Saturday 13 July 2013

တနင်္ဂနွေ စကားလက်ဆောင် ( ၂) နဂိုဒုက္ခ နဲ့ အပိုဒုက္ခ

နဂိုဒုက္ခ နဲ့ အပိုဒုက္ခ

ဒုက္ခကို ဆင်းရဲခြင်းလို့ မြန်မာလို အဓိပ္ပါယ်ဖွင့်ချင်ပါတယ်၊ ဆင်းရဲတယ်ဆိုတာ လူတိုင်း နေ့စဉ်ကြုံတွေ့နေရတဲ့ ဖြစ်စဉ်တွေထဲက ဖြစ်စဉ်တစ်ခုပါ၊ အစားအသောက် ဆင်းရဲတာ၊ အနေအထိုင် ဆင်းရဲတာ၊ အ၀တ်အစား ဆင်းရဲတာစတာစတာ တွေပေါ့၊

လူတစ်ယောက်ဖြစ်လာရင် စား၊ နေ၊ ၀တ်က အဓိကကျတဲ့ အစိတ်အပိုင်းထဲမှာ ပါပါ တယ်၊ လူတိုင်းနေ့စဉ်ရှာဖွေနေတာ၊ စီးပွားရေးလုပ်နေတာ၊ ရုန်းကန်နေတာလဲ စားရေး ၊ နေရေး၊ ၀တ်ဆင်ရေးအတွက်ပဲ မဟုတ်လား၊ ဒီအရေးတွေပြည့်စုံကြရင် လောက နိဗ္ဗာန်လို့ လူတိုင်း တင်စားပြောတတ်ကြပါတယ်၊

စားရေးနဲ့ ပတ်သက်လို့ မြတ်စွာဘုရားကတော့ မတ္တံဇာနေယျ ပဏ္ဍိတော= ကိုယ့်ဝမ်းနဲ့ ဆန့်သလောက်ပဲ သိပြီးတော့ စားပါတဲ့၊ အဲဒီလို စားမယ်ဆိုရင်အစာမကျေ ဖြစ်မှာလဲ မပူရ၊ အရမ်းဝမှာလဲ မပူရ၊ မစိုးရိမ်ရတော့ပါဘူး၊

တစ်ခါ အစားအစာနဲ့ပတ်သက်လို့ ထပ်ပြီး ဘုရားရှင်မိန့်ကြားထားတာက ခန္ဒာကိုယ်မျှတရုံလောက်ပဲ စားပါတဲ့ အဲဒီိထက်လွန်ကဲပြီး လောဘကြီးပြီး မစားပါနဲ့တဲ့၊

အဲဒီလိုစားမယ်ဆိုရင် အစားအသောက်နဲ့ ပတ်သက်ပြီး အများကြီးရှာဖွေ
ဖို့မလိုတော့ပါဘူး၊ အစားအသောက်အတွက် အများကြီးမရှာဖွေရရင် အစားအသောက် နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့ လောဘတွေ နဲနဲ သွားမှာပါ၊ လောဘနဲလာရင် အလောဘ တွေများလာမှာပါ၊ ဒါဆို အစားအသောက်နဲ့ ပတ်သက်ပြီး နဂိုဒုက္ခထက် အပိုဒုက္ခတွေ သက်သာလာမှာပါ၊

နေရေးထိုင်ရေးနဲ့ ပတ်သက်လို့လဲ မြတ်စွာဘုရားကတော့ ရဟန်းတော်တွေ အတွက် တရားအလုပ်လုပ်မယ့်သူတွေ အတွက်ဆိုရင် သစ်တစ်ပင် ၀ါးတစ်ပင်ရှိနေရင်ကိုပဲ လုံလောက်ပါသတဲ၊ သာမာန်လူသားတွေအတွက်ဆိုရင်တော မှတ်၊ ခြင်၊ ယင်၊ လေ၊ နေပူ၊ မိုးဒဏ်၊ လေဒဏ်စတဲ့ အန္တရာယ်တွေက ကင်းလွတ်တဲ့ နေရာထိုင်ခင်းနဲ့ နေစရာ ထိုင်စရာတွေဟာ လုံလောက်ပါသတဲ့ ၊

အဲဒီိထက် လွန်ကဲတဲ့ နေစရာတွေ၊ ထိုင်စရာတွေ ရှာဖွေနေမိရင် နဂိုဒုက္ခထက် အပိုဒုက္ခတွေ ထပ်ရှာမိနေတာပါပဲ၊ ရှာဖွေလေ လိုလေဖြစ်ပြီး ၊ တစ်ဒုက္ခကနေ နှစ်ဒုက္ခ၊ နှစ်ဒုက္ခကနေ သုံးဒုက္ခဆိုပြီး ဒုက္ခ တွေဟာ ဆင့်ကဲ ဆင့်ကဲ ဖြစ်ပေါ်လာလာနေတော့ ပေါ့စေချင်လို့ ကြောင်ရုပ်ထိုးမှ ဆေးအတွက် လေးဆိုတာမျိုးလိုဖြစ်နေတတ်ပါတယ်၊

အ၀တ်အစားနဲ့ ပတ်သက်ရင်လဲ အရှက်နဲ့၊ အကြောက်ကို ဖုံးနိုင်ရင် အဆင်ပြေပါသ တဲ့ ၊ နောက်ဆုံးပေါ်တွေနောက်လိုက်နေရင်တော့ နဂိုဒုက္ခထက် အပိုဒုက္ခတွေသာ တစ်သီကြီး ပေါ်လာမှာပါ၊

ပုထုဇဉ်ဆိုတော့ ဒီဇိုင်းအဆန်းလေးဆိုလဲ ၀တ်ချင်တာပဲ၊ အရောင်အသွေး လှလှ လေးဆိုလဲ ၀ယ်ချင်ပြန်ရော၊ ဒီလိုနဲ့ အ၀တ်ဗီဒိုထဲမှာ အ၀တ်အစားတွေက ပြည့်လာ တယ်၊ ၀ယ်ထားပြီး မ၀တ်ဖြစ်တဲ့ အထည်တွေကလဲ မနဲမနော၊ တစ်ခါ နှစ်ခါသာ ၀တ်ဖူးတဲ့ အထည်တွေကလဲ အများသားနဲ့၊ အ၀တ်အစားအတွက် လောဘတွေနဲ့ နပမ်းလုံးနေမိတာ အရှက်လုံအောင် အ၀တ်ဝတ်ရတယ်ဆိုတဲ့ နဂိုဒုက္ခထက် ၊ အသစ်မို့ ၀တ်ချင်တာ၊ ဒီဇိုင်းဆန်းမို့ ၀တ်ချင်တာစတဲ့ အပိုဒုက္ခတွေ ၀င်လာပါလေရော၊

အဲဒီအချိန်ကစ ကိုယ့်အပူ ကိုယ်ရှာမိရက်သားဖြစ်ပြီး ဆင်းရဲရရောမို့လား၊ ၀တ်ချင်တာ မ၀တ်ရလို့လဲ စိတ်ဆင်းရဲတဲ့ အခါတွေနဲ့ ကြုံရမယ်၊ ၀ယ်ချင်တာ မ၀ယ် နိုင်တော့လဲ ဆင်းရဲတွေနဲ့ ထပ်ကြုံရမယ်၊ ဒါကြောင့် အ၀တ်အစားနဲ့ ပတ်သက်ပြီး စိတ်မဆင်းရဲရအောင် ကိုယ်မဆင်းရဲရအောင် အရှက်လုံ၊ အကြောက်ကာမိတဲ့ အ၀တ်အစားလေးနဲ့ ၀တ်တတ်နေတတ် ထိုင်တတ်မယ်ဆိုရင် ဒုက္ခတွေနဲလာမှာပါ၊
အပေါ်မှာပြောခဲ့တာတွေက လူတိုင်း နေ့စဉ်ကြုံတွေ့လေ့ရှိတဲ့ နဂိုဒုက္ခလေးတွေကို အပို ဒုက္ခနဲ့ ထပ်မတိုးမိစေဖို့ သတိပေးလက်ဆောင်ရေးလိုက်တာပါ၊

အဲဒီလို ဒုက္ခအသေး လေးတွေကို ရင်ဆိုင်နိုင်မှ ဒုက္ခအကြီးကြီးတွေဖြစ်တဲ့ မွေးဖွားရတဲ့ ဒုက္ခ၊ အိုရတဲ့ ဒုက္ခ၊ နာရတဲ့ ဒုက္ခ၊ သေရတဲ့ ဒုက္ခတွေကို ရဲရဲကြီး ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်၊

ဒါကြောင့် စာဖတ်သူ အားလုံး ဒီနေ့ ဒီအချိန်ကစပြီး နဂိုဒုက္ခရော အပိုဒုက္ခတွေပါ အေးငြိမ်းကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်၊

ရွှေမန်းသား အရွင္အကုၤရ
https://www.facebook.com/shwemantha
http://mingalargarden.blogspot.in/

No comments:

Post a Comment