Friday 30 August 2013

တနင်္ဂနွေ စကားလက်ဆောင် ( ၈) ရွှေရောင်နေ့ရက်များကို ဖြတ်သန်းကြည့်ခြင်း

အတိတ်ကို ဆုပ်ကိုင်မထားပါနဲ့ မွမ်းကြပ်နေလိမ့်မယ်
အနာဂတ်ကို ကြိုတင်ထုပ်ပိုးမနေပါနဲ့ လေးလံနေလိမ့်မယ်၊
ပစ္စုပ္ပန်ကိုသာ သေချာရိတ်သိမ်းပါ အရာရာတိုင်းက သင့်အတွက် ပြီးပြည့်စုံပါလိမ့် မယ်၊

အတိတ်ဟောင်းဆိုတာ လူတိုင်းမှာရှိတတ်ကြပါတယ်၊ လူတိုင်းအတိတ်ကိုယ်စီ ပိုင်ဆိုင်ကြပါတယ်၊ ဒါပေမယ့် အတိတ်ဆိုတာ ဆုပ်ကိုင်ထားဖို့ မဟုတ်ပါဘူး၊ သင်္ခန်း စာယူဖို့ပါ၊
အနာဂတ်ဆိုတာလဲ လူတိုင်းမျှော်လင့်တောင်းတလို့ရတဲ့ ပန်းတိုင်သွားဖို့ လမ်းတစ် လမ်းပါ၊ ဒါပေမယ့် ကြိုတင်တွေးတောပြီး ကြောက်လန့်နေဖို့ မဟုတ်ပါဘူး၊ ကြိုတင် တွေးတောကြောက်လန့်နေရင် လက်ရှိပစ္စုပ္ပန်အချိန်တွေကို လက်လွတ်သွားရပါလိမ့် မယ်၊

ဒါနဲ့ ပတ်သက်လို့ ဖတ်ဖူးတဲ့ အဖြစ်အပျက်တစ်ခုလေးကို ဖောက်သည်ချ ပြချင်ပါ တယ်၊
တစ်ခါက သူငယ်ချင်း နှစ်ယောက်ခရီးသွားကြပါတယ်၊ သွားရင်းသွားရင်းနဲ့ လမ်းခု လတ်မှာ ရွာပျက်ကြီးတစ်ခုကို တွေ့ပါတယ်၊ အဲဒီရွာပျက်ကြီးမှာ ဘယ်သူမှ မယူပဲ ထားတဲ့ ပိုင်ရှင်မဲ့ ဂုံလျှော်တွေကို တွေ့ပါတယ်။ သူငယ်ချင်း နှစ်ယောက် ဂုံလျှော်တွေ ကိုနိုင်သလောက် ယူကြပါတယ်၊ အဲဒီလိုနဲ့ ခရီးဆက်ထွက်လာပါတယ်၊
တစ်နေရာအရောက်ကြတော့ ရွာပျက်ကြီးတစ်ခုကို ထပ်တွေ့ပါတယ်၊ အဲဒီရွာပျက် ကြီးမှာလဲ ဘယ်သူမှမယူပဲ ပိုင်ရှင်မဲ့နေတဲ့ ငွေခြည်လျှော်မျှင်တွေကို တွေ့ရပါတယ်၊ သူငယ်ချင်းနှစ်ယောက်ထဲက တစ်ယောက်က ပထမရွာပျက်က သယ်လာတဲ့ ဂုံ လျှော်တွေကို ပစ်ချပြီး၊ ငွေခြည်မျှင်လျှော်တွေကို ကောက်ယူလိုက်ပါတယ်၊

ဒုတိယ သူငယ်ချင်းကတော့ ပထမရွာပျက်ကြီးကတည်းက ပင်ပင်ပန်းပန်း သယ်လာရတာမို့ ဂုံလျှော်တွေကို မစွန့်ပစ်ပဲဆက်သယ်လာပါတယ်၊ အဖော်ဖြစ်တဲ့သူငယ်ချင်းက “သူငယ်ချင်း မင်းဂုံလျှော်တွေက ဒီငွေခြည်မျှင်လျှော်တွေထက်စာရင် တန်ဖိုးနည်း တယ် ဒီဂုံလျှော်တွေကို ပြစ်ထားခဲ့ပြီး ဒီငွေခြည်မျှင်လျှော်တွေကို ပြောင်းသယ်ပါ ကွာ”လို့ ပြောတာတောင် လက်မခံပါဘူး၊  ပထမရွာပျက်ကြီးဆီက ပင်ပင်ပန်းပန်း သယ်လာရတဲ့ ဂုံလျှော်တွေပဲ ဆက်သယ်မယ်ဆိုပြိး ဆက်လက်သယ်ပါတယ်၊

ဒီလိုနဲ့ သူငယ်ချင်း နှစ်ယောက် ဆက်လက်ပြီး ခရီးထွက်လာကြပါတယ်၊ ဒီလိုနဲ့ တစ် နေရာအရောက်မှာလဲ ရွာပျက်ကြီးတစ်ခု ထပ်တွေ့ပါတယ်၊ အဲဒီရွာကြီးပျက်မှာတော့ ပိုင်ရှင်မယ့်နေတဲ့ ရွှေချည်မျှင်လျှော်တွေကို ထပ်တွေ့ပါတယ်၊
သူငယ်ချင်းနှစ်ယေက်ထဲက ငွေခြည်မျှင်လျှော်တွေသယ်လာတဲ့ တစ်ယောက်က ငွေခြည်မျှင်တွေပစ်ချပြီး ရွှေခြည်မျှင်တွေနဲ့ လဲလှည်သယ်ယူလိုက်ပါတယ်၊ နောက် တစ်ယောက်ကတော့ သူ့ထုံးစမ်းအတိုင်း ပင်ပင်ပန်းပန်း သယ်လာတဲ့ဂုံလျှော်တွေ  ကိုပဲ ဆက်လက်သယ်လာပါတယ်၊

သူငယ်ချင်းနှစ်ယောက် လျှောက်လာရင်းနဲ့ ခရီးဆုံးတော့ မြို့တစ်ခုရောက်လာပါ တယ်၊ အဲဒီမြို့မှာ သူတို့သယ်လာတဲ့ လျှော်ချည်တွေရောင်းလိုက်တာ ဂုံလျှော်က ဈေး နဲနဲလေးရပြီး ရွှေချည်တွေက ဈေးဈေးကြီးနဲ့ ရောင်းရပါတယ်၊

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ စာဖတ်သူ၊ ပုံပြင်လေးကို ပြန်လည်သင်္ခန်းစာထုတ် ကြည့်မယ်ဆိုရင် လျှော်ချည်တွေကို နေရာဒေသအလိုက်၊ တန်ဖိုးအနိမ့်အမြင့်အ လိုက်၊ ပစ္စုပ္ပန်လက်တွေ့သဘောတရားအလိုက်၊ သုံးသပ်ပြီး သယ်ယူခဲ့သူသာ  နောက်ဆုံးမှာ အကျိုးတရား အများကြီး ခံစားရတာမဟုတ်လား၊

ပြောရရင်တော့ စာဖတ်သူရယ် အတိတ်ဆိုတာကြီးကို ပစ္စုပ္ပန်ဆီသယ်မလာပါနဲ့လို့ ပြောချင်တာပါပဲ၊ သယ်လာဖြစ်ခဲ့ရင်လဲ ပစ္စုပ္ပန်မှာတွေ့မြင်ရတဲ့ ရွှေရောင်အချိန်တွေနဲ့ အစားထိုးလဲလှယ်ပြစ်လိုက်ပါလို့ အကြံပေးပါရစေ၊ အဲဒီလို ပစ္စုပ္ပန်ရွှေရောင်အချိန် တွေကို အစားထိုးလဲလှယ်နိုင်ပါမှ နောင်အခါကြုံတွေ့လာရမယ့် အနာဂါတ်ဟာ ပိုမို လှပလာမှာပါ၊

လူတိုင်းရဲ့အတိတ်တွေဟာ အများအားဖြင့် လှပတတ်ကြတာမဟုတ်ပါဘူး၊ လူတော် များများကပျော်ရွှင်စရာ အတိတ်တွေထက်စာရင် နာကျင်စရာအတိတ်တွေကိုပဲ မမေ့ မပျောက်၊ တစ်ခုတ်တရ သိမ်းထားတတ်ကြတာပါ၊
နာကျင်စရာတွေက ဘ၀မှာ ပိုပြီးလဲ သတိရတတ်ပါတယ်၊ ပိုပြီးလဲ မမေ့မပျောက် ရှိ တတ်ကြပါတယ်၊

အတိတ်က နာကျင်စရာတွေကို ပစ္စုပ္ပန်အထိ သယ်ယူလာမယ်ဆို ရင် ကိုယ့်ရဲ့ ပစ္စုပ္ပန်အချိန်တွေထဲမှာ ၀င်ရောက်နှောက်ယှက်နေပြီး ကိုယ်ပိုင်ဆိုင်နေ တဲ့ တန်ဖိုးရှိတဲ့ ပစ္စုပ္ပန်အချိန်တွေဟာ နာကျင်စရာတွေရဲ့ အရိပ်အောက်မှာ ကျ ရောက်လာပြီး ပျော်ရွှင်ဖို့ မေ့ပျောက်သွားရမှာ၊

ဒါကြောင့် ပြောချင်တာကတော့ စာဖတ်သူရယ် အတိတ်ကို အတိတ်မှာထားခဲ့ လိုက်ပါ၊ ပစ္စုပ္ပန်ဆီကို သယ်ယူမလာလိုက်ပါနဲ့၊ အတိတ်ကို အတိတ်မှာ မထားခဲ့ပဲ ပစ္စုပ္ပန်ဆီ သယ်ယူလာမယ်ဆိုရင် ကိုယ့်ရဲ့လှပတဲ့ ပစ္စုပ္ပန်ရွှေရောင် အချိန်တွေဟာ မလှမပ ဖြစ်သွားမှာပါ၊ အကျည်းတန်သွားမှာပါ၊ ကိုယ့်ရဲ့ စိတ်တွေက အတိတ်မှာဆီ ကို ခဏခဏရောက်နေရင် ကိုယ်ရင်ဆိုင် ဖြတ်သန်းနေရတဲ့  ပစ္စုပ္ပန်ရွှေရောင်တွေ အချိန်ဟာ မှောင်မိုက်ခြင်းတွေနဲ့ ကြုံတွေ့ရင်ဆိုင်နေရပါ၊

အခုလက်ရှိပစ္စုပ္ပန်ကို ရင်ဆိုင်နေရချိန်မှာလဲ အနာဂတ်ကိုကြိုတင်မတွေးနေပါနဲ့ အနာဂါတ်ကို ကြိုတွေးနေရင်လည်း ကိုယ်ပိုင်ဆိုင်နေတဲ့ ပစ္စုပ္ပန်ရွှေရောင်အချိန်ဟာ အနာဂတ်ဆီမှာ ဝေ့၀ဲပျံလွှင့်သွားနေပြီး လက်ရှိပစ္စုပ္ပန် အချိန်တွေကို မေ့မေ့လျှော့ လျှော့ ဖြစ်နေတတ်လို့ပါ ၊

နောက်ဆုံးအနေနဲ့ အကောင်းဆုံးအကြံပြုလိုက်ချင်တာကတော့ စာဖတ်သူရယ် ကိုယ့်ရဲ့ လက်ရှိအချိန်ထက် ကောင်းတဲ့အချိန်အခါဆိုတာ မရှိတော့တာမို့ လက်ရှိ ရွှေရောင်သန်းနေတဲ့ ပစ္စုပ္ပန် အဖိုးတန်အချိန်အခါတွေကို လက်ရမိမိ ပိုင်ဆိုင်နိုင် အောင် ကြိုးစားကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ ။ ။

ရွှေမန်းသား

http://mingalargarden.blogspot.in/

Saturday 24 August 2013

တနင်္ဂနွေ စကားလက်ဆောင် (၇) အလင်းသဒ္ဓါချိုချို

သောကတွေ ဒုက္ခတွေနဲ့ ရင်ဆိုင်ရတိုင်း အမှတ်တရရှိတတ်ကြတာက အနီးကပ်အား ပေးမယ့်သူ တစ်ယောက်ယောက် အနားမှာရှိနေစေချင်တာပဲ ဖြစ်သည်၊ လူတိုင်း သောကတွေ ဖြစ်ဘူးကြသည်၊ ဒုက္ခတွေကြုံဖူးကြသည်၊ ပုထုဇဉ်လူတန်းစားမှန်သမျှ သောကတွေ ဒုက္ခတွေ နဲ့ မိတ်ဆွေဖြစ်ဘူးသူချည်းသာ၊

သိဘူးတဲ့ ဒကာမကြီးတစ်ဦးပြောပြတာကို သတိရမိသည်၊ သူက “လူ့ဘ၀ကြီးကိုက ဒုက္ခဘုံကြီးကိုဘုရား ဒုက္ခတွေနဲ့ ကြုံတွေ့ရတာ ဘာဆန်းလို့လဲဘုရား” လို့ဆိုသည်။

လူရွှင်တော်ကြီးချာလီချက်ပလင်ကတော့ “လူ့ဘ၀ဆိုတာ အနီးကပ်ကြည့်တော့ အ လွမ်းကားပဲ၊ အဝေးကနေကြည့်ရင်တော့ ဟာသကားကြီးပါဗျာ” လို့ ဆိုဘူးသည်၊

ဘာပဲပြောပြော လူ့ဘ၀ကြီးကို လူတော်တော်များများက အနီးကပ်ကြည့်နေမိကြတာ ပဲများမည်ထင်သည်။ အဝေးကကြည့်သူများမှာ အသိတရားနဲ့ပြည့်စုံသူ လူနဲစုသာ ဖြစ်မည် ထင်သည်၊

သောကတွေ ဒုက္ခတွေနဲ့ကြုံတွေ့သူတိုင်းကို စာနာနားလည် ပေးတတ်ဖို့ လိုအပ်ပါ သည်။ လူတိုင်းက စာနာနားလည်ပေးဖို့ လက်တွန့်တတ်ကြသည်။ လူတိုင်းတွင် အတ္တကိုယ်စီရှိကြတော့ တစ်ဖက်သားရဲ့ အတ္တခံစားချက်ကို တစ်ဖက်သူက နားလည်ယူဖို့ဆိုသည်မှာ အပြောလွယ်သလောက် ခက်ခဲသော လုပ်ရပ်တစ်ခုဖြစ်နေ တတ်သည်၊

လူတိုင်းလူတိုင်း နေ့စဉ်ရုန်းကန်လှုပ်ရှားနေကြရတော့ တစ်ဖက်သားကို အချိန်မပေးနိုင်ကြ၊ မစာနာနိုင်ကြ၊ ကိုယ်ဘ၀နဲ့ ကိုယ်အတ္တ တစ်ထပ်တည်းကျဖို့ ထူထောင်နေရ တာများကြသည်၊ မိမိ တစ်ယောက်တည်း သောကတွေ ဒုက္ခတွေနဲ့ ပင်လယ်ဝေလာသောအခါ ဖြေသိမ့်တတတ်ဖို့ တစ်ယောက်တည်း အားတင်းတတ်ဖို့ လိုလာပါသည်။

ဒါကြောင့်စာဖတ်သူများကို သောကတွေ ဒုက္ခတွေ ပင်လယ်ဝေလာ သောအခါ အားတင်းဖြေသိမ့်နိုင်ဖို့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ပြောပြပေးချင်ပါသည်၊

ဇာတ်လမ်းက သောကတွေ ဒုက္ခတွေနဲ့ ပင်လယ်ဝေပြီး နောက်ဆုံး  ၀ိနည်းအရာမှာ အသာလွန်ဆုံး အမြင့်မြတ်ဆုံးဆုရရှိသွားတဲ့ ထေရီမလေး အကြောင်းပါ။ ထေရီမ လေးနာမည်က အများနှင့်ရင်းနှီးပြီးသား ဖြစ်ချင်ဖြစ်နေပါမည်၊ အများပါးစပ်များတွင် ခေါ်ဆိုကြဖူးပါလိမ့်မည်၊ မထေရမလေးနာမည်က ပဋာစာရီထေရီ၊

မထေရ်မလေးသည် သာသနာ့ဘောင်ဝင်ရောက်မလာခင်က သူဌေးသမီးတစ် ယောက်ဖြစ်သည်၊ တစ်ဦးတည်းသော သမီးလေးမို့ မိဘများက ဖူးဖူးမှုတ်ထားကြ သည်။ အလိုလိုက်အကြိုက်ဆောင်ပေးသည်၊ မပူပင်ရ၊ မကြောင့်ကြရ၊ ကြံတိုင်းစီရာ အဖြေရှာ လိုချင်တာဖြစ် သူ့ဘ၀သူ့ကမ္ဘာမှာ အသစ်အဆန်းတွေချည်း ဖြစ်၍နေသည်၊

လူတွေရဲ့ စိတ်သည် ဆန်းကြယ်သည်။ ဆန်းကြယ်သလို မရသေး၊ မဖြစ်သေးတာကို ဖြစ်ချင်သည်၊ လုပ်ကြည့်ချင်သည်၊ သူဌေးသမီးလေး ပဋာစာရီသည် သူမသိသေး သောအချစ်ဆိုတဲ့အရာကို လက်တည့်စမ်းကြည့်ချင်သည်၊ စမ်းလဲ စမ်းကြည့်လိုက် သည်၊

သူတို့အိမ်တွင် ခိုင်းစေနေသော ကျွန်ကောင်လေးတစ်ယောက်နဲ့ ချစ်ကြိုးသွယ်မိ သည်၊ ချစ်သူနှစ်ယောက်မိုးမမြင်လေမမြင် ချစ်ကြင်နာမိကြသည်။ တစ်နေ့ ချစ်ရာက အဆင့်တက် မခွဲနိုင်မခွါရက်ကြပဲ အတူနေထိုင်နိုင်ရန် ခိုးပြေကြလေတော့သည်၊

တူနှစ်ကိုယ် တဲအိုပျက်မှာနေရနေရ ၊ ရွှေဘုံပေါ်မှာ စံရစံရ၊ ချစ်တာချစ်တာ ပဓာနဆို သလို ချစ်နေတုန်းတော့ အားလုံးကိုမေ့ထားပြီး တောရွာလေးတစ်ရွာတွင် ဇနီး မောင်နှံနှစ်ဦး သွားနေကြသည်၊

တစ်နေ့တွင် မပဋာလေးမှာ ကိုယ်လေးလက်ဝန်ရှိလာသည်၊ အမျိုးသမီးထု အ များစုက ကိုယ်လေးလက်ဝန်ရှိလာလျှင် မိဘအိမ်ကို သတိရတတ်ကြတာ သဘာဝ ပင်၊ မပဋာလေးလဲ ကိုယ်လေးလက်ဝန်ရှိလာတော့ မိဘအိမ်ကို သတိရလာသည်၊ ဒါကြောင့် သူ့အမျိုးသားကို ခွင့်တောင်းသည် အမျိုးသားက ခွင့်မပြု၊ ခဏခဏ ခွင့် တောင်းကြည့်သည် ခွင့်မပြု၊ ဒီလိုနဲ့ တစ်နေ့တွင် အမျိုးသားမရှိခိုက် မိဘအိမ်ကို တိတ်တိတ်လေးပြန်ပြေးသည်။

သူအမျိုးသားကိုဒါသ အိမ်ပြန်ရောက်လာတော့  ချစ်ဇနီးသည်လေး မပဋာကို မမြင် တော့ စိုးရိမ်စိတ်တွေနဲ့ ပူလောင်သွားသည်။  အိမ်နီးနားချင်းတွေမေးကြည့်မှ ဖြစ်ကြောင်းစုံလင် အကုန်အစင်သိရသည်၊ ကိုဒါသ ချစ်ဇနီးလေး မပဋာနာက် မှီအောင်လိုက်သည်၊
တစ်နေရာအရောက် တောလမ်းခရီးတွင် မပဋာလေးကို မှီလာ သည်၊ မှီလာတဲ့ တောထဲက မြေပြင်မှာပင် သွားချင်တဲ့ မိဘအိမ်မရောက်ပဲ ကမ္မဇလေ အလျှင်က ကြိုတင်လှုပ်လေတော့ သားဦးလေးကို ဖွားလိုက်ရသည်၊
ကိုဒါသလဲ မပဋာလေးကို မိဘအိမ်မပြန်ဖို့ နှစ်သိမ့်ပြီး တောရွာလေးက အိမ်ကို နှစ်ဦးသားပြန်လာကြသည်၊

ဒီလိုနဲ့ နေလာလိုက်ကြတာ နောက်ထပ် မပဋာလေးမှာ ကိုယ်လေးလက်ဝန် ရလာပြန်သည်၊ ဒီတစ်ခါလဲ မပဋာလေးခမျာ မိဘရပ်ထံပြန်ချင် လာပြန်သည် ကိုဒါသထံ ခွင့်ပန်ပြန်သည်၊ ကိုဒါသက ခွင့်မပြုပြန်၊ ဒါနဲ့ တိတ်တိတ်က လေးခိုးပြန်ဖို့ စီစဉ်ပြန်သည်၊
ကိုဒါသလဲတစ်ခါ နောက်ကလိုက်ရပြန်သည်၊ တောတွင်းတစ်နေရာတွင် မှီလာပြန် သည်၊

ဒီတစ်ခါလဲ တောထဲမှာပဲ မီးဖွားဖို့ဖန်လာပြန်သည်၊ ကံဆိုးမသွားရာ မိုးလိုက် ရွာဆိုသလိုပင် ကောင်ကင်တစ်ခွင်လုံး မဲမှောင်ပြီး မိုးကြီးလေကြီးတွေ တဟီးဟီးရွာ လ ပြန်သည်၊ မီးဖွားဖို့ကနီးကပ်၊ လေတွေကတိုက် မိုးတွေကရွာ တစ်တောလုံး တစ် တောင်လုံး တ၀ုန်းဝုန်း တဗျုန်းဗျုန်းနဲ့ ခြောက်ခြားစရာပင်၊ ကိုဒါသက မီးမွှေးဖို့ ထင် ရှာထွက်ရပြန်သည်၊ မိုးရွာတော့ တွင်းအောင်းသတ္တ၀ါတွေက အပြင်ထွက်လာပြန် သည်၊ တောတွင်းတစ်နေရာတွင် ကိုဒါသ မြွေကိုက်ခံရပြီး သေဆုံးလေသည်။
မပဋာလေးမှာ ခက်ခက်ခဲခဲ တောတွင်းတစ်နေရာတွင် ကူကယ်ရာမယ့် သား ယောက်ျားလေးတစ်ယောက်ကို မွေးဖွားရပြန်သည်၊

မနက်အာရုံလင်းတော့ ထင်အ ရှာသွားတာ ပြန်ရောက်မလာသော လင်တော်မောင်ကိုဒါသကို လိုက်ရှာရပြန်သည်၊ တောတွင်း တစ်နေရာတွင် လင်တော်မောင်ကိုဒါသ မြွေကိုက်ခံရပြီး သေဆုံးနေတာ မြင်ရသည်၊ မပဋာ မွေပူရာ ကင်းမှောင့်ပြိး ယူကြုံမရ အပူလုံးထရပြန်သည်။

ဒါပေမယ့် လင်တော်မောင်သေဆုံးလဲ ဘာအရေးလဲ သားနှစ်ယောက်ရှိသေးတာပဲ လေဆိုပြီး မပဋာအားတင်းလိုက်သည်၊ အခုချိန်တွင် မပဋာမှာ ကူကယ်ရာကလဲမယ့် အားကိုးရတဲ့ လင်ယောကျာ်းလဲမရှိ သားနှစ်ယောက်နဲ့ ဒုက္ခတွေပင်လယ်ဝေ၊ သောကတွေ မိုးလိုစွေနေသည်၊

နောက်ဆုံးတွင် မပဋာတစ်ယောက် မိဘများရှိရာ သာဝတ္တိကိုပြန်ဖို့ ဆုံးဖြတ်လိုက် သည်၊ လမ်းခုလတ်တွင် အစီရ၀တီမြစ်ကြီးက မိုးရေတွေကြီးပြီး ရေတွေဒလဟော စီးကာ တားဆီးနေပြန်သည်။ မပဋာလို မိန်းမသားအဖို့ အကူးခက်ပြန်သည်၊ သားနှစ် ယောက်နဲ့ မြစ်ကိုကူးဖို့ အဆင်မပြေ သားအကြီးကို ကမ်းတစ်ဖက်တွင် ထားခဲ့သည်၊ သားငယ်ကို အရင်ချီပြီး တစ်ဖက်ကမ်းသို့ သွားပို့လိုက်သည်၊ တစ်ဖက်ကမ်းတွင် သားငယ်လေးကို ပို့ထားခဲ့ပြီး သားအကြီးကို ပြန်ခေါ်ဖို့ မြစ်ထဲဆင်းလိုက်သည်၊

မထင်မှတ်ပဲ ရေနစ်တဲ့သူ ၀ါးကူလို့ထိုးဖို့ဖန်လာသည်၊ ကောင်းကင်က ၀န်လိုငှက်က မွေးခါစ သားငယ်လေးကို အသားတစ်အမှတ်ဖြင့် ထိုးသုတ်ဖို့ ဆင်းသက်လာသည်၊ မပဋာ ကငှက်ကြီးပြေး အောင် “ဟေး ဟေး ဝှေး ဝှေး” လို့ အော်ကာ ခြောက်လိုက်သည်၊

ကမ်းတစ်ဖက်တွင် ရပ်နေသောသားကြီးက သူ့ကိုလက်ယပ်ခေါ်တယ် ထင်မှတ်ပြီး ရေထဲဆင်းလာသည်။ ရေသည်တဝေါဝေါစီးလျှက် မပဋာနားမရောက်မီ ရေစီး တွင်မျောပါသွားသည်၊ သားငယ်က ၀န်လိုငှက်ချီသွားပြီ၊ မမဋာမှာ လင်လဲသေ၊ သားလဲဆုံး အားလုံးသော ဆုံးရှုံးခြင်းတွေက အတိုင်းအဆမမြင် တစ်ခုပြီးတစ်ခု တိုးကာဝင်လာသည်၊

လင်ဆုံး သားသေ ဘ၀နွေအနုသယတောမှာ ခဏခဏအမောဖောက်ရသော မပဋာ နောက်ဆုံးလက်ကျန် သံယောဇဉ် အမေနဲ့ အဖေ၊ မောင်ဘွားရှိရာ မျှော်လင့်ချက် ကြီးစွာနဲ့ သာဝတ္ထိကမ်းတစ်ဖက်ကို လှမ်းတက်လာသည်၊
လမ်းခုလတ်တွင် သာဝတ္ထိကလာသော အမျိုးသားတစ်ယောကိုမေးကြည့်လိုက် တော့ ညက မိုးကြီးလေထန် ရာသီဥတုဒဏ်ကြောင့် မိဘတွေနေသောတိုက်မှာ ပြိုကျကာ သူ့မအမေ၊ အဖေနဲ့ မောင်ဘွားခများ ဆုံးရှာလေပြီတဲ့၊

မျှော့်လင့်ချက်တွေ အားလုံးပျက်သုဉ်းလေပြီ၊ ဘ၀ကြိးတစ်ခုလုံး အပူဆုံး အပူတွေထဲ တစ်မုဟုတ်ချင်း တစ်ခဏချင်း ကျရောက်သွားပြီ၊ လင်လဲဆုံး သားတွေလဲသေ၊ မိဘ မောင်ဘွားတွေလဲ ပြန်မလာသော အဝေးဆုံးကို ထွက်သွားကြလေပြီ၊
မပဋာ လောကကြီးကို အဆုံးအစမရှိလိုက်ကြည့်လိုက်သည်၊ သူ့ကိုကယ်မယ့်သူ မတွေ့ ကူမယ့်သူလဲမမြင် ကမ်းမမြင်လမ်းမမြင် ဘ၀သံသရာကြီးထဲတွင် တစ်ခဏ ချင်း တစ်ခဏချင်း လင်းရာကမှောင်လာသည်၊ မှောင်ရာက လင်းလာသည်၊ အလင်း အလင်း အမှောင်အမှောင် ----အားးးးးးးးးးးးးး၊ အဲဒီအချိန်ကစ မပဋာမှာ အရူးမဆိုသော ဘွဲ့ကိုရလိုက်တော့သည်၊

ကလေးတွေက အရူးမကြီး၊ အရူးမကြီးနဲ့စကြသည်၊ ပြောင်ကြသည်၊ ဆံပင်တွေလဲ  ဖရိုမရဲ၊ သူဌေးသမီးလေးမပဋာဘ၀က အရူးမလေး မပဋာဘ၀ကို ချက်ချင်း လက်ငင်း သက်ဆင်းရပြီ၊ တစ်ချို့က ပြာတွေနဲ့ ပက်ကြသေးသည်၊

တစ်နေ့ အ၀တ်ဗလာ ကိုယ်တစ်ခုနဲ့ ပူမှုတွေစုနေသော မပဋာအရူးမလေး မြတ်စွာ ဘုရားတရာဟောနေချိန် ဇေတ၀န်ကျောင်းတော်ကြီးနား ရောက်လာသည်၊ ကျောင်း တံခါးကြီးကပွင့်လို့၊ ဟင်းလင်းကြီး၊ အထဲလှန်းကြည့်လိုက်တော့ တရားနာနေတဲ့ ပရိတ်သတ်တွေကအများကြီး၊

မပဋာမသိမသာလေးဝင်သွားသည်၊ ပရိတ်သတ်တွေက သူ့ကို မြင်တော့ အရူးမ ထွက်သွား၊ ဟဲ့အရူးမထွက်သွားဆိုပြီး မျက်လုံးစိမ်းကြီးတွေနဲ့ မောင်းထုတ်ကြသည်၊ ထိုစဉ်မြတ်စွာဘုရားက “မတားမြစ်ကြနဲ့ကွယ်၊ မတားမြစ်ကြနဲ့”လို့ သတိပေးစကားဆို မှ အားလုံးက အသာတကြည်၊ မပဋာလေးဝတ်ဆင်ပို့ ပုဝါပေးသူကပေး၊ အ၀တ်ကမ်း သူကကမ်း စာနာမှုတွေနဲ့ ကမ်းလှမ်းကြသည်၊

တစ်ဆက်တည်းပဲ မြတ်စွာဘုရားက “ချစ်သမီး၊ သတိကပ်လော့ ချစ်သမီး သတိကပ် လော့”လို့ အဆက်မပြတ်အထပ်ထပ် ကရုဏာကြီးစွား မိန့်တော်မူလေသည်၊

မပဋာက “မှန်လှပါ မြတ်စွာဘုရား၊ တပည့်တော်မမှာ အားကိုးစရာ လင်ယေက်ျားလဲ ဆုံးသွားပါပြီးဘုရား၊ ဒါတင်မက ချစ်မ၀တဲ့ သားလှရတာနာလေး နှစ်ယောက်လဲ ထပ်တူဆုံးရှုံး အပူလုံးထရပါတယ်ဘုရား၊ ဒါနဲ့ရပ်မနေ ရတက်ပွေအောင် မိဘမောင် ဘွားတွေလဲ ရင်ကွဲအောင် အရှင်မခွဲပဲ တပည့်တော်မကို အသေခွဲ ခွဲခွါသွားပါပြီဘု ရား” လို့ လျှောက်ထားလိုက်သည်၊

အဲဒီ လိုလျှောက်ထားလိုက်တော့ မြတ်စွာဘုရား၊ “ချစ်သမီး၊ လောကမှာ မိဘသေဆုံး လို့ အပူလုံးထပြီး ယူကြုံးမရဖြစ်ကာ ငိုခဲ့ရတဲ့မျက်ရည်တွေ၊ သားသမီးသေလို့ ငိုကြွေး ရတဲ့ မျက်ရည်တွေ၊ သက်ထားသခင် ချစ်လင်၊ ချစ်ဇနီးသေဆုံးလို့ ယူကြုံးမရ အပူလုံး ထပြီး ငိုကြွေးခဲ့ရတဲ့မျက်ရည်တွေဟာ သမုဒ္ဒရာနဲ့ ပမာနှိုင်းရင် သမုဒ္ဒရာရေက နည်း နေသေးတယ် ချစ်သမီး၊

ချစ်သမီး သတိလေးကပ်လိုက်ပါ၊ မိဘဆိုတာလဲ တကယ်သေးမယ့်ဘေးနဲ့ ပြေးတွေ့ ချိန်မှာ အားကိုရာမဟုတ်တော့ဘူး ၊ သားသမီးဆိုတာလဲ ထိုနည်းလည်းကောင်း၊ လင် ယောင်္ကျားဆိုတာလဲ ထို့အတူ အပူတွေဝိုင်းလာရင် ကိုယ်ကိုယ့်ကိုသာ အားကိုးရာ ဖြစ်တယ် ချစ်သမီး၊  ဒါကြောင့် ကိုယ့်ကိုယ်ကိုသာ တရားရအောင် ရှာဖွေပါ” လို့ မိန့်တော် မူလိုက်သည်၊

အရူးမလေး မပဋာလဲ မြတ်စွာဘုရားရဲ့ ငြိမ်းချမ်းတဲ့ အသံတော်တရားစကားမှာ ထောင်နားစိုက်လိုက်တော့ အသိတရားကာ ငြိမ်းချမ်းမှုကို ခံစားသွားရပါတော့သည်၊

ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲဖြစ်သည်၊ တကယ်လို့ စာဖတ်သူမှာ သောကတွ ဒုက္ခတွေကြုံတွေ့နေရရင် အခုပြောပြခဲ့တဲ့ မပဋာဇာတ်ကြောင်းလေးကို ပြန်ပြောင်းကာ သတိရပြီး သောကတွေဖြေဖျောက် ခ၀ါချနိုင်ပါစေလို့ တောင်းဆုပြုလိုက်ချင်သည်၊

ကိုယ်ရရှိထားတဲ့သာက၊ဒုက္ခတွေက မပဋာရရှိခဲ့သော ဒုက္ခ၊သောကတွေထက် စာလျှင် နဲလို့ပင်နေပါဦးမည်၊ ဒါ့အပြင် ကိုယ်အမြင် ကိုယ့်ပတ်ဝန်းကျင်မှာလဲ သောက တွေ၊ဒုက္ခတွေနဲ့ ပင်လယ်ဝေနေသူတွေကို တွေ့ခဲ့ရင်လဲ -

“သူ့ဘက်ကို ၊ အလင်းသဒ္ဓါ ချိုချိုတွေနဲ့
အရင်းအချာလို၊ ကိုယ်ချင်းစာတရားလေးထားပြီး” ဖေးမအားပေးနိုင်သော သူများဖြစ် ကြပါစေသားရယ်လို့ တောင်းဆုတစ်ခု ထပ်လောင်းပြုလိုက်ချင်ပါသည်။ ။

ရွှေမန်းသား

https://www.facebook.com/shwemantha

http://mingalargarden.blogspot.in/

ကျမ်းကိုး
ဓမ္မပဒ ပဋာစာရာထေရိ ၀တ္ထု
 ပဋာစာရာ ထေရီအပါဒါန်၊

Wednesday 21 August 2013

ရဟန်းတစ်ပါးရဲ့ ကော်စမိုပိုလီတန်နိုင်ငံ တစ်ခုသို့ ရွက်လွှင့်ခြင်း

ခရီးသွားခြင်းသည် စိတ်ကိုလန်းဆန်းစေ၏၊ မိတ်ဆွေအသစ်တိုး၏၊ မရောက်ဖူးသေး သော ဒေသများကို ရောက်ရ၍ ဒေသန္တဗဟုသုတတိုးပွားရ၏၊ နယ်မြေဒေသ တော တောင်တို့ရဲ့ သဘာဝအလှကို ခံစားရ၏၊  ဤကား ခရီးသွားခြင်းနှင့် ပတ်သက်ပြီး သူ၏ထင်မြင်ချက်တစ်ချို့သာဖြစ်လေ၏၊

ကိုလံဘတ်တို့အမျိုးများက ခရီးသွားရတာကို နှစ်ခြိုက်သည်ထင်၏၊ ယခုလို လေယဉ် ပျုံတွေ ကားတွေမပေါ်ခင်ကတည်းက အမြဲတမ်း သူတို့ဆွေမျိုးသင်းပင်းများက ခရီး သွားကြ၏၊ ပင်လယ်ပြင်တွင် ရွက်လင့်လျှက် နယ်မြေဒေသသစ်ရှာဖို့ စိတ်ကူးရှိကြ၏၊
သူတို့ဗီဇ ၀ါသနာအရ ရွက်လည်းလွှင့်ကြ၏၊ နယ်မြေသစ်များလည်း ရှာဖွေတွေ့ရှိ ကြ၏၊

မြတ်ဗုဒ္ဓသည်လည်း သူ့၏သာသနာ စည်ပင်ဝပြောဖို့အတွက် ခရီးသွားခြင်းကို အား ပေးတော်မူ၏၊ အားပေးသည့် အားလျှော်စွာ သူ၏ဒေသနာများထဲတွင်လည်း “စရထ ဘိက္ခဝေ စာရိကံ၊ ဗဟုဇန သုခါယ၊ လောကာနုကမ္ပာယ ဟိတာယ သုခါယ ဒေ၀မနု ဿာနံ= ရဟန်းတို့ လူအများကို ချမ်းသာဖို့၊ လောကကြီးကို အမြဲတမ်းကောင်းကျိုး ချမ်းသာတရားများပြီး ပျော်ရွှင်စွာနေကြဖို့ ခရီးသွားကြဆိုသော” အဆိုအမိန့် တရားကိုလဲ ပထမဆုံးသောသံဃာ့ ညီလာခံကြီးတွင် မိန့်ကြားထားခဲ့၏၊

သူသည်လည်း မြတ်ဗုဒ္ဓ၏ သားတော်တစ်ပါးဖြစ်သည့် အားလျှော်စွာ ခရီးသွားရတာ ကိုနှစ်သက်မြတ်နိုးမိ၏၊ ရွှေပြည်ကြီးတွင်နေစဉ်က နွေအခါ စာမေးပွဲတွေအပြီး ခရီး ထွက်ဖို့ပြင်ဆင်ဖြစ်ခဲ့တာများ၏၊ တစ်ခါတစ်ခါ

သူမရောက်ဖူးသေးသော အတူသီ တင်းသုံးဖော်မိတ်ဆွေ သူငယ်ချင်းများ၏ ကျေးးရွှာများသို့ အလည်ပတ်ခရီးသွား ဖြစ်၏၊ တစ်ခါတစ်ရံ မိဘဆွေမျိုးများထံ အလည်အပတ် ခရီးအထပ်ထပ်ထွက်ဖြစ်၏၊ တစ်ခါတရံတွင် ပြင်ဦးလွင်ပန်းမြို့ တော်ဆီသို့ အပူဒဏ်သက်သာရန် ခိုလုံပြေးဝင်ဖူး၏၊

ရွှေပြည်ကြီးရဲ့အဝေး တိုင်းတစ်ပါးသို့ ပညာရှာဖွေဖို့ရောက်နေသော အခါတွင်လည်း သူသည် ကျောင်းနားရက်များတွင် ခရီးထွက်ဖြစ်၏၊ သီရိလင်္ကာတွင် နေစဉ် M.A စာ မေးပွဲကြီးပြိးတော့ သူရွက်လွှင့်ဖြစ်သောခရီးမှာ မာလာယုကျွန်းခေါ် မလေးရှားနဲ့ သီဟပူရ မြို့တော်ကြီးခေါ် စင်္ကာပူနိုင်ငံတို့ဖြစ်လေသည်၊

သူစတင် သွားရောက်တာက မာလာယုကျွန်း မလေးရှားပင်ဖြစ်၏၊ သို့ပေမယ့် ယခုဆောင်းပါးတွင် သီဟပူရခေါ် စင်္ကာပူတွင်တွေ့ခဲ့သမျှ၊ ဖြစ်ခဲ့သမျှကို ဖေါက်သည် ချကြည့်မည်သာဖြစ်၏၊

သီဟပူရမြို့ကြီးသည် ကျွန်းပေါင်း (၆၃) ကျွန်းနဲ့ ရစ်ပတ်ဖွဲ့စည်း တည်ဆောက်ထား သော နိုင်ငံလေးတစ်နိုင်ငံသာဖြစ်၏၊ နိုင်ငံလေးပေမယ့် စီးပွားရေးတောင့်တင်း၏၊ ခေတ်မီ၏၊
လူမျိုးပေါင်းစုံနေထိုင်၏၊ ထို့ကြောင့်ပင် ဆရာတာက သူ့စာထဲတွင် Cosmopolitan= လူမျိုးပေါင်းစုံ နေထိုင်သောနိုင်ငံဟု နာမည်ပေး ကင်မွန်းတပ်ခြင်း ဖြစ်မည်ထင်သည်၊

လူမျိုးပေါင်းစုံချက်ကတော့ ဥရောပသား အဖြူမျိုးများလည်းရှိ၏၊ အိန္ဒိယန်းသား လူမဲ များလဲရှိ၏၊ စိန့်တိုင်းသား တရုပ်များလဲရှိ၏၊ မြန်မာ၊ ဖိလစ်ပင်း၊ မလေးရှား ၊ ဘင်္ဂလား များလဲနေထိုင် အလုပ်လုပ်ကြလေ၏၊ လူမျိုးများသလို ပြောဆိုသည့် စကားများကလဲ အင်္ဂလိပ်၊ မလေး၊ မဒရင်း၊ တမီး ဆိုပြီး အသီးသီးရှိကြလေ၏၊ သီရပူရနိုင်ငံသားတို့ ပြောသော အင်္ဂလိပ်မှာ အင်္ဂလိပ်လဲမပီ မလေးလဲမကျ အလယ်အလတ်နား ခွလျှက် အသံထွက်ကြလေ၏၊ အိုကေတောင် ရိုးရိုးမအိုကေကျ အိုကေလားဟု လားလေး အပို စွက်လျှက်ပြောကြလေ၏၊ နားလည်ရခက်လှပါဘိတောင်း၊

စင်္ကာပူမြို့တော်ကြီးတွင် မြေအောက်ရထားခေါ် M.R.T ကြီးစီးရတာလဲ ဇိမ်ကျ လှပေ၏၊ တစ်ဘူတာ နှစ်မိနစ် ခန့်ရပ်နားပြီး ငြိမ့်ကနဲ့ ဇိမ့်ကနဲ့ အရှင်လတ်လတ်ကြီး မြေကြီးတွင်းထဲဝင်လိုက်ရ၊ ထွက်လိုက်ရ၊ ပေါ်လိုက်မြုပ်လိုက်၊ ပျောက်လိုက်၊ ပြန်တွေ့လိုက် အသဲတော့ယားမိ၏၊ အနှီ M.R.T ရထားကြီးကိုစီးရဖို့ ဘဏ်ကဒ်လို ငွေဖြည့်ကဒ်လေးတစ်ခု လုပ်ထားရ၏၊ ထိုကဒ်လေးသည် ရထားသာမက ဘတ်(စ်) ကားပါ စီးလို့ရ၏၊ တစ်ချက်ခုတ် နှစ် ချက်ပြတ် အလုပ်လဲဇာတ်မရှုတ်၊ လုပ်တတ်တော့ ပြည်သူပြည်သားများ သက်သာချောင်ချိ အေးဆေးစွာ သွားရေး လာရေး လွယ်ကူကြ၏၊

ငွေဖြည့်ကဒ်ကလေးကို ငွေဖြည့်က တစ်ခါဖြည့်လျှင် အနည်းဆုံး စင်္ကာပူဒေါ်လာ (၁၀) ဖြည့်ရ၏၊ တစ်နေ့သူသည် မယောင်မလည်နဲ့ မြို့ထဲအသွား ကံနည်းပါးစွာ အသိ ဒကာ၊ ဒကာမများ ထည့်ပေးထားသော ငွေမှာကုန်သွား၏၊ ငွေကုန်တော့ ငွေထပ် ဖြည့်ဖို့ ငွေဖြည့်စက်ရှေ့တွင် ရပ်လိုက်၏၊ စင်္ကာပူဒေါ်လာ တစ်ဆယ်ထည့်လိုက်၏၊ အေးအေး ဆေးဆေးကြည့်နေလိုက်၏၊ ငွေသည် ကဒ်ထဲကို မ၀င်ပြန်ပြန်ထွက်လာ၏၊

“ဟိုက် ဒီစက်က ငါ့ကို ဘုန်းဘုန်းမို့လို့ ရထားခမယူ လှူနေတာများလား”လို့ အတွေး ပွားမိ၏၊ တွေးသာတွေးမိတာ သူခန္ဒာတစ်ခုလုံး ချွေးတွေပြန်လာနေ၏၊ အမှတ်မထင် နောက်ကို လှည့်ကြည့်လိုက်တော့ သူနည်းတူ ငွေဖြည့်ရန် တန်းစီနေသော လူ အုပ်ကြီးကိုမြင်မိတော့ ချွေးတွေ ဒလဟောကျကာ သူ့ခန္ဒာတစ်လုံး စိုစွတ်စေတော့၏၊

ထိုအချိန်တွင် မထင်မှတ်ပဲ အပြေးအလွှား မြန်မာဒကာမလေးတစ်ယောက်က “အရှင်ဘုရား တပည့်တော်လုပ်ပေးမယ် ဘုရား”၊လို့ လျှောက်ကြားလာမှ “ဟူး တော်ပါသေးရဲ့” ဟု သက်ပြင်းကို ချက်ချင်းချဖြစ်တော့လေ၏၊ နို့မို့ဆို ခက်ရခြေရဲ့ ကွယ့် အိုဘယ့် စင့်ကာပူ။ ( စင်္ကာပူရောက် တစ်ချို့ ရွှေမြန်မာများအသံ ထွက်တော်မူသည့် အတိုင်း ထွက်လိုက်သည်)

စင့်ကာပူဟုပြောမှ နောက်ထပ် စင့်ကာပူမိရတာလေးတစ်ခု ပြေးသတိရမိသေး၏၊ သူရယ် သူ့သူငယ်ချင်းရယ် လိုက်ပို့သောအသိဒကာရယ် ဒကာမရယ် မာရင်းနာ ဘေးနားက သင်္ဘောကြီးပေါ်တက်ကြ၏၊ သင်္ဘောကြီးသည်

တကယ့်သင်္ဘောကြီး ပမာ ပုံစံတူဆောက်လုပ်ထားသော အထပ်မြင့်တိုက်ကြီးသာဖြစ်၏၊ ထိုအဆောက် အဦးကြီးထဲတွင် ဟော်တယ်လဲပါ၏၊ ကာစီနိုလဲရှိ၏၊ စားသောက်ဆိုင်များလဲပေါလှ၏၊ အလှကုန်မျိုးစုံ ဆိုင်လဲပါဝင်၏၊ အဆောက်အဦ၏ အထက်ဆုံးခေါင်းမိုးပေါ်တွင် တစ်ဖက်ခြမ်းက ရေကူးကန်၊ တစ်ဖက်ခြင်းက စားသောက်ဆိုင်နှင့် စင်္ကာပူတစ်မြို့လုံး ကို ကြည့်၍ရသော view ရှိ၏၊

သူရယ်၊ သူငယ်ချင်းရယ်၊ လိုက်ပို့သော ဒကာ၊ ဒကာမရယ်ဗျူးကို ငေးလျှက်ကြည့် နေကြ၏၊ ဓာတ်ပုံတွေလဲ ရိုက်ကြ၏၊ သူတို့ဓာတ်ပုံရိုက်နေသော အနားသို့ ဟန်းနီး မွန်းထွက်လာသော စုံတွဲတွေရောက်လာ၏၊ သူတို့သည် အရှေ့တိုင်းသားမဟုတ် အနောက်တိုင်းသားများဖြစ်ကြ၏၊ ဓာတ်ပုံအတူတူရိုက်ချင်သည်ဟု ခွင့်တောင်းကြ၏၊

သူသည် အမျိုးသားလေးနဲ့ရိုက်လိုက်၊ အမျိုးသမီးလေးနဲ့တွဲရိုက်လိုက် မင်းသားမဟုတ်ပေမယ့် မင်းသားလိုလို ဟိုလူက ရိုက်ဖို့ခေါ်လိုက်၊ ဒီလူက ရိုက်ဖို့ခေါ်လိုက်နဲ့ လက်ရှိအချိန်တွင် မင်းသားဖြစ်နေရ၏၊

ထိုစဉ် ထင်မှတ်မထားပဲ အနောက်တိုင်းသူ ဖြူဖြူချောချော မာတုဂါမလေးသည် သူ့အား ပုခုံးသိုင်းဖက်ဖို့ ပြင်၏၊ လက်နှစ်ဖက်ဖြင့်ရွယ်၏၊ ခြေထောက်တွေရွှေ့လာ၏၊ ခန္ဒာကိုယ်နှစ်ခု နီးကပ်ဖို့ တစ်စက္ကန့်သာလိုတော့၏၊

ဟိုး ဟိုး --Don’t touch, Don’t hug ဓာတ်ပုံရိုက်ပေးနေသော ဒကာထံမှ ထွက်လာသောအသံကြောင့် အနှီမာတုဂါမလေးခင်မျာ လမ်းခုလတ်တွင် သူ့ကို သိုင်းဖက်ဓာတ်ပုံရိုက်မည့် အစီစဉ်မှာ ရုပ်သေပမာ ဘရိတ်အုပ်လိုက်ရရှာလေ၏၊ သူ သည်မဆီမဆိုင် ရွာမှာကိုရင်ဘ၀တုန်းက မိသိန်းရွေတို့နဲ့ ဖက်ထုပ်တိုးခဲ့တာကို ပြေး သတိရမိဖြစ်အောင် သတိရလိုက်သေး၏၊

ပြီးလျှင် သူ့အား ဖက်ခြင်းအမှု မပြုလိုက်ရရှာသော မာတုဂါမလေးက why? ဆိုပြီး မေးခွန်းတွေ တသီကြီးမေးလေတော့၊ ဓာတ်ပုံရိုက်ပေးသော ဒကာတော်မှာ လုံးစေ့ ပတ်စေ့ အဖြေမပေးနိုင်ရှာ။

ထိုအခါကျမျ သူလည်းအသက်ဝင်လာက according to Bhuddha's law အစဖြာလျှက် မြတ်ဗုဒ္ဓရဲ့ ၀ိနည်းတရားဒေသနာကို ဟောလိုက်ရပါကြောင်း။ ။


၂၀၁၂ Chiness new year စင်္ကာပူ ခရီးစဉ် အမှတ်ရ

ရွှေမန်းသား

https://www.facebook.com/shwemantha

http://mingalargarden.blogspot.in/

Sunday 18 August 2013

အမေ့ကို မပြောပြဖြစ်လိုက်သော ဆွမ်းတစ်နပ်

 (၁)

ရဟန်းတစ်ပါး၏ ပရိယေသန ၀မ်းစာရှာမှီးခြင်း အလုပ်သည် သူ၏ကိုယ်ပိုင် သလုံး မြင်းခေါင်း ခြေနှစ်ချောင်းကို အကြောင်းပြုရသော ဆွမ်းခံခြင်းသာလျှင်ဖြစ်၏၊ ဘုန်းသမ္ဘာ များကြီးမားလျှင် ပို့ဆွမ်း၊ ချိုင့်ဆွဲဆွမ်း၊ ပင့်ဆွမ်း၊ ကပ်ဆွမ်း၊ ကာလဒါန ဆွမ်းစသော ဆွမ်းအမျိုးမျိုးကို မရိုးရအောင် ၀ိနည်းတော်နှင့်လျှော်ညီစွာ ခံယူ ကောင်း၊ ဘုန်းပေးကောင်း၊ သုံးဆောင်ကောင်းပေ၏။

သူသည် ရဟန်းတစ်ပါး ဖြစ်သည့်အားလျှော်စွာ ရွှေပြည်ကြီးတွင်နေစဉ်က ကိုယ်ပိုင် သလုံးမြင်းခေါင်းကို အကြောင်းပြုလျှက် ဆွမ်းခံခြင်းဖြင့်လဲ အလုပ်အလွေ့ပြုခဲ့ဖူး၏၊ ပို့ဆွမ်းများကိုလဲ ဘုန်းပေးခဲ့ဖူး၏၊ ချိုင့်ဆွမ်း၊ ပင့်ဆွမ်း၊ ကပ်ဆွမ်း၊ ကာလဒါနဆွမ်းများ ကိုလဲ ရံခါ ကြိုးကြား တစ်ခုတရ အားပါးတရ လွေးခဲ့ရဖူးလေ၏။


(၂)

ယခုသူကား ရွှေပြည်တွင်မဟုတ်၊ ရွှေပြည်ကြီးနှင့် အလှမ်းဝေးသော နိုင်ငံတွေခြား နေသော နိုင်ငံခြားတွင်ဖြစ်၏၊ သလုံးမြင်းခေါင်း အကြောင်းပြုပြီး ဆွမ်းခံခြင်းအလုပ် ကို ခေတ္တယာယီ ဘရိတ်အုပ်ကာ ရပ်နားထားလိုက်ရ၏၊ လင်္ကာဒီပလိုနေရာ နိုင်ငံမျိုး တွင်တော့ မင်းဒဿအမျိုးအဆွေများက ဗုဒ္ဓဘာသာများဖြစ်ကြ၏၊ သို့အတွက် ကြောင့် စေတနာသဒ္ဒါဖွေးဖြူကြ၏၊ ရှင်ချစ်မြေးဖော်

ရဟန်းတော်များကို မြတ်နိုး ကြည်ဖြူစွာ ဆွမ်း၊ ကျောင်း၊ ဆေး၊ သင်္ကန်း မပန်းစေခြင်းအကျိုးငှာ ပေးလှူကြ၏၊
အာရိယန်တို့နေသော မဇ္ဈိမဒေသကား ဒြာဘီယန် မင်းဒဿအမျိုးတွေနဲ့ ခြားနားပေ စွ၊ ဆွမ်းလှူသူလဲ ရှားပါး၏၊ ကွမ်းလှူသူလဲ ပြောက်ကျားပင်မရှိ၊ ကျောင်း၊ သင်္ကန်း ၊ ဆေးလှူဖို့ဆိုသည်မှာ ဝေးသထက် ဝေးလေတော့၏၊

သို့သော် တစ်ချို့ဗုဒ္ဓဘာသာ ထွန်းလင်းသော နာဂပူလို မြို့တော်များတွင်တော့ ရှင်ချစ်မြေးဖော် ရဟန်းတော်တို့ အတွက် ဆွမ်းလဲမရှား၊ ကွမ်းလဲမရှား၊ ဆွမ်း၊ သင်္ကန်း၊ ဆေး၊ ကျောင်းအတွက် မပူ မပင်ရှိတတ်လေသတဲ့ဟု လေသံမှ တဆင့်ကြားသိခွင့်ရဖူးပေ၏။

သာသာနွယ်ဖွား ရဟန်းတစ်ပါး၏ ဆွမ်းတစ်လုပ်သည် လွယ်လွယ်နှင့် အလုပ်အလွေ့ ပြုလို့မရ၊ ဘုရားရှင်ချမှတ်ထားသော လမ်းစဉ်စည်းကမ်းအတိုင်း အပြစ်ကင်းအောင် လုပ်ဆောင်ရပေ၏၊ အစားမတတ်လျှင် ကျားပါးစပ်ရောက်တာထက်ဆိုးသော အပြစ် မျိုးကို ခံစားရတတ်ပေ၏၊ အလုပ်အလွေ့ပြုတိုင်း ပြုတိုင်း သံခဲအပူကြီးများ စားသည့် အလား အပြစ်ကား ကြီးမားလေ၏။

ဣဏပရိဘောဂခေါ် သံသရာအကြွေးလဲ တင်ဖို့ရှိ ဖို့ ရှိနေသး၏။ “`ဤသည့် စားဖွယ်၊ အမယ်မယ်ကို မြူးရွယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုး ခြင်းငှာ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင် ဤကိုယ်ကောင်ကို ၊ ရှည်အောင် တည်လျှက်၊ အသက်မျှတန်း၊မမောပန်းကြ၊

ဘုရားသာသနာ၊ကျင့်နှစ်ဖြာကို ၊ ကျင့်ပါ နိုင်စေ၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုဒ်မျှလစ်၊ ခပ်သိမ်းပြစ်ကို ၊ မဖြစ်လေ အောင် ၊ ချမ်းမြေ့အောင်သာ” သုံးဆောင်ပါသည် ဆိုသော ရည်ရွယ်ချက်ဖြင့်သာ သုံးဆောင်မှ အပြစ်လွတ်ကင်း သမဏသုခကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ပေ၏။


(၃)

ယနေ့ သူသည် သမုဒ္ဒရာဝမ်းတစ်ထွာကို ပြေငြိမ်းစေရေးအတွက် ဟင်းတစ်ခွက် ဖန် တည်းရန် မီတင်းကုတ်ခေါ် ငှားနေသော အိမ်၏ စားဖိုဆောင်ထဲတွင် ရောက်ရှိနေ၏။

ကြန်သွန်နီ(၁၀)လုံးကို ပထမဆုံး ကတုံးတုံးလိုက်၏၊ နောက် အဖတ်အဖတ်ကလေး တွေဖြစ်အောင် သင်ချလိုက်၏၊ ကြက်သွန်နီများ ချက်ပြုတ်ခြင်း အဆင့်ရောက်ဖို့ အဆင်သင့် ဖြစ်သွား၏၊ နောက်ထပ်တစ်ခါ ကြက်သွန်ဖြူလေးများအား အခွန်သင် လိုက်၏၊ အမွှေးအမျှင်လေးများ စင်သွားအောင် ဓားသွားလေးနဲ့ တစ်တက်ချင်း စိတ် ရှည်လက်ရှည် ပွတ်သပ်နေမိ၏၊ ကြက်သွန်ဖြူလေးများလဲ ချက်ပြုတ်ဖို့ အဆင်သင့် ပင်ဖြစ်သွားလေ၏၊

ကြက်သွန်နီနှင့် ရောဖို့ ဂျင်းတက်ကလေး တစ်တက်ကို ရေဆေး လိုက်၏၊ အပေါ်ယံအသားလေးများအား ဓားသွားနဲ့ဖိကာ တစ်သားချင်းခြစ်ချလိုက် သောအခါ ဂျင်းတက်လေးများ ပြောင်းသလင်းခါရှင်းလင်းသွား၏၊ ဆက်ကာ ဂျင်း တက်လေးများကို ဓားနဲ့ ပါးပါးလှီးထားလိုက်၏၊ ဓားနဲ့လှီးထားသော ဂျင်းတက်လေး များကို ကြက်သွန်ဖြူလေးများနဲ့ရောကာ ငြုပ်ဆုံထဲထည့်ကာ ငြုပ်သီးအခြောက် သုံးလေးငါးတောင့်ပါထည့်ကာ ရောသမမွှေသွားအောင် ထောင်းချလိုက်၏၊

ဂျင်းကြက်သွန်ဖြူသာ အစီစဉ်တကျလုပ်တာပြီးသေး၏ သူလည်းချွေးအတော် စို့လေ ပြီ၊ ဟင်းတစ်ခွက်ကား ယခုထက်တိုင် အသက်မ၀င်လာသေး၊ “ဟူး -- မောတော့ မောတာပေါ့၊ ဒါပေမယ့် မမောဘူး” ဟု အားယူကာ ဆက်ချက်ရန်သာ ရှိတော့၏၊

ရွှေပြည်ကြီးတွင်နေစဉ် စာသင်သားဘ၀က ရွာကအမေအိမ်ပြန်တိုင်း အမေသည် ဟင်းကောင်း၊ ထမင်းကောင်းလေးများ ချက်ကျွေးတတ်လေ၏၊ အမေချက်ကျွေး သော ထမင်းဟင်းတိုင်းသည် စားကောင်းသည်ချည်း ဖြစ်လေ၏၊ အပေါ့ အငံအစပ်၊ အချိုအချဉ် တစ်ခုမှ အပိုအလိုမမြင်၊ အစဉ်အမြဲ အစပ်အဟပ် တည့်လေ၏၊

အမေချက်ကျွေးသော ဟင်းများထဲတွင် ထူးထူးခြားခြားအမှတ်ရနေသော ဟင်းမှာ  ကုလားပဲနှပ်ပင် ဖြစ်၏၊ ဘယ်အခါ နှပ်နှပ် အမေ့ကုလားပဲနှပ်သည် တစ်ထေရာတည်း တစ်လက်ရာတည်းသာဖြစ်၏၊ ဘယ်တော့မှ ပြောင်းလဲမသွား၊ ဘယ်တော့မှ ခြားနား မှုဖြစ်၊ ကျစ်ကျစ်လစ်လစ် အရောင်အသွေးကော အရသာပါ ထပ်တူဖြစ်နေတတ်၏၊

သူရွာကို ပြန်ရောက်လာတိုင်း အမေသည် အမြဲပင် ကုလားပဲနှပ် ၊ ငါးခြောက်ကြော်၊ မှန်ရောင်ဟင်းချိုကို တစ်ခုတရ ချက်ကျွေးတတ်လေ၏၊ အမေ ထမင်းဟင်း ချက်လျှင် သွက်လဲသွက် မြန်လဲမြန်၊ အရသာလဲကောင်း နာရီပေါင်းလဲမကြာတတ်၊
အမေသည် ဘယ်အချိန်ဘယ်အခါ သူရွာကို ပြန်လာပြန်လာ စားကောင်းသောက် ဖွယ် ထမင်းဟင်းအမယ်မျိုးစုံကို ချက်ကပ်တတ်လေ၏၊

သူသည် ထိုအချိန်က ဘာသိဘာသာ ဟင်းချက်ခြင်း၊ ထမင်းချက်ခြင်း မီးဖိုဆောင် ၀င်ခြင်း ကိစ္စများမှာ အမေလို အမျိုးသမီးများအတွက်သာဟု မှတ်ထင်ထားလေ၏၊ သူနှင့်လားလားမှမဆိုင်၊ ထိုင်ကြည့်ယုံသက်သက်ဟုပင် အထင်ရောက်ခဲ့ဖူးလေ၏၊ အမေ အမြဲတမ်းကြော်ကျွေးသော ငါးခြောက်မှာ ဈေးက
သူ့အလိုလို ခြေထောက် ပေါက်ရောက်လာသည်ဟုပင်အထင်ရှိခဲ့ဖူး၏၊ အမေဟင်းချက်သော နှမ်းဆီစစ်စစ်ဆို တာ

နယုန်လမိုးဖွဲလေးများကျလာလျှင် ထွန်ရေးပြပြီး နှမ်းနက်၊ နှမ်းဖြူ အတူတူ ရော စိုက်လျှင် အပင်ထွက်၊ အသီးသီး၊ ပြီးလျှင်ရိတ်၊ ဆီကြိတ်ပြီးရသော အရာဟုသာ နားလည်ထားလေ၏၊

ထိုစဉ်က မီးဖိုချောင်ကိစ္စများသည် သူလိုရဟန်းတစ်ပါး အတွက် အစိမ်းသက်သက် သာ၊ စိမ်းနေခဲ့သော စားဖိုဆောင် ကိစ္စများသည် ယခုမူ သူနှင့် နဖူးတွေ့ဒူးတွေ့ တွေ့ရ လေသောအခါ ဂျင်း၊ ကြက်သွန် ဖြူနီ ဒီသုံးမျိုးသား ခွါလှီးပြီးနေသေး၏၊ ကျန်သော ဟင်း အမယ်များကား ဘာဆိုဘာမှ မပြီးသေး၊ ငါးပိဘူးထဲ လှန်ကြည့်လိုက်တော့ ငါးပိလေးတစ်ဝက် လက်ကျန်ရှိနေသေးတာတွေ့ရ၏၊

ခရမ်းချဉ်သီးက သုံးလေးငါး လုံးကျန်နေသေး၏၊ ဒါဆို ငါးပိချက်လေးချက်လျှင် အဆင်ပြေနိုင်၏ဟု သူစဉ်းစား ကာ ခရမ်းချဉ်သီး သုံးလေးငါးလုံးကို ရေစိမ်လိုက်၏၊ ခါးလည်ကို ဓားနဲ့ ဇွပ်ကနဲ့နေအောင် ဖောက်ခွဲလိုက်၏၊ အတွင်းက အချဉ်ဓာတ်ပါနေသော အစေ့များကို ညှစ်ထုတ်လိုက်၏၊ ဒီပုံဒီနည်းနဲ့ အခရမ်းချဉ်းသီးများကို ခွဲစိမ်ဖြတ်တောက်လိုက်၏။ ငါးပိချက် တစ်ခွက်ဖြစ်ဖို့အတွက် အဆင့်တစ်ဆင့်ရောက်လာလေ၏၊

သူသည် ကြက်သွန်ဖြူနီများကို ဆီစသတ်ဖို့ ဂတ်(စ်)အိုးက ခလုပ်ကိုဖွင့်ပြီး မက်ဂနစ် ပါသော မီးခတ်လက်ကိုင်အား ဒေါက်ကနဲ့နေအောင်ဖိချလိုက်၏၊ မီးသည် ဂတ်(စ်)နဲ့ တွေ့ပြီး တောက်ကာတက်လာ၏၊ ဂတ်(စ်) မီးဖိုပေါ်သို့ ဒယ်အိုးကို တင်လိုက်၏၊ ဆီထည့်ဖို့ ဆီပုလင်းကို လှမ်းယူလိုက်၏၊ ဆီသည် တစ်စက်မှမရှိ၊ ဟိုက်ဒုက္ခ မွှေးထားသောမီးများ ကိုပြန်သတ်၊ ဆီပုလင်းကိုဆွဲကာ မီးဖိုထဲကထွက် လမ်းထိပ်က ဆိုင်ကိုအပြေးသွားပြီး ဆီအစိတ်သား ကပ္ပိလိုက်လေ၏၊ အမေ့အိမ်မှာ လယ်တောထဲ နှမ်းပင်ကဖြစ်သော နှမ်းဆီစစ်စစ်သည် သူ့အတွက်တော့ မစစ်တစစ် ပဲဆီသည်သာ သူငှားနေသော အဆောင်ရဲ့ လမ်းထိပ်ကဖြစ်နေသည်၊ ထူးဆန်းပေစွ၊


(၄)

“ဥစ္စာဖြုစားဖိုက”ဆိုသော စကားကြောင့် သူပါလာသော ပညာသင်ကြားရေးအ ထောက်အကူပြု ဥစ္စာလေးများ ပွန်ပဲ့မှုဒဏ်က ကင်းဝေးစေရန် မစစ်တစစ် ပဲဆီစစ်စစ် လေးများသာ သူ့အတွက် အာဟာရမျှတဖို့ သူ့ဘတ်ဂျက်ကခွင့်ပြုထားလေသည်၊

လမ်းထိပ်ဆိုင်က ကပ္ပိလာသောဆီကကို မီးဖိုပေါ်ရှိနေသော ဒယ်အိုးထဲလောင်းထည့် လိုက်သည်၊ ဆီလေးများ အမြုပ်ကလေးတွေ ဝေစီလာသည်၊ ဖောက်ဖောက်နဲ့ တစ် ဖျောက်ဖျောက်ထပေါက်ကုန်ပြီ၊ ကြက်သွန်ဖြူနီ ဂျင်းတို့ကို ထည့်လိုက်သည်။

ထို့နောက် နွင်းဝါလေးများ၊ ဆားများ၊ သင့်တင့်မျှတရုံထည့်ပြီး ဇွန်နဲ့မွှေပေးလိုက် သည်။
ကြက်သွန်ဖြူနီတို့ မကျက်တကျက် ခပ်ဆပ်ဆပ်လေးဖြစ်လာသောအခါ

ငါးပိကို ရေ နွေးလေးဖျော်ကာထည့်လိုက်သည်၊ ခေတ္တစောင့်လိုက်သောအခါ ငါးပိချက် ဟင်းတစ် ခွက်သရုပ် ပီပြင်လာသည်၊ မီးဖိုပေါ်မှ ချဖို့သင့်မသင့် အခွင့်သိဖို့သူသည် ဟင်းနဲနဲကို တို့ပင့်ကာ မြည်းကြီးလိုက်၏၊ အင်းသိပ်တော့မဆိုး ဒါပေမယ့် အမေ့လက်ရာကိုတော့ မမှီတာသေချာသွားသည်။ ဘာတတ်နိုင်မလဲလေ အမေမှ အခုချိန်မှာ မရှိတော့တာ၊
ငါးပိချက်ကျက်သောအခါ သူသည် ရေနွေးအိုးတစ်အိုးကို ကောက်တည်လိုက်၏၊ လျှပ်စစ်နဲ့ တည်တာမို့ထင်သည် တစ်ခဏခြင်း ပွက်ပွက်ဆူလာသည်၊ နောက်ပြီး ပွက်နေသောရေနွေးသည် တဗွမ်းဗွမ်းမြည်းဟီးပြီး အချက်ပြခလုပ်က ဖျောက်ဆို တက်ကာ ရေနွေးရပြီးးဆိုတာ အချက်ပြလေ၏၊ ရေနွေးပူလေးများကို စတီးဇလုံထဲ လောင်းချလိုက်လေ၏၊

ပြီးသောအခါ စင်အောက်က တနင်္ဂနွေ အခွန်လွတ်ဈေးက ပါလာသော ရုံးပတီသီးလေးများအား ရေနွေးပူပူစတီးဇလုံထဲကို ပစ်ထည့်လိုက် သည်၊ ဒါဆိုလျှင် ငပိချက်နဲ့ ရုံးပတီးသီးအမြှုပ် ဟင်းတစ်ခွက် အစပ်တည့်သွားလေပြီ၊


(၅)

ထမင်းဟင်းအားလုံးကျက်လို့ နာရီကြည့်လိုက်တော့ ကိုးနာရီခွဲလေပြီ၊ သူသည် ခဏ နားလိုက်၏၊ စားဖိုဆောင်ထဲ ၀င်ထားရသမို့ စိုနေသောချွေးများကို ခြောက်အောင် ခေတ္တလေသလပ်ခံလိုက်၏၊ ချွေးတိတ်သောအခါ ရေချိုးလိုက်၏၊ ပြီးလျှင် နာရီကြည့် လိုက်တော့ ဆယ်နာရီခွဲပင်ရှိလေပြီ၊ ခေတ္တခဏ စာဖတ်ပြီ၊ ဆယ့်တစ်နာရီတွင် ဆွမ်း စားဖို့ ပြင်လိုက်၏၊

သူ့ဆွမ်းဝိုင်းတွင် ငါးပိချက်တစ်ခွက်၊ ရုံးပတီသီးမြုပ်၊ ရေနွေးတစ် ခွက် သိပ်ဖွယ်ဖွယ်ရာမရှိလှ၊ အမှတ်တမဲ့ စဉ်ပေါ်လှမ်းကြည့်လိုက်တော့ မြန်မာပြည် က E.M.S နဲ့ ပို့ထားသော ငါးခြောက်ဖုတ်လက်ကျန်လေးရှိနေသေးသည်၊ သူလှမ်း ယူ လိုက်၏၊ သူ့ဆွမ်းဝိုင်းသည် နဲနဲတော့ စည်းကားသလိုလို တစ်ခုခု လိုနေသလိုလို၊

သူသည် ငါးပိချက်ကိုလှမ်းဆယ်လိုက်၏၊ ရုံးပတီးသီး တစ်တောင့်ကို ကျွတ်ကနဲ့နေ အောင် ၀ါး လိုက်သည်၊ ထိုစဉ် အမှတ်မထင် အမေ့ရုပ်သွင်သည် ဖြတ်ကနဲ့ထင်လာ သည်၊ အာရုံထဲတွင် မြင်လာသည်။  လက်ထဲက ပါးစပ်ဝဆီ သွင်းလက်စ ထမင်းတစ် လုပ်ကို အသာယုတ်ကာ

အမေ့ကိုသတိတရနဲ့  “အမေ ကျန်းမာချမ်းသာပါစေ၊ အမေ ကောင်းရာသုဂတိလားပါစေ၊ သားပြုသမျှ ကုသလအားလုံး အမေ့ကို ပေးဝေပါတယ် အမေ”လို့ အမေ့ကို ဆုတောင်းအမျှဝေလိုက်သည်၊ အမေရောက်ရာအရပ်က သာဓု ခေါ်နိုင်ပါစေ။ ။

 ရွှေမန်းသား

http://mingalargarden.blogspot.in/

https://www.facebook.com/shwemantha

Saturday 10 August 2013

တနင်္ဂနွေ စကားလက်ဆောင် ( ၆) အချစ်နှင့် သူ၏အတ္တ

အနုသယမကင်းသေးတဲ့ သူတိုင်းတွင် အချစ်ရှိနေတတ်သည်၊ အချစ်ရှိသူတိုင်းတွင် ပိုင်ဆိုင်ရတဲ့ ချစ်သူတွေရှိနေချင်မှ ရှိနေမည်၊ တစ်ဖက်သက်အချစ်သမားများလဲ ရှိနေ နိုင်သည်။ ပိုင်ဆိုင်ရမယ့်ချစ်သူတွေ ရှိနေသူတွေလဲ အများအပြားရှိနေကြသည်။ ဘာပဲပြောပြော အချစ်ကတော့ အချစ်ပဲဖြစ်သည်၊

တကယ့်တကယ်တော့ အချစ်ဆို တာ ပိုင်ဆိုင်ချင်တာကို အရင်းခံသော လိုချင်မှုကို ရှေ့တန်းတင်သော လောဘတစ်ခု ဟုဆိုလျှင် လွန်မည်မထင်၊

အချစ်သည် လိုချင်တာကိုအရင်းခံသည်ဆိုလျှင် ထိုလိုချင်တာသည် ပိုင်ဆိုင်ချင် သော ငါ့ဥစ္စာဖြစ်လိုဟု အတ္တသာဖြစ်ပေလိမ့်မည်၊ တစ်ခါတစ်ရံ သ၀န်တိုတတ်သော ၊ မနာလိုသော လိုချင်မှုကို ဦးဆောင်သော အတ္တဆန်ဆန်များ ပါဝင်လာတတတ်သည်၊

အချစ်တွင် အတ္တသာမက သောကများလဲ ပါဝင်လာတတ်သည်၊ အချစ်ရှိလျှင် သောကရှိလာတတ်တာ သဘာဝကပေးသော လက်ဆောင်ပမာ မယူချင်ပဲနှင့် လူတိုင်းရကြရသည်။ မခေါ်ပဲနဲ့ သူ့အလိုလို အလည်ရောက်လာသော ဧည့်သည်ပမာ နွေးထွေးစွာ မကြိုဆိုချင်ပဲနှင့် ဆွေးမြေ့စွာ လက်ခံလိုက်ရတာလဲရှိသည်၊

ဒါကြောင့်ထင်သည် “ ချစ်သူနဲ့ ဝေးတော့လဲ သောကဖြစ်ရတယ်၊ မချစ်မနှစ်သက်သူ နဲ့ အတူတူနေကြရပြန်တော့လဲ သောက၊ဒေါသတွေဖြစ်ရတယ်၊ လိုချင်တာကို မရပြန်တော့လဲ သောက၊ ဒေါသတွေဖြစ်ရတယ်”  လို့ ဓမ္မစကြာဒေသနာမှာ မြတ်စွာ ဘုရားဟောကြားထားခဲ့တာဖြစ်မည်၊

(၂)

အချစ်သည် သူတစ်ပါးကို ချစ်သော အတ္တထက် မိမိကိုယ်ကိုယ်ချစ်သော အတ္တက ပိုကြီးမားလေသည်၊ သို့ပေမယ့် လူတိုင်းလူတိုင်းက ကိုယ့်ချစ်သူအပေါ်မှာ မင်းကို ဘယ်လောက်ချစ်ပါတယ်၊ ပင်လယ်ကြီးလောက်ချစ်ပါတယ်၊ မိုးလောက်ကြီး မြတ်နိုး ပါတယ်၊

“အနောက်နေထွက်၊
တောင်စွယ်ကြာပေါက်၊ ကမ္ဘာလဲပြို
တမာချိုမှ မင်းကို မုန်းမေ့မယ်”လို့
ဘယ်လောက်ပင်ပင် ရေပက်မ၀င်အောင် သစ္စာစကားတွေဆိုဆို တကယ့်တကယ် အရေးကြုံလာလျှင် ကိုယ့်ကိုယ်ချစ်သော အတ္တတွေက ရှေးပြေးနေရာဝင်ယူလာ တတ်ကြသည်၊ လောကတွင် အတ္တသမံ ပေမံ နတ္ထိ= ကိုယ့်ကိုယ်ကို ကိုယ်လောက် ချစ်ရတဲ့သူဟာ ကမ္ဘာမှာ ရှာကြည့် မရှိပါတဲ့” ဆိုသလို လူတိုင်း ကိုယ့်ကိုယ်သာ အချစ်ဆုံးဖြစ်ကြသည်၊

တစ်ခါသားက ကောလလတိုင်းတို့ရဲ့အရှင် ဘုရင် ပသေနဒီကောသလမင်းကြီးသည် သူ့အချစ်ဆုံး မိဖုရားခေါင်ကြီး မလ္လိကာအား ဒီကမ္ဘာဘယ်သူ့ကို အချစ်ဆုံးလဲ နှမ တော်လို့ မေးမိလေသည်၊

ထိုအခါ မလ္လိကာက ဒီကမ္ဘာမှာ နှမတော် အချစ်ဆုံးက ကိုယ့်ကိုယ်ကိုပါပဲ မောင်တော် လို့ ပြန်လည်ဖြေကြားလိုက်သည်၊ အကြားချင်ဆုံးစကားနဲ့ ကြားလိုက်ရတဲ့ အဖြေစ ကား ကွဲလွဲသွားသောအခါ မင်းကြီးကောသလ ဒေါပွ၊ဒေါထသွားရဖူးသည်၊

ဒါနဲ့တင်မအေး မြတ်ဘုရားထံ အကူအညီရရေး အပြေးမေးလျှောက်လေတော့သည်၊
မြတ်ဘုရားဘဂ၀ါကပါ မလ္လိကာမိဖုရားပြောတာ မှန်ပေတယ် ဒကာတော်မင်းကြီး လို့ မိန့်ဆိုလိုက်တော့ ၊ကောသလမင်းကြီးလဲ မငြင်းသာတော့ပဲ အချစ်တစ်ခုထဲမှာ အတ္တရှိနေတာကို သိလိုက်ရသည်၊

ထိုအတ္တကြောင့်ပင်ထင်သည် တစ်ချို့တစ်ချို့သော စုံတွဲများ၊ မောင်နှံများက စလယ် ၀င်ဖင်မမည်းခင်က ကွဲသွားကြတာမျိုး ကြုံတိုးနေရသည်၊ အချစ်တစ်ခုနဲ့ ဘ၀နှစ်ကို တည်ဆောက်ဖို့တာ လွယ်လွယ်လို့ မှတ်ယူလို့ မဆင်မပြေနိုင်ပါ၊ ကိုယ်စီ ကိုယ်စီပိုင် ဆိုင်ကြသော အတ္တတွေနဲ့ တစ်ယောက်တစ်ကိုယ်စီ၊ အကြိုက်တစ်မျိုးစီ၊ ဘ၀တစ်မျိုးစီ လျှောက်လမ်းလာကြရသော ဘ၀နှစ်ခုကို တစ်သားထဲ၊ တစ်စိတ်ထဲ၊ တစ်ဝမ်းထဲဖြစ်ဖို့ဆိုတာ နားလည်မှု မေတ္တာအစေး ထည့်ပေးထားမှ အဆင်ပြေပါလိမ့်မည်၊

(၃)

သိဖူးတဲ့ ရဟန်းမယ်တော်တစ်ယောက်ရှိသည်၊ သူတို့စုံတွဲမောင်နှံသည် အရမ်းလဲ ချစ်ကြသည်၊ ထက်မြက်သူများလဲ ဖြစ်ကြသည်၊ ထက်မြက်သူများပီပီ ကိုယ်စီကိုယ်စီ အရည်အသွေးတွေက တစ်ယောက်မှ မညံ့ကြ၊ ထိုအခါ အတ္တကြီးမား ဖို့ အစီးအပွားတစ်ခုပမာ ခိုင်မာလာသည်၊ ဒါပေမယ့် သူ့တို့စုံတွဲမောင်နှံသည်၊ အတ္တ တွေကို နားလည်မှု ချစ်ခြင်းမေတ္တာနဲ့ စစ်ခင်းပြီး ခြေနင်းပစ်လိုက်သောအခါ စံပြုစရာ လေးစားစရာ ဇနီးမောင်နှံဖြစ်လာသည်၊

တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ တည်ဆောက်ထားသောအခါ တစ်ယောက်အမှားကို တစ်ယောက်က သည်းခံနိုင်လာသည်၊ ခွင့်လွှတ်လာနိုင်သည်၊ တစ်ယောက်က ဘယ်လောက်လောက်ဆိုးဆိုး၊ ဆိုးသမျှဒဏ်ကို မေတ္တာနဲ့ အံကြိတ်ခံ သည်၊ ထိုအခါ အချစ်သည် မေတ္တာနဲ့ အကွပ်အကွဲတစ်ခုတစ်ခုပမာ တွဲပေးခံလိုက်ရသောအခါ ထာဝရမြဲမြံသွားတော့သည်၊

မန်းရွှေမြို့တွင်နေစဉ်က တွေ့ရသော ဇနီးမောင်နှံကတော့ ထိုသို့မဟုတ် တစ်ယောက် နဲ့ တစ်ယောက် ချစ်လို့ပေါင်းဖက်ကာ အကြောင်းရေစက်ပါလာပေမယ့် ခဏခဏ အတ္တပြိုင်ပွဲတွေ ကျင်းပကြသည်၊ သူတို့ အတ္တပြိုင်ပွဲတွေ ကျင်းပတိုင်း ဘေးကလူတွေ ပါ အပူတွေကူးစက်ရသည်၊ သူတို့က ကွန်ပျူတာဆိုင်လေး ဖွင့်ထားသည်၊ ဖောက် သည်တွေတော်တော်များများ ကျသည်၊ နှစ်ယောက်သား အဆင်ပြေနေလျှင်၊ သူ့တို့ ဆိုင်လေးသည် သာသာယာယာ၊ ငြိမ်းငြိမ်းချမ်းချမ်း ၊ သူတို့နှစ်ဦးသား အတ္တပြိုင်ပွဲ ကွင်း သက်ဆင်သောနေ့များတွင် အားလုံးက မငြိမ်းမချမ်း၊ ဖောက်သည်တွေလဲ အလာကြဲသွားတတ်သည်၊

ဒီအဖြစ်မပျက်တွေကြည့်ရလျှင် အချစ်သည် အတ္တနဲ့တွေ့သောအခါ အရည်ပျော်တတ် တာကို နားလည်လာရသည်၊ ဒါကြောင့်ပင် အချစ်နဲ့ အတ္တကို တစ်သားတည်း ကြဖို့ နားလည်ခြင်းမေတ္တာနဲ့ ပေါင်းကူးပေးဆို့ လိုကို လိုအပ်ပေသည်၊

(၄ )

နောက်ဆုံး အနေနဲ့ သတိရတာလေး ပြောချင်သေးသည်၊
ချစ်သူတို့ဘ၀ နှစ်ယောက်အတူမခွဲ တစ်သက်လုံး လက်တွဲတော့မည် ဆိုလျှင်

“(၁) သမသဒ္ဒါ= ယုံကြည်ချက်တူညီရမည်၊

( ၂) သမသီလ= ကိုယ်ကျင့်တရားကောင်းတာချင်း တူညီမရမည်၊

(၃) သမစာဂ= အလှူဒါနလုပ်တာ၊ ပေးတာကမ်းတာ တူညီရမည်၊

(၄) သမပညာ= အတွေးအခေါ် ပညာတူညီရမည်”ဆိုတဲ့

အချက်လေးချက်နဲ့ တူညီတဲ့ သူအချင်းချင် ချစ်တလင်းမှာ အချစ်စာရင်းရှင်းကြလျှင် ပွင့်လင်းမြင်သာမှုရှိပြီး ပျော်ပျော်ရွှင်ရွှင် နေနိုင်ကာ၊ နားလည်မှုမေတ္တာပန်းတွေ လန်းဆန်းဝေဆာ နိုင်လိမ့် မည်ဟုထင်သည်၊

သို့မဟုတ်လျှင် ယုံကြည်ချက်ကမတူ၊ ကိုယ်ကျင့်သီလချင်းကလဲ ကွဲလွဲ၊ အလှူဒါန အပေးအကမ်းတွင်လဲ လမ်းလွဲ၊ အတွေးအခေါ်ပညာရေးကလဲ မသဲမကွဲ တစ်ယောက်နဲ့တစ်ယောက် ကွဲကွဲလွဲလွဲဖြစ်နေလျှင် အချစ်တလင်းတွင် စစ်ခင်းနေရ မှာ သေချာသည်၊

အချစ်တိုင်းတွင် အတ္တရှိနေကြပါသည်၊ အတ္တတိုင်းသည် ကိုယ်တစ်ကိုယ်ကောင်းစား ရေး ရှေးရှုသော လမ်းကြောင်းသာလျှင်ဖြစ်သည်၊ အတ္တကြီးစိုးလာသောအခါ လိုချင် တာတွေများလာတတ်မည်၊ လိုချင်တာတွေများလာလျှင် အကြောင်းအကျိုးအ ကောင်းအဆိုးမခွဲခြားနိုင်တော့ပါ၊

ငါတစ်ကိုယ်ကောင်းစားရေး၊ ငါတစ်ကိုယ်ချမ်းသာရေးသာလျှင် ဦးတည်နေမိမည်၊ ဦးတည်ချက်ကို ၀င်ရောက်နှောက်ယှက်သူမှန်သမျှသည် သူ၏ရန်သူလို သဘော ထားတော့မည်၊

ရန်သူလို သဘောထားတတ်သော သူ၏စိတ်တွင် ဒေါသတွေပါဝင်လာမည်၊ ဒေါသတွေပါဝင်လာလျှင် အကြောင်း အကျိုးအကောင်းအဆိုးတွေ မခွဲခြားနိုင်တော့ပါ၊ အကြောင်းအကျိုးမခွဲ ခြားတတ်သူ ရင်ထဲတွင် အချစ်သည် ထာဝစဉ်ရှင်သန်ပေါက်ဖွားဖို့ ခက်ခဲလာမည်၊

ငါငါ ငါလို့ ဦးတည်နေသမျှ စိတ်တွေလဲေ၀၀ါးနေမည်၊ မှန်တာ၊မှားတာ မခွဲခြားတတ်တော့ ဘ၀သည်ဝိုးတ၀ါးဖြစ်လာမည်၊ တစ်ကိုယ်တည်း မှန်တယ်ထင်တာ ဦးတည်လုပ် ဆောင်နေမည်၊

ထိုအခါ အချစ်မပါသော ဘ၀သည်ကြာလာသောအခါ အထီးကျန်လာလိမ့်မည်၊ အထီးကျန်သူတစ်ယောက်ရဲ့ဘ၀သည် ခြောက်ခြောက်သွေ့သွေ့ ဖြစ်လာလိမ့်မည်၊ ကြည့်လိုက်တိုင်း ရင်ဆိုင်ရတဲ့ အရာတိုင်း သာသာယာယာမဖြစ်တော့၊ မနှစ်မြို့စရာ၊ မသတီစရာအမြင်နဲ့ပဲ မြင်မိ၊ ကြားမိ၊ နံမိ၊ရှူမိ၊ အရသာခံမိ၊ တွေ့ထိမိလာလိမ့်မည်၊ အမှန်တရားဆိုတာတွေလဲ သူထံက ပြေးထွက်သွားနေလိမ့်မည်၊ လောက အမှန်တရားတွေကို ဖောက်ဖောက်ပြန်ပြန်မြင်နေသူတစ်ယောက်သည် ဓမ္မအမှန်တ ရားတွေကို မှန်မှန်ကန်ကန်မြင်ဖို့ အရမ်းကို ဝေးကွာသွားပါလိမ့်မည်၊

ဒါကြောင့် စာဖတ်သူများကို ပြောချင်ပါသည်၊ လောကအမှန်တရားရော ဓမ္မအမှန် တရားပါ မှန်မှန်ကန်ကန်မြင်နိုင်ဖို့ အချစ်နဲ့ သူရဲ့အတ္တကို မေတ္တာဆိုတဲ့ နားလည်ခြင်း နဲ့ လမ်းခင်းပြီး လျှောက်လှမ်းပေးကြပါလို့ ။ ။

ရွှေမန်းသား
http://mingalargarden.blogspot.in/

ကျမ်းကိုး=
ဓမ္မစကြာသုတ်၊
ဓမ္မပဒ မလ္လိကာဝတ္ထု
 ( အံ၊ ၄၊ ၃၇၃)

ရဟန်းတစ်ပါးနဲ့ မိုး

 သူရောက်ရှိနေသော အရပ်ဒေသက မိုးနည်းရပ်ဝန်းဒေသတစ်ခုဖြစ်သည်၊ ဒေသ ပေါက်ရောက်တဲ့ သစ်ပင်တွေခပ်များများက မိုးနည်းရပ်ဝန်းဒေသမှာတွေ့ရတတ် သော ကန္တာရပင်များ၊ တမာပင်များ၊ မကြီးပင်များက ခပ်များများ ဖြစ်နေသည်၊ တစ် ချို့ အမည်မသိသေးသော အပင်ငယ်လေးများလဲ လမ်းဘေးဝဲရာတွင် တွေ့ရတတ် သည်၊

သူနေထိုင်သောအရပ်ဒေသသည် အာရှမှာအကြီးဆုံးတက္ကသိုလ်ကြီးတစ်ခု ရှိသည်၊ သို့သော် တက္ကသိုလ်ကြီးကို ပိုင်ဆိုင်သော ချီရန်ဘရန်မြို့လေးသည် ခပ်သေး သေး ဇနပုဒ်လေးသာ၊ လမ်းဘေးဝဲယာလောက်သာ အိမ်ကြီးအိမ်ကောင်းရှိသည်၊
လမ်းမကြီးတွေပေါ်တွင် ဘေးမဲ့နွားများ လွတ်လွတ်လပ်လပ်သွားလာနေတတ်တာ တွေ့ရတတ်သည်၊

မှောင်ရီပြိုးလာချိန်တွင် လမ်းဘေးဝဲယာတွင် ဆိတ်မိသားစုများ စတည်းချလာတာ မြင်ရတတ်သည်၊ မဇ္ဈိမသားတို့၏ ဒီမိုကရေစီသည် လူတင်မဟုတ် တိရစ္ဆာန်တွေပါ အကြုံးဝင်နေပုံရသည်၊ အားလုံး လွတ်လွတ်လပ်လပ်၊
ကားတို့ ၊ ဆိုင်ကယ်တို့ မောင်းနှင်လာလျှင် တိရစ္ဆာန်တွေကို ရှောင်နေရတာက ခရီး နှေးကွေးစေသည်၊ သို့သော် အားလုံးက အေးအေးဆေးဆေး၊

မဇ္ဈိမဒေသအများစုသည် နေအပူကို မကြောက်သော်လည်း မိုးရွာလာလျှင် လမ်းမ တွေပေါ်တွင် အားလုံး ပျောက်ဆုံးကုန်သည်၊ မိုးလုံလေလုံရာသို့ အသီးသီး ၀င်ရောက် ခိုလှုံနေကြသည်၊

မိုးခေါင်ရေရှား ရပ်ဝန်းဒေသဖြစ်သော သူနေထိုင်ကျောင်းတက်ရာမြို့လေးတွင် မုတ်သုတ်ဝင်ချိန်နောက်ကြတတ်ပြီး မိုးရေချိန်လက္မလဲ နည်းပါးရှားသည်။ နှစ်စဉ် ကိုးလပိုင်းနှင့် ဆယ်လပိုင်းလောက်သာ မိုးရေချိန်များများစားစား ရွာချတတ်သည်၊

အခု သူနေသော မိုးနဲရပ်ဝန်းဒေသတွင် မိုးဖွဲလေးတွေမကြာမကြာရွာလာတတ်သည်၊
မိုးရွာတိုင်း ငယ်ငယ်က ဆိုဘူးသော မိုးသီချင်းကို စိတ်ထဲက တိုးတိုးလေး ငြီးတတ် သည်၊ ရဟန်းနဲ့ သီချင်းသည် နစ္စဂီတဆိုတဲ့ ပညတ်တော် ဥပဒေနဲ့ အဆီအငေါ်မ တည့်ချင်၊ ပုထုဇဉ်သည် ဥပဒေကို လက်တစ်လုံးကြားလုပ်တတ်တာများသည်။

ဒါကြောင့်ထင်သည် ပုထုဇဉ်သည် ဥပဒေတွေကို မျက်ကွယ်ပြုရင်း လက်တစ်လုံး ကြားလုပ်ရင်း အမှောင်ထဲကို ပြေးဝင်နေကြတာဖြစ်မည်၊ သူလဲပုထုဇဉ် စစ်စစ်ကြီး သာဖြစ်နေသေးတော့ အမှောင်ကြိုက်နေမိတာပဲ ဖြစ်မည်၊

မိုးတွေရွာတိုင်း ငယ်ငယ်ကတော့ မိုးရေထဲမှာ ဆော့ကစားရတာပျော်သည်၊ သူမွေး ဖွားရာ အညာသည်လဲ မိုးနဲရပ်ဝန်းဒေသတစ်ခုသာ မိုးရေချိန်လက္မနဲပါးခဲ့သည်၊ ဒါ ကြောင့်ထင်သည် သူသည်မိုးနဲ့ သဟဇာတသိပ်မဖြစ်ချင်၊ မိုးတွေ့လျှင် ဖျားချင်၊ နာ ချင်သည်၊ စင်စစ် သူမွေးလသည် မိုးတွင်းကြီး ထီးထီးမားဖြစ်နေတာက လွှဲမှားစရာ တစ်ခုပမာ။

သူမန္တလေးရွှေမြို့တော်ကြီးကို စာသင်ရောက်တော့ ဆွမ်းခံချိန်တွေဆို မိုးမရွာပါစေနဲ့ ဆုတောင်းရတာအမြဲဖြစ်သည်။ မိုးရွာလျှင် ဆွမ်းခံပျက်ရသည်။ ဆွမ်းခံကြွနေတုန်း ဗျုန်းဆိုမိုးရွာချလျှင် သင်္ကန်းကစို သပိတ်ညိုနဲ့ မိုးရေတွေစီးကျနေသော သင်္ကန်းရုံ လျှက်ကြီးနဲ့ သွားရလာရတာ အဆင်မပြေတော့၊ ဆွမ်းခံအိမ်တွေဆီကိုလဲ မိုးမိထား သောကိုယ်နဲ့ ဆွမ်းရပ်ဖို့ အဆင်မပြေတော့၊

တစ်ခါတစ်ခါ လမ်းတစ်ဝက်က မိုးမိလို့ ခရီးမဆက်နိုင်ပဲ ကျောင်းပြန်ခဲ့ရဖူးသည်၊ ဆွမ်းခံမထွက်ခင် မိုးစရွာလျှင်တော့ သူအ တွက်ကံကောင်းလှသည်၊ ကျောင်းတိုက်ကြီးက ငါးပိရည်တစ်ခွက်၊ ပဲပြုတ်တစ်ခွက် နပ်တစ်ချက် မနပ်တစ်ချက် အလှည့်ကြချက်ကျွေးသော ဆွမ်းတစ်နပ်ကို ဘုန်းပေး ဖို့ အချက်ပေး သံချောင်းသံကြားရတတ်သည်၊

 ဒီလိုနဲ သူသည် မိုးကို အမျိုးမျိုးရှောင်ကွင်းလာတတ်သည်၊ မိုးမမိအောင် နေတတ် လာသည်၊ မိုးရွာလျှင် စာအံကျောင်းတွေ၊စာဝါတွေ ပိတ်တတ်သည်၊ ထိုအခါ မိုးကို ကျေးဇူးတတ်လာသည်၊

အောက်ပြည်အောက်ရွာ ရန်ကုန်မြို့ကြီးကို ပြောင်းလာတော့ သူနဲ့သဟဇာတမဖြစ်သောမိုးသည် မရှောင်ကွင်းနိုင်ပဲထိပ်တိုက်တွေ့ပြီး ခဏခဏရင်ဆိုင်စိုရွှဲလာရသည်၊ ဘယ်လိုမှ ရှောင်လွှဲမရ၊ အပြင်ထွက်သည့်အခါတိုင်း လက်ထဲတွင် မိုးကိုကာကွယ်ရန် ထီးတစ်ချောင်း မပါမဖြစ်ပါ လာရသည်၊

သို့တိုင်အောင် မိုးသည် တစ်ခါတစ်ရံ ခြုံကွယ်တိုက်ခိုက်ချင်သည်၊ ညိုဟန်မပြ မဲယောင်မဆင် တိမ်လိပ်မသန်း မရမ်းလို မပြာပဲ သဲသဲမဲမဲ ရွာချတတ် တဲ့အခါတွေ မနဲမနောကြုံရတတ်သည်၊

ဆွမ်းခံထွက်တိုင်းလဲ မိုးဖွဲလေးထဲ မမြဲလိုထွက်ဖြစ်လာသည်၊ မနံခင်း လင်းအာရုံမကျ တစ်ကျ အပတ်စဉ်ဆွမ်းလှည့်ကျရာ ဓမ္မာရုံများဆီသွားတော့လဲ မိုးကခပ်ဖွဲဖွဲ ဘယ်လိုမှ ရှောင်လွှဲမရပဲ မိုးနဲ့ ပက်ပင်းတိုးနေရတော့သည်၊
အသားမကျချင်အခါက သူသည် မိုးမိလို့ နှစ်ခါနှစ်ချီတောင် အအေးမိနှာစေး တုပ်ကွေးကွေးလိုက်ရသေးသည်၊ နောက်တော့ မိုးနဲ့သူသည် အသားကျလာသည်၊
အညာသား မိုးသိပ်မကြောက်တော့၊ မိုးနဲ့ သဟဇာတဖြစ်လာသည်၊

မိုးနဲ့အသားကျလာသော သူသည် အခုတစ်ဖန်မိုးရေချိန်နဲ့သော အရပ်ဒေသတွင် နေထိုင်လာရသောအခါ မိုးကို လွမ်းသလိုလို ရှိလာသည် မိုးကို မျှော်တတ်လာသည်၊

ရေတစ်အိုး မိုးတစ်ပေါက် ဆိုသလို မိုးတစ်ပေါက်သည် သူ့အတွက် ရေတစ်အိုးထက် အရေးကြီးလာသည်၊

ပြောရင်းဆိုရင်း အပြင်မှာ မိုးဖွဲလေးတွေကျနေတာ မြင်ရသည်၊ သူရင်ထဲပျော်သလိုလို ရွှေပြည်ကြီးက မိုးရေတွေကို လွမ်းသလိုလို၊ မိုးမရွာသော မိုးခေါင်းရေရှားဖြစ်နေသော သူ့မွေးရပ်ကို မေတ္တာပို့ပြီး မိုးပရိတ်ငါးရံ့မင်းတရားကို များများ ပွါးများပေးရမလိုလို၊

ဘာသာနေထိုင်ရင်း မိုးရွာတိုင်း ခုတော့ မိုးသီချင်း မဆိုဖြစ်တော့၊ မငြီးဖြစ်တော့ မိုးနဲ့ပတ်သက်ပြီး ရထားဘူးတဲ့ ဓမ္မပဒထဲက -

''ယထာ အဂါရံ သုစ္ဆန္နံ၊ ဝုဋ္ဌီ န သမတိဝိဇ္ဈတိ။
 ဧဝံ သုဘာဝိတံ စိတ္တံ၊ ရာဂေါ န သမတိဝိဇ္ဈတိ''

“အမိုးကောင်းကောင်း မိုးမထားတဲ့ အိမ်ကို မိုးရေမိုးပေါက်တွေဝင်ရောက်စိုစွတ်သလို
မိမိရဲ့ စိတ်ကို သမထ၊၀ိပဿနာနဲ့ မမိုးထားဘူးဆိုရင် ကိလေသာမိုးရေ မိုးပေါက်တွေ ၀င်ရောက်ဆိုစွတ်နိုင်တယ်၊” ဆိုတဲ့ အဆုံးမကို သတိရရလာတတ်သည်၊

 ထိုအခါ သူ့စိတ်ကို အမိုးမိုးဖို့ လိုလိုလာနေတာ သတိထားမိလာသည်၊ သူ့စိတ်ကို ငုံ့ကြည့်လိုက်တော့ မိုးရေမိုးပေါက်တွေ စိုစွတ်နေတာ မနည်းမနောပါလား၊ အဆောင်ကနေ အပြင်ဘက်ကို ကြည့်လိုက်တော့လဲ မိုးသည် ဖွဲရာကသဲလာသည်၊ သဲရာက မဲ လာသည်၊ သဲသဲမဲမဲ ရွာချနေသည်၊

သူ့ရင်ထဲတွင်လဲ မိုးတွေ သဲသဲမဲမဲရွာချနေလေပြီ၊ မိုးမယိုအောင် ဘယ်လိုကာရပါ့မလဲ ။ ။

ရွှေမန်းသား
http://mingalargarden.blogspot.in/

ကျမ်းကိုး =
ဓမ္မပဒ နန္ဒတ္ထေ ၀တ္ထု။

Tuesday 6 August 2013

တွေးဖြစ်တာလေးများ

အပြင်ကလာတဲ့ လေပြေညှင်းလေးတွေနဲ့
ထိတွေ့နိုင်ဖို့
သင့်စိတ်တံခါးပေါက်တွေကို ဖွင့်ထားပေးပါ၊

အရာရာကို ဝေဖန်ပိုင်းခြားနိုင်ဖို့
သင့်ဦးနှောက်ကို သန်စွမ်းရှင်သန့်ခွင့်ပေးလိုက်ပါ

မေတ္တာတရားတွေကို ခံယူဖို့နဲ့ ပြန်လည်မျှဝေနားလည်ဖို့
သင့်နှလုံးသားကို လတ်လတ်ဆတ်ဆတ် ဖြစ်နေပါစေ။ ။

ရွှေမန်းသား

http://mingalargarden.blogspot.in/

Monday 5 August 2013

တနင်္ဂနွေ စကားလက်ဆောင် ( ၅) ကြာဖက်ကလေး

သူကျောင်းတက်နေသော ချီရန်ဘရန်မြို့လေးတွင် နာမည်ကြီး နဋရာဂျဆိုတော ဟိန္ဒူဘုရားကျောင်းကြီး တစ်ခုရှိလေသည်၊ ဘုရားကျောင်း၏ အရပ်မျက်နှာတိုင်းတွင် မိုးထိအောင် ဟီးထနေသော မုခ်ဦးကြီးများရှိလေသည်၊ အရှေ့ဘက် အ၀င်မုခ်နှင့် မြောက်ဘက် အ၀င်မုခ်ဦးသည် လူအ၀င်အများဆုံးသော မုခ်ဦးများ ဖြစ်လေသည်၊

ဒီက မြို့ခံတွေအပြောအရ သူတို့မြို့က ဘုရားကျောင်းသည် အိန္ဒိယတွင် အကြီးဆုံး ထဲတွင်ပါဝင်ဟု သိရသည်၊ နဋရာဂျဆိုသည်မှာ အမြဲတမ်း“က”နေသော နတ်ဘုရား ဟု အဓိပ္ပါယ်ရလေသည်၊ အိန္ဒိယတစ်နိုင်ငံလုံးက ကချေသည်များသည် ဒီဘုရား ကျောင်းဆီကို လာရောက်ပြီး ကပြရလေ့ရှိသည်ဟုလဲ သိရသည်၊

ဘုရားကျောင်းပတ်လည်တွင် ဘုရားပူဇော်ရန်အတွက် ပန်းများရောင်းချသော ပန်းဈေးတန်းလေးရှိလေသည်၊ ပန်းများသည် အများအားဖြင့် အ၀ါရောင်သန်းနေ သော အမည်မသိ ပန်းများက ပန်းဈေးတန်း တစ်ခုလုံးကို စိုးမိုးထားလေသည်၊
စပါယ်နှင့် နှင်းဆီပန်းများကလဲ ခပ်များများ ၊ စပါယ်ပန်းကို ဘုရားလှူရာတွင်ရော အမျိုးသမီးများကခေါင်းမှာ တမြတ်တစ်မျိုး ပန်ဆင်ရာတွင်ပါ အသုံးပြုကြလေသည်၊

သူတို့ ဆီမှာ ထူးခြားတာက ပန်းဝယ်လျှင် ကြာဖက်ကလေးတွေနှင့် ထုတ်ပေးတတ် သောဓလေ့လေး တစ်ခုက ချစ်စရာ၊ ပလပ်စတစ်ကျွတ်ကျွတ်အိပ်နှင့် ထုတ်ပေး သည်မှာရှားလှသည်၊ စားစရာမုန့်တစ်ခုခု ၀ယ်လျှင်လဲ ထိုနည်းလည်းကောင်း သတင်းစာ စက္ကူ အဟောင်းနှင့် ထုတ်ပေးတတ်လေသည်၊ ပြီးလျှင် အပ်ချည်လေး ပတ်ပေးတတ်သည်။

သူသည် နဋရာဂျ ဘုရားကျောင်းဘက်ရောက်တိုင်း ပန်းဈေးတန်းဖက်ကို ရောက်ဖြစ် တာများလေသည်၊ ပန်းဈေးတန်းဖက် ရောက်ဖြစ်တိုင်း ပန်းထုပ်ပေးသော ကြာရွက်လေးတွေကို ခဏခဏ ကြည့်ဖြစ်လေသည်၊ ကြာရွက်လေးတွေမြင်တိုင်း သူ့ အတွေးတွင်----

 “အသားငါးတွေ ထုတ်ထားတဲ့ဖက်ဟာ အသားငါးအနံ့တွေ စွဲနေတတ်ပြီး ၊ အသားငါး ရနံ့တွေ နံညှီနေတတ်တယ်၊ ပန်းပွင့်လေးတွေ ထုတ်ထားတဲ့ဖက်ဟာ ပန်းပွင့်လေးတွေ ရနံ့ကျန်နေပြီး ပန်းရနံ့မွှေးနေတတ်တယ်”ဆိုသော အဆိုတစ်ရပ်ကို ခဏခဏ အမှတ်ရလေ့ ရှိသည်၊

သူသည် ထိုအဆိုလေးကို အမှတ်တရရှိတိုင်း သူ့ကိုယ်သူ ပြန်လည်စမ်းစမ်းကြည့်နေ မိသည်၊ “ငါဟာ သားငါးထုတ်ထားတဲ့ ဖက်လား၊ ပန်းပွင့်လေးတွေ ထုတ်ထားတဲ့  ဖက်လား”ဆိုပြီးလဲ ခဏခဏ မေးခွန်းထုတ်နေမိသည်၊ အဖြေတို့သည် ဝေေ၀၀ါးဝါး

သူထင်သည် သူ့ဘ၀မှာ သားငါးတွေသာ ခဏခဏ အထုတ်များလိမ့်မည်လို့၊

စာဖတ်သူများကိုယ်တိုင်ကော အသားငါး ထုတ်ထားတဲ့ ဖက်ကလေးတွေလား၊ ပန်းပွင့်လေး တွေထုတ်ထားတဲ့ ဖက်ကလေးတွေလား ကွဲကွဲပြားပြားသိရအောင် ကိုယ့်ကိုယ်ကို ပြန်တွေးကြည့်ပြီး မေးကြည့်ပါဦးနော် ။ ။

ရွှေမန်းသား

http://mingalargarden.blogspot.in/