Friday 31 January 2014

နွယ်ရှင်

 
အို-နွယ်ရှင် သင်သွားလိုရာ
သွားသာ သွားပါ
သင်တွယ်လိုရာ တွယ်သာ တွယ်ပါ
သင် ရစ်ပတ်ချင်ရာ ရစ်သာ ရစ်ပတ်ပါ

အို- နွယ်ရှင်
အထက်ကိုသာ
ထိုးစိုက်မတ်ကာ ထိုးထွက်ပါ

အို- နွယ်ရှင် မိုးထက်ဝဠာ
အာကာ ဟင်းလင်း မှီခိုကင်းမှာ
သင်ဟာ တစ်နေ့
ညွှတ်ကျခွေပြောင်း
မလဲလျောင်းရဖို့
တောင်းဆုတစ်ခု
ထပ်မံပြုလိုက်ရပါတယ်

အို-- ဘယ့် နွယ်ရှင်
သင် ဆက်လက် အသက်ရှင်ပါစေ။

အောင်မိုးသစ်

Saturday 18 January 2014

ဟန်ဆောင် မျက်နှာဖုံး

တစ်ခါ တစ်ခါ
လူဟာ မျက်နှာဖုံးနဲ့
ပြုံးနေရဲ့
တစ်ခါ တစ်ခါ
လူဟာ မျက်နှာဖုံးနဲ့
ငိုနေရဲ့

တစ်ခါ တစ်ခါ လူဟာ
မာယာ ရီ ပြုံး
လုံးလုံးကင်းကွာ
ဘယာမရှိ
ပကတိလေ

မျက်နှာဖုံးမပါ
ဗလာသက်သက်
စိတ်သက်စေရာ
လိုက်ပါလုပ်ရင်း
အချင်းချင်း ချစ်ကြည်
ရီစရာတွေအပြည့်
ကမ္ဘာသာယာသောနေ့ ။

ဒါပေမယ့် လူ
အပူအပြည့်
အငွေ့ဝေေ၀
ငွေနောက်လိုက်ရင်း
ဂုဏ်နောက်လိုက်ရင်း
စိတ်ရင်းကွာကျ
ပကာသနနဲ့ပျော်
တစ်ခုခု လွဲချော်မှာ
ကြောက်တာနဲ့ပဲ

တစ်ခါမက
နှစ်ခါမက
(ဟန်ဆောင်တတ်ဖို့)
အဲဒီအချိန်ကစ
မျက်နှာဖုံးကို
မက်မဆုံးဖြစ်
တစ်သက်လုံး
ဖုံးအုပ်ထားလိုက်မိတော့ တယ်။ ။

ရွှေမန်းသား အရှင်အကုင်္ရ

Tuesday 7 January 2014

ဒုက္ခသစ္စာ



ထွက်သွားပြီဆိုမှ
လက်က လှမ်းတားနေချင်သေးတယ်
ဝေးဝေးကို ပြေးတာဆိုရင်လဲ
ဖြေသာတာပ

အခုကြတော့ နီးလျှက်နဲ့ဝေး
ငေးနေရုံပဲလေ ။

ဘ၀က ခါးလွန်းပါတယ်
နေ့တိုင်း သောက်နေကြ ကော်ဖီတစ်ခွက်လို
ဘာဆို ဘာမှ မမျှော်လင့်တတ်အောင်
သင်ယူဖို့ မေ့လာခဲ့တယ်

ဟောဒီ လောကီဇာတ်ဝင်ခန်းမှာ
မခေါ်ပဲနဲ့ ရောက်လာကြ
မနှင်ပဲနဲ့ ပြန်သွားကြ
ထုသား ပေသာမကျတဲ့
အလွမ်းဇာတ်ကားကြီးပဲ
ခဏခဏ ရိုက်နေရတာ
နှလုံးသားလေးခမျာ
သနားစရာ ဇာတ်တွေနာ

ကွာ ကွာကျနေတဲ့ အနာဟောင်းက
အမာရွတ်တက်ဖို့မလွယ်

နှုတ်ဆက်လိုက်ပါတယ်
ညီမလေးရယ်
ဘ၀တွေက
ခြားပြီပဲ ။ ။

အောင်မိုးသစ်

မျက်ရည် မြစ်ချောင်းများ အကြောင်း

(၁)
နှုတ်ဆက်ခွဲခွါတိုင်း ဘူတာရုံများ၊ ကားဂိတ်များတွင်
မျက်ရည် မြစ်ချောင်းများ စီးမျောလေ့ရှိသည်ဟု ကျွန်တော်က ကျွန်ဘာသာ
မှတ်စုစာအုပ်လေးထဲတွင် ကောက်ချက်ချမိထားသည်၊

(၂)
အသက်ကလေး အနဲငယ်ရလာတော့ မျက်ရည် မြစ်ချောင်းများက စီးကျသော
မျက်ရည်သည် ဆေးဘက်ဝင်သည်ဟု ဖတ်မိဖူးသည်၊ မြတ်စွာဘုရားရှင်ကတော့
စီးမျောခဲ့ဖူးသော မျက်ရည်မြစ်ချောင်းများဟာ သမုဒ္ဒရာမက ကျယ်ပြောသည်ဟု မိန့်တော်ခဲ့သည်၊

(၃)
တကယ်တော့ ကျွန်တော်တို့ တစ်တွေဟာ မျက်ရည်ကျချင်သူများ မဟုတ်ပါ၊
စင်စစ်တွင် မျက်ရည်များသည် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် သွေးစစ်စစ်တွေ ဖြစ်နေ လျှင် ငိုလိုက်တဲ့ အချိန်တိုင်းဟာ ကျွန်တော်တို့ကိုယ်တိုင် ကိုယ့်သွေးတွေကို အလကား သွန်ချပစ်နေပါရောလား၊ ဟုတ်ချင်လဲ ဟုတ်နိုင်ပါသည်၊ မဟုတ်ချင်လဲ မဟုတ်နိုင်ပါ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်၊

(၄)
ကျွန်တော်တို့တစ်တွေဟာ မွေးဖွားစဉ်ကလဲ ငိုခဲ့ကြပါသည်၊ ရှင်သန်နေချိန် အခိုက် အတန်လေးမှာလဲ ချစ်လို့လဲ ငိုခဲ့ဖူးပါသည်၊ မုန်းလို့လဲ ငိုခဲ့ဖူးသည်၊ ၀မ်းသာလို့ လဲ ငိုခဲ့ဖူးပါသည်၊ ၀မ်းနည်းလို့လဲ ငိုခဲ့ဖူးပါသည်၊ အရင်ကလဲ ငိုခဲ့ဖူးသည်၊ အခုလဲ ငိုနေသည်၊ နောင်လဲ ( အမှန်တရားနဲ့ လမ်းလွဲနေသမျှ) ငိုဖို့ ရှိနေဦးမည်၊
ငိုလိုက်တဲ့ မျက်ရည်တွေသည် ဆေးဖက်ဝင်နေလျှင် ကိစ္စမရှိ၊ သမုဒ္ဒရာကြီးထဲက ရေငန်တွေလို သောက်လို့လဲ အဆင်မပြေ သုံးလို့လဲ မဖြစ်လျှင် ကျွန်တော်တို့ ဘာလုပ် ကြမလဲ။ ။

အောင်မိုးသစ်