Saturday 11 May 2013

သူတော်ကောင်းတို့ နှလုံးသား ( ၅) အနှိုင်းမဲ့ ယဉ်ဖြင့် ကျော်ဖြတ်ခြင်း


အနှိုင်းမဲ့ယဉ်ဖြင့် ကျော်ဖြတ်ခြင်း

( ၁)

'သဒ္ဓါတရတိ သြဃံ၊ အပ္ပမာဒေန အဏ္ဏဝံ။
 ဝီရိယေနဒုက္ခမစ္စေတိ၊ ပညာယ ပရိသုဇ္ဈတိ''။

( အာဠာဝက သုတ်)

အာဠာဝကယုံကြည့်မှု သဒ္ဓါတရားဖြင့် သြဃလေးဖြာ သံသရာကို ကူးမြောက်နို၏၊
မမေ့မလျှော့ခြင်းအပ္ပမာဒ တရားဖြင့် သံသရာတည်းဟူသော သမုဒ္ဒရာကို ကူးမြောက် နိုင်၏၊ ထကြွလုံးလ၀ိရိယဖြင့် ဆင်းရဲခြင်းဒုက္ခတွေကို လွန်မြောက်နိုင်၏၊
ပညာဖြင့်ကိလေသာအညစ်အကြေးတွေကို ဖယ်ရှားသုတ်သင်နိုင်၏၊


(၂)
 
တရားသဘောအနေနဲ့ပြောရရင် လူတိုင်း၊ သတ္တ၀ါတိုင်း၊ သက်ရှိတိုင်းဟာ သံသရာ ပင်လယ်ကြီးထဲမှာမွန်းကြပ်နေကြတဲ့ သူတွေပါ၊ သားရေး သမီးရေးတွေနဲ့လဲ မွန်းကြပ် ကြပါတယ်၊စီးပွားရေးတွေနဲ့လဲ မွန်းကြပ်ကြပါတယ်၊ အချစ်ရေးတွေနဲ့လဲ မွန်းကြပ်ကြပါတယ်၊စစ်ရေးတွေနဲ့လဲ မွန်းကြပ်ကြပါတယ်၊
ဒီလိုမွန်းကြပ်နေတဲ့သံသရာဝဲသြဃကြီးထဲမှာ ကူးရင်းနဲ့ နစ်လိုက်၊ နစ်ရင်းနဲ့ကူး လိုက်နဲ့ စုန်ချီတစ်ခါ၊ဆန်ချီတစ်လှည့်ရယ်နဲ့ နွဲ့တဲ့အခါနွဲ့လိုက်၊ မာတဲ့အခါ မာလိုက်၊ သာတဲ့ အခါ သာလိုက်၊ဗျာဆိုက်နေကြတာ နေ့စဉ်နဲ့ အမျှပဲ မဟုတ်လား၊

စာရေးသူကောစာဖတ်သူပါ ပုထုဇဉ်လူသားစစ်စစ်တွေ ဖြစ်လေတော့ ဒီဝဲသြဃကြီး ထဲမှာ ဒီနေ့ ဒီအချိန်ထိကူးနေကြရတုန်းပဲလေ၊ ဘယ်နေ့၊ ဘယ်အချိန်ကြမှ များလွတ်မြောက်မလဲဆိုတာကလဲအလှမ်းဝေးနေဆဲပါ၊
မလွှတ်ချင်ဘူးလားဆိုတော့လူတိုင်းက လွှတ်ချင်ကြတာပေါ့၊ လူသားတိုင်း သတ္တ၀ါတိုင်း လွတ်မြောက်ချင်တယ်လိုဆိုလိုက်ပေမယ့်

(၁)တစ်ချို့က လွတ်မြောက်ချင်တယ်၊ ဒါပေမယ့် ဘာနဲ့ ကူးရမှန်း မသိကြပါဘူး၊
(၂)တစ်ချို့ကြတော့ မလွတ်မြောက်ချင်ဘူး ဒါပေမယ့် ဘာနဲ့ကူးရမယ်ဆိုတာ သိကြပါတယ်၊
(၃)တစ်ချို့ကြတော့မလွတ်လဲ မလွတ်မြောက်ချင်ဘူး ၊ ဘာနဲ့ ကူးရမယ်ဆိုတာလဲ မသိကြပါဘူး၊
(၄)တစ်ချို့ကြတော့ လွတ်မြောက်လဲလွတ်မြောက်ချင်တယ်၊ ဘာနဲ့ ကူးရမယ်ဆိုတာလဲသိကြပါတယ်၊

စာဖတ်သူတွေကိုအဲဒီလိုလွတ်မြေက်သွားတဲ့ သူတွေအများကြီးရှိတဲ့အထဲက တစ်ယောက်အကြောင်းကိုဖောက်သည်ချပြချင်ပါတယ်၊

(၃)

အဲဒီတစ်ယောက်သောသူတော်ကောင်းကြီးရဲ့အမည်ကတော့ စာဖတ်သူများ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ ဘာသာရေးနယ်ပယ်မှာခဏခဏကြားဖူးနေကြနာမည် ပါ၊ သူက ဇေ၀တန်ကျောင်းဒကာကြီးလဲ ဖြစ်ပါတယ်၊ဒီလောက်ပြောလိုက်ရင် စာဖတ်သူများ မျက်စိထဲတန်းပြီးပြေးမြင်မိမှာပါ၊

စာဖတ်သူဇဝေဇ၀ါဖြစ်နေရင် သေချာသွားအောင် နာမည်လေးမှတ်ထားလိုက်ပါဦး၊ အဲဒီကျောင်းဒကာကြီးအမည်က အနာထပိဏ်လို့ခေါ်ပါတယ်၊  အနာထိပဏ်သူဌေး ကြီးရတနာသုံးပါးအပေါ်ဘယ်လောက်ကြည်ညိုတယ်ဆိုတာ စာဖတ်သူများ သိဘူး၊ ကြားဘူးပြီးသား ဖြစ်နေမှာပါ၊

အနာထပိဏ်သူဌေးကြီးဟာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့ တွေ့ဖို့စိတ်စော ပြီး ညကြီးမင်းကြီးတစ်ယောက်တည်းထအသွားမှာ သူ့ကိုယ်က အရောင်အ၀ါတွေ တောင်ထွက်ခဲ့ရတယ်မဟုတ်လား၊
မြတ်စွာဘုရားနဲ့သံဃာတော်အရှင်သူမြတ်တွေ ချမ်းချမ်းသာသာ သီတင်းသုံးဖို့ရန်ဇေတ၀န်ရွေကျောင်းတော်ကြီးကိုလဲ ငါးဆယ့်လေးကုဋေအကုန်အကျခံပြီး ဆောက် လုပ်လှူဒါန်းခဲ့တဲ့ကျောင်းဒကာကြီးလို့လဲ လူတိုင်းပါးစပ်ဖျားမှာ ဒီနေ့ချိန်ထိ သိနေကြ ရတယ်မဟုတ်လား၊

ကျောင်းဒကာကြီးအနာထပိဏ်သူဌေးကြီးဟာ ကျောင်းကြီးဆောက်ပြိးသွားပေမယ့် သူကျောင်းကြီးမှာသီတင်းသုံးနေတဲ့ သံဃာတော်တွေကို ဒီအတိုင်း ပစ်မထားပါဘူး၊
ကျောင်းဒကာကြီးဟာတစ်နေ့ကို သုံးကြိမ်းသုံးခါ ကျောင်းကို လာပါတယ်၊
ကျောင်းကိုလာတဲ့အခါတိုင်းလဲ လက်ချီးဗလာ သက်သက်လာတာ မဟုတ်ပါဘူး၊

မနက်ခင်း အလင်းရောင်မလာခင် အာရုဏ်ဦးလာတော့ သံဃာတော်တွေသုံးဆောင်ဖို့ ယာဂု တွေယူလာပါတယ်။ ညနေခင်းလာရင် ဖရောင်းတိုင် အမွှေတိုင်းတွေနဲ့သံဃာတော် တွေ ဘုန်းပေးသုံးဆောင်ဖို့ ထောပတ်၊ တင်းလဲ၊ ဖျော်ရည် စတာတွေယူဆောင်လာပါတယ်၊ အဲဒိလို နေ့တိုင်းနေ့တိုင်း ကျောင်းကို လက်ချည်းဗလာသက်သက် မလာတဲ့ကျောင်းဒကာကြီးကို ကျောင်းမှာရှိတဲ့ ကိုရင်ငယ်လေးတွေ၊ ကျောင်းသား ငယ်လေးတွေက အမေလိုတစ်မျိုး ၊ ဖခင်လိုတသွယ်ခင်မင်းရင်းနှီးနေကြပါတယ်၊ ကျောင်းဒကာကြီးလာရင် ပြေးသွားကြိုဆိုကြ၊ ဘာတွေပါလဲမေးကြနဲ့ဆရာနဲ့ ဒကာပြုံးပျော်ကြလို့ နေပါတယ်၊

အဲဒိလိုပြုံးပျော်နေတဲ့ကျောင်းဒကာကြီးမှာ စိတ်ညစ်စရာတွေကော မရှိဘူးလားဆို တော့ ရှိတာပေါ့ စာဖတ်သူရယ်၊သူဌေးကြီးကများသောအားဖြင့် သူ့ရဲ့စီးပွားရေး အလုပ်တွေကို သူ့ရဲ့မန်နေဂျာနဲ့ပဲလွှဲထားတာ များပါတယ်။
ဒါကြောင့်ထင်ပါတယ်စာဖတ်သူရယ် ၊ တစ်ချို့စီးပွားဘက် သူဌေးတွေက ငွေ ဆယ်ရှစ်ကုဋေလောက်ကိုချီးငှားသွားကြပြီး ပြန်မပေးကြတော့ဘူး၊ တစ်ခါ နူရာဝဲစွဲ လဲရာသူခိုးထောင်းဆိုသလိုပါပဲ ဘဏ္ဍာတိုက်တွေထဲ ထည့်ထားတဲ့ဆယ့်ရှစ်ကုဋေ လောက်ကလဲ အစီရ၀တီမြစ်ထဲ မျောပါကုန်ပါတယ်၊

ဒါပေမယ့်သူဌေးကြီးက သူ့ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ၊ အလှူအတန်းကတော့ နေ့စဉ်ပြုနေပါတယ်။ အိမ်ကိုနေ့စဉ်ဆွမ်းခံကိုယ်တော်တွေ ပင့်ထားပါတယ်၊ မြတ်စွာ ဘုရားကိုလဲမပြတ်မပြတ်ဆွမ်းပင့်ကပ်တယ်၊
အဲဒီလိုနေ့စဉ်ရက်စက်ကောင်းမှုကိုသိုလ်တွေ လုပ်နေတဲ့ အနာထပိဏ်သူဌေးကြီးကို ဒုက္ခပေးချင်တဲ့သူကရှိနေပါသေးတယ်၊
ဒုက္ခပေးချင်တဲ့သူဆိုလို့စာဖတ်သူက အဲဒီသူဟာ သူဌေးကြီးနဲ့ စီးပွားပြိုင်ဘက်သူဌေးကြီးတစ်ယောက်ဖြစ်နေမလားပဲလို့ တွေးချင်တွေးနေမှာပါ၊ မဟုတ်ပါဘူး စာဖတ်သူရယ်၊သူဌေးကြီး အလှူတွေပေးနေတာ၊

မြတ်စွာဘုရားနဲ့ တကွ သံဃာတော်တွေကို ဆွမ်းတွေပင့်ကပ်နေတာကြည့်ပြီးမနာလိုမရှုစိမ့်ဖြစ်နေ တဲ့သူက သူဌေးကြီးအိမ်မှာ တံခါးစောင့်တဲ့ တံခါးစောင့်နတ်သမီးပါ၊
ဖြစ်ပုံကဒီလိုပါ စာဖတ်သူရယ်၊ အဲဒီတံခါးစောင့် နတ်သမီးဟာ မြတ်စွာဘုရားနဲ့ သံဃာတော်တွေသူဌေးကြီးအိမ်ကြွရောက်လာရင် သူက ဘုန်းကံနဲလေတော့ သူ့ရဲ့ ဘုံဗိမာန်ကနေ ကလေးတွေနဲ့ကြမ်းပြင်ကို ဆင်းဆင်းပေးရပါတယ်။ မြတ်စွာဘုရား သခင် ကြွလာလိုက်၊ သူ့ကဆင်းပေးရလိုက်၊ သံဃာတော်တွေကြွလာလိုက် သူ့က ဆင်းပေးရလိုက်၊ ခဏခဏ ဆင်းနေရတော့ သူ့ကမြတ်စွာဘုရားနဲ့ သံဃာတော်တွေ ကို သူဌေးကြိး အိမ်ကို မကြွလာစေချင်ပါဘူး၊

ဒီနေရာမှာကြုံလို့စာဖတ်သူများကို ပြောပြချင်တာ တစ်ခုရှိပါတယ်၊ များသောအား ဖြင့်လူတော်တော်များများက  နတ်ကိုကိုးကွယ်ချင်ကြတယ်။ နတ်ကို တင်လှူပသ တဲ့အခါမှာလဲ ငှက်ပြောသီးဆိုရင်လဲ လှမှ ၊ကြည့်ကောင်းမှ၊ အုန်းသီးဆိုရင်လဲ အညှောင့်မကြိုးမှ နတ်အတွက်ဆိုရင် အကောင်းတကအကောင်းဆုံးတွေကို ရွေးပြိး တင်ကြ၊ ပသကြ၊ ပူဇော်တတ်ကြတယ်မို့လား၊
 အဲဒီလို တင်လှူပူဇော်နေတဲ့ နတ်ဆိုတာတာလဲ အများအားဖြင့်အစိမ်းသေနဲ့ မကျွတ် မလွတ်တဲ့ နတ်စိမ်းတွေက များပါတယ်။
 
အခု အနာထပိဏ်သူဌေးကြီးအိမ်မှာတံခါးစောင့်တဲ့ နတ်သမီးက စတုမဟာရာဇ်နတ်စာရင်းဝင် နတ်တစ်ပါးပါ၊ အဲဒိလို အဆင့်မြင်တဲ့နတ်တောင်မှ ရတနာသုံးပါးနဲ့ ယှဉ်လိုက်ရင် သူ့က ဘုန်းနဲနေတောပလှေခါးခုံ၊ကြမ်းပြင်မှာ ဆင်းပေးရတာပဲ မို့လား၊  ဒါကြောင့် နတ်ကိုးကွယ်မယ်ဆိုရင်အခုအဖြစ်အပျက်လေး ကို နဲနဲသတိရမိစေချင်ပါတယ် စာဖတ်သူ၊

(၄)

ကဲစာဖတ်သူရေ ပြောလက်စ ဇာတ်လမ်းလေးကို ဆက်ပြောကြည့်ရအောင်ပါ၊ စောစောက ပြောပြခဲ့သလိုပဲအနာထပိဏ်သူဌေးကြီးရဲ့ အိမ်မှာ တံခါးစောင့် နတ်သမီးက အိမ်ကို မြတ်စွာဘုရားနဲ့သံဃာတော်တွေ ၀င်ထွက်နေတာမကြိုက်တာ ကြောင့် မလာအောင်ကြံပါတယ်၊
ဘယ်လိုကြံလဲဆိုရင် ဖြစ်ပုံက ဒီလိုပါ၊ သူက သူဌးကြီးကို တိုက်ရိုက်မပြောရဲဘူးလေ ဒါကြောင့်

သူဌေးကြီးမန်နေဂျာဆီကိုယ်ထင်ပြပြီး-
“မန်နေဂျာ သင်တို့သူဌေးကြီးကသူ့ရဲ့စီးပွားရေးတွေကို လျှစ်လျှူရှုထားတယ်။ ဒါကြောင့် စီးပွားတွေကျနေတယ်၊မြတ်စွာဘုရားနဲ့ သံဃာတော်တွေကိုပဲ ပစ္စည်းဥစ္စာ တွေကို ရက်ရက်ရောရောလှူနေတာ ၊ဒါကြောင့် ခုစီးပွားက တက်မလာတာ၊  စီးပွားရေးတွေပြန်ကောင်းလာအောင် ၊တိုးတက်လာအောင် မြတ်စွားဘုရားနဲ့ သံဃာတော်တွေကို လှူဒါန်းနေတာတွေ ရပ်ပစ်လိုက်ပါ ”
 သူဌေးကြီးမန်နေဂျာက ဒီစကားတွေကြားတော့ဒေါသထွက်ပြီးတော့လေ၊ နတ်ယုတ် ထွက်သွားဆိုပြီး အော်လွတ်လိုက်ပါတယ် ၊

ဒါပေမယ့်နတ်သမီးကလဲ အလျှော့မပေးပဲ တစ်ခါ သူဌေးကြီးရဲ့သားအကြီးဆုံးဆီမှာ သွားပြီး စောစောကမန်နေဂျာဆီမှာ ပြောတဲ့ စကားတွေထပ်ပြောပါတယ်။ သူဌေးကြီးသားအကြီးဆုံးကလဲလက်မခံပါဘူး၊ စောစောက မန်နေဂျာလိုပဲ “ နတ်ယုတ် ထွက်သွား”လို့အော်လွတ်လိုက်ပါတယ်၊

အဲဒိလိုနဲ့ နေလာလိုက်တာစာဖတ်သူရယ် သူဌေးကြီးလဲ စီးပွားတွေလဲတော်တော် ကြလာနေပါတယ်၊အရင်လိုမြတ်စွားဘုရားနဲ့ သံဃာတော်တွေကို အကောင်းစား ဆွမ်းတွေ၊ ဆွမ်းဟင်းတွေ ပစ္စည်းတွေမလှူနိုင်တော့ပါဘူး၊ဆန်ကွဲထမင်းနဲ့ ပဲဟင်းေ လာက်ပဲ လောင်းလှူနိုင်ပါတော့တယ်၊

 အခွင့်အရေး စောင့်နေတဲ့သူဌေးကြီးအိမ်တံခါးစောင့် နတ်သမီးက သူဌေးကြီးဆင်း ရဲတာ အခွင့်ကောင်းယူပြီးညသန်းခေါင်းမှာ သူဌေးကြီး အိပ်ခန်းထဲဝင်လာပါတယ်၊
သူဌေးကြိးက “ ဘယ်သူလဲ”
“ကျွန်တော်မျိုးမကသူဌေးကြီးရဲ့ နံပါတ်လေးတံခါးစောင့် နတ်သမီးပါ”
“ သင် ငါ့ဆီကို ဘာလုပ်လာတာလဲ”
“ မှန်လှပါ သူဌေးမင်းကျွန်မအကြံပေးချင်လို့ပါ” ဆိုပြိး စောစောက သူဌေးကြီးမန်နေဂျာ၊သူဌေးကြီးသားအကြီးတို့ဆီမှာ ပြောသလို စကားတွေကိုပြော တော့တာပါပဲ၊

  အဲဒိလို စကားတွေကြားတော့ သူဌေးကြီးလဲဒေါသထွက်ပြီး “ အသင်နတ်မပြောနဲ့ အသင်နတ်လို နတ်တွေထောင်သောင်းမက လာပြီး ငါ့ကိုရတနာသုံးပါးကို မကြည်ညိုနဲ့ ဆွမ်းမလောင်းလှူနဲ့လို့ ပြောဆိုပြီး ငါ့ရဲ့သဒ္ဓါတရားကိုကိုင်လှုပ်လိ့ ရမယ်ထင်သလား၊ နတ်ယုတ် ငါ့အိမ်က ထွက်သွားတော့”လို့မောင်းထုတ်လိုက်ပါတော့တယ်၊
 အိမ်ကမောင်းထုတ်ခံလိုက်ရတော့ နတ်သမီးမှာနေစရာအခက်ခဲတွေဖြစ်၊ သားသမီးတွေတန်းလန်းနဲ့ မြို့စောင့်နတ်ဆီရောက်လာပါတယ်၊မြို့စောင့်နတ်ရယ်၊ ကျမကိုကူညီမပါဦး သူဌေးကြီးအိမ်မှာ ပြန်နေရဖို့ကူပြောပေးပါဥိးလို့ အကူအညီ တောင်းပါတယ်၊

သူကအကူအညီတောင်းပေးမယ့်မြို့စောင့်နတ်လဲ မကယ်နိုင်ပါဘူး၊ ဒီလိုနဲ့ နတ်မင်းကြီးလေးပါးဆီသွားရောက်အကူအညီတောင်းပါတယ်၊ နတ်မင်းကြီးလေးပါး လဲမကူညီနိုင်ပါဘူး၊ တစ်ခါသိကြားမင်းဆီရောက်ပါတယ်၊ သိကြားမင်းကတော့
“ငါ့ကတော့ ကူတော့မကူညီနိုင်ဘူးကွယ်၊အကြံတော့ပေးလိုက်မယ်၊ သူဌေးကြီးရစရာရှိတဲ့ အကြွေး ဆယ်ရှစ်ကုဋေကို ပြန်ရအောင်သင်စွမ်းဆောင်ပေး လိုက်ပါ၊ လို့ ပြောဆိုအကြံပေးလိုက်ပါတယ်၊
 တံခါးစောင့် နတ်သမီးလဲ သိကြားမင်းပေးတဲ့အကြံအတိုင်း သူဌေးကြီးရဲ့အကြွေး တွေကိုလဲ ပြန်ရအောင်လုပ်ပေးလိုက်ပါတယ်၊အစိရ၀တီမြစ်ထဲ မျောပါသွားတဲ့ ဘဏ္ဍာတွေကိုလဲ ပြန်ဆယ်ပြီး ဘဏ္ဍာတိုက်ထဲပြန်ထည့်ပေးလိုက်ပါတယ်၊

တိုတိုပြောရရင် စာဖတ်သူရယ်သူဌေးကြီးလဲ အရင်လို မြတ်စွာဘုရားနဲ့ သံဃာတော် အရှင်သူမြတ်တွေကိုဆွမ်းခဲဘွယ်ဘောဇဉ်ကောင်းတွေကို သဒ္ဓါတရားထက်သန်စွာ နဲ့ လှူဒါန်းပါတယ်၊ တံခါးစောင့် နတ်သမီးကိုလဲအိမ်မှာပြန်လည် လက်ခံလိုက်ပါ တော့တယ်၊

(၅)

 စာဖတ်သူရေ ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲပြောပြချင်တာတွေများပြီး စာလဲတော်တော်ရှည်သွားပါတယ်။ သည်းခံဖတ်ပေးတာလဲကျေးဇူးတင်ပါတယ်၊
 ဇာတ်လမ်းဖတ်ပြီး စာဖတ်သူကောဘာတွေတွေးမိနေပါသေးသလဲ?
 ယုံကြည့်မှုသသဒ္ဓါ တရားက ဘယ်လောက်တာသွားသလဲ ဆိုတာ စာဖတ်သူသိရမှာပါ၊လူတိုင်းမှာ လောကုတ္တရာအရေး ကိစ္စတွေ မဆိုထားနဲ့
လောကီအရေးကိစ္စတွေမှာတောင်ယုံကြည့်မှုက အရေးကြီးတယ်မို့လား၊

စီးပွားရေးမှာလဲတစ်ယောက်နဲ့ တစ်ယောက်ယုံကြည်မှုရှိမှ အောင်မြင်တတ်တာမို့လား၊
သမီးရည်းစားအရေးမှာလဲတစ်ယောက်နဲ့ တစ်ယောက်ယုံကြည့်မှုရှိမှ ရေရှည် လက်တွဲနိုင်တာမို့လား၊
စစ်ရေးမှာလဲတစ်ဖက်နဲ့ တစ်ဖက် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ယုံကြည်မှုအပြည့်ရှိမှိငြိမ်းချမ်းရေးဖော်ဆောင်နိုင်တာမို့လား၊

 ဒါကြောင့် ပြောချင်ပါတယ် စာဖတ်သူရယ်တကယ်လို့များ စီးပွားရေးတွေကျ၊ စိတ်တွေညစ်၊ ဘ၀က ပစ္စလက်ခဖြစ်တော့မယ်လို့ အခြေနေနဲ့အချိန်ခါတွေကြုံခဲ့ရင် ရတနာ သုံးပါးအပေါ်မှာ ယုံကြည်မှုအပြည့်နဲ့ ကြည်ညိုပြီးအဓိဌာန်ကြည့်ပါလို့

အဲဒီလိုယုံယုံကြည်ကြည်နဲ့ အဓိဌာန်အလုပ်လုပ်ရင် စာဖတ်သူရဲ ကြုံတွေ့နေရတဲ့ အခက်ခဲတွေဘ၀ပြဿနာတွေဟာ မကြာခင်လွန်မြောက်နိုင်မယ်ဆိုတာ ဒီဇာတ် တော်က သက်သေခံနေမှာ ပါစာဖတ်သူ။။


ရွှေမန်းသား အရှင်အင်္ကုရ

ကျမ်းကိုး၊

ခရိရင်္ဂါရ ဇာတက၊
ဇာတကပါဠိ၊ ဇာတက အဋ္ဌကတာ( ၁)
ခုဒ္ဒက နိကာယ အာဠ၀ကသုတ်၊ ပါဠိ၊ အဋ္ဌကထာ၊

JatakaTales Of the Buddha An Anthology
( Ken and Visakha KaWasaki)


No comments:

Post a Comment