Friday 10 May 2013

သူတော်ကောင်းတို့ နှလုံးသား ( ၄)


 (၁)

နသက္ကာ ခေါ ပန မယာ ဧကဿ မရဏဒုက္ခံအညဿ ဥပရိ နိက္ခိပိတုံ၊ သွာဟံ အတ္တနော ဇီဝိတံ တဿာ ဒတွာ တဿာ သန္တကံ မရဏံ ဂဟေတွာ ဣဓ နိပန္နော၊မာ အညံ ကိဉ္စိ အာသင်္ကိတ္ထ၊ မဟာရာဇာတိ။

( နိဂြောဓမိဂ ဇာတ်)

အရှင်မင်းကြီး တစ်ဦး တစ်ယောက်အပေါ်မှာကျရောက်နေတဲ့ သေခြင်းဆင်းရဲ ဒုက္ခကြီးကို တခြားတစ်ယောက်အပေါ်မှာ လွှဲဖယ်ချလိုက်ဖို့ဆိုတာမလုပ်သင့်ပါ၊ ဒါကြောင့် ငါ့ရဲ့အသက်ကို သေခြင်းဘေးဒုက္ခကြီး ဖိစီးနေတဲ့ သမင်းမလေးကိုပေးပြီးတော့ ငါဟာ သူ့ရဲ့အစားသေခြင်းတရားကို ယူဆောင်လာပြီး ဟောဒီ စင်တီတုံးပေါ်မှာ လည်စင်းပြီးလဲလျှောင်းနေတာပါ၊ ငါဒီလို လုပ်နေတာကို တခြားသူတွေအပေါ်မှာ ယုံမှားသံသယ မထားလိုက်မိပါစေနဲ့၊

(၂)

အထက်က ဖော်ပြခဲ့တဲ့ စကားလေးတွေကတော့ဘုရားအလောင်းတော်မြတ်ကြီး နိဂြောဓသမင်မင်း ဖြစ်စဉ်တုန်းက ပြောခဲ့တဲ့ စကားလေးတွေပါ၊
ဘာကြောင့် ဒီစကားလေးတွေကိုဘုရားအလောင်းတော်ကြီး ပြောရသလဲ ဆိုရင် ဇာတ်ကြောင်းလေးက ဒီလိုပါ စာဖတ်သူရယ်

(၃)

ဟိုးရှေးရှးတုန်းကပေါ့ စာဖတ်သူရယ်ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုပ်ချုပ်နေပါတယ်၊ အဲဒီအချိန်မှာ စာရေသူတို့ စာဖတ်သူတို့ရဲ့ဂေါတမဘုရှင်ဟာ နိဂြောဓလို့ အမည်ရတဲ့ သမင်းကလေးအဖြစ်နဲ့ မွေးဖွားလာပါတယ်၊ ဘုရားလောင်းသမင်မင်းဟာ မွေးဖွားလာကတည်း ရွှေရောင်အဆင်းရှိပါတယ်၊ မျက်လုံးလေးတွေ ကလဲ ပတ္တမြားလုံးလေးတွေလိုကြည်လင်နေပါတယ်၊ ဦးချိုလေးတွေက ငွေရောင် တောက်နေပါတယ်၊ မျက်နှာကို ကြည့်လိုက်ရင်လဲရတနာကမ္မလာကို ကြည့်ရသလို ကျက်သရေရှိနေပါတယ်၊

ဘုရားလောင်းတော် နိပြောဓသမင်မင်းဟာ အရွယ်ရောက်လာတော့ သမင်းပေါင်း ငါးရာကို အုပ်ချုပ်ပြီး နေပါတယ်။ ဘုရားလောင်းသမင်မင်းနဲ့ မနီးမဝေးတောအုပ်ကြီး ထဲမှာလဲ သာခလို့အမည်ရတဲ့ သမင်းတစ်ကောင်ဟာ သမင်းပေါင်းငါးရာကိုအုပ်ချုပ်ပြီး မင်းလုပ်နေပါတယ်။ အဲဒီသာခ ဆိုတဲ့ သမင်မင်းကလဲ ရွှေရောင်အဆင်း ရှိတာပါပဲ၊ပြောရရင်တော့ သမင်မင်းနှစ်ကောင်က ကိုယ်အုပ်စုနဲ့ကိုယ် အုပ်ချုပ်နကြ တယ်လို့ ပြောရမှာပါ၊

ဒါပေမယ့် သာခသမင်းမင်းကတော့အရှင်ဒေ၀ဒတ်အလောင်းပါ၊ မြတ်စွာဘုရား အလောင်းတော်ကြီးနဲ့ အရှင်ဒေ၀တ်အလောင်းတော်ကြီးတို့ဟာဇာတ်တော်ပေါင်း တော်တော်များများမှာ ရန်သူအဖြစ်နဲ့ ၊ အပြိုင်အဆိုင်အဖြစ်နဲ့ ပါဝင်ပတ်သက်နေတာတွေကို တွေ့မြင်ကြပါတယ်၊

ခုပြောပြနေတဲ့ ဒီဇာတ်တော်မှာလဲမြတ်စွာဘုရားအလောင်းတော်ကြီးနဲ့ အရှင်ဒေဝ
ဒတ်အလောင်းတော်ကြီးတို့ဟာရန်သူတွေတော့ မဟုတ်ကြပါဘူး၊ ဒါပေမယ့် တာဝန်ယူသိစိတ်နဲ့ သူတော်ကောင်းပီသစိတ်တွေကတော့တစ်ဦးနဲ့ တစ်ဦး ၊ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားခြားနားနေတာကို တွေ့ကြရမှာပါ၊
ဒါကြောင့် ဇာတ်တော်လေးကိုဆက်ပြောပြချင်ပါတယ် စာဖတ်သူ၊

(၄)

ဗာရာဏသီပြည်ကို အုပ်ချုပ်နေတဲ့ဗြဟ္မဒတ်မင်းဟာ အသားငါးမပါပဲ ပွဲတော်မတည် တတ်ပါဘူးတဲ့ စာဖတ်သူ၊ ဒါကြောင့် အမြဲတမ်း တောလိုက်ပါတယ်။အမြဲတမ်း သားကောင်တွေကို ပစ်ဖမ်းပါတယ်၊ သူ့တို့အဓိက ပစ်မှတ်ထားတဲ့ သားကောင်တွေ က အလွယ်ကူတွေ့နိုင်တဲ့သမင်တွေဖြစ်နေတတ်ပါတယ်၊

မင်းတြားကြိးက သူတောစကားသွားရင်လဲဘယ်တော့မှ တစ်ယောက်တည်းမထွက် ပဲ မှူးမတ်တွေကော ၊ ၀န်ကြိးတွေကော မြို့သူမြိုသားတွေကော၊နယ်သူနယ်သား တွေကော လူစုလူဝေး အများကြီးနဲ့ သွားလေ့ သွားထရှိပါတယ်၊
အဲဒီလိုခဏခဏသွားတော့ ပြည်သူပြည်သားတွေမှာအလုပ်ပျက်အကိုင်ပျက်ဖြစ်ကြ ရပါတယ်၊ ဒီလို ဖြစ်တာကို အဖြေရှာဖို့ တိုင်ပင်ကြတော့ မင်းတကြားကြီးကိုဥယျာဉ် ကြီး အကြီးကြီးဆောက်ပေးပြီး အဲဒီဥယျာဉ်ကြီးထဲမှာ သားကောင်တွေကို ကျုံးသွင်းမောင်ချထားပေးဖို့ အကြံရကြပါတယ်၊

ပြည်သူပြည်သားတွေဟာ သူ့တို့ရတဲ့အကြံအစည်အတိုင်းအကောင်အထည်ဖော် လိုက်ပါတယ်၊ ဥယျာဉ်အကြီးအကြီး တစ်ခုတည်ဆောက်လိုက်ပါတယ်၊ တည်ဆောက်ပြီးတဲ့ဥယျာဉ်ကြီးထဲကို သားကောင်တွေတော်ခြောက်မောင်းထည့် ပေးထားလိုက်ပါတယ်၊

တောခြောက်မောင်းထည့်ခံရတဲ့အထဲမှာ စောစောက ပြောပြခဲ့တဲ့ နိဂြောဓသမင်မင်း အုပ်ချုပ်တဲ့ သမင်းငါးရာရယ်၊ သာခသမင်မင်းအုပ်ချုပ်တဲ့သမင်ငါးရာလဲ ပါလာရပါ တယ်၊

တိုင်းသူပြည်သားတွေက သူတို့ရဲလုပ်ရပ်အကောင်အထည်ဖော်ပြီးတော့ဝမ်းသာအား ရနဲ့ ဗာရာဏသီမင်းတြားကြီးကို သံတော်ဦးတင်လိုက်ပါတယ်၊ မင်းတြားကြီးလဲ ၀မ်းမြောက်ဝမ်းသာတွေဖြစ်တာပေါ့စာဖတ်သူရယ်၊
ဟုတ်တယ်လေ သူလဲ ပင်ပင်ပန်းပန်းတောကြီးမျက်မဲထဲမှာတောကစားထွက်စရာ  မလိုတော့ဘူးလေ၊ လွယ်လွယ်ကူကူသူ့မင်းဥယျာဉ်မှာပဲ တောကစားထွက်ရတော့ မှာမို့လား၊ တစ်ခါ တိုင်းသူပြည်သားတွေလဲ ဘုရင်းမင်းတြားကြီးနဲ့တောကစားလိုက် စရာမလိုကြတော့အတွက် သူ့တို့စီးပွားရေးကြီးပွားရေး အလုပ်တွေကို ဖြောင့်ဖြောင်တန်းတန်းလုပ်ကိုင် နိုင်ကြပြီလေ၊

(၅)

အဲဒီလိုနဲ့ အဲဒီ သားသမင်တွေလှောင်ထားတဲ့ဥယျာဉ်ကြီးထဲမှာ ဘုရင်မင်းတြားကြီး က နေ့တိုင်းလာလာပြီး လေးကြီးကိုင်ကာ သမင်းတွေကိုပစ်ခတ်ဖမ်းဆီးပါတော့ တယ်၊ ဒါပေမယ့် ဘုရားအလောင်းတော် သမင်မင်းနဲ့ သာခသမင်မင်းကိုတော့ရွှေဝါရောင်အဆင်းရှိတဲ့ ရွှေသမင်းတွေ ဖြစ်တာကြောင့် ဘေးမဲ့ပေးထားပါတယ်၊
မင်းတြားကြီးက ပစ်ခတ်ဖမ်းဆီးတာသမင်တစ်ကောင်းပဲ ဖြစ်ပေမယ့် တစ်ခြား သမင်လေးတွေလဲ အသက်ဘေးက သေမှာကြောက်တော့ တ၀ုန်းဝုန်းတရုန်းရုန်းနဲ့ ပြေးကြလွှားကြတော့ သမင်းတွေအများအပြား ဒဏ်ရာရသူရ

၊ ခြေကျိုးသူကျိုး၊ခေါင်းပေါက်သူပေါက်နဲ့ နေ့စဉ်ရက်ဆက် အသက်ကို ဖက်နဲ့ ထုတ်နေကြရပါတော့ တယ်၊
အဲဒိလို ဖြစ်နေတော့ ၊ ဒီအတိုင်းဆိုသမင်တွေခဏလေးနဲ့ သေကုန်မယ် အစည်းအဝေးလုပ်မယ်ဆိုပြီး အစည်းဝေးလုပ်ကြပါတယ်။ နှစ်ဖက်ခေါင်းဆောင်တွေဖြစ်တဲ့ နိဂြောဓ သမင်းမင်းရယ်

သာခသမင်မင်းရယ်က ခေါင်ဆောင်ပြီး ဆွေးနွေး ကြပါတယ်၊ဆွေးနွေးပွဲရဲ့အဖြေရလာဒ်ကတော့ တစ်နေ့ကို အလှည့်ကျ သမင်တွေ စင်တီတုံးဆီသွားပြီး အသေခံဖို့ဆုံးဖြတ်လိုက်ပါတယ်၊
အဖွဲနှစ်လုံးက သဘောတူကြပြီးသမင်တွေဟာ အလှည့်ကျ စင်တီတုံးဆီ အသတ်ခံ ဖို့ လည်စင်းပြီး သွားနေပေးရပါတယ်။ စားဖိုမှူးကလဲနေ့တိုင်းလာလာပြီး သမင်လေး တွေကို သတ်သတ်ပြီး မင်းတြားကြီးကို ပွဲတော်တည်ဖို့ကပ်ပါတယ်၊
သမင်းတွေဟာ အလှည့်ကျ စင်တီတုန်းဆီသွားနေကြရင်း တစ်နေ့ သာခသမင်းဘက်ခြမ်းက ကိုယ်ဝန်အရင့်အမာကြီးနဲ့
သမင်မလေးအလှည့်ကျရောက်လာပါတယ်၊ ကိုယ်ဝန်ကလဲ မီးဖွားခါနီးနေ၊သေပေးရမယ့်နေ့ကလဲကျနေ သမင်မလေးခမျာ အခက် တွေ့နေပါတယ်။

ဒါကြောင့် သူ့တိုခေါင်းဆောင် သာခသမင်မင်းဆီ အယူခံဝင်ပြီးအလှည့်ကျော်ပေးဖို့ တောင်းဆိုပါတယ်၊  ဒါပေမယ့်သူဘယ်လိုပဲ တောင်းဆိုတောင်းဆို သာခသမင် မင်းက အလှည့်ကျော်ပေးဖို့ မဖြစ်ဘူးချည်းပြောပြီးဘူးခံနေပါတယ်
သမင်မလေးလဲကြံရာမရဖြစ်ပြီး နိဂြောဓ သမင်မင်းဆီရောက်လာပါတယ်၊အကျိုးအကြောင်းမေးတော့ ဖြစ်ကြောင်းကုန်စဉ်ပြောပြတော့၊ နိဂြောဓ သမင်းမင်းက သနားဂရုဏာသက်စွာနဲ့  စိုးရိမ်သောက မဖြစ်ပါနဲ့ ချစ်နှမသင့်အလှည့်ကျတဲ့ အသတ်ခံရမယ့် နေ့ကို ငါကိုယ်တိုင် အသက်နဲ့အသက်ခံလိုက်ပါမယ်လို့ တာဝန်ယူလိုက်ပါတယ်၊

ဘုရားလောင်းတော်နိဂြောဓ သမင်မင်းဟာ သူတာဝန်ယူထားသလိုပဲ အသတ်ခံရမည့် နေ့ရောက်လာတော့ စင်းတီတုံးမှာ သွားပြီး လည်စင်းလဲလျှောင်နေလိုက်ပါ တယ်၊ စားဖိုမှူလဲထုံးစံအတိုင်း အချိန်ကြတော့ သမင်သတ်မဖို့ စင်တီတုံးဆီလာပါ တယ်၊
အသတ်ခံဖို့ လည်စင်းခံနေတဲ့ ရွှေဝါရောင်ဘုရားလောင်းတော် သမင်မင်းကိုမြင်တော့ စားဖိုမှူးလဲ အံ့သြထိတ်လန့်ပြီး မင်းတြားကြီးဆီ အပြေးသံတော်ဦး တင်လိုက်ပါတယ်၊

မင်းတြားကြီးလဲ အပြေးတစ်ပိုင်းနဲ့ ရထားပေါ်တက်စီးပြီး နောက်လိုက်ဗိုလ်ပါတွေနဲ့ဥယျာဉ်စီကို ရောက်လာ ပါတယ်၊  မင်းကြီးလဲ ဥယျာဉ်ရောက်တော့စင်တီတုန်းပေါ် မှာလည်စင်းပေးနေတဲ့ နိဂြောဓ သမင်မင်းကို မြင်တော့၊ “ အရှင် သမင်မင်းသင့်ကို ငါက ဘေးမဲ့ ပေးထားပါတယ်၊ ဘာကြောင့် ဒီနေရာမှာ လာပြီးတော့ အသတ်ခံဖို့ လည်စင်းနေရတာပါလဲ”လို့မေးလိုက်ပါတယ်

နိဂြောဓ သမင်မင်းကလဲ “ အရှင်မင်းကြီး ကိုယ်ဝန်အရင့်အမာကြီးနဲ့သမင်မလေး တစ်ကောင်ဟာ ငါထံမှာရောက်လာပြီး သူ့အလှည့်ကို ကျော်ပေးပါ၊ သူ့အစား တစ်ခြားတစ်ယောက်ကိုသေစားသေစေ ထည့်ပေးပါလို့ တောင်းဆိုပါတယ် ၊ အရှင်မင်းကြီး တစ်ဦး တစ်ယောက်အပေါ်မှာကျရောက်နေတဲ့ သေခြင်းဆင်းရဲ ဒုက္ခကြီးကို တခြားတစ်ယောက်အပေါ်မှာ လွှဲဖယ်ချလိုက်ဖို့ဆိုတာမလုပ်သင့်ပါ၊ ဒါကြောင့် ငါ့ရဲ့အသက်ကို သေခြင်းဘေးဒုက္ခကြီး ဖိစီးနေတဲ့ သမင်းမလေးကိုပေးပြီးတော့ ငါဟာ သူ့ရဲ့အစားသေခြင်းတရားကို ယူဆောင်လာပြီး ဟောဒီ စင်တီတုံးပေါ်မှာ လည်စင်းပြီးလဲလျှောင်းနေတာပါ၊ ငါဒီလို လုပ်နေတာကို တခြားသူတွေအပေါ်မှာ ယုံမှားသံသယ မထားလိုက်မိပါစေနဲ့၊” လို့ပြန်ပြောလိုက်တဲ့ အခါ၊

မင်းတြားကြီးခများ မျက်လုံးတွေပြူမျက်ဆံတွေလန်ပြီး အံ့သြလွန်းလို့”အိုး လူတွေမှာ ဒီလို မေတ္တာကရုဏာသည်းခံခြင်းတွေနဲ့ ပြည့်စုံတာ မတွေ့ဖူးပါလား၊ ထူးဆန်းပေစွတကား၊အရှင် သမင်မင်း ထတော်မူပါ၊ အရှင်သမင်မင်းကော အဲဒိ ကိုယ်ဝန်ရှိနေတဲ့ သမင်မလေးကော ဘေးမဲ့ပေးတော်မူပါတယ်၊

မင်းကြိး ကျွန်တော်မျိုးတို့ သမင်းနှစ်ကောင်ပဲ ဘေးမဲ့ ပေးမှာလား
ကောင်းပါပြီ  သမင်မင်းရယ်ဟောဒီဥယျာဉ်ထဲက သမင်းတွေအားလုံးကိုလဲ ဘေးမဲ့ ပေးပါတယ်။
မင်းကြီး ဒီဥယျာဉ်ထဲက သမင်တွေတင်ပဲလား
ကောင်းပါပြီး သမင်မင်းရယ် တခြားသတတ္တ၀ါတွေကိုလဲ ဘေးမဲ့ပေးပါတယ်စသည် စသည်ပြောကြားရင်း မင်းတြားကြီးလဲ အသိတရားဝင်၊ သတိတရားကပ်ပြိး မင်းကျင့်တရားနဲ့အညီမင်းလုပ်အုပ်ချုပ်ပါတော့တယ်၊

(၆)

စာဖတ်သူရေ ဇာတ်လေးက ပြီးသွားပေမယ့် တွေးစရာတွေက အများကြီးကျန်နေခဲ့ပါသေးတယ်၊ သူတော်ကောင်းကြီးများနဲ့ အတူနေထိုင်ရတာဟာ အသက်အန္တရာယ်လဲကင်းပါလား၊သူတောင်ကောင်းကြိးများကို မှီခိုပြီး သတ္တ၀ါတွေချမ်းသာရပါလား၊ “သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းအပေါင်းကိုယ့် ကြောင့် အေးစေသောဝ်”ဆိုတာ ဒီလို သူတော်ကောင်းကြီးတွေပါးစပ်ဖျားက စီးဆင်းကျလာတဲ့စမ်းရေ စကားတွေဖြစ်လိမ့်မယ်လို့လဲ အတွေးနယ်ချဲ့နေမိပါ သေးတယ်၊

တကယ်လို့များ စာရေးသူကိုများ တစ်ယောက်ယောက်က သူ့အစား အသက်သေခံဖို့သွားပေးပါလို့ လာပြောခဲ့ရင် ---
ဘယ်လိုဖြေရမလဲ
ဘယ်လိုဆင်ခြေပေးရမလဲ
ဘယ်လိုဖြေသိပ်မှုမျိုးပေးရမလဲ
ဘယ်လိုများ
ဘယ်လိုများနဲ့ အကြောင်းပြချက်တွေ ရှာနေမိမလားလဲ တွေးမိနေပါသေးတယ်
 

 စာဖတ်သူဆိုရင်ရောအဲဒီနေရာကို တစ်နေ့နေ့မှာ ရောက်ခဲ့ရင် ဘယ်လိုအဖြေ ရှာမလဲ သိချင်နေမိပါတယ် ။ ။

ကျမ်းကိုး
ဇာတကပါဠိ
ဇာတက အဋ္ဌကတာ (၁)
Jataka Tales Of the Buddha An Anthology
( Ken and Visakha KaWasaki)

ရွှေမန်းသား အရွင္အကုၤရ

No comments:

Post a Comment