Sunday 29 September 2013

နွေးထွေးမှု


coffee one kya ya one နှင့် မဇ္ဈိမရောက် ရဟန်းတစ်ပါး၏ နံနက်ဆွမ်း

သူကျောင်းတက်နေသော အနမလိုင်းတက္ကသိုလ်အနီးတွင် မနက်ခင်းအလင်းရောက် တိုင်း သွားနေကျ လ္ဘက်ရည်ဆိုင်လေးတစ်ဆိုင်ရှိ၏၊ လ္ဘက်ရည်ဆိုင်ဆိုပေမယ့် ရွှေပြည်ကြီးက လ္ဘက်ရည်ဆိုင်ကြီးများလိုလို ခမ်းခမ်းနားနား မဟုတ်လှ၊ ကွမ်းယာ ဆိုင်လေးပမာ တိုက်တန်းလေးတစ်ခု ဘေးတွင် အဖီလေးချလျှက် ရောင်းချနေသော မုန့်ဆိုင်လေး သေးသေးသာဖြစ်၏၊

သူရောက်နေသော မဇ္ဈိမဒေသတွင် ဂတ်(စ်)ကို ပေါပေါလောလော သုံးခွင့်ရကြလေတော့ ရွှေပြည်ကြီးက လ္ဘက်ရည်ဆိုင်များလို ထင်း မီးမလို ဂတ်(စ်)အိုးကို လိုသလိုဖွင့်လျှက် အမြဲတမ်း အပူပေးထားသော ရေနွေးအိုးရှိ ၏။ ရေနွေးအိုးထဲတွင် တဆင့်ထည့်ထားသော နွားနို့အိုး သေးသေးလေးလဲ ပါဝင်၏၊ အနှီ အိုးကလေးများသည်  ပွက်ပွက်ဆူနေတတ်၏၊
သောက်သူ customer လာသောခါ တစ်ခါသောက် ဖန်ခွက်ကလေးများအား ရေနွေး နှင့် လှုပ်လှက်ကာဆေးလိုက်၏၊ ဆေးပြီးသား ဖန်ခွက်လေးထဲသို့ သကြား သုံးလေးဇွန်း ထည့်လိုက်၏၊ ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲမှ ရေနွေးကိုတစ်ဝက် ထည့်လိုက်၏၊

အနှီရေနွေးထဲသို့ နွားနို့ကို ဇွန်းခွက်ကလေးနှင့် ခပ်ကာထည့်လိုက်၏၊ အပေါ်ယံက နှပ်သားကျထားသော ကျရည်အနည်းငယ်ကို လောင်းလိုက်၏၊ ပြီးလျှင် အထက်မှအောက် အောက်မှအထက် ခပ်သွက်သွက်ကလေး ချဉ့်ခွက်ကြီးတစ်ခုထဲ တွင် လှန်လိုက်မှောက်လိုက်လုပ်ကာ သမအောင်မွှေလေ၏၊ သုံးလေးခါမျှ မွှေပြီး သောအခါ သောက်ရန်အသင့် ကျရည်တစ်ခွက်ရလေ၏၊

ကော်ဖီကြိုက်သူအတွက် ကော်ဖီမှုန့်ထုတ်ထဲက ကော်ဖီမှုန့်ကလေး နဲနဲထည့်ပေး လိုက်လျှင် ကော်ဖီတစ်ခွက်ရ၏၊ ဤကားနေ့စဉ် ထိုဆိုင်လေးသို့ သွားရောက် သောက်လေတိုင်း မြင်ရသော မရိုးနိုင်သော အခင်းအကျင်းဖြစ်၏၊ ဆိုင်ရှင် တမီးလ် အဖိုးအိုကြီးက သူတို့ရောက်သွားတိုင်း တမီးလ်လို “ဘမနကမ်= မင်္ဂလာပါ”လို့ နှုတ်ပြီးသကာလ coffee one gya ya one လားဆိုပြီး တမီးလ်အသံထွက် လေး လေးကြီးဖြင့်လဲ မေးလေ့ရှိ၏။

ကော်ဖီတစ်ခွက်လျှင် မဇ္ဈိမငွေရူပီး ခုနှစ်ကျပ်မျှပေးရ၏၊ ကျရည်ခေါ် လ္ဘက်ရည်က ခြောက်ကျပ်ပေးရ၏၊ အနှီဆိုင်လေး နံဘေးတွင် ရပ်လျှက် သောက်သူလဲရှိ၏၊ ခုံလေး တွေပေါ် ခဏခေတ္တထိုင်ကာ သောက်သွားသူလဲရှိ၏၊ ရွှေပြည်ကြီးသား လ္ဘက်ရည် ချစ်သူများလို မည်သူမျှ ဆိုင်မှာချစ်ခင်စွာ ကျောက်ချမနေကြ၊ သောက်ပြီးပြန်၊ စားပြီးသွား ခဏခေတ္တသာ အချိန်ပေးထားကြ၏၊ အဟောဝတ ရွှေပြည်ကြီးသားများ နှင့် ကွာခြားပေစွ၊

ထိုဆိုင်လေးနည်းတူ အနာမလိုင်းတက္ကသိုလ်၏ မိန်းလမ်းမကြီးဘေးတွင် လ္ဘက်ရည် နှင့် မုန့်တွဲလျှက်ရောင်းချပေးသော ဆိုင်လေးများလဲရှိသေး၏၊ မုန့်ဆိုင်ဆို၍ ရွှေပြည် ကြီးမှာကဲ့သို့မဟုတ် ပလာတာလဲမရ၊ အီကြာကွေးလဲမရှိ၊ ရွှေမြန်မာစစ်စစ် လျှာနှင့် ဂျက်ပင်မိသည့် အစာကား နတ္ထိ၊ အနှီဆိုင်လေးများတွင် ရှိသည်ကား ရိုဆာ ဘရာကြော်၊ ပူရီ၊ အီတလီစသော ရွှေမြန်မာပါးစပ်နှင့် ခံတွင်းမတွေ့လှသော မဆလာ ထူကဲစွာပါသော အစားအစာများသာဖြစ်၏၊

ပူရီသည် ရွှေပြည်ကြီးက ပလာတာအခြောက်ကြော်နှင့် ခပ်ဆင်ဆင် တူရကား မကြာ ခဏစားဖြစ်၏၊ အာလူဟင်းရေနှင့် ဆမ်းပြီး လက်ဖြင့်စားရ၏၊ ဇွန်းမပါ ခပ်ရင်းမရှိ၊ မွေးရာပါကိုယ်ပိုင်လက်သာ အသုံးပြုရ၏၊ စားပြီးလျှင် လက်သုတ်ဖို့၊ နှုတ်ခမ်းသုတ်ဖို့ သုတ်လက်သုတ်ပုဝါလဲ နတ္ထိ၊ ဒေသိယ သားတမီးလ်လူမျိုးများကား ဘောင်းဘီအိပ် ထဲ အသင့်ယူလာသော လက်ကိုင်ပုဝါလေးများနှင့် သုတ်လေ့ရှိကြ၏၊

သူနှင့်သူ့သူငယ်ချင်း နှစ်ဦးသားကတော့ ထိုဆိုင်လေးသို့ ပူရီသွားစားတိုင်း ပါဆယ် ထုတ်ဖို့ ဖြတ်ပိုင်းထားသော သတင်းစာစက္ကူပိုင်းလေးများကို ဆွဲယူကာ လက်သုတ် ကြ၏၊ ဒေသိယလူမျိုး တမီးလ်သားများက မျက်လုံးပြူးကာ ထူးဆန်းစွာ ကြည့်ကြ၏၊ သူတို့ကား ခပ်တည်တည်ပင်ပင် ဆိုင်ရှင်ကလဲ အမြဲတမ်းလာစားနေကြ ဖောက်သည် customer များ ဖြစ်နေသည်မို့ မျက်နှာချင်းလဲတန်းမိ လူချင်းလဲသိနေရကား မထူးမဆန်း ခွင့်ပြုထား၏၊

ဆိုင်ထဲတွင် စားဖို့ပြင်ထားသော ခုံလေးများက မလောက်မငှ ပေပွထလျှက်ရှိ၏၊ ယဉ်ကောင်းများလဲ တဖွားဖွား၊ တစ်ခါတရံ ကျောင်းသားများ စုံကျလာလျှင် မိုးတိုးမတ်တပ်ရပ်လျှက် ခေတ္တခဏစောင့်ကြရ၏၊ စားသူကလဲသုတ်သုတ် ရောင်းသူ ကလဲသွက်သွက် မြန်ချက်လန်ထွက်နေ၏၊ အချိန်ကို မဖြုန်းကျ ဂေါက်ကနဲ့ချ ဂွပ်ကနဲ့ ထကြရသော system ပင်၊

ထိုစားပွဲများပေါ်တွင် စားပြီးလျှင် သောက်ဖို့ မဇ္ဈိမထုံးစံအရ သောက်ရေဘူးများလဲ ရှိကြ၏၊ ရေသောက်သောအခါ ရွှေပြည်ကြီးက လူများလိုမဟုတ် ခွက်နှင့်နှုတ်ခမ်း မထိမိအောင် တစ်လက်မခန့်ခွါကာ သောက်ကြရှာ၏၊ အသန့်ကြိုက်တာလား ဇာတ် စနစ်ကလာတဲ့ ခွဲခြားမှုတစ်ခုလား မပြောတတ် မကြံတတ်၊ ရေသောက်ရင်သာ အသန့်ကြိုက်ကြရှာသော မဇ္ဈိမသားများသည် ဘယ်အရာစားစား ပုဂံပြားထဲက ပလပ်စတစ် အကြည်လွှာလေးပေါ်တွင် အားလူးရေရွှမ်းရွှမ်း၊ ကုလားပဲရေ ဖွေးဖွေး အုန်းသီးဟင်း ရေနွေးနွေးတွင် တဗျိဗျိနယ်လျှက် စားသောက်လေ့ရှိကြ၏၊

တစ်ချို့ ဆိုင်များတွင်ပုဂံပြားအစား ရိုးရာယဉ်ကျေးမှုအစဉ်အလာအရ ငှက်ပျောဖက် များပေါ် တွင် ထမင်းလဲပုံလျှက် ဟင်စုံလဲပုံလျှက် လွေးကျရလေ၏၊ စားပြီးလျှင် လက် တစ်ခု လုံးလဲပေပွ အခြေနေမလှဖြစ်တော့၏၊ အနှီလက်များကိုဆေးရန် ဆိုင်တိုင်းဆိုင် တိုင်း တွင် လက်ဆေးရေဇလား ပြင်ပေးထားကြ၏။

မဇ္ဈိမတောင်ပိုင်းသား တမီးလ်လူမျိုးများကား ကျရည်ခေါ် လ္ဘက်ရည်ကို မနက်ခင်း ရှစ်နာရီလောက် တစ်ခါသောက်ကြ၏၊ ညနေပိုင်းခါ သုံးနာရီလောက်မှာ တစ်ခါ သောက်ကြသေး၏၊ ဤကား သူတို့၏နေ့စဉ်ဘ၀ တစိတ်တစ်ဒေသပင်၊
အနမလိုင်းတက္ကသိုလ်ကြီးအနီးတွင် ကျရည်ဆိုင်လေးများ မှိုလိုပေါက်ကာ တက္က သိုလ်ဝန်းတစ်လျှောက် စီနေအောင်ပေါများသော်လည်း အစပ်အဟပ်တည့်ပြီး သောက်ကောင်းသောဆိုင်မှာ နှစ်ဆိုင်မျှသာရှိ၏၊

ကျရည်ခေါ် ကျရသည် အချိုခြောက်ကို ဦးစွာနှပ်ထားရ၏၊ နှပ်ထားသော အချိုခြောက်ကျမှ သောက်ကောင်းလှ၏၊ နွားနို့ကလဲ ခပ်ပြစ် ပြစ်လေးပါဝင်မှ အရသာမှာ စိမ့်ပြီးအီဝေ စည်းစိမ်ရှိလှပေ၏၊

လူဘ၀သည်လဲ ထိုနည်းနည်းနှင်နှင် အစပ်အဟပ်တည့်မှ နေရထိုင်ရတာ အဆင်ပြေ လှသည်ထင်မိ၏၊ တစ်ခါတရံ ဘ၀သည် ချိုတာချို ခါးတာခါး လိုတာလို များတာများ ဖြစ်တတ်၏၊ ထိုအခါ ပတ်ဝန်ကျင်နှင့်လဲ အဆင်မပြေ၊ တစ်ယောက်တည်းလဲ အဆင် မလှ၊ ဂွကျကျ ဖြစ်တတ်၏၊

ထို့ကြောင့် လူဘ၀တွင် အဆင်ပြေပြေနေနိုင်ဖို့ အစပ်အဟပ်တည့်ဖို့လို၏၊ အချိုးအ စားလဲကျဖို့လို၏၊ အစပ်အဟပ်တည့်မှ အချိုးအစားကျ ဘ၀သည် ကျရည်တစ်ခွက် လို ချိုမြိန်မည်သာဖြစ်၏၊ ဘ၀ချိုမြိန်ဖို့ အစပ်အဟပ်တည့်ဖို့ဆိုလျှင် ကိုယ့်ပတ်ဝန်း ကျင် ကိုယ်နဲ့ ပတ်သက်ရာသူငယ်ချင်းမိတ်ဆွေများကို

(၁) ကိုယ်တတ်နိုင်သလောက် နှုတ်၏ဆောင်မခြင်း လက်၏ဆောင်မခြင်းနဲ့  ပေး ကမ်းရမည်ဖြစ်၏၊

(၂) ကိုယ့်နဲ့ ပတ်သက်သူတိုင်းကို နှိမ့်ချမဆက်ဆံပဲ တန်းတူထားဆက်ဆံရမည် ဖြစ်၏၊

(၃) သူရောကိုယ်ပါ ကြီးပွားဖို့ရာ စီးပွားရေးလုပ်ငန်းများကို တိုင်တိုင်ပင်ပင်လုပ် ဆောင်ရမည်ဖြစ်၏၊

(၄) စကားပြောသောအခါ တစ်ယောက်စကား တစ်ယောက်နားမှာ မခါးရအောင် ချိုချိုသာသာပြောဆိုဆက်ဆံရမည်၏၊

(၅) တစ်ယောက်အပေါ် တစ်ယောက် သစ္စာရှိရမည်ဖြစ်၏၊ သစ္စာမဖောက်ရ။

ဤအချက်ငါးချက်နဲ့သာ လုပ်ဆောင်သွားမည်ဆိုလျှင် ဘ၀မှာချိုတာချို ခါးတာခါး လိုတာလိုများတာများ မဖြစ်တော့ပဲ အမြဲတမ်းချိုဆိမ့်သာယာပြီး အချိုးကျတဲ့ ကျရည် တစ်ခွက်ပမာ ဖြစ်လာမည်ဆိုတာ ဒီနေ့မနက် ကျရည်ဆိုင်ကအပြန် သူစဉ်းစားမိ လိုက်သည်၊ စာဖတ်သူများလဲ ချိုမြိန်သာယာတဲ့ ဘ၀တစ်ခုကို တည်ဆောက်နိုင်ကြ ပါစေလို့ ဆန္ဒပြု၍ဆုတောင်းနေမိသည် ။ ။

ရွှေမန်းသား အရှင်အကုင်္ရ

http://mingalargarden.blogspot.in/

ကျမ်းကိုး
သိင်္ဂါလောဝါဒသုတ်၊

Saturday 28 September 2013

အောင်မြင်မှု စစ်စစ်


ကောင်းတဲ့ ဘက်မှာ


တွေ့ရကြုံရ အနမလိုင်း ကျောင်းသားဘဝ




 
 
အိန္ဒိယတောင်ပိုင်း တမီးလ်နာဒူးပြည်နယ်၊ ချီရန်ဘရန်မြို့လေးက အနမလိုင်း တက္ကသီလာဝယ်၊ ကျွန်ုပ်တို့ မြန်မာရဟန်းတော်ကျောင်းသား (၁၃) ပါးခန့်မျှ နေထိုင် သီတင်း သုံးကြ၏၊ ကျောင်းတော်ကြီးမှ ကျွန်ုပ်တို့အား research scholar များဟု ကင်းပွန်းတပ် နာမည်ပေးထားလေ၏၊ ကျွန်ုပ်တို့ research scholar ကြီးများသည်၊

တစ်ခါတရံ ကျောင်းပိတ်ရက်များတွင်လဲ ယခုလို အချိန်ပို meeting များ တက်ရောက်ပေးကြရသေး၏၊ ကျွန်ုပ်တို့ မြန်မာကျောင်းသား ရဟန်းတော်များ တက်ရောက်နေသော philosophy ဌာနက ဦးစီးကမကထ ပြုလုပ်သော အနှီ meeting ၀ယ်၊ မနက်စာ အဖြစ် ကျရည်ခေါ် တစ်ခါသုံး ခွက်ကလေးဖြင့် တိုက်သော လ္ဘက်ရည်တစ်ခွက် နှင့် ဘီစကွတ်မုန့် သုံးချပ်ကို ၀မ်းနူးရုံ အာစွတ်ရုံ သုံးဆောင်ရ လေ၏။

မဇ္ဈိမသား လူမျိုးခြားတို့၏ အထာကို မသိရှာသော ရောက်ခါစ ပရက်ရှာ အရှင်မြတ် လေးတစ်ပါးမှာ အတင်းကော အဓမ္မပပါ လိုက်ချင်ရှာသဖြင့် meeting သို့ ပင်ဆောင်လာခဲ့ရ၏၊ ခန်းမအတွင်း အစီအစဉ်များ ခင်းကျင်းသောအခါ အနှီပရက်ရှာ အရှင်မြတ်လေးခမျာ ခါးတလိမ်လိမ်၊ ခေါင်းတကုတ်ကုတ်ဖြင့် ဒေသိယစကားများကို နားငြီးစွာ သောတ ပန်ဆင်ပင်နေရလေ၏၊ တစ်ခါတစ်ခါရံ ရ် ရ် သံတွေများသော အနှီ မဇ္ဈိမသားတို့၏ အင်္ဂလိပ်စကားကို ကြိုးစားကာ နည်လည်ပေးရ သေး၏၊

အခန်းအနားမှုးက အင်္ဂလိပ်လိုကြော်ငြာသော်လည်း တစ်ချို့ဆရာများက အလိုက် မသိစွာ အမျိုးသားရေး အလေးပေးပြောသည်လား မပြောတတ် သူတို့၏ဒေသိယ တမီးလ် စကားများကိုသာ ရွှန်းရွှန်းဝေအောင် အာဖောင်လေတော့၏၊

အလိုက်သိသော ဆရာများကတော့ ဒေသိယလိုတစ်ဖုံ အင်္ဂလိပ်လို တစ်မျိုး မရိုးရ အောင် ပြောဆိုဆွေးနွေးပေးသဖြင့် နေသာထိုင်သာ ရှိသေး၏၊

ဘာပဲဖြစ်ဖြစ် အတွေ့အကြုံသည် အကောင်းဆုံးဆရာ၏ ဆိုသည်နှင့် လျှော်စွာ ကျွုန်ုပ်တို့ Research scholar ကြီးများခမျာ ယနေ့တွင် အတွေ့အကြုံများစွာ ရရှိပါကြောင်း ကြော်ငြာမောင်း ခတ်လိုက်ရပါသတည်း။ ။
 

Friday 27 September 2013

အောင်မြင်ရေး လမ်းကြောင်း


ကျွန်ုပ်သိသော ကြီးလေးကြီး

အနုပညာလောကတွင် သီးလေးသီး နာမည်ကြီးသလို ကျွန်ုတို့ မန်းလေး န.ပ.သ တွင်လည်း ကြီးလေးကြီးသည် နာမည်ကြီးလှ၏၊ ၂၀၁၄/ ၂၀၁၅ ပညာသင်နှစ်တွင် ထင်ပေါ်လာသော ကြီးလေးကြီးမှာ အတူနေ တစ်တန်းတည်းသမားများ ဖြစ်ကြ၏၊ အသက်အရွယ် ၀ါတော်အားဖြင့်လဲ သူမသာကိုယ်မသာ ပညာအားဖြင့်လဲ အားလုံး အတူတူ တစ်မူထူးခြားတာက ပင်ကိုစရိုက်လေးများကွာ ခြားချက်ပင်ဖြစ်၏၊

ကြီးလေးကြီးတွင် တစ်ပါး အပါးအ၀င် နတ်ကြီးက ခပ်သွက်သွက်၊ ခပ်ထက်ထက် မထင်ရင် မထင်သလိုပြောတတ်ဆိုတတ်၊ သွားတတ် လာတတ်၏၊
နောက်တစ်ပါး ချက်ကြီး ဖွာလန်လန်၊ မပါမပြီး မတီးမမည်ဟု ဆို၍ရသော သူဖြစ်၏၊

အေကြီးက ခပ်အေးအေး၊ ခပ်လေးလေး အမြဲတမ်း တရားအမှတ်ဖြင့် ဆွမ်းစား ကျောင်းတက်လာသူဖြစ်၏၊ သူနေသော အဆောင်(၄) နဲ့ ဆွမ်းစားကျောင်းသည် အဆောင်အားလုံးထက် အနီးဆုံးတွင်ရှိ၏၊ ဒါပေမယ့် အေကြီးသည် ဘယ်တော့မှ ဆွမ်းကျောင်းပေါ် စောမရောက်၊ နောက်ကျမြဲကျ၏၊ ခပ်အေးအေး ခပ်လေးလေးပင်
သူကို အေကြီဟု ခေါ်ဖို့မကောင်း အေးကြီးဟု ခေါ်ဆိုက ပိုမှန်မည်ထင်၏၊

နောက်ဆုံးတစ်ယောက် ဘောကြီးကတော့ တရားဟောလဲ ကောင်းမှကောင်း၊ လက်ရေးလဲ ကောင်းမှကောင်း၊ တွေ့ဘူးသမျှ သူငယ်ချင်းတွေထဲတွင် ဘောကြီး သည် မြန်မြန်ရေးလေ လက်ရေးလှလေဖြစ်၏၊ သူ့အသံသည် လူမမြင်ပဲ တရားဟဲနေ လျှင် သီတဂူဆရာတော်အသံလိုလို၊ မြစကြာဆရာတော် အသံသံလို ထင်ရ၏၊ သူတို့ကို ဘဇာကြောင့်

ကြီးလေးကြီး အမည်ရမှန်း ကောင်းကောင်း မသိ၊ နတ်ကြီးက နတ်မောက်သားမို့ နတ်ကြီးနာမည်ရတာ မဆန်းလှ၊ အေကြီးကလဲ အေလာကမို့ အေကြီးအမည်နာမနဲ့ ကွက်တိဖြစ်၏၊ ချက်ကြီးနှင့် ဘောကြီးတို့ကား စဉ်းစားမရ အ ဖြေမပေါ် တော်တော် ဦးနှောက်ခြောက်စရာဖြစ်၏။

အနှီကြီးလေးကြီးတို့သည် နတ်ကြီးက အဆောင်(၃) တွင်အခြေစိုက်ပြီး ကျန်သုံးကြီး ဖြစ်သော အေကြီး၊ ဘောကြီး၊ ချက်ကြီးတို့ကာ အဆောင် (၃) နှင့်ကပ်လျှက် အဆောင် (၄) အခြေချကြ၏၊

တစ်ခါတရံ အဆောင် (၃) တွင် အခြေချသော နတ်ကြီးသည် ချက်ကြီးရှိရာ အဆောင် (၄) ဘက်သို့ ကူးကူးလာတတ်၏၊ တစ်ခါတစ်ခါ ရီရီမောမောပြန်သွားတတ် ၏၊ တစ်ခါတစ်ခါ ရန်ဖြစ်ကြ၏၊ တစ်ခါတစ်ခါ ပြန်ချစ်ကြ၏၊ ဤကား မတည့် အတူတူ နေ မမြင်ချောင်းကြည့်ကြသော နတ်ကြီး ချက်ကြီး အချစ်ဇာတ်လမ်းဖြစ်၏၊

ချက်ကြီး အခန်းသည် စိတ္တဇဆန်၏၊ အနုပညာဖြင့် ဖန်တီးထား၏၊ တစ်ခန်းလုံးတွင်
ဂမုန်းပင်ပေါက်ကလေးများအား ရေသန့်ပုလင်း အခွန်ဟောင်းတွင် ထည့်လျှက် တွဲလဲ တစ်မျိုး၊ တူလင် တစ်ဖုံ စုံနေအောင် ဒေါင့်စိ ချိတ်ထား၏၊ သူစက်တော်မူသော ကုဋင်သည်ပင် အုတ်နီခဲ နှစ်ခဲမျှ ထပ်ဆင့်လျှက် ခြေဖျားထောက်တက်ရ၏၊ အခန်း အလည်တွင် လာလာသမျှ ဝေနေယျ သူငယ်ချင်းတို့အား အပျင်းပြေ၀ါးစားစေရန် ကွမ်းအစ်ကြီးရှိ၏၊

လေးဆယ်ငါးမိနစ်တစ်ခါ အနားပေးသော စာသင်ခန်းက သင်တန်းများ ပြီးလျှင် သူ့အခန်းတွင် အေကြီး၊ ချက်ကြီး၊ နတ်ကြီး ဘောကြီး နှင့် အသီးသီးသော သူငယ် ချင်းတစ်စု ကွမ်းလုကာ စားကြ၏၊ “တောင် တောင်” ဟု အတန်းတက် ထိုးမောင်တီး လျှင် တစ်ဖန် စာသင်ခန်းကို ပြန်ကြ၏၊ ဤကား သူတို့၏ နေ့စဉ် လည်ပတ်မှုဇယား တစ်ခုဖြစ်၏၊

နှစ်တွေညောင်း အဟောင်းတွေ အသစ်ဖြစ် အတန်းတွေလဲအသစ်သစ် ပြောင်းလာ သောအခါ အေကြီးက ပညာကံဇာတာမကောင်းရှာပဲ ကျောင်းတော်ကြီးမှာ စောစီး စွာညောင်းရှာ၏၊ ဘောကြီးက သာသနာပြုတာဝန်ကျရာ တနိုင်းတွင် လူပျံတော်ဖြစ် သွားရှာ၏၊ ကြီးလေးကြီးတွင် နတ်ကြီးနှင့် ချက်ကြီး နှစ်ဦးသာ ကျောင်းတော်ကြီးမှ ဘွဲ့ အသီးသီးရကြ၏၊

ယခုသော်ကား ကြီးလေးကြီးတို့ ဘာများလုပ်ပြီး ဘယ်မှာများ ကြီးပွားနေကြပါလိမ့် ။ ။
ကြီးလေးကြီး သို့ သတိတရ ချစ်ခင်စွာဖြင့်

ရွှေမန်းသား အရှင်အကုင်္ရ

http://mingalargarden.blogspot.in/

Saturday 21 September 2013

လိုအပ်ချက် စစ်စစ်


တနင်္ဂနွေ စကားလက်ဆောင် ( ၁၁ ) လှုပ်လို့ ရပြီ လှုပ်လို့ ရပြီ

စာရေးသူ ငယ်ငယ်က မျက်နှာမှာ အပြစ်ကင်းပြီး ကြည်လင်ဝင်းပနေတဲ့ အဖိုးအဖွား တွေကို တွေ့ရရင် သိပ်အားကျမိပါတယ်၊ အေးအေး ဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လှမ်းလျှောက်နေတာ တွေ့ရင် အဝေးက ငေးကြည့်မိပါတယ်
“အော် သူတို့မျက်နှာ တွေ ၀င်းပနေတာပဲ အကုသိုလ်နည်းလို့နေမှာပဲ၊ မေတ္တာတရားကြီးမားလို့နေမှာပဲလို့” လဲ တဆက်တည်း အတွေးပွားမိပါတယ်၊

ဒီလိုနဲ့ စာမေးပွဲတွေအောင် အတန်းတွေတက်ရပြီး စာလေးပေလေး ဖတ်ဖြစ်တော့ မေတ္တာတရား အမြဲပွားများတဲ့သူဟာ မျက်နှာကြည်ပါလားဆိုတာ သိလာရပါတယ်၊ အကုသိုလ်ဆိုတာလဲ ရင်ထဲမှာ အစဉ်ကိန်းနေတဲ့ အနုသယအကုသိုလ်၊ အကြောင်း

တစ်ခုခုနဲ့ တိုက်ဆိုင်တဲ့အခါ ထကြွသောင်းကြမ်းတတ်တဲ့  ပရိယုဋ္ဌါန အကုသိုလ်၊ ထကြွသောင်းကြမ်းတဲ့ အဆင့်မှာတင် ရပ်မနေပဲ ကိုယ်ထိလက်ရောက် လွန်ကြူး တတ်တဲ့ ၀ီတိက္ကမ အကုသိုလ်ဆိုပြီး သုံးမျိုးသုံးစားရှိတာတွေလဲ ထပ်ဆင့်သိရ ပြန်ပါတယ်၊

အဲဒီလို အနုသယအကုသိုလ်တွေ ကိန်းအောင်းနေကြတဲ့ လူတွေရဲ့စိတ်ဟာ မပြည့် တပြည့် ရေတွေထည့်ထားတဲ့  ရေအိုးကြီး တစ်အိုးနဲ့ တူတယ်လို့ ဒီနေရာမှာ တင်စား ချင်ပါတယ်၊

ဘာကြောင့်လဲဆိုရင် မပြည့်တဲ့ရေအိုးကြီးဟာ အလှုပ်မခံပါဘူး၊ အထိမခံပါဘူး၊ လှုပ်တာနဲ့ ဘောင်ဘင်တွေခတ်တော့တာပါ၊ ထိတာနဲ့ လှုပ်ချင်တော့တာပါ၊ စာရေးသူကော စာဖတ်သူပါ တရားအသိက သိပ်အရမ်းကြီး အားမရှိသေးတော့ တကယ်တွေးကြည့်ကြမယ်ဆိုရင် မပြည့်သေးတဲ့ ရေအိုးကြီးတွေပါပဲ၊

မပြည့်တဲ့ ရေအိုးကြီးတွေဟာ လောကဓံ (၈) ပါးရဲ့ ရိုက်ခတ် လှုပ်ရမ်းခြင်းဒဏ် ကို ခံရရင် တဗွမ်းဗွမ်းနေအောင် ဘောင်ဘင်ရိုက်ပြီး ကွဲသွားချင်လဲ ကွဲသွားတတ် ပါတယ် အက်ကြောင်းထချင်လဲ ထသွားတတ်ပါတယ်၊ နာကျင်ချင်လဲ နာကျင်သွား တတ်ပါတယ်၊

ဒီနေရာမှာ ထပ်ဆင့်ပြီး ထင်သာမြင်သာ ဖြစ်လာအောင် ဥပမာလေး ပေးပြောကြည့်ချင် ပါသေးတယ်၊
ဥပမာ

( ၁) လာဘ= လိုချင်တာတွေရမယ်၊ အဆင်ပြေမယ်၊ အခြေနေကောင်းမယ်၊ ရာထူးတိုးမယ်၊ လစာဝင်ငွေကောင်းလာမယ်ဆို မပြည့်တဲ့ အိုးကြီးက လှုပ်လာတာပါ ပဲ၊

(၂) ယသ= အပေါင်းအသင်းတွေများမယ်၊ တပည့်တပန်း လက်အောက်ငယ်သား တွေဝိုင်းဝိုင်းလည်နေမယ်၊ မိသားစုတွေ စုံစုံလင်လင်ဖြစ်နေမယ်ဆိုရင်လဲ မပြည့်တဲ့ အိုးကြီးက လှုပ်နေတာပါပဲ၊

(၃) ပသံသ= လက်ခုပ်သံတွေနဲ့ ညံနေအောင် အားပေးခံရမယ်၊ ချီးမွမ်းစကားတွေ ခဏခဏ အပြောခံရမယ်၊ အမြဲတမ်း လူကြားသူကြားမှာ congratulation အလုပ်ခံရ မယ်ဆိုရင်လဲ မပြည့်တဲ့ အိုးကြီး လှုပ်ခါနေတာပါပဲ၊

(၄) သုခ = စည်းစိမ်တွေနဲ့ လိုတိုင်းရ၊ တတိုင်းပြည့်နေမယ်၊ စိတ်သွားတိုင်း ကိုယ်ပါ၊ လိုရာဆန္ဒတွေပြည့်စုံလို့ စိတ်လဲချမ်းသာ ကိုယ်လဲကျန်းမာနေမယ် ဆိုရင်လဲ မပြည့်တဲ့ အိုးကြီးက လှုပ်နေတာပါပဲ၊

ဒါပေမယ့် ဒီအချိန်တွေမှာ လှုပ်ခါတာဟာ အဆင်ပြေပြေ နေရ၊ ထိုင်ရ သွားရလာရလို့ လှုပ်ခါလို့ လှုပ်ခါမှန်းမသိပါဘူး၊ ဘောင် ဘင်ထလို့ ထနေမှန်းမသိပါဘူး၊ ရေဆန်လေဆန်သွားရတာ မဟုတ်တော့ ဒုက္ခတွေ ဟာ ပျားရည်လိုချိုမြိန်နေတတ်ပါတယ်၊

တကယ်တော့ အဲဒိပျားရည်တွေဟာ အရိယာ သူတော်ကောင်းကြီးတွေ မျက်စိနဲ့ ရှုကြည့်မယ်ဆိုရင် ဓားသွားထက်က ပျား ရည်တွေပါ၊

 ရေအိုးကြီးတွေ သိသိသာသာ လှုပ်ခတ်တာ ဘယ်အချိန်မှာ သိသာသလဲဆိုရင်

(၅) အလာဘ= လိုချင်တာတွေမရတော့ဘူး၊ အခြေနေမဟန်တော့ဘူး၊ ရာထူးတွေလဲ ကျလာပြီ၊ လစာတွေလဲ အရင်လိုမကောင်းတော့ဘူး ၊ ပုံမှန်ဝင်ငွေတွေလဲ ကြဲသွားပြီ ဆိုရင်

(၆) အယသ= အပေါင်းအသင်းတွေကလဲ အရင်လိုမဟုတ်တော့ဘူး၊ မသုံးနိုင် မဖြုန်းနိုင်တော့ ခွါပြဲကုန်ကြပြီ၊ တပည့်လက်အောက်ငယ်သားတွေကလဲ မလေးစား တော့ဘူး၊ မိသားစုတွေလဲ ဖရိုဖရဲဖြစ်ကုန်ပြီဆိုရင်

(၇) နန္ဒ= ပတ်ဝန်းကျင်မှာလဲ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ အပြစ်တွေပြောလာ ပြီ၊ ဝေဖန်လာပြီဆိုရင်

(၈) ဒုက္ခ= ဆင်းရဲဒုက္ခတွေကလဲ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို ဒုက္ခတွေ တစ်ခုပြီး တစ်ခု၊ တစ်ဆင့်ပြီး တဆင့် ရင့်သထက်ရင့်၊ ဆင့်သထက် ဆင့်လာပြီဆိုရင် ဘာလုပ်လုပ် အဆင်ပြေတော့ဘူး၊ စီးပွားရေးကော ကျန်းမာရေးပါ ချူချာလာ ပြီဆိုရင် မပြည့်တဲ့အိုးကြီးက သိသိသာသာကို လှုပ်ခါလာတော့တာပါ၊

အဲဒိအချိန်မှာ ကိန်းနေတဲ့ အနုယက အကုသိုလ်တွေဟာ အခွင့်အရေးရပြီး မကောင်း တဲ့ အာရုံတစ်ခုခုနဲ့ ရင်ဆိုင်တွေ့မယ်ဆိုရင် ကိန်းနေရာကထ၊ ထရာကထောင်၊ ထောင်ရာက မတ်၊ အဆက်မပြတ် လွန်းကျူးမိဖို့ အဆင်သင့် အနေအထား ဖြစ်လာ မှာပါ၊

လူဆိုတဲ့ သတ္တ၀ါဟာ ချမ်းသာတဲ့ အချိန်သာမဟုတ်ပဲ ဆင်းရဲလာတဲ့ အခါမှာလဲ ပေါက်နေတဲ့ မဖူး မထူးပါဘူးဆိုတဲ့ အတွေးစိတ်ရိုင်းတွေနဲ့ ထင်တိုင်း ကြဲတတ်ကြပါ တယ်၊

အဲဒီလို အခြေနေမှာဒေါသအားများတဲ့သူက ဒေါသထွက်စရာ၊ စိတ်ဆိုးစရာ အကြောင်းတွေနဲ့ တိုက်ဆိုင် လာပြီဆိုရင် ဒေါသတွေထွက်၊ စိတ်တွေဆိုး အမျိုးမျိုးကြမ်းတမ်းပြပြီး ပေါက်ကွဲတော့ မှာပါ၊

ဒါဆိုရင် စောစောက ပြောပြခဲ့တဲ့ ရေအိုးကြီးဟာ သာမန်ရေအိုးကြီး အဖြစ်နိုင်တော့ပါဘူး ဒေါသကြောင့် ပူရလို့ ရေနွေးအိုးကြီး အဖြစ်ပြောင်းလဲသွားမှာပါ၊

အဲဒီရေနွေးအိုးကြီးဟာ ဒေါသတွေထွက်လေ လှုပ်လေ၊ လှုပ်လေ ပူလေ၊ ပူလေ လှုပ်လေဖြစ်ပြီး သံသရာလည်နေတော့မှာပါ၊ ကံမကောင်း အကြောင်းမလှခဲ့ရင် ကိုယ်လဲ ပူလောင်ရမယ်၊ ကိုယ်ပတ်ဝန်းကျင်လဲ ပူလောင်ရမယ်၊ ကိုယ်နဲ့ အဆင်မပြေ သူတွေလဲ ပူလောင်ရတာတွေနဲ့ ကြုံတိုးရမှာပါ၊

လောဘများတဲ့ သူဆိုရင်လဲ ဒီလိုပါပဲ လောဘတွေကြီးလာပြီဆိုရင် ဘယ်အရာဖြစ် ဖြစ် အကောင်းမမြင်တော့ပါဘူး၊ ငို့ဘသမားဖြစ်သွားတတ်ပါတယ်၊ အကြောင်း အကျိုး အကောင်းအဆိုးလဲ မကွဲပြားတော့ပါဘူး၊

အဲဒီလို မကွဲပြားတော့ ၀ိသမလော ဘသမားကြီးဖြစ်ပြီး ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး အစားအသောက် တွေကိုလဲ ဆေးဆိုးချင် ဆိုးရောင်းမယ်၊ ဓာတုပစ္စည်းတွေသုံးချင်သုံးမယ်၊ စားသုံးသူ တွေဘက်မကြည့်ပဲ သူသာအမြတ်ရရေး မျှော်တွေးပြီး ဘာပဲလုပ်လုပ် လောဘဦးစီး ပြီး အမြတ်ကြီးစားဖို့ အကြံအစည်တွေနဲ့ လုပ်နေမယ်ဆိုရင်လဲ စောစောက ပြောခဲ့တဲ့ ရေအိုးကြီးဟာ ရေနွေးအိုးကြီး အသွင်ပြောင်းပြီး ပူလောင်လာမှာပါ၊

လောဘတွေနဲ့ အတူဖြစ်လာရတဲ့ ရေနွေးအိုးကြီးဟာလဲ ပူလေ လှုပ်လေ၊ လှုပ်လေ ပူလေဖြစ်ဦးမှာပါ၊ အပြင်က လောဘမီး အပူရှိန်တွေကြောင့် ပွက်ပွက်ဆူလိုက်၊ အတွင်းက လိုချင်စိတ်တွေကြောင့် တဗွမ်းဗွမ်းဆူလိုက် ပူလိုက်နဲ့ ဘယ်တော့မှ အေးမြတဲ့ အရသာကို ခံစားရမှာမဟုတ်ပါဘူး၊

ဝင်ငွေတွေ ကောင်းချင်ကောင်းနေမယ်၊ အမြတ်တွေ အများကြီးရချင်ရနေမယ်၊ ဒါပေမယ့် အဲဒီငွေတွေဟာ ပူလောင်မှုတွေနဲ့ ရထားတာမို့ သုံးရတာ၊ စွဲရတာ အေးချမ်းမှာ မဟုတ်ပါဘူး၊

မောဟများတဲ့ သူဆိုရင်လဲ ဒီလိုပါပဲ အမြဲတမ်း တွေတွေဝေေ၀ဖြစ်လာမယ်၊ အမှားနဲ့ အမှန်မဆုံးဖြတ်နိုင် ဖြစ်လာမယ်၊ အကောင်းအဆိုး အကြောင်းအကျိုး မခွဲခြားတတ် တော့ဘူး၊ ဒါဆို အဲဒီလူရဲ့ စိတ်ထဲမှာ မောဟမီးတွေ တရှိန်ရှိန် တောက်လောင်လာတော့မယ်၊ အဲဒီမောဟမီးအရှိန်ကြောင့် စောစောကပြောပြခဲ့တဲ့ ရေအိုးကြီးဟာ ရေနွေးအိုးကြီး အသွင်ပြောင်းလာမှာပါပဲ၊

ကောင်းတဲ့ သတိတွေမကပ်နိုင်ပဲ တွေဝေနေမယ်၊ ငိုက်မြည်းနေမယ်၊ တွေးတောငေး မောနေမယ်ဆိုရင် တမြေ့မြေ့နဲ့ တစ်ငွေ့ငွေ့ပူလာအောင် မီးရှို့ပေးနေသလိုပါပဲ၊ တဖြေး ဖြေးနဲ့ တွေဝေမိုက်မဲလေ ပူလာလေလေ၊ ပူလာလေလေ အထဲက ရေတွေက ဆူဝေ လာလေလေဖြစ်ပြီး အပြင်ကလဲပူ အတွင်းကလဲပူ ဆူလောင်ခတ်နေမှာပါ၊

တကယ်တော့ လူတိုင်းလူတိုင်းဟာ အခုပြောပြခဲ့တဲ့ လောဘမီး၊ ဒေါသမီး၊ မောဟမီးတွေနဲ့ တထိန်ထိန် တညီးညီး အပြီးသတ်မငြိမ်းသတ်နိုင်ပဲ နေ့စဉ်လောင်မြိုက်ခံနေ ကြရတာပါ၊

ဒီလိုလောင်မြိုက်နေတာဟာ လူပြည်တစ်ခုတည်း လောင်မြိုက်နေတာလား ဆိုတော့ မဟုတ်ပါဘူး စာဖတ်သူရယ်၊ ကာမဂုဏ်အာရုံတွေနဲ့ ထုံမွှမ်းခံနေရတဲ့ လူဘုံအပါအ၀င် တာဝတိံသာ နတ်ဘုံ၊ ယာမာနတ်ဘုံ၊ တုသိတာနတ်ဘုံ၊ နိမ္မာနရတိ နတ်ဘုံ ၀သ၀တ္တီနတ်ဘုံတွေပါ လောင်မြိုက်ခံနေရတာပါတဲ့၊

ကမ္ဘာကြီးတစ်ခုလုံး ပူလောင်ကာ အလျှံတစ်ပြောင်ပြောင်ထပြီး ဆူလောင်ခတ် နေတာကို ဒီနေ့ခေတ် ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာအလား ဖြစ်လာတော့ ပိုပြီးသိသာ လာပါတယ်၊

မနက်မိုးစင်စင် လင်းတာနဲ့ သတင်းစာတွေ ဖတ်ကြည့်လိုက်မယ်ဆိုရင် ကမ္ဘာ့အနောက်ခြမ်းမှာလဲ ပူလောင်ပြီး လှုပ်ခါနေတာ၊ အလယ်ပိုင်းမှာလဲ ပူလောင်ပြီး လှုပ်ခါနေတာ၊ အရှေ့ခြမ်းမှာလဲ ပူလောင်ပြီး လှုပ်ခါနေတာတွေ မြင်ရ၊ သိရ၊ ကြားမိနေရမှာပါ၊ ကမ္ဘာကြီးဘာကြောင့် ပူသလဲဆိုရင် ကမ္ဘာကြီးမှာနေထိုင်ကြတဲ့ သူတွေရဲ့ ရင်ထဲက လောဘမီး၊ ဒေါသမီး၊ မောဟမီးတွေ ကြောင့် အစဉ်အမြဲပူလောင်ပြီး လှုပ်ခါနေရတာပါတဲ့ ၊

ဒါကြောင့် အရှင်သာရိပုတ္တရာညီမဖြစ်တဲ့ ဥပစာလာထေရီမကြီးက “ဟောဒီလောက ကြီး တစ်ခုလုံးဟာ မီးတွေလိုပဲ တောက်လောင်နေတယ်၊ အခိုးတွေ ထွက်နေတယ်၊ အလျှံတွေ ထနေတယ်၊ လောကကြီးတစ်ခုလုံ တုန်လှုပ်နေတယ်” လို့ ပြောခဲ့တာ ဖြစ် မယ်ထင်ပါတယ်၊

ဒီလို အမြဲတမ်းလောင်မြိုက်နေတဲ့ လူဘုံကြီးထဲမှာ လူတစ်ယောက်ဟာ ဘယ်လိုမှ အဆင်ပြေပြေ အခြေနေကောင်းကောင်း လှုပ်လို့မရပါဘူး၊ ဘာကြောင့်လဲဆိုရင် လောဘမီး၊ ဒေါသမီး၊ မောဟမီးတွေနဲ့ လောင်မြိုက်ခံရပြီး လှုပ်နေရလို့ပါ၊
အခြေအနေမကောင်းပဲ ဒီအခြေနေအတိုင်း ဆက်လှုပ်နေမယ်ဆိုရင်လဲ လှုပ်လေမြုပ်လေ ဖြစ်သွားမှာပါ၊

ဒါကြောင့် လှုပ်တိုင်း မမြုပ်ဖို့ ဘယ်လို အကောင်းလောကဓံနဲ့ ကြုံကြုံ၊ ဘယ်လို အဆိုးလောကဓံနဲ့ တွေ့တွေ့ သည်းခံစိတ်ကို မွေးမြူဖြစ်အောင် မွေးမြူရပါမယ်၊ လောကဓံတွေကို သည်းခံနိုင်တဲ့ သူတစ်ယောက်ဟာ လောဘမီးလဲ တောက်လောင်တာ နည်းလာမှာပါ၊ ဒေါသမီးလဲ တောက်လောင်တာလဲ နည်းလာမှာပါ၊ မောဟမီးတောက် လောင်တာလဲ နည်းလာမှာပါ၊

မီးတွေတောက်လောင်တာ နည်းလာရင် ရေအိုးကြီးဟာ သိပ်ပူတော့မှာ မဟုတ်ပါဘူး၊ သိပ်မပူတော့ရင် တဖြေးဖြေး အအေးဘက်ကို ဦးတည်လာမှာပါ၊ အေးငြိမ်းမှုတွေကို ပိုင်ဆိုင်တဲ့ ရေအိုးကြီးဟာ လှုပ်ချင်တိုင်း လှုပ်လို့ ရပြီပေါ့၊

လောဘနဲမီးနဲ့ မလှုပ်ပဲ အလောဘ= အပေးအယူတည့်တည့်လေးနဲ့ လှုပ်မယ်ဆိုရင် ၀ိသမလောသမားတစ်ယောက်နဲ့ အနေနဲ့ မလှုပ်ပဲ၊ သမလောဘ သူဘက်ကိုယ် ဘက် မျှမျှတတစိတ်နဲ့ လှုပ်မယ်ဆိုရင်၊

ဒေါသမီးနဲ့ မလှုပ်ပဲ အဒေါသ= မေတ္တာစိတ်လေးနဲ့ လှုပ်မယ်ဆိုရင် ၊ အားလုံးအပေါ်မှာ ကိုယ်နဲ့ ထပ်တူထားတဲ့ စိတ်ထားလေးနဲ့ ၊ ကိုယ်ချင်းစာစိတ်လေးနဲ့ လှုပ်မယ်ဆိုရင်၊

မောဟမီးနဲ့ မလှုပ်ပဲ အမောဟ= နှိုင်းနှိုင်းချိန်ချိန်လေးနဲ့ လှုပ်မယ်၊ သင်ကြားတတ် မြောက်ထားတဲ့ အတတ်ပညာပေါ်မှာ အခြေခံပြီး ဓမ္မဓိဋ္ဌာန်ကျကျလေး တွေးမယ်၊ ကြံမယ်၊ ပြောမယ်၊ လုပ်မယ်ဆိုတဲ့ ပညာလေးနဲ့ လှုပ်မယ်ဆိုရင် ဘယ်လောက်လှုပ် လှုပ် အလှုပ်ခံရတဲ့ အိုးကြီးဟာ မပူလောင်တော့ပါဘူး ၊ မပူလောင်တော့ဘူးဆိုရင် လှုပ်ချင်သလောက် လှုပ်လို့ရပါပြီ၊

စာဖတ်သူကော အေးအေးဆေးဆေး သက်တောင့်သက်သာနဲ့ လှုပ်လို့မရချင်ဘူး လား၊ လှုပ်လို့ရချင်တယ်ဆိုရင် ဘယ်လိုလောကဓံမျိုးပဲလာလာ အကောင်းပဲဖြစ်ဖြစ် ဆိုးပဲကြုံကြုံ သည်းခံဖြစ်အောင်သည်းခံပြီး လောဘ၊ ဒေါသ၊ မောဟ မီးတွေကို အပြီး သတ် မဟုတ်တောင်မှ နဲနဲချင်းစီ ငြိမ်းသတ်လိုက်ပါ၊

အဲဒီလို ငြိမ်းသတ်နိုင်မယ်ဆိုရင်   တဖြေးဖြေးချင် လှုပ်လို့ရလာမှာပါ၊လှုပ်လို့ရရုံတင်မကပဲ မြတ်စွာဘုရား ဟောကြားတော်မူထားတဲ့ မင်္ဂလာတရားတော် နဲ့ ကိုက်ညီသွားပြီး မင်္ဂလာရှိတဲ့သူ တစ်ယောက်လဲ ဖြစ်သွားမှာပါ၊

ဒါကြောင့် အောက်မှာရေးပြလိုက်တဲ့ မင်္ဂလာကဗျာလေးကို အသံထွက် ရွတ်ဆိုကြည့် ရင်း လှုပ်ကြည့်လိုက်ရအောင်လား စာဖတ်သူ

 ဆင်းရဲချမ်းသာ သဘာဝ၊

တွေ့ကြုံနေကြ လူတိုင်းပေ၊

ကောင်းဆိုးနှစ်တန် အတူတွဲလို့

တစ်လဲစီလှည့် အမြဲနေ၊

လေလာကဓံကြုံ မဖြုန်တမ်းပေါ့

မတုန်စမ်းနဲ့ စိတ်ခိုင်လေ၊

သောကကိုထိန်း၊ ရမက်သိမ်း

အေးငြိမ်းချမ်းသာနေ၊ အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။ ။


ရွှေမန်းသား အရှင်အကုင်္ရ

http://mingalargarden.blogspot.in/

ကျမ်းကိုး

ဥပစာလာ သံယုတ်၊ ပါဠိတော်၊ အဋ္ဌကထာ၊

မင်္ဂလသုတ်ပါဠိတော်၊ မင်္ဂလာ ကဗျာများ

သုခမှတ်စု၊

မင်္ဂလာ ရှိတဲ့သူ


Saturday 14 September 2013

တနင်္ဂနွေ စကားလက်ဆောင် ( ၁၀ ) အမှားရဲ့ ဆုံး အသုံးမကျတဲ့ နောင်တ

ဒီတစ်ခါ စာဖတ်သူတွေကို နောင်တနဲ့ ပတ်သက်တဲ့ အကြောင်းလေးကို ပြောပြပြီး လက်ဆောင်ပေးချင်ပါတယ်၊ နောင်တဆိုတဲ့ စကားက လူတိုင်းနှုတ်ဖျားမှာ နေ့စဉ် ကြားနေရတဲ့ စကားလုံး တစ်လုံးလဲ ဖြစ်ပါတယ်၊ နောင်တရပြီး ပြင်လိုက်လို့  တစ်ဘ၀ လုံး အဆင်ပြေ ချောမွေ့သွားတဲ့ သူတွေလဲ ရှိကြပါတယ်၊ နောင်တတွေ တသီကြီးနဲ့
ဖြေဆည်ရာမဲ့ပြီး ဘ၀တစ်ခုလုံး ဆုံးရှုံးသွားတဲ့ သူတွေလဲ အများကြီးတွေ့ဖူးကြမယ် ထင်ပါတယ်၊ အကောင်းဆုံးကတော့

အမှားဆိုတာ လူတိုင်းလူတိုင်း မကင်းနိုင်ကြပါ ဘူး၊ အမှားနည်းတဲ့သူနဲ့ အမှားများတဲ့သူဆိုပြီး ဒီလောက်ပဲကွာပါတယ်၊ ပုထုဇဉ်မှန် သမျှဟာ တရားမတွေ့သေးသရွေ့ အမှားတွေ့ အငွေ့သီနေဦးမှာပါ၊ အမှားတွေများ လေလေ နောင်တတွေရ လေလေဖြစ်မှာပါပဲ၊ အမှားနည်းလေလေ နောင်တနည်း နည်းလေပေါ့၊ ဒါဆို အကောင်းဆုံးကတော့ နောင်တကင်းချင်ရင်  အမှားကင်းနိုင်သ မျှကင်းအောင် ကြိုးစားလုပ်ဆောင်ရမှာပါ၊

ဘ၀မှာ တစ်ချို့ အမှားတွေက ပြင်လို့ရပါတယ်၊ တစ်ချို့အမှားတွေကြတော့ ပြင်လို့မရ တော့ပါဘူး၊ ပြင်လို့မရတဲ့ အမှားမျိုးလုပ်မိခဲ့ရင် တစ်ဘ၀လုံး နောင်တတွေနဲ့ ယူကြုံး ရ ဖြစ်ရပါတယ်။ ဒါကြောင့် စာဖတ်သူများကို အကောင်းဆုံးအကြံပေးချင်တာက တော့ ဘယ်အရာပဲဖြစ်ဖြစ် မလုပ်ခင် အရင်စဉ်းစားလိုက်ပါ၊ ဥပမာလေး ပေးရရင် အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် အရင်ဆုံး

“ငါလုပ်နေတဲ့ အလုပ်ဟာ ငါအတွက် အကျိုးရှိရဲ့လား၊ ဒါမှမဟုတ် သူများအတွက် အကျိုးရှိရဲ့လား၊ နောက်တစ်ခါ တဆင့်တက်ပြီး ငါရောသူရော နှစ်ယောက်လုံးအတွက် အကျိုးရှိရဲ့လား”ဆိုပြီး မလုပ်ခင် စဉ်စားခန်း ၀င်လိုက်ပါ၊

အဲဒီလိုလေး စဉ်းစားခန်းဝင်လိုက် တဲ့အခါ ငါအတွက်အကျိုးမရှိဘူး၊ သူများအတွက် လဲအကျိုးမရှိဘူး၊ ငါရောသူများ နှစ်ဦးသားလုံး အတွက်လဲ အကျိုးမရှိဘူး ဆိုရင် ဆက်မလုပ်ပဲ ရပ်တန်းက ရပ်လိုက်ပါ၊ ဆက်လုပ်မယ်ဆိုရင် နောင်တတွေရဖို့ (99% ) အဆင့်လောက်ရှိနေပါပြီ၊ ရပ်တန်းကသာ ရပ်လိုက်ပါ၊

နောက်တစ်ခါ ကိုယ့်အတွက် အကျိုးမရှိပဲ သူများအတွက် အကျိုးရှိတယ်ဆိုရင် ၊ ဒါမှ မဟုတ် သူများအတွက် အကျိုးမရှိပဲ ကိုယ်အတွက် အကျိုးရှိတယ် ဆိုရင်တော့ လုပ်သင့်တယ်လို့ ယူဆနိုင်ပါသေးတယ်၊ အဲဒီလိုမဟုတ်ပဲ သူလဲ အကျိုးမရှိ၊ ကိုယ်လဲ အကျိုးမဖြစ်ဆိုရင် သေချာပါပြီ အဲဒီအလုပ်ဟာ လုပ်ပြီးသွားရင် နောင်တတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ ခါးသီးနေတော့မှာပါ၊

ဒီနေရာမှာ ကြားဖူးတဲ့ အဖြစ်အပျက်ကလေး တစ်ခုကို ပြောပြချင်ပါသေးတယ်၊ တစ်ခါက အရမ်းချော၊ အရမ်းဖြောင့်တဲ့ စစ်ဗိုလ်လေးတစ်ယောက်ရှိပါတယ်၊ အဲဒီ စစ်ဗိုလ်လေးဟာ ရုပ်ချောသလို သဘောလဲအရမ်းကောင်းပါတယ်၊ ပညာကလဲတော် ပါတယ်၊ လူပေါင်းလဲ ဆန့်တယ်၊ လူချစ်လူခင်လဲပေါပါတယ်၊ အသက်ကလေးကလဲ နှစ်ဆယ်ကျော်အရွယ်ဆိုတော့ အတွေ့အကြုံကလဲ နုနယ်ပါသေးတယ်၊

တစ်နေ့တော့ အဲဒီစစ်ဗိုလ်လေးဟာ သူငယ်ချင်းတွေနဲ့အတူ နိုက်ကလပ်သွားပါ တယ်၊ နိုက်ကလပ်မှာ တစ်ညလုံးပျော်ပါးပါတယ်၊ အဲဒီလိုပျော်ပါးရင်းနဲ့ ညဉ့်ငှက်က လေးတစ်ယောက်နဲ့ သံယောဇဉ်ငြိကြပါတယ်၊ ငြိရာကထိ၊ ထိရာကတွယ်၊ တွယ်ရာကနေ ဆင့်တက်ပြီး လူကွယ်ရာတွေမှာ ခဏခဏ တွေ့ဖြစ်ကြပါတယ်၊ တစ် ယောက်နဲ့ တစ်ယောက်မခွဲနိုင်မခွါရက်ဖြစ်ကြပါတယ်၊
သူငယ်ချင်းတွေက အမျိုးမျိုးဖြောင့်ဖျ၊ တားမြစ်ကြပေမယ့် တားမရပါဘူး၊ အချစ်မီး ဟာ အကြီးကြီးတောက်လောင်နေပြီး စစ်ဗိုလ်လေးဟာ ဘာကိုမှ မမြင်တော့ပါဘူး၊

တိုတိုပြောရရင် တစ်နေ့ စစ်ဗိုလ်လေးတို့ အသုတ်က လူတွေကို ရှရှားကို ပညာသင် လွတ်ဖို့ လူရွေးတာ စစ်ဗိုလ်လေးပါပါတယ်၊ ဒါနဲ့ ဆေးစစ်ရပါတယ်၊ ဆေးစစ်တော့ စစ်ဗိုလ်လေး ဆေးကျပါတယ်၊ အဖြေက H.I.V ရှိနေပါပြီ၊ ရုပ်အရမ်းချောတဲ့ စစ်ဗိုလ်လေး ၊ ပညာအရမ်းတော်တဲ့ စစ်ဗိုလ်လေး ပြင်မရတဲ့ အမှားတွေနဲ့ နောင်တတွေ တစ်သီကြီး နဲ့ စိတ်တွေ လေထဲရွက်လွှင့်နေတော့ပါတယ်၊
သိပ်မကြာခင် သတင်းတစ်ပုဒ်မှာ စစ်ဗိုလ်လေး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ် ဆိုတဲ့ သတင်းပါလာပါတယ်။

ဒါဟာ ဘ၀ကို ရေစုန်မျှောမိလို့ ပြင်မရတဲ့ အမှားတွေလုပ်မိပြီး၊ နောင်တတွေ တစ်သီ ကြီးနဲ့ ဘ၀ကို လက်မြှောက်အရှုံးပေးသွားရတဲ့ သာဓက သက်သေလေး တစ်ခုပါ၊

ဒီနေ့ ဒီအချိန် ကိုယ့်ပတ်ဝန်းကျင်မှာ၊ ကိုယ့်နယ်မြေမှာ၊ ကိုယ့်ဒေသမှာလဲ မမြင်လိုက် မကြားလိုက်မိတဲ့ နောင်တတွေနဲ့ ငိုကြွေးနေသူတွေ ဒုနဲ့ဒေးရှိနေမလားပဲ မပြောနိုင်ပါ၊
အမှားနဲ့ ပတ်သက်လို့ စကားပုံလေးတစ်ခုရှိပါတယ်။ ဒီလိုပါ၊
“ပညာရှိတွေက သူတစ်ပါး အမှားကနေ သင်္ခန်းစာယူကြတယ်၊
ပညာနည်းတဲ့ သူတွေကတော့ ကိုယ်တိုင်မှားတာကနေ သင်္ခန်းစာယူကြတယ်၊
လူမိုက်တွေကတော့ သူများအမှားကလဲ သင်္ခန်းစာမယူကြ၊ ကိုယ် ကိုယ်တိုင် မှားနေ တာကလဲ သင်္ခန်းစာမယူကြပဲ ဆက်လက်မှားနေကြသည်”တဲ့ ၊

ဒါကြောင့် စာဖတ်သူများ ဘ၀မှာ မမှားကြစေဖို့၊ နောင်တကင်းဝေးကြစေဖို့ ခုပြောပြခဲ့တဲ့ အပြစ်အပျက်လေးကို သင်္ခန်းစာ ယူစေချင်ပါတယ်၊ မှားတယ်ဆိုတာ ခုခေတ်မှာမှ မှားကြတာ နောင်တတွေရကြတာ မဟုတ်ပါဘူး၊

ဘုရားရှင်လက်ထက်တော် အခါကလဲ မှားကြပါတယ်၊ နောင်တတွေ ရကြပါတယ်၊ နောင်တရပြီး ပြင်ဆင်လိုက်လို့ အချိန်မှီ သောကတွေသက်သာသွားတဲ့ သူလဲရှိခဲ့ဖူး ပါတယ်၊ ပြင်ဆင်ဖို့အချိန်နှောင်းပြီး ယူကြုံးမရနဲ့ အပူလုံးထပြီး မဟာအ၀ီစိငရဲကြီးကို မြေမျိုခံရပြီး ဒါတိုက်ရောက်သွားရတဲ့ သူတွေလဲ ရှိခဲ့ဖူးပါတယ်၊ ဒါကြောင့် အခုတစ်ခါ စာဖတ်သူများကို

ဘုရာင်းရှင်လက်ထက်တော်က ဇာတ်ကြောင်းလေးတစ်ခုကို ပြောပြ ချင်ပါသေးတယ်၊ ဇာတ်လမ်းလေးက ဒီလိုပါ၊
ဘုရားရှင် လက်ထက်တော်က အရှင်ဒေ၀ဒတ်ဆိုတာရှိပါတယ်၊ အရှင်ဒေ၀ဒတ်ဆို တာ သာမာန်လူမဟုတ်ပါဘူး၊

ဘုရားရှင်နဲ့ဆို ယောက်ဖတော်ပါတယ်။ သူက ဘုရား ရှင်ရဲ့ ကြင်ယာတော် ယသောဓရာမင်းသမီးရဲ့ အစ်ကိုပါ၊ အရှင်ဒေ၀ဒတ်ဟာ မျိုးရိုး အနေနဲ့လဲ မင်းမျိုးမင်းနွယ်ပါ၊ သကျမင်းမျိုးပါ၊ သူလဲပဲ မင်းသားတစ်ယောက်ပါ၊ ပညာ သင်ကြားတာလဲ ဘုရားရှင်နဲ့ အတူတူ တစ်ကျောင်းတည်းထွက်ပါပဲ၊ ဆရာလဲ အတူ တူ၊ ကြီးပျင်းတာလဲ အတူတူပါ၊

အဲဒီလို အရာရာမှာ အတူတူကြီးပျင်းလာတဲ့ အရှင်ဒေ၀ဒတ်ဟာ သူသာသနာ့ဘောင် ၀င်ရောက်လာတော့ သူလဲ ဘုရားရှင်နည်းတူ အာဏာရချင်ပါတယ်၊ ပါဝါရှိချင်ပါ တယ်၊ ခေတ်စကားနဲ့ နားလည်လွယ်အောင် ပြောရရင် ဘုရားရှင်နဲ့ သူက ခြေရာ တိုင်းလာပါတယ်၊ အမှန်က အရှင်ဒေ၀ဒတ်ဟာ လောကုတ္တရာဘက်ကို ဦးမတည်ပဲ

လောကီဘက်ကို ဦးတည်သူဖြစ်လာပါတယ်၊ ဒါကြောင့် သူဟာ ရသလောက်နဲ့ ကျေနပ် ရောင့်ရဲမှု မဖြစ်ပဲ ပိုပိုလိုချင်တာတာပါ၊ လာဘ်လာဘဆိုတာ လိုချင်လေမရလေ၊ မရ လေလိုချင်လေ ဖြစ်တတ်ပါတယ်၊ အခု အရှင်ဒေ၀တ်လဲ လိုချင်လို့မရ၊ မရလို့ လိုချင်၊ ဆင့်ကဲ ဆင့်ကဲ သူ့စိတ်ဖြစ်စဉ်တွေဟာ မငြိမ်သက်တော့ပါဘူး၊ မငြိမ်မသက်နဲ့ နေ့စဉ် ပူလောင်လာရပါတယ်။ ပူလောင်လေ လိုချင်လေလေ ဖြစ်လာပါတယ်၊ အဲဒီလို ကြံစည်တာနဲ့ တပြိုင်နက် သူရရှိထားတဲ့ လောကီဈာန်တွေလဲ သဲထဲရေသွန် ပျောက် ပျက်ကုန်ပါတယ်၊ ဒါပေမယ့် သင်္ခန်းစာယူ၊ အသိဥာဏ်ဝင် သံဝေယှဉ်ဖို့ နေနေသာ အရှင်ဒေ၀ဒတ်ဟာ ရလေလိုလေ အိုတစ္တေဖြစ် လာပါတယ်၊

ဒါကြောင့် မတရားနည်းတွေသုံးလာပါတယ်။ ရာဇဂြိုဟ်မြို့က ဘုရင်လောင်း အဇာတ သတ်နဲ့ ပေါင်းပြီး ဘုရားကို အမျိုးအမျိုးမကောင်းကြံပါတော့တယ်၊ ရာဇဂြိုဟ်မှာ အရှင်ဒေ၀ဒတ်က ဘုရားလက်သစ်၊ သူ့နောက်လိုက် ဘုရင်အဇာတသတ်က ဘုရင် လက်သစ် ဖြစ်ချင်တိုင်း ဖြစ်နေပါတော့တယ်။

ဒီလိုနဲ့ တိုတိုပြောပြရင် အဇာတ်သတ်က သူ့ဖခင် ဘုရင်ဗိမ္ဗိသာရကို သတ်လို့ နောင်တတွေ တသီကြီးနဲ့ အိပ်မပျော်စားမ၀င် နန်းတော်မှာ မနေချင်လောက်အောင် အဖြစ်ဆိုးတွေနဲ့ ရင်ဆိုင်တိုးရပါတယ်၊

ဒါပေမယ့်  ဘုရင်အဇာတသတ်ကတော့ နောက်ပိုင်း ဆေးဆရာကြီး ဇီဝက လမ်းညွှန် ကောင်းလို့ ဘုရားရှင်ထံရောက်ကာ အမြင်မှန်ရပြီး သက်သာရာ ရခဲ့ပါတယ်၊

အရှင်ဒေ၀ဒတ်ကတော့ အဲဒီလို အမြင်မှန်လဲမရ ဆိုးပြီးရင်းဆိုး တိုးပြီးရင်တိုးလို့ မိုက်လာပါတယ်၊ နောက်ဆုံး အပြစ်အပျက်ကလေးကတော့ အရှင်ဒေ၀ဒတ် အတွက် တော်တော်လေး သံဝေဂ ယူစရာကောင်းပါတယ်၊ အရှင်ဒေ၀ဒတ်ဟာ ရာဇဂြိုဟ်က နေ ၀ဇ္ဇီတိုင်းသား ရဟန်းတော်ငါးရာကို ဂယာသီသက အဇာတသတ်မင်း ဆောက် လုပ်လှူဒါန်းထားတဲ့ကျောင်းကို ခေါ်လာပါတယ်၊ အဲဒီဂယာသီသက ကျောင်းမှာ အရှင်ဒေ၀ဒတ်ဟာ ဘုရားတစ်ဆူလုပ်နေပြီး

ဘုရားရှင်တော်မြတ်လို တရားတွေလဲ ဟောဟောပါတယ်၊ မြတ်စွာဘုရားက လက်ဝဲတော်ရံ လက်ယာတော်ရံ တပည့်ကြီး တွေရှိသလို အရှင်ဒေ၀ဒတ်မှာလဲ ရှင်ကောကာလိက၊ ရှင်ကဋမောဒက တိဿ၊ ရှင်သမုဒ္ဒဒတ္တဆိုတဲ့ တပည့်ကြီးတွေရှိပါတယ်၊

အဲဒီလိုဖြစ်ပျက်နေတာကို ဘုရားရှင်က တရားဟောချေချွတ်ဆုံးမဖို့ရန် ရာဇဂြိုကနေ လက်ဝဲတော်ရံ လက်ယာတော်ရံဖြစ်ကြတဲ့ အရှင်သာရိပုတ္တရာနဲ့ အရှင်မောမဂ္ဂလာန် တို့ကို လွတ်လိုက်ပါတယ်၊ အစတော့ အရှင်ဒေ၀ဒတ်က ရှင်သာရိပုတ္တရာနဲ့ အရှင် မောမဂ္ဂလာန်ဟာ သူနဲ့အတူလာပူပေါင်းတယ်လို့ အထင်ရောက်နေပါတယ်၊

ဒါကြောင့် အသာလေးလွတ်ထား လိုက်ပါတယ်၊ အရှင်ဒေ၀ဒတ်ရဲ့ တပည့်ကြီး ရှင် ကောကာလိကက အမျိုးမျိုးသတိပေးတာတောင် လက်မခံပါဘူး၊ အရှင်ဒေ၀ဒတ်က အေးအေးဆေးဆေးပဲ နပ်နေပါတယ်၊
ဒီလိုနဲ့ ၀ဇ္ဇီတိုင်းသား ရဟန်းတော် ငါးရာဟာ အရှင်သာရိပုတ္တရာ တရားတော်ကို နာကြားရပြီး အမြင်မှန်ရ ၊သောတာပန်ဖြစ်ကြပြီး အရှင်မြတ်ကြီးတွေနဲ့ အတူတူ ရာဇဂြိုဟ်ကို ပြန်လိုက်သွားကြပါတယ်၊

အရှင်ဒေ၀ဒတ်ကြီးက ဒါတွေမသိသေးပါဘူး၊ အမျိုးမျိုးသတိပေးတဲ့ကြားက ဒီလို ဖြစ်သွားတာကို သိတဲ့ တပည့်ကြီး ကောကာလိကက အရှင်ဒေ၀ဒတ်အိပ်နေတဲ့ နေရာကို ရောက်လာပြီး စိတ်ဆိုးဆိုးနဲ့ အရှင်ဒေ၀ဒတ်ကို ဖနောင့်နဲ့ ပေါက်ပြီး နိုး လိုက်ပါတယ်၊ ကိုးလလုံးလုံး ရောဂါဖြစ်နေတဲ့ အရှင်ဒေ၀ဒတ်ကြီးဟာ ဖနောင့်ပေါက် ခံရတဲ့ ဒဏ်ကြောင့် သွေးစိမ်းတွေ အံထွက်လာပါတယ်၊

 ရောဂါကလဲသဲ၊ တပည့်တွေကလဲ အခွဲခံရတော့ အရှင်ဒေ၀ဒတ်လဲ ဘုရာင်းရှင်က ကျောက်မောင်းဆင် သတ်ခဲ့တဲ့နောင်တ၊ သံဃာတွေ ဂိုဏ်းကွဲအောင် ခွဲခဲ့တဲ့ နောင်တတွေနဲ့ အချိမဆန့်ဖြစ်ပြီး မနေနိုင်မထိုင်နိုင် ဖြစ်လာပါတယ်၊ အဲဒီတော့ နောင်တော်ကြီး ဘုရားကို အားကိုးရမှန်းသိလာပါတော့တယ်၊

ဒါပေမယ့် သူနောင်တတွေဟာ နောက်အကျကြီး ကျသွားခဲ့ပါပြီ၊
နောက်ဆုံး နောင်တတွေ တသီကြီးနဲ့ နောင်တော်ကြီး ဘုရားဆီ အဖူးမျှော်သွား တောင်းပန်စကားဆိုဖို့ တပည့်တွေအား လိုက်အပို့ခိုင်းရာမှာ သာဝတ္တိကျောင်းတော် အရောက် ကျောင်းတွင်းက ရေကန်နားမှာ သူပြုလုပ်ခဲ့တဲ့ ဘုရားရှင်အား သွေးစိမ်း တည်အောင်လုပ်တဲ့ မကောင်းမှု၊ သံဃာတော်တွေကို ကွဲပြားအောင်လုပ်ခဲ့တဲ့  သံဃာဂိုဏ်းခွဲမှု ကံကြီးတွေကြောင့် အ၀ီစိမှာ မြေမျိုကာရောက်သွားပါတော့တယ်။

မကောင်းမှု လုပ်တဲ့ သူတစ်ယောက်ဟာ ပစ္စုပ္ပန်ဘ၀မှာလဲ ပူပင်ရပါတယ်၊
တမလွန်ဘ၀မှာလဲ ပူပင်ရပါတယ်၊
ပစ္စုပ္ပန်၊ တမလွန် နှစ်ဘ၀လုံးမှာလဲ ပူပန်ရပါတယ်၊
ငါဟာ မကောင်မှုကို လုပ်မိပြီလို့ သိတာနဲ့ တပြိုင်နက် ပူပန်ရပါတယ်၊
တမလွန်ဖြစ်ရာ အပါယ်ဘုံမှာဆိုရင်လဲ ဒီထက်မက ပူပန်ရဦးမှာပါ။



ဒါကြောင့် စာဖတ်သူများကို အကြံပေးချင်တာကတော့ ဘာပဲလုပ်လုပ် အကောင်း ဆုံးဖြစ်အောင်လုပ်ပြီး နောင်တကင်းအောင်ကြိုးစားကြပါ၊ နောင်တဆိုတာ နောင်မှ တရပြီး ဘ၀ခရီး တစ်လျှောက်လုံး ပူပန်နေရတာပါ၊ တကယ်လို့ နောင်တတွေ မဖြစ်အောင် အကောင်းဆုံးနေ နိုင်အောင် ကြိုးစားကြမယ်ဆိုရင် ပျော်ရွှင်သော ဘ၀တစ်ခုကို ပိုင်ဆိုင်ကြမှာမလွဲပါ၊

နောင်တတွေရနေပြီဆိုရင်လဲ အကောင်းဆုံးဖြေရှင်းနိုင်ဖို့ ဘုရင်အဇာတ်သတ်လို ဆရာကောင်းသမားကောင်းကို တွေ့အောင်ရှာလိုက်ပါ၊ နောင်တဆိုတာ နောက်ကျသွားရင် အများကြီး နစ်နာတတ်လို့ပါ၊

ရွှေမန်းသား

http://mingalargarden.blogspot.in/

ကျမ်းကိုး
ဓမ္မပဒ ပါဠိတော်၊ အဋ္ဌကတာ ဒေ၀ဒတ္တ၀တ္ထု
ဦးရွှေအောင် ဓမ္မပဒ ရှင်ဒေ၀ဒတ်ဝတ္ထု

Saturday 7 September 2013

အချစ်ဆုံး သူငယ်ချင်း


တနင်္ဂနွေ စကားလက်ဆောင် (၉) ကံကောင်းခြင်း တွေကိုပဲ ယူတတ်ပါစေ

ကံဆိုတာ အလုပ်လို့ လူတော်တော်များများက သိထားကြပါတယ်၊ ကံကောင်းချင်ရင် အလုပ်ကောင်းကောင်း လုပ်ရမယ်ဆိုတာလဲ လူတိုင်းနီးပါး သိထားကြပါတယ်၊

ဒါပေမယ့် ကံလို့ပြောလိုက်ရင် လူတော်တော်များများ ထင်မှတ်မှားနေကြတာက အတိတ်ကံတစ်ခုပဲ အားကိုးရာတစ်ခုအဖြစ် မြင်မြင်လာကြပါတယ်၊

 အမှန်ကတော့ ကံဆိုတာ အတိတ်ကံတစ်ခုတည်းကောင်းနေရုံနဲလဲ မပြည့်စုံ မပြီးမြောက်နိုင်ပါဘူး၊ ပစ္စုပ္ပန်ကံလဲပဲ ကောင်းရပါလိမ့်မယ်၊ ပါလာတဲ့ အတိတ်ကံတွေ ဘယ်လောက်ပဲ ကောင်းနေကောင်းနေ လက်ရှိပစ္စုပ္ပန်မှာ အသုံးမချနိုင်ခဲ့ရင် ဆုံးရှုံးခြင်းများစွာနဲ့ ရင်ဆိုင်ရပါတယ်၊

တစ်ခါ ပစ္စုပ္ပန်လက်ရှိဘ၀မှာ သယာစိုပြေဖို့ ပဋိရူပဒေသ၀ါသ= ကိုယ်နဲ့ အဆင်ပြေမယ့် ပညာရမယ့်၊ စီးပွားဖြစ်မယ့် အရပ်ဒေသ မှာလဲ နေထိုင်လုပ်ကိုင်ရပါလိမ့်မယ်၊ အဲဒီလိုနေထိုင်လုပ်ကိုင်ပါမှ ကိုယ့်ရဲ့ အတိတ်က ပါလာတဲ့ ကံတွေဟာ ထပ်ဆင့်ပွားများ အကြိုးဖြစ်ထွန်းလာမှာပါ၊

တစ်ချို့ တစ်ချို့က အခုဘ၀မှာ အဆင်မပြေတာ၊ ကိုယ်လုပ်လိုက်တဲ့ အရာရာတိုင်း လွဲ ချော်နေတာဟာ ကံကြောင့်လို့ပြောတတ်ကြပါတယ်၊ သူတို့ပြောဆိုနေတဲ့ ကံဆိုတာ အတိတ်က ကံကို ယိုးမယ်ဖွဲ့ပြောဆိုနေကြခြင်း ဖြစ်မယ်ထင်ပါတယ်၊

လူဆိုတာ အတိတ်ကံတစ်ခုတည်း ကောင်းနေရုံနဲ့ မလုံလောက်ပါဘူး၊ ပစ္စုပ္ပန်လက်ရှိ ဘ၀မှာလဲ ကောင်းအောင်ကြိုးစားရပါမယ်၊ ဘယ်လိုကြိုးစားနေမလဲဆိုရင် အခုဘ၀ ပစ္စုပ္ပန်တည့်တည့်မှာလဲ ကောင်းတာတွေလုပ်နေမယ်၊ ကောင်းတာတွေကြံနေမယ်၊ ကောင်းတာတွေပြောနေမယ်ဆိုမှ ဘ၀ဟာနေပျော်သူ တစ်ယောက်ဖြစ်လာမှာပါ၊

သိဘူးတဲ့ ဒကာမတစ်ဦးက “သူများတွေဘုရား ခုခေတ်မှာ မကောင်းတာတွေလုပ်ပြီး ကြီးပွားနေကြတယ်၊ တပည့်တော်တို့များ ကောင်းတာလုပ်နေပြီး မကြီးပွား မတိုးတက်ဘူး” ဘုရားလို့လျှောက်ထားဘူးပါတယ်၊

ကံဆိုတဲ့စကားလုံးက အပြောလွယ်ပေမယ့် တကယ်နားလည်အောင် ရှင်းပြဖို့ကြ တော့တော်တော်လေး ခက်ခဲနေတာတွေ့ရပါတယ်၊ အဘိဓမ္မာသင်ယူဖူးတဲ့ သူ များဆိုရင်တော့ ပြောပြရတာပိုလွယ်ကူမယ်ထင်ပါတယ်၊

အနီးစပ်ဆုံး ဥပမာလေးတစ်ခု ပေးပြီး ပြောပြကြည့်ပါမယ်၊ တစ်ချို့ကံတွေက နှစ်ရှည်ပင်တွေနဲ့ တူပါတယ်၊ စိုက်ပျိုးပြီးပြီးချင်း  အသီးအရွက်ကို စားသုံးလို့မရပါဘူး၊ နှစ်အရှည်ကြီး စောင့်ရပါတယ်၊

တစ်ချို့ကံတွေကြတော့ နှစ်တိုပင်တွေနဲ့ တူပါတယ်၊ ခုစိုက်ပျိုးလိုက်တယ်၊ အခု အသီး အရွက်ကို စားလို့ရတယ်၊ သုံးလို့အဆင်ပြေတယ်၊ ဒါပေမယ့် နှစ်ရှည်မခံပါဘူး၊ မစားရပါဘူး တစ်ခဏ ခေတ္တလေးပါပဲ၊

တစ်ချို့သူတွေက မကောင်းတဲ့ ကံတွေလုပ်တယ်၊ ကြီးပွားတယ်၊ အောင်မြင်တယ်၊ ဒါဟာ နှစ်တိုပင်တွေ စိုက်ပျိုးနေပြီး စားသောက်နေတာပါ၊ မကောင်းမှုအကုသိုလ်ကံ တွေဟာ အကျိုးမပေးခင်သာ ချိုတယ်လို့ ထင်ရတာပါ၊ အကျိုးပေးလာတဲ့ အချိန်ခါကြတော့ အခါးတွေ တသီးကြီးနဲ့ တစ်ဘ၀လုံး၊ တစ်သံသရာလုံး ခါးနေတော့တာပါပဲ၊

ဒီနေရာမှာ ကြုံကြိုက်တုန်း အတိတ်ဘ၀က ကောင်းကံတွေပြုလုပ်ခဲ့ပြီး ကြီးပွား ချမ်းသာလာပေမယ့် လက်ရှိဘ၀မှာ တန်ဖိုးရှိရှိ အသုံးမချနိုင်လို့ တစ်ဘ၀လုံး ကုန်းကောက်စရာမရှိအောင် ဘ၀ခါးသွားခဲ့ရတဲ့ သူဌေးသားတစ်ယောက် အကြောင်းကို ပြောပြချင်ပါတယ်၊

စာထဲမှာတော့ မဟာဓနသူဌေးသားလို့ အမည်ပေးထားပါတယ်၊ စာဖတ်သူများ မှတ်ရ လွယ်ကူအောင် ကုဋေရှစ်ဆယ် သူဌေးသားလို့ မှတ်ထားလိုက်ပါ၊

အဲဒီကုဋေရှစ်ဆယ် သူဌေးသားလေးဟာ တစ်ဦးတည်းသော သားလေးဖြစ်ပါတယ်၊ တစ်ဦးတည်းသား လေးဆိုတော့ မိဘတွေက ချစ်လွန်းလို့၊ ဘာအတတ်ပညာမှ သင်မပေးပါဘူး၊ မိဘတွေရဲ့ ခံယူချက်ကလဲ သူတို့မှာ ကုဋေရှစ်ဆယ်တောင်ရှိတာ ဒီသားလေးတစ်သာက်မပြောနဲ့ ဆယ်သက်တောင် စားမကုန်ဘူးလို့ အထင်ရှိထားကြပါတယ်၊

အဲဒီလိုနဲ့ ကုဋေရှစ်ဆယ် သူဌေးသားလေးဟာ စားလောက်၊ သောက်လိုက်၊ ကလိုက်၊ တီးလိုက်မှုတ်လိုက်နဲ့ အချိန်တွေကုန်လာပါတယ်၊ အိမ်ထောင်ပြုဖို့ အရွယ်ရောက်လာ တော့ သူတို့နဲ့ မျိုးရိုးတူ ကုဋေရှစ်ဆယ် ချမ်းသာတဲ့ သူဌေးသမီးလေးနဲ့ လက်ထပ်ပေး လိုက်ပါတယ်၊

အဲဒီသူဌေးသမီးလေးကလဲ ချမ်းသာပေမယ့် သူဌေးသားလေးလိုပါပဲ ပညာမတတ်ရှာပါဘူး၊ သူဌေးသားလေး ချမ်းသာတာရယ်၊ သူဌေးသမီးလေး ချမ်းသာ တာရယ်ပေါင်းလိုက်တော့ ကုဋေတစ်ရာ့ခြောက်ဆယ် ချမ်းသာတဲ့ သူဌေးပေါက်စလေး ဖြစ်သွားပါတယ်။

အဲဒီခေတ်က သူဌေးတွေဟာ ဘုရင်ထံကို နေ့စဉ်အခစားဝင်ရပါတယ်၊ ကုဋေတစ်ရာ့ ခြောက်ဆယ် သူဌေးလေး နန်းတော်သွားတဲ့ လမ်းတစ်လျှောက်မှာ အရက်သမားတွေက သူဌေးလေးကို သူတို့နဲ့ အရက်သောက်ဖို့ စည်းရုံးပါတယ်၊ အစတော့ မပါလာပါဘူး၊

နောက်ကျတော့လဲ “လူမညီ သေနဲ့ညှိ၊ ဆီမညီ ရေနဲ့ညှိ ဆိုသလို” စည်းရုံးပါများ တော့ သူဌေးလေး အရက်သောက်တတ် လာပါတယ်၊ အရက်သမားတွေနဲ့ အစတော့ လမ်းဘေး အရက်ဆိုင်မှာသောက်တာပါ၊ နောက်တော့ သူဌေးသားလေးဟာ အိမ်မှာ ပြောင်းသောက်လာပါတယ်။ သူအရက်သောက်တဲ့ဘေးမှာ ငွေတွေကိုလဲ ပုံထပ်ထားပါတယ်။ ကချေသည်တွေခေါ် ကခိုင်းလိုက် တစ်ထောင်ဆုချလိုက်၊ နှစ်ထောင်ဆုချလိုက်နဲ့ ငွေကို ရေလိုသုံးနေပါတယ်။ အတီးမှုတ်သမားတွေကိုလဲ  ထိုနည်းလည်းကောင်း ဆုတွေထပ်လောင်း ချနေပါတယ်၊

အိမ်မှာခိုင်းတဲ့ ကျွန်တွေကလဲ မသိသလိုတစ်မျိုး သိသလိုတစ်ဖုံနဲ့ အမျိုးမျိုး ခိုးယူကြပါတယ်၊ နောက်ဆုံးကျတော့ ပညာဗလာနတ္ထိ ဘာမှမရှိတော့ပဲ ကုဋေတစ်ရာ့ရှစ်ဆယ် ချမ်းသာတဲ့ သူဌေးလင်းမယားဟာ ခွက်ဆွဲပြီး တောင်းစားနေရပါတော့တယ်။

တစ်နေ့မှာ အဲဒီသူဌေးလင်မယားဟာ ကျောင်းနားက ရဟန်းသံဃာတွေပေးစွန့်တဲ့ ဆွမ်းကျန်၊ ကွမ်းကျန်လေးတွေလာတောင်း စားသောက်နေပါတယ်၊

ဒါကို မြင်တော်မူ တဲ့ မြတ်စွာဘုရားက အရှင်အာနန္ဒာကို ဒီလိုမိန့်တော်မူပါတယ်၊

ချစ်သား အာနန္ဒာ ဒီသူဌေးလင်မယား နှစ်ယောက်ကို ကြည့်လိုက်စမ်းပါ၊ တကယ်လို့ ဒီနှစ်ယောက်ဟာ ပထမအရွယ်ကောင်းတုန်း အချိန်မှာ စီးပွားရေးတွေ ဇောက်ချလုပ် ကိုင် လိုက်မယ်ဆိုရင် ဒီမြို့မှာ ပထမတန်းစား သူဌေးကြီး ဖြစ်လိမ့်မယ်၊

တကယ်လို့ လောကီကိုစွန့်ပြီး သာသနာဘောင်ကို ၀င်ခဲ့မယ်ဆိုရင် ယောကျာ်းဖြစ် သူက ရဟန္တာဖြစ်လိမ့်မယ်၊ အမျိုးသမီးဖြစ်သူက အနာဂါမ်ဖြစ်လိမ့်မယ်၊

တကယ်လို့ ဒုတိယအရွယ်မှာ အသိဥာဏ်ဝင် သံဝေဂတွေရပြီး တရားအလုပ် အားထုတ်မယ်ဆိုသေးရင် အမျိုးသားက အနာဂါမ်၊ အမျိုးသမီးက သကဒါဂါမ်ဖြစ်နိုင် တယ်၊

ဒါမှမဟုတ် တတိယအရွယ်မှာ အသိဥာဏ်ဝင် သံဝေဂတွေရပြီး တရားအလုပ် အားထုတ်မယ်ဆိုသေးရင် အမျိုးသားက သကဒါဂါမ်၊ အမျိုးသမီးက သောတာပန်ဖြစ် နိုင်သေးတယ် ချစ်သား၊

ခုတော့ အရွယ်အားလုံး လွန်မြောက်ပြီး အချီးအနှီး ကုန်ဆုံးရလို့ ရေပြတ်ခန်းခြောက် နေတဲ့ကန်ကြီးဆီကို ငါးကောက်ဖို့ရောက်လာတဲ့ ကြိုးကြာအိုကြီးလို ဖြစ်နေရပြီး ချစ်သားလို့ မိန့်တော်မူပါတယ်၊

အထက်က မြတ်စွာဘုရားစကားတော်တွေကို ကြည့်ပြီး ကောက်ချက်ဆွဲရမယ်ဆိုရင် အတိတ်ကံတွေ ဘယ်လောက် ကောင်းလာလာ ကိုယ်ကိုယ်တိုင်က ပစ္စုပ္ပန်ကြိုးစား မှုမရှိပါရင် အချီးနှီးနဲ့ ဘ၀ဟာ ကုန်ဆုံးရမှာပါ၊

လူတိုင်းက ကံမကောင်းဘူး ကံမကောင်းဘူးဆိုပြီး ငြီးဆိုနေချင်ကြပါတယ်၊ အတိတ် ကံမကောင်းတာလား ပစ္စုပ္ပန်ကံညံနေတာလား ကိုယ်ကိုယ် ဆန်းစစ်တတ်ဖို့ လိုမယ်ထင်ပါတယ်၊ တကယ်တော့ ကံမကောင်းတာမဟုတ်ပါဘူး ကိုယ်ကိုယ်တိုင်က အလုပ် မကောင်းလို့ ကံမကောင်းဖြစ်နေတာပါ၊ အလုပ်ကောင်းရင် ကံကောင်းမှာပါ

ကံကောင်းတယ်ဆိုတိုင်းလဲ ကံကိုယုံပြီး ဆူးပုံပေါ်တက်နင်းဖို့ မဖြစ်သေးပါဘူး အသက်ကို ဥာဏ်နဲ့စောင့်ရှောက်ရသလို ဥစ္စာပစ္စည်းတွေကိုလဲပဲ ကံနဲ့ စောင့်ရှောင့်ရ မှာပါ၊


ဒါကြောင့် စာဖတ်သူများကို အကြံပေးချင်တာကတော့ အတိတ်ကံဆိုတာ ကိုယ်က မမြင်နိုင်တဲ့ အရာတစ်ခုပါ ပစ္စုပ္ပန်လက်ရှိမှာသာ ကိုယ်ဘာလုပ်တယ်၊ ဘာပြောတယ်၊ ဘာကြံတယ်ဆိုတာ သိနိုင်ပါတယ်၊ ကိုယ်နေ့စဉ်လုပ်နေတာတွေ၊ ပြောနေတာတွေ၊ ကြံနေတာတွေဟာ ကိုယ်ပိုင်ဆိုင်ရမယ့် ကံတွေပါပဲ၊

တကယ်ကံကောင်းသူ တစ်ယောက်ဖြစ်ချင်ရင်တော့ ဒီနေ့ ဒီအချိန်ကစပြီး ကိုယ်ပြောနေတာတွေ၊ လုပ်နေတာတွေ၊ ကြံနေတာတွေဟာ အကောင်းဘက်ကို ဦး တည်ပေးလိုက်ပါလို့ တိုက်တွန်းစကား ဆိုလိုက်ပါရစေ စာဖတ်သူ ။ ။

ရွှေမန်းသား

http://mingalargarden.blogspot.in/