Saturday 24 August 2013

တနင်္ဂနွေ စကားလက်ဆောင် (၇) အလင်းသဒ္ဓါချိုချို

သောကတွေ ဒုက္ခတွေနဲ့ ရင်ဆိုင်ရတိုင်း အမှတ်တရရှိတတ်ကြတာက အနီးကပ်အား ပေးမယ့်သူ တစ်ယောက်ယောက် အနားမှာရှိနေစေချင်တာပဲ ဖြစ်သည်၊ လူတိုင်း သောကတွေ ဖြစ်ဘူးကြသည်၊ ဒုက္ခတွေကြုံဖူးကြသည်၊ ပုထုဇဉ်လူတန်းစားမှန်သမျှ သောကတွေ ဒုက္ခတွေ နဲ့ မိတ်ဆွေဖြစ်ဘူးသူချည်းသာ၊

သိဘူးတဲ့ ဒကာမကြီးတစ်ဦးပြောပြတာကို သတိရမိသည်၊ သူက “လူ့ဘ၀ကြီးကိုက ဒုက္ခဘုံကြီးကိုဘုရား ဒုက္ခတွေနဲ့ ကြုံတွေ့ရတာ ဘာဆန်းလို့လဲဘုရား” လို့ဆိုသည်။

လူရွှင်တော်ကြီးချာလီချက်ပလင်ကတော့ “လူ့ဘ၀ဆိုတာ အနီးကပ်ကြည့်တော့ အ လွမ်းကားပဲ၊ အဝေးကနေကြည့်ရင်တော့ ဟာသကားကြီးပါဗျာ” လို့ ဆိုဘူးသည်၊

ဘာပဲပြောပြော လူ့ဘ၀ကြီးကို လူတော်တော်များများက အနီးကပ်ကြည့်နေမိကြတာ ပဲများမည်ထင်သည်။ အဝေးကကြည့်သူများမှာ အသိတရားနဲ့ပြည့်စုံသူ လူနဲစုသာ ဖြစ်မည် ထင်သည်၊

သောကတွေ ဒုက္ခတွေနဲ့ကြုံတွေ့သူတိုင်းကို စာနာနားလည် ပေးတတ်ဖို့ လိုအပ်ပါ သည်။ လူတိုင်းက စာနာနားလည်ပေးဖို့ လက်တွန့်တတ်ကြသည်။ လူတိုင်းတွင် အတ္တကိုယ်စီရှိကြတော့ တစ်ဖက်သားရဲ့ အတ္တခံစားချက်ကို တစ်ဖက်သူက နားလည်ယူဖို့ဆိုသည်မှာ အပြောလွယ်သလောက် ခက်ခဲသော လုပ်ရပ်တစ်ခုဖြစ်နေ တတ်သည်၊

လူတိုင်းလူတိုင်း နေ့စဉ်ရုန်းကန်လှုပ်ရှားနေကြရတော့ တစ်ဖက်သားကို အချိန်မပေးနိုင်ကြ၊ မစာနာနိုင်ကြ၊ ကိုယ်ဘ၀နဲ့ ကိုယ်အတ္တ တစ်ထပ်တည်းကျဖို့ ထူထောင်နေရ တာများကြသည်၊ မိမိ တစ်ယောက်တည်း သောကတွေ ဒုက္ခတွေနဲ့ ပင်လယ်ဝေလာသောအခါ ဖြေသိမ့်တတတ်ဖို့ တစ်ယောက်တည်း အားတင်းတတ်ဖို့ လိုလာပါသည်။

ဒါကြောင့်စာဖတ်သူများကို သောကတွေ ဒုက္ခတွေ ပင်လယ်ဝေလာ သောအခါ အားတင်းဖြေသိမ့်နိုင်ဖို့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ပြောပြပေးချင်ပါသည်၊

ဇာတ်လမ်းက သောကတွေ ဒုက္ခတွေနဲ့ ပင်လယ်ဝေပြီး နောက်ဆုံး  ၀ိနည်းအရာမှာ အသာလွန်ဆုံး အမြင့်မြတ်ဆုံးဆုရရှိသွားတဲ့ ထေရီမလေး အကြောင်းပါ။ ထေရီမ လေးနာမည်က အများနှင့်ရင်းနှီးပြီးသား ဖြစ်ချင်ဖြစ်နေပါမည်၊ အများပါးစပ်များတွင် ခေါ်ဆိုကြဖူးပါလိမ့်မည်၊ မထေရမလေးနာမည်က ပဋာစာရီထေရီ၊

မထေရ်မလေးသည် သာသနာ့ဘောင်ဝင်ရောက်မလာခင်က သူဌေးသမီးတစ် ယောက်ဖြစ်သည်၊ တစ်ဦးတည်းသော သမီးလေးမို့ မိဘများက ဖူးဖူးမှုတ်ထားကြ သည်။ အလိုလိုက်အကြိုက်ဆောင်ပေးသည်၊ မပူပင်ရ၊ မကြောင့်ကြရ၊ ကြံတိုင်းစီရာ အဖြေရှာ လိုချင်တာဖြစ် သူ့ဘ၀သူ့ကမ္ဘာမှာ အသစ်အဆန်းတွေချည်း ဖြစ်၍နေသည်၊

လူတွေရဲ့ စိတ်သည် ဆန်းကြယ်သည်။ ဆန်းကြယ်သလို မရသေး၊ မဖြစ်သေးတာကို ဖြစ်ချင်သည်၊ လုပ်ကြည့်ချင်သည်၊ သူဌေးသမီးလေး ပဋာစာရီသည် သူမသိသေး သောအချစ်ဆိုတဲ့အရာကို လက်တည့်စမ်းကြည့်ချင်သည်၊ စမ်းလဲ စမ်းကြည့်လိုက် သည်၊

သူတို့အိမ်တွင် ခိုင်းစေနေသော ကျွန်ကောင်လေးတစ်ယောက်နဲ့ ချစ်ကြိုးသွယ်မိ သည်၊ ချစ်သူနှစ်ယောက်မိုးမမြင်လေမမြင် ချစ်ကြင်နာမိကြသည်။ တစ်နေ့ ချစ်ရာက အဆင့်တက် မခွဲနိုင်မခွါရက်ကြပဲ အတူနေထိုင်နိုင်ရန် ခိုးပြေကြလေတော့သည်၊

တူနှစ်ကိုယ် တဲအိုပျက်မှာနေရနေရ ၊ ရွှေဘုံပေါ်မှာ စံရစံရ၊ ချစ်တာချစ်တာ ပဓာနဆို သလို ချစ်နေတုန်းတော့ အားလုံးကိုမေ့ထားပြီး တောရွာလေးတစ်ရွာတွင် ဇနီး မောင်နှံနှစ်ဦး သွားနေကြသည်၊

တစ်နေ့တွင် မပဋာလေးမှာ ကိုယ်လေးလက်ဝန်ရှိလာသည်၊ အမျိုးသမီးထု အ များစုက ကိုယ်လေးလက်ဝန်ရှိလာလျှင် မိဘအိမ်ကို သတိရတတ်ကြတာ သဘာဝ ပင်၊ မပဋာလေးလဲ ကိုယ်လေးလက်ဝန်ရှိလာတော့ မိဘအိမ်ကို သတိရလာသည်၊ ဒါကြောင့် သူ့အမျိုးသားကို ခွင့်တောင်းသည် အမျိုးသားက ခွင့်မပြု၊ ခဏခဏ ခွင့် တောင်းကြည့်သည် ခွင့်မပြု၊ ဒီလိုနဲ့ တစ်နေ့တွင် အမျိုးသားမရှိခိုက် မိဘအိမ်ကို တိတ်တိတ်လေးပြန်ပြေးသည်။

သူအမျိုးသားကိုဒါသ အိမ်ပြန်ရောက်လာတော့  ချစ်ဇနီးသည်လေး မပဋာကို မမြင် တော့ စိုးရိမ်စိတ်တွေနဲ့ ပူလောင်သွားသည်။  အိမ်နီးနားချင်းတွေမေးကြည့်မှ ဖြစ်ကြောင်းစုံလင် အကုန်အစင်သိရသည်၊ ကိုဒါသ ချစ်ဇနီးလေး မပဋာနာက် မှီအောင်လိုက်သည်၊
တစ်နေရာအရောက် တောလမ်းခရီးတွင် မပဋာလေးကို မှီလာ သည်၊ မှီလာတဲ့ တောထဲက မြေပြင်မှာပင် သွားချင်တဲ့ မိဘအိမ်မရောက်ပဲ ကမ္မဇလေ အလျှင်က ကြိုတင်လှုပ်လေတော့ သားဦးလေးကို ဖွားလိုက်ရသည်၊
ကိုဒါသလဲ မပဋာလေးကို မိဘအိမ်မပြန်ဖို့ နှစ်သိမ့်ပြီး တောရွာလေးက အိမ်ကို နှစ်ဦးသားပြန်လာကြသည်၊

ဒီလိုနဲ့ နေလာလိုက်ကြတာ နောက်ထပ် မပဋာလေးမှာ ကိုယ်လေးလက်ဝန် ရလာပြန်သည်၊ ဒီတစ်ခါလဲ မပဋာလေးခမျာ မိဘရပ်ထံပြန်ချင် လာပြန်သည် ကိုဒါသထံ ခွင့်ပန်ပြန်သည်၊ ကိုဒါသက ခွင့်မပြုပြန်၊ ဒါနဲ့ တိတ်တိတ်က လေးခိုးပြန်ဖို့ စီစဉ်ပြန်သည်၊
ကိုဒါသလဲတစ်ခါ နောက်ကလိုက်ရပြန်သည်၊ တောတွင်းတစ်နေရာတွင် မှီလာပြန် သည်၊

ဒီတစ်ခါလဲ တောထဲမှာပဲ မီးဖွားဖို့ဖန်လာပြန်သည်၊ ကံဆိုးမသွားရာ မိုးလိုက် ရွာဆိုသလိုပင် ကောင်ကင်တစ်ခွင်လုံး မဲမှောင်ပြီး မိုးကြီးလေကြီးတွေ တဟီးဟီးရွာ လ ပြန်သည်၊ မီးဖွားဖို့ကနီးကပ်၊ လေတွေကတိုက် မိုးတွေကရွာ တစ်တောလုံး တစ် တောင်လုံး တ၀ုန်းဝုန်း တဗျုန်းဗျုန်းနဲ့ ခြောက်ခြားစရာပင်၊ ကိုဒါသက မီးမွှေးဖို့ ထင် ရှာထွက်ရပြန်သည်၊ မိုးရွာတော့ တွင်းအောင်းသတ္တ၀ါတွေက အပြင်ထွက်လာပြန် သည်၊ တောတွင်းတစ်နေရာတွင် ကိုဒါသ မြွေကိုက်ခံရပြီး သေဆုံးလေသည်။
မပဋာလေးမှာ ခက်ခက်ခဲခဲ တောတွင်းတစ်နေရာတွင် ကူကယ်ရာမယ့် သား ယောက်ျားလေးတစ်ယောက်ကို မွေးဖွားရပြန်သည်၊

မနက်အာရုံလင်းတော့ ထင်အ ရှာသွားတာ ပြန်ရောက်မလာသော လင်တော်မောင်ကိုဒါသကို လိုက်ရှာရပြန်သည်၊ တောတွင်း တစ်နေရာတွင် လင်တော်မောင်ကိုဒါသ မြွေကိုက်ခံရပြီး သေဆုံးနေတာ မြင်ရသည်၊ မပဋာ မွေပူရာ ကင်းမှောင့်ပြိး ယူကြုံမရ အပူလုံးထရပြန်သည်။

ဒါပေမယ့် လင်တော်မောင်သေဆုံးလဲ ဘာအရေးလဲ သားနှစ်ယောက်ရှိသေးတာပဲ လေဆိုပြီး မပဋာအားတင်းလိုက်သည်၊ အခုချိန်တွင် မပဋာမှာ ကူကယ်ရာကလဲမယ့် အားကိုးရတဲ့ လင်ယောကျာ်းလဲမရှိ သားနှစ်ယောက်နဲ့ ဒုက္ခတွေပင်လယ်ဝေ၊ သောကတွေ မိုးလိုစွေနေသည်၊

နောက်ဆုံးတွင် မပဋာတစ်ယောက် မိဘများရှိရာ သာဝတ္တိကိုပြန်ဖို့ ဆုံးဖြတ်လိုက် သည်၊ လမ်းခုလတ်တွင် အစီရ၀တီမြစ်ကြီးက မိုးရေတွေကြီးပြီး ရေတွေဒလဟော စီးကာ တားဆီးနေပြန်သည်။ မပဋာလို မိန်းမသားအဖို့ အကူးခက်ပြန်သည်၊ သားနှစ် ယောက်နဲ့ မြစ်ကိုကူးဖို့ အဆင်မပြေ သားအကြီးကို ကမ်းတစ်ဖက်တွင် ထားခဲ့သည်၊ သားငယ်ကို အရင်ချီပြီး တစ်ဖက်ကမ်းသို့ သွားပို့လိုက်သည်၊ တစ်ဖက်ကမ်းတွင် သားငယ်လေးကို ပို့ထားခဲ့ပြီး သားအကြီးကို ပြန်ခေါ်ဖို့ မြစ်ထဲဆင်းလိုက်သည်၊

မထင်မှတ်ပဲ ရေနစ်တဲ့သူ ၀ါးကူလို့ထိုးဖို့ဖန်လာသည်၊ ကောင်းကင်က ၀န်လိုငှက်က မွေးခါစ သားငယ်လေးကို အသားတစ်အမှတ်ဖြင့် ထိုးသုတ်ဖို့ ဆင်းသက်လာသည်၊ မပဋာ ကငှက်ကြီးပြေး အောင် “ဟေး ဟေး ဝှေး ဝှေး” လို့ အော်ကာ ခြောက်လိုက်သည်၊

ကမ်းတစ်ဖက်တွင် ရပ်နေသောသားကြီးက သူ့ကိုလက်ယပ်ခေါ်တယ် ထင်မှတ်ပြီး ရေထဲဆင်းလာသည်။ ရေသည်တဝေါဝေါစီးလျှက် မပဋာနားမရောက်မီ ရေစီး တွင်မျောပါသွားသည်၊ သားငယ်က ၀န်လိုငှက်ချီသွားပြီ၊ မမဋာမှာ လင်လဲသေ၊ သားလဲဆုံး အားလုံးသော ဆုံးရှုံးခြင်းတွေက အတိုင်းအဆမမြင် တစ်ခုပြီးတစ်ခု တိုးကာဝင်လာသည်၊

လင်ဆုံး သားသေ ဘ၀နွေအနုသယတောမှာ ခဏခဏအမောဖောက်ရသော မပဋာ နောက်ဆုံးလက်ကျန် သံယောဇဉ် အမေနဲ့ အဖေ၊ မောင်ဘွားရှိရာ မျှော်လင့်ချက် ကြီးစွာနဲ့ သာဝတ္ထိကမ်းတစ်ဖက်ကို လှမ်းတက်လာသည်၊
လမ်းခုလတ်တွင် သာဝတ္ထိကလာသော အမျိုးသားတစ်ယောကိုမေးကြည့်လိုက် တော့ ညက မိုးကြီးလေထန် ရာသီဥတုဒဏ်ကြောင့် မိဘတွေနေသောတိုက်မှာ ပြိုကျကာ သူ့မအမေ၊ အဖေနဲ့ မောင်ဘွားခများ ဆုံးရှာလေပြီတဲ့၊

မျှော့်လင့်ချက်တွေ အားလုံးပျက်သုဉ်းလေပြီ၊ ဘ၀ကြိးတစ်ခုလုံး အပူဆုံး အပူတွေထဲ တစ်မုဟုတ်ချင်း တစ်ခဏချင်း ကျရောက်သွားပြီ၊ လင်လဲဆုံး သားတွေလဲသေ၊ မိဘ မောင်ဘွားတွေလဲ ပြန်မလာသော အဝေးဆုံးကို ထွက်သွားကြလေပြီ၊
မပဋာ လောကကြီးကို အဆုံးအစမရှိလိုက်ကြည့်လိုက်သည်၊ သူ့ကိုကယ်မယ့်သူ မတွေ့ ကူမယ့်သူလဲမမြင် ကမ်းမမြင်လမ်းမမြင် ဘ၀သံသရာကြီးထဲတွင် တစ်ခဏ ချင်း တစ်ခဏချင်း လင်းရာကမှောင်လာသည်၊ မှောင်ရာက လင်းလာသည်၊ အလင်း အလင်း အမှောင်အမှောင် ----အားးးးးးးးးးးးးး၊ အဲဒီအချိန်ကစ မပဋာမှာ အရူးမဆိုသော ဘွဲ့ကိုရလိုက်တော့သည်၊

ကလေးတွေက အရူးမကြီး၊ အရူးမကြီးနဲ့စကြသည်၊ ပြောင်ကြသည်၊ ဆံပင်တွေလဲ  ဖရိုမရဲ၊ သူဌေးသမီးလေးမပဋာဘ၀က အရူးမလေး မပဋာဘ၀ကို ချက်ချင်း လက်ငင်း သက်ဆင်းရပြီ၊ တစ်ချို့က ပြာတွေနဲ့ ပက်ကြသေးသည်၊

တစ်နေ့ အ၀တ်ဗလာ ကိုယ်တစ်ခုနဲ့ ပူမှုတွေစုနေသော မပဋာအရူးမလေး မြတ်စွာ ဘုရားတရာဟောနေချိန် ဇေတ၀န်ကျောင်းတော်ကြီးနား ရောက်လာသည်၊ ကျောင်း တံခါးကြီးကပွင့်လို့၊ ဟင်းလင်းကြီး၊ အထဲလှန်းကြည့်လိုက်တော့ တရားနာနေတဲ့ ပရိတ်သတ်တွေကအများကြီး၊

မပဋာမသိမသာလေးဝင်သွားသည်၊ ပရိတ်သတ်တွေက သူ့ကို မြင်တော့ အရူးမ ထွက်သွား၊ ဟဲ့အရူးမထွက်သွားဆိုပြီး မျက်လုံးစိမ်းကြီးတွေနဲ့ မောင်းထုတ်ကြသည်၊ ထိုစဉ်မြတ်စွာဘုရားက “မတားမြစ်ကြနဲ့ကွယ်၊ မတားမြစ်ကြနဲ့”လို့ သတိပေးစကားဆို မှ အားလုံးက အသာတကြည်၊ မပဋာလေးဝတ်ဆင်ပို့ ပုဝါပေးသူကပေး၊ အ၀တ်ကမ်း သူကကမ်း စာနာမှုတွေနဲ့ ကမ်းလှမ်းကြသည်၊

တစ်ဆက်တည်းပဲ မြတ်စွာဘုရားက “ချစ်သမီး၊ သတိကပ်လော့ ချစ်သမီး သတိကပ် လော့”လို့ အဆက်မပြတ်အထပ်ထပ် ကရုဏာကြီးစွား မိန့်တော်မူလေသည်၊

မပဋာက “မှန်လှပါ မြတ်စွာဘုရား၊ တပည့်တော်မမှာ အားကိုးစရာ လင်ယေက်ျားလဲ ဆုံးသွားပါပြီးဘုရား၊ ဒါတင်မက ချစ်မ၀တဲ့ သားလှရတာနာလေး နှစ်ယောက်လဲ ထပ်တူဆုံးရှုံး အပူလုံးထရပါတယ်ဘုရား၊ ဒါနဲ့ရပ်မနေ ရတက်ပွေအောင် မိဘမောင် ဘွားတွေလဲ ရင်ကွဲအောင် အရှင်မခွဲပဲ တပည့်တော်မကို အသေခွဲ ခွဲခွါသွားပါပြီဘု ရား” လို့ လျှောက်ထားလိုက်သည်၊

အဲဒီ လိုလျှောက်ထားလိုက်တော့ မြတ်စွာဘုရား၊ “ချစ်သမီး၊ လောကမှာ မိဘသေဆုံး လို့ အပူလုံးထပြီး ယူကြုံးမရဖြစ်ကာ ငိုခဲ့ရတဲ့မျက်ရည်တွေ၊ သားသမီးသေလို့ ငိုကြွေး ရတဲ့ မျက်ရည်တွေ၊ သက်ထားသခင် ချစ်လင်၊ ချစ်ဇနီးသေဆုံးလို့ ယူကြုံးမရ အပူလုံး ထပြီး ငိုကြွေးခဲ့ရတဲ့မျက်ရည်တွေဟာ သမုဒ္ဒရာနဲ့ ပမာနှိုင်းရင် သမုဒ္ဒရာရေက နည်း နေသေးတယ် ချစ်သမီး၊

ချစ်သမီး သတိလေးကပ်လိုက်ပါ၊ မိဘဆိုတာလဲ တကယ်သေးမယ့်ဘေးနဲ့ ပြေးတွေ့ ချိန်မှာ အားကိုရာမဟုတ်တော့ဘူး ၊ သားသမီးဆိုတာလဲ ထိုနည်းလည်းကောင်း၊ လင် ယောင်္ကျားဆိုတာလဲ ထို့အတူ အပူတွေဝိုင်းလာရင် ကိုယ်ကိုယ့်ကိုသာ အားကိုးရာ ဖြစ်တယ် ချစ်သမီး၊  ဒါကြောင့် ကိုယ့်ကိုယ်ကိုသာ တရားရအောင် ရှာဖွေပါ” လို့ မိန့်တော် မူလိုက်သည်၊

အရူးမလေး မပဋာလဲ မြတ်စွာဘုရားရဲ့ ငြိမ်းချမ်းတဲ့ အသံတော်တရားစကားမှာ ထောင်နားစိုက်လိုက်တော့ အသိတရားကာ ငြိမ်းချမ်းမှုကို ခံစားသွားရပါတော့သည်၊

ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲဖြစ်သည်၊ တကယ်လို့ စာဖတ်သူမှာ သောကတွ ဒုက္ခတွေကြုံတွေ့နေရရင် အခုပြောပြခဲ့တဲ့ မပဋာဇာတ်ကြောင်းလေးကို ပြန်ပြောင်းကာ သတိရပြီး သောကတွေဖြေဖျောက် ခ၀ါချနိုင်ပါစေလို့ တောင်းဆုပြုလိုက်ချင်သည်၊

ကိုယ်ရရှိထားတဲ့သာက၊ဒုက္ခတွေက မပဋာရရှိခဲ့သော ဒုက္ခ၊သောကတွေထက် စာလျှင် နဲလို့ပင်နေပါဦးမည်၊ ဒါ့အပြင် ကိုယ်အမြင် ကိုယ့်ပတ်ဝန်းကျင်မှာလဲ သောက တွေ၊ဒုက္ခတွေနဲ့ ပင်လယ်ဝေနေသူတွေကို တွေ့ခဲ့ရင်လဲ -

“သူ့ဘက်ကို ၊ အလင်းသဒ္ဓါ ချိုချိုတွေနဲ့
အရင်းအချာလို၊ ကိုယ်ချင်းစာတရားလေးထားပြီး” ဖေးမအားပေးနိုင်သော သူများဖြစ် ကြပါစေသားရယ်လို့ တောင်းဆုတစ်ခု ထပ်လောင်းပြုလိုက်ချင်ပါသည်။ ။

ရွှေမန်းသား

https://www.facebook.com/shwemantha

http://mingalargarden.blogspot.in/

ကျမ်းကိုး
ဓမ္မပဒ ပဋာစာရာထေရိ ၀တ္ထု
 ပဋာစာရာ ထေရီအပါဒါန်၊

No comments:

Post a Comment