Friday 17 May 2013

သဗ္ဗမင်္ဂလာ ဂါထာ ရွတ်ရုံဖြင့် ဆုတောင်း ပြည့်ပါသလား

အရှင်ဘုရား ဒိဝါဒိပတိအာဒိစောဆိုတဲ့ဘုရားစာကိုလူတွေကလာဘ်ရွှင်ဂါထာအဖြစ်ရွှတ်ကြ ပါတယ်တဲ့

နေမင်းကြီးသည်နေ့အခါတွင်တင့်တယ်ပါ၏
လမင်းကြီးသည် ညအခါတွင်တင့်တယ်ပါ၏
ရဟန်းန္တာသည် ဈာန်သမပတ်ဝင်စားသည့်အခါတင့်တယ်ပါ၏
ရေမြေ့သခင်ဘုရင်မင်းမြတ်သည် မင်းဝတ်တန်ဆာဝတ်စားမှတင့်တယ်ပါ၏
ဘုရားရှင်သည် နေ့ရောညပါအခါခပ်သိမ်းတင့်တယ်ပါ၏
ဆိုတဲ့ဂါထာကိုရွတ်ပြီးလူတွေဂါထာအပြီးမှာ

ဤမှန်သောသစ္စာစကားကြောင့်တပည့်တော်ဘာဖြစ်ပါစေ၊ညာဖြစ်ပါစေဆိုပြီးသူတို့လိုရာဆုတောင်းကြတယ်
မိမိကိုယ်တိုင်ကြိုးစားးထုတ်မှုမရှိဘဲဒီလိုသစ္စာဆိုပြီးဆုတောင်းတိုင်းပြည့်ပါသလား
အရှင်ဘုရား။ ။

ဒီဂါထာကဘာအတွက်မြတ်စွာဘုရားရှင်ကဟောကြားထားတာလဲအရှင်ဘုရား
တပည့်တော်မမေးခွန်းတွေကအမှားပါရင်ခွင့်လွှတ်ပါဘုရား

ms.khn thet swe


ဒကာမကြီးမေးတဲ့ မေးခွန်းထဲက ဒိဝါတပ္ပတိအစဖြာတဲ့ ဂါထာဟာ မြတ်စွာဘုရား   ရှင် သာဝတ္ထိမြို့တော်က ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေစဉ်ဟောကြားထား တာပါ၊ တစ်နေ့သော အခါမှာ အရှင်မဟာကပ္ပိနလို့ ခေါ်တဲ့ တန်ခိုးအရမ်းကြီးတဲ့ ရဟန်းတော်တစ်ပါးဟာ မြတ်စွာ ဘုရား ထံပါးကို လာနေတာကို မြတ်စွာဘုရားက အဝေးက မြင်တော်မူပါတယ်၊ အဲဒီလို မြင်တော်မူတော့ မြတ်စွာဘုရားက တခြားရဟန်းတော်များကို ခေါ်တော်မူပြီး

“ရဟန်းတို့ ကြည့်ကြစမ်း၊  တန်ခိုးကြီးတဲ့ အာနုဘော်ကြီးတဲ့ မဟာကပ္ပိနလာနေတယ်၊ ဟောဒီမဟာကပ္ပိန ရဟန်းဟာ လူ့ဘောင်ကို ခွါရှောင်ပြီး ရဟန်းပြုလာတဲ့ အတွက်ကြောင့် အရဟတ္တဖို အကျိုးကို အခုမျက်မှောက်ဘ၀မှာတင် ခံစားစံစားရတယ်” မြတ်စွာဘုရားက ရဟန်းတွေကို မိန့်ကြားပြီး  မြတ်စွာဘုရားက ရဟန်းတော်တွေကို
'ခတ္တိယော သေဋ္ဌော ဇနေတသ္မိံ၊ ယေ ဂေါတ္တပဋိသာရိနော။
 ဝိဇ္ဇာစရဏသမ္ပန္နော၊ သော သေဋ္ဌော ဒေဝမာနုသေ။

 ''ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာဘာတိ စန္ဒိမာ။
 သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။
 အထ သဗ္ဗမဟောရတ္တိံ ဗုဒ္ဓေါ တပတိ တေဇသာ'' ဂါထာ နှစ်ပုဒ်ကို ဆက်လက်ဟောကြား ခဲ့တာပါ၊ ၊

အပေါ်က ဂါထာရဲ့ အဓိပ္ပါယ်လေးကတော့ လူပေါင်းမှာ မင်းမျိုးဟာ အမြတ်ဆုံးဖြစ်ပါတယ်၊ လောကုတ္တရာနယ်ပယ်မှာတော့ ၀ိဇ္ဖာစရဏနဲ့ ပြည့်စုံသူဟာ အမြတ်ဆုံးဖြစ်ပါတယ်တဲ့၊

 အောက်က ဒီဝါတပ္ပတိဂါထာ အဓိပ္ပါယ်ကတော့ ဒကာမကြီး သိပြီးသားဖို့ ထပ်မပြော ပြတော့ပါဘူး၊

မြတ်စွာဘုရားဟောကြားထားတာကတော့ ဒီလောက်ပါပဲ၊ ဘာအကျိုးရမယ်၊ ဘယ်လို မင်္ဂလာတွေရမယ်၊ ဆုတောင်းပြည့်မယ်လို့ မပါပါဘူး ၊ မြတ်စွာဘုရား ဆိုလို ရင်းကတော့ နေမင်းကြီးဟာ နေ့အခါမှာသာ တင့်တယ်နိုင်တယ်၊ ညရောက်ရင် မတင့်တယ်နိုင်တော့ဘူး၊ လမင်းကြီးဟာလဲ ညအခါမှာသာ တင့်တယ်ထွန်းလင်းနိုင် တယ်၊ နေ့အခါမှာ မတင့်တယ်နိုင်တော့ဘူး၊ ဘုရင်မင်းများကြတော့ မင်းဝတ်တန်ဆာ ဆင်ယင်ထားမှ တင့်တယ်နိုင်တယ်၊ ရဟန္တာအရှင်မြတ်များကြတော့ ဈာန်သမာပတ်တွေ ပွားများနေမှ တင့်တယ်နိုင်တယ်၊ အဲဒီလို မှမဟုတ်ရင် မတင့်တယ်နိုင်ပါဘူးတဲ့၊

အဲဒါပေမယ့် မြတ်စွာဘုရား သခင်ကတော့ နေ့ရောညရော အချိန်အားလုံးမှာ တင့်တယ်နိုင်ပါသတဲ့။ ။
ဆိုတဲ့ အဓိပ္ပါယ်ကို ရဟန်းတော်များသအောင် ဟောကြားထားတာပါ၊ ပြောရရင် ရဟန်းတော်တွေ၊ တရားအားထုတ်သူတွေ အအားမနေကြပဲ ဈာန်သမာပတ်များ နေ့စဉ်ပွားများ အားထုတ်နေကြဖို့ တိုက်တွန်းတဲ့ တရားဂါထာ ပါဠိလို့ ပြောရင် ပိုပြီး မှန်မယ်ထင်ပါတယ်၊

အခုဒီဂါထာကို သဗ္ဗမင်္ဂလာဂါထာလို့ နာမည်ပေးပြီး လူတော်တော်များများ ရွတ်ဖတ် နေကြတာကလဲ အကြောင်းရှိပါတယ်။ အဲဒိအကြောင်းလေးကို ဆက်ပြောပြရရင်  ရှေးအခါက သီဟိုဠ်ပြည့်ရှင်  (ယခု သီရိလင်္ကာ) ဘာတိကမင်းကြီးလက်ထက် တနေ့မှာ ပညာရှိတဦးကို နန်းတော်သို့ ပင့်ဖိတ်ပါတယ်။ အဲဒီနောက် ပညာရှိကို ရတနာသုံးပါးနဲ့ အကျုံးဝင် ဆက်စပ်သော အောင်ခြင်းမင်္ဂလာ ဂါထာတော်တပုဒ်အား ရွတ်ဆိုချီးမြှင့်ပါရန် တောင်းပန်ပါတယ်။ အဲဒီ ပညရှိကြီးက " ဒိဝါ တပတိ အာဒိစ္စော-...အစချီ သဗ္ဗမင်္ဂလာဂါထာတော်ကို ချီးမြှင့်ခဲ့ပါတယ်။ မင်းကြီးလည်း ပိဋကတ်သုံးပုံ နှံ့စပ်သော ပညာရှိကြီးအား ဆုတော်ငွေများစွာ ချီးမြှင့်ခဲ့ပါတယ်။ ဒီအတွက်ကြောင် အဆိုပါ ဂါထာတော်နှင့်စပ်လျဉ်းပြီး နှောင်းလူတို့က လာဘ်ရွှင်ငွေဝင် ဂါထာတော်၊ ရွှေလာငွေလာ ဂါထာတော်-ဟု သတ်မှတ်ယူဆခဲ့ပြီး ယုံကြည်စွာ ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ကြပါတယ်။

အခုပြောပြခဲ့တဲ့ ဇာတ်ကြောင်းကတော့ သီရိလင်္ကာမှာဖြစ်ပျက်ခဲ့တဲ့ ဇာတ်ကြောင်း လေးပါ၊

မြန်မာပြည်မှာလဲ ရတနာပုံခေတ်ကထင်ရှားကျော်ကြားတဲ့ ရသေ့ကြီး ဦးခန္တီဟာ အခု ပြောပြခဲ့တဲ့ ဒီဝါတပ္ပတိအစဖြာတဲ့ ဂါထာကြီးကို နေ့စဉ်ရွတ်ဖတ်ပူဇော်ပါတယ်တဲ့၊ ဒါကြောင့်လဲ သူ့ရဲ့သာသနာပြုလုပ်ငန်းတွေ၊ ကျောင်းကန်ဇရပ်ဆောက်လုပ်မှုတွေဟာ အောင်မြင်တာပါလို့လဲ ယုံကြည်မှုတွေရှိနေကြပါတယ်၊

ဒီဂါထာတော်ကြီးနဲ့ ပတ်သက်ပြီး တစ်ခါသား မင်းကွန်းဆရာတော်ကြီးကို မန်လည် ဆရာတော်ကြီးကနေ “ နိကာယ်ငါးရပ်ထဲမှာ ပါဝင်သော သတင်းမွှေးကြိုင်သည့် သဗ္ဗမင်္ဂလာ ဂါထာမှာ မည့်သည့် ဂါထာဖြစ်သနည်း” လို့ မေးတော်မူတဲ့အခါ၊
မင်းကွန်းဆရာတော်ကြီးက အထက်က ဖော်ပြခဲ့တဲ့ ဒိဝါတပ္ပတိအစဖြာတဲ့ ဂါထာဖြစ် ကြောင်း ပြန်လည်ဖြေကြားတော်မူခဲ့ပါတယ်၊

ဂါထာတော်ကြီးဟာ မြတ်စွာဘုရားဟောကြားထားတာက ဒိဝါတပ္ပတိ (ပ) တပတိ တေဇသာ။ ဒီမျှသာပဲ ဖြစ်ပါတယ်၊
နောင်ကြမှ အကြီးတော်မင်း ဦးသံမှိုက အဆိုပါဂါထာတော်ရဲ့အဆုံးမှာ

တာဒိသံ တေဇ သမ္ပန္နံ၊
ဗုဒ္ဓံ ၀န္ဒာမိ အာဒရံ။ လို့ ထပ်ဖြည့်ရေးသားခဲ့ပါသေးတယ်၊ တစ်ခါ အလားတူစွာပဲ ရသေ့ ကြီးဦးခန္တီကလည်း နမက္ကာရာ နုဘာဝေန၊
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။ ----ဆိုပြီး နောက်ထပ်နှစ်ပါဒ ဖြည့်စွက် ရွတ်ဆိုခဲ့ပါတယ်။

ပြောရရင်တော့ မြတ်စွာဘုရားဟောကြားထားတဲ့ ပါဠိတော်မူရင်းများကို လိုသလို လောကီအကျိုးအတွက် အကျိုးမျှော်ပြီး ဆုတောင်းစကား၊ စာသားတွေ ထပ်ထည့် ထားတယ်လို့ ကောက်ချက်ဆွဲရမယ် ထင်ပါတယ်၊

ဆုတောင်းတိုင်းပြည့်သလားဆိုတာနဲ့ ပတ်ပြီး ဥပမာလေး တစ်ခုပေးဖြေကြည့်ချင်ပါ တယ်၊ ဆုတောင်းတိုင်းသာ လူတိုင်းပြည့်ကုန်ရင် အားလုံး ဒုက္ခရောက်ကုန်ကြမယ် ထင်ပါတယ်၊ ဥပမာ တပည့်တော်မသည် ဒီဂါထာရွတ်ဆိုရသော ကောင်းမှုကြောင့် ပြေတီဦးနဲ့ လက်ထပ်ရပါစေသားဆိုရင်  အိန္ဒြာကျော်ဇင် ဘယ်လိုနေမလဲ၊ တစ်ခါ
အိန္ဒြာကျော်ဇင်ကလဲ မကျေနပ်လို့ အစောကလို ပြည်တီဦးနဲ့ ပြန်ပေါင်းရပါစေ သားဆိုရင် ----- စဉ်းစားကြည့်စေချင်ပါတယ် ၊

အကောင်းဆုံးကတော့ မြတ်စွာဘုရားဟောကြားထားတော်မူသလို ဆုတောင်းမမှားအောင်
 နိဗ္ဗာန်ကို ဆုတောင်းပြီး ကောင်းမှုကုသိုလ်တွေလုပ်မှသာ အပြစ်ကင်းမယ်ထင်ပါ တယ်၊

နောက်ဆုံးအနေနဲ့ မြတ်စွာဘုရားသခင် အလိုတော်ကျကျပြောပြရင် မြတ်စွာဘုရား သခင်က ဂါထာတွေရွတ်ဖတ်နေတာကို အားမပေးပါဘူး၊ ကိုယ်တိုင်ကိုယ်ကျ ကျင့်ကြံ ပွားများ အားထုတ်တာကိုပဲ အားပေးတာပါ၊ ဒါကြောင့်ပြောချင်တာကတော့ သံသရာ လည်နေရာကနေ ကျွတ်လွတ်ဖို့ အရွတ်တင်မဟုတ်ပဲ ကိုယ်တိုင်ကျင့်ကြံခြင်းဆိုတဲ့ အဖတ်တွေကိုလဲ များများ ဖြည့်ကျင့်ဆည်းပူနိုင်ပါစေ လို့ ဆုတောင်းလိုက်ပါတယ်။ ။

ရွှေမန်းသား အရှင်အကုင်္ရ

ကျမ်းကိုး
သံယုတ္တနိကာယ် ဘိက္ခုသံယုတ်
ပါဠိတော်၊ အဋ္ဌကထာ၊
ရသေ့ကြီး ဦးခန္တီ၏ လာဘ်ရွှင် လာဘ်ပွား ဂါထာတော်
ဓနုဖြူ ဆရာတော်
(ရောင်ပြန် မဂ္ဂဇင်း ၂၀၁၀-နိုဝင်ဘာလ

No comments:

Post a Comment