Sunday 18 August 2013

အမေ့ကို မပြောပြဖြစ်လိုက်သော ဆွမ်းတစ်နပ်

 (၁)

ရဟန်းတစ်ပါး၏ ပရိယေသန ၀မ်းစာရှာမှီးခြင်း အလုပ်သည် သူ၏ကိုယ်ပိုင် သလုံး မြင်းခေါင်း ခြေနှစ်ချောင်းကို အကြောင်းပြုရသော ဆွမ်းခံခြင်းသာလျှင်ဖြစ်၏၊ ဘုန်းသမ္ဘာ များကြီးမားလျှင် ပို့ဆွမ်း၊ ချိုင့်ဆွဲဆွမ်း၊ ပင့်ဆွမ်း၊ ကပ်ဆွမ်း၊ ကာလဒါန ဆွမ်းစသော ဆွမ်းအမျိုးမျိုးကို မရိုးရအောင် ၀ိနည်းတော်နှင့်လျှော်ညီစွာ ခံယူ ကောင်း၊ ဘုန်းပေးကောင်း၊ သုံးဆောင်ကောင်းပေ၏။

သူသည် ရဟန်းတစ်ပါး ဖြစ်သည့်အားလျှော်စွာ ရွှေပြည်ကြီးတွင်နေစဉ်က ကိုယ်ပိုင် သလုံးမြင်းခေါင်းကို အကြောင်းပြုလျှက် ဆွမ်းခံခြင်းဖြင့်လဲ အလုပ်အလွေ့ပြုခဲ့ဖူး၏၊ ပို့ဆွမ်းများကိုလဲ ဘုန်းပေးခဲ့ဖူး၏၊ ချိုင့်ဆွမ်း၊ ပင့်ဆွမ်း၊ ကပ်ဆွမ်း၊ ကာလဒါနဆွမ်းများ ကိုလဲ ရံခါ ကြိုးကြား တစ်ခုတရ အားပါးတရ လွေးခဲ့ရဖူးလေ၏။


(၂)

ယခုသူကား ရွှေပြည်တွင်မဟုတ်၊ ရွှေပြည်ကြီးနှင့် အလှမ်းဝေးသော နိုင်ငံတွေခြား နေသော နိုင်ငံခြားတွင်ဖြစ်၏၊ သလုံးမြင်းခေါင်း အကြောင်းပြုပြီး ဆွမ်းခံခြင်းအလုပ် ကို ခေတ္တယာယီ ဘရိတ်အုပ်ကာ ရပ်နားထားလိုက်ရ၏၊ လင်္ကာဒီပလိုနေရာ နိုင်ငံမျိုး တွင်တော့ မင်းဒဿအမျိုးအဆွေများက ဗုဒ္ဓဘာသာများဖြစ်ကြ၏၊ သို့အတွက် ကြောင့် စေတနာသဒ္ဒါဖွေးဖြူကြ၏၊ ရှင်ချစ်မြေးဖော်

ရဟန်းတော်များကို မြတ်နိုး ကြည်ဖြူစွာ ဆွမ်း၊ ကျောင်း၊ ဆေး၊ သင်္ကန်း မပန်းစေခြင်းအကျိုးငှာ ပေးလှူကြ၏၊
အာရိယန်တို့နေသော မဇ္ဈိမဒေသကား ဒြာဘီယန် မင်းဒဿအမျိုးတွေနဲ့ ခြားနားပေ စွ၊ ဆွမ်းလှူသူလဲ ရှားပါး၏၊ ကွမ်းလှူသူလဲ ပြောက်ကျားပင်မရှိ၊ ကျောင်း၊ သင်္ကန်း ၊ ဆေးလှူဖို့ဆိုသည်မှာ ဝေးသထက် ဝေးလေတော့၏၊

သို့သော် တစ်ချို့ဗုဒ္ဓဘာသာ ထွန်းလင်းသော နာဂပူလို မြို့တော်များတွင်တော့ ရှင်ချစ်မြေးဖော် ရဟန်းတော်တို့ အတွက် ဆွမ်းလဲမရှား၊ ကွမ်းလဲမရှား၊ ဆွမ်း၊ သင်္ကန်း၊ ဆေး၊ ကျောင်းအတွက် မပူ မပင်ရှိတတ်လေသတဲ့ဟု လေသံမှ တဆင့်ကြားသိခွင့်ရဖူးပေ၏။

သာသာနွယ်ဖွား ရဟန်းတစ်ပါး၏ ဆွမ်းတစ်လုပ်သည် လွယ်လွယ်နှင့် အလုပ်အလွေ့ ပြုလို့မရ၊ ဘုရားရှင်ချမှတ်ထားသော လမ်းစဉ်စည်းကမ်းအတိုင်း အပြစ်ကင်းအောင် လုပ်ဆောင်ရပေ၏၊ အစားမတတ်လျှင် ကျားပါးစပ်ရောက်တာထက်ဆိုးသော အပြစ် မျိုးကို ခံစားရတတ်ပေ၏၊ အလုပ်အလွေ့ပြုတိုင်း ပြုတိုင်း သံခဲအပူကြီးများ စားသည့် အလား အပြစ်ကား ကြီးမားလေ၏။

ဣဏပရိဘောဂခေါ် သံသရာအကြွေးလဲ တင်ဖို့ရှိ ဖို့ ရှိနေသး၏။ “`ဤသည့် စားဖွယ်၊ အမယ်မယ်ကို မြူးရွယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုး ခြင်းငှာ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင် ဤကိုယ်ကောင်ကို ၊ ရှည်အောင် တည်လျှက်၊ အသက်မျှတန်း၊မမောပန်းကြ၊

ဘုရားသာသနာ၊ကျင့်နှစ်ဖြာကို ၊ ကျင့်ပါ နိုင်စေ၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုဒ်မျှလစ်၊ ခပ်သိမ်းပြစ်ကို ၊ မဖြစ်လေ အောင် ၊ ချမ်းမြေ့အောင်သာ” သုံးဆောင်ပါသည် ဆိုသော ရည်ရွယ်ချက်ဖြင့်သာ သုံးဆောင်မှ အပြစ်လွတ်ကင်း သမဏသုခကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ပေ၏။


(၃)

ယနေ့ သူသည် သမုဒ္ဒရာဝမ်းတစ်ထွာကို ပြေငြိမ်းစေရေးအတွက် ဟင်းတစ်ခွက် ဖန် တည်းရန် မီတင်းကုတ်ခေါ် ငှားနေသော အိမ်၏ စားဖိုဆောင်ထဲတွင် ရောက်ရှိနေ၏။

ကြန်သွန်နီ(၁၀)လုံးကို ပထမဆုံး ကတုံးတုံးလိုက်၏၊ နောက် အဖတ်အဖတ်ကလေး တွေဖြစ်အောင် သင်ချလိုက်၏၊ ကြက်သွန်နီများ ချက်ပြုတ်ခြင်း အဆင့်ရောက်ဖို့ အဆင်သင့် ဖြစ်သွား၏၊ နောက်ထပ်တစ်ခါ ကြက်သွန်ဖြူလေးများအား အခွန်သင် လိုက်၏၊ အမွှေးအမျှင်လေးများ စင်သွားအောင် ဓားသွားလေးနဲ့ တစ်တက်ချင်း စိတ် ရှည်လက်ရှည် ပွတ်သပ်နေမိ၏၊ ကြက်သွန်ဖြူလေးများလဲ ချက်ပြုတ်ဖို့ အဆင်သင့် ပင်ဖြစ်သွားလေ၏၊

ကြက်သွန်နီနှင့် ရောဖို့ ဂျင်းတက်ကလေး တစ်တက်ကို ရေဆေး လိုက်၏၊ အပေါ်ယံအသားလေးများအား ဓားသွားနဲ့ဖိကာ တစ်သားချင်းခြစ်ချလိုက် သောအခါ ဂျင်းတက်လေးများ ပြောင်းသလင်းခါရှင်းလင်းသွား၏၊ ဆက်ကာ ဂျင်း တက်လေးများကို ဓားနဲ့ ပါးပါးလှီးထားလိုက်၏၊ ဓားနဲ့လှီးထားသော ဂျင်းတက်လေး များကို ကြက်သွန်ဖြူလေးများနဲ့ရောကာ ငြုပ်ဆုံထဲထည့်ကာ ငြုပ်သီးအခြောက် သုံးလေးငါးတောင့်ပါထည့်ကာ ရောသမမွှေသွားအောင် ထောင်းချလိုက်၏၊

ဂျင်းကြက်သွန်ဖြူသာ အစီစဉ်တကျလုပ်တာပြီးသေး၏ သူလည်းချွေးအတော် စို့လေ ပြီ၊ ဟင်းတစ်ခွက်ကား ယခုထက်တိုင် အသက်မ၀င်လာသေး၊ “ဟူး -- မောတော့ မောတာပေါ့၊ ဒါပေမယ့် မမောဘူး” ဟု အားယူကာ ဆက်ချက်ရန်သာ ရှိတော့၏၊

ရွှေပြည်ကြီးတွင်နေစဉ် စာသင်သားဘ၀က ရွာကအမေအိမ်ပြန်တိုင်း အမေသည် ဟင်းကောင်း၊ ထမင်းကောင်းလေးများ ချက်ကျွေးတတ်လေ၏၊ အမေချက်ကျွေး သော ထမင်းဟင်းတိုင်းသည် စားကောင်းသည်ချည်း ဖြစ်လေ၏၊ အပေါ့ အငံအစပ်၊ အချိုအချဉ် တစ်ခုမှ အပိုအလိုမမြင်၊ အစဉ်အမြဲ အစပ်အဟပ် တည့်လေ၏၊

အမေချက်ကျွေးသော ဟင်းများထဲတွင် ထူးထူးခြားခြားအမှတ်ရနေသော ဟင်းမှာ  ကုလားပဲနှပ်ပင် ဖြစ်၏၊ ဘယ်အခါ နှပ်နှပ် အမေ့ကုလားပဲနှပ်သည် တစ်ထေရာတည်း တစ်လက်ရာတည်းသာဖြစ်၏၊ ဘယ်တော့မှ ပြောင်းလဲမသွား၊ ဘယ်တော့မှ ခြားနား မှုဖြစ်၊ ကျစ်ကျစ်လစ်လစ် အရောင်အသွေးကော အရသာပါ ထပ်တူဖြစ်နေတတ်၏၊

သူရွာကို ပြန်ရောက်လာတိုင်း အမေသည် အမြဲပင် ကုလားပဲနှပ် ၊ ငါးခြောက်ကြော်၊ မှန်ရောင်ဟင်းချိုကို တစ်ခုတရ ချက်ကျွေးတတ်လေ၏၊ အမေ ထမင်းဟင်း ချက်လျှင် သွက်လဲသွက် မြန်လဲမြန်၊ အရသာလဲကောင်း နာရီပေါင်းလဲမကြာတတ်၊
အမေသည် ဘယ်အချိန်ဘယ်အခါ သူရွာကို ပြန်လာပြန်လာ စားကောင်းသောက် ဖွယ် ထမင်းဟင်းအမယ်မျိုးစုံကို ချက်ကပ်တတ်လေ၏၊

သူသည် ထိုအချိန်က ဘာသိဘာသာ ဟင်းချက်ခြင်း၊ ထမင်းချက်ခြင်း မီးဖိုဆောင် ၀င်ခြင်း ကိစ္စများမှာ အမေလို အမျိုးသမီးများအတွက်သာဟု မှတ်ထင်ထားလေ၏၊ သူနှင့်လားလားမှမဆိုင်၊ ထိုင်ကြည့်ယုံသက်သက်ဟုပင် အထင်ရောက်ခဲ့ဖူးလေ၏၊ အမေ အမြဲတမ်းကြော်ကျွေးသော ငါးခြောက်မှာ ဈေးက
သူ့အလိုလို ခြေထောက် ပေါက်ရောက်လာသည်ဟုပင်အထင်ရှိခဲ့ဖူး၏၊ အမေဟင်းချက်သော နှမ်းဆီစစ်စစ်ဆို တာ

နယုန်လမိုးဖွဲလေးများကျလာလျှင် ထွန်ရေးပြပြီး နှမ်းနက်၊ နှမ်းဖြူ အတူတူ ရော စိုက်လျှင် အပင်ထွက်၊ အသီးသီး၊ ပြီးလျှင်ရိတ်၊ ဆီကြိတ်ပြီးရသော အရာဟုသာ နားလည်ထားလေ၏၊

ထိုစဉ်က မီးဖိုချောင်ကိစ္စများသည် သူလိုရဟန်းတစ်ပါး အတွက် အစိမ်းသက်သက် သာ၊ စိမ်းနေခဲ့သော စားဖိုဆောင် ကိစ္စများသည် ယခုမူ သူနှင့် နဖူးတွေ့ဒူးတွေ့ တွေ့ရ လေသောအခါ ဂျင်း၊ ကြက်သွန် ဖြူနီ ဒီသုံးမျိုးသား ခွါလှီးပြီးနေသေး၏၊ ကျန်သော ဟင်း အမယ်များကား ဘာဆိုဘာမှ မပြီးသေး၊ ငါးပိဘူးထဲ လှန်ကြည့်လိုက်တော့ ငါးပိလေးတစ်ဝက် လက်ကျန်ရှိနေသေးတာတွေ့ရ၏၊

ခရမ်းချဉ်သီးက သုံးလေးငါး လုံးကျန်နေသေး၏၊ ဒါဆို ငါးပိချက်လေးချက်လျှင် အဆင်ပြေနိုင်၏ဟု သူစဉ်းစား ကာ ခရမ်းချဉ်သီး သုံးလေးငါးလုံးကို ရေစိမ်လိုက်၏၊ ခါးလည်ကို ဓားနဲ့ ဇွပ်ကနဲ့နေအောင် ဖောက်ခွဲလိုက်၏၊ အတွင်းက အချဉ်ဓာတ်ပါနေသော အစေ့များကို ညှစ်ထုတ်လိုက်၏၊ ဒီပုံဒီနည်းနဲ့ အခရမ်းချဉ်းသီးများကို ခွဲစိမ်ဖြတ်တောက်လိုက်၏။ ငါးပိချက် တစ်ခွက်ဖြစ်ဖို့အတွက် အဆင့်တစ်ဆင့်ရောက်လာလေ၏၊

သူသည် ကြက်သွန်ဖြူနီများကို ဆီစသတ်ဖို့ ဂတ်(စ်)အိုးက ခလုပ်ကိုဖွင့်ပြီး မက်ဂနစ် ပါသော မီးခတ်လက်ကိုင်အား ဒေါက်ကနဲ့နေအောင်ဖိချလိုက်၏၊ မီးသည် ဂတ်(စ်)နဲ့ တွေ့ပြီး တောက်ကာတက်လာ၏၊ ဂတ်(စ်) မီးဖိုပေါ်သို့ ဒယ်အိုးကို တင်လိုက်၏၊ ဆီထည့်ဖို့ ဆီပုလင်းကို လှမ်းယူလိုက်၏၊ ဆီသည် တစ်စက်မှမရှိ၊ ဟိုက်ဒုက္ခ မွှေးထားသောမီးများ ကိုပြန်သတ်၊ ဆီပုလင်းကိုဆွဲကာ မီးဖိုထဲကထွက် လမ်းထိပ်က ဆိုင်ကိုအပြေးသွားပြီး ဆီအစိတ်သား ကပ္ပိလိုက်လေ၏၊ အမေ့အိမ်မှာ လယ်တောထဲ နှမ်းပင်ကဖြစ်သော နှမ်းဆီစစ်စစ်သည် သူ့အတွက်တော့ မစစ်တစစ် ပဲဆီသည်သာ သူငှားနေသော အဆောင်ရဲ့ လမ်းထိပ်ကဖြစ်နေသည်၊ ထူးဆန်းပေစွ၊


(၄)

“ဥစ္စာဖြုစားဖိုက”ဆိုသော စကားကြောင့် သူပါလာသော ပညာသင်ကြားရေးအ ထောက်အကူပြု ဥစ္စာလေးများ ပွန်ပဲ့မှုဒဏ်က ကင်းဝေးစေရန် မစစ်တစစ် ပဲဆီစစ်စစ် လေးများသာ သူ့အတွက် အာဟာရမျှတဖို့ သူ့ဘတ်ဂျက်ကခွင့်ပြုထားလေသည်၊

လမ်းထိပ်ဆိုင်က ကပ္ပိလာသောဆီကကို မီးဖိုပေါ်ရှိနေသော ဒယ်အိုးထဲလောင်းထည့် လိုက်သည်၊ ဆီလေးများ အမြုပ်ကလေးတွေ ဝေစီလာသည်၊ ဖောက်ဖောက်နဲ့ တစ် ဖျောက်ဖျောက်ထပေါက်ကုန်ပြီ၊ ကြက်သွန်ဖြူနီ ဂျင်းတို့ကို ထည့်လိုက်သည်။

ထို့နောက် နွင်းဝါလေးများ၊ ဆားများ၊ သင့်တင့်မျှတရုံထည့်ပြီး ဇွန်နဲ့မွှေပေးလိုက် သည်။
ကြက်သွန်ဖြူနီတို့ မကျက်တကျက် ခပ်ဆပ်ဆပ်လေးဖြစ်လာသောအခါ

ငါးပိကို ရေ နွေးလေးဖျော်ကာထည့်လိုက်သည်၊ ခေတ္တစောင့်လိုက်သောအခါ ငါးပိချက် ဟင်းတစ် ခွက်သရုပ် ပီပြင်လာသည်၊ မီးဖိုပေါ်မှ ချဖို့သင့်မသင့် အခွင့်သိဖို့သူသည် ဟင်းနဲနဲကို တို့ပင့်ကာ မြည်းကြီးလိုက်၏၊ အင်းသိပ်တော့မဆိုး ဒါပေမယ့် အမေ့လက်ရာကိုတော့ မမှီတာသေချာသွားသည်။ ဘာတတ်နိုင်မလဲလေ အမေမှ အခုချိန်မှာ မရှိတော့တာ၊
ငါးပိချက်ကျက်သောအခါ သူသည် ရေနွေးအိုးတစ်အိုးကို ကောက်တည်လိုက်၏၊ လျှပ်စစ်နဲ့ တည်တာမို့ထင်သည် တစ်ခဏခြင်း ပွက်ပွက်ဆူလာသည်၊ နောက်ပြီး ပွက်နေသောရေနွေးသည် တဗွမ်းဗွမ်းမြည်းဟီးပြီး အချက်ပြခလုပ်က ဖျောက်ဆို တက်ကာ ရေနွေးရပြီးးဆိုတာ အချက်ပြလေ၏၊ ရေနွေးပူလေးများကို စတီးဇလုံထဲ လောင်းချလိုက်လေ၏၊

ပြီးသောအခါ စင်အောက်က တနင်္ဂနွေ အခွန်လွတ်ဈေးက ပါလာသော ရုံးပတီသီးလေးများအား ရေနွေးပူပူစတီးဇလုံထဲကို ပစ်ထည့်လိုက် သည်၊ ဒါဆိုလျှင် ငပိချက်နဲ့ ရုံးပတီးသီးအမြှုပ် ဟင်းတစ်ခွက် အစပ်တည့်သွားလေပြီ၊


(၅)

ထမင်းဟင်းအားလုံးကျက်လို့ နာရီကြည့်လိုက်တော့ ကိုးနာရီခွဲလေပြီ၊ သူသည် ခဏ နားလိုက်၏၊ စားဖိုဆောင်ထဲ ၀င်ထားရသမို့ စိုနေသောချွေးများကို ခြောက်အောင် ခေတ္တလေသလပ်ခံလိုက်၏၊ ချွေးတိတ်သောအခါ ရေချိုးလိုက်၏၊ ပြီးလျှင် နာရီကြည့် လိုက်တော့ ဆယ်နာရီခွဲပင်ရှိလေပြီ၊ ခေတ္တခဏ စာဖတ်ပြီ၊ ဆယ့်တစ်နာရီတွင် ဆွမ်း စားဖို့ ပြင်လိုက်၏၊

သူ့ဆွမ်းဝိုင်းတွင် ငါးပိချက်တစ်ခွက်၊ ရုံးပတီသီးမြုပ်၊ ရေနွေးတစ် ခွက် သိပ်ဖွယ်ဖွယ်ရာမရှိလှ၊ အမှတ်တမဲ့ စဉ်ပေါ်လှမ်းကြည့်လိုက်တော့ မြန်မာပြည် က E.M.S နဲ့ ပို့ထားသော ငါးခြောက်ဖုတ်လက်ကျန်လေးရှိနေသေးသည်၊ သူလှမ်း ယူ လိုက်၏၊ သူ့ဆွမ်းဝိုင်းသည် နဲနဲတော့ စည်းကားသလိုလို တစ်ခုခု လိုနေသလိုလို၊

သူသည် ငါးပိချက်ကိုလှမ်းဆယ်လိုက်၏၊ ရုံးပတီးသီး တစ်တောင့်ကို ကျွတ်ကနဲ့နေ အောင် ၀ါး လိုက်သည်၊ ထိုစဉ် အမှတ်မထင် အမေ့ရုပ်သွင်သည် ဖြတ်ကနဲ့ထင်လာ သည်၊ အာရုံထဲတွင် မြင်လာသည်။  လက်ထဲက ပါးစပ်ဝဆီ သွင်းလက်စ ထမင်းတစ် လုပ်ကို အသာယုတ်ကာ

အမေ့ကိုသတိတရနဲ့  “အမေ ကျန်းမာချမ်းသာပါစေ၊ အမေ ကောင်းရာသုဂတိလားပါစေ၊ သားပြုသမျှ ကုသလအားလုံး အမေ့ကို ပေးဝေပါတယ် အမေ”လို့ အမေ့ကို ဆုတောင်းအမျှဝေလိုက်သည်၊ အမေရောက်ရာအရပ်က သာဓု ခေါ်နိုင်ပါစေ။ ။

 ရွှေမန်းသား

http://mingalargarden.blogspot.in/

https://www.facebook.com/shwemantha

No comments:

Post a Comment