Sunday 21 July 2013

တနင်္ဂနွေ စကားလက်ဆောင် ( ၃) နီးနီးလေးမှာလး ဝေးဝေးကြီးမှာလား

တစ်နေ့က သိဖူးတဲ့ ဒကာမလေးတစ်ယောက်က လျှောက်ထားလာပါတယ်၊ သူချစ်နဲ့ ဝေးနေရလို့ နေမထိထိုင်မသာ ဖြစ်ရပါတယ်တဲ့၊ အချစ်က အစတော့ ပျော်မလိုလိုနဲ့ ဝေးသွားတဲ့အခါ အရမ်းဆွေးနေရပြီး ကြေကြေကွဲကွဲ ခံစားရပါသတဲ့၊

ခုလိုဝေးသွားတာဟာ မချစ်လို့ ဝေးသွားတာမဟုတ်သေးပါဘူး၊ ချစ်ရက်နဲ့ ခဏခေတ္တ လေးခွဲခွါနေရတာပါတဲ့၊
ဒါကြောင့် စာရေးသူက “နီးနီးလေးမှာပဲ ဖြစ်ဖြစ် ဝေးဝေးကြီးမှာပဲဖြစ်ဖြစ် ချစ်ရက်နဲ့ မတွေ့ဆုံဖြစ်ကြရင် သတိရမှုတွေက ပေါင်းစုပြီး အလွမ်းဝေဒနာတွေ ခံစားရ တာပါလား” လို့၊ စဉ်းစားမိပါတယ်၊

မြတ်စွာဘုရားကတော့ “ချစ်သူနဲ့ ဝေးကွာနေရတာလဲ ဆင်းရဲပါတယ်၊ မချစ်တဲ့သူနဲ့ အတူလက်တွဲပေါင်းသင်းနေရတာလဲ ဆင်းရဲပါတယ်၊ လိုချင်တာကို မရရှိခြင်းဟာလဲ ဆင်းရဲပါတယ်လို့” ဟောကြားဆုံးမထားတာ ရှိပါတယ်၊
ဆင်းရဲခြင်းတွေက ချစ်သူရှိရင်လဲ ရှိနေရတာပါပဲ၊ မုန်းသူရှိနေတာလဲ ရှိနေရတာ ပါပဲ၊ လိုချင်တာတွေ များများလာတဲ့အခါ ကိုယ်လိုချင်တာ မရရှိခဲ့ရင်လဲ အဲဒီဆင်းရဲခြင်းက ရှိနေရတာ ပါပဲ၊

အကောင်းဆုံးကတော့ ဆင်းရဲခြင်းကင်းအောင် တစ်ယောက်တည်းနေတတ်တဲ့ စိတ် မွေးနိုင်ရင် အကောင်းဆုံးဖြစ်ပါသတဲ့၊ တစ်ယောက်တည်းနေတတ်ဖို့ဆိုတာ အပြော လွယ်သလောက် အလုပ်ခက်တဲ့ လုပ်ငန်းတစ်ခုပါ၊

လူဆိုတာမွေးဖွားလာကတည်းက အပေါင်းအသင်းတွေနဲ့ နေချင်တဲ့သူက ခပ်များများ ပါ၊ သူငယ်ချင်းတွေနဲ့ နေတာသဘောကျတယ်၊ ပျော်တယ်၊ သူငယ်ချင်းတွေနဲ့ ဝေးကွာနေရရင် စိတ်ထဲမှာ တစ်ခုခုလိုနေသလို ခံစားရတယ်၊ ဒါကြောင့် သူငယ်ချင်း အသစ်တွေလိုက်ရှာတယ်၊ တစ်ယောက်နဲ့ တစ်ယောက်ပေါင်းသင်းဆက်ဆံကြတယ်၊

သူငယ်ချင်းဆိုတာ အဆင်ပြေတဲ့ အခါရှိသလို အဆင်မပြေတဲ့ အခါလဲ ရှိတတ်တာပဲ မဟုတ်လား၊ အဆင်ပြေနေရင်တော့ စိတ်ချမ်းသာရပြီး အဆင်မပြေတဲ့အခါ စိတ်ဆင်း ရဲရတတ်ပါတယ်၊

ဒါကြောင့် တစ်ယောက်တည်းနေတာ အကောင်းဆုံးလို့ မြတ်စွာဘုရားက ဟောကြားခဲ့တာပါ၊
အဲဒီလို တစ်ယောက်တည်းနေထိုင်းတာမျိုးကို “ကာယ၀ိဝေက=တစ်ယောက်တည်း နေထိုင်ခြင်း”လို့ ပါဠိစာပေမှာတော့ ပြောထားပါတယ်၊

တစ်ယောက်တည်းနေတယ်ဆိုတာ သွားရင်လဲ တစ်ယောက်တည်း၊ စားရင်လဲ တစ်ယောက်တည်း၊ ထိုင်ရင်လဲ တစ်ယောက်တည်း၊ အိပ်ရင်လဲ တစ်ယောက်တည်း ပေါ့၊ တရားအားထုတ်တဲ့ ယောဂီသူတော်ကောင်းများကြတော့ တောကျောင်း၊ တောင်ကျောင်းတွေမှာ တစ်ပါးတည်းသီတင်းသုံးနေထိုင်တာ၊ လွင်တီးခေါင်မှာ တစ်ပါးတည်း သီတင်းသုံးနေထိုင်တာ၊ ဂူကျောင်းတွေမှာ တစ်ပါးတည်းနေထိုင်တာ၊ သစ်တစ်ပင် ၀ါးတစ်ပင်အောက်မှာ တစ်ပါးတည်း၊ တစ်ယောက်တည်း သီတင်းသုံးနေ ထိုင်တာမျိုးတွေကို ဆိုလိုပါတယ်။

အဲဒီလို နေထိုင်တဲ့သူတစ်ယောက်ရှာ တစ်ယောက်တည်းမို့ အားလုံးက ရှင်းလင်းနေ ပါတယ်၊ ရှင်းလင်းနေရင် အမြင်ကြည်လင်လာပါတယ်၊ အမြင်ကြည်လင်လာရင် အမှန် အမှားကောင်းကောင်း ခွဲခြားနိုင်တာမို့ လုပ်လိုက်တဲ့ အရာတိုင်းက ကုသိုလ်ဖြစ်နေမှာမို့ ချမ်းသာတာပေါ့၊

တစ်ယောက်တည်းမနေတတ်တဲ့သူအတွက်ကတော့ အမြဲတမ်းအနှောင်အဖွဲတွေနဲ့ နေရတော့ အနှောင်ဖွဲ့တွေကြားမှာ ရှုတ်နေတတ်ပါတယ်၊ ရှုတ်နေရင် အမြင်က မကြည်လင်တော့ ဘူးလေ၊  အမြင်မကြည်လင်ရင် မှားသလား မှန်သလားဆိုတာ မခွဲ ခြားနိုင်တော့ဘူးပေါ့၊ အမှားအမှန်အခွဲခြာင်းနိုင်ရင်  တစ်ခါတစ်ခါ အမှားကို အမှန် ထင်ပြီး လုပ်မိတဲ့ အခါတွေရှိလာမယ်၊ အမှန်ကို အမှားထင်ပြီး လုပ်မိတဲ့ အခါတွေရှိ လာမယ်၊

အဲဒီလိုလုပ်မိမယ်ဆိုရင် ကိုယ်လုပ်လိုက်တဲ့ အလုပ်တိုင်းဟာ ကုသိုလ်ဘယ်ဖြစ်နိုင် တော့မလဲ၊ ကိုသိုလ်ဖြစ်နေရင်တော့ ကုသိုလ်တစ်ခွဲ ငရဲတစ်ပိဿာဆိုတာမျိုး ဖြစ် နေမှာပါ၊

ဒါကြောင့် စာဖတ်သူများကို တိုက်တွန်းချင်တာကတော့ တတ်နိုင်သမျှ တစ်ယောက် တည်းနေတတ်အောင် လေ့ကျင့်ကြည့်ပါလို့၊ တစ်ယောက်တည်းနေပါဆိုလို့ သူငယ် ချင်းတွေနဲ့ မပေါင်းတာ၊ မိသားစုတွေနဲ့ ဝေးဝေးနေတာမျိုးအပြင် နေ့စဉ်ထိတွေ့နေတဲ့ အာရုံတွေနေလဲ ကင်းအောင်နေရမှာပါ၊

လူကတော့ တစ်ယောက်တည်းနေပါတယ်၊ ဒါပေမယ့် နေ့စဉ်ထိတွေနေ့တဲ့ အာရုံတွေ နဲ့ မကင်းရင်လဲ ချမ်းသာစစ်နဲ့ဝေးနေဦးမှာပါ၊
အနီးစပ်ဆုံး ဥပမာပြောရရင် နေ့စဉ်ကြည့်နေတဲ့ ကိုရီးယားကားကို မကြည့်ပဲနေမယ်၊ နေ့စဉ်သုံးနေတဲ့ ဖေ့စဘုတ်ကို မသုံးပဲ တစ်ရက်နှစ်ရက်လောက် ဖြတ်ထားပြီး နေကြည့်မယ်ဆိုရင် အနဲနဲ့ အများတော့ ငြိမ်းချမ်းမှုကို ခံစားရမှာပါ၊

ဘာဖြစ်လို့ ဒီလိုပြောရသလဲဆိုရင် ကိုရီးယားကားကြည့်နေတုန်း မီးပျက်တယ် ထားပါတော့ ဟော ဒေါသတွေ မဖြစ်ရဘူးလား၊ “တောက်” ကောင်းခန်းရောက်မှ ကွာဆိုပြီး ဒေါသတွေ အလိပ်လိုက် ထွတ်တတ်ကြပါတယ်၊ တစ်ခါ ကောင်းခန်း ရောက်နေတုန်း ဇာတ်လမ်းတွဲက နာရီစေ့လို့ပြီးသွားမယ်ဆိုရင်လဲ ဒေါသတွေ ဖြစ်ရတာပါပဲ၊

ဖေ့စဘုတ်သုံးရင် အလားတူပါပဲလေ ကိုယ်တင်ထားတဲ့ စတေးတပ်လေးကို လိုက်တွေပေးရင် သဘောကျကြည်နူးလို့၊ ကောင်းတဲ့ ကွန်မန့်လေးတွေမြင်ရရင် ပျော် ရွှင်လို့၊ ဒီလိုမဟုတ်ပဲ ကိုယ်တင်ထားတဲ့ စတေးတပ်မှာ ၀င်ပြီး ဆဲသွားမယ်။ မိုက်မိုက်ရိုင်းရိုင်းတွေ ၀င်ရေးသွားမယ်ဆိုရင် ဒေါသအိုးက ပေါက်ကွဲတော့တာပဲ မဟုတ်လား၊

ဒါက ထင်လွယ်မြင်လွယ်တဲ့ ဥပမာလေးတွေ ပေးပြောကြည့်လိုက်တာပါ၊ တစ်ခြား တစ်ခြာ ဥပမာတွေလဲ အများကြီးရှိနေပါသေးတယ်။ အကောင်းဆုံးကတော့ ကိုယ် ကိုယ်ကို ပျော်ရွှင် ချမ်းမြေ့စေချင်ရင် အရှုတ်တွေကြားထဲမှာ
တစ်ယောက်တည်းနေ နိုင်အောင်ကြိုးစားကြည့်စေချင်ပါတယ်၊

ခုပြောပြခဲ့တာတွေက ကိုယ်နဲ့ဆက်စပ်ပတ်သက်ပြီး ရင်းနှီးကျွမ်းဝင်နေလို့ ဖြစ်ရတဲ့ သောကနဲ့ ဒုက္ခတွေထဲက တစ်ချို့တစ်ဝက်လေးတွေပါ၊

နောက်တစ်ခါ ကိုယ်နဲ့တော့ ရင်းနှီးကျွမ်းဝင်နေတာမဟုတ်ဘူး တွေးလိုက်တိုင်း စိတ် ထဲက ရောက်ရောက်သွားတာ၊ သတိတရရှိနေတာ၊ ဝေးဝေးမှာနေပေမယ့် တွေးလိုက် တိုင်း စိတ်ထဲရောက်ရောက်လာတတ်တာ၊ အဲဒီလို စိတ်နဲ့ ရင်းနှီးကျွမ်းဝင်နေရင်လဲ ဆင်းရဲခြင်းတွေက လက်ရပ်ခေါ်သလို ရောက်ရောက်လာတတ်တာပဲ မဟုတ်လား၊

ဒါကြောင့် စိတ်နဲ့လဲကင်းအောင် ဝေးဝေးနေရပါမယ်တဲ့၊ အဲဒီလို စိတ်နဲ့ ဝေးဝေး ကင်းအောင်နေတာကို စိတ္တ၀ိဝေကလို့ စာမှာဆိုပါတယ်၊ ဒါက နားလည်လွယ် အောင်ပြောပြလိုက်တာပါ၊

တကယ့် စိတ္တ၀ိဝေကဆိုတာ လောကီဈာန်သမာပတ်တွေကို ၀င်စားနေတာပါ၊  ဘာလို့ အဲဒီလိုဝင်စားနေရသလဲဆိုရင် လူ့စိတ်ဆိုတာ အမြဲတမ်းမကောင်းမှုမှာ ပျော် မွှေ့တတ်တာမို့လား ၊ ကုသိုလ်စိတ်တွေ တွေးခွင့်မရအောင် ပိတ်ဖုံးထားတဲ့ နီဝရ တရားတွေကို ပိတ်ဖုံးခွင့်မရအောင် စိတ်ထဲမှာ ဈာန်သမာပတ်တွေ ၀င်စားစေပြီး ကိုသိုလ်စိတ်တွေ ဖြစ်အောင် နေတာကို ပြောတာပါ၊
ကုသိုလ်ဖြစ်ခွင့်မရအောင် ပိတ်ဖုန်းတဲ့ တရားတွေက

(၁) ကာမစ္ဆန္ဒ နီဝရဏ=အာရုံငါးပါး ကာမဂုဏ်တရားတွေကို လိုချင်တပ်မက်မောတဲ့ စိတ်၊

(၂) ဗျာပါဒ နီဝရဏ= သက်ရှိ၊ သက်မဲ့ ကာမ၀တ္ထုတွေအပေါ်မှာ ဖျက်ဆီးလိုတဲ့စိတ်၊ သူတစ်ပါး ဒုက္ခရောက်အောင် ဂုဏ်သိက္ခာကျအောင် ဖျက်လို ဖျက်ဆီးလုပ်ချင် တဲ့စိတ်၊

(၃) ထိနမိဒ်ဓ နီဝရဏ= ဘာဝနာကုသိလ်တွေလုပ်ရမှာကို ပျင်းနေတဲ့ စိတ်၊

(၄) ဥဒ္ဒစ္စ ကုက္ကုစ္စ နီဝရဏ= စိတ်တွေဟိုတွေးလိုက် ဒီတွေးလိုက်နဲ့ ကောင်းတဲ့ အာရုံအလုပ်တွေမလုပ် ဖြစ်ပဲ တွေးနေတဲ့ စိတ်၊ မပြုခဲ့ရတဲ့ ကောင်းမှုကုသိုလ်အလုပ် တွေနဲ့ ပြုလုပ်ပြီးသွားတဲ့ မကောင်းမှုတွေကို တွေးပြီး ဇဝေဇ၀ါနဲ့ နောင်တတွေရနေတဲ့ စိတ်၊

( ၅) ၀ိစိကိစ္ဆာ နီဝရဏ= ရတာသုံးးပါး ကံကံရဲ့ အကျိုးတရားကို မယုံကြည်တဲ့ စိတ် ဆိုပြီး ငါးမျိုးရှိပါတယ်၊

အဲဒီငါးမျိုးက အမြဲတမ်း တစ်မျိုးမဟုတ် တစ်မျိုးက လူတွေရဲ့ စိတ်ကို ကောင်းတာ တွေမလုပ်ဖြစ်အောင် ပိတ်ဖုံးတားမြစ်နေတတ်ပါတယ်၊

ဒါကြောင့် အဲဒီိလို မနေမိအောင် ၊ မနေနိုင်အောင် ကိုယ်နဲ့ ကင်းအောင်နေသလို စိတ်နဲ့ လဲကောင်းအောင်နေရတာပါ၊
အရှင်းဆုံးပြောရရင် ကိုယ့်စိတ်ထဲမှာ အကိုသိုလ်နီဝရဏတွေအစား ကုသိုလ်ဈာန် တရားတွေကို ပွားပေးထားလိုက်တာပါ၊

ဒါဆိုရင် အကုသိုလ်သိုလ်နဲ့ ဝေးဝေးနေပြီး ကုသိုလ်တရားတွေနဲ့ နီးနီးနေတဲ့ အတွက် စိတ်တွေ တဆင့်ခြင်း ရင့်ရင့်လာပြိး ချမ်းသာလာမှာပါ၊

ဒီနေရာမှာ လောကီဈာန်တရားဆိုတော့ သာမာန်လူတွေအတွက် အဆင်ပြေအောင် သမာဓိတစ်ခုခုရစေမယ့် ကုသိုလ်အလုပ် လုပ်နေခြင်းဟာလဲ စိတ္တ၀ိဝေကပါပဲ၊ အဓိ ကကတော့ စိတ်ထဲမှာ အကုသိုလ်အတွေးတွေက ဝေးဝေးနေလိုက်ခြင်းပါပဲ၊

အဲဒီလိုနေလိုက်မယ်ဆိုရင် နောက်ဆုံးအရာအားလုံးနဲ့ ဝေးပြီး အမြဲတမ်းသန္တိသုခ ရရှိစေမယ့် ဥပဓိဝိဝေကနဲ့ ပြည့်စုံလာမှာပါ၊

ဒါကြောင့် နောက်ဆုံးအနေနဲ့ စာဖတ်သူတွေကို လက်ဆောင်ပေးချင်တာက နီးနီး လေးမှာပဲ ဖြစ်ဖြစ် ဝေးဝေးကြီးမှာပဲ ဖြစ်ဖြစ် မကောင်းတဲ့ အာရုံတွေဆီကို ရောက်အောင် မသွားပဲ ၊ မရောက်အောင်တားကာ တစ်ယောက်တည်းဝေးဝေးနေပြီး အငြိမ်းချမ်းဆုံး ခရီးကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ။

ရွှေမန်းသား အရွင္အကုၤရ

http://mingalargarden.blogspot.in/

https://www.facebook.com/shwemantha

veninnkura08@gmail.com

No comments:

Post a Comment