Wednesday 30 October 2013

သံသယ သားကောင်များ


အချက်မသိတော့
သမက်ကို သူခိုးထင်
ငှက်မသိတော့
ဇရက်ကို ဂျိုးထင်
တစ်ခါတစ်ခါ
အမြင်နဲ့ အကြားဟာ
တက်တက်စင်အောင် လွဲတတ်ပါကလား ။

ဗုဒ္ဓဘုရားဟောကြားထားတဲ့
ကာလာမသုတ်ကြီးကို
ခဏခဏ ပုဒ်ထီးပုဒ်မ
မချွင်းမချန် အတင်းလှန်
ရွတ်ဖတ်နေတာတောင်
 
တစ်ခါတရံ
ကြားတာလဲယုံ
မကြားတာလဲယုံ
မြင်တာလဲယုံ မမြင်တာလဲယုံ
အတင်းစုံ ပုလင်းစုံ
အတင်းယုံ အတင်းယုံ
ယုံကြယုံကြ ပုံကြပုံကြ
 
နောက်ကျမှ ခုန်ဆွခုန်ဆွနဲ့
ထွက်ဖို့ခက် တက်ဖို့ခက်
ပက်လက်နဲ့ ကယ်သူမဲ့သူမဲ့
မျောရက်နဲ့ ဆယ်သူမဲ့သူမဲ့
ဟောဒီမှာကွယ့်
အမှန်တရားဆိုတော့ ခါးသွားရဲ့ ။

ဒီလိုနဲ့ အမှန်နဲ့ အမှားကို
လက်တစ်လုံးကြား ကစားရင်း
သစ္စာစကားဆိုတာ
လားလားမှ သူနဲ့ မဆိုင်သလို
အပိုင်ကို မလိုင်ချိုချိုတွေနဲ့
ချီနိုင်မှ ဘ၀ကမခါးသတဲ့ ၊

အများနဲ့ တစ်ယောက်
တစ်ယောက်နဲ့ အများ
မှောက်နေတာလား မှားနေတာလား
ထားထားလိုက် သွားမတားနဲ့
ကားကနဲ့နေအောင် အတိုက်အခိုက်ခံရမယ် ။

မိစ္ဆာတရားတွေ ပိတ်ကာလွှမ်း
အ၀ိဇ္ဖာနှုတ်ခမ်းဖျားတွေနဲ့
လမ်းသလား နေသရွေ့
အမှန်တရားဆိုတာ
ဟောဒီ ကမ္ဘာကြီးရဲ့
အခြားတစ်ဖက်ကို ရွှေ့ ။ ။

အောင်မိုးသစ်

No comments:

Post a Comment