Friday 5 July 2013

သစ္စာလမ်း


မြောက်ပြန်လေသည် တစိမ့်စိမ့် တိုက်ခတ်နေသည်၊ မနက်ခင်း နှင်းမှုံတွေထဲတွင် အရိပ် နှစ်ခု ယှဉ်လျှက်သား ရပ်နေသည်၊
တစ်ဦးက ဦးပြည်းနဲ့ နီညိုရောင်သင်္ကန်းနဲ့ တစ်ဦးက ဆံနွယ်ရှည်ရှည် အသားလတ် လတ် အမျိုးသမီးလေးတစ်ယောက်၊ ပုခုံးပေါ်တွင် အ၀ါရောင် ပုဝါစလေး တင်လျှက်၊

“နွယ်နွယ် ငါ့သွားတော့မယ်ဟာ နော်”

အားတင်းပြောနေပေမယ့် အသံတွေက မူမမှန်ချင်၊ ငိုသံဘက် ရောစွက်ချင်နေသည် ထင်၊ နွယ်ဟု သံယောဇဉ်တွယ်ငြိစွာ မြတ်မြတ်နိုးနိုး ခေါ်ခဲ့ဘူးသော ဝေါဟာရကို တတ်နိုင်သမျှ ရှောင်လွှဲပြီး နွယ်နွယ်ဟု သမုဒယကိုခ၀ါချပြလိုက်ရသည်၊

“အင်းပါ မောင်ရယ်၊ အဲ ဟုတ်ပါဘူးရောင်လို့ တင်းပါး၊ ဟုတ်”

တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်မှုသည်၊ အပြီးတိုင် ဖြစ်မည်ဆိုသည်ကို နှစ်ဦးသား ပြောထားပဲ ကိုယ်စီစိတ်ထဲတွင်  ဘာသာအလိုလို သိနေကြသည်၊

သူငယ်တန်း၊ အလတ်တန်း၊ အထက်တန်းထိအောင် အတူတူလျှောက်ခဲ့ဖူးတဲ့ သံယောဇဉ်ကြိုးက ခုမှ လွန်းတင်ကာ တစ်မျိုးမျိုးနဲ့ ပြတ်တော့မည်ထင်သည်၊

“ဦးဇင်းက မြို့မှာ ဘယ်နှစ်နှစ် စာဝါလိုက်မှာလဲ ဟင်၊ အဲ ဘုရား”
အသားမကျသေးသော ဝေါဟာရတွေကို အားယူပြီး ပြင်ပြင်ပြောနေရတာက သူတို့ အတွက် ရင်မောစရာ အလုပ်တစ်ခု ဖြစ်လို့နေသည်၊

“မသိသေးပါဘူး ဟာ၊ ပျော်သလောက်ပေါ့၊ မယ်တော်ကြီးက ငါ့ကို ပညာတတ်ဘုန်းတော်ကြီး ဖြစ်စေချင်တာတဲ့ ဟာ”
 မယ်တော်ရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ပေးဖို့ သူသည် ပစ္စုပ္ပန်ဝေဒနာတွေကို ခေတ္တခဏ မေ့ထား ကြည့်ချင်သည်၊ မေ့ချင်ပေမယ့် မေ့လို့မရ နိုင်၊ ထွက်ပြေးချင်ပေမယ့် ထွက်ပြေးဖို့ မစွမ်းသာ၊ ဘ၀ရဲ့ လမ်းခုလတ်မှာ လက်တွဲအ တူပါလာသော သံယောဇဉ် နွယ်တစ်မျှင်သည် သူ့ရင်တွင် အစဉ်ခိုဝင်လျှက်၊


(၂)

ဝေးလည်း မမှုံ ၊ မှုံလည်းမပြယ်၊
တွယ်တာ ရည်စူး၊ ရင်ခွင်ဦးမှာ
ပန်းဖူးဝေစေ၊ တစ်နေရာကွယ်
ဝေဒနာ အသစ်၊ ခြေရာဖြစ်ကျန်၊

နှစ်ယောက်အတူ ရွတ်ဆိုဖူးသော ကဗျာ အပိုင်းအစတစ်ချို့က ရင်ထဲတွင် အလိုလို ခိုင်ဝင်နေရာယူကာ ထွက်ပေါ်လာနေသည်။ ကျောင်းအပြန် နှစ်ယောက်အတူ ယှဉ်ကာ ထိုင်ခဲ့ဖူးသော ပေတစ်ရာလမ်းဘေးက ကို့ကိုပင်တန်းများဆီ စိတ်တွေက ပြေးလွှားဆော့ကစား နေပြန်သည်။

ဘယ်တုန်းကမှ ခွဲရမည်ဟု တွေးမထားသော အတွေးစတွေကို ခုတော့ တစ်စစီ ချွေချနေရတာ ကိုယ်တိုင်စိုက်တဲ့ ပန်းပင်က ပန်းပွင့်လေးတွေကို တစ်ဖဲ့ချင်း ၊ တစ် စချင်း ချွေချနေရတာနဲ့ တူလှသည်၊ ဘာတတ်နိုင်မည်လဲလေ ဘ၀တွေဆိုတာ ကောင်းကင် က တိမ်ညိုလေးတွေလိုပါပဲ လေကြောင့် တွေ့ဆုံကြရပြီး ၊ လေကြောင့်ပဲ ပြန်လည် ကွဲကွာကြရတာပဲမဟုတ်လား၊ ဘ၀တွေဆိုတာလဲ ကံအကြောင်း အပေါင်းသင့်လို့ တွေ့ဆုံကြရပြီး ကံအကြောင်း မကောင်းပြန်တော့ ဝေးကွာကြရပြန် ရောလေ၊

နွယ်နဲ့ သူ့ဘ၀သည်လည်း ကောင်းကင်က တိမ်ညိတွေနှယ် ထူးမခြားနား၊ ဘာသာသိနေသော တွယ်တာမှုသည် ဖြတ်ဖို့ ခက်နေပြန်သည်။ ရဟန်းအသွင် ယူထားပေမယ့် သူရင်ထဲက နှလုံးသားတွေသည် ပုထုဇဉ်စစ်စစ်ကြီး ဖြစ်နေသေးသည်၊
ပုထုဇဉ်တို့ရဲ့ ထုံးစံသဘောကို မလွန်ဆန်နိုင်သော အခိုက်အခန့်တွင် သမုဒယကို ဒုက္ခလို့ မြင်ဖို့ရာ သူမစွမ်းသာ၊ ဝေဒနာကို ဖြေစရှာ ရာမတွေ့နိုင်သေးခင် မြတ်စွာ ဘုရားရဲ့အေးငြိမ်းရာ ဒေသနာဆိုတာ သူ့အတွက် အစိမ်းသက်သက်ဖြစ်နေသော နေမြေသစ်တစ်ခုပမာ၊

မာတုဂါမနဲ့ ရဟန်းဆိုတာ ကြေးရွှေဂဟေ မစပ်ပေသို့ မအပ်စပ်မှန်းသိပေမယ့် ငယ် သံယောဇဉ်သည် ချည်နိုင်သမျှ ချည်ငင်နေသေးသည်၊ တစ်ခါမှ ခွဲခွါမည် စိတ်မကူး ထားသော သူ့တိုနှစ်ဦးရဲ့ ယုံကြည်မှုကို ခွဲခွါချင်းနဲ့ ချက်ချင်းလက်ငင်း သပ်ပင်းကာ အခွဲခံရသောအခါ ဘုရားရှင်လက်ထပ်တော် အခါက နန္ဒမင်းသားနဲ့ ဇနပဒကလျာဏီတို့ရဲ့ ခွဲခွါခြင်း ကွာကွာခြင်းကို ရင်တွင်းက နားလည်သယောင်ရှိ လာသည်၊

ချစ်ခြင်းတရားနဲ့ ခွဲခွားခြင်းကြားတွင် ဘာလို့ အလွှာပါးပါးလေးက ကာဆည်းတားနေ သည်ကို သူနားမလည်နိုင်ဖြစ်နေသည်၊ မျှော်လင့်ချက်တွေ ထားခဲ့ချင်ပေမယ့် သူ သည် ကတိကို လွယ်လွယ်နဲ့ ပေးမထွက်ပဲ ဘာသာ နှုတ်ဆိတ်နေမိသည်၊ ဘယ်လို ကတိမျိုး သူပေးနိုင်မလဲ စဉ်းစားနေမိသည်၊

နွယ်သည် သူရှေ့တွင် သူ့အလားပင် ကျောက်ရုပ်တစ်ရုပ်လို ငြိမ်ကုတ်လျှက် အသက် ရှုသံတို့ တိုးလျှနေသည်၊ အရင့်အရင်က တွေ့လိုက်တိုင်း ပျော်မြူးရသော အခိုက်အတန့် လေးများသည် ခုလိုတွေ့ဆုံချိန်တွင် အဝေးသို့ ပြေးထွက်နေကြပြီ၊

“ဟူး”--

မသိမသာ သက်ပြင်းကို တိုးတိုးလေး ချရင်း

“ငါ သုံးနှစ်ကြာရင် ပြန်လာမယ် နော်၊ နွယ်နွယ်”

တစ်ဖက်သားကို ပျော်သွားစေဖို့ နည်းလမ်းက ဒီတစ်လမ်းပဲ ရှိသည်။ ဒီထက် ကောင်းတဲ့ ကတိမျိုးလောလောဆယ် သူ့ထံက ထွက်ပြေးနေကြသည်။ တစ်ခါတစ်ခါ ဘ၀သည် ချစ်လျှက်နဲ့ ခွဲခွါခဲ့ရတာတွေ ရှိတတ်ကြသည်။ နွယ်နဲ့ သူဘ၀ခွဲခွါခြင်းသည် ခဏတာလား တစ်ဘ၀တာလား ဆိုတာကို သူမဝေခွဲတတ်၊ လောလော လတ်လတ် အချိန်တွင်တော့ နှစ်ဦးသားလုံးမှာ အပြုံးတွေ ပျောက်ဆုံးနေကြရလေပြီ၊

(၃)

ရွာနဲ့ ခွဲခွါပြီး မန်းမြို့တော်ကြီးဆီ စာသင်ဖို့ သူရောက်လာသည်၊ ကြက်ပျံမကျ စည်ကားလှပေမယ့် ရောက်ပြီးကတည်းက သူ့စိတ်တွေက ရွာမှာရှိတဲ့ နွယ်ဆီပဲ ပြန်ပြေးနေမိသည်၊ လူတွေက များ၊ ကားတွေက ရှုတ်၊ သူ့အလွမ်းတောအုပ်ကလေး ကလဲ

တစ်နေ့တခြား ရှင်သန်ကြီးထွား လာသည်။ စာဝါတွေသာ တက်လိုက်၊ ဆင်း လိုက် တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီး တစ်လ၊ တစ်ညပြီး တစ်ည ကုန်လို့သာလာ သည်၊ စာတွေ မကျက်ဖြစ်၊ စာတွေမမှတ်ဖြစ်၊ ဖြေလိုက်တဲ့ အပတ်စဉ်စာမေးပွဲတိုင်း က ခဏခဏကျလေပြီ၊ တာဝန်ခံဆရာသမားကလည်း အမျက်မာန်ပွားကာ ခဏ ခဏခေါ်ဆူလေသည်၊ ရင်ထဲတွင် လူမေးပြောမရ

ပူဆွေးသောကတွေက အစိုင်အခဲ နဲ့ ပျိုတော့မယ့် ရွှေမိုးညိုပမာ အချိန်တိုင်း အုံမှိုင်းနေတတ်သည်။
တစ်ခါတစ်ခါ အအိပ်ခက်ပြီး အအိပ်ပျက်က်တဲ့ ညများစွာကို ဖြတ်သန်းရတာ နွေနေ ခေါင်ခေါင် သောင်ပြင်ပေါ်တွင် ဖနပ်ဗလာနဲ့ ခရီးသွားတစ်ယောက်ပမာ မသက်သာ လှ၊ ဘယ်သူမပြု မိမိမှုပေမို့ ပြောမထွက်သာ၊ ဖြေမပြေ တွေတွေစီးကျရသော မျက်ရည် တွေသည် လူမမြင်သူမမြင် ညအလည် တစ်ယောက်တည်းတစ်သာ ချင်ထောင်ထဲမှာ မြစ်တစ်မြစ်အဖြစ် စီးမျောဖြစ်နေသည်၊


ဆွမ်းခံကြွတော့လဲ နွယ်အရိပ်၊ စာဖတ်တော့လဲ နွယ်အသံ တစ်ယံမလပ် အထပ်ထပ် ရစ်ပတ်လေသော နွယ်၊ အော် နွယ်တစ်ယောက် နေမှကောင်းပါလေစ၊ သတိရပေ မယ့် စာပေးလို့ အဆင်မပြေ၊ ဖုန်းခေါ်ဖို့ အခြေနေမပေး၊ ဝေးကွာခြင်းတွေက ကာလ ကာခြားလေပြီ၊

အချိန်တွေရယ်၊ ရာသီတွေရယ် လည်ပတ်ကာ တစ်နှစ်ဆိုတာ  မှည့်ရင့်နေတဲ့ သစ်သီး တစ်လုံးပမာ ကြွေကျသွားလေပြီ၊ ကျောင်းတွေပိတ်တုန်း နွယ်ကိုတွေ့ဖို့ ရွာပြန်နိုင်ရန် ကျိုးစားကြည့်သည်။ မယ်တော်ကြီးက တစ်ချက်လွှတ်အမိန့်သံနဲ့ ရွာကို ပြန်မလာရန် လူကြုံစကားနဲ့ အမှာပါးလိုက်ပြီ၊ ခက်ပြီကော နီးမယ်ကြံကာမှ မျှော် လင့်ချက်က ဝေးကွာသွားပြန်ပြီ၊ နီးအောင်ကြိုးစားကြည့်မယ် လုပ်ကာမှ ဘ၀တွေက တစ်ဖြေးဖြေး အဝေးဆီကို မောင်းနှင်မိနေသည်၊ ကံကြမ္မာရယ် ခါးလိုက်တာ၊ ဘယ် ထိအောင် ခါးနေမည်လဲ သူမသိပေ၊

ဒီလိုနဲ့ မန်းရွှေမြို့တော်ကြီးပေါ်တွင် မယ်တော်ကြီးအတွက် တစ်ဝါ၊ ခမည်တော်အကြီး အတွက် တစ်ဝါ သူ့အတွက် တစ်ဝါရည်မှန်းလျှက် သုံးနှစ်သုံးမိုးသည် ခဏလေးတမ ဟုတ်ချင်းပမာ ကြွေကျကြွေကျ

သွားကြလေပြီ၊ လေးနှစ်မြောက်အရောက်တွင် မယ်တော်ကြီးဆီမှ “ဦးဇင်း ဒီနှစ် အကြီးတန်းအောင်ရင် ရွာပြန်ကြွလာပါ၊” ဆိုသော အမှားစကားကို နားနဲ့ဆပ်ဆပ် ကြားရပြန်တော့ မျှော်လင့်ချက်တွေ အရောင်ပြန် လက်လာသည်၊
ရင်ထဲက အိပ်ပျော်နေသော နွယ်တစ်ပင်သည်လဲ ရစ်ပတ်ကာ တစ်ဖြေးဖြေးချင်း တွယ် တက်လာသည်၊ “အော် ဒီအချိန် နွယ်

သူကို စောင့်နေသေးသလား၊ မစောင့် တော့ဘူးလား” သူ့ ယုံကြည့်ချက်တွေက ပါးလွှာလွန်းနေသည်။
သူပေးခဲ့တဲ့ ကတိက သုံးနှစ်သာ၊ အခု သုံးနှစ်မက လေးနှစ်ထဲသို့ ချဉ်းနင်း ၀င်ရောက်နေပြီ၊ ကံကိုသာ ယိုးမယ်ဖွဲ့ရမည် ထင်သည်၊ သစ္စာကို သူကြည်ကြည့်ချင် သည် ဒါပေမယ့် သူ့ဘက်က သစ္စာသည် ရွဲ့စောင်းနေလေပြီ၊

(၄)

ဟေး-------------အောင်တယ်ကွ၊ အောင်တယ်၊
ကျောင်းရှေ့ ကြော်ငြာဘုတ်ရှေ့တွင် အောင်စာရင်းကြည့်နေသော အရှင်များထံမှ ပျော်ရွှင်သံတွေကြားနေရသည်။ သူသည်သွားမကြည့်ဖြစ်သေးသော အောင်စာရင်း ကို စိတ်ထဲမှ တိုးတိုးလေး ကြိတ်ဆုတောင်းနေမိသည်၊ အောင်ပါစေ၊ အောင်ပါစေ

၊ ဆုတောင်းပြည့်ရင် ရွာပြန်ရမည်၊ ရွာပြန်ရင်  နွယ်ကို တွေ့မည်၊ နွယ်ကို တွေ့ရင်-----
စိတ်ကူးနဲ့ ကြော်ငြာဘုတ်အရှေ့ အရောက်

သူငယ်ချင်း တစ်ပါးက “ ဟာ ကိုပုညကြီး အောင်တယ် ဗျာ”
အိပ်ငိုက်နေသော စိတ်ကို လှုပ်နိုးခံလိုက်ရသည်၊ သူပျော်ရတော့မှာပါလား၊

အချိန်တွေကို စောင့်ဆိုင်းမနေချင်တော့ သူဆရာသမားထံသွားပြီး စာမေးပွဲ အောင်မြင်ကြောင်း လျှောက်ထားလိုက်သည်၊ ပြီးလျှင် တစ်ခါတည်း ရွာကို ခဏပြန်ဖို့ ပါ ခွင့်ပန်လိုက်သည်၊
ကျောင်းပေါက်ကနေ ဆိုက္ကားအပြေးငှားကာ ကားဂိတ်ဆီထွက်လာလိုက်သည်၊ ကား တွေတစ်စီးမှ မရှိကြတော့၊ အော် ကံကြမ္မာများ ကောင်းပြီးမှ ဆိုးတော့မှာပါလား၊ အတွေးတွေနဲ့ ခြေလှမ်းတွေ လေးလံနေသည်၊

“ရေဦးကို ရေဦးကို” သူ့မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်ဖို့ နောက်ဆုံး ကားတစ်စီး ကို ကံကောင်းထောက်မစွာ သူတွေ့လိုက်ရသည်၊

ရောက်ချင်တဲ့စိတ်၊ တွေ့ချင်တဲ့ ဆန္ဒတွေက ရင်ထဲမှာ မွန်းကြပ်ဗလောင်ဆူနေလေ သည်။ အမြန်မောင်းနေသော ကားသည် သူ့အတွက် အနှေးဆုံးယာဉ်တစ်ခု ပမာ၊ ည နေခင်းသည် တိမ်တွေ တောက်လာနေသည်၊ မိုးကုတ်စက်ဝိုင်းအနားဘက်မှာ သက် တန့်တွေ လှနေသည်၊ ပင်ပန်းလို့ ထင်သည် ကားပေါ်မှာ မှေးကနဲ့ တစ်အိပ်ပျော်သွား မိသည်၊ လူ သံတွေ ဆူဆူညံညံနဲ့ လန့်အနိုးမှာ သူတို့ ရွာထိပ် ကားဂိတ်ကို ရောက် နေလေပြီ၊

“ဟူး” ခုမှ အလုံးကြီးတစ်လုံး ပြုတ်ကျသွားသလို ပေါ့ပါးသွားသည်၊


(၅)

ရွာထိပ်ရောက်တော့ ရွာဘက်သွားနေသော လမ်းလေးပေါ်တွင် လူတွေ အလျှိုလျှို သွားလာနေကြတာတွေ့ရသည်၊ စေတီဖြူဖြူလေးရှိရာ ရွာဦးကျောင်းဘက်သွားသော လမ်းလေးပေါ်တွင် လူအသွားအလာကြဲလို့ထင်

မျက်ရိုင်းပင်တွေ ထိုးထိုးထောင် ထောင်၊ ရွာဘက်သွားသော လမ်းလေးနဲ့ စေတီဖြူဖြူလေးရှိရာ ရွာဦးကျောင်းသွား သောလမ်းဆုံလေးအရောက်တွင်

“ အင်း နွယ်ကို တွေ့ဖို့ ရွာထဲကို အရင်သွားရမလား၊ ဆရာတော်ဘုရားကို
ဝမ်းသာစကားဆိုဖို့  ကျောင်းကို အရင်ကြွရမလား” အတွေး များနဲ့ ဗျာများနေမိသည်၊

“ အော် ဦးဇင်း ပုညတောင် ပြန်ကြွလာပြီးကိုး ဟန်ကြတာပဲ ၊ မနက်ဖြန် နွယ်နွယ် တို့မင်္ဂလာဆောင် ဆွမ်းကပ် ရှိတယ် ဘုရား”

“ဗျာ”

သတိလက်လွတ်ထွက်သွားသော အာမေဋိတ်ကို အချိန်မှီ၊ မသိဘာသာ တားဆီး လိုက်ကာ “ဘယ်သူ့ မင်္ဂလာဆောင်လဲ ဒကာကြီး”
သံသယကို သေချာသွားအောင် ထပ်မေးမိလိုက်သည်၊

“ဦးဇင်း သူငယ်ချင်း နွယ်နွယ်လေဘုရား မနက်ဖြန်မင်္ဂလာဆောင် လေဘုရား”

“အော် -- ဟုတ် ဒကာကြီး”

မြင်ကွင်းအားလုံးထဲမှာ အရာရာဟာေ၀၀ါးသွားလေပြီး၊ လှပေနေသော ညနေသည် ရှုတ်ချည်း မိုးမှောင်ကျလေပြီ၊ မိုးကုတ်စက်ဝိုင်းတွင် လှပနေသော သက်တန့်တွေ သည် နီထွေးထွေး သွေးရောင်ပြောင်းလျှက်၊
ဖုန်နေ မှုံနေသော ရွာဘက်သွားမည့် လမ်းလေးပေါ် ဦးတည်မိနေသော သူ့ခြေ ထောက်သည် အလိုလို စေတီဖြူဖြူလေးရှိရာဘက် ဆက်သွယ်နေသော မျက်ရိုင်း တွေ အပြိုင်းအရိုင်း ထနေသော လမ်းလေးပေါ် ပြောင်းချမိလေပြီ၊

ရှစ်ခွင်လုံး အမှောင်ဖုံးလျှက်၊ မျက်ရိုင်းတွေကြားသူတိုးဝင်လာပြီး လျှပ်စီးတွေကြားက စေတီဖြူဖြူလေးကို မှန်းကာ သူလျှောက်လှမ်းလာလိုက်သည်၊

ငယ်ငယ်က ရဘူးထား ဆရာမောင်တင်ဝေ(ရေစကြို)ရဲ့

မျက်ရိုင်းတွေပေါက်၊
လမ်းရိုးပျောက်
လျှောက်သူမရှိ
ပကတိ ” ဆိုသော

သစ္စာလမ်း ကဗျာလေးကို ရွတ်ဆိုလျှက်၊ မျက်ရိုင်းတွေ ပေါက်နေသော သစ္စာလမ်းပေါ်တွင် သစ္စာလမ်းချော်သွားသော သူတစ်ယောက် လျှောက်လျှက်၊ အလွမ်းအနေကြာတော့ ပန်းတွေဟာ သစ္စာဖောက်ပြီလို့ သူမှတ်ယူလျှက် ၊ နောင်ဘ၀ဆိုတာ ရှိခဲ့ရင် ------------------။ ။


ရွှေမန်းသား အရှင်အကုင်္ရ

ဒီဇာတ်လမ်းလေး ရေးဖြစ်အောင် ကောက်ကြောင်းပေးသော နောင်တော် မောင်တင်ဝေ( ရေစကြို) အားကျေးဇူးတင်လျှက်။ ။

No comments:

Post a Comment