Tuesday 30 July 2013

ဒရန်စတစ်၊ လေဒီဖင်းဂါး နှင့် ရဟန်းတစ်ပါး


Shopping ဆိုသော စကားလုံးကို သူနဲ့ ရင်းနှီးခဲ့တာ သိုးဆောင်းစကားတွေကို စတင်သင်ယူချိန်က ဖြစ်သည်၊ shopping လို့ အသံထွက် ရွတ်ဆိုလိုက်တိုင်း ကုန်တိုက်ကြီးကြီးတစ်ခုမှာ၊ shopping mal တစ်ခုမှာ ဈေးဝယ်နေသော ပုံရိပ်တွေသာ သူ့အတွက် တရင်းတနှီးမြင်ယောင်လေ့ရှိသည်၊ ထိုထက်ဘာမှ မပို၊

Shopping ဆိုသော စကားလုံးကို ဈေးဝယ်ထွက်ခြင်းဟု ဝေါဟာရတ္ထပြုရုံမှတစ်ပါး သူ့အတွက် ထိုစဉ်အခါက လောက်လောက်လားလား အသားမကျခဲ့ပါ၊ ထိုဝေါဟာရ ထက်ကျော်လွန်ပြီး နားလည်အောင်လဲ သူမစဉ်းစားတတ်ခဲ့ပါ၊

သူ ရွှေပြည်ကြီး မန်းရွှေမြို့တော်တွင် နေစဉ်က ရတနာပုံ shopping mal နဲ့  78 shopping mal ကြီးတွေပေါ်သို့ မကြာခဏ window shopping ကြွရင်း ခြေချခဲ့ရ ဖူးသည်၊  တစ်ခါတစ်ခါ ဈေးချိုတော်ကြီးဖက်တွင် ဖြတ်လျှောက်ရင်း လိုအပ်တာလေး များကို မျက်စိကစားရင်း ရှာဖွေဖူးခဲ့သည်၊ စာမွေးပွဲပြီးလို့ ရွာပြန်ရက်နီးလျှင် သစ်သီး တန်းဖက်က မြင့်မြင့်ခင် ၊ ဝေေ၀ချို၊ မခင်စိန်၊ ရွှေဇီးကွက်၊ အမျိုးသမီးနာမည်အများ အပြား နေရာယူထားသော ထိုးမုန့်ဗန်းတွေပေါရာဖက်ကို ဈေးဝယ်ထွက်တတ်သည်၊

ဈေးဝယ်ခြင်းအနုပညာသည် သူ့လို ရဟန်းတစ်ပါးနှင့် အံဝင်ခွင်ကြ သိပ်မရှိလှ၊ သူ့လို ရဟန်းတစ်ပါး အတွက် တစ်ခွန်းဆိုင်များက အငယ်နည်း အံဝင်ခွင်ကြ ဖြစ်နေတတ် သည်။

တစ်ချို့ဈေးသည်များက သူ့လို ရဟန်းတော်များကို ဘာမှမသိဟုအထင်ရှိကာ ဈေးနှုံး များကို ပိုပိုသာသာ ဆိုတတ်လေသည်၊
ရွှေပြည်ကြီးမှနေပြီး နိုင်ငံရပ်ခြားတိုင်းတစ်ပါးတွင် ပညာသင်ရသောအခါ ဈေးဝယ် ခြင်း အနုပညာသည် သူ့အတွက် မရှိမဖြစ် လိုအပ်လာသည်၊

နိုင်ငံရပ်ခြား တိုင်းတစ်ပါးတွင် ရွှေပြည်ကြီးမှာလို သပိတ်ပိုက်၍ ဆွမ်းရပ်၍ မရသော အခြေနေ တစ်ရပ်နှင့်ကြုံလာသည်၊
ထိုအခါ သူသည် သမုဒ္ဒရာ ၀မ်းတစ်ထွာအတွက် ဈေးဝယ်ခြင်းအနုပညာနှင့် ချက်ပြုတ်ခြင်း အနုပညာကို မကျွမ်းမကျင် စတင်ထမ်းရွက်ရလေတော့သည်၊

ဈေးဝယ်ခြင်းသည် လွယ်မယောင်နဲ့ ခက်တိမ်မယောင်နှင့် နက်နဲသော အနုပညာ တစ်ခု ဖြစ်မှန်း စတင်သဘောပေါက်လာသောအခါ၊
ရွှေပြည်ကြီးတွင် ချဉ်ရည်တစ်ခွက်လောင်းလှူဖူးသော ကျေးဇူးတရားနှင့် ၀က်သား တစ်ခွက် လောင်းလှူဖူးသော ကျေးဇူးတရားကို တစ်သားတည်း မေတ္တာပွားဖြစ်လာ သည်၊ ချဉ်ရည်တစ်ခွက် လောင်းလှူစဉ် ညိုညိုငြင်ငြင်  စိတ်ထဲက ဖြစ်မိသော ဒေါသ ကို

ယခုအခါ ကိုယ်တိုင်ဈေးဝယ် ၊ ချက်ပြုတ် အလုပ်ရှုတ်မှုတစ်ခု တိုးလာသောအခါ
ချဉ်ရည်တစ်ခွက်၏ လက်ဝင်မှု အနုပညာတစ်ရပ်ကို အသိအမှတ်ပြုတတ်လာသည်၊

ဈေးဝယ်ထွက်တိုင်း ၀ယ်ယူရမည့် ပစ္စည်းတွေနဲ့ အသားမကျသေးသော သူ့အတွက် ဈေးထွက်ခါနီးတိုင်း dictionary ကြည့်ရတာ အလုပ်တစ်ခု၊ tomato, potato, egg, brinjal, gourd,cauliflower, drumstick, lady’s finger စတဲ့ စကားလုံးများသည် သူအကြည့်အများဆုံးသော အသုံးအနှုံးများ ဖြစ်လာသည်၊

တစ်ခါတစ်ရံ သိုးသောင်း dictionary ထဲက စကားတွေနဲ့ မလုံလောက်သောအခါ ဒေသိယစကားတွေကို အစားထိုးပြောဆိုရပြန်သည်၊ တစ်ချို့တစ်ချို့သော စကားလုံး အသုံးနှုံး အခေါ်အဝေါ်တွေသည် ရွှေပြည်ကြီးက ဝေါဟာရများနဲ့ နီးစပ်နေပြန်သည်၊

ဥပမာ ကလာဘတ်၊ အာလူး၊ ဂျင်းဂျား၊ စသော အစကားလုံးများသည် ရွှေပြည်ကြီးက အသံထွက်သလို နဲနဲလေး သူတို့ဆီက ဒေသိယစကားနဲ့ ခပ်ပြင်းပြင်းလေး အသံထွက်ပြီး မေးဝယ်လျှင် အဆင်ပြေတဲ့အခါလည်း ရှိတတ်သည်၊

သူ့အတွက် သစ်သီးသစ်ရွက်များ ၀ယ်ယူရာတွင် အခက်အခဲသိပ်မရှိလှပေမယ့် အသားငါးများ ၀ယ်ယူရာတွင် များစွာခက်ခဲလေတော့သည်၊ မဇ္ဈိမဒေသ တစ်ဝန်းတွင် ဆာဒူး၊ ဆာမိ၊ ပဏ္ဍိတ်ကြီးများသည် အသားငါးကို ရှောင်ရှားကြတာ များလေသည်၊ သူ့တို့အားလည်း ဤဒေသရှိလူအများက ဆာမိ၊ ဗောဓိဓမ္မဟု အထင်ရှိသောအခါ  vegetarian စားသူများဟု ယူဆထားကြလေတော့ သည်၊

တစ်ခါသားကျောင်းအပြန်တွင် ကျောင်းသားတစ်ယောက်က သူအား-

“မင်းက ဂျိန်းဘာသာလားဟု”မေးလေသည်၊

“မဟုတ်ဘူး ငါက ဗုဒ်ဓဘာသာ”ဟုဖြေသောအခါ

“ဒါဆို သားသတ်လွတ်စားတာလား”

“မဟုတ်ဘူး၊ တို့က အသားငါးစားတယ်” လို့ ဖြေလိုက်သောအခါ

ထိုကျောင်းသားသည် သူ့နဲ့ ခပ်ဝေးဝေးသို့ ခုန်ပြီး ဆုတ်ခွါသွားတာ ကြုံရဖူးသည်၊

သူ့ရောက်ရှိကျောင်းတက်နေသော အနမလိုင်းတက္ကသိုလ်ကြီးတွင် တနင်္ဂနွေနေ့တိုင်း ကျောင်းသားများအတွက် ရောင်းချသော အခွန်လွတ်ဈေးလေးရှိလေသည်၊ တစ်ခြား shopping mal ကြီးတွေထက်စာလျှင် ဈေးချိုလေ့ရှိသသည်၊ သို့သော် အ၀ယ်မ တတ်လျှင် အလေးခိုးတာ၊ ကီလိုလျှော့တာတွေနဲ့ ကြုံဆုံရတတ်သည်၊

သူ့အတွက် ထိုဈေးလေးသို့ သွားဝယ်ပါများလာသောအခါ မည်သည့်ဆိုင်က ကီလိုပြည့်သည်၊ မည်သည့်ဆိုင်က အလေးခိုးသည်၊ ဈေးချိုသည် စသည်စသည်ကို အလွှတ်ရလာခဲ့ သည်၊

အပတ်စဉ်တနင်္ဂနွေတိုင်း သူသည် ထိုဈေးလေးသို့ သွားသွားဝယ်တတ်နေသည်၊ သူ့ဈေးခြင်းတောင်းထဲတွင် drum stick နှင့် lady’s finger က ခပ်များများ၊ အသား ငါးသည် သူတို့ရဲ့ ဘတ်ဂျက်လိုနေမှု အခြေနေအရ တစ်ပတ်တစ်ခါ၊ အသားဓာတ်ရ အောင် အလှည့်ကြနဲ့ ကြံဆောင်ရပြန်သည်၊

သူရဟန်းဖြစ်စက သိမ်ထဲတွင် ဥပဇ္ဈာယ်ဆရာတော်ဘုရားသြ၀ါဒပေးသော-

“ရဟန်းဆိုတာ တည်ရာလေးပါး၊ မှီရာလေးပါးရှိတယ် ၊ မှီရာလေးပါးဆိုတာ

(၁) ဆွမ်း၊

(၂) သင်္ကန်း၊

(၃) ကျောင်း

( ၄) ဆေး တို့ဖြစ်တယ်၊

ဆွမ်းနဲ့ ပတ်သက်လာရင် မြတ်စွာဘုရားက သလုံးမြင်းခေါင်း အကြောင်းပြုပြီး ကိုယ် တိုင်ဆွမ်းခံစားရမယ်၊ အေး ဘုန်းကံများကြီးလို့ကတော့ ပို့ဆွမ်းတွေ၊ ပင့်ဖိတ်တဲ့ ဆွမ်းတွေကို စားနိုင် ဘုန်းပေးနိုင်တယ်၊ ငါရှင်၊” ဆိုသော သြ၀ါဒစကားများသည် သူ့နားတွင် အစဉ်ကြားရောင်လျှက် ခုတော့သူသည် shopping ဆိုသော စကားလုံးနဲ့ နေသားတကြဖြစ်လာနေပြီ၊ သားသတ်လွတ်နီးပါး မဇ္ဈိမဟင်းလျှာများနှင့်လဲ မစိမ်းမကား  ။

ရွှေမန်းသား၊
http://mingalargarden.blogspot.in/

Saturday 27 July 2013

တနင်္ဂနွေစကား လက်ဆောင် ( ၄) ခုန်ဖိနပ်၊ နတ်ရုပ်၊ ပလုပ်တုပ်

ဒီတစ်ပတ်တော့ စာရေးသူတွေကို လက်ဆောင်ပေးဖို့ ပုံပြင်လေး တစ်ပုဒ်နဲ့ စပြောချင် ပါတယ်၊

ပုံပြင်လေးက ဒီလိုပါ၊ တစ်ခါက မြို့လေးတစ်မြို့မှာ ကိုကံလှလို့ခေါ်တဲ့ လူတစ်ယောက် ရှိပါတယ်၊ အဲဒီကိုကံလှက နာမည်နဲ့လိုက်အောင် ကံကလဲ အရမ်းလှပါတယ်၊ သူလုပ် သမျှအလုပ်တိုင်းဟာ အောင်မြင်တာလဲများပါတယ်၊
လောလောဆယ် ကိုကံလှက ငွေကြေးအရင်းအနှီးလဲ သိပ်မတတ်နိုင်တော့ ရွာအနီး အနားနား တောထဲတောင်ထဲက ရလာတဲ့ သစ်သားလေးတွေနဲ့ ခုံဖိနပ်လေးတွေ ခုတ် ၊ ခုတ်ပြီး မြို့ကို တက်တက်ရောင်းပါတယ်။

အဲဒီလိုရောင်းရင်း၊ ခုတ်ရင်း၊ ခုတ်ရင်း ရောင်းရင်းနဲ့ ကိုကံလှ စီးပွားရေး စမ်းထလာပြီး ကိုကံလှဖိနပ်ဆိုပြီး ခုံဖိနပ်တွေဟာ ဈေးကွက်တစ်ခုရလာပါတယ်။ ရပ်ဝေးရပ်နီး ကလဲ အမှာစာတွေဝင်လာမစဲ တသဲသဲပေါ့၊


တစ်နေ့တော့ ကိုကံလှက ခုန်ဖိနပ်ခုတ်ရောင်းရတာ ငြီးငွေ့လာပြီး၊ နတ်ရုပ်တု လေးတွေ ပြောင်းခုတ်ပြီး ရောင်းပါတယ်၊
သူအလုပ်ပြောင်းတော့ ခုံဖိနပ်မှာတဲ့ ဖောက်သည်တွေလဲ ကတိတွေပျက်နဲ့၊ စိတ်ပျက် လက်ပျက်ဖြစ်ကုန်ပါတယ်၊

ဒါပေမယ့် ကိုကံလှကတော့ နာမည်နဲ့လိုက်အောင် ကံကလှနေဆဲပါပဲ၊ နတ်ရုပ်တု လေးတွေ ခုတ်ရောင်းတော့လဲ သူ့နတ်ရုပ်တုလေးတွေဟာ လက်ရာမြောက်လွန်းလို့ လူတိုင်းက သဘောကျကြပါတယ်၊ တောင်ပြုံးဘက်နတ်ကန္နားလာတဲ့ နတ်ကတော် တိုင်းက ကိုကံလှ နတ်ရုပ်တုလေးတွေကို ခဏခဏ မှာကြတယ်၊

ဒီလိုနဲ့ ကိုကံလှလဲ ၀င်ငွေတွေတော်တော်လေး လမ်းဖြောင့်လာပါတယ်၊ စီးပွားရေး လဲကောင်းလာပါတယ်။
ခက်တာက ကိုကံလှက အလုပ်တစ်ခု အောင်မြင်လာရင် အဲဒီအလုပ်တစ်ခုအပေါ်မှာ စွဲစွဲမြဲမြဲ လုပ်ချင်စိတ်ကုန်ကုန်လာပြီး နောက်တစ်ခု ပြောင်းဖို့ စိတ်ကူးတတ်တာပဲ၊

သူ့စိတ်ကူးအတိုင်း ကိုကံလှက နတ်ရုပ်တုလေးတွေ ခုတ်ရောင်းနေရာကနေ ပလုပ် တုပ်လေးတွေ လုပ်ရောင်းဖို့ စဉ်းစားပြန်ပါတယ်၊ စဉ်းစားတဲ့အတိုင်း ပလုပ်တုပ်လေး တွေ လုပ်ရောင်းပါတယ်၊

အဲဒီလို လုပ်ရောင်းတော့ နတ်ရုပ်တုမှာတဲ့ လူတွေအခက်တွေ့ကြတာပေါ့၊ သူနယ် တစ်ဝိုက်မှာ ကိုယ်ကံလှဟာ သူ့အလုပ်မှာ ကျွမ်းကျင်သူတစ်ယောက်တော့ ဟုတ် တယ်၊ ဒါပေမယ့် အလုပ်ကိုယ် စွဲစွဲမြဲမလုပ်ဘူးဆိုတဲ့ နာမည်ဆိုးကြီးရလာပါတယ်၊

အဲဒါအချိန်ကစပြီး ကိုကံလှကို လူတိုင်းက ယုံကြည့်မှုနည်းလာတယ်၊ ဒါကြောင့် သူ့ပလုပ်တုပ်လေးတွေကိုလဲ မှာသူကြဲသွားပြီး ငုတ်တုတ် ဘ၀ကိုရောက်သွားကာ စီးပွားရေးတွေသိသိသာသာ ကျလို့သွားပါတော့တယ်။

ပုံပြင်လေးကတော ဒီလောက်ပါပဲစာဖတ်သူရယ်၊ ဒါပေမယ့် တွေးစရာတွေကတော့ အများကြီး ကျန်နေခဲ့မယ်လို့ ထင်ပါတယ်၊ ဘာလို့လဲဆိုရင် လူတိုင်းလူတိုင်းက စိတ် တွေအမြဲပြောင်းလဲနေသလို အလုပ်တွေလဲ ဟိုဟာကောင်းနိုးနိုး၊ ဒါကောင်းနိုးနိုးနဲ့ ခဏခဏပြောင်းနေကြတတ်တာ မဟုတ်လား၊

တစ်ချို့ကြတော့ တစ်ယောက်လ္ဘက်ရည်ဆိုင်ဖွင့်လို့ အောင်မြင်လာတာမြင်ရရင်  သူလဲအောင်မြင်မယ်ထင်ပြီး လိုက်ဖွင့်တတ်ကြတယ်၊ ဒါပေမယ့် သူ့ကြတော့ မအောင်မမြင်ဖြစ်ပြီး အကြွေးတွေပတ်လည်ဝိုင်းနေတတ်တာတွေ ရှိတတ်ပါတယ်၊  တစ်ချို့ကြတော့ သူဝိုက်ရှော့ဖွင့်လို့ အောင်မြင်တာမြင်ရင် ငါလဲအောင်မြင်ထင်ပြီး လိုက်ဖွင့်တယ်၊ ဒါပေမယ့် မအောင်မမြင်ဖြစ်နေတာတွေ ဒုနဲ့ဒေးပါ၊

သူထမင်းဆိုင် ဖွင့်လို့ အဆင်ပြေပေမယ့် ကိုယ်ကျတော့ ပြေချင်မှ ပြေတတ်တာ မ
ဟုတ်လား၊

တစ်ခါ လူတစ်ယောက်ဟာ ဟိုအလုပ်ကို စပ်စပ်နဲ့လုပ်လိုက်၊ ဒိအလုပ်ကို စပ်စပ်နဲ့ လုပ်လိုက်ဆိုရင်လဲ မအောင်မမြင်ဖြစ်ပြန်ရောတဲ့၊

မြတ်စွာဘုရားရှင်ကတော့ ဘ၀မှာ အောင်မြင်ဖို့အတွက်

တိုးတက်ဖို့အတွက် အောင်မြင်ကြောင်းတရား လေးမျိုးဟောကြားပေးထားပါတယ်၊ အဲဒါတွေက ဘာတွေလဲဆိုရင်

(၁) “ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ တက်တက်ကြွကြွလုပ်ရမယ်၊

(၂) ကိုယ်လုပ်တဲ့ အလုပ်ကို အမြဲတမ်းထိန်းသိမ်းစောင့်ရှောက်ရမယ်၊

(၃) မိတ်ဆွေသူငယ်ချင်းကောင်းလဲ ရှိရမယ်၊ စီးပွားဖက်သူငယ်ချင်းကောင်းရှိရမယ် ပေါ့၊

(၄) ၀င်ငွေနဲ့ ထွက်ငွေမျှမျှ တတ သုံးစွဲရမယ်”ဆိုတဲ့ လေးချက်ပဲဖြစ်ပါတယ်၊

ပြောခဲ့တဲ့ အချက်လေးခုထဲက နံပါတ်တစ်မှာ တက်တက်ကြွကြွလုပ်ရမယ်ဆိုတာ

(၁) ကိုယ်အလုပ်ကို ရေရှည်ထိန်းထားပြီး အချိန်အကြာကြီး တည်မြဲအောင်  လုပ်ရမယ်၊

(၂) အမြဲ မပြတ် လည်ပတ်နေအောင်လုပ်နေရမယ်၊

(၃) စားသုံးသူ စိတ်ကြိုက်ဖြစ်အောင် အစွမ်းကုန်လုပ်ဆောင်ပေးရမယ်၊

(၄) ကိုယ့်လုပ်ငန်းအပေါ်မှာ လေးလေးစားစားနဲ့ ကွာလတီကောင်းအောင် လုပ်ဆောင်ရမယ် ဆိုတဲ့ အချက်တွေလဲပါဝင်ပါတယ်၊

အဲဒီလိုအချက်တွေနဲ့ ပြည့်စုံတဲ့ သူတစ်ယောက်ဟာ ဘ၀မှာ အနှေးနဲ့ အမြန်ကြီးပွား တိုးတက်လာမှာပါ၊
အဲဒီလိုမှ မဟုတ်ပဲ ခုန်ဖိနပ်လေးလုပ်လိုက်၊ နတ်ရုပ်လေးခုတ်လိုက်၊ ပလုပ်တုပ်လေး လုပ်ရောင်းလိုက်ဆိုရင် ဘ၀ဟာ ကြီးပွားတိုးတက်ဖို့ ဝေးနေဦးမယ်ဆိုတာ ပြောကြား လိုက်ပါတယ်၊

စာဖတ်သူများလဲ  ဒီစာလေးဖတ်ပြီးချိန်ကစ ကြီးပွားတိုးတက်ကြပါစေလို့ ဆန္ဒပြုရင်း။ ။

ရွှေမန်းသား

http://mingalargarden.blogspot.in/

Monday 22 July 2013

အတ္တာဟိ အတ္တနော နာထော



ရှေ့ကိုလှမ်းတဲ့ ခြေလှမ်းတွေက
ခဏခဏ နောက်ကြောင်းတွေသတိရ

ရောက်အောင် မသွားသရွေ့
ဝေးနေတဲ့ ခရီး
နီးနီးလေးလေးတော့မဟုတ်ဘူး

သွားရင်းနဲ့ ရှေ့မရောက်
လျှောက်ရင်းနဲ့ လဲကျ
ခဏခဏ အဲဒီလို။

ရှေ့ရောက်ဖို့ လျှောက်ပါတယ်ဆို
ငါ့စိတ်နဲ့ ငါကိုယ်
ဘာလို့ အလိုမတူပဲ ခဏခဏ
ကွဲလွဲနေတာလဲ ။

ငါ့ကိုယ်ငါ ချစ်မှ
ငါတို့ရဲ့အချစ်တွေကို စွန့်လွတ်နိုင်ကြမပါ့ ။ ။

အခုကြတော့
ငါ့ကိုယ်ငါ ချစ်ဖို့မေ့
တွေ့တွေ့သမျှ
ဟိုလူ့ကို ချစ်လိုက်ရ
ဒီလူ့ကို ချစ်လိုက်ရ
အ၀ိဇ္ဖာကြီး ကာဆီးလို့

ချစ် ချစ် -- ချစ်လိုက်တိုင်း
လွမ်းလွမ်းနေရ ။

ကွယ် ဖြစ်ချင်စမ်းသပ
ဘယ်ပေတန်နဲ့မှ တိုင်းတာမရ
ဘယ်သမုဒယနဲ့ ခြည်နှောင်မရ
လွတ်လွတ်ကင်းကင်း
ဟိုး -- ကောင်းကင်က
လတစ်စင်းလို လင်းလင်သာပြ
တစ်ကိုယ်တည်း အေးချမ်းလှ ။

သစ္စာရှာဖို့ မြင်းစီးသူအကြောင်း
ချုပ်ရိုးကြောင်း အထပ်ထပ်နဲ့
ဦးနှောက်မှာ ချုပ်သီခဲ့

ဒါပေမယ့်
ငါ့နှလုံးသား
သစ္စာရှာဖို့မပြောနဲ့
ခရီးဝေးဝေး နှင်နေရင်းလဲ
ငါ့အိမ်ကို သတိရ
ငါ့အိမ်ထဲမှာ နေနေ ရင်းလဲ
ငါ့အိမ်လေးကို နှမြောလှ ။

ဒီလိုဘ၀ ဒီလိုနဲ့ မလှ
ကျလိုက် ရှုံးလိုက်၊ ကုန်းလိုက် ထလိုက်
ရေပေါ်ဆီနဲ့ မုသားနှုတ်ဖျား
ဓားသွားထက်က ပျားရည်စက်များကြား
ငါဟာ လမ်းသလား ။

တရားမတွေ့
အမှားဝေ့
အများဓလေ့မှာ
မွှေ့မွှေ့ပျော်ပျော်
သူတော်ကောင်းဆိုတဲ့
တံဆိပ်တစ်ခု တပ်ဖို့အတွက်
ငါ့ကိုယ်ငါ ချစ်ကြည့်ရဦးမယ် ။ ။

ရွှေမန်းသား
https://www.facebook.com/shwemantha
http://mingalargarden.blogspot.in/

Sunday 21 July 2013

တနင်္ဂနွေ စကားလက်ဆောင် ( ၃) နီးနီးလေးမှာလး ဝေးဝေးကြီးမှာလား

တစ်နေ့က သိဖူးတဲ့ ဒကာမလေးတစ်ယောက်က လျှောက်ထားလာပါတယ်၊ သူချစ်နဲ့ ဝေးနေရလို့ နေမထိထိုင်မသာ ဖြစ်ရပါတယ်တဲ့၊ အချစ်က အစတော့ ပျော်မလိုလိုနဲ့ ဝေးသွားတဲ့အခါ အရမ်းဆွေးနေရပြီး ကြေကြေကွဲကွဲ ခံစားရပါသတဲ့၊

ခုလိုဝေးသွားတာဟာ မချစ်လို့ ဝေးသွားတာမဟုတ်သေးပါဘူး၊ ချစ်ရက်နဲ့ ခဏခေတ္တ လေးခွဲခွါနေရတာပါတဲ့၊
ဒါကြောင့် စာရေးသူက “နီးနီးလေးမှာပဲ ဖြစ်ဖြစ် ဝေးဝေးကြီးမှာပဲဖြစ်ဖြစ် ချစ်ရက်နဲ့ မတွေ့ဆုံဖြစ်ကြရင် သတိရမှုတွေက ပေါင်းစုပြီး အလွမ်းဝေဒနာတွေ ခံစားရ တာပါလား” လို့၊ စဉ်းစားမိပါတယ်၊

မြတ်စွာဘုရားကတော့ “ချစ်သူနဲ့ ဝေးကွာနေရတာလဲ ဆင်းရဲပါတယ်၊ မချစ်တဲ့သူနဲ့ အတူလက်တွဲပေါင်းသင်းနေရတာလဲ ဆင်းရဲပါတယ်၊ လိုချင်တာကို မရရှိခြင်းဟာလဲ ဆင်းရဲပါတယ်လို့” ဟောကြားဆုံးမထားတာ ရှိပါတယ်၊
ဆင်းရဲခြင်းတွေက ချစ်သူရှိရင်လဲ ရှိနေရတာပါပဲ၊ မုန်းသူရှိနေတာလဲ ရှိနေရတာ ပါပဲ၊ လိုချင်တာတွေ များများလာတဲ့အခါ ကိုယ်လိုချင်တာ မရရှိခဲ့ရင်လဲ အဲဒီဆင်းရဲခြင်းက ရှိနေရတာ ပါပဲ၊

အကောင်းဆုံးကတော့ ဆင်းရဲခြင်းကင်းအောင် တစ်ယောက်တည်းနေတတ်တဲ့ စိတ် မွေးနိုင်ရင် အကောင်းဆုံးဖြစ်ပါသတဲ့၊ တစ်ယောက်တည်းနေတတ်ဖို့ဆိုတာ အပြော လွယ်သလောက် အလုပ်ခက်တဲ့ လုပ်ငန်းတစ်ခုပါ၊

လူဆိုတာမွေးဖွားလာကတည်းက အပေါင်းအသင်းတွေနဲ့ နေချင်တဲ့သူက ခပ်များများ ပါ၊ သူငယ်ချင်းတွေနဲ့ နေတာသဘောကျတယ်၊ ပျော်တယ်၊ သူငယ်ချင်းတွေနဲ့ ဝေးကွာနေရရင် စိတ်ထဲမှာ တစ်ခုခုလိုနေသလို ခံစားရတယ်၊ ဒါကြောင့် သူငယ်ချင်း အသစ်တွေလိုက်ရှာတယ်၊ တစ်ယောက်နဲ့ တစ်ယောက်ပေါင်းသင်းဆက်ဆံကြတယ်၊

သူငယ်ချင်းဆိုတာ အဆင်ပြေတဲ့ အခါရှိသလို အဆင်မပြေတဲ့ အခါလဲ ရှိတတ်တာပဲ မဟုတ်လား၊ အဆင်ပြေနေရင်တော့ စိတ်ချမ်းသာရပြီး အဆင်မပြေတဲ့အခါ စိတ်ဆင်း ရဲရတတ်ပါတယ်၊

ဒါကြောင့် တစ်ယောက်တည်းနေတာ အကောင်းဆုံးလို့ မြတ်စွာဘုရားက ဟောကြားခဲ့တာပါ၊
အဲဒီလို တစ်ယောက်တည်းနေထိုင်းတာမျိုးကို “ကာယ၀ိဝေက=တစ်ယောက်တည်း နေထိုင်ခြင်း”လို့ ပါဠိစာပေမှာတော့ ပြောထားပါတယ်၊

တစ်ယောက်တည်းနေတယ်ဆိုတာ သွားရင်လဲ တစ်ယောက်တည်း၊ စားရင်လဲ တစ်ယောက်တည်း၊ ထိုင်ရင်လဲ တစ်ယောက်တည်း၊ အိပ်ရင်လဲ တစ်ယောက်တည်း ပေါ့၊ တရားအားထုတ်တဲ့ ယောဂီသူတော်ကောင်းများကြတော့ တောကျောင်း၊ တောင်ကျောင်းတွေမှာ တစ်ပါးတည်းသီတင်းသုံးနေထိုင်တာ၊ လွင်တီးခေါင်မှာ တစ်ပါးတည်း သီတင်းသုံးနေထိုင်တာ၊ ဂူကျောင်းတွေမှာ တစ်ပါးတည်းနေထိုင်တာ၊ သစ်တစ်ပင် ၀ါးတစ်ပင်အောက်မှာ တစ်ပါးတည်း၊ တစ်ယောက်တည်း သီတင်းသုံးနေ ထိုင်တာမျိုးတွေကို ဆိုလိုပါတယ်။

အဲဒီလို နေထိုင်တဲ့သူတစ်ယောက်ရှာ တစ်ယောက်တည်းမို့ အားလုံးက ရှင်းလင်းနေ ပါတယ်၊ ရှင်းလင်းနေရင် အမြင်ကြည်လင်လာပါတယ်၊ အမြင်ကြည်လင်လာရင် အမှန် အမှားကောင်းကောင်း ခွဲခြားနိုင်တာမို့ လုပ်လိုက်တဲ့ အရာတိုင်းက ကုသိုလ်ဖြစ်နေမှာမို့ ချမ်းသာတာပေါ့၊

တစ်ယောက်တည်းမနေတတ်တဲ့သူအတွက်ကတော့ အမြဲတမ်းအနှောင်အဖွဲတွေနဲ့ နေရတော့ အနှောင်ဖွဲ့တွေကြားမှာ ရှုတ်နေတတ်ပါတယ်၊ ရှုတ်နေရင် အမြင်က မကြည်လင်တော့ ဘူးလေ၊  အမြင်မကြည်လင်ရင် မှားသလား မှန်သလားဆိုတာ မခွဲ ခြားနိုင်တော့ဘူးပေါ့၊ အမှားအမှန်အခွဲခြာင်းနိုင်ရင်  တစ်ခါတစ်ခါ အမှားကို အမှန် ထင်ပြီး လုပ်မိတဲ့ အခါတွေရှိလာမယ်၊ အမှန်ကို အမှားထင်ပြီး လုပ်မိတဲ့ အခါတွေရှိ လာမယ်၊

အဲဒီလိုလုပ်မိမယ်ဆိုရင် ကိုယ်လုပ်လိုက်တဲ့ အလုပ်တိုင်းဟာ ကုသိုလ်ဘယ်ဖြစ်နိုင် တော့မလဲ၊ ကိုသိုလ်ဖြစ်နေရင်တော့ ကုသိုလ်တစ်ခွဲ ငရဲတစ်ပိဿာဆိုတာမျိုး ဖြစ် နေမှာပါ၊

ဒါကြောင့် စာဖတ်သူများကို တိုက်တွန်းချင်တာကတော့ တတ်နိုင်သမျှ တစ်ယောက် တည်းနေတတ်အောင် လေ့ကျင့်ကြည့်ပါလို့၊ တစ်ယောက်တည်းနေပါဆိုလို့ သူငယ် ချင်းတွေနဲ့ မပေါင်းတာ၊ မိသားစုတွေနဲ့ ဝေးဝေးနေတာမျိုးအပြင် နေ့စဉ်ထိတွေ့နေတဲ့ အာရုံတွေနေလဲ ကင်းအောင်နေရမှာပါ၊

လူကတော့ တစ်ယောက်တည်းနေပါတယ်၊ ဒါပေမယ့် နေ့စဉ်ထိတွေနေ့တဲ့ အာရုံတွေ နဲ့ မကင်းရင်လဲ ချမ်းသာစစ်နဲ့ဝေးနေဦးမှာပါ၊
အနီးစပ်ဆုံး ဥပမာပြောရရင် နေ့စဉ်ကြည့်နေတဲ့ ကိုရီးယားကားကို မကြည့်ပဲနေမယ်၊ နေ့စဉ်သုံးနေတဲ့ ဖေ့စဘုတ်ကို မသုံးပဲ တစ်ရက်နှစ်ရက်လောက် ဖြတ်ထားပြီး နေကြည့်မယ်ဆိုရင် အနဲနဲ့ အများတော့ ငြိမ်းချမ်းမှုကို ခံစားရမှာပါ၊

ဘာဖြစ်လို့ ဒီလိုပြောရသလဲဆိုရင် ကိုရီးယားကားကြည့်နေတုန်း မီးပျက်တယ် ထားပါတော့ ဟော ဒေါသတွေ မဖြစ်ရဘူးလား၊ “တောက်” ကောင်းခန်းရောက်မှ ကွာဆိုပြီး ဒေါသတွေ အလိပ်လိုက် ထွတ်တတ်ကြပါတယ်၊ တစ်ခါ ကောင်းခန်း ရောက်နေတုန်း ဇာတ်လမ်းတွဲက နာရီစေ့လို့ပြီးသွားမယ်ဆိုရင်လဲ ဒေါသတွေ ဖြစ်ရတာပါပဲ၊

ဖေ့စဘုတ်သုံးရင် အလားတူပါပဲလေ ကိုယ်တင်ထားတဲ့ စတေးတပ်လေးကို လိုက်တွေပေးရင် သဘောကျကြည်နူးလို့၊ ကောင်းတဲ့ ကွန်မန့်လေးတွေမြင်ရရင် ပျော် ရွှင်လို့၊ ဒီလိုမဟုတ်ပဲ ကိုယ်တင်ထားတဲ့ စတေးတပ်မှာ ၀င်ပြီး ဆဲသွားမယ်။ မိုက်မိုက်ရိုင်းရိုင်းတွေ ၀င်ရေးသွားမယ်ဆိုရင် ဒေါသအိုးက ပေါက်ကွဲတော့တာပဲ မဟုတ်လား၊

ဒါက ထင်လွယ်မြင်လွယ်တဲ့ ဥပမာလေးတွေ ပေးပြောကြည့်လိုက်တာပါ၊ တစ်ခြား တစ်ခြာ ဥပမာတွေလဲ အများကြီးရှိနေပါသေးတယ်။ အကောင်းဆုံးကတော့ ကိုယ် ကိုယ်ကို ပျော်ရွှင် ချမ်းမြေ့စေချင်ရင် အရှုတ်တွေကြားထဲမှာ
တစ်ယောက်တည်းနေ နိုင်အောင်ကြိုးစားကြည့်စေချင်ပါတယ်၊

ခုပြောပြခဲ့တာတွေက ကိုယ်နဲ့ဆက်စပ်ပတ်သက်ပြီး ရင်းနှီးကျွမ်းဝင်နေလို့ ဖြစ်ရတဲ့ သောကနဲ့ ဒုက္ခတွေထဲက တစ်ချို့တစ်ဝက်လေးတွေပါ၊

နောက်တစ်ခါ ကိုယ်နဲ့တော့ ရင်းနှီးကျွမ်းဝင်နေတာမဟုတ်ဘူး တွေးလိုက်တိုင်း စိတ် ထဲက ရောက်ရောက်သွားတာ၊ သတိတရရှိနေတာ၊ ဝေးဝေးမှာနေပေမယ့် တွေးလိုက် တိုင်း စိတ်ထဲရောက်ရောက်လာတတ်တာ၊ အဲဒီလို စိတ်နဲ့ ရင်းနှီးကျွမ်းဝင်နေရင်လဲ ဆင်းရဲခြင်းတွေက လက်ရပ်ခေါ်သလို ရောက်ရောက်လာတတ်တာပဲ မဟုတ်လား၊

ဒါကြောင့် စိတ်နဲ့လဲကင်းအောင် ဝေးဝေးနေရပါမယ်တဲ့၊ အဲဒီလို စိတ်နဲ့ ဝေးဝေး ကင်းအောင်နေတာကို စိတ္တ၀ိဝေကလို့ စာမှာဆိုပါတယ်၊ ဒါက နားလည်လွယ် အောင်ပြောပြလိုက်တာပါ၊

တကယ့် စိတ္တ၀ိဝေကဆိုတာ လောကီဈာန်သမာပတ်တွေကို ၀င်စားနေတာပါ၊  ဘာလို့ အဲဒီလိုဝင်စားနေရသလဲဆိုရင် လူ့စိတ်ဆိုတာ အမြဲတမ်းမကောင်းမှုမှာ ပျော် မွှေ့တတ်တာမို့လား ၊ ကုသိုလ်စိတ်တွေ တွေးခွင့်မရအောင် ပိတ်ဖုံးထားတဲ့ နီဝရ တရားတွေကို ပိတ်ဖုံးခွင့်မရအောင် စိတ်ထဲမှာ ဈာန်သမာပတ်တွေ ၀င်စားစေပြီး ကိုသိုလ်စိတ်တွေ ဖြစ်အောင် နေတာကို ပြောတာပါ၊
ကုသိုလ်ဖြစ်ခွင့်မရအောင် ပိတ်ဖုန်းတဲ့ တရားတွေက

(၁) ကာမစ္ဆန္ဒ နီဝရဏ=အာရုံငါးပါး ကာမဂုဏ်တရားတွေကို လိုချင်တပ်မက်မောတဲ့ စိတ်၊

(၂) ဗျာပါဒ နီဝရဏ= သက်ရှိ၊ သက်မဲ့ ကာမ၀တ္ထုတွေအပေါ်မှာ ဖျက်ဆီးလိုတဲ့စိတ်၊ သူတစ်ပါး ဒုက္ခရောက်အောင် ဂုဏ်သိက္ခာကျအောင် ဖျက်လို ဖျက်ဆီးလုပ်ချင် တဲ့စိတ်၊

(၃) ထိနမိဒ်ဓ နီဝရဏ= ဘာဝနာကုသိလ်တွေလုပ်ရမှာကို ပျင်းနေတဲ့ စိတ်၊

(၄) ဥဒ္ဒစ္စ ကုက္ကုစ္စ နီဝရဏ= စိတ်တွေဟိုတွေးလိုက် ဒီတွေးလိုက်နဲ့ ကောင်းတဲ့ အာရုံအလုပ်တွေမလုပ် ဖြစ်ပဲ တွေးနေတဲ့ စိတ်၊ မပြုခဲ့ရတဲ့ ကောင်းမှုကုသိုလ်အလုပ် တွေနဲ့ ပြုလုပ်ပြီးသွားတဲ့ မကောင်းမှုတွေကို တွေးပြီး ဇဝေဇ၀ါနဲ့ နောင်တတွေရနေတဲ့ စိတ်၊

( ၅) ၀ိစိကိစ္ဆာ နီဝရဏ= ရတာသုံးးပါး ကံကံရဲ့ အကျိုးတရားကို မယုံကြည်တဲ့ စိတ် ဆိုပြီး ငါးမျိုးရှိပါတယ်၊

အဲဒီငါးမျိုးက အမြဲတမ်း တစ်မျိုးမဟုတ် တစ်မျိုးက လူတွေရဲ့ စိတ်ကို ကောင်းတာ တွေမလုပ်ဖြစ်အောင် ပိတ်ဖုံးတားမြစ်နေတတ်ပါတယ်၊

ဒါကြောင့် အဲဒီိလို မနေမိအောင် ၊ မနေနိုင်အောင် ကိုယ်နဲ့ ကင်းအောင်နေသလို စိတ်နဲ့ လဲကောင်းအောင်နေရတာပါ၊
အရှင်းဆုံးပြောရရင် ကိုယ့်စိတ်ထဲမှာ အကိုသိုလ်နီဝရဏတွေအစား ကုသိုလ်ဈာန် တရားတွေကို ပွားပေးထားလိုက်တာပါ၊

ဒါဆိုရင် အကုသိုလ်သိုလ်နဲ့ ဝေးဝေးနေပြီး ကုသိုလ်တရားတွေနဲ့ နီးနီးနေတဲ့ အတွက် စိတ်တွေ တဆင့်ခြင်း ရင့်ရင့်လာပြိး ချမ်းသာလာမှာပါ၊

ဒီနေရာမှာ လောကီဈာန်တရားဆိုတော့ သာမာန်လူတွေအတွက် အဆင်ပြေအောင် သမာဓိတစ်ခုခုရစေမယ့် ကုသိုလ်အလုပ် လုပ်နေခြင်းဟာလဲ စိတ္တ၀ိဝေကပါပဲ၊ အဓိ ကကတော့ စိတ်ထဲမှာ အကုသိုလ်အတွေးတွေက ဝေးဝေးနေလိုက်ခြင်းပါပဲ၊

အဲဒီလိုနေလိုက်မယ်ဆိုရင် နောက်ဆုံးအရာအားလုံးနဲ့ ဝေးပြီး အမြဲတမ်းသန္တိသုခ ရရှိစေမယ့် ဥပဓိဝိဝေကနဲ့ ပြည့်စုံလာမှာပါ၊

ဒါကြောင့် နောက်ဆုံးအနေနဲ့ စာဖတ်သူတွေကို လက်ဆောင်ပေးချင်တာက နီးနီး လေးမှာပဲ ဖြစ်ဖြစ် ဝေးဝေးကြီးမှာပဲ ဖြစ်ဖြစ် မကောင်းတဲ့ အာရုံတွေဆီကို ရောက်အောင် မသွားပဲ ၊ မရောက်အောင်တားကာ တစ်ယောက်တည်းဝေးဝေးနေပြီး အငြိမ်းချမ်းဆုံး ခရီးကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ။

ရွှေမန်းသား အရှင်အကုင်္ရ

http://mingalargarden.blogspot.in/

https://www.facebook.com/shwemantha

veninnkura08@gmail.com

ကျောက်ရုပ်



တစ်ခါ တစ်ခါ
ဘ၀က ပြောချင်တာတွေများပြီး
စကားလုံးတွေရှားနေတယ်၊

အဖြစ်မှန်တဲ့
စနက်တန်ဖြုတ်ဖို့ခက်နေသလိုမျိုး
မျိုသိပ်ပါများရင်း
အ အလာခဲ့ ။

အနေမထိုင်မတတ်တဲ့ စိတ်တွေနဲ့
ပြေးလွား
ခဏခဏ
ခုတ်ရာက တခြား၊ ပြတ်ရာက တခြား
တွားသွားတက်လာတဲ့
အကုသိုလ်တွေနဲ့ ရေပန်းစား
ကြားလာပေါ့
အနေကြာတော့
ဖယ်ချဖို့ ခက်သား ။ ။

ရွှေမန်းသား

Saturday 13 July 2013

တနင်္ဂနွေ စကားလက်ဆောင် ( ၂) နဂိုဒုက္ခ နဲ့ အပိုဒုက္ခ

နဂိုဒုက္ခ နဲ့ အပိုဒုက္ခ

ဒုက္ခကို ဆင်းရဲခြင်းလို့ မြန်မာလို အဓိပ္ပါယ်ဖွင့်ချင်ပါတယ်၊ ဆင်းရဲတယ်ဆိုတာ လူတိုင်း နေ့စဉ်ကြုံတွေ့နေရတဲ့ ဖြစ်စဉ်တွေထဲက ဖြစ်စဉ်တစ်ခုပါ၊ အစားအသောက် ဆင်းရဲတာ၊ အနေအထိုင် ဆင်းရဲတာ၊ အ၀တ်အစား ဆင်းရဲတာစတာစတာ တွေပေါ့၊

လူတစ်ယောက်ဖြစ်လာရင် စား၊ နေ၊ ၀တ်က အဓိကကျတဲ့ အစိတ်အပိုင်းထဲမှာ ပါပါ တယ်၊ လူတိုင်းနေ့စဉ်ရှာဖွေနေတာ၊ စီးပွားရေးလုပ်နေတာ၊ ရုန်းကန်နေတာလဲ စားရေး ၊ နေရေး၊ ၀တ်ဆင်ရေးအတွက်ပဲ မဟုတ်လား၊ ဒီအရေးတွေပြည့်စုံကြရင် လောက နိဗ္ဗာန်လို့ လူတိုင်း တင်စားပြောတတ်ကြပါတယ်၊

စားရေးနဲ့ ပတ်သက်လို့ မြတ်စွာဘုရားကတော့ မတ္တံဇာနေယျ ပဏ္ဍိတော= ကိုယ့်ဝမ်းနဲ့ ဆန့်သလောက်ပဲ သိပြီးတော့ စားပါတဲ့၊ အဲဒီလို စားမယ်ဆိုရင်အစာမကျေ ဖြစ်မှာလဲ မပူရ၊ အရမ်းဝမှာလဲ မပူရ၊ မစိုးရိမ်ရတော့ပါဘူး၊

တစ်ခါ အစားအစာနဲ့ပတ်သက်လို့ ထပ်ပြီး ဘုရားရှင်မိန့်ကြားထားတာက ခန္ဒာကိုယ်မျှတရုံလောက်ပဲ စားပါတဲ့ အဲဒီိထက်လွန်ကဲပြီး လောဘကြီးပြီး မစားပါနဲ့တဲ့၊

အဲဒီလိုစားမယ်ဆိုရင် အစားအသောက်နဲ့ ပတ်သက်ပြီး အများကြီးရှာဖွေ
ဖို့မလိုတော့ပါဘူး၊ အစားအသောက်အတွက် အများကြီးမရှာဖွေရရင် အစားအသောက် နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့ လောဘတွေ နဲနဲ သွားမှာပါ၊ လောဘနဲလာရင် အလောဘ တွေများလာမှာပါ၊ ဒါဆို အစားအသောက်နဲ့ ပတ်သက်ပြီး နဂိုဒုက္ခထက် အပိုဒုက္ခတွေ သက်သာလာမှာပါ၊

နေရေးထိုင်ရေးနဲ့ ပတ်သက်လို့လဲ မြတ်စွာဘုရားကတော့ ရဟန်းတော်တွေ အတွက် တရားအလုပ်လုပ်မယ့်သူတွေ အတွက်ဆိုရင် သစ်တစ်ပင် ၀ါးတစ်ပင်ရှိနေရင်ကိုပဲ လုံလောက်ပါသတဲ၊ သာမာန်လူသားတွေအတွက်ဆိုရင်တော မှတ်၊ ခြင်၊ ယင်၊ လေ၊ နေပူ၊ မိုးဒဏ်၊ လေဒဏ်စတဲ့ အန္တရာယ်တွေက ကင်းလွတ်တဲ့ နေရာထိုင်ခင်းနဲ့ နေစရာ ထိုင်စရာတွေဟာ လုံလောက်ပါသတဲ့ ၊

အဲဒီိထက် လွန်ကဲတဲ့ နေစရာတွေ၊ ထိုင်စရာတွေ ရှာဖွေနေမိရင် နဂိုဒုက္ခထက် အပိုဒုက္ခတွေ ထပ်ရှာမိနေတာပါပဲ၊ ရှာဖွေလေ လိုလေဖြစ်ပြီး ၊ တစ်ဒုက္ခကနေ နှစ်ဒုက္ခ၊ နှစ်ဒုက္ခကနေ သုံးဒုက္ခဆိုပြီး ဒုက္ခ တွေဟာ ဆင့်ကဲ ဆင့်ကဲ ဖြစ်ပေါ်လာလာနေတော့ ပေါ့စေချင်လို့ ကြောင်ရုပ်ထိုးမှ ဆေးအတွက် လေးဆိုတာမျိုးလိုဖြစ်နေတတ်ပါတယ်၊

အ၀တ်အစားနဲ့ ပတ်သက်ရင်လဲ အရှက်နဲ့၊ အကြောက်ကို ဖုံးနိုင်ရင် အဆင်ပြေပါသ တဲ့ ၊ နောက်ဆုံးပေါ်တွေနောက်လိုက်နေရင်တော့ နဂိုဒုက္ခထက် အပိုဒုက္ခတွေသာ တစ်သီကြီး ပေါ်လာမှာပါ၊

ပုထုဇဉ်ဆိုတော့ ဒီဇိုင်းအဆန်းလေးဆိုလဲ ၀တ်ချင်တာပဲ၊ အရောင်အသွေး လှလှ လေးဆိုလဲ ၀ယ်ချင်ပြန်ရော၊ ဒီလိုနဲ့ အ၀တ်ဗီဒိုထဲမှာ အ၀တ်အစားတွေက ပြည့်လာ တယ်၊ ၀ယ်ထားပြီး မ၀တ်ဖြစ်တဲ့ အထည်တွေကလဲ မနဲမနော၊ တစ်ခါ နှစ်ခါသာ ၀တ်ဖူးတဲ့ အထည်တွေကလဲ အများသားနဲ့၊ အ၀တ်အစားအတွက် လောဘတွေနဲ့ နပမ်းလုံးနေမိတာ အရှက်လုံအောင် အ၀တ်ဝတ်ရတယ်ဆိုတဲ့ နဂိုဒုက္ခထက် ၊ အသစ်မို့ ၀တ်ချင်တာ၊ ဒီဇိုင်းဆန်းမို့ ၀တ်ချင်တာစတဲ့ အပိုဒုက္ခတွေ ၀င်လာပါလေရော၊

အဲဒီအချိန်ကစ ကိုယ့်အပူ ကိုယ်ရှာမိရက်သားဖြစ်ပြီး ဆင်းရဲရရောမို့လား၊ ၀တ်ချင်တာ မ၀တ်ရလို့လဲ စိတ်ဆင်းရဲတဲ့ အခါတွေနဲ့ ကြုံရမယ်၊ ၀ယ်ချင်တာ မ၀ယ် နိုင်တော့လဲ ဆင်းရဲတွေနဲ့ ထပ်ကြုံရမယ်၊ ဒါကြောင့် အ၀တ်အစားနဲ့ ပတ်သက်ပြီး စိတ်မဆင်းရဲရအောင် ကိုယ်မဆင်းရဲရအောင် အရှက်လုံ၊ အကြောက်ကာမိတဲ့ အ၀တ်အစားလေးနဲ့ ၀တ်တတ်နေတတ် ထိုင်တတ်မယ်ဆိုရင် ဒုက္ခတွေနဲလာမှာပါ၊
အပေါ်မှာပြောခဲ့တာတွေက လူတိုင်း နေ့စဉ်ကြုံတွေ့လေ့ရှိတဲ့ နဂိုဒုက္ခလေးတွေကို အပို ဒုက္ခနဲ့ ထပ်မတိုးမိစေဖို့ သတိပေးလက်ဆောင်ရေးလိုက်တာပါ၊

အဲဒီလို ဒုက္ခအသေး လေးတွေကို ရင်ဆိုင်နိုင်မှ ဒုက္ခအကြီးကြီးတွေဖြစ်တဲ့ မွေးဖွားရတဲ့ ဒုက္ခ၊ အိုရတဲ့ ဒုက္ခ၊ နာရတဲ့ ဒုက္ခ၊ သေရတဲ့ ဒုက္ခတွေကို ရဲရဲကြီး ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်၊

ဒါကြောင့် စာဖတ်သူ အားလုံး ဒီနေ့ ဒီအချိန်ကစပြီး နဂိုဒုက္ခရော အပိုဒုက္ခတွေပါ အေးငြိမ်းကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်၊

ရွှေမန်းသား အရှင်အကုင်္ရ
https://www.facebook.com/shwemantha
http://mingalargarden.blogspot.in/

Saturday 6 July 2013

တနင်္ဂနွေ စကားလက်ဆောင် ( ၁) ထာဝရပျော်ရွှင်ချမ်းမြေ့ဖို့



ထာဝရပျော်ရွှင်ချမ်းမြေ့ဖို့

လွတ်လပ်စွာ ပျံသန်းဖို့ ကျွမ်းကျင်တတ်မြောက်မှု အတောင်ပန်တစ်စုံ လိုအပ်ပါတယ်၊ ပေါ့ပေါ့ပါးပါး ဖြစ်စေဖို့ အတွေးတွေကို ရှင်းထားရပါမယ်။ လိုချင်တဲ့ ပန်းတိုင်ဆီ ရောက်ဖို့က ယုံကြည့်ချက်တစ်ခု ရှိနေရမှာပါ၊ ဘ၀ဆိုတာ အခက်အခဲတွေနဲ့ ပျော်ရ တဲ့ အချိန်က များတတ်ပါတယ်။ လပြည့်ညဆိုတာ

လူတိုင်း တစ်လမှာ တစ်ခါပဲကြုံရတာပဲ မဟုတ်လား၊ လမပြည့်ခင်မှာ လပြည့်ညရောက်ဖို့ အားယူနေရပါတယ်၊ လပြည့်ညကြုံပြီး သွားတော့လဲ တစ်ခါ လကွယ်ညဆီကို တဖြေးဖြေးချင်း ပြေးပြေးပြီး ပျောက်ကွယ် သွားရတာပဲ မဟုတ်လား၊

လူ့ဘ၀ဆိုတာလဲ ပျော်ရွှင်စရာဆိုတာ လပြည့်ညပမာပဲပေါ့၊ အခိုက်တန့်ခဏလေးပဲ ပိုင်ဆိုင်ရတာပါ၊ လောကီနဲ့ ဆက်နွယ်နေတဲ့ အပျော်တွေကတော့ ဘယ်အပျော်ပဲဖြစ် ဖြစ် လပြည့်ညပေါ့လေ၊ အဲဒါ လပြည့်လို့ တောင်ပြောရမယ် ထင်ပါတယ်၊

လောကီက ကင်းလွတ်တဲ့အပျော်မျိုးကတော့ လပြည့်ညလို မဟုတ်ပါဘူး၊ အမြဲတမ်း ပြည့်နေတဲ့ နေမင်းကြီးလိုအပျော်မျိုးပါ၊ ဒါပေမယ့် သူက ပူလောင်မှုတွေကို တွေ့ကြုံမှ၊ ခံနိုင်ရည်ရှိမှ တွေ့ကြုံရမယ့် အပျော်မျိုးပါ၊ ပြောချင်တာကတော့ အများအထင်၊ အများအမြင်မှာ သာယာတယ်၊ ပျော်ရွှင်ချမ်းမြေ့ဖို့ကောင်းတယ်၊ သက်တောင့် သက် သာရှိတယ်၊ အေးဆေးတယ်တယ်၊ ငြိမ်းချမ်းတယ်ဆိုတဲ့ လောကီနဲ့ ဆက်သွယ်တဲ့ သာယာမှုတွေကို စွန့်လွတ်ဖို့ဆိုတာ တော်တော်တန်တန် လူက မစွန့်လွှတ်နိုင်ပါဘူး လေ၊ စွန့်လွှတ်ပြန်ရင်လဲ ရင်ထဲမှာကော အပြင်ပန်းမှာပါ ပူလောင်နေရတာပဲ မဟုတ် လား၊

ဥပမာ စကားလေး ညှပ်ပြောပြရရင် ရေထဲမှာပျော်နေတဲ့ ငါးလေးတစ်ကောင်ကို ကုန်းပေါ်ပစ်တင်ပြီး နေပူမှာ ထားလိုက်သလိုပါပဲ ဖြတ်ဖြတ်လူးပြီး ၊ အရူးအမူး ကြေကွဲနေတော့တာပါပဲ၊ လောကီလူသားတွေဟာလဲ လောကီ စည်းစိမ်တွေ၊ လော ကီ ဂုဏ်ဓနတွေ၊ လောကီကျော်ကြားမှုတွေ၊ လောကီ အပေါင်းအသင်းတွေဆီကနေ ဆယ်ယူပြီး လောကီနဲ့ ကင်းတဲ့ တကယ်အစစ်အမှန်ငြိမ်းချမ်းရာ ကုန်းမြေပေါ် ပစ်တင် လိုက်မယ်ဆိုရင် စောစောက ပြောပြခဲ့တဲ့ ငါးလေးပမာပါပဲ ဖြတ်ဖြတ်လူပြီး အရူးအမူတွေနဲ့ ရင်ဆိုင်ရပြီး ကြေကွဲရတော့တာပါပဲ၊

ဒါကြောင့် လောကီနဲ့ မဆက်သွယ်တဲ့ လောကုတ္တရာအပျော်ဟာ အပူဒဏ်ခံနိုင်ပြီးမှ ရတာပါလို့ ပြောချင်တာပါ၊

ဘ၀မှာ အမြဲတမ်းပျော်နေချင်သူ တစ်ယောက်ဟာ လောကီပစ္စည်းတွေ၊ ကျော်ကြားမှု တွေ၊ အပေါင်းအသင်းတွေနဲ့မပျော်ပဲ၊ ဓမ္မစစ်စစ် အရှိတရားတွေနဲ့ ပျော်ကြည့်ပါတဲ့၊ ဒါဆိုရင် ထာဝရပျော်ရွှင် သူ တစ်ယောက်ဖြစ်လာပါလိမ့်မယ်။ ။

ရွှေမန်းသား အရှင်အကုင်္ရ





Friday 5 July 2013

သစ္စာလမ်း


မြောက်ပြန်လေသည် တစိမ့်စိမ့် တိုက်ခတ်နေသည်၊ မနက်ခင်း နှင်းမှုံတွေထဲတွင် အရိပ် နှစ်ခု ယှဉ်လျှက်သား ရပ်နေသည်၊
တစ်ဦးက ဦးပြည်းနဲ့ နီညိုရောင်သင်္ကန်းနဲ့ တစ်ဦးက ဆံနွယ်ရှည်ရှည် အသားလတ် လတ် အမျိုးသမီးလေးတစ်ယောက်၊ ပုခုံးပေါ်တွင် အ၀ါရောင် ပုဝါစလေး တင်လျှက်၊

“နွယ်နွယ် ငါ့သွားတော့မယ်ဟာ နော်”

အားတင်းပြောနေပေမယ့် အသံတွေက မူမမှန်ချင်၊ ငိုသံဘက် ရောစွက်ချင်နေသည် ထင်၊ နွယ်ဟု သံယောဇဉ်တွယ်ငြိစွာ မြတ်မြတ်နိုးနိုး ခေါ်ခဲ့ဘူးသော ဝေါဟာရကို တတ်နိုင်သမျှ ရှောင်လွှဲပြီး နွယ်နွယ်ဟု သမုဒယကိုခ၀ါချပြလိုက်ရသည်၊

“အင်းပါ မောင်ရယ်၊ အဲ ဟုတ်ပါဘူးရောင်လို့ တင်းပါး၊ ဟုတ်”

တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်မှုသည်၊ အပြီးတိုင် ဖြစ်မည်ဆိုသည်ကို နှစ်ဦးသား ပြောထားပဲ ကိုယ်စီစိတ်ထဲတွင်  ဘာသာအလိုလို သိနေကြသည်၊

သူငယ်တန်း၊ အလတ်တန်း၊ အထက်တန်းထိအောင် အတူတူလျှောက်ခဲ့ဖူးတဲ့ သံယောဇဉ်ကြိုးက ခုမှ လွန်းတင်ကာ တစ်မျိုးမျိုးနဲ့ ပြတ်တော့မည်ထင်သည်၊

“ဦးဇင်းက မြို့မှာ ဘယ်နှစ်နှစ် စာဝါလိုက်မှာလဲ ဟင်၊ အဲ ဘုရား”
အသားမကျသေးသော ဝေါဟာရတွေကို အားယူပြီး ပြင်ပြင်ပြောနေရတာက သူတို့ အတွက် ရင်မောစရာ အလုပ်တစ်ခု ဖြစ်လို့နေသည်၊

“မသိသေးပါဘူး ဟာ၊ ပျော်သလောက်ပေါ့၊ မယ်တော်ကြီးက ငါ့ကို ပညာတတ်ဘုန်းတော်ကြီး ဖြစ်စေချင်တာတဲ့ ဟာ”
 မယ်တော်ရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ပေးဖို့ သူသည် ပစ္စုပ္ပန်ဝေဒနာတွေကို ခေတ္တခဏ မေ့ထား ကြည့်ချင်သည်၊ မေ့ချင်ပေမယ့် မေ့လို့မရ နိုင်၊ ထွက်ပြေးချင်ပေမယ့် ထွက်ပြေးဖို့ မစွမ်းသာ၊ ဘ၀ရဲ့ လမ်းခုလတ်မှာ လက်တွဲအ တူပါလာသော သံယောဇဉ် နွယ်တစ်မျှင်သည် သူ့ရင်တွင် အစဉ်ခိုဝင်လျှက်၊


(၂)

ဝေးလည်း မမှုံ ၊ မှုံလည်းမပြယ်၊
တွယ်တာ ရည်စူး၊ ရင်ခွင်ဦးမှာ
ပန်းဖူးဝေစေ၊ တစ်နေရာကွယ်
ဝေဒနာ အသစ်၊ ခြေရာဖြစ်ကျန်၊

နှစ်ယောက်အတူ ရွတ်ဆိုဖူးသော ကဗျာ အပိုင်းအစတစ်ချို့က ရင်ထဲတွင် အလိုလို ခိုင်ဝင်နေရာယူကာ ထွက်ပေါ်လာနေသည်။ ကျောင်းအပြန် နှစ်ယောက်အတူ ယှဉ်ကာ ထိုင်ခဲ့ဖူးသော ပေတစ်ရာလမ်းဘေးက ကို့ကိုပင်တန်းများဆီ စိတ်တွေက ပြေးလွှားဆော့ကစား နေပြန်သည်။

ဘယ်တုန်းကမှ ခွဲရမည်ဟု တွေးမထားသော အတွေးစတွေကို ခုတော့ တစ်စစီ ချွေချနေရတာ ကိုယ်တိုင်စိုက်တဲ့ ပန်းပင်က ပန်းပွင့်လေးတွေကို တစ်ဖဲ့ချင်း ၊ တစ် စချင်း ချွေချနေရတာနဲ့ တူလှသည်၊ ဘာတတ်နိုင်မည်လဲလေ ဘ၀တွေဆိုတာ ကောင်းကင် က တိမ်ညိုလေးတွေလိုပါပဲ လေကြောင့် တွေ့ဆုံကြရပြီး ၊ လေကြောင့်ပဲ ပြန်လည် ကွဲကွာကြရတာပဲမဟုတ်လား၊ ဘ၀တွေဆိုတာလဲ ကံအကြောင်း အပေါင်းသင့်လို့ တွေ့ဆုံကြရပြီး ကံအကြောင်း မကောင်းပြန်တော့ ဝေးကွာကြရပြန် ရောလေ၊

နွယ်နဲ့ သူ့ဘ၀သည်လည်း ကောင်းကင်က တိမ်ညိတွေနှယ် ထူးမခြားနား၊ ဘာသာသိနေသော တွယ်တာမှုသည် ဖြတ်ဖို့ ခက်နေပြန်သည်။ ရဟန်းအသွင် ယူထားပေမယ့် သူရင်ထဲက နှလုံးသားတွေသည် ပုထုဇဉ်စစ်စစ်ကြီး ဖြစ်နေသေးသည်၊
ပုထုဇဉ်တို့ရဲ့ ထုံးစံသဘောကို မလွန်ဆန်နိုင်သော အခိုက်အခန့်တွင် သမုဒယကို ဒုက္ခလို့ မြင်ဖို့ရာ သူမစွမ်းသာ၊ ဝေဒနာကို ဖြေစရှာ ရာမတွေ့နိုင်သေးခင် မြတ်စွာ ဘုရားရဲ့အေးငြိမ်းရာ ဒေသနာဆိုတာ သူ့အတွက် အစိမ်းသက်သက်ဖြစ်နေသော နေမြေသစ်တစ်ခုပမာ၊

မာတုဂါမနဲ့ ရဟန်းဆိုတာ ကြေးရွှေဂဟေ မစပ်ပေသို့ မအပ်စပ်မှန်းသိပေမယ့် ငယ် သံယောဇဉ်သည် ချည်နိုင်သမျှ ချည်ငင်နေသေးသည်၊ တစ်ခါမှ ခွဲခွါမည် စိတ်မကူး ထားသော သူ့တိုနှစ်ဦးရဲ့ ယုံကြည်မှုကို ခွဲခွါချင်းနဲ့ ချက်ချင်းလက်ငင်း သပ်ပင်းကာ အခွဲခံရသောအခါ ဘုရားရှင်လက်ထပ်တော် အခါက နန္ဒမင်းသားနဲ့ ဇနပဒကလျာဏီတို့ရဲ့ ခွဲခွါခြင်း ကွာကွာခြင်းကို ရင်တွင်းက နားလည်သယောင်ရှိ လာသည်၊

ချစ်ခြင်းတရားနဲ့ ခွဲခွားခြင်းကြားတွင် ဘာလို့ အလွှာပါးပါးလေးက ကာဆည်းတားနေ သည်ကို သူနားမလည်နိုင်ဖြစ်နေသည်၊ မျှော်လင့်ချက်တွေ ထားခဲ့ချင်ပေမယ့် သူ သည် ကတိကို လွယ်လွယ်နဲ့ ပေးမထွက်ပဲ ဘာသာ နှုတ်ဆိတ်နေမိသည်၊ ဘယ်လို ကတိမျိုး သူပေးနိုင်မလဲ စဉ်းစားနေမိသည်၊

နွယ်သည် သူရှေ့တွင် သူ့အလားပင် ကျောက်ရုပ်တစ်ရုပ်လို ငြိမ်ကုတ်လျှက် အသက် ရှုသံတို့ တိုးလျှနေသည်၊ အရင့်အရင်က တွေ့လိုက်တိုင်း ပျော်မြူးရသော အခိုက်အတန့် လေးများသည် ခုလိုတွေ့ဆုံချိန်တွင် အဝေးသို့ ပြေးထွက်နေကြပြီ၊

“ဟူး”--

မသိမသာ သက်ပြင်းကို တိုးတိုးလေး ချရင်း

“ငါ သုံးနှစ်ကြာရင် ပြန်လာမယ် နော်၊ နွယ်နွယ်”

တစ်ဖက်သားကို ပျော်သွားစေဖို့ နည်းလမ်းက ဒီတစ်လမ်းပဲ ရှိသည်။ ဒီထက် ကောင်းတဲ့ ကတိမျိုးလောလောဆယ် သူ့ထံက ထွက်ပြေးနေကြသည်။ တစ်ခါတစ်ခါ ဘ၀သည် ချစ်လျှက်နဲ့ ခွဲခွါခဲ့ရတာတွေ ရှိတတ်ကြသည်။ နွယ်နဲ့ သူဘ၀ခွဲခွါခြင်းသည် ခဏတာလား တစ်ဘ၀တာလား ဆိုတာကို သူမဝေခွဲတတ်၊ လောလော လတ်လတ် အချိန်တွင်တော့ နှစ်ဦးသားလုံးမှာ အပြုံးတွေ ပျောက်ဆုံးနေကြရလေပြီ၊

(၃)

ရွာနဲ့ ခွဲခွါပြီး မန်းမြို့တော်ကြီးဆီ စာသင်ဖို့ သူရောက်လာသည်၊ ကြက်ပျံမကျ စည်ကားလှပေမယ့် ရောက်ပြီးကတည်းက သူ့စိတ်တွေက ရွာမှာရှိတဲ့ နွယ်ဆီပဲ ပြန်ပြေးနေမိသည်၊ လူတွေက များ၊ ကားတွေက ရှုတ်၊ သူ့အလွမ်းတောအုပ်ကလေး ကလဲ

တစ်နေ့တခြား ရှင်သန်ကြီးထွား လာသည်။ စာဝါတွေသာ တက်လိုက်၊ ဆင်း လိုက် တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီး တစ်လ၊ တစ်ညပြီး တစ်ည ကုန်လို့သာလာ သည်၊ စာတွေ မကျက်ဖြစ်၊ စာတွေမမှတ်ဖြစ်၊ ဖြေလိုက်တဲ့ အပတ်စဉ်စာမေးပွဲတိုင်း က ခဏခဏကျလေပြီ၊ တာဝန်ခံဆရာသမားကလည်း အမျက်မာန်ပွားကာ ခဏ ခဏခေါ်ဆူလေသည်၊ ရင်ထဲတွင် လူမေးပြောမရ

ပူဆွေးသောကတွေက အစိုင်အခဲ နဲ့ ပျိုတော့မယ့် ရွှေမိုးညိုပမာ အချိန်တိုင်း အုံမှိုင်းနေတတ်သည်။
တစ်ခါတစ်ခါ အအိပ်ခက်ပြီး အအိပ်ပျက်က်တဲ့ ညများစွာကို ဖြတ်သန်းရတာ နွေနေ ခေါင်ခေါင် သောင်ပြင်ပေါ်တွင် ဖနပ်ဗလာနဲ့ ခရီးသွားတစ်ယောက်ပမာ မသက်သာ လှ၊ ဘယ်သူမပြု မိမိမှုပေမို့ ပြောမထွက်သာ၊ ဖြေမပြေ တွေတွေစီးကျရသော မျက်ရည် တွေသည် လူမမြင်သူမမြင် ညအလည် တစ်ယောက်တည်းတစ်သာ ချင်ထောင်ထဲမှာ မြစ်တစ်မြစ်အဖြစ် စီးမျောဖြစ်နေသည်၊


ဆွမ်းခံကြွတော့လဲ နွယ်အရိပ်၊ စာဖတ်တော့လဲ နွယ်အသံ တစ်ယံမလပ် အထပ်ထပ် ရစ်ပတ်လေသော နွယ်၊ အော် နွယ်တစ်ယောက် နေမှကောင်းပါလေစ၊ သတိရပေ မယ့် စာပေးလို့ အဆင်မပြေ၊ ဖုန်းခေါ်ဖို့ အခြေနေမပေး၊ ဝေးကွာခြင်းတွေက ကာလ ကာခြားလေပြီ၊

အချိန်တွေရယ်၊ ရာသီတွေရယ် လည်ပတ်ကာ တစ်နှစ်ဆိုတာ  မှည့်ရင့်နေတဲ့ သစ်သီး တစ်လုံးပမာ ကြွေကျသွားလေပြီ၊ ကျောင်းတွေပိတ်တုန်း နွယ်ကိုတွေ့ဖို့ ရွာပြန်နိုင်ရန် ကျိုးစားကြည့်သည်။ မယ်တော်ကြီးက တစ်ချက်လွှတ်အမိန့်သံနဲ့ ရွာကို ပြန်မလာရန် လူကြုံစကားနဲ့ အမှာပါးလိုက်ပြီ၊ ခက်ပြီကော နီးမယ်ကြံကာမှ မျှော် လင့်ချက်က ဝေးကွာသွားပြန်ပြီ၊ နီးအောင်ကြိုးစားကြည့်မယ် လုပ်ကာမှ ဘ၀တွေက တစ်ဖြေးဖြေး အဝေးဆီကို မောင်းနှင်မိနေသည်၊ ကံကြမ္မာရယ် ခါးလိုက်တာ၊ ဘယ် ထိအောင် ခါးနေမည်လဲ သူမသိပေ၊

ဒီလိုနဲ့ မန်းရွှေမြို့တော်ကြီးပေါ်တွင် မယ်တော်ကြီးအတွက် တစ်ဝါ၊ ခမည်တော်အကြီး အတွက် တစ်ဝါ သူ့အတွက် တစ်ဝါရည်မှန်းလျှက် သုံးနှစ်သုံးမိုးသည် ခဏလေးတမ ဟုတ်ချင်းပမာ ကြွေကျကြွေကျ

သွားကြလေပြီ၊ လေးနှစ်မြောက်အရောက်တွင် မယ်တော်ကြီးဆီမှ “ဦးဇင်း ဒီနှစ် အကြီးတန်းအောင်ရင် ရွာပြန်ကြွလာပါ၊” ဆိုသော အမှားစကားကို နားနဲ့ဆပ်ဆပ် ကြားရပြန်တော့ မျှော်လင့်ချက်တွေ အရောင်ပြန် လက်လာသည်၊
ရင်ထဲက အိပ်ပျော်နေသော နွယ်တစ်ပင်သည်လဲ ရစ်ပတ်ကာ တစ်ဖြေးဖြေးချင်း တွယ် တက်လာသည်၊ “အော် ဒီအချိန် နွယ်

သူကို စောင့်နေသေးသလား၊ မစောင့် တော့ဘူးလား” သူ့ ယုံကြည့်ချက်တွေက ပါးလွှာလွန်းနေသည်။
သူပေးခဲ့တဲ့ ကတိက သုံးနှစ်သာ၊ အခု သုံးနှစ်မက လေးနှစ်ထဲသို့ ချဉ်းနင်း ၀င်ရောက်နေပြီ၊ ကံကိုသာ ယိုးမယ်ဖွဲ့ရမည် ထင်သည်၊ သစ္စာကို သူကြည်ကြည့်ချင် သည် ဒါပေမယ့် သူ့ဘက်က သစ္စာသည် ရွဲ့စောင်းနေလေပြီ၊

(၄)

ဟေး-------------အောင်တယ်ကွ၊ အောင်တယ်၊
ကျောင်းရှေ့ ကြော်ငြာဘုတ်ရှေ့တွင် အောင်စာရင်းကြည့်နေသော အရှင်များထံမှ ပျော်ရွှင်သံတွေကြားနေရသည်။ သူသည်သွားမကြည့်ဖြစ်သေးသော အောင်စာရင်း ကို စိတ်ထဲမှ တိုးတိုးလေး ကြိတ်ဆုတောင်းနေမိသည်၊ အောင်ပါစေ၊ အောင်ပါစေ

၊ ဆုတောင်းပြည့်ရင် ရွာပြန်ရမည်၊ ရွာပြန်ရင်  နွယ်ကို တွေ့မည်၊ နွယ်ကို တွေ့ရင်-----
စိတ်ကူးနဲ့ ကြော်ငြာဘုတ်အရှေ့ အရောက်

သူငယ်ချင်း တစ်ပါးက “ ဟာ ကိုပုညကြီး အောင်တယ် ဗျာ”
အိပ်ငိုက်နေသော စိတ်ကို လှုပ်နိုးခံလိုက်ရသည်၊ သူပျော်ရတော့မှာပါလား၊

အချိန်တွေကို စောင့်ဆိုင်းမနေချင်တော့ သူဆရာသမားထံသွားပြီး စာမေးပွဲ အောင်မြင်ကြောင်း လျှောက်ထားလိုက်သည်၊ ပြီးလျှင် တစ်ခါတည်း ရွာကို ခဏပြန်ဖို့ ပါ ခွင့်ပန်လိုက်သည်၊
ကျောင်းပေါက်ကနေ ဆိုက္ကားအပြေးငှားကာ ကားဂိတ်ဆီထွက်လာလိုက်သည်၊ ကား တွေတစ်စီးမှ မရှိကြတော့၊ အော် ကံကြမ္မာများ ကောင်းပြီးမှ ဆိုးတော့မှာပါလား၊ အတွေးတွေနဲ့ ခြေလှမ်းတွေ လေးလံနေသည်၊

“ရေဦးကို ရေဦးကို” သူ့မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်ဖို့ နောက်ဆုံး ကားတစ်စီး ကို ကံကောင်းထောက်မစွာ သူတွေ့လိုက်ရသည်၊

ရောက်ချင်တဲ့စိတ်၊ တွေ့ချင်တဲ့ ဆန္ဒတွေက ရင်ထဲမှာ မွန်းကြပ်ဗလောင်ဆူနေလေ သည်။ အမြန်မောင်းနေသော ကားသည် သူ့အတွက် အနှေးဆုံးယာဉ်တစ်ခု ပမာ၊ ည နေခင်းသည် တိမ်တွေ တောက်လာနေသည်၊ မိုးကုတ်စက်ဝိုင်းအနားဘက်မှာ သက် တန့်တွေ လှနေသည်၊ ပင်ပန်းလို့ ထင်သည် ကားပေါ်မှာ မှေးကနဲ့ တစ်အိပ်ပျော်သွား မိသည်၊ လူ သံတွေ ဆူဆူညံညံနဲ့ လန့်အနိုးမှာ သူတို့ ရွာထိပ် ကားဂိတ်ကို ရောက် နေလေပြီ၊

“ဟူး” ခုမှ အလုံးကြီးတစ်လုံး ပြုတ်ကျသွားသလို ပေါ့ပါးသွားသည်၊


(၅)

ရွာထိပ်ရောက်တော့ ရွာဘက်သွားနေသော လမ်းလေးပေါ်တွင် လူတွေ အလျှိုလျှို သွားလာနေကြတာတွေ့ရသည်၊ စေတီဖြူဖြူလေးရှိရာ ရွာဦးကျောင်းဘက်သွားသော လမ်းလေးပေါ်တွင် လူအသွားအလာကြဲလို့ထင်

မျက်ရိုင်းပင်တွေ ထိုးထိုးထောင် ထောင်၊ ရွာဘက်သွားသော လမ်းလေးနဲ့ စေတီဖြူဖြူလေးရှိရာ ရွာဦးကျောင်းသွား သောလမ်းဆုံလေးအရောက်တွင်

“ အင်း နွယ်ကို တွေ့ဖို့ ရွာထဲကို အရင်သွားရမလား၊ ဆရာတော်ဘုရားကို
ဝမ်းသာစကားဆိုဖို့  ကျောင်းကို အရင်ကြွရမလား” အတွေး များနဲ့ ဗျာများနေမိသည်၊

“ အော် ဦးဇင်း ပုညတောင် ပြန်ကြွလာပြီးကိုး ဟန်ကြတာပဲ ၊ မနက်ဖြန် နွယ်နွယ် တို့မင်္ဂလာဆောင် ဆွမ်းကပ် ရှိတယ် ဘုရား”

“ဗျာ”

သတိလက်လွတ်ထွက်သွားသော အာမေဋိတ်ကို အချိန်မှီ၊ မသိဘာသာ တားဆီး လိုက်ကာ “ဘယ်သူ့ မင်္ဂလာဆောင်လဲ ဒကာကြီး”
သံသယကို သေချာသွားအောင် ထပ်မေးမိလိုက်သည်၊

“ဦးဇင်း သူငယ်ချင်း နွယ်နွယ်လေဘုရား မနက်ဖြန်မင်္ဂလာဆောင် လေဘုရား”

“အော် -- ဟုတ် ဒကာကြီး”

မြင်ကွင်းအားလုံးထဲမှာ အရာရာဟာေ၀၀ါးသွားလေပြီး၊ လှပေနေသော ညနေသည် ရှုတ်ချည်း မိုးမှောင်ကျလေပြီ၊ မိုးကုတ်စက်ဝိုင်းတွင် လှပနေသော သက်တန့်တွေ သည် နီထွေးထွေး သွေးရောင်ပြောင်းလျှက်၊
ဖုန်နေ မှုံနေသော ရွာဘက်သွားမည့် လမ်းလေးပေါ် ဦးတည်မိနေသော သူ့ခြေ ထောက်သည် အလိုလို စေတီဖြူဖြူလေးရှိရာဘက် ဆက်သွယ်နေသော မျက်ရိုင်း တွေ အပြိုင်းအရိုင်း ထနေသော လမ်းလေးပေါ် ပြောင်းချမိလေပြီ၊

ရှစ်ခွင်လုံး အမှောင်ဖုံးလျှက်၊ မျက်ရိုင်းတွေကြားသူတိုးဝင်လာပြီး လျှပ်စီးတွေကြားက စေတီဖြူဖြူလေးကို မှန်းကာ သူလျှောက်လှမ်းလာလိုက်သည်၊

ငယ်ငယ်က ရဘူးထား ဆရာမောင်တင်ဝေ(ရေစကြို)ရဲ့

မျက်ရိုင်းတွေပေါက်၊
လမ်းရိုးပျောက်
လျှောက်သူမရှိ
ပကတိ ” ဆိုသော

သစ္စာလမ်း ကဗျာလေးကို ရွတ်ဆိုလျှက်၊ မျက်ရိုင်းတွေ ပေါက်နေသော သစ္စာလမ်းပေါ်တွင် သစ္စာလမ်းချော်သွားသော သူတစ်ယောက် လျှောက်လျှက်၊ အလွမ်းအနေကြာတော့ ပန်းတွေဟာ သစ္စာဖောက်ပြီလို့ သူမှတ်ယူလျှက် ၊ နောင်ဘ၀ဆိုတာ ရှိခဲ့ရင် ------------------။ ။


ရွှေမန်းသား အရှင်အကုင်္ရ

ဒီဇာတ်လမ်းလေး ရေးဖြစ်အောင် ကောက်ကြောင်းပေးသော နောင်တော် မောင်တင်ဝေ( ရေစကြို) အားကျေးဇူးတင်လျှက်။ ။