Saturday 10 August 2013

တနင်္ဂနွေ စကားလက်ဆောင် ( ၆) အချစ်နှင့် သူ၏အတ္တ

အနုသယမကင်းသေးတဲ့ သူတိုင်းတွင် အချစ်ရှိနေတတ်သည်၊ အချစ်ရှိသူတိုင်းတွင် ပိုင်ဆိုင်ရတဲ့ ချစ်သူတွေရှိနေချင်မှ ရှိနေမည်၊ တစ်ဖက်သက်အချစ်သမားများလဲ ရှိနေ နိုင်သည်။ ပိုင်ဆိုင်ရမယ့်ချစ်သူတွေ ရှိနေသူတွေလဲ အများအပြားရှိနေကြသည်။ ဘာပဲပြောပြော အချစ်ကတော့ အချစ်ပဲဖြစ်သည်၊

တကယ့်တကယ်တော့ အချစ်ဆို တာ ပိုင်ဆိုင်ချင်တာကို အရင်းခံသော လိုချင်မှုကို ရှေ့တန်းတင်သော လောဘတစ်ခု ဟုဆိုလျှင် လွန်မည်မထင်၊

အချစ်သည် လိုချင်တာကိုအရင်းခံသည်ဆိုလျှင် ထိုလိုချင်တာသည် ပိုင်ဆိုင်ချင် သော ငါ့ဥစ္စာဖြစ်လိုဟု အတ္တသာဖြစ်ပေလိမ့်မည်၊ တစ်ခါတစ်ရံ သ၀န်တိုတတ်သော ၊ မနာလိုသော လိုချင်မှုကို ဦးဆောင်သော အတ္တဆန်ဆန်များ ပါဝင်လာတတတ်သည်၊

အချစ်တွင် အတ္တသာမက သောကများလဲ ပါဝင်လာတတ်သည်၊ အချစ်ရှိလျှင် သောကရှိလာတတ်တာ သဘာဝကပေးသော လက်ဆောင်ပမာ မယူချင်ပဲနှင့် လူတိုင်းရကြရသည်။ မခေါ်ပဲနဲ့ သူ့အလိုလို အလည်ရောက်လာသော ဧည့်သည်ပမာ နွေးထွေးစွာ မကြိုဆိုချင်ပဲနှင့် ဆွေးမြေ့စွာ လက်ခံလိုက်ရတာလဲရှိသည်၊

ဒါကြောင့်ထင်သည် “ ချစ်သူနဲ့ ဝေးတော့လဲ သောကဖြစ်ရတယ်၊ မချစ်မနှစ်သက်သူ နဲ့ အတူတူနေကြရပြန်တော့လဲ သောက၊ဒေါသတွေဖြစ်ရတယ်၊ လိုချင်တာကို မရပြန်တော့လဲ သောက၊ ဒေါသတွေဖြစ်ရတယ်”  လို့ ဓမ္မစကြာဒေသနာမှာ မြတ်စွာ ဘုရားဟောကြားထားခဲ့တာဖြစ်မည်၊

(၂)

အချစ်သည် သူတစ်ပါးကို ချစ်သော အတ္တထက် မိမိကိုယ်ကိုယ်ချစ်သော အတ္တက ပိုကြီးမားလေသည်၊ သို့ပေမယ့် လူတိုင်းလူတိုင်းက ကိုယ့်ချစ်သူအပေါ်မှာ မင်းကို ဘယ်လောက်ချစ်ပါတယ်၊ ပင်လယ်ကြီးလောက်ချစ်ပါတယ်၊ မိုးလောက်ကြီး မြတ်နိုး ပါတယ်၊

“အနောက်နေထွက်၊
တောင်စွယ်ကြာပေါက်၊ ကမ္ဘာလဲပြို
တမာချိုမှ မင်းကို မုန်းမေ့မယ်”လို့
ဘယ်လောက်ပင်ပင် ရေပက်မ၀င်အောင် သစ္စာစကားတွေဆိုဆို တကယ့်တကယ် အရေးကြုံလာလျှင် ကိုယ့်ကိုယ်ချစ်သော အတ္တတွေက ရှေးပြေးနေရာဝင်ယူလာ တတ်ကြသည်၊ လောကတွင် အတ္တသမံ ပေမံ နတ္ထိ= ကိုယ့်ကိုယ်ကို ကိုယ်လောက် ချစ်ရတဲ့သူဟာ ကမ္ဘာမှာ ရှာကြည့် မရှိပါတဲ့” ဆိုသလို လူတိုင်း ကိုယ့်ကိုယ်သာ အချစ်ဆုံးဖြစ်ကြသည်၊

တစ်ခါသားက ကောလလတိုင်းတို့ရဲ့အရှင် ဘုရင် ပသေနဒီကောသလမင်းကြီးသည် သူ့အချစ်ဆုံး မိဖုရားခေါင်ကြီး မလ္လိကာအား ဒီကမ္ဘာဘယ်သူ့ကို အချစ်ဆုံးလဲ နှမ တော်လို့ မေးမိလေသည်၊

ထိုအခါ မလ္လိကာက ဒီကမ္ဘာမှာ နှမတော် အချစ်ဆုံးက ကိုယ့်ကိုယ်ကိုပါပဲ မောင်တော် လို့ ပြန်လည်ဖြေကြားလိုက်သည်၊ အကြားချင်ဆုံးစကားနဲ့ ကြားလိုက်ရတဲ့ အဖြေစ ကား ကွဲလွဲသွားသောအခါ မင်းကြီးကောသလ ဒေါပွ၊ဒေါထသွားရဖူးသည်၊

ဒါနဲ့တင်မအေး မြတ်ဘုရားထံ အကူအညီရရေး အပြေးမေးလျှောက်လေတော့သည်၊
မြတ်ဘုရားဘဂ၀ါကပါ မလ္လိကာမိဖုရားပြောတာ မှန်ပေတယ် ဒကာတော်မင်းကြီး လို့ မိန့်ဆိုလိုက်တော့ ၊ကောသလမင်းကြီးလဲ မငြင်းသာတော့ပဲ အချစ်တစ်ခုထဲမှာ အတ္တရှိနေတာကို သိလိုက်ရသည်၊

ထိုအတ္တကြောင့်ပင်ထင်သည် တစ်ချို့တစ်ချို့သော စုံတွဲများ၊ မောင်နှံများက စလယ် ၀င်ဖင်မမည်းခင်က ကွဲသွားကြတာမျိုး ကြုံတိုးနေရသည်၊ အချစ်တစ်ခုနဲ့ ဘ၀နှစ်ကို တည်ဆောက်ဖို့တာ လွယ်လွယ်လို့ မှတ်ယူလို့ မဆင်မပြေနိုင်ပါ၊ ကိုယ်စီ ကိုယ်စီပိုင် ဆိုင်ကြသော အတ္တတွေနဲ့ တစ်ယောက်တစ်ကိုယ်စီ၊ အကြိုက်တစ်မျိုးစီ၊ ဘ၀တစ်မျိုးစီ လျှောက်လမ်းလာကြရသော ဘ၀နှစ်ခုကို တစ်သားထဲ၊ တစ်စိတ်ထဲ၊ တစ်ဝမ်းထဲဖြစ်ဖို့ဆိုတာ နားလည်မှု မေတ္တာအစေး ထည့်ပေးထားမှ အဆင်ပြေပါလိမ့်မည်၊

(၃)

သိဖူးတဲ့ ရဟန်းမယ်တော်တစ်ယောက်ရှိသည်၊ သူတို့စုံတွဲမောင်နှံသည် အရမ်းလဲ ချစ်ကြသည်၊ ထက်မြက်သူများလဲ ဖြစ်ကြသည်၊ ထက်မြက်သူများပီပီ ကိုယ်စီကိုယ်စီ အရည်အသွေးတွေက တစ်ယောက်မှ မညံ့ကြ၊ ထိုအခါ အတ္တကြီးမား ဖို့ အစီးအပွားတစ်ခုပမာ ခိုင်မာလာသည်၊ ဒါပေမယ့် သူ့တို့စုံတွဲမောင်နှံသည်၊ အတ္တ တွေကို နားလည်မှု ချစ်ခြင်းမေတ္တာနဲ့ စစ်ခင်းပြီး ခြေနင်းပစ်လိုက်သောအခါ စံပြုစရာ လေးစားစရာ ဇနီးမောင်နှံဖြစ်လာသည်၊

တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ တည်ဆောက်ထားသောအခါ တစ်ယောက်အမှားကို တစ်ယောက်က သည်းခံနိုင်လာသည်၊ ခွင့်လွှတ်လာနိုင်သည်၊ တစ်ယောက်က ဘယ်လောက်လောက်ဆိုးဆိုး၊ ဆိုးသမျှဒဏ်ကို မေတ္တာနဲ့ အံကြိတ်ခံ သည်၊ ထိုအခါ အချစ်သည် မေတ္တာနဲ့ အကွပ်အကွဲတစ်ခုတစ်ခုပမာ တွဲပေးခံလိုက်ရသောအခါ ထာဝရမြဲမြံသွားတော့သည်၊

မန်းရွှေမြို့တွင်နေစဉ်က တွေ့ရသော ဇနီးမောင်နှံကတော့ ထိုသို့မဟုတ် တစ်ယောက် နဲ့ တစ်ယောက် ချစ်လို့ပေါင်းဖက်ကာ အကြောင်းရေစက်ပါလာပေမယ့် ခဏခဏ အတ္တပြိုင်ပွဲတွေ ကျင်းပကြသည်၊ သူတို့ အတ္တပြိုင်ပွဲတွေ ကျင်းပတိုင်း ဘေးကလူတွေ ပါ အပူတွေကူးစက်ရသည်၊ သူတို့က ကွန်ပျူတာဆိုင်လေး ဖွင့်ထားသည်၊ ဖောက် သည်တွေတော်တော်များများ ကျသည်၊ နှစ်ယောက်သား အဆင်ပြေနေလျှင်၊ သူ့တို့ ဆိုင်လေးသည် သာသာယာယာ၊ ငြိမ်းငြိမ်းချမ်းချမ်း ၊ သူတို့နှစ်ဦးသား အတ္တပြိုင်ပွဲ ကွင်း သက်ဆင်သောနေ့များတွင် အားလုံးက မငြိမ်းမချမ်း၊ ဖောက်သည်တွေလဲ အလာကြဲသွားတတ်သည်၊

ဒီအဖြစ်မပျက်တွေကြည့်ရလျှင် အချစ်သည် အတ္တနဲ့တွေ့သောအခါ အရည်ပျော်တတ် တာကို နားလည်လာရသည်၊ ဒါကြောင့်ပင် အချစ်နဲ့ အတ္တကို တစ်သားတည်း ကြဖို့ နားလည်ခြင်းမေတ္တာနဲ့ ပေါင်းကူးပေးဆို့ လိုကို လိုအပ်ပေသည်၊

(၄ )

နောက်ဆုံး အနေနဲ့ သတိရတာလေး ပြောချင်သေးသည်၊
ချစ်သူတို့ဘ၀ နှစ်ယောက်အတူမခွဲ တစ်သက်လုံး လက်တွဲတော့မည် ဆိုလျှင်

“(၁) သမသဒ္ဒါ= ယုံကြည်ချက်တူညီရမည်၊

( ၂) သမသီလ= ကိုယ်ကျင့်တရားကောင်းတာချင်း တူညီမရမည်၊

(၃) သမစာဂ= အလှူဒါနလုပ်တာ၊ ပေးတာကမ်းတာ တူညီရမည်၊

(၄) သမပညာ= အတွေးအခေါ် ပညာတူညီရမည်”ဆိုတဲ့

အချက်လေးချက်နဲ့ တူညီတဲ့ သူအချင်းချင် ချစ်တလင်းမှာ အချစ်စာရင်းရှင်းကြလျှင် ပွင့်လင်းမြင်သာမှုရှိပြီး ပျော်ပျော်ရွှင်ရွှင် နေနိုင်ကာ၊ နားလည်မှုမေတ္တာပန်းတွေ လန်းဆန်းဝေဆာ နိုင်လိမ့် မည်ဟုထင်သည်၊

သို့မဟုတ်လျှင် ယုံကြည်ချက်ကမတူ၊ ကိုယ်ကျင့်သီလချင်းကလဲ ကွဲလွဲ၊ အလှူဒါန အပေးအကမ်းတွင်လဲ လမ်းလွဲ၊ အတွေးအခေါ်ပညာရေးကလဲ မသဲမကွဲ တစ်ယောက်နဲ့တစ်ယောက် ကွဲကွဲလွဲလွဲဖြစ်နေလျှင် အချစ်တလင်းတွင် စစ်ခင်းနေရ မှာ သေချာသည်၊

အချစ်တိုင်းတွင် အတ္တရှိနေကြပါသည်၊ အတ္တတိုင်းသည် ကိုယ်တစ်ကိုယ်ကောင်းစား ရေး ရှေးရှုသော လမ်းကြောင်းသာလျှင်ဖြစ်သည်၊ အတ္တကြီးစိုးလာသောအခါ လိုချင် တာတွေများလာတတ်မည်၊ လိုချင်တာတွေများလာလျှင် အကြောင်းအကျိုးအ ကောင်းအဆိုးမခွဲခြားနိုင်တော့ပါ၊

ငါတစ်ကိုယ်ကောင်းစားရေး၊ ငါတစ်ကိုယ်ချမ်းသာရေးသာလျှင် ဦးတည်နေမိမည်၊ ဦးတည်ချက်ကို ၀င်ရောက်နှောက်ယှက်သူမှန်သမျှသည် သူ၏ရန်သူလို သဘော ထားတော့မည်၊

ရန်သူလို သဘောထားတတ်သော သူ၏စိတ်တွင် ဒေါသတွေပါဝင်လာမည်၊ ဒေါသတွေပါဝင်လာလျှင် အကြောင်း အကျိုးအကောင်းအဆိုးတွေ မခွဲခြားနိုင်တော့ပါ၊ အကြောင်းအကျိုးမခွဲ ခြားတတ်သူ ရင်ထဲတွင် အချစ်သည် ထာဝစဉ်ရှင်သန်ပေါက်ဖွားဖို့ ခက်ခဲလာမည်၊

ငါငါ ငါလို့ ဦးတည်နေသမျှ စိတ်တွေလဲေ၀၀ါးနေမည်၊ မှန်တာ၊မှားတာ မခွဲခြားတတ်တော့ ဘ၀သည်ဝိုးတ၀ါးဖြစ်လာမည်၊ တစ်ကိုယ်တည်း မှန်တယ်ထင်တာ ဦးတည်လုပ် ဆောင်နေမည်၊

ထိုအခါ အချစ်မပါသော ဘ၀သည်ကြာလာသောအခါ အထီးကျန်လာလိမ့်မည်၊ အထီးကျန်သူတစ်ယောက်ရဲ့ဘ၀သည် ခြောက်ခြောက်သွေ့သွေ့ ဖြစ်လာလိမ့်မည်၊ ကြည့်လိုက်တိုင်း ရင်ဆိုင်ရတဲ့ အရာတိုင်း သာသာယာယာမဖြစ်တော့၊ မနှစ်မြို့စရာ၊ မသတီစရာအမြင်နဲ့ပဲ မြင်မိ၊ ကြားမိ၊ နံမိ၊ရှူမိ၊ အရသာခံမိ၊ တွေ့ထိမိလာလိမ့်မည်၊ အမှန်တရားဆိုတာတွေလဲ သူထံက ပြေးထွက်သွားနေလိမ့်မည်၊ လောက အမှန်တရားတွေကို ဖောက်ဖောက်ပြန်ပြန်မြင်နေသူတစ်ယောက်သည် ဓမ္မအမှန်တ ရားတွေကို မှန်မှန်ကန်ကန်မြင်ဖို့ အရမ်းကို ဝေးကွာသွားပါလိမ့်မည်၊

ဒါကြောင့် စာဖတ်သူများကို ပြောချင်ပါသည်၊ လောကအမှန်တရားရော ဓမ္မအမှန် တရားပါ မှန်မှန်ကန်ကန်မြင်နိုင်ဖို့ အချစ်နဲ့ သူရဲ့အတ္တကို မေတ္တာဆိုတဲ့ နားလည်ခြင်း နဲ့ လမ်းခင်းပြီး လျှောက်လှမ်းပေးကြပါလို့ ။ ။

ရွှေမန်းသား
http://mingalargarden.blogspot.in/

ကျမ်းကိုး=
ဓမ္မစကြာသုတ်၊
ဓမ္မပဒ မလ္လိကာဝတ္ထု
 ( အံ၊ ၄၊ ၃၇၃)

No comments:

Post a Comment