Wednesday 21 August 2013

ရဟန်းတစ်ပါးရဲ့ ကော်စမိုပိုလီတန်နိုင်ငံ တစ်ခုသို့ ရွက်လွှင့်ခြင်း

ခရီးသွားခြင်းသည် စိတ်ကိုလန်းဆန်းစေ၏၊ မိတ်ဆွေအသစ်တိုး၏၊ မရောက်ဖူးသေး သော ဒေသများကို ရောက်ရ၍ ဒေသန္တဗဟုသုတတိုးပွားရ၏၊ နယ်မြေဒေသ တော တောင်တို့ရဲ့ သဘာဝအလှကို ခံစားရ၏၊  ဤကား ခရီးသွားခြင်းနှင့် ပတ်သက်ပြီး သူ၏ထင်မြင်ချက်တစ်ချို့သာဖြစ်လေ၏၊

ကိုလံဘတ်တို့အမျိုးများက ခရီးသွားရတာကို နှစ်ခြိုက်သည်ထင်၏၊ ယခုလို လေယဉ် ပျုံတွေ ကားတွေမပေါ်ခင်ကတည်းက အမြဲတမ်း သူတို့ဆွေမျိုးသင်းပင်းများက ခရီး သွားကြ၏၊ ပင်လယ်ပြင်တွင် ရွက်လင့်လျှက် နယ်မြေဒေသသစ်ရှာဖို့ စိတ်ကူးရှိကြ၏၊
သူတို့ဗီဇ ၀ါသနာအရ ရွက်လည်းလွှင့်ကြ၏၊ နယ်မြေသစ်များလည်း ရှာဖွေတွေ့ရှိ ကြ၏၊

မြတ်ဗုဒ္ဓသည်လည်း သူ့၏သာသနာ စည်ပင်ဝပြောဖို့အတွက် ခရီးသွားခြင်းကို အား ပေးတော်မူ၏၊ အားပေးသည့် အားလျှော်စွာ သူ၏ဒေသနာများထဲတွင်လည်း “စရထ ဘိက္ခဝေ စာရိကံ၊ ဗဟုဇန သုခါယ၊ လောကာနုကမ္ပာယ ဟိတာယ သုခါယ ဒေ၀မနု ဿာနံ= ရဟန်းတို့ လူအများကို ချမ်းသာဖို့၊ လောကကြီးကို အမြဲတမ်းကောင်းကျိုး ချမ်းသာတရားများပြီး ပျော်ရွှင်စွာနေကြဖို့ ခရီးသွားကြဆိုသော” အဆိုအမိန့် တရားကိုလဲ ပထမဆုံးသောသံဃာ့ ညီလာခံကြီးတွင် မိန့်ကြားထားခဲ့၏၊

သူသည်လည်း မြတ်ဗုဒ္ဓ၏ သားတော်တစ်ပါးဖြစ်သည့် အားလျှော်စွာ ခရီးသွားရတာ ကိုနှစ်သက်မြတ်နိုးမိ၏၊ ရွှေပြည်ကြီးတွင်နေစဉ်က နွေအခါ စာမေးပွဲတွေအပြီး ခရီး ထွက်ဖို့ပြင်ဆင်ဖြစ်ခဲ့တာများ၏၊ တစ်ခါတစ်ခါ

သူမရောက်ဖူးသေးသော အတူသီ တင်းသုံးဖော်မိတ်ဆွေ သူငယ်ချင်းများ၏ ကျေးးရွှာများသို့ အလည်ပတ်ခရီးသွား ဖြစ်၏၊ တစ်ခါတစ်ရံ မိဘဆွေမျိုးများထံ အလည်အပတ် ခရီးအထပ်ထပ်ထွက်ဖြစ်၏၊ တစ်ခါတရံတွင် ပြင်ဦးလွင်ပန်းမြို့ တော်ဆီသို့ အပူဒဏ်သက်သာရန် ခိုလုံပြေးဝင်ဖူး၏၊

ရွှေပြည်ကြီးရဲ့အဝေး တိုင်းတစ်ပါးသို့ ပညာရှာဖွေဖို့ရောက်နေသော အခါတွင်လည်း သူသည် ကျောင်းနားရက်များတွင် ခရီးထွက်ဖြစ်၏၊ သီရိလင်္ကာတွင် နေစဉ် M.A စာ မေးပွဲကြီးပြိးတော့ သူရွက်လွှင့်ဖြစ်သောခရီးမှာ မာလာယုကျွန်းခေါ် မလေးရှားနဲ့ သီဟပူရ မြို့တော်ကြီးခေါ် စင်္ကာပူနိုင်ငံတို့ဖြစ်လေသည်၊

သူစတင် သွားရောက်တာက မာလာယုကျွန်း မလေးရှားပင်ဖြစ်၏၊ သို့ပေမယ့် ယခုဆောင်းပါးတွင် သီဟပူရခေါ် စင်္ကာပူတွင်တွေ့ခဲ့သမျှ၊ ဖြစ်ခဲ့သမျှကို ဖေါက်သည် ချကြည့်မည်သာဖြစ်၏၊

သီဟပူရမြို့ကြီးသည် ကျွန်းပေါင်း (၆၃) ကျွန်းနဲ့ ရစ်ပတ်ဖွဲ့စည်း တည်ဆောက်ထား သော နိုင်ငံလေးတစ်နိုင်ငံသာဖြစ်၏၊ နိုင်ငံလေးပေမယ့် စီးပွားရေးတောင့်တင်း၏၊ ခေတ်မီ၏၊
လူမျိုးပေါင်းစုံနေထိုင်၏၊ ထို့ကြောင့်ပင် ဆရာတာက သူ့စာထဲတွင် Cosmopolitan= လူမျိုးပေါင်းစုံ နေထိုင်သောနိုင်ငံဟု နာမည်ပေး ကင်မွန်းတပ်ခြင်း ဖြစ်မည်ထင်သည်၊

လူမျိုးပေါင်းစုံချက်ကတော့ ဥရောပသား အဖြူမျိုးများလည်းရှိ၏၊ အိန္ဒိယန်းသား လူမဲ များလဲရှိ၏၊ စိန့်တိုင်းသား တရုပ်များလဲရှိ၏၊ မြန်မာ၊ ဖိလစ်ပင်း၊ မလေးရှား ၊ ဘင်္ဂလား များလဲနေထိုင် အလုပ်လုပ်ကြလေ၏၊ လူမျိုးများသလို ပြောဆိုသည့် စကားများကလဲ အင်္ဂလိပ်၊ မလေး၊ မဒရင်း၊ တမီး ဆိုပြီး အသီးသီးရှိကြလေ၏၊ သီရပူရနိုင်ငံသားတို့ ပြောသော အင်္ဂလိပ်မှာ အင်္ဂလိပ်လဲမပီ မလေးလဲမကျ အလယ်အလတ်နား ခွလျှက် အသံထွက်ကြလေ၏၊ အိုကေတောင် ရိုးရိုးမအိုကေကျ အိုကေလားဟု လားလေး အပို စွက်လျှက်ပြောကြလေ၏၊ နားလည်ရခက်လှပါဘိတောင်း၊

စင်္ကာပူမြို့တော်ကြီးတွင် မြေအောက်ရထားခေါ် M.R.T ကြီးစီးရတာလဲ ဇိမ်ကျ လှပေ၏၊ တစ်ဘူတာ နှစ်မိနစ် ခန့်ရပ်နားပြီး ငြိမ့်ကနဲ့ ဇိမ့်ကနဲ့ အရှင်လတ်လတ်ကြီး မြေကြီးတွင်းထဲဝင်လိုက်ရ၊ ထွက်လိုက်ရ၊ ပေါ်လိုက်မြုပ်လိုက်၊ ပျောက်လိုက်၊ ပြန်တွေ့လိုက် အသဲတော့ယားမိ၏၊ အနှီ M.R.T ရထားကြီးကိုစီးရဖို့ ဘဏ်ကဒ်လို ငွေဖြည့်ကဒ်လေးတစ်ခု လုပ်ထားရ၏၊ ထိုကဒ်လေးသည် ရထားသာမက ဘတ်(စ်) ကားပါ စီးလို့ရ၏၊ တစ်ချက်ခုတ် နှစ် ချက်ပြတ် အလုပ်လဲဇာတ်မရှုတ်၊ လုပ်တတ်တော့ ပြည်သူပြည်သားများ သက်သာချောင်ချိ အေးဆေးစွာ သွားရေး လာရေး လွယ်ကူကြ၏၊

ငွေဖြည့်ကဒ်ကလေးကို ငွေဖြည့်က တစ်ခါဖြည့်လျှင် အနည်းဆုံး စင်္ကာပူဒေါ်လာ (၁၀) ဖြည့်ရ၏၊ တစ်နေ့သူသည် မယောင်မလည်နဲ့ မြို့ထဲအသွား ကံနည်းပါးစွာ အသိ ဒကာ၊ ဒကာမများ ထည့်ပေးထားသော ငွေမှာကုန်သွား၏၊ ငွေကုန်တော့ ငွေထပ် ဖြည့်ဖို့ ငွေဖြည့်စက်ရှေ့တွင် ရပ်လိုက်၏၊ စင်္ကာပူဒေါ်လာ တစ်ဆယ်ထည့်လိုက်၏၊ အေးအေး ဆေးဆေးကြည့်နေလိုက်၏၊ ငွေသည် ကဒ်ထဲကို မ၀င်ပြန်ပြန်ထွက်လာ၏၊

“ဟိုက် ဒီစက်က ငါ့ကို ဘုန်းဘုန်းမို့လို့ ရထားခမယူ လှူနေတာများလား”လို့ အတွေး ပွားမိ၏၊ တွေးသာတွေးမိတာ သူခန္ဒာတစ်ခုလုံး ချွေးတွေပြန်လာနေ၏၊ အမှတ်မထင် နောက်ကို လှည့်ကြည့်လိုက်တော့ သူနည်းတူ ငွေဖြည့်ရန် တန်းစီနေသော လူ အုပ်ကြီးကိုမြင်မိတော့ ချွေးတွေ ဒလဟောကျကာ သူ့ခန္ဒာတစ်လုံး စိုစွတ်စေတော့၏၊

ထိုအချိန်တွင် မထင်မှတ်ပဲ အပြေးအလွှား မြန်မာဒကာမလေးတစ်ယောက်က “အရှင်ဘုရား တပည့်တော်လုပ်ပေးမယ် ဘုရား”၊လို့ လျှောက်ကြားလာမှ “ဟူး တော်ပါသေးရဲ့” ဟု သက်ပြင်းကို ချက်ချင်းချဖြစ်တော့လေ၏၊ နို့မို့ဆို ခက်ရခြေရဲ့ ကွယ့် အိုဘယ့် စင့်ကာပူ။ ( စင်္ကာပူရောက် တစ်ချို့ ရွှေမြန်မာများအသံ ထွက်တော်မူသည့် အတိုင်း ထွက်လိုက်သည်)

စင့်ကာပူဟုပြောမှ နောက်ထပ် စင့်ကာပူမိရတာလေးတစ်ခု ပြေးသတိရမိသေး၏၊ သူရယ် သူ့သူငယ်ချင်းရယ် လိုက်ပို့သောအသိဒကာရယ် ဒကာမရယ် မာရင်းနာ ဘေးနားက သင်္ဘောကြီးပေါ်တက်ကြ၏၊ သင်္ဘောကြီးသည်

တကယ့်သင်္ဘောကြီး ပမာ ပုံစံတူဆောက်လုပ်ထားသော အထပ်မြင့်တိုက်ကြီးသာဖြစ်၏၊ ထိုအဆောက် အဦးကြီးထဲတွင် ဟော်တယ်လဲပါ၏၊ ကာစီနိုလဲရှိ၏၊ စားသောက်ဆိုင်များလဲပေါလှ၏၊ အလှကုန်မျိုးစုံ ဆိုင်လဲပါဝင်၏၊ အဆောက်အဦ၏ အထက်ဆုံးခေါင်းမိုးပေါ်တွင် တစ်ဖက်ခြမ်းက ရေကူးကန်၊ တစ်ဖက်ခြင်းက စားသောက်ဆိုင်နှင့် စင်္ကာပူတစ်မြို့လုံး ကို ကြည့်၍ရသော view ရှိ၏၊

သူရယ်၊ သူငယ်ချင်းရယ်၊ လိုက်ပို့သော ဒကာ၊ ဒကာမရယ်ဗျူးကို ငေးလျှက်ကြည့် နေကြ၏၊ ဓာတ်ပုံတွေလဲ ရိုက်ကြ၏၊ သူတို့ဓာတ်ပုံရိုက်နေသော အနားသို့ ဟန်းနီး မွန်းထွက်လာသော စုံတွဲတွေရောက်လာ၏၊ သူတို့သည် အရှေ့တိုင်းသားမဟုတ် အနောက်တိုင်းသားများဖြစ်ကြ၏၊ ဓာတ်ပုံအတူတူရိုက်ချင်သည်ဟု ခွင့်တောင်းကြ၏၊

သူသည် အမျိုးသားလေးနဲ့ရိုက်လိုက်၊ အမျိုးသမီးလေးနဲ့တွဲရိုက်လိုက် မင်းသားမဟုတ်ပေမယ့် မင်းသားလိုလို ဟိုလူက ရိုက်ဖို့ခေါ်လိုက်၊ ဒီလူက ရိုက်ဖို့ခေါ်လိုက်နဲ့ လက်ရှိအချိန်တွင် မင်းသားဖြစ်နေရ၏၊

ထိုစဉ် ထင်မှတ်မထားပဲ အနောက်တိုင်းသူ ဖြူဖြူချောချော မာတုဂါမလေးသည် သူ့အား ပုခုံးသိုင်းဖက်ဖို့ ပြင်၏၊ လက်နှစ်ဖက်ဖြင့်ရွယ်၏၊ ခြေထောက်တွေရွှေ့လာ၏၊ ခန္ဒာကိုယ်နှစ်ခု နီးကပ်ဖို့ တစ်စက္ကန့်သာလိုတော့၏၊

ဟိုး ဟိုး --Don’t touch, Don’t hug ဓာတ်ပုံရိုက်ပေးနေသော ဒကာထံမှ ထွက်လာသောအသံကြောင့် အနှီမာတုဂါမလေးခင်မျာ လမ်းခုလတ်တွင် သူ့ကို သိုင်းဖက်ဓာတ်ပုံရိုက်မည့် အစီစဉ်မှာ ရုပ်သေပမာ ဘရိတ်အုပ်လိုက်ရရှာလေ၏၊ သူ သည်မဆီမဆိုင် ရွာမှာကိုရင်ဘ၀တုန်းက မိသိန်းရွေတို့နဲ့ ဖက်ထုပ်တိုးခဲ့တာကို ပြေး သတိရမိဖြစ်အောင် သတိရလိုက်သေး၏၊

ပြီးလျှင် သူ့အား ဖက်ခြင်းအမှု မပြုလိုက်ရရှာသော မာတုဂါမလေးက why? ဆိုပြီး မေးခွန်းတွေ တသီကြီးမေးလေတော့၊ ဓာတ်ပုံရိုက်ပေးသော ဒကာတော်မှာ လုံးစေ့ ပတ်စေ့ အဖြေမပေးနိုင်ရှာ။

ထိုအခါကျမျ သူလည်းအသက်ဝင်လာက according to Bhuddha's law အစဖြာလျှက် မြတ်ဗုဒ္ဓရဲ့ ၀ိနည်းတရားဒေသနာကို ဟောလိုက်ရပါကြောင်း။ ။


၂၀၁၂ Chiness new year စင်္ကာပူ ခရီးစဉ် အမှတ်ရ

ရွှေမန်းသား

https://www.facebook.com/shwemantha

http://mingalargarden.blogspot.in/

No comments:

Post a Comment