Sunday 31 May 2015

ညီမလေး ဖတ်ဖို့ (၈) ပညာရွှေအိုး လူမခိုး

ညီမလေး ဖတ်ဖို့ (၈) ပညာရွှေအိုး လူမခိုး
****************************************************
ညီမလေးရေ ဒီတစ်ခါ ပညာသင်တာနဲ့ ပတ်သက်ပြီး ပြောပြချင်တယ်၊ ပညာသင်ရတယ်ဆိုတာ ဘ၀ခရီးလမ်းလျှောက်လှမ်းတဲ့ အခါ မမောမပန်းပဲ ရွှင်ရွှင်လန်းလန်း လျှောက်လှမ်းဖို့ရယ်။ သာသာ ယာယာ အေးအေးချမ်း ဝေဖန်ပိုင်းခြားပြီး အခက်အခဲတွေကို ရင်ဆိုင်တတ်ဖို့ ကြိုတင်ပြင်ဆင်ထားရတာလို့ ပြောရင် မှားမယ် မထင်ဘူး ညီမလေးရေ၊
ကျောင်းသားဘ၀မှာ လွတ်လပ်တယ်၊ အိမ်က မိဘတွေကလဲ ကျောင်းသားမို့ ကျောင်းသူမို့ အိမ်အလုပ်တွေ မခိုင်းပဲ အခွင့်အရေးပေးပြီးထားတာကို တခြားမှာ သွားအသုံးမချလိုက်နဲ့နော်၊ အိမ်ကိုကျတော့ ကျောင်းကို သွားတယ်လို့ပြောခဲ့ပြီး ကျောင်းက လစ်ထွက်စာသင်ခန်းက လစ်ထွက်ပြီး ပန်းခြံထဲရောက်နေတာ ကစားကွင်းထဲသွားနေတာ၊ ဂိမ်းဆော့နေတာတွေ မလုပ်ရဘူးနော် ညီမလေး၊ ကျောင်းသားဘ၀ဆိုတာ နှစ်ခါပြန်မရတဲ့ အခွင့်အရေး တစ်ခုပဲ ညီမလေး၊ ငယ်တုန်းရွယ်တုန်းမှာ တစ်ချိန်တစ်ခါသာရတဲ့ အခွင့်အရေးလေ၊ ရလာတဲ့ အခွင့်အရေးကို အကြိုးရှိရှိ အသုံးချပြီး ကိုယ့်ဘ၀တစ်လျှောက်လုံး အသုံးဝင်တဲ့ ပညာတွေ ရဖို့ ကြိုးစားပစ်လိုက်စမ်းပါ ။
"ပညာကိုဘယ်လူဆိုးတို့ယူခိုးလို့ပါပါ့မယ်။
အတတ်ကယ်အလိမ္မာနှင့်၊
ဥစ္စာဘယ်တူကြလိမ့်၊
လောကလူဝယ်။ ။
သိ,ကြား, မြင် လုံလောက်က၊
မျက်မှောက်ကယ် သည်ကိုယ်ဝယ်၊
ရလွယ်၏ ခင်ပွန်း။ ။
တမလွန် နောင်ခါကောင့်၊
မြိုက်ချမ်းသာပိုမိုမြင့်၊
ကဲဆင့်တောက်ထွန်း"
လို့ ပညာရဲ့ အရာရောက် ခရီးတွင်ပုံကို စဉ့်ပါဆရာတော်က လင်္ကာလေးနဲ့ သတိပေးခဲ့တယ်
ညီမလေးရ၊
လင်္ကာလေးဆိုလိုတာက ပစ္စည်းဥစ္စာတွေဟာ သူခိုးခိုးလို့ရတယ်၊ ကိုယ့်ရင်ထဲ စိတ်ထဲမှာ တတ်ကျွမ်းထားတဲ့ ပညာတွေကိုတော့ သူခိုးတွေ မခိုးနိုင်ဘူးတဲ့ ညီမလေးရ၊ အသိ၊ အကြား၊ အမြင်တွေနဲ့ ပြည့်စုံတဲ့ ပညာဟာ အခုလက်ရှိဘ၀မှာတင် မိတ်ကောင်း ဆွေကောင်းတွေ ရနိုင်အောင် စွမ်းဆောင်ပေးနိုင်တယ်တဲ့ ညီမလေးရေ၊
နောက်တစ်ခါ ပညာသင်ရတဲ့ အဓိက ရည်ရွယ်ချက်တွေက-----
(၁) critical thinking skill = ဝေဖန်ပိုင်းခြားသုံးသပ်နိုင်တဲ့စွမ်းရည်ရှိဖို့
(၂) decision making skill = ဆုံးဖြတ်နိုင်တဲ့ ကျွမ်းကျင်မှုရှိဖို့
(၃) problem solving skill = ပြသနာဖြေရှင်းနိုင်တဲ့ ကျွမ်းကျင်မှုရှိဖို့
(၄) creative skill = တီထွင်ကြံဆနိုင်တဲ့ ကျွမ်းကျင်မှုရှိဖို့
(၅) synthesis skill = ပေါင်းစပ်နိုင်တဲ့ ကျွမ်းကျင်မှုရှိဖို့
(၆) analytical skill = ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ ကျွမ်းကျင်မှုရှိဖို့
(၇) self-study skill = ကိုယ်တိုင်လေ့လာနိုင်တဲ့ ကျွမ်းကျင်မှုရှိဖို့
(၈) communication skill = ပြောဆိုဆက်သွယ်နိုင်တဲ့ ကျွမ်းကျင်မှုရှိဖို့
(၉) consideration skill = စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်တဲ့ ကျွမ်းကျင်မှုရှိဖို့
(၁၀) control skill = ထိန်းသိမ်းနိုင်တဲ့ ကျွမ်းကျင်မှုရှိဖို့
(၁၁) leadership skill = ခေါင်းဆောင်နိုင်တဲ့ ကျွမ်းကျင်မှုရှိဖို့
(၁၂) management skill = စီမံခန့်ခွဲနိုင်တဲ့ ကျွမ်းကျင်မှုရှိုဖို့ ဆိုတဲ့ အချက်တွေနဲ့ ပြည့်စုံဖို့ ပဲဖြစ်တယ် ညီမလေးရ၊
ပညာမသင်ထားတဲ့ လူတစ်ယောက်ဟာ ပြောပြခဲ့တဲ့ အချက်တွေနဲ့ ပြည့်စုံဖို့ ခဲယဉ်းပါတယ် ညီမလေးရေ၊ ဒါကြောင့် ညီမလေးက ငယ်တုန်း အချိန်ရှိတုန်းမှာ ပညာကို ကြိုးကြိုးစားစားသင်နော်၊ အမှတ်ကောင်းကောင်းရအောင်လဲ ကြိုးစားနော် ညီမလေး၊
ငယ်စဉ်အခါက ပညာမကြိုးစားခဲ့လို့ ကြီးတဲအခါ အဆက်အခဲတွေနဲ့ ရင်ဆိုင်ရပြီး အိမ်မှာခိုင်းတဲ့ အခိုင်းစေတွေက ပစ္စည်းတွေ ညာယူသွားခံရ စီးပွားရေး မလုပ်တတ်လို့ ဆင်းရဲသွားတဲ့ ကုဋေရှစ်ဆယ် သူဌေးသားလေးဆိုတာ ရှိခဲ့ဖူးတယ် ညီမလေးရ။
ဒီလို ညီမလေးရ အဲဒီသူဌေးသားလေးဟာ ငယ်ငယ်လေးကတည်း မိဘတွေကလဲ ချမ်းသာတော့ အစစအရာရာ အလိုလိုက် အကြိုက်ဆောင်ပေးထားတာပေါ့ ၊ ပညာသင်ရင် သူတို့သား လေးကို ပင်ပန်းမှာစိုးတာနဲ့ ကျောင်းမတက်စေပဲ အိမ်မှာနေခိုင်းသတဲ့၊
အဲဒီလိုနဲ့ အိမ်မှာပဲ ဆော့စကားလိုက်၊ စားလိုက်သောက်လိုက်၊ ပျော်လိုက်ပါးလိုက်နဲ့ အသက်တွေ ကြီးလာသတဲ့၊ သူ ဆယ်ခြောက်နှစ်လောက်ရောက်တဲ့အခါ မိဘတွေက သူတို့သားလေးကို သူတို့နဲ့ အဆင့်အတန်းခြင်း တူတဲ့ သူဌေးသမီးလေးနဲ့ လက်ဆက်ပေးစားလိုက်သတဲ့၊ ထူးခြးတာက အဲဒီသူဌေးသမီးကလဲ ကုဋေလေးဆယ် ချမ်းသာသတဲ့ ဒါပေမယ့်
အဲဒီသူဌေးသမီးလေးကလဲ ပညာမတတ်ဘူးတဲ့ ညီမလေးရေ၊ သူဌေးသားလေး အိမ်ထောင်ကျပြီး ကြာတဲ့အချိန်မှာ သူဌေးသားလေးရဲ့ မိဘတွေဟာလဲ ရှေ့ဆင့်နောက်ဆင့် ဆိုသလို သေဆုံးသွားကြသတဲ့ ၊
မိဘတွေ သေဆုံးသွားကြတော့ ပညာမတတ်တဲ့ သူဌေးသားလေးဟာ မိဘတွေလက်ငုပ် လက်ရင်းဖြစ်တဲ့ စီးပွားရေးတွေလဲ မလုပ်တတ်လေတော့ တစ်စတစ်စနဲ့ လုံးပါးပါးလာပြီး စီးပွားရေးတွေကျလာသတဲ့ ညီမလေးရေ၊
ဒီကြားထဲ အရက်ကလေးက တမြမြဆိုတော့ ပိုးဆိုးတာပေါ့ ၊ အရက်သောက်တော့ အရက်သမား သူငယ်ချင်းတွေက အိမ်လာလိုက် ချော့ပြီးစားလိုက်၊ လိမ်ယူသွားလိုက်နဲ့ အတွင်းပစ္စည်းတွေကလဲ တဖြေးဖြေးနဲ့ ကုန်ကုန်လိုက်လာသတဲ့၊
တိုတိုကျဉ်းကျဉ်း လိုရင်းပြောရရင် နောက်ဆုံး သူဌေးသားလေးဟာ အိမ်တွေကို ရောင်း၊ ရှိသမျှတွေ ထုခွဲရောင်းချပြီး လင်မယားနှစ်ယောက် ခွက်ဆွဲပြီး တောင်းစားရတဲ့ ဘ၀ရောက် သွားသတဲ့ ညီမလေးရေ၊
တကယ်တမ်းစဉ်းစားကြည့်ရင် သူတို့လင်မယားနှစ်ယောက်ဟာ ကုဋေရှစ်ဆယ်တောင် ချမ်းသာတာနော် ဒါပေမယ့် ပညာမတတ်တော့၊ စီးပွားရေးအမြင်လဲ မရှိတော့ ဘယ်လောက်ချမ်းသာ ချမ်းသာ ကုန်သွားတာပဲ မဟုတ်လား၊
နောက်တစ်ခု စဉ်စားကြည့်စေချင်တာက ပညာဆိုတာ ကျောင်းနေလို့ တတ်မြောက်တဲ့ အတန်းပညာတစ်ခုတည်းတင် မဟုတ်ပါဘူး ညီမလေးရယ်၊ လက်မှုပညာလို့ခေါ်တဲ့ စက်ချုပ်တာ ပန်းချီဆွဲတာ၊ လက်သမားပညာတွေလဲ ပညာပါပဲ၊ ဒါအပြင် နှုတ်မှုပညာလို့ခေါ်တဲ့ စကားအပြောအဆို တတ်ကျွမ်းတာ၊ ဘိသိက်ဟောတတ်တာ၊ လူအများကို ပညာရအောင်ဟောတတ်ပြောတတ်တဲ့ ပညာတွေဟာလဲ ပညာပါပဲ အဲဒီလို နှုတ်မှု လက်မှု ပညာ
တစ်ခု တတ်ရင်လဲ ဘ၀မှာ နေလို့ထိုင်လို့ အဆင်ပြေအေးချမ်းတာပါပဲ၊
ဒါကြောင့် ပြောချင်တာကတော့ ညီမလေးရယ်၊ ငယ်တုန်းအရွယ်မှာ ဘယ်ပညာပဲ ဖြစ်ဖြစ် တတ်မြောက်အောင် သင်ထားသင့်တယ်လို့ အကြံပေးချင်တယ်လေ၊ ငယ်တုန်း သန်တုန်း မြန်တုန်းမှာ ကြိုးကြိုးစားစား ပညာတွေမသင်ရင်တော့ အပေါ်က ပြောပြခဲ့တဲ့ ကုဋေရှစ်ဆယ် သူဌေးသား လင်မယားလို တစ်နေ့ ဒုက္ခတွေနဲ့ လှလှပပကြုံတွေရမယ်ဆိုတာ သဘောပေါက်ထားလိုက်နော်၊
အခု ကျောင်းတက်နေတုန်းအချိန်မှာ စာတွေကျက်ရလို့ ပျင်းလာရင်၊ သင်္ချာတွေတွက်ရလို့ ခေါင်းတွေပူလာရင် ခနနားပြီး ပြောပြခဲ့တဲ့ ပုံပြင်လေးကို သတိရလိုက်နော်၊ ပြီးသွားရင် ပြန်အားတင်းပြီး ချက်ချင်း လက်ငင်း စိတ်ဓာတ်တွေလင်းလက်ဖို့ အသက်သွင်းပြီး သွက်သွက်လက်လက် ထက်ထက် မျက်မျက်နဲ့ အခက်အခဲတွေကို ကျော်ဖြတ်လိုက်ပါ ၊
ဒါဆိုရင် ညီမလေးဘ၀ သာယာလှပပြီး အမြဲတမ်းအေးချမ်းနေလိမ့်မယ်လို့ ပြောပါရစေ။ ။
***************************************
ရွှေမန်းသား အရှင်အကုင်္ရ

Friday 29 May 2015

မေတ္တာ ဘယ်လို ပို့ရမယ်


****************************
အရှင်ဘုရား..မေးလျှောက်ခွင့်ပြုပါ.. မေတ္တာပို့  တဲ့ အကြောင်း ပါ.. လူ တစ်ယောက် သို့  လူ တစ် စု က ကိုယ့် ကို ရန်ရှာနေပေမဲ့ ကိုယ်က ရန်ကို ရန်နဲ့  မတုံ့  ပြန်ချင်လို့  သူ တို့  ကို အာရုံ ပြုပြီး မေတ္တာ ပို့  ပေး လျှင် ထိရောက်နိုင်ပါသလား ဘု ရား .. နောက်တစ်ခု က ကိုယ် နဲ့  မသိတဲ့ သတ္တဝါ ဥပမာ သတင်း.မှာ လူ တွေ အများ ကြီး ဒုက္ခရောက်တော့ မဲ့ အခြေ အနေ မှာ ကိုယ်က မေတ္တာပို့  ပေးရင်ရော သူ တို့  အတွက် ထိရောက်နိုင်ပါသလား ဘုရား.. တကယ်လို့  မေတ္တာ ပို့  ချင် ရင် အထက် ပါ ၂ရပ် လုံး မှာ ဘယ် လို နည်း နဲ့  မေတ္တာ ပို့  ရင် ထိရောက် နိုင်ပါသလဲ အရှင် ဘု ရား ... ကျေးဇူးတင်ပါတယ် အရှင်ဘုရား..
Gloria Huang
မေတ္တာနဲ့ ပတ်သက်ဖြေပေးရရင်၊ ပထမဆုံး မေတ္တာဘယ်လို ပို့ရမလဲဆိုတော့၊
အတ္တ၊ မဇ္ဈ၊ ပီယ၊ ဝေရီ သိမ်လေးလီ အညီရှုကြပါဆိုတဲ့ လင်္ကာလေးအတိုင်း ပြောရရင် ပထမဆုံး မိမိကိုယ်ကိုယ် မိမိ ပထမဆုံး မေတ္တာပို့ပါ၊ ဒုတိယ မချစ်လဲ မချစ် မမုန်းလဲ မမုန်းတဲ့ အလည်အလတ်ဖြစ်တဲ့ သူကို ပို့ပါတဲ့၊ တတိယကတော့ ကိုယ်ချစ်တဲ့ သူကို ပို့ပါတဲ့၊ နောက်ဆုံးကတော့ ကိုယ့်ရဲ့ ရန်သူကို ပို့ပါတဲ့၊
ဘာကြောင့် ဒီလို မိမိကိုယ်ကိုယ် မိမိအရင်ဦးဆုံး မေတ္တာပို့ခိုင်းရသလဲဆိုရင် ကိုယ်နဲ့ထပ်တူ အများသူကို ကိုယ်ချင်းစာစိတ်ထားတတ်အောင်လို့ပါတဲ့၊
မေးထားတဲ့ မေးခွန်းနဲ့ ပတ်သက်တာကို ဖြေရရင် အရင်ဆုံး အပေါ်က ပြောပြခဲ့သလို မေတ္တာပို့ပေးပြီး ကိုယ့်အပေါ်မကောင်းတဲ့ ရန်လိုနေတဲ့ ရန်သူတွေကို မေတ္တာပို့ပေးပါလို့ အကြံပြုပါရစေ၊ အဲဒီလို ပို့ပေးတာ ထိရောက်ပါတယ်၊
သတင်းမှာပါတဲ့ ဒုက္ခရောက်နေတဲ့ သူတွေကို မေတ္တာပို့ပေးရင်လဲ မေတ္တာက ထိရောက်ပါတယ်၊ သာဓကတွေ အများကြီး ရှိတဲ့အထဲက မိုးညှင်းဆရာတော်ကြီးဟာ စစ်အတွင်းက
ဒုက္ခရောက်နေတဲ့ စစ်ဘေးဒုက္ခသည်တွေကို မေတ္တာပို့ပေးခဲ့ဖူးတယ် ထိရောက်ခဲ့ဖူးတယ်လို့ မှတ်သားဖူးပါတယ်၊
မေတ္တာပို့နည်းကတော့ ရည်ရွယ်ပြီးပို့တဲ့ မေတ္တာနဲ့ တစ်ဦးတစ်ယောက်ရယ်လို့ မရည်ရွယ်ပဲ အားလုံး သတ္တ၀ါတွေ ကျန်းမာကြပါစေ ချမ်းသာကြပါစေ လို့ ပို့တဲ့ မေတ္တာပို့နည်း နှစ်နည်းရှိပါတယ်၊
အထိရောက်ဆုံးကတော့ ကိုယ်ရဲ့ရန်သူကို နာမည်ထုတ်ခေါ်ပြီး ပို့ရင် ပိုထိရောက်ပါတယ်၊
အဲဒီထက် ထိရောက်ချင်ရင် အနုစိတ်နည်းဖြစ်တဲ့ ကိုယ်ရန်သူ ကိုမောင်ဆိုပါတော့ ကိုယ်မောင်ရဲ့ ဆံပင်လေးတွေ ကျန်းမာပါစေ ချမ်းသာပါစေ၊ ကိုမောင်ရဲ့ မျက်လုံးလေးတွေ ကျန်းမာပါစေ ချမ်းသာပါစေ၊ စသဖြင့် မျက်လုံး နား၊ နှာခေါင်း ပါးစပ်၊ ကိုခန္ဒာ၊ ခြေထောက် လက်၊ အနုစိတ်ပို့ကြည့်ပါ၊ ကိုယ့်ပို့နေတဲ့သူက ကိုယ်မျက်စိအာရုံထဲမှာ ပထမတော့ မျက်နှာက ရှုတည်တည်ကြီး ဖြစ်နေမှာပါ၊
နေ့စဉ်နေ့တိုင်း မေတ္တာလှိုင်းတွေ ရိုက်ခတ်ပါများလာရင် ကိုယ့်ရန်သူရဲ့ မျက်နှာကြီးဟာ ပြုံးယောင် သန်းလာမှာပါ၊ ဒါဆိုရင် ကိုယ်ပို့တဲ့ မေတ္တာဟာ အောင်မြင်ပါပြီ၊
မေတ္တာကို တစ်နေ့ ဘယ်နှစ်ခါ ဘယ်နှစ်ကြိမ်ပို့ရမယ်လိုတော့ သတ်မှတ်ချက်မရှိပါဘူး၊ တတ်နိုင်သမျှ အချိန်ရသမျှ ပို့ပေးပါလို့ အကြံပြုပါရစေ၊
မေတ္တာအကြိုးကြမ်းပုံကတော့ အောက်က လင်္ကာလေးက သက်သေပြနေပါတယ်၊
တစ်နေ့သုံးခါအိုးတစ်ရာဖြင့်
ချက်ကာထမင်းကျွေးလှူခြင်းထက်
မယွင်းစင်စစ်နို့တစ်ညစ်စာ
ကြိမ်သုံးခါမျှမေတ္တာပွားများ
ကျိုးကြီးမားသည်ဘုရားမြတ်စွာ
မိန့်ခွန်းတည်း။ လို့
မဟာစည် ဆရာတော်ဘုရားကြီး မိန့်မှာခဲ့တဲ့ အတွက်၊ တစ်နေ့ကို သုံးကြိမ် သုံးခါ ထမင်းအိုး တစ်ရာနဲ့ ထမင်းတွေ ပေးလှူနေသူထက်၊ နို့တစ်ညှစ် စာ သုံးလေး စက္ကန့်လောက်လေး မေတတ္တာပွားများသူက အကျိုးပေးပိုကြီးတယ်လို့
ဆိုထားတဲ့အတွက်ကြောင့် မေတ္တာတန်ခိုးဟာ ဘယ်လောက် အကျိုးပေးကြမ်းတယ်ဆိုတာ သိလောက်ပါပြီ၊
ဒါကြောင့် မေတ္တာကို အချိန်ကန့်သန့်မထားပဲ အားရင်အားသလို ပွားများပေးပါလို့ ထပ်ခါအကြံပြုစကားပြောကြားလိုက်ပါရစေ၊
***********************************
ရေလိုအေးလို့ ပန်းလိုမွှေးပါစေ
ရွှေမန်းသား အရှင်အကုင်္ရ

Saturday 23 May 2015

ရေနည်းငါး


******************
ကမ္ဘာ
အချိန်ကြာလာတာနဲ့ အမျှ
အေးမြတဲ့ အရိပ်ဆိုတာ
( ကိုယ့်အတွက်) ရှားပါးလာတော့

ကြိမ်ကြိမ်ခါခါ
လရောင်အလာကို မျှော်လင့်ရင်း
ကောင်းကင်ပြင်ကိုသာ
မော့ကြည့်မိပေါ့
*********************
သစ္စာမိုးဝေ

Sunday 10 May 2015

နွယ်လိုလူ


***************
သံယောဇဉ်သည်
ကိုယ့်အပေါ် ခြည်နှောင်တွယ်တက်မည့် ၀တ်စုံတစ်စုံဆိုလျှင်
ကျွန်တော်တို့ ရပ်ကြည့်မနေပဲ ခရီးဆက်သွားသင့်သည်
ဒါမှမဟုတ်
ကျွန်တော်တို့ ချက်ချင်း လက်ငင်း ဆုတ်ဖြဲပစ်လိုက်ရမည်ဖြစ်သည်
ဘ၀သည် တိုတောင်းသည်ဟု ပြောစမှတ်ပြုကြသည်
သံသရာကြတော့ ရှည်နေပြန်သည်
သံယောဇဉ်အနှောင်အဖွဲ့မပါသော သံသရာသည်
ပျင်းရိငြိးငွေ့ဖို့ကောင်းနေမည်
သို့မဟုတ်
ကျွန်တော်တို့တစ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေ
ရုတ်တရက် လည်ပတ်မှုတွေရပ်သွားနိုင်သည်
လည်ပတ်မှုတွေ ရပ်သွားခဲ့ရင်တောင်မှ
ကျွန်ုပ်တို့တစ်တွေသည် အသာမနေကြပါ
( အသေနာကြမည်) သိသော်လဲ ကျင့်နိုင်ဖို့ ခက်ခဲစွာ
ရစ်တွယ်ရာကို ရှာဖွေမိပြန်သည်
တွယ်ဖက်ရာကို မျှော်တလင့်လင့်
တကယ် လူသား စင်စစ် ဧကန်ဖြစ်သော ကျွန်တော်တို့သည်
နွယ်ပင်အလား မခြားတူစွာ
ရစ်ပတ်နှောင်တွယ်ကာ
သံသရာကို လည်နေစေပြန်သည်
အဲဒီကစ ဘယ်တော့မှမဆုံး
ဘယ်တုန်းကမှ မုန်းရကောင်းမှန်းမသိသော
( တကယ်တော့) မချစ်ထိုက် မမြတ်နိုးထိုက် မတွယ်တာသင့်သော
ချစ်မြတ်နိုးခြင်းများစွာနှင့် တွယ်တာနှောင်ရစ်နေသော
ပစ္စက္ခလွဲချော်မှုများအပေါ်
ကျွန်တော်တို့တစ်တွေ ပျော်နေတတ်ကြောင်း
ဦးနှောက်နှင့် စာလုံးပေါင်းဖို့ မေ့လျှော့ကာ
နှလုံးသာဖြင့် လိုက်လျှောညီထွေနေလာရင်း
တစ်ရစ်ခြင်း တစ်ထစ်ခြင်း မလစ်မဟင်း တွယ်တက်ခဲ့ပေါ့။ ။
*******************************
သစ္စာမိုးဝေ

Saturday 9 May 2015

အမေညာတယ်

အမေညာတယ်
*******************
တန်ခူးရေကုန် ကဆုန်ရေခန်းဆိုတဲ့ စာဆိုနဲ့ညီအောင် ကဆုန်လက ခြစ်ခြစ်တောက် ပူလှသည်၊ အဲဒီ ကဆုန်လထဲမှာ သူ့ကို ရဟန်းခံပေးဖို့ ရက်သတ်မှတ်ပေးထားခြင်းခံရသည်၊ စာသင် သားတစ်ပါး အတွက် ရဟန်းခံပစ္စည်းတွေက ရဟန်းဒကာ ဒကာမအပေါ်မူတည်ပြီး များတန်က များကြသည်၊ နဲတန်က နည်းကြသည်၊
အခု သူကတော့ သူ့မိဘအရင်းတွေက ရဟန်းခံပေးမှာမို့ နဲသည်လည်းမဟုတ်များသည်လဲ မဆိုသာ၊ ရဟန်းဖြစ်လျှင်အသုံးပြုဖို့ အတွက် အသုံးအဆောင်တွေကို မန္တလေး အိမ်တောင်ရာ ဘုရားဈေးက ၀ယ်လာခဲ့သည်၊
ခြင်ထာင်၊ ခေါင်းအုံး၊ စောင်ကတော့ သူနေတဲ့ မုံရွာဘက်က မိုးလေးစောင် အကြီးကြီး တစ်ထည်ဝယ်ထားပြီးသားဖြစ်နေသည်၊ သံသေတ္တာကြီးကိုတော့ မန္တလေး စိန်ဒေါင်း သံသေတ္တာကပဲ စားအုံးဆီ နှစ်ထပ်ပေပါကြီးကို အော်ဒါမှာထားလိုက်သည်၊ သံသေတ္တာကြီးကိုက တော်တော်လေးလံ လှသည်၊ တစ်ယောက်တည်း ထမ်းဖို့ သိပ်မလွယ်ကူ၊
အဲဒီ သံသေတ္တာကြီးထဲမှာ ခေါင်းအုံး၊ မိုးလေစောင်၊ ခြင်ထောင်၊ ပရိက္ခရာရှစ်ပါးကို ပေါင်းထည့်ထားလိုက်သည်၊
ရဟန်းခံဖို့ သုံးလေးရက်အလို သေတ္တာကြီးကို သယ်ပြီး သူရယ်၊ သူ့ဆရာသမား ဦးကောရယ်၊ သူ့သူငယ်ချင်း အရှင်ဂုဏရယ်၊ သုံးယောက်သား သူ့ဇာတိရွာလေးကို ပြန်လာကြသည်၊
အမေက ရွာကနေကျောက်ဆည်ကားဂိတ်အထိ ကိုယ်တိုင်ကိုယ်ကျလာကြိုနေသည်၊ အဖေကတော့ ရွာမှာ ရဟန်းခံအတွက် အလုပ်တွေစီစဉ်ရင်းနေခဲ့သည်၊ ကျောက်ဆည်မန္တလေး ကားလေးက ကျောက်ဆည်က ပတ္တမြားဂိတ်ရောက်တယ်ဆိုရင်ပဲ ခရီးဆုံးလို့ ရပ်တန့်လိုက်ပြီ၊ စောင့် နေတဲ့ အမေက အပြေးအလွှားရောက်လာသည်၊
ကားစပါယ်ယာက ကားခေါင်မိုးပေါ်က သံသေတ္တာကြီးကို ချပေးသည်၊ သူက အောက်က မနိုင်တနိုင်နဲ့ လှမ်းယူသည်၊ ဒါကိုမြင်တဲ့ အမေက အပြေးလာပြီး၊ ပေးပေး ကိုရင် ၊ တပည့်တော် ရွက်ခဲ့ မယ်၊ အမေ့ မသယ်နဲ့ အမေထားလိုက်လို့ မတားဖြစ်လိုက်။
ကဆုန်နေပူပူကြီးထဲမှာ အမေက လေးလံတဲ့ သံသေတ္တာကြီးကို မနိုင်တနိုင်ရွက်နေတာ၊ အခုအချိန်အထိ မျက်စိထဲ့ မထွက်၊
လာကြိုနေတဲ့ လှည်းနားရောက်မှ လှည်းပေါ်ကို သံသေတ္တာကြီး မနည်းမပြီး တင်ယူရသည်၊ အမေကတော့ မမောသလိုလို၊ မပန်းသလိုလို၊ သားတို့ရုပ်ရည် သီတာ မြည်သား ရေကြည်ချမ်းမြ တစ်ပေါက်ကြက မိဘတို့ဝမ်း ငြိမ်းစတမ်းတည်း ဆိုသလို သားတောင်မောင် ရဟန်းလောင်းကို မြင်တွေ့ရလို့ အမေပျော်တာထင်သည်။ အမေရင်ထဲ ငြိမ်းချမ်းနေတာထင်သည်၊
ရဟန်းခံပွဲမှာ အမေက လာသမျှဧည့်ပရိတ်သတ်ကို ငါးခြောက်ထောင်းနှပ်တွေနဲ့ ကျွေးမွေးဧည့်ခံသည်။ ပင့်သံဃာတွေကလဲ အပါးနှစ်ဆယ်၊ တောနယ်တောအရပ် အနေနဲ့ စည်စည်ကားကား ဖြစ်တယ်လို့ ပြောစမှတ်ပြုကြသည်၊
ရဟန်းခံပွဲပြီးတော့ ကြေးကူငွေက ဘယ်လောက်ရသလဲ မသိ၊ ရဟန်းလောင်းအတွက် သိမ်းဆင်းလောင်းတာက ခြောက်သောင်းလောက်ရသည်၊
ရဟန်းခံပွဲပြီးပြီမို့ သူလဲ စာသင်တိုက်ကို ပြန်ဖို့ ပြင်ရသည်၊ ညပိုင်း အမေ့အိမ်ကြွတော့ အမေက
“ဦးဇင်း ငွေကလောက်ရဲ့လား လိုရင်ထပ်ယူသွားနော်၊”
“ဟုတ်အမေ တစ်သောင်းလောက်တော့ လိုချင်သေးတယ်”
“ဒါဆို ရော့ရော့ ဦးဇင်း၊ လိုတာပြောနော် ဦးဇင်း ၊ မြို့ရောက်လို့ လိုရင်လဲ လူကြုံနဲ့ စာရေးလိုက်ပေါ့ တပည့်တော်တို့ ထပ်ပြီး လှူပါမယ်၊
ဟုတ် ဟုတ် အမေ”
မြို့ရောက်တော့ ရဟန်းခံကရတဲ့ ငွေလေးကို ၀ါသနာပါရာ ကမရာ တစ်လုံး ၀ယ်ဖြစ်လိုက်သည်၊ အမေကတော့ သဘောကျမယ် မထင်၊ ဒါပေမယ့် ဘာမှတော့ မပြော၊
ကမရာက ဆီလ်ဂယ် တံဆိပ်လေး၊ အသစ်စက်စက်မို့ ခြောက်သောင်းလောက်ပေးရသည်၊ အဲဒီတုန်းက တရုပ်ကလာတဲ့ ဆိတ်ငါးကောင် ဘီးတွေကလဲ အသစ်စက်စက်ဆို ခြောက်သောင်း ပေးရတဲ့ ခေတ်ဖြစ်သည်၊ ကမရာ မ၀ယ်ပဲ အမေနဲ့ အဖေအတွက် ဆိတ်ငါးကောင်း စက်ဘီးလေး ၀ယ်ဖို့ စိတ်ကူးက အဲဒီတုန်းက အတွေးမ၀င်ဖြစ်ခဲ့၊
လူကြုံရှိတိုင်း အမေဆီ ငွေတွေမှာဖြစ်နေသည်၊ အမေကလဲ ထည့်ပေးမြဲ ထည့်ပေးနေသည်၊ ဘာမှ မပြော၊
တစ်ရက် ရွာက ကိုတင်အေးကြီး မြို့ပေါက်လာသည်၊ အမေကို မှာထားတဲ့ ၀တ္ထုငွေ ငါးထောင်ကလဲ ပေးလိုက်သေးသည်။
ပြန်ခါနီး ကိုတင်အေးကြီးကို ကားဂိတ်လိုက်ပို့ဖြစ်သည်၊
“ဦးဇင်း၊ တပည့်တော် တစ်ခုလျှောက်ချင်လို့”
ကိုတင်အေးက ဆိုင်မဆင့် ဗုံမဆင့် စကားစသည်
“အေး ၊ လျှောက်လေဗျာ၊ ဘာများလဲ”
“ရွာမှာ မိုးခေါင်တာ သုံးနှစ်ရှိပြီ၊ အဲဒါ ရွာက လူတွေ စီးပွားရေး အဆင်မပြေကြဘူး ဦးဇင်း၊”
“ဦးဇင်းတို့ အမေအိမ်လဲ စီးပွားရေး မကောင်းဘူး၊ တောင်သူလုပ်ငန်း စပါးခင်းတွေက စိုက်လိုက်တိုင်း နှစ်တိုင်းသေကုန်တယ်၊ အခု ဦးဇင်းအမေတောင် မနက်ခင်း ပဲပြုရောင်းလိုက်၊ တိုဟူးလိုက်ရောင်းလိုက် လုပ်နေတာ နေလည်ပိုင်းဆို ရေမုန့်လုပ်ရောင်းတယ် ၊ အဲဒါ ဦးဇင်း ရွာပြန်လာရင် စိတ်မကောင်းဖြစ်မှာစိုးလို့ ဦးဇင်း ရွာရှိတဲ့အချိန်ဆို မရောင်းဘူး၊
မနက်အာရုံဆွမ်းချိုင့်လဲ စွီားရေး အဆင်ပြေတုန်းကလို အမောက်အလျှံကြီး ပို့နေတာ ၊ ဦးဇင်း စိတ်မကောင်းဖြစ်မှာစိုးလို့ ဦးဇင်း ကို မပြောတာ၊
အခု တပည့်တော်တောင် ဦးဇင်းကို ပြောရကောင်းမလား မပြောရကောင်းမလား တွေးနေတာ၊ မပြောရင်လဲ ဦးဇင်း မသိမှာစိုးလို့၊ ပြောပြန်ရင်လဲ စိတ်မကောင်းဖြစ်မှာစိုးလို့၊ နောက်ထပ် အတွင်း ပစ္စည်းတွေကလဲ ဦးဇင်းကို ရဟန်းခံပေးတုန်းက ထုခွဲရောင်းချပစ်လိုက်ရလို့ ဦးဇင်းအမေဆီမှာ မရှိတော့ဘူး ဘုရား”
စိတ်မကောင်းတော့ မဖြစ်ပါနဲ့ ဘုရား၊ ဦးဇင်း စာသာကြိုးစားပါ၊ ရွာမှာက ဦးဇင်းတို့ တစ်အိမ်ထဲ စီးပွားရေး မကောင်းတာ မဟုတ်ပါဘူး၊ တစ်ရွာလုံး မိုးမရွာလို့ ကပ်ဆိုဒ်တဲ့ သဘောပါ၊ ဦးဇင်းက ရွာကို မေတ္တာများများ ပို့ပေးပေါ့ ဘုရား၊”
“ကားထွက်တော့မယ် ဘုရား၊ တပည့်တော်လဲ ပြန်လိုက်ဦးမယ် ခွင့်ပြုပါဦး ဘုရား”
ကိုတင်အေးကြီးနဲ့အတူ သူ ထွက်သွားတဲ့ ကားကြီးကို ကြည့်ပြီး ရွာကလူတွေ မိုးခေါင်နေတဲ့ ကပ်က လွတ်ဖို့ မေတ္တာပို့ပေးရမလား၊ အမေ့ဆီကိုပဲ ပြေးသွားပြီး အမေဘာလို့ ညာခဲ့တာလဲ ၊ အမေဘာလို့ ညာခဲ့တာလဲ လို့ မေးရမလား၊ တွေတွေကြီး စဉ်းစားငေးငိုင်လျှက် ကျန်ခဲ့လေသည်။
********************
ရွှေမန်းသား

နေရာ


Tuesday 5 May 2015

တမာလမ်းက သရဲ


************************
အညာဆိုတာ တမာတွေက လွှတ်ပေါ လွှတ်ပေါက်တာဗျ၊ ကျုပ်တို့ရွာဆိုတာလဲ အညာစာရင်းဝင်ဆိုတော့ တမာပင်တွေက ပေါမှပေါပဲ၊ ကိုယ်တိုင်မစိုက်ရပဲ သူအလိုလိုကို လမ်းဘေး ၀ဲယာမှာ တမာပင်တွေ တန်းစီနေတာ၊
အဲဒီလို တမာတန်းကြီးက ကျုပ်တို့ကျောင်းတက်နေတဲ့ ရွာဦးကျောင်း မုခ်ဦးဘေးကနေ ရွှာအ၀င် လမ်းအထိ တမျှော်တခေါ်ကြီးကို သဘာဝအတိုင်း ပေါက်နေတာရှိသေးတယ်။ တမာပင်တန်းထဲမှာ ကျောင်းမုခ်ပေါက်နားက တမာပင်ကြီး ဟီးဟီးထလို့၊ ထိုးထိုးထောင်လို့ ညအခါ လမသာပဲ လမိုက်ညများဆို ဘယ်သူမှ အဲဒီနားက တစ်ယောက်တည်း ဖြတ်ဖို့ စိတ်မကူးရဲဘူး၊
အဲဒီ တမာပင်ကြီး သရဲခြောက်တယ်လို့ သတင်းကလဲ အကြီးသားကလား၊ ဒါပေမယ့် အဲဒီ တမာပင်ကြီး သရဲခြောက်တဲ့ဆိုတဲ့ အခွင့်အရေးကို အပြည့်အ၀အသုံးချနေတာက ခက်ဝေတို့ ညီမ သုံး ယောက်ပေါ့၊
ကျုပ်တို့ရွာမှာက နွေအခါဆို ရေက ရှားမှရှားပဲ၊ ချိုးရေအတွက်ကတော့ မပူရပါဘူး၊ ရွာပတ် လည်က ရေကန်တွေမှာ သွားချိုးလို့ အဆင်ပြေတယ်၊ သောက်ရေနဲ့ သုံးရေအတွက်ကြတော့ ခက်ပြန် ရော၊ ရွာဦးဘုန်းကြီးကျောင်းထဲမှာ ရေတွင်းက သုံးတွင်းရှိပေမယ့်၊ ရေက နွေအခါဆို သိပ်မထွက် တောာ့ဘူး၊ တစ်ခါတစ်ခါ ဒေ၀ဒတ်ခေါင်းတောင် မြင်နေရတာ၊
အဲဒီတော့ ရေအတွက် မနက်ညနက်သန်ခေါင်း စောင့်ခတ်ရတာ၊ ဒါတောင် ရေက အထွက်နည်းလို့ ရိုးရိုးပုံးနဲ့ ခပ်မရ ငင်မရလို့ မိုလာပုံးခွံလေးတွေကိုကြိုးတပ် ရေစစ်ခပ်ရတာ၊ မိုလာပုံးနဲ့ ခပ်ရတာ ဆိုတော့ သိတဲ့ အတိုင်း တစ်ပုံးနဲ့ တစ်ပုံးက ရွာက ရွာလူကြီးအိမ်ကို ငွေမပေးပဲ မှတ်ပုံတင် လုပ်ခိုင်း သလောက် ကိုကြာတာ၊
ရွာဦကျောင်းထဲက ရေတွင်းသုံးတွင်းကတော့ ညအခါလသာသာဆို ရေတွေ ပြည့်ပြည့်နေ တတ်တယ်ဗျ၊ ညနက်သန်ခေါင် ဘယ်သူမှ ကျောင်းထဲမလာရဲတာလဲပါမှာပေါ့။ ကျောင်းမုခ်ဝက တမာပင်ကြီး ဟီးနေတာက သရဲကြောက်လို့လဲပါမှာပေါ့ဗျာ၊ အဲ အဲဒီသရဲကို မကြောက်ကြတဲ့ ခက်ဝေ သက်ဝေတို့ ညီမအမတွေကတော့ ညနက်သန်ခေါင်လဲ ရေလာခပ်သဗျာ၊ သူတို့ခပ်သွားရင် ကျောင်း အတွက် မနက်ဆရာတော် မျက်နှာသစ်ရေ၊ ဆွမ်းဟင်းပုဂံတွေ ဆေးဖို့ရေက အခက်တွေ့ရော၊
မနက်လင်းလို့ ဆရာတော်အတွက် ရေခပ်ထားပြီးမရှိရင် ကျောပြင်ကို ဗျောတင်တော့တာပဲ၊ တစ်ခါက နှစ်ခါ တစ်ရက်က နှစ်ရက်ဆိုတော့ ကျောပြင်တွေလဲ အညိုအမဲစွဲလို့ပါပဲ၊ တရားခံကို ရှာတော့ တွေ့ပြီး ဒါ--- ညက ခက်ဝေတို့ သက်ဝေတို့ ရေတွေခပ်ခပ်သွားလို့ တို့ကျောင်းသား ကိုရင် တွေရေမရတာ၊ တွေ့ကြသေးတာပေါ့ကွာ၊
ကျုပ်တို့ ဘုန်းကြီးကျောင်းသားတွေ စုပေါင်းစည်းဝေးပွဲလုပ်ပြီး တညီတစ်ညွှတ်တဲ ခက်ဝေတို့ သက်ဝေတို့ ညီအမတွေ ညနက်ပိုင်း ရေလာမခပ်ရဲအောင် သရဲခြောက်ပြဖို့ အဆုံးအဖြတ် တစ်ခုကို ချလိုက်တယ်၊
“ဟေ့ကောင် အောင်ကြီး မင်းက ကျောင်းမုခ်ဝက တမာပင်ကြီးပေါ်က တက်ပြီးစောင့်နေ၊ သူတို့ ညီအမရေလာခပ်တာနဲ့ စခြောက်တော့ တို့က ဆွမ်းစားကျောင်းနား မာလကာပင်အောက်က ကင့်စောင့် နေမယ်၊”
ဖိုးလုံးက အစီိအစဉ်ကို ပြောပြတယ်
“ကျုပ်ကလဲ အေးအေး ငါ ဘုရားဝတ်ပြုပြီးတာနဲ့ ဆရာတော်ကျိန်းရင် တမာပင်ပေါ် တက်နှင့်မယ်ကွာ၊ မင်းတို့က လမ်းသွား လမ်းလာတွေ ကင်းစောင့်ပေးဦး”
“အေးပါကွ၊ အေးပါ စိတ်ချအောင်ကြီး”
ကျုပ်တို့ဘုန်းကြီးကျောင်းသားတွေ အဲဒီညက ဘုရားတောင် ကောင်းကောင်း ၀တ်မပြုနိုင်ဘူး၊ ၀ုန်ဒိုင်း ၀တ်ပြုပြီး၊ ဆရာတော်က ဘီဘီစီ သတင်းနားထောင်ပြီးတော့ ကျိန်းတာနဲ့ ကျုပ်တို့တတွေ ကျောင်းမုခ်ပေါက်ဝက တမာပင်ကြီးဆီကို သုတ်ချေတင်တော့တာပဲ၊
တမာပင်ကြီးအောက်ရောက်တော့ အောင်ရွှန်းက “ ဟေ့ကောင် အောင်ကြီးရော့ကွ၊ ဒါလေး ယူသွား”
ဟ ဘာကြီးတုန်းကွ၊
“အိမ်က အဖွားလိပ်သောက်တဲ့ ပျောင်းဖူးဖက် ဆေးလိပ်ကြီကွ၊ အဖွားမသိအောင် ခိုးယူလာတာ၊ ရော့ဒါက မီးချစ်”
“ငါက ဒါကြီး ဘာလုပ်ရမှာလဲဟ၊”
“မင်းကလဲ အပကွာ၊ အဲဒါကြီးနဲ့ တမာပင်အပေါ်ကနေ မီးသရဲလုပ်ပြပေါ”့
“အေးအေး ပေါက်ပြီကွာ၊ ဒါဆို ငါတက်ပြီဟေ့၊ မင်းတို့လဲ ၊ မာလကာပင်ဆီ ကင်းဝတ်တော”့
“အေးအေး အိုကေ အိုကေ”
သူများကို ဒုက္ခပေးချင်နေလို့လား မသိပါဘူးဗျာ၊ ၀ါးနှစ်ပြန်လောက်မြင့်တဲ့ တမာပင် ထိပ်ဖျားကို ဘယ်လိုက ဘယ်လိုရောက်သွားမှန်းမသိဘူး၊ အခြေနေကြည့်လိုက်တော့ ပတ်ဝန်းကျင်တစ်ခုလုံးက ငြိမ်သက်လို့၊ သင်္ကြန်ပြီးမို့ထင်တယ်
ပုစင်းရင်ကွဲတွေကတော့ အော်နေကြတယ် ပွက်ပွက်ညံလို့၊ တစ် ချက်တစ်ချက် ရွာနောက်ပိုင်း သင်္ချိုင်းကုန်းဆီက ခွေးတွေ အူအူနေတော့ ကျောတော့ အချမ်းသားကလား၊
ကလုံ ကလောင်၊ ကလုံ ကလောင်၊
ဟ တမာပင်အောက်က အသံတွေကြားတယ်၊ ဘာပါလိမ့်၊ ငုံ့ကြည့်လိုက်တော့ ခက်ဝေနဲ့ သက်ဝေ ညီအမနှစ်ယောက် ထမ်းပုံးကိုယ်စီနဲ့ ရေခပ်လာနေပြီကိုး၊
“အင်း ဒင်းတို့ကို ဒီတစ်ခေါက်တော့ လွှတ်ပေးလိုက်ဦးမယ်၊ နေဦး နောက်တစ်ခေါက်မှ ပညာပြရမယ်၊” စိတ်ထဲက တွေးရင်း၊ အောင်ရွန်းပေးထားတဲ့ ပျောင်းဖူးဖက်ကြီးကို
မီးညှိလိုက်တယ်၊ တမာပင်ထိပ်ဖျားမှာ လေက တိုက်နေတော့ ပုဆိုးခြုံပြီး မီးကို ညှိယူရတယ်၊ ဟူး တော်ပါသေးရဲ့ မျက်ခုံး မွှေးတွေ မလောင်ကုန်လို့၊
ဟော ပြောရင်းဆိုရင် ခက်ဝေနဲ့ သက်ဝေ လာနေပြန်ပြီ၊ တမာပင်ကြီးအောက်ရောက်တော့ မယ်၊ ရောက်တော့မယ်၊ ရောက်လာပြီ ရောက်လာပြီ၊
ကွက်တိပဲဗျို့ ကျုပ်ကလဲ ဘယ်ရမလဲ သောက်နေတဲ့ ပျောင်းဖူးဖက်ကြီးကနေ မီးမီးရဲရဲ ကြီးတွေ ချွေချလိုက်တာ သူတို့အပေါ် တည့်တည့်မတ်မတ်ပဲ ကြွေကျသွားရော
“ အမေလေး---၊ အမလေးတော့ အဖေရေ လာကြပါဦး သရဲ သရဲ ၊ သရဲ”
ညီအမနှစ်ယောက် ဖနောက်နဲ့ တင်ပါး တစ်သားတည်းကြလို့ ပြေးလိုက်ကြတာ၊ ဂုံးဂွမ်း ဂုံးဂွမ်းနဲ့ သူတို့ ရေထမ်းပုံးတွေလဲ ပက်လန်ကို လက်လို့၊
ဟားဟား၊ ကျုပ်တစ်ယောက်တည်း တမာပင်ကြီးပေါ်မှာ တံတွေးတွေသီးလို့ ရီလိုက်ရတာ၊ ဟိုကောင်တွေ အောင်ရွှန်းနဲ့ ဖိုးလုံးကတော့ မလကာပင်အောက်မှာလား အိပ်ယာထဲရောက်နေပြီလား မတွေးတတ်တော့၊
“ ဟေ့ကောင် တမာပင်ပေါ်က ကောင်ဆင်းခဲ့စမ်း၊ ဘယ်သူလဲကွ၊ ငါ့သမီးတွေကို ခြောက်တာ ဘယ်သူလဲကွ၊ မင်းတော့လား အောက်ရောက်လို့ကတော့ အမှုံ့ကို လုပ်ပစ်ပမယ်၊”
ဟာ ဟာ အဲဒါမှ ဒုက္ခပဲ၊ ခက်ဝေနဲ့ သက်ဝေတို့အဖေ ကိုတင်ဖေကြီး ၊ ဒီလူကြီးက လူကြမ်း စိတ်ကြမ်းကြီး၊ သူသမီးတွေကသာ လှတာ၊ ဒီလူကြီးစိတ်က လှတာမဟုတ်ဘူး၊ မထင်ရင် မထင်သလို အခွံနွှာပစ်မှာ၊
ဒါနဲ့ ကျုပ်လဲ အဲဒီညက တမာပင်ပေါ်မှာ မိုးလင်းမှာလားတွေးရင်း ၊ ကုတ်ကုတ်ကလေး ကွေးနေပြီး မလှုပ်ရဲဘူး၊
အောက်ကအော်နေတဲ့ ခက်ဝေတို့ အဖေပြန်သွားမှ ကျုပ်လဲအပင်ပေါ်က ဆင်းလာခဲ့ရတယ်။
တမာပင်ကြီးအောက်ရောက်လို့ ပုဆိုးပြင်ဝတ်လိုက်တယ်၊ ပြီးတော့ ကျောင်းဘက်ပြန်အိပ်ဖို့ ဟန်ပြင်လိုက်တယ်၊
“ဟေ့ကောင် နေဦး၊ ငါလဲလိုက်မယ်လေ”
အပင်ပေါ်တက်တုန်းက ငါတစ်ယောက်တည်းပါ၊ အခုက နှစ်ယောက်ဖြစ်နေပြီ ၊ ဘယ်သူပါလိမ့်၊ “ ဟ မင်းက ဘယ်သူမို့ ငါနဲ့ လိုက်မှာလဲကွ၊”
“ ဘယ်သူကမှာလဲ ငါက မျိုးမင်းလေကွာ၊ စိုးခိုင်တို့အကို မျိုးမင်းပေါ့ ကွ၊ မင်းမသိဘူးလား”
“အင်း စိုးခိုင်တို့ အစ်ကို မျိုးမင်းဆိုတာ ဒို့အနောက်ရပ်ထဲက၊ ဒေါ်ဒေါ်ဖားတို့ အိမ်နားက၊ ဟာ ဟုတ်ပြီ၊ အဲဒိ ကိုမျိုးမင်းက ဟိုတစ်ပတ်ကမှ ဓားခုတ်မှု ဖြစ်ပြီး ဆုံးလို့ ကျောင်းထဲလာထားပြီး သရဏဂုံ တင်လိုက်ရတဲ့-----“
“အဲ အဲ အဲတော့ အောင်မလေးဗျ၊ သရဲ သရဲ သရဲ”
“ ဟာ ဟေ့ကောင် ဘာဖြစ်တာလဲ ထတော့၊ အိမ်မက်တွေ မက်ပြီး ယောင်နေတာလား၊ လာ မိုးလင်းနေပြီ ဆရာတော်အတွက် မျက်နှာသစ်ရေနဲ့ ၊ ပုဂံတွေ ဆေးဖို့ ရေခက်ချေရအောင်”
“ အော် အေးအေး ၊ ဟူးးးးးးးးးးး တော်ပါသေးရဲ့”
ညက အဖြစ်တွေဟာ အိမ်မက်လာ တကယ်လား မကွဲပြားတော့၊ ဝေေ၀၀ါးဝါး၊ ဒါပေမယ့် အခုထက်တိုင် ပျောက်မသွား၊
************************
ရွှေမန်းသား
( အခုချိန်မှာတော့ ကျုပ်တို့ရွာလေးမှာ လျှပ်စစ်မီးတွေရ၊ ကတ္တရာလမ်းမကြီးတွေပေါက်၊ ရေအတွက် စက်ရေတွင်းတွေလဲ တူးထားသမို့ ရေအတွက် သရဲခြောက်စရာ မလိုတော့ဘူးပေါ့ ဗျာ)

Monday 4 May 2015

တို့ ကမ္ဘာဟာ ရွာကြီးပါ


*****************
ကမ္ဘာကြီးဟာ ရွာဖြစ်လာနေပြီတဲ့ လေ
ဒါပေမယ့် ရွာမှာ လူတွေ မနေရတာကြာပေါ့
ရေကြည်ရာမျက်နု ၀မ်းတစ်ထွာကို ပြုစုဖို့
ရွာထဲက လူတွေ နေ့စဉ်နဲ့အမျှ အဝေးကို ခရီးထွက်ထွက်သွားကြတာ
တစ်ခါတလေ ပြန်လာသူက ပြန်လာတယ်
တစ်ခါတလေ
ပြန်မလာသူက အပြီးတိုင် ရွာကို နှုတ်ဆက်ကြလို့

အားလုံးကတော့ ရွာကို ချစ်ကြတာပေါ့
စနစ်တစ်ခုကြောင့်
အဖြစ်တစ်ခုကြောင့်
ရွာကို လျှစ်လျူရှုရှုနေကြရတာ
အခုဆို ရွာမှာ ရေတွေခန်းခန်းလာနေပြီ
အခုဆို ရွာမှာ ရေရှိတဲ့ ကန်တွေထဲမှာတောင် ငါးတွေအလိုလိုသေနေပြီ
အခုဆို ရွာမှာ အိမ်ဆောက်ဖို့ သစ်တွေရှားပါးလာနေပြီ
အရှင်းဆုံးအလင်းဆုံး ပွင့်ပွင့်လင်းလင်းသုံးသပ်ပြရရင်
လူသေရေ အခေါင်းရိုက်ဖို့တောင် ခက်ခက်နေပြီ
ရွာမှာ အရင်ကလို စိတ်ရင်းကောင်းတွေပျောက်
တစ်ယောက်နဲ့တစ်ယောက် မွှေနှောက်ကြလို့
တစ်ယောက်နဲ့ တစ်ယောက် ဗွေဖေါက်ကြလို့
ရွာက မြေတွေလဲ ပျောက်သလောက်ဖြစ်နေပါပြီ
ဒါတင်မက ရွာအဆင်မလှ
နူရာဝဲစွဲ လဲရာသူခိုးထောင်း
ထောင်းလမောင်း ကြိုးကျေလို့
အချိန်တန်လို့ ကျွန်တော်တို့ အိမ်ပြန်လာတဲ့ အခါ
အဲဒီ ရွာလေးဟာ
အကောင်းမဟုတ်တောင်
တောင်းစုတ်ပုလုံးစုတ် အဖြစ်လောက်တော့ ကျန်ကောင်းပါရဲ့။ ။
******************
သစ္စာမိုးဝေ

Saturday 2 May 2015

အတို အရှည်

အတို အရှည်
*******************
လူ့ဘဝ
အသက်သည်တိုတောင်း၏
စိတ်ဖြစ်စဉ်သည် တိုတောင်း၏
တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံချိန်သည် တိုတောင်း၏
အလွမ်းကြတော့
တခမ်းတနားနဲ့ ရှည်လျှားလှခြေတကား
အချစ်ကြတော့ကော ဘာထူးလဲ
လမ်းသလားရင်းနဲ့ မိုင်တိုင်တွေ ဝေးလိုက်တာ
ထိုအခါ -----
ကျွန်ုပ်တို့တစ်တွေသည်
သံသရာဆိုတာကို တံဆိပ်ကပ်ပြီး ကိုယ်တိုင် ၀တ်ဆင်မိကြလေတော့သည်။ ။
************************
သစ္စာမိုးဝေ