Saturday 27 December 2014

၂၀၁၄ ကိုငဲ့ကြည့်ခြင်း


ရန်သူရှိ မိတ်ဆွေရှိ
တကယ့်တကယ် သူငယ်ချင်းဆိုတာ
လက်ချိုးရေတွက်မယ်ဆိုရင်
လက်တစ်ဖက်သာသာ
ရီစရာရှိ ငိုစရာရှိ
ချစ်သူရှိ မုန်းသူရှိ
ပြုံးစရာအတိ မဲ့စရာအတိ
မကတိပုထုဇဉ်
သံယောဇဉ်စစ်စစ်တွေ သိုလောင်ထားမိ
ခဏတာ လာရောက်နားခိုတဲ့
ငှက်ကလေးတွေကို အစာကြွေးဖူးပြီ
အမြဲတမ်းစိမ်းလန်းမယ့် သစ်တောတွေကို
စိုက်ပျိုးဖူးပြီ
ကိုယ်ရွတ်တဲ့ မေတ္တာသုတ်က ကိုယ့်အခန်းထဲမှာ အပြင်သိပ်မရောက်
တစ်ခါတစ်ခါ အမှန်တရားသည်
တံခါးခေါက်ဖို့ နောက်ကျတတ်တာကို နားမလည်ခဲ့
ဓါးသွားထက်က ပျားရည်တွေကို မက်မောဖူးရဲ့
ဘ၀မှာ စေတနာစစ်စစ်နဲ့ ပါရမီဖြည့်တဲ့
ကူဖော်လောင်ဖက်ဆိုတာ
မြေကြီးရယ် မြစ်ချောင်းရယ်ကောင်းကင်ရယ်
အဖေရယ် အမေရယ် ညီမလေးရယ်
ဝေးကွာခြင်းအရပ်က ကမ်းလက်တွေရယ်
ဘာပဲဖြစ်ဖြစ် အားလုံးကို ကျေးဇူးတင်တယ်
ကျွန်တော်အသက်ရှင်နေရတာကိုလဲ ထပ်ပြီးကျေးဇူးတင်တယ်
ကျွန်တော် အသက်ရှင်နေသလို
တခြားအသက်တွေ ဆက်လက် အသက်ရှင်ဖို့
တတ်နိုင်သလောက် ကြိုးစားရဦးမယ်။ ။
သစ္စာမိုးဝေ
( ဘ၀မှာ အားပါအောင် ပါရမီကူညီဝိုင်းဖြည့်ပေးကြတဲ့ ချစ်ခင်ကြရတဲ့ သူများအားလုံးကို ဒီကဗျာနဲ့ ဂုဏ်ပြုပါတယ်၊)

No comments:

Post a Comment