင်ဦးလွင်လမ်းကို တက်နေတာနဲ့ဆင်ဆင်တူပါတယ်၊



တဖြေးဖြေးနဲ့ သီရိလင်္ကာရဲ့နာမည်ကြီး green tee တွေထွက်တဲ့ Nuwara Eliya ကိုရောက်လာပါတယ်၊ ပတ်ဝန်းကျင်တခွင်လုံး တောင်ကုန်းတွေပေါ်မှာ လ္ဘက်စိုက်ခင်း တွေပဲမင်းမူနေပါတယ်၊ ဒီစိုက်ခင်းတွေဟာ အင်္ဂလိပ်အုပ်စိုးစဉ်က စတင်ခဲ့တယ်လို့လဲ သိရပါတယ်၊ ခုတော့ ပြည်ပကိုတင်ပို့ပြီး နှစ်စဉ်ပြည်ပဝင်ငွေရှာပေးနေပါတယ်၊

ဒီနေရာမှာ greentea စက်ရုံကြီးလည်းတည်ဆောက်ထားပါတယ်၊ စက်ရုံအနားမှာ green tea အရောင်းဆိုင်နဲ့ လ္ဘက်ရည်ဆိုရှိပါတယ်၊ ဆိုင်နဲ့စက်ရုံဟာ တောင်ကုန်းလေး ပေါ်မှာတည်ထားတော့ အောက်ကိုလှမ်းကြည့်ရင် ရေတံခွန်လေးတွေစီးနေတာကို စိတ် အပန်းပြေ တွေ့နိုင်ပါတယ်၊ စာရေးသူတို့အဖွဲ့လည်း လ္ဘည်ဆိုင်မှာ သီရိလင်္ကာရဲ့နာ မည်ကြီး greentea ကိုသောက်ကြပါသေးတယ်၊ အရသာကဖန်ဖန်ုမို့ မြန်မာလျှာနဲ့တော့ သိပ်အ ဆင်မပြေပါဘူး။



Greenteaသောက် ခတ္တနားကာ စက်ရုံထဲဝင်ကြည့်ပြီး စိတ္တလပဗ္ဗတတောင်ရှိရာ ကို ခရီးဆက်ကြရပါတယ်၊ စိတ္တလပဗ္ဗတတောင်က သီရိလင်္ကာရဲ့အရှေ့တောင်ဘက်မှာ ရှိတဲ့မဟာမြိုင်တောကြီးပါ၊ တစ်ကူးတကသက်သက်သွားရတဲ့ ဒေသပါ၊ ခုစာရေးသူတို့ အဖွဲ့မှာ ကန္နီမြေဇင်းတောရဆရာတော်ကြီးရဲ့ ဆန္ဒကြောင့် သွားရတာဖြစ်ပါတယ်၊

သက်သက်မသွားရင်ရောက်ဖို့အလှမ်းဝေးတဲ့ဒေသတစ်ခုပါ၊  ကားလေးကပုံမှန် မောင်းလာရာမှာ ရေတံခွန်အကြီးကြီးတစ်ခုနားကိုရောက်လာပါတယ်၊ နာမည်ကိုလှမ်း ကြည့်လိုက်တော့ RAWANA ELLA water fall လို့ရေးထားတာတွေ့ရပါတယ်၊



ရေတံ ခွန်ကြီးက အမြင့်ကြီးကနေစီးကျနေတာဟာ အရမ်းကြည့်ကောင်းပါတယ်၊ ရေတံခွန်ကြီး နားမှာ ခဏခေတ္တလှည့်ပတ်ကြည့်ပြီး ကားပေါ်ပြန်တက်ကာ ခရီးဆက်ခဲ့ပါတယ်၊ တစ် မြို့ဝင် တစ်မြို့ထွက်နဲ့ မောင်းလာခဲ့တာ စိတ္တလပဗ္ဗတတောင်နဲနီးလာပါတယ်၊ ကားလမ်း ကတောလမ်းဖြစ်လာပြီး ကြမ်းလာပါတယ်၊ ဘေးပတ်ဝန်းကျင်မှာလည်း လူနေအိမ်တွေ ကျဲလာတာသတိထားမိပါတယ်၊ အရင်ကဒီနေရမှာ တမီကျားသူပုန်တွေခြေကုတ်ယူ ထားခဲ့လို့ တိုက်ပွဲတွေဖြစ်ထားတာ ခုထက်တိုင် မီလောင်ထားတဲ့နေရာတွေ၊ မီးစွဲထားတဲ့ တောင်ကုန်းတွေဟာ မပြောင်းမလဲရှိနေပါသေးတယ်။ တစ်ဖြေးဖြေး တောကနက်လာ အစောင့်တွေရှိတဲ့ ဂိတ်တွေကိုကျော်လာပြီး စိတ္တလတောင်နဲ့နီးလာပါတယ်၊ နီးပေမဲ့ မိုး ကရွာထားတော့ ကားကိုစိတ်ရှိလက်ရှိမောင်းလို့မရပါဘူး၊ ကားလမ်းကလဲမြေ သားလမ်း ဖြစ်တာကြောင့် ထိန်းမောင်းနေရပါတယ်၊



လမ်းဘေးပတ်လည်မှာ ကားမီးရောင်အောက်မှာ ရွှေသမင်းလေးတွေပြေးနေတာ တွေ့နေပါတယ်၊ လမ်းပေါ်မှာတစ်ချက်ချက်ဖြတ်ပြေးတဲ့ ယုံလေးတွေ၊ ပတပ်လေးတွေ ကိုလဲ တွေ့နေရပါတယ်၊ တစ်နေရာမှာ ကားလမ်းကမောင်းလို့ဖြစ်မဖြစ် ဆင်ပြီးရေအ တိမ်အနက်ကိုစမ်းရာမှာ မိကျောင်းကြီးတစ်ကောင် ကားလမ်းပေါ်မေးတင်နေတာတွေ့ ပါတယ်၊ တောကနက်လာတဲ့အတွက် တောကောင်မျိုးစုံရဲ့အသံတွေကိုလည်း ကြားနေ ရပါတယ်၊ သီရိလင်္ကာအစိုးရကလည်း ဒိနေရာကို အမျိုးသားဥယျာဉ်သတ်မှတ်ပြီး ဘေးမဲ့တောလုပ်ထားတာမို့ တောကောင်တွေဟာ လွတ်လွတ်လပ်လပ်သွားလာ နေပါ တယ်၊



ဒီလိုနဲ့ ကားလေးက ည(၆)လောက်မှာ စိတ္တလပဗ္ဗတောင်ခြေရင်းက ကျောင်းဆီ ကိုရောက်လာပါတယ်၊ တောရကျောင်းမို့ ခမ်းခမ်းနားမဟုတ်လောက်ဘူးထင်တာ တက် တက်စင်အောင်လွဲပါတယ်၊ တောရကျောင်းက သီရီလင်္ကာအစိုးရအသစ်က ဆောက် လှူထားတာမို့ ဟော်တယ်ကြီးတစ်မျှခမ်းနားပါတယ်၊ ဒါပေမဲ့ ညရောက်တော့ ခြင် ထောင်မပါပဲ အိပ်ရတာမို့ ခြင်တွေက လေယဉ်ပျံတွေစစ်ရေးလေ့ကျင့်နေသလားမှတ်ရ လောက်အောင် တစ်ဝီဝီတကျီကျီနဲ့ အိပ်ရခက်ပါတယ်၊ အောက်ကခြင်ဒုက္ခပေး၊ ကျောင်းခေါင်မိုးပေါ်က မျောက်တွေက တဝုန်းဝုန်းတဒုန်းဒုန်းနဲ့ လှည့်ပတ်ပြေးနေလို့ ကောင်းကောင်းမအိပ်ရပဲ မိုးလင်းခဲ့ပါတယ်၊



မနက်မိုးလင်းတော့ ဆွမ်းစားကျောင်းမှာ စိတ္တလတောင်ဆရာတော်ကြီးနဲ့အတူ အာရုံဘုန်းပေးပါတယ်၊ ပြီးတာနဲ့ စာရေးသူတို့ အဖွဲ့လဲတောင်ပေါ်ကိုတက်ခဲ့ကြပါတယ်၊ တောင်ခြေရင်းမှာ ရှေးခေတ်ကာကဝဏ္ဏတိဿမင်းလှူဒါန်းထားတဲ့ (B.C) နှစ်ရာစုက ကျောင်းတော်ရာအဟောင်းတွေတွေ့ရသည်၊ စိတ္တလတောင်တောကြီးထဲရောက်နေ ကတည်းက လိုင်းပြန်သွားတဲ့ဖုန်းလိုင်းက တောင်ထိပ်ရောက်မှ ဆက်သွယ်လို့ရ တော့ တယ်၊



တောင်ပေါ်မှာ ဘုရားအားဦးချကာ ကန္နီဆရာတော်ဘုရားကြီးအား ကန္နီနည်းအ တိုင်းတရားပေးခိုင်းပြီး (၁၅) မိနစ်ခန့်တရားထိုင်ကာ ပူဇော်ခဲ့ကြတယ်၊



ရှေးရှေးက ရဟန္တာအရှင်မြတ်ကြီတွေသီတင်းသုံးရာ စိတ္တလတောင်ဟာ တိတ် ဆိတ်အေးချမ်းနေတယ်၊ မျောက်တွေ၊ ရွှေသမင်တွေ၊ ဆင်တွေ၊ ဥဒေါင်းတွေစတဲ့ တောကောင်တွေလဲပေါလှတယ်၊ တောင်ပေါ်တက်လမ်းမှာလဲ ဆင်ရဲ့မစင်တွေမကြာ မကြာတွေ့နေရပါတယ်၊ ဥဒေါင်းတွေကနေတာကိုလဲ  မျက်စိရှေ့မှာ ခဏခဏမြင် နေရပါတယ်။



ရဟန္တာအရှင်မြတ်ကြီးတွေတရား အားထုတ်သွားတဲ့ လှိုင်ဂူတွေလည်း အစီအရီ တွေ့မြင်ရပါတယ်၊ ဘီစီတစ်ရာစု ဝါလဂမ်ဘမင်းအုပ်ချုပ်စဉ်ကတော့ ဒီနေရဒေသမှာ ရဟန်းတော်ပေါင်း (၁၂၀၀၀) သီတင်းသုံးခဲ့ဘူးတယ်လို့လည်း သိရပါတယ်၊



ယခုအချိန်မှာတော့ ဆရာတော်ကြီးနဲ့ တပည့်နှစ်ပါးသုံးပါးသီတင်းသုံးနေတာပဲ တွေ့ရပါ တော့တယ်၊ ဒီလိုနဲ့ နေလည်နေ့ဆွမ်းဘုန်းပေးအပြီးမှာ စိတ္တလတောင်ကနေခွာခဲ့ပါတော့ တယ်၊



စိတ္တပဗ္ဗတောင်ကြီးနဲ့ တောကျောင်းကြီးကတော့ ရှေးယခင်ကလိုပဲ အေးဆေးငြိမ် သက်နေပြီး ကျရစ်နေခဲ့ပါတော့တယ်၊

ရွှေမန်းသား ( အရှင်အကုင်္ရ)



ကိုးကား=  သီဟိုဠ်ခေတ် စံတော်ဝင်အရိယာများ(ဓမ္မာစရိယ ဦးဌေးလှိုင်)
    ကန္နီကမ္မဋ္ဌာန်း အားထုတ်နည်း ( အရှင်ကုသလသာမိ)