Monday 2 December 2013

ဘ၀ မှတ်တိုင်

ကြာတော့လဲ မေ့သွားကြမှာ
မင်းဘယ်က လာတယ်
မင်း ဘယ်ကိုသွားမယ်
လူတွေ စိတ်မ၀င်စားဘူး

သူ့အကြောင်းနဲ့သူ သူ
သူ့ခေါင်းနဲ့ သူ
သူ့ အဟောင်းနဲ့ သူ
မတူညီတဲ့ ဘ၀တွေ
သယ်ပိုးရင်း
ကိုယ့်ယုံကြည်ရာနဲ့ ကိုယ် စီးမျောရင်း

သီချင်းဆိုရင်း
အချင်းအချင်း မျိုရင်း
မလင်းတလင်း ငိုရင်း

သူငယ်ချင်း
တစ်ခါတစ်လေတော့
မင်းအကြောင်းပြောချင် ပြောမှာပေါ့

ဒါပေမယ့်
မင်း နာမည်နောက်က
အမြီးဆွဲ တွဲလဲခိုထားတဲ့ ဘွဲ့လက်မှတ်တွေနဲ့
အကြောင်းအရာတွေက ခပ်များများ
မင်းလက်ရှိအကြောင်းက ခပ်ပါးပါး

စိတ်မရှိပါနဲ့ကွာ
တစ်နေ့နေ့ မင်းမှတ်တိုင်ပေါ်မှာ
လာနားမယ့် ငှက်တစ်ကောင်တော့
သေချာရှိနေမှာ ။ ။

အောင်မိုးသစ်

No comments:

Post a Comment