Monday 23 February 2015

နွေမက်စေ့




+++++++++++++++++
နွေသည် ရုတ်တရက်
လေရူးနဲ့အတူ
ကျွန်တော်ခေါင်းပေါ်မှာ ထိုးကျလာသောအခါ
အလွမ်းသည်
ရင်ဘတ်ထဲမှ
ညင်ညင်သာသာ ထခုန်ကလေသည်
ကျွန်တော်ပုထုဇဉ်ဖြစ်ကြောင်းလက်မှတ်တစ်ခုကို
အချစ်က ချောင်ချိုချောင်ကြားက
လှောင်လှောင်ပြောင်ပြောင်
ရယ်သံဖြင့် ဟားတိုက်လေပြီ
ရွက်ဝါတွေကြွေလေပြီ
နေသည် အရှိန်တောက်တောက်အောက်
ခမောက်မဆောင်းမိသော နှလုံးသားလေးခမျာ
အပူရှပ်မှာ စိုးရိမ်ရ၏
ဘာပဲဖြစ်ဖြစ် ပန်းတွေမြိုင်မြိုင်ဆိုင်ဆိုင်ပွင့်ကြတော့မည်
ဥသြငှက်တို့ တေးဆိုတော့မည်
ပိတောက်ရွှေဝါတို့ ရာသီအညီ
ရွှေရည်သန်းတော့မည်
အလွမ်းကို မထုပ်ပိုးထားသောသူတွေအတွက်
နွေသည် လွမ်းစရာကောင်းနေပေလိမ့်မည်။ ။
×××××××××××××××××××
သစ္စာမိုးဝေ


Monday 2 February 2015

ဆန်ခဲ့သည့်ရေ




(၁)

ဆံပင်ဖြူတွေ××××တစ်ခါပြန်နက်ဖို့××××ဘယ်လောကီ×× လူ့ပညာမတတ်နိုင် စွမ်းသာ၊××× လောက ဓမ္မတာ ××မွေးဖေရဲ့ မြတ်ကျေးဇူးတွေ××××မွေးမေရဲ့ မြတ်ကျေးဇူတွေ ဆပ်လို့ ×××မကုန်ဘူး××××နားခိုဖို့ ရင်ခွင်×× နွေးထွေးတဲ့ မေတ္တာ×× ငတ်ခဲ့သူ တစ်ယောက်မှာ ×××ရှားသဲလွန်စနောက်××လိုက်ဦးမယ့် မိဘ နှစ်ပါးကို×× တွေ့ရင်တော့ ရှိသမျှအားနဲ့×××လုပ်ကျွေးမယ်လို့×××× ရေဆိုတာ စုန်ဆင်းမြဲ×××ရေဆို တာ ဆန်ရိုးမရှိတယ်×× ပြောပေမယ့်လည်း×××

(၂)

နာရီကြည့်လိုက်တော့ မနက်လေးနာရီရှိသေးသည်၊ ကားဂိတ်ဆင်းရမယ့် အချိန်က စောနေသေးသည်၊ ရွာက အမေ့ဆီပြန်ရမယ်ဆိုတော့ အိပ်ယာက စောစောနိုးဖြစ်နေသည်၊ ဘေးဝဲယာကို ကြည့်လိုက်တော့ ဦးစန္ဒောတို့ ကိုရင်သောမတို့က အိပ်ကောင်းနေဆဲ၊ ဘုံ လောင်းဆွမ်းခံကြွကြမယ့် ရှင်သာမိနဲ့၊ ရှင်ဝေပုံတို့နှစ်ပါးကတော့ ထသွားကြလေပြီ၊

ကျောင်းခေါင်းရင်းက လ္ဘက်ရည်ဆိုင်က ကြာနီကန်ဆရာတော် ပဌာန်းတရားတော်အသံ က ကျယ်လာလိုက်တိုးသွားလိုက် အိပ်ကောင်းသော ဒီလို စာမေးပွဲတွေအပြီး စာဝါတွေ ရပ်ထားသောအခါမျိုးတွင် ဘယ်သူမှ အိပ်ယာက စောစောမထချင်၊ သူသာ အမေ့ရွာပြန်မှာမို့

အမေကို တွေ့ချင်တာမို့ စောစောထ ဖြစ်နေသည်၊ ကျောင်းတိုက် တစ်ခုလုံးက တိတ်ဆိတ်နေ သည်၊
သူဖြေးဖြေးချင်း အထုတ်တစ်ထုတ်ကို လက်ကကိုင်ပြီး တစ်ထုတ်ကို ကျောမှာလွယ်ပြီး လှေကားအတိုင်း ဆင်းလာသည်၊ လှေကားအဆုံးတွင် အိပ်နေသော ဂျက်ကီက သူ့ခြေ ထောက်ကို လာပြီးအနံ့ခံကြည့်နေသေးသည်၊ လူစိမ်းမဟုတ်မှန်း သိမှ အသာအယာ သူ့နေရာ ပြန်သွားခွေနေသည်၊

အပြင်ဘက်တွင် ရောင်နီက နဲနဲသမ်းစပြုလာပြီ၊ မခို့တရို့ တိမ်ညို့ညို့တို့က ဟိုတစ်ကွက် သည်တစ်ခု အဖြူအပြာ အ၀ါအရင့်နဲ့ ခပ်ဆင့်ဆင့် လေမှာလွင့်နေသည်၊ တောင် လေတို့က မင်းမူစပြုပြီထင်၊ ကျောင်းကွင်းအလည် ဗန်ဒါပင်က ရော်ရွက်တို့က တဖြုတ်ဖြုတ် တလှုပ်လှုပ်နဲ့ ပထီမြေမဟီပေါ် ခုန်းဆင်းနေကြလေပြီ၊

ကျောင်းပေါက်အထွက်တွင် အိပ်ချင်မူးတူဖြစ်နေသာ ကိုမော်ကြီးကို ဆိုက္ကားပေါ်က အသာနိုးရသည်၊

“ကဲ ကိုမော်ကြီး ကားကြီးကွင်းကို နင်းဗျာ၊”
“တင်းပါး တင်းပါး၊”
“မြန်မြန်လေးဗျာ၊ အစောကား မှီချင်လို့ စောစောထလာတာ၊”
“စိတ်ချပါ ကိုယ်တော်။”

(၃)

ကျွိ----------ကျွိ၊ ကိုမော်ကြီးက သူ့ဆိုက္ကားကို ဘရိတ်အုပ်လိုက်သည်၊
“ဟေ့ ရေဦးကား တွေရှိသေးလား ထွက်ကုန်ပြီလား၊” “နံတ်ဝမ်းကားတော့ အခုနလေးတင် ထွက်သွားတယ် ၊ နောက် တစ်ဆီက နာရီဝက်နေရင်လာမယ် ခဏစောင့်လိုက်ပါ၊”
ကိုမော်ကြီးကမေး၊ ရေဦးကားဂိတ်မှူးက အဖြေကြောင့် သူအစောရောက်ချင်နေသော သူ့ရွာလေးကို နောက်ကျပြီး နေလည်မှ ရောက်တော့မည်ဆိုတာ သူအလိုလိုတွက်ချက်မိသား ဖြစ်နေပြီ၊

“ကိုမော်ကြိးရော့ဗျာ၊ ဆိုက္ကားခ၊ ကျုပ်ဒီနားက စောင့်နေလိုက်မယ်၊ ခင်များ ပြန်လို့ရပြီ”၊
“တင်းပါး တင်းပါး၊ ဒါဆိုရင် တပည့်တော် လစ်ပြီ ဘုရား”
ရေဦးကားသည် ဂိတ်မှူးပြောသလိုပင် နာရီဝက်နေမှ ရောက်လာသည်၊ ကားရောက် ရောက်ချင်း၊ “ ဘုန်းဘုန်း တစ်ပါး လိုက်မယ်ဟေ့၊ ရှေ့ခန်းက နေရာပေးလိုက်”

စပါယ်ရာက သူကိုရှေ့ခန်းမှာ နေရာပေးသည်၊ ကားနောက်ခန်းတွင်လဲ လူက သိပ်မပါ၊ စောသေးလို့ထင်သည်၊ နာရီဝက်လောက်ကြာတော့ ကားလေးသည် ကားကွင်းကနေ စထွက် သည်၊ တဖြေးဖြေး စစ်ကိုင်း အုန်းတောစတာတွေ ကျော်လာသည်၊ ညောင်းပင်ဝန်းမှာ ခန ထမင်းစားနားသေးသည်။

(၄)

“ရေဦး ရေဦးလိုက်မလား လိုက်မလာ နောက်မှာ အချောင်ကြီး ၊ ကပြီးလိုက်လို့ ရတယ်နော်၊” ကားစပါယ်ယာက လူခေါ်နေသည်၊ အပြင်ကိုလှမ်းကြည့်လိုက်တော့ မြို့လည်က နာရီစဉ်ကြီးကိုမြင်နေရသည်၊ ဒါဆို မုံရွာရောက်နေတာ သေချာသည်၊

မကြာခင် နောက်ထပ် နှစ်နာရီလောက် စီးလိုက်လျှင် ရွာကိုရောက်တော့မည်၊ အမေနဲ့ တွေ့ရတော့မည် ၊ အတွေးထဲ ပျော်နေသည်။

“ ကား ဆရာလိုက်ဦးမယ် နေပါဦး၊”
တမာတန်းကျော်ကျော်မှာ လူနှစ်ယောက်က လက်ပြတားသည်၊ သေချာကြည့်မှ ရွာက အောင်ရွှန်းတို့ လင်မယားဖြစ်နေသည်။ “ ဟေ့ အောင်ရွန်း မင်းတို့ ဘယ်က ပြန်လာတာလဲ ရွာကိုပြန်မလို့လား”

“တင်းပါ ကိုယ်တော် ကျောက္ကာဘက် ပြန်လာတာ ဘုရား ” “ကိုယ်တော်ကော ရွာပြန်လာတာလား၊”
“ ဟုတ်တယ် ကွ၊ အမေက မျှော်နေတယ်ပြောလို့လေ၊ ဒီနှစ်သင်္ကြန်မှာ အမေ့ကိုရော ရွာက

လူတွေကိုရော တရားဟောမလို့ကွ၊ စာမေးပွဲပြီးကတည်းက တရားကောင်းကောင်း တစ်ပုဒ်ကို သေချာကျက်ထားတယ်၊”

“ ကဲကဲ စကားနောက်မှ ပြောကြတာပေါ့ဗျာ၊ ကားထွက်ရအောင် အပေါ်တက်ကြပါ၊”
စပါယ်ရာက လောဆယ်မှ အောင်ရွှန်းတို့လင်မယား ကားပေါ်တက်လာသည်၊ သူနဲ့ အောာင်ရွှန်းတို့လင်မယားက အလှမ်းဝေးသွားတော့ စကားတွေက ကြားတစ်ချက် မကြားတစ်ချက်၊

“ ကိုယ်တော်ကသာ တရားဟောဖို့ ပြင်လာတာ ကိုယ့်တော် မယ်တော်ကြီးက တပေါင်းလက---------“

အောင်ရွှန်းမိန်းမ မယ်ခင်ပြောသော စကားတွေက ကြားတစ်ချက် မကြားတစ်ချက်၊ ပြန်မေးဖို့ကလဲ အလှမ်းက ကွာနေတော့ ခပ်ခက်ခက်၊

“မိန်းမ ------“
အောင်ရွှန်း ပါးစပ်က မိန်းမဆိုသော ခပ်ငေါက်ငေါက်ပြောလိုက်သော အသံကလွဲ၍ ကျန်တဲ့ အသံတွေက ဝေေ၀၀ါးဝါး၊
“အော် ဦးဇင်း အေးအေးဆေးဆေး ကားစီးပါ ဘုရား တပည့်တော်တို့ ရွာရောက်မှ စကားပြောကြတာပေါ့”

“အေး အေးပါ ၊ ငါလဲ မင်းတို့နဲ့ တွေ့လို့ ပျော်နေတာ၊ စကားတွေ အများကြီးပြောချင် နေတာ၊ ရွာရောက်ရင် အမေကိုလဲ စကားတွေအများကြီးပြောပြီး တရားတွေလဲ ဟောချင် သေးတာကွ၊”

“ပြောရမှာပေါ့ ဘုရား၊ မနှစ်ကတောင် ကိုယ့်တော်အမေက ကိုယ်တော်ဝယ်ပေးလိုက်တဲ့ ယောဂီလုံချည်လေးကို ဥပုသ်သီတင်းတိုင်း ၀တ်ပြိး

သီလစောင့်နေတာ၊ နောက်ပြီး ငါ့သား ဦးဇင်းက ၀ယ်ပေးတာ ၀ယ်ပေးတာနဲ့ လူတကာကို ပြောပြာပြီး ၀မ်းသာနေတာ၊ အခု ဦးဇင်း ကိုယ်တိုင် ပြန်ကြွလာတာ သိရင် ပိုဝမ်းသာမှာပေါ့ ဘုရား”

အောင်ရွှန်းက ယောဂီလုံချည်လို့ပြောမှ အမေကို ပြေးမြင်ယောင်လာသည်၊ အမေသည်၊ အဲဒီတုန်းက သူကမလှူရပဲ သားဦးဇင်းက လုံချည်ဝယ်ပေးလို့ဆိုပြီး ၀မ်းသာမျက် ရည်တွေ စီးကျလို့၊

“အာ အမေကလဲဗျာ။ ရဟန်းတော်တွေဆိုတာ အမေမိဘကို လုပ်ကျွေးကောင်းပါတယ်” လို့ နားချပြီိး တရားပြမှ အမေ့မျက်ရည်တွေက ခနအကျရပ်သွားသည်။
အခုတခါ အမေနဲ့ ထပ်ပြီး တွေ့ရမှာမို့ ဘယ်လိုတရားတွေနဲ့ နားချရပါ့၊ တွေးရင်း တွေးရင်း

ကားလေးက ဘုတလင်ကို ချင်းနင်းဝင်လာပြီ၊ မကြာခင် ရွာရောက်တော့မည်။ အမေနဲ့ တွေ့ရတော့မည်၊ စိတ်ကူးနဲ့ ပျော်မြူးနေရပြီ၊

(၅)

“အုတ်ဖိုလမ်းခွဲပါတယ် ဆရာရေ၊” “ကျွိ---ကျွိ” ကားက လမ်းဆုံးနေရာလေးတွင် ရပ်ပေးသည်၊
သူက ရှေ့ခေါင်းက ဆင်းလေပြီ၊ နောက်က အောင်ရွှန်းတို့ လင်မယားကလဲ ကားပေါ်က ဆင်းလာပြီ၊

သူသည် အောင်ရွှန်းတို့လင်မယားကို မစောင့်တော့ပဲ “ကဲ ငါသွားနှင့်မယ်ကွာ အမေမျှော်နေမှာစိုးလို့၊ မနက်က အစောကားနဲ့ ပြန်လာမယ်လို့ စာရေးထားတာ အစောကားမမှီးလို့ အခုနောက်ကျနေတာ၊”

အောင်ရွှန်းတို့ လင်မယားက မျက်နှာထားကို အတိတ်နိုင်ဆုံးပြုံးလျှက် သူ့ကို “တင်းပါး တင်းပါ” လို့ လျှောက်ကြားလိုက်ကြသည်၊ သူသည် ခပ်သုတ်သုတ် ရွာဘက်ဆီကို မျက်နှာမူလျှက် မပြေးရုံတမယ် ခြေလှမ်းကျယ်ကျယ်ဖြင့် လှမ်းနေလေပြီ၊ ။

အောင်ရွန်း အမျိုးသမီးကတော့ ကားပေါ်တွင် သူပြောလိုက်သော စကားသာ ဦးဇင်း လေးသေသေချာချာကြားမိပါက အခုလို ပျော်နိုင်မှမဟုတ်ဟု အတွေးစတွေဖြာလျှက် လေးလေး ပင်ပင် ဦးဇင်းလေးနောက်က ခွါလျှက် ရွာဆီကို လျှောက်လာနေကြသည်၊

ကားပေါ်တွင် အောင်ရွန်းအမျိုးသမီးပြောလိုက်သော စကားမှာ အခြားမဟုတ် “တပေါင်းလပြည့်နေ့ ညနေက ခွေးရူးကိုက်လို့ ဦးဇင်းမယ်တော် ဆုံးသွားပြီ ဘုရား” ဆိုသော စကားပင် ဖြစ်လေသည်၊ ။ ။

အခုလို မကြားလိုက်တာပင် ခပ်ကောင်းကောင်းဟု စိတ်ထဲက စိတ်မကောင်းခြင်းတွေနဲ့ ဦးဇင်းလေး ရွာရောက်သွားလျှင် ခံနိုင်ရေ ရှိပါစေဟု အောင်ရွှန်းတို့ လင်မယား ဆုတောင်း နေကြသည်၊ ရွာဘက်က လော်စပီကာမှ သီချင်းသံအတစ်သံ ထွက်လာသည်၊ ဗိုဖြူရဲ့ ဆန်ရေ သီချင်းပင်ဖြစ်နေသည်၊ အော် တိုက်တိုက် ဆိုင်ဆိုင်။ ။

ဆံပင်ဖြူတွေ××××တစ်ခါပြန်နက်ဖို့××××ဘယ်လောကီ×× လူ့ပညာမတတ်နိုင် စွမ်းသာ၊××× လောက ဓမ္မတာ ××မွေးဖေရဲ့ မြတ်ကျေးဇူးတွေ××××မွေးမေရဲ့ မြတ်ကျေးဇူတွေ ဆပ်လို့ ×××မကုန်ဘူး×××× နားခိုဖို့ ရင်ခွင်×× နွေးထွေးတဲ့ မေတ္တာ×× ငတ်ခဲ့သူ တစ်ယောက်မှာ ×××ရှားသဲလွန်စနောက်××လိုက်ဦးမယ့် မိဘ နှစ်ပါးကို×× တွေ့ရင်တော့ ရှိသမျှအားနဲ့×××လုပ်ကျွေးမယ်လို့××××ရေဆိုတာ စုန်ဆင်းမြဲ××× ရေဆိုတာ ဆန်ရိုးမရှိတယ်×× ပြောပေမယ့်လည်း×××

+++++++++++++++++++++++++++++++++++++
ရွှေမန်းသား အရွင္အကုၤရ