Saturday 15 February 2014

ရွှေပြည်တော်သို့ အပြန်ခရီး



“ကျေးဇူးပြု၍ နားဆင်ပါရှင်
ခရီးသည်များ လိုက်ပါလာသော
လေယာဉ်ကြီးဟာ မကြာမီအချိန်အတွင်းမှာ
မင်္ဂလာဒုံလေဆိပ်ကို ဆိုက်ရောက်တော့မှာ
ဖြစ်ပါတယ်”

မကြားရတာ ကြာတဲ့ လေယဉ်မယ်ရဲ့ အသံ
အခု တစ်ဖန် ထပ်ကြားရပြန်တော့မယ်
အချစ်ဆုံး အမိမြေ
ဝေးနေမှ ပိုလွမ်းသလို
အချစ်ဆုံး မြန့်မာ့အစားအစာ
မစားရတာကြာမှ
ချဉ်ခြင်း တပ်မိသလို

အချစ်ဆုံး သူငယ်ချင်းတွေကို
ပွေ့ဖက်ဖို့ နွေးထွေးဆုံးလက်တွေနဲ့
ပြန်လာမယ်
မကြာမည် လာမည်မျှော်
(23.2.2014)( Sunday) ။ ။

သစ္စာမိုးဝေ

Wednesday 5 February 2014

မကြာမီ လာမည်



မကြာမီ လာမည်
အမေ
မကြာမီ ရွာထိပ်က ဘူတာရုံလေးမှာ
လော်ကယ်ရထား ဆိုက်ချိန်
သားအရောက်ပြန်လာမည်

မကြာမီလာမည် အမေ
မကြာမီ ရွာအ၀င် လှည်းလမ်းကြောင်းမှာ
ဖုံတထောင်းထောင်း ထခဲ့ရင်
သားပြန်လာပြီ အမေ

မကြာမီ လာမည်
အမေ
ဖုန်းဆက်တိုင်း ဧရိယာ ပြင်ပ ခဏခဏ ရောက်နေတဲ့
အမေ့ရွာလေး ဆီ
သား အရောက်ပြန်လာမည်။ ။

သစ္စာမိုးဝေ

Monday 3 February 2014

အကျင့်ဟောင်း

တိမ်တွေ လွင့်မြောသွားတိုင်း
လိုက်ကောက်တတ်တဲ့ အကျင့်
ခဏ ခဏ ဖြစ်

ဘ၀က မရင့်ကျက်သေးဘူး ပြောချင်ပြော
အခုလဲ အရင်လိုပဲ
အရင်ကလဲ အခုလိုပဲ
နဲနဲ ကွဲတာဆိုလို့
အသက်ပိုကြီးလာတယ်
ဝိတ်ပို စီးလာတယ်
အစားအသောက်နဲ လာတယ်
ဖြစ်ချင်တာတွေများလာတယ်

ဒါပေမယ့်
ဒီလို ဒီလို ဒီလို နဲ့
ဖြစ်သင့်တာတွေဘေးချရပ်
မဖြစ်သင့်တာတွေပဲ အထပ်ထပ်
ခဏခဏ မှတ်တိုင်ကျော်ရပ်
ခဏခဏ သတ်မှတ်မိုင်နှုံးထက်ပိုမောင်း
အမော ခဏခဏ ဖောက်
ခဏခဏ ရေငုံနှုတ်ပိတ်

အခုလဲ အရင်တိုင်းပဲ
လွင့်မြောသွားတဲ့
တိမ်တွေ လိုက်ကောက်နေဆဲ။ ။

သစ္စာမိုးဝေ